← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

Ch 23

(ချီဝိညာဥ်တစ်သောင်းစာလိပ်)

တိမ်ပင်လယ်အထက်မှာ ရပ်နေရင်း လျိုရှင်း နူးညံ့စွာ ပြောလိုက်သည်။

“ဒီဘက်က ညီအကိုတွေသာ အခုချိန်မှာ ရပ်တန့်ပေးမယ်ဆိုရင် ငါမင်းတို့ကို အဆင့်မြင့်သိုင်းကျင့်စဥ်တစ်ခု လက်ဆောင်အနေနဲ့ ပေးပါ့မယ်”

“အခုမှလား၊ လာနောက်နေတာလား”

လုယန် ရယ်မောပါတော့၏။

“ ဂိုဏ်းတူအကိုလျိုရေ၊ ငါတို့အားလုံးက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်တွေပဲ၊ ဘာတွေဉာဏ်များဖို့ ကြိုးစားနေတာလဲ။ မင်းကအခု သေခါနီးအခြေအနေမှာနော်”

“...”

လျိုရှင်း တစ်ခွန်းမှ ပြန်မ​ပြောနိုင်တော့ပဲ မျ​က်နှာကြီးသာ မည်းသထက် မည်းလာသည်။

လုယန် ပြောတာမှန်သည်ပင်.. ဒီအခြေအနေမှာ ညှိနှိုင်းသင့်သည့်သူက လုယန်နဲ့ရှောင်ရှစ်ယီ မဟုတ်တော့ဘဲ လျိုရှင်းနဲ့ ချန်ချင်းတို့သာ ဖြစ်သည်။

အ​ကြောင်းအရင်းကတော့ ရိုးရှင်းပါသည်.. ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ စည်းမျဥ်းကြောင့်ပဲ။

“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ စည်းမျဥ်းတွေက သူတို့တွေမသိဘူးဆိုရင် ဘာမှသုံးစားမရပေမဲ့ သိသွားရင်တော့.. ဘယ်လွယ်တော့မလဲ”

လုယန် လှောင်ပြောင်ကာ ဆက်ပြောသည်။

“မင်းတို့တွေက လူတွေကို ထောင်ချောက်ဆင်ပြီး သတ်နေတာ တစ်ကြိမ်နှစ်ကြိမ် မကတော့ပေမဲ့ ဂိုဏ်းက မတွေ့ခဲ့ဘူး။ ဒါပေမဲ့ အခုငါသာ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းကိုသွားပြီး တင်ပြလိုက်မယ်ဆိုရင်.. အကိုလျိုရေ၊ မင်းအသက်ရှင်နိုင်မယ် ထင်လား”

“ လုယန်၊ မင်း…”

လျိုရှင်း မျက်နှာပျက်လာလေကာ

“ဒီနေ့ကိစ္စကို ပြန်မပြောဘူးလို့ ကတိပေးရင် ငါမင်းနဲ့ မှော်စာချုပ်မှာ လတ်မှတ်ထိုးပေးနိုင်တယ်”

“တကယ်လား” လုယန် ပြန်မေးလိုက်သည်။

သို့သော် လျိုရှင်း၏ ရည်ရွယ်ချက်က သေချာပေါက် ဘယ်စစ်မှန်ပါ့မလဲ..

လျိုရှင်းအတွက်တော့ သေသူတစ်ယောက်ထဲကပဲ အမှန်တရားကို ထိန်းသိမ်းနိုင်သည်။

“ချန်ချင်း”

လျိုရှင်း တိုးဖျော့စွာ အမိန့်ပေးလိုက်သည်နှင့် တစ်ချိန်လုံးတိတ်ဆိတ်နေသော ချန်ချင်းက အနည်းငယ် လှုပ်ရှားသွားပြီး နှင်းဆီရောင်နှုတ်ခမ်းတစ်စုံက စကားတစ်လုံးကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဖွင့်”

သူမ၏စကားသံဆုံးသည်နှင့် တိမ်ပင်လယ်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး အလွန်မြင့်မားသော တိုင်လုံးကြီးတွေပေါ်လာကာ လုယန်နဲ့ ရှောင်ရှစ်ယီကို ပိတ်လှောင်လိုက်ကြသည်။

နောက်ထပ် အစီအမံတစ်ခုပဲ။

“မင်းရဲ့ ကောင်းကင်နတ်ဆိုးသွေးအလင်းကို ငါကြောက်မယ်ထင်နေသလား”

လျိုရှင်းက အံ့သြဖို့ကောင်းစွာ လုယန်၏ သိုင်းကို သိနေခဲ့သည်။ ထိုအချိန်မှာပဲ လေထဲက စာလိပ်တစ်ခုက လျိုရှင်းလက်ထဲ ပြုတ်ကျလာသည်။

“ငါ့ရဲ့ ချီဝိညာဥ်တစ်သောင်းစာလိပ်က ဝိညာဥ်တစ်ကောင်လိုနေတာနဲ့ အတော်ပဲ။ ငါမင်းကို စတေးပစ်ပြီး..”

“သွားစမ်း”

လျိုရှင်း၏ စကားမဆုံးခင်မှာပဲ လုယန်က ဓားဆေးလုံးဖြင့် ပေါင်းစည်းပြီး ဓားရိုက်ချက်ကို စေလွှတ်လိုက်သည်။ လွှမ်းမိုးနိုင်စွမ်းကြီးမားသော ထိုသွေးနီရောင်ဓားချက်က အပြေးလာနေသဖြင့် လျိုရှင်းတစ်ယောက် ပြောဖို့ပြင်ထားသော လေကြီးလေကျယ်စကားလုံးတွေကို အတင်းအကျပ် မြိုချလိုက်ကာ အမိန့်ပေးလိုက်သည်။

“ဝိညာဥ်စုဝေးစမ်း”

လျိုရှင်း လက်ကွက်ဖော်လိုက်သည့်အတွက် ချီဝိညာဥ်တစ်သောင်းစာလိပ်က အကြမ်းပတမ်း တုန်ယင်လာခဲ့ပြီး လေထဲကို သိမ်မွေ့သော အဖြူရောင်ချီစွမ်းအင်နှစ်ခု ထွက်ပေါ်လာကာ.. အဆုံးမှာ ပုံရိပ်နှစ်ခုအဖြစ် စုဝေးသွားသည်။

လုယန်ကလည်း ဓားချက်​ကို မရုတ်သိမ်းခဲ့ဘူး။

လျိုရှင်း၏ ခိုင်းစေမှုအောက်မှာ ထိုပုံရိပ်နှစ်ခုက ရဲဝံ့စွာပဲ လုယန်၏ ဓားချက်ကို ရင်ဆိုင်ခဲ့သည်။ သို့သော်.. ချက်ချင်းပဲ ပြိုကွဲသွားလေ၏။

ထိုမြင်ကွင်းကြောင့် ဝိညာဥ်ကိုယ်နှစ်ခုနှင့် ပေါင်းစပ်ပြီး အပီအပြင်ဖြဲတော့မည့် လျိုရှင်း တွန့်သွားကာ.. အနောက်ပြန်ဆုတ်ပါတော့သည်။

“ချန်ချင်း၊ မြန်မြန်တိုက်တော့”

ချန်ချင်း၏ လှပသောမျက်နှာက တည်တံ့သွားပြီး… သူမက အနောက်မှာထိုးထားသော ဖီးနစ်ဆံထိုးကို ဆွဲဖြုတ်ကာ လေထဲလွှင့်ပစ်လိုက်သည်။ ချက်ချင်းပဲ ရွှေရောင်အလင်းအသွင်ပြောင်းသွားသော ဖီးနစ်ဆံထိုးက လုယန်ကိုတိုက်ခိုက်ဖို့ အပြေးဝင်သွားလေ၏။

သို့သော် လုယန်အရှေ့ကို မရောက်ခင်မှာပဲ ရုတ်တရက်ထွက်ပေါ်လာသော အလင်းတန်းတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထိုအလင်းကတော့ ကံတရားသားတော့ ရှောင်ရှစ်ယီ၏ လက်ချက်ပင်။

ဒါတင်မကသေးဘဲ ရှောင်ရှစ်ယီက အင်္ကျီလက်ကို ပင့်တင်ကာ ဆယ်ခုကျော်သော မှော်ရတနာများကို တစ်ထိုင်တည်း ပစ်ပေါက်လိုက်သည်။ ထိုအထဲမှာ ကောင်းတာရော ဆိုးတာရော ပါဝင်နေပေမဲ့.. အကုန်လုံးဆီကနေ တန်ဖိုးကြီးသော အလင်းများဖြာထွက်နေကြကာ လေထဲမှာ ပေါက်ကွဲသွားကြလေ၏။

ဝုန်း

အဖိုးတန်အလင်းများ၏ ပေါက်ကွဲလိုက်ပုံက နေလုံးငယ်တွေ ထွက်ပေါ်လာသလို ခံစားလိုက်ရပြီး ပြင်းထန်သောအရှိန်ကြောင့် ချန်ချင်း၏ အစီအမံကို အထဲကနေ ထိုးဖောက်လုနီးပါး ဖြစ်သွားသည်။

အခုလိုမျိုး ချဲ့ကားလွန်းသည့်မြင်ကွင်းက တစ်ချို့သူတွေ၏ မျက်ခွံတွေကို တလှုတ်လှုတ်ဖြစ်စေဖို့ လုံလောက်သည်ပင်။

တကယ်တော့ ရှောင်ရှစ်ယီက လုယန်လိုမျိုး သိုင်းကျင့်စဥ်တွေကိုလည်း မသိသလို၊ စွမ်းရည်လဲ မရှိဘူး။ သေချာပေါက် ရတနာတွေကိုလည်း လှလှပပ အသုံးမပြုတတ်ပါချေ။ သူတတ်တာဆိုလို့ ထိုရတနာတွေအားလုံးကို ပစ်ပေါက်ပြီး ဖောက်ခွဲခိုင်းတာပဲရှိသည်။

လျိုရှင်း၏.မည်းမှောင်နေသော မျက်နှာက ပိုအရုပ်ဆိုးသွားသည်။ သူ ချက်ချင်းပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုပ်ရှားစေကာ ချီဝိညာဥ်တွေအများကြီး ဆင့်ခေါ်လိုက်တော့၏။

ထိုဝိညာဥ်တွေက ဒီရက်ပိုင်းအတွင်း သူစုဆောင်းထားသော တပည့်များဖြစ်လေသည်။

“မင်းတို့တွေ အစီအမံကို အားဖြည့်လိုက်ကြစမ်း”

လျိုရှင်း၏ အမိန့်ကိုရသည်နှင့် ထိုဝိညာဥ်အသီးသီးက ချန်ချင်းဘေးကို သွားလိုက်ကြပြီး အစီအမံကို ပံ့ပိုးလိုက်ကြသည်။

ချန်ချင်း အများကြီးသက်သာ သွားတော့သည်။ သူမက ချက်ချင်းပဲ လက်ထဲမှာ စာလိပ်ငယ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ အစီအမံထဲက တိုင်လုံးကြီးတွေက ကောင်းကင်နဲ့မြေကြီးကြားမှာ ထွက်ပေါ်လာရင်း သူမနဲ့လျိုရှင်းရှိရာ လာနေသော လုယန်၏ ဓားအလင်းကို တားဆီးလိုက်၏။

လျိုရှင်း ကျေနပ်စွာပြုံးသွားပြီး လက်ထဲက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ထပ်မံ လှုတ်ယမ်းလိုက်တော့၏။

ဒီအံ့သြစရာကောင်းလွန်းသော ချီဝိညာဥ်တစ်သောင်းစာလိပ်နဲ့ အတွင်းတာအိုစာအုပ်ကျင့်စဥ်က သူလွန်ခဲ့သော နှစ်များအတွင်း ကံကောင်းစွာ တွေ့ခဲ့ရသော ရတနာများဖြစ်ပြီး ထိုကတည်းက ဒီရတနာနှစ်ခုက သူ၏ အကြီးမားဆုံး အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။

ဒီချီဝိညာဥ်တစ်သောင်းစာလိပ်မှာ.. ပင်မဝိညာဥ်တစ်ကောင်၊ အကာအကွယ်ဝိညာဥ်နှစ်ကောင်နဲ့ အလောင်းနတ်ဘုရားဝိညာဥ်သုံးကောင် လိုအပ်သည်။

တာအိုလမ်းစဥ်သည်.. တစ်ယောက်ကိုစတင် ဖန်တီးပြီးနောက်.. ထိုမှတစ်ဆင့် နှစ်ယောက်၊ နှစ်ယောက်မှသုံးယောက်၊ ထိုသို့ဖြင့် အရာအားလုံးကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှာ ထိုနေရာကြီးခြောက်ခုနဲ့အတူ ဝိညာဥ်တစ်သောင်းကို ပိတ်လှောင်ဖို့ လိုအပ်သည်။ ထိုမှပဲ ရတနာက ပြီးပြည့်စုံသွားမှာ ဖြစ်သည်။

ထိုအရာက နားထောင်လိုက်လျှင် ရိုးရှင်းသော်လည်း လက်တွေ့စုဆောင်းရတာက တော်တော်လေး မလွယ်ကူပါချေ။ ဝိညာဥ်တစ်သောင်းကို စုရတာ​ကလွယ်သည်။ သာမာန်မြို့ကြီးတစ်မြို့ကိုသွားပြီး အပျင်း​ပြေသတ်လိုက်လို့တောင် ရသည်။ သို့ပေမဲ့ နေရာကြီးခြောက်ခုက ဘယ်လိုမှ ရှာမရပေ။ အကာအကွယ်ဝိညာဥ်နှစ်ကောင် မပြောနှင့်၊ အလောင်းနတ်ဘုရားသုံးကောင်တောင် မရသေးချေ။

သို့တိုင်အောင် ရတနာ၏အစွမ်းက အံ့မခန်းအနေအထားမှာ ရှိနေလေ၏။

“သတ်စမ်း”

လျိုရှင်း အကြမ်းပတမ်း လှုတ်ခတ်လိုက်ချိန်မှာ ကျင့်ကြံသူမဟုတ်သည့် အညှိုးကြီးသော သာမာန်ဝိညာဥ်တွေ အများကြီး ထွက်လာခဲ့သည်။

အရည်အချင်းမရှိပေမဲ့ များပြားသော ပမာဏကြောင့် အမည်းရောင်လှိုင်းလုံးကြီး တစ်ခုလိုအပြေးဝင်လာသော ဝိညာဥ်အုပ်လိုက်ကြီးက လုယန်ကို ဖုံးလွှမ်းပစ်လေ၏။

ပိုအရေးကြီးသည်မှာ အသွေးအသားမရှိသော ထိုအညိုးကြီးဝိညာဥ်များက လုယန်၏ ကောင်းကင်နတ်ဆိုးသွေးအလင်းကို လုံးဝ မကြောက်ကြခြင်း ဖြစ်သည်။

သို့ပေမဲ့ လုယန်က နည်းနည်းမှ မတုန်လှုပ်သွားပါချေ။

ကောင်းကင်သွေးနတ်ဆိုးအလင်းက သူ၏ အကောင်းဆုံးသိုင်းဆိုတာ မှန်ပေမဲ့ သူ့မှာ ထိုသိုင်းတစ်ခုထဲရှိတာမှ မဟုတ်ပဲ။ သူ့၏ နတ်ဓားထိန်းချုပ်ခြင်းသိုင်းက အခြေအ​နေတစ်ခုအထိ တိုးတက်လာခဲ့ပြီးသားပင်။

ချက်ချင်းပဲ လုယန်၏.ဓားစွမ်းက ရာချီသောအလင်းများအဖြစ် ပြိုကွဲသွားသည်။ လုယန်၏ ပုံရိပ်က ဓားအလင်းတွေကြား ကူးလူးသွားလာနေ၏။

လုယန်က တစ်ယောက်ချင်း လိုက်တိုက်ခိုက်နေတာ မဟုတ်ဘဲ သူတို့တွေ ရှေ့တက်လာတဲ့အချိန်မှာ နောက်ဆုတ်ပေးပြီး.. မောလာလျှင် ဓားနဲ့ခုတ်ချသည်။

ဒါကမှ ဓားသမားတစ်ယောက်ရဲ့ ကျွမ်းကျင်မှုအစစ်ပဲ။

စစ်မှန်သောဓားသမားက တိကျစွာတစ်ချက် တိုက်ခိုက်ပြီးတာနဲ့ အနောက်ကိုမိုင်ပေါင်းများစွာ ပြန်ဆုတ်ပြီး ကောင်းမွန်သောအခွင့်အရေးကို စောင့်ပြီးမှ ရန်သူ၏ခေါင်းကို တစ်ချက်တည်းနဲ့ ခုတ်ချသည်။ မကြာခင်မှာပဲ အညိုးကြီးဝိညာဥ်တစ်သောင်း​က လုယန်ကြောင့် သိသိသာသာ ပြိုကွဲလာတော့သည်။

တစ်ဖက်က ရှောင်ရှစ်ယီကလည်း ရတနာတွေကို ဆက်တိုက်ဖျက်ဆီးရင်း အစီအမံကို ဖောက်ထွက်နေ၏။

တစ်ဖြည်းဖြည်း ဆိုးရွားလာသော အခြေအနေများကြောင့် ချန်ချင်းက လျိုရှင်းကို လှည့်ပြောလိုက်တော့သည်။

“ဂိုဏ်းတူအကို”

“မလောစမ်းပါနဲ့၊ ငါတောင်မလောတာ.. မင်းက ဘာဖြစ်နေတာလဲ”

လျိုရှင်းကတော့ ယုံကြည်ချက်ရှိသည်။ ချန်ချင်းကလည်း သူ့ဘေးမှာ ရှိနေသေးသည်။ ထို့အပြင် ဓားအလင်းတွေကြားမှာ ပျံသန်းနေတဲ့ လုယန်က ဝိညာဥ်တစ်သောင်းအုပ်စုကို ရှင်းပြီးနောက်မှာ သူတို့ကိုတိုက်ခိုက်ဖို့ ချီစွမ်းအင် ကျန်အုံးမည် မထင်ပါချေ။

ဒါကမှ သူ၏တကယ့် တိုက်ကွက်ဗျူဟာအစစ် ဖြစ်သည်။

အရင်ဆုံး အသုံးမဝင်သည့် အညိုးကြီးဝိညာဥ်တစ်သောင်းကို စေလွှတ်ပြီး ရန်သူ၏ ချီစွမ်းအင်ကို ကုန်ဆုံးစေကာ.. ရန်သူမောပန်းလာချိန်မှပဲ တစ်ချက်တည်း​ဖြင့် အနိုင်ယူပစ်မည်။

တကယ်တော့ ဒီချီဝိညာဥ်တစ်သောင်းစာလိပ်ကို သူ ထုတ်သုံးချင်ခဲ့တာကို မဟုတ်ပေ။ ဒါကသူ၏ နောက်ဆုံး ရှင်သန်ရေး အကာအကွယ်ဆိုလည်း မမှားဘူး။ ဒါက အရမ်းအဖိုးတန်တာမလို့.. တစ်စုံတစ်ယောက်က မတော်တဆမြင်သွားလျှင်တောင်မှ တစ်ခြားသူတွေ မသိသွားအောင်လို့ ထိုသူကို သတ်ပစ်ရမှာပင်။

“ထားပါ၊ တစ်ခုပေးမှ တစ်ခုပြန်ရမှာပေါ့”

လျိုရှင်း ခဏလောက် စဥ်းစားပြီးသည်နှင့် လက်ထဲက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ​အပေါ်မြှောက်လိုက်ပြီး.. လေးစားစွာ အရိုအသေပေးလိုက်သည်။

“ အင်အားကြီးရန်သူတစ်ယောက်် ရောက်လာခဲ့တဲ့အတွက် ကျွန်တော် သခင်ကြီးရဲ့ အကူအညီကို တောင်းခံပါတယ်”

….

Ch 24

(ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း)

လျိုရှင်းသည် ယခင်က ရှေးဦးသူတော်စင်ဂိုဏ်းအတွင်းမှာ အလွန်ရိုးရှင်းသော တပည့်တစ်ယောက်ဖြစ်ပြီး နေ့တိုင်း တာဝန်တွေထမ်းရွက်ရင်း ရလာသော အမှတ်တွေဖြင့် အကြွေးဆပ်ကာ သမာရိုးကျ နေထိုင်ခဲ့သည်။

သို့​သော် မဟာအခွင့်အရေးကြီးတစ်ခုကို တွေ့ပြီးနောက်မှာ သူ့ဘဝက လုံးဝ ပြောင်းလဲသွားခဲ့သည်။

ထိုတာဝန်က စစ်မှန်တပည့်တစ်ယောက် သတ်မှတ်ထားတာပင်.. ထိုသူက အရင်သခင်ကြီးတွေ နေထိုင်ခဲ့သည့် ဂူအဟောင်းတစ်ခုကို ရှာဖွေဖို့ရန် အရှေ့မှ သေလမ်းဖော်ပေးမည့် အ​မြှောက်စာဇာတ်ကောင်တွေ လိုအပ်ခဲ့၏။

ထိုအချိန်က လည်လည်ဝယ်ဝယ် မရှိသေးသော လျိုရှင်းက အကြောင်းအရင်း သေချာမစုံစမ်းဘဲ တာဝန်ကို လက်ခံခဲ့မိကာ.. ကိုယ့်အခြေအနေကိုယ် သတိထားမိချိန်မှာ အလွန်နောက်ကျသွားပြီမှန်း သိလို​က်ရသည်။ ထိုစစ်မှန်တပည့်က သူ့ကို ဂူအဟောင်းထဲ ဝင်ဖို့ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်.. သို့ပေမဲ့ အံ့သြဖို့ကောင်းစွာပင် ထိုဂူအတွင်းက ကန့်သတ်ချက်အစီအမံများက သူ့အပေါ်မှာ လုံးဝအလုပ်မလုပ်ခဲ့ဘူး။

အခွင့်အရေးက လျှောလျှောရှူရှူပဲ သူ့လက်ထဲ ရောက်လာသည်။

ဂူထဲမှာရှိနေသော အတွင်းတာအိုစာအုပ်နှင့် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို မူလပိုင်ရှင်၏ စာတစ်စောင်နှင့် တွဲတွေ့ခဲ့ရ၏..

ကိုယ့်ကိုယ်ကို တာအိုရသေ့အဖြစ် သုံးနှုန်းထားသော မူလပိုင်ရှင်က စာစောင်ထဲတွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်.. သူသေဆုံးပြီးနောက် သူ့အမွေအနှစ်ကို ချန်ခဲ့ရမည့်သူမှာ နာမည်မှာ 'ရှီ’ ပါသော ဂိုဏ်း၏ စစ်မှန်တပည့်တစ်ယောက် ဖြစ်လေသည်။

သို့သော် ထိုသူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ကြိုးစားပမ်းစား ရရှိထားသော သူ့အမွေအနှစ်များကို ဂိုဏ်း၏စစ်မှန်တပည့်တစ်ယောက်ကို ပေးခိုင်းခဲ့သော ဂိုဏ်း၏ယုတ်မာမှုကို အပြစ်တင်ပြောဆိုခဲ့ပြီး… ထိုသူက ကံကြမ္မာကို ဆန့်ကျင်ကာ သူ့အမွေအနှစ်ကို လျိုရှင်းဆီ အရောက်ပို့ပေးလိုက်သည်။

ထိုအကြောင်းအရင်းကြောင့်ပဲ လျိုရှင်းက မဟာကပ်ဘေးကို ရင်ဆိုင်ရအုံးမည်ဖြစ်ကြောင်း ပြောပြပေးခဲ့ပြီး ထိုကပ်ဘေးမှ ကျော်လွှားနိုင်သော နည်းလမ်းကို ဂူအတွင်းမှာ ထားခဲ့သည်။

တကယ်တော့ မူလဆက်ခံသူ ရှီကို ရှင်းအတုနှင့် အတင်းအကျပ်ပြောင်းလဲခြင်းက ကံကြမ္မာကို ဖီဆန်ခြင်းဖြစ်ပေရာ၊ လျိုရှင်း ထိုကပ်ဘေးကို မဖြစ်မနေ ကြုံတွေ့ရမှာ ဖြစ်သည်။ သို့သော် မူလပိုင်ရှင်သခင်ကြီး၏ ညွှန်ကြားမှုကြောင့် လျိုရှင်း ဂူထဲမှာ အစီအစဥ်ဆွဲလိုက်ပြီး.. ထောက်ချောက်ဆင်ကာ စစ်မှန်တပည့်ကို သတ်ပစ်လိုက်နိုင်သည်။

ထိုညက အလွန်ကို ခြောက်ခြားဖွယ် ကောင်းခဲ့လေ၏။

မနက်မိုးသောက်ချိန်မှာ တာအိုရသေ့၏ ဂူထဲကနေ လျိုရှင်းတစ်ယောက်သာ ထွက်လာခဲ့ပြီး.. စစ်မှန်တပည့်ကတော့ လူမသိသူမသိ ပျောက်ကွယ်သွားသည်။

လျိုရှင်းက တစ်ဖက်သူကို အပြီးတိုင်မသတ်ဖြတ်ခဲ့ပေ။

ထိုအစား တာအိုရသေ့၏အကူအညီဖြင့် ထိုစစ်မှန်တပည့်ကို အသက်ရှင်လျှက် သန့်စင်ခဲ့ပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်၏ မူရင်းဝိညာဥ်ဖြစ်လာစေခဲ့သည်။

လျိုရှင်း၏အမိန့်ကြောင့် စာလိပ်က လေထဲမှာ ပျံ့သွားကာ အထဲကနေ အနက်ရောင်ဝတ် ဝိညာဥ်တစ်ကောင်ထွက်လာသည်။ ထိုသူ၏ ဝတ်ရုံစက လေထဲမှာ လွင့်မြောနေပြီး.. ထိုသူက လုယန်ကို မကြည့်သေးဘဲ အနည်းငယ်လွမ်းဆွတ်နေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

“သန်မာတဲ့ကောင်က အားနည်းတဲ့ကောင်ကို အနိုင်ကျင့်တယ်.. ရှေးဦးသူတော်စင်ဂိုဏ်းက အရင်အတိုင်းပါပဲလား”

“သခင်ကြီး အဆင်ပြေပါရဲ့လား” လျိုရှင်း အရိုအသေပေးလိုက်သည်။

“မင်း နောက်ထပ် မနိုင်တဲ့ရန်သူ တွေ့ပြန်တာလား” ထိုသူက အထင်သေးစွာ မဲ့ရွဲ့လိုက်ပြီးမှ ဆက်ပြောသည်။

“အတွင်းတာအိုစာအုပ် မင်းလက်ထဲရောက်သွားတာ အကျိုးယုတ်တာပဲ”

“ကျွန်တော်မျိုးနဲ့ သခင်ကြီးနဲ့ကို မနှိုင်းယှဥ်ရဲပါဘူး”

လျိုရှင်းက ဒေါသမထွက်ဘဲ ရိုကျိုးစွာ ဖြေပေးသည်။

“ဒီတစ်ခေါက်ရန်သူက ဓားသမားဖြစ်ပြီး ကောင်းကင်နတ်ဆိုးအလင်းကို ကျင့်ကြံထားတယ်၊ ကျွန်တော်မျိုးက သူ့ပြိုင်ဘက်မဟုတ်ပါဘူး”

“ကောင်းကင်သွေးနတ်ဆိုးအလင်း ဟုတ်လား”

အနက်ရောင်ဝတ်ပုဂ္ဂိုလ် ခဏမျှ ရပ်သွားပြီးမှ တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းရမ်းလိုက်သည်။

“အဲ့ဒါကို ကျင့်ကြံနိုင်တယ်ဆိုတော့ အဲ့ကောင်က လေးစားသင့်တဲ့သူပါလား။ ဒါပေမဲ့ လမ်းလွဲသွားတာပဲ.. ထားပါ၊ ဒီတစ်ကြိမ်နဲ့ဆိုရင် ဒါသုံးကြိမ်မြှောက်နော်”

“သခင်ကြီး​ပြောတာ မှန်ပါတယ်။ ဒီတစ်ခေါက်ပြီးတာနဲ့ ကျွန်တော်သခင်ကြီးရဲ့ ဝိညာဥ်ကို ပြန်လွှတ်ပေးမှာပါ။ သခင်ကြီးရဲ့ ကံတရားနဲ့ ပါရမီပါပေါင်းလိုက်ရင် အချိန်တိုအတွင်း ကျင့်ကြံသူလမ်းကြောင်းကို ပြန်ဝင်စားနိုင်ပါလိမ့်မယ်”

“ကောင်းပြီ”

အနက်ရောင်ဝိညာဥ်က လုယန်ကို လှည့်ကြည့်လိုက်သည်။

လုယန်နဲ့ရှောင်ရှစ်ယီက ဘာမှမဖြစ်ကြပေမဲ့ ချန်ချင်းကတော့ မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်နေသည်။

သူမက တပည့်အသစ်လေး မဟုတ်သည့်အတွက် ထိုသူ ချီစွမ်းအင်ကို အသက်သွင်းလိုက်ကတည်းက သူမက မှတ်မိသွားခဲ့တာပင်။

“ဂိုဏ်းတူအကို ချန်ရှီနန်”

ကောင်းကင်ပြုပြင်တောင်ထွတ် သခင်ကြီး၏ ပျောက်ဆုံးနေသောသား စစ်မှန်တပည့် ချန်ရှီနန်..

ထိုသူ ပျောက်ဆုံးသွားစဥ်က ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီး အလွန်ဒေါသထွက်ပြီး ပြဿနာတွေတောင် တက်ခဲ့ရသည်။

ချန်ရှီနန်က အကိုလျို၏လက်ထဲ ရောက်နေမည်လို့ သူမ တစ်ခါမှ မတွေးထားဖူးပေ။

ချန်ချင်း ခဏမျှ ကြောင်အမ်းနေကာ.. ချန်ရှီနန်ကို ပြူးကျယ်ကျယ် ကြည့်နေခဲ့သည်။ သို့သော် သူမတစ်စုံတစ်ခုကို ရုတ်ချည်းတွေးမိသွားပြီး လျိုရှင်းနဲ့ ခပ်ခွာခွာမှာ သွားရပ်လိုက်သည်။

အွတ်

သို့သော် ဓားတစ်ချောင်း၏ လှုပ်ရှားမှုနှင့်အတူ သူမ၏ခေါင်းလည်း စောင်းကျသွားကာ ဝမ်းဗိုက်အောက်ပိုင်းထဲ နစ်ဝင်နေသော ဓားချွန်ကို ဆုတ်ကိုင်ရင်းမှ သေဆုံးသွားလေသည်။

“စိတ်မကောင်းစရာပဲ၊ မင်းကသူ့ကိုမြင်သွားမှတော့ အသက်ရှင်လို့ မရတော့ဘူး”

ချန်ချင်း၏ သေဆုံးမှုကြောင့် အကာအကွယ်အစီအမံက ကြမ်းတမ်းစွာ တုန်ယင်လာသည်။ သို့သော် လျိုရှင်းက ချန်ချင်း၏ ဝိညာဥ်ကိုပါ ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲမှာ ပိတ်လှောင်လိုက်သည်။

မကြာခင်မှာပဲ စာလိပ်ထဲကနေ ချန်ချင်းပြန်ထွက်လာပြီး.. သူမက နာခံစွာပဲ အစီအမံကို ပြန်ထိန်းလိုက်သည်။

ထိုအချိန်မှာ အနက်ရောင်ဝိညာဥ်ကလည်း လုယန်နားကို ရောက်လာသည်။

“ဟမ်”.

ချန်ရှီနန်ကို လုယန်မျက်လုံးများ ကျဥ်း​မြှောင်းစွာ ကြည့်လိုက်၏။ ထိုသူက ချီသန့်စင်ခြင်းအဆင့်ခုနှစ်သာ ရှိသေးပြီး သူနဲ့ ကျင့်ကြံဆင့် အတူတူပဲဆိုသော်လည်း မတူကွဲပြားသော ခံစားချက်တစ်ခုကို ရရှိနေလို့ပင်။

ချန်ရှီနန်ကလည်း လုယန်ကိုကြည့်ပြီး ခေါင်းယမ်းကာပြောသည်။

“ ကျားနဲ့နဂါးရဲ့ယင်ယန်ဖြစ်စဥ်သိုင်းက နှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်းဖြစ်တဲ့အတွက် နှစ်ကိုယ်တွဲကျင့်ကြံမှုကို လိုအပ်တယ်။ မင်းရဲ့မသန့်စင်တဲ့ ချီစွမ်းအင်ကို ကြည့်ရသလောက် နှစ်ကိုယ်တွဲကျင့်ကြံမှုကနေ ရယူထားတာ မဟုတ်ဘူးပဲ။ နဂိုကအဆင့်ငါးနဂါးကျားချီက မင်းလက်ထဲရောက်မှ အဆင့်ခြောက်လောက်ပဲ ရှိတော့တယ်”

ထိုဝေဖန်ချက်ကြောင့် လုယန်၏ဦးနှောက်ထဲ အချက်ပေးသံတွေ မြည်သွားတော့သည်။

“ဒီကသခင်ကြီးက ဘယ်သူလဲ ကျွန်တော် မေးလို့ရမလား”

“ငါ့နာမည်က ချန်ရှီနန်၊ ဒီတစ်ခေါက်ငါ့ရဲ့ တိုက်ခိုက်မှုက ငါ့စိတ်ထဲကအတိုင်း လုပ်ခွင့်ရတာ မဟုတ်ဘူး။ ဒါပေမဲ့မင်းသာ ငါ့တိုက်ခိုက်မှုက လွတ်မြောက်ခဲ့ပြီး ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီးကို သတင်းပို့နိုင်ရင် ငါ့အဖေက မင်းကို ဆုကြေးတွေ အများကြီးချီးမြှင့်လိမ့်မယ်”

ချန်ရှီနန်က ပြောပြီးသည်နှင့် လက်ဖဝါးတစ်ဖက်ကို အပေါ်အောက်ရိုက်ချလိုက်သည်။ ထွက်ပေါ်လာသော ချီစွမ်းအင်က ကောင်းကင်နှင့်မြေကြီးကြားမှာ ပြေးလွှားလိုက်ပြီး.. ပတ်ဝန်းကျင်က စွမ်းအင်တွေကို မွှေနှောက်လိုက်သည်။

လုယန်၏ မျက်စံတွေလည်း တပြိုင်နက်ထဲ ကျဥ်းမြှောင်းသွားသည်။

ချန်ရှီနန်၏ ခံ့ညားဖွယ်အစွမ်းမှာ သူ ကြောက်ရွံ့သွားတာမဟုတ်ဘဲ ထိုအစား.. ချန်ရှီနန်၏ ပြီးပြည့်စုံသော သရုပ်ဖော်မှုကြောင့် သူ၏ချီစွမ်းအင်ထဲက ပစ်ချက်တွေကို ရှာတွေ့သွားလို့ဖြစ်သည်။

လုယန် သဘောပေါက်သွားတော့သည်။

“ ငါ့ရဲ့နဂါးကျားချီက မပြီးပြည့်စုံသေးဘူး။ ပြီးတော့ ဒီလူရဲ့ သိုင်းကပိုပြီး အဆင့်ကောင်းတယ်.. ကြည့်ရတာ ကောင်းကင်ပြုပြင်တောင်ထွတ်ရဲ့ စစ်မှန်တပည့်ဆိုတာ အမှန်ပဲနဲ့တူတယ်”

လုယန်၏ ခန့်မှန်းချက်က မှန်သည်.. ချန်ရှီနန် အသုံးပြုလိုက်သော သိုင်းက နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ်သိုင်းကို အဆင့်မြင့်ထားသော ကောင်းကင်ပြုပြင်သိုင်းဖြစ်လေ၏။

မူရင်းနှစ်ကိုယ်တွဲကျင့်စဥ်မှာ ယင်နဲ့ယန်ကြားက လိုက်လျောညီထွေဖြစ်မှုကို ရှာဖွေရတာ ဖြစ်သော်လည်း ကောင်းကင်ပြုပြင်သိုင်းက စကြာဝဋ္ဌာကြီးကို ဗဟိုပြုပြီး ကောင်ကင်နဲ့မြေကြီးကြားက လိုက်လျောညီထွေဖြစ်မှုကို ရှာဖွေရသည့်အတွက် ပိုနက်နဲသည်။ ထို့ကြောင့် ထုတ်ပေးနိုင်သော ချီစွမ်းအင်က အဆင့်သုံးဖြစ်သည်။

ထို့ကြောင့် ချန်ရှီနန် လက်ဖဝါးတစ်ဖက်ကို လှုပ်ရှားရုံနှင့်တင်.. နက်နဲသောအဆင့်သုံးချီစွမ်းအင်ကြောင့် လုယန်ကို ခက်ခဲစေဖို့ အပြည့်အဝ လုံလောက်သည်။

လျိုရှင်းက အဝေးကနေ ယုံကြည်ချက်ရှိသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။

ချန်ရှီနန်၏.သန်မာမှုကို ဘယ်သူကများ သူ့လောက်သိကျွမ်းမည်လဲ။ လုယန်က အခုထက် ဆယ်ဆလောက် သန်မာလာလျှင်တောင်မှ ချန်ရှီနန်၏ ပြိုင်ဘက်ဖြစ်မလာနိုင်ဘူး။

“ချန်ရှီနန် နိုင်လိမ့်မယ်”

လျိုရှင်း ဝေဖန်နေချိန်မှာ တစ်ဖက်က ရှောင်ရှစ်ယီက သူ့ကို မည်းမှောင်သောမျက်နှာနှင့် ကြည့်နေမှန်းကိုတော့ သူ သတိမထားမိခဲ့ပေ။

ရှောင်ရှစ်ယီကလည်း သူဘယ်လိုမှ အရေးမသာတော့မှန်း နားလည်လိုက်သည်။

“ငါဒီအကွက်ကို ထုတ်မသုံးချင်ပေမဲ့ မင်းတို့တွေ တွန်းအားပေးတာပဲ”

ရှောင်ရှစ်ယီသည် သူ့၏ဆိုးဝါးသော ကျင့်ကြံမှုနဲ့ ရတနာတွေအပေါ်မှာပဲ အားကိုးနိုင်သော သူ့အခြေအနေကို ကောင်းစွာ သိပါသည်။ အခုတော့ ရတနာတွေပေါ်ကိုပဲ အားကိုးလို့ မရတော့ဟန်ပဲ။

ရှောင်ရှစ်ယီ အသက်တစ်ချက် ရှူသွင်းပြီးတာနဲ့ သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ သိုလှောင်အိတ်အဝကနေ ရှင်းလင်းစွာ ထွက်လာသော ရတနာအလင်းက ချက်ချင်းပဲ လျိုရှင်းကို ဆွဲဆောင်လိုက်သည်။ အသည်းအသန် တိုက်ပွဲနွှဲနေသော လုယန်တို့ပင် ရပ်သွားကာ လှည့်ကြည့်လာကြ၏။

သိုလှောင်အိတ်ထဲကနေ သေးငယ်သော ဘုရားတစ်ခုထွက်လာသည်။ ထိုရွှေဘုရားငယ်၏ထိပ်ပိုင်းမှာ စိတ်ဝိညာဥ်အလင်းတွေ စုဝေးနေကာ.. လူသားပုံစံတစ်ခုနှင့် ဆင်တူသည်။

“ဒါက.. စိတ်ဝိညာဥ်ရတနာလား”

ထိုဘုရားငယ်ထွက်ပေါ်လာတာနှင့် အတွေ့အကြုံမရှိသော လုယန်က ဘာမှမသိသော်လည်း လျိုရှင်းနဲ့ ချန်ရှီနန်ဆီကနေ ထိတ်လန့်တကြား ရေရွတ်သံတွေ ထွက်လာသည်။

ကျင့်ကြံသူတစ်ယောက်က ရတနာတစ်ခုကို သန့်စင်ပြီးနောက် အလင်းထွက်ပေါ်စေလျှင် ထိုအရာက မှော် ရတနာဖြစ်ပြီး.. စိတ်ဝိညာဥ်အလင်းကို မြင်ရလျှင်တော့ စိတ်ဝိညာဥ်ရတနာဖြစ်လာသည်။

မှော်ရတနာတွေကို အဆင့်နိမ့်၊ အလတ်နဲ့ အဆင့်မြင့်အဖြစ် ခွဲခြားထားသည်။ သို့သော် မှော်ရတနာက ဘယ်လောက်အင်အားကြီးပါစေ၊ အစွမ်းကို ထုတ်သုံးချင်လျှင် အသုံးပြုမည့်သူ လိုအပ်သည်။

သို့ပေမဲ့ စိတ်ဝိညာဥ်ရတနာကတော့ မတူညီပေ။

စိတ်ဝိညာဥ်ရတနာက ကိုယ်ပိုင်အသိတရားရှိပြီး အလိုအလျောက်တိုက်ခိုက်နိုင်သည်.. ထို့အပြင် သူတို့ကိုယ်သူတို့ ကျင့်ကြံကာ သန်မာလာအောင် စွမ်းဆောင်နိုင်သည်။

ရှောင်ရှစ်ယီ လက်ကွက်ဖော်လိုက်သည်နှင့် ထိုဘုရားငယ်က ကြီးမားလာသည်။

“သူတောင်းစား”

ရှောင်ရှစ်ယီက ထိုဘုရားငယ်ကို ဖျက်ဆီးခိုင်းနေမှန်း ချန်ရှီနန် အရင်ဆုံး သဘောပေါက်လိုက်ပြီး ကျယ်လောင်စွာ ဆဲရေးလိုက်တော့၏။

တစ်ဖက်က လျိုရှင်းလဲ သွေးအန်လိုက်သည်။

ကောင်းကင်နဲ့မြေကြီး၏ ဖန်တီးမှုအစွမ်းတွေ ပါဝင်နေသော ထိုကဲ့သည့် ရတနာမျိုးကို ရှောင်ရှစ်ယီ ပိုင်ဆိုင်ထားတာကိုက ကိစ္စကြီးဖြစ်နေပြီ.. သို့ပေတည့် သကောင့်သားက ဤမျှ အဖိုးတန်သော ရတနာကို ဖျက်ဆီးချင်နေသည်။

ကောင်းကင်ကြီးလောက်ကြီးမားသည့် အရင်းအမြစ်တွေကို ဖျက်ဆီးနေတာလား။

ပိုဆိုးသည်မှာ အသိတရားရှိသော ဘုရားငယ်က ဆန့်ကျင်သည့်အရိ​ပ်အ​ယောင် တစ်ခုတောင်မပြဘဲ အလွန်မြန်ဆန်သော အရှိန်နှင့် ကြီးမားနေသေး၏။

ဝုန်း

နောက်တစ်စက္ကန့်မှာပဲ ပေါက်ကွဲမှုမီးလုံးကြီးက အရာအားလုံးကို လွှမ်းခြုံသွားသည်။

….

All Chapters