← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

Ch 25

(ကံကောင်းခြင်း)

ပေါက်ကွဲထွက်လာသော ရတနာအလင်းက ချန်ချင်း၏ အစီအမံကို ဖောက်ထွင်းပစ်လိုက်ကာ လုယန်၊ လျိုရှင်းနဲ့ ချန်ရှီနန်အပေါ် ဖုံးလွှမ်းလာသည်။

ထိုအထဲမှာ သရုပ်အပျက်ဆုံးက လျိုရှင်းပဲ။ ဟုတ်ပါသည်လေ.. သူ့ခဗျာ လုယန်​ကို တိုက်ခိုက်ဖို့ရန်အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည့် ချန်ရှီနန်ကိုပါ ထုတ်သုံးခဲ့သည်။ သူ ကျယ်လောင်စွာ အော်ဟစ်နေချိန်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားကာ ချီဝိညာဥ်တစ်သောင်းစာလိပ်လည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။

“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဆိုတဲ့အတိုင်း အရည်အချင်းရှိတာပဲ”

ချန်ရှီနန်က လျိုရှင်းလို မဟုတ်ဘဲ အနည်းငယ် တောင့်ခံနိုင်ခဲ့သည်။ ထိုစကားတစ်ခွန်းကို ပြောပြီးတာနှင့် ထိုသူက တည်ငြိမ်စွာ သက်ပြင်းချလိုက်ပြီး လေထုထဲမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

လုယန်ကတော့ ပြောမနေနှင့်တော့.. ရတနာအလင်းနဲ့ ထိတွေ့လိုက်ကတည်းက အသံတစ်ချက်တောင် မထွက်နိုင်ဘဲ ပျောက်သွားရတာပင်။

ထိုသို့ဖြင့် အချိန်ခဏကြာပြီးနောက် ပေါက်ကွဲထွက်နေသော ရတနာအလင်းတွေ ပျောက်ကွယ်သွားပြီး ကျေနပ်အားရနေသော ရှောင်ရှစ်ယီ၏ မျက်နှာကြီး ထွက်ပေါ်လာသည်။

“ငါနိုင်ပြီ”

ထိုသူက နှစ်လိုအားရစွာ ရယ်မောနေလေ၏။

စိတ်ဝိညာဥ်ရတနာတစ်ခုကို ဖျက်ဆီးပြီး ရန်သူတွေကို အနိုင်ယူနိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါချေ။

ထိုသို့ပြုလုပ်ချင်လျှင် ရန်သူကို သေချာပေါက် ထိမှန်စေဖို့လိုသည်။ ပြီးလျှင် စိတ်ဝိညာဥ်ရတနာ၏ ပေါက်ကွဲနှုန်းက ကျယ်ပြန့်ကာ အားနည်းသည့်အတွက် ရန်သူက နဂိုအားနည်းနေမှ ဖြစ်ပေမည်။ နောက်ဆုံးအချက်ကတော့ အသိစိတ်ရှိသော စိတ်ဝိညာဥ်ရတနာက သူ၏အမိန့်ကို နာခံဖို့ လိုပါသေးသည်။

“ကံကောင်းပေလို့ပေါ့”

ရှောင်ရှစ်ယီသည် ရှေးဦးသူတော်စင်ဂိုဏ်းအတွင်း ရောက်လာကတည်းက မထင်ထားလောက်အောင် ကံကောင်းနေသည်ဟု ထင်မိသည်။ သူ အလိုရှိသည့်အရာတိုင်းကို ရရှိသည့်အပြင်.. သူလုပ်လိုက်သည့်အရာတိုင်းကလည်း မထင်ထားစွာ အောင်မြင်တတ်သည်။

ယင်အရိုးစုအရောင်းအဝယ်မှာလည်း ဈေးအမြင့်ဆုံးအချိန်မှာ သူအချိန်မှီ ရပ်တန့်နိုင်ခဲ့ပြီး အကဲဖြတ်အမှတ်တွေ သောင်းချီရရှိခဲ့သည်။

ထို့နောက် လူသားကမ္ဘာကို အလည်အပတ်သွားခဲ့ပြီး အမတသခင်ကြီးတစ်ယောက် ချန်ခဲ့သော မှော်ရတနာတစ်ခုကို မတော်တဆ ရှာတွေ့ခဲ့ပြန်သည်။

အခု ရန်သူတွေ အဝိုင်းခံရချိန်ရောက်တော့လည်း လုယန်၏ အကာအကွယ် ရခဲ့ပြန်သည်။

ဘယ်လိုကပ်ဘေးမျိုးနှင့် ကြုံတွေ့ရပါစေ၊ သူကအမြဲတမ်း ထိခိုက်မှုမရှိ လွတ်မြောက်လာသည့်အပြင် အကျိုးအမြတ်အများဆုံး ရခဲ့သည်။

“ ချီဝိညာဥ်တစ်သောင်းစာလိပ်က အခုကစပြီး ငါ့အပိုင်ပဲ”

ရှောင်ရှစ်ယီ ရတနာကိုလှမ်းယူဖို့ရန် အရှေ့တိုးလိုက်ချိန်မှာ ရုတ်တရက် သွေးအရိပ်တစ်ခု ပေါ်လာတာ မြင်လိုက်ရပြီး.. ထိုသွေးအရိပ်က လက်ဆန့်တန်းလာသည်။

ရှောင်ရှစ်ယီ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

“ဘာလဲ.. ညီလေးရှောင်က ရတနာကို လိုချင်လို့လား”

သွေးအရိ​ပ်က ပြီးပြည့်စုံစွာ စုဝေးလိုက်ပြီး လုယန်၏ မျက်နှာထွက်ပေါ်လာသည်။ လှလှပပ ပြုံးပြနေသော လုယန်ကြောင့် ရှောင်ရှစ်ယီ သေမတတ် လန့်ဖြန့်သွား၏။

ဒါ လူလား..သရဲလား..

ကောင်းကင်သွေးနတ်ဆိုးအလင်းတွေ ဝန်းရံထားသော လုယန်ကို ကြည့်နေရင်းမှ အစောပိုင်းက အရိုးခြောက်ဖြစ်သွားသော လူတစ်အုပ်ကို မြင်ယောင်မိပြီး ရှောင်ရှစ်ယီ မျက်နှာကြီး ဖြူဖွေးလာသည်။

သူ ချက်ချင်းပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လွှတ်ပေးလိုက်ကာ တလေးတစား ဦးညွတ်အရိုအသေပေးလိုက်တော့သည်။

“ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ကျွန်တော်က အကိုလုအတွက် သိမ်းပေးထားတာ၊ အခု ပိုင်ရှင်အစစ်ဆီ ပြန်ပေးနိုင်ပြီ”

“အိုး.. ညီလေးရှောင်က တွေးတတ်တာပဲ”

လုယန်က ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ခပ်ပြုံးပြုံးလေးပဲ လှမ်းယူသည်။ ထို့နောက် လေထဲက သိုလှောင်အိတ်နှစ်ခုကိုပါ ယူလိုက်၏။

ထို အိတ်တွေထဲမှာ အတွင်းတာအိုစာအုပ်အပြင် ချန်ချင်း ပိုင်ဆိုင်သော အစီအမံရတနာလည်း ရှိသည်။

“ပစ္စည်းကောင်းတွေပဲ”

လုယန် ခံစားချက်တွေပြည့်လျှံနေသော မျက်နှာဖြင့် သက်ပြင်းတစ်ချက်ချပြီး အတွင်းတာအိုစာအုပ်ကို အရင်ဆုံးအလွတ်ကျက်လိုက်သည်။ ပြီးတာနှင့် သူ့အနားက တစ်လှမ်းချင်းခွာနေသော ရှောင်ရှစ်ယီကို လှည့်ကြည့်လိုက်သည်။

ရှောင်ရှစ်ယီ၏ အကုန်လုံးကို သတ်ဖြတ်လိုက်သော တိုက်ချက်ကို သူ တကယ် မမျှော်လင့်ထားခဲ့တာပင်။

စိတ်ဝိညာဥ်ရတနာတစ်ခုကို ဖျက်ဆီးလိုက်ပါက ချီသန့်စင်ခြင်းပြီးပြည့်စုံ နယ်ပယ်ကို ရောက်လင့်ကစား၊ ချွင်းချက်မရှိ သေဆုံးရပေမည်။ သို့ပေမဲ့ လုယန်ကတော့ ကောင်းကင်သွေးနတ်ဆိုးအလင်းကို လေ့ကျင့်ထားသည့်အတွက် ချွင်းချက် ဖြစ်သွားသည်။

ကောင်းကင်သွေးနတ်ဆိုးအလင်းကြောင့် သူက အခွံပဲရှိသည့် ဝိညာဥ်တစ်ကောင်နှင့် မခြားပေ။ သူ၏ဝိညာဥ်အစစ်ကို ဓားဆေးလုံးမှာ ပေါင်းစည်းထားသည့်အတွက် ဓားဆေးလုံး မပျက်ဆီးမချင်း သတ်လို့မရပါချေ။

ရှောင်ရှစ်ယီ၏ စိတ်ဝိညာဥ်ရတနာ ပေါက်ကွဲမှုက ရွှေနှင့်ပြဒါးအဆီအနှစ်ကို အခြေခံပြီးဖန်တီးထားသော လုယန်၏ ဓားဆေးလုံးကို အနည်းငယ်သာ ထိခိုက်စေသည်။ ဤတိုက်ပွဲမှာ လုယန်တစ်ယောက်သာ အကျိုးအမြတ်တွေ ရသွားသည်။

လုယန်၏ မျက်လုံးထဲမှာ ရှောင်ရှစ်ယီက အလွန်ကြည့်ကောင်းနေတော့သည်။

ရှောင်ရှစ်ယီကြောင့်သာ မဟုတ်လျှင် ဒီလိုရတနာတစ်ခုကို သူ အဘယ်မှာ ရနိုင်မည်နည်း။

“ ညီလေးရှောင်ကို တကယ်ကျေးဇူးတင်ရမယ်”

“ ကျေးဇူးတင်တဲ့အနေနဲ့ ဒီအကိုက မင်းကို ပို့ပေးမယ်”

လုယန် ရယ်မောရင်း လက်တစ်ဖက် အသာမြှောက်လိုက်သည်။ ရုတ်ချည်းကျရောက်လာသော သွေးနီရောင်အလင်းကြောင့် ရှောင်ရှစ်ယီ စကားမပြောနိုင်ခင်မှာ အရိုးခြောက်ဖြစ်သွားတော့သည်။

ရှောင်ရှစ်ယီလို ကံကောင်းလွန်းသည့် သူကို အသက်ရှင်ခွင့်ပေးလိုက်ပါက၊ အချိန်မရွေးသန်မာလာပြီး သူ့အတွက် အန္တာရယ်တစ်ခု ဖြစ်နေမည်။ ထို့ကြောင့် မကြီးထွားလာခင်တည်းက သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။

“ ဒါပေမဲ့ ဒီလိုပဲ သေသွားတာလား”

ရှောင်ရှစ်ယီ၏ အလောင်းကို ကြည့်နေရင်းမှ လုယန် အံ့သြစွာ မေးစေ့ကို ပွတ်သပ်လိုက်သည်။.

“ကံတရားသားတော်ဆိုရင် တစ်ယောက်ယောက် လာကူညီရမှာ မဟုတ်ဘူးလား။ ငါက ကြိုတောင် ပြင်ဆင်ထားတာကို.. ဒီတိုင်း သေသွားတယ်တဲ့လား”

လုယန် ရုတ်တရက် ရင်ဘက်ထဲ တင်းကျပ်သွားပြီး ရှောင်ရှစ်ယီကို ချီစွမ်းအင် သုံးကာ စစ်ဆေးလိုက်သည်။

သူ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလာပြန်၏။

အရင်ကဆိုလျှင် ရှောင်ရှစ်ယီအပေါ်မှာ ကံကောင်းမှုတွေ ဖြာကျနေသလိုမျိုး အလင်းတန်းတစ်ခု တွေ့ရတတ်ပြီး.. အခုတော့ ထိုအလင်းက လုံးဝပျောက်ကွယ်နေသည်။

လုယန် တစ်စုံတစ်ခုကို မှန်းဆနိုင်သွားသည်..

ရှောင်ရှစ်ယီ၏ ကံကောင်းမှုတွေက ကုန်ဆုံးသွားတာပဲ။

“အာ”

ရုတ်တရက် ကြားလို​က်ရသော အသံကြောင့် လုယန်အနောက်လှည်ကြည့်မိသည်နှင့်.. သူ ရုတ်ချည်း အေးခဲသွားရကာ၊ အတွေးတွေလည်း ရပ်တန့်သွား၏။

ရှောင်ရှစ်ယီ အလောင်းအရှေ့မှာ ပုံရိပ်တစ်ခု ရှိနေသည်။

ထိုသူက ကြိုးကြာပုံ ချည်ထိုးထားသော ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အမွှေးယပ်တောင်ကို တဖျတ်ဖျတ် ခတ်နေသည်။ ကြည့်လိုက်တာနှင့် စာသင်သားတစ်ယောက်လိုမျိုး သိမ်မွေ့သော ခံစားချက်ကို ခံစားရစေ၏။

သို့သော် ထိုလူ၏တည်ရှိမှုက တစ်လောကလုံးက အရောင်မဲ့သွားစေသည်။ အရာအားလုံးက ထိုသူအပေါ်မှာ ဗဟိုပြုနေကာ၊ ချမ်းသာခြင်း.. ချီးမြှောက်ခံရခြင်း.. ကံကောင်းခြင်း.. အရာအားလုံးက ထိုသူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သလို ခံစားရစေသည်။ ကြည့်မိသူတိုင်းကိုပင် မနာလိုမှုကြောင့် မုန်းတီး​လာစေ၏။

“ဒါပဲရလိုက်တာလား”

ထိုသူ လက်တစ်ဖက် ယမ်းလိုက်သည်နှင့် လုယန် ကိုင်ထားသော အတွင်းတာအိုစာအုပ်အပြင်၊ ချီဝိညာဥ်တစ်သောင်းစာလိပ်က ထိုသူရှိရာကို ပျံဝဲသွားသည်။

ထိုအချိန်မှာ ခပ်ပြတ်ပြတ်အသံတစ်ခုကို လုယန် ကြားလိုက်ရပြန်သည်။

“ ဖေကံကောင်း၊ မင်း အပြင်ထွက်လာပြီလား”

ဖေကံကောင်း အမည်ရ ထိုသူက လှည့်ကြည့်လာပြီး

“ ဘယ်တတ်နိုင်မတုန်း၊ ငါရွေးလိုက်တဲ့ကောင်က အသေစောတာကိုးဟ”

ထိုအသံက အံ့သြသွားဟန်ရလေကာ

“သေပြီဟုတ်လား.. မင်းရဲ့လူက သေနိုင်တယ်လား။ ဘယ်လိုဖြစ်တာလဲ”

“ ပြောရရင် ရယ်စရာကြီးပါကွာ”

“ငါသူ့ကို ကံကောင်းခြင်းတွေ အများကြီး ပေးခဲ့တယ်။ ငါ့ရဲ့နဂိုရည်ရွယ်ချက်က လာဘ်ရေကန်က အရောင်စုံငါးကိုယူဖို့ပဲ.. ဒါပေမဲ့ မထင်ထားတာတွေ အများကြီးဖြစ်လာတော့ ငါပေးခဲ့သမျှ ကံကောင်းခြင်းတွေ ကုန်သွားတော့တယ်။ ကံကောင်းခြင်းတွေ ကုန်သွားမှတော့ သေရုံအပြင် ဘာရှိမှာလဲ”

ဖေကံကောင်း​က အတွင်းတာအိုစာအုပ်ကို သာမာန်လိုမျိုး တစ်ချက်သာကြည့်ပြီး သိမ်းဆည်းလိုက်ကာ လုယန်ကို ပြန်ကြည့်လာသည်။

“ဒါပေမဲ့ ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ်”

​ဖေကံကောင်းက လက်ချောင်းချိုးကာ ရေတွက်လိုက်ပြီးနောက် ပိုမိုတောက်ပလာသော အပြုံးတစ်ခုနှင့် ဆိုသည်။

“ဒီကောင်လေးက လိုက်လျောညီထွေ ပြုမူနိုင်စွမ်းလဲရှိတယ်။ ယင်အရိုးစုကိစ္စရဲ့ အပြောင်းအလဲတွေက ဒီကောင်လေးနဲ့ သက်ဆိုင်မယ်ထင်တယ်”

“ဟမ်း.. နောက်ခံလည်း ထူးထူးခြားခြားမရှိဘဲနဲ့ သေမျိုးတစ်ယောက်က အဆင့်လေးချီစွမ်းအင်ကို ဘာကိစ္စ ပိုင်ဆိုင်ထားရတာလဲ.. ပြီးတော့ သူ့က အဲ့ဒါကို ဖုံးကွယ်ထားသေးတယ်။ နေအုံး၊ ဒီကောင်လေးက ဂိုဏ်းထဲ မဝင်လာခင်ကတည်းက နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို သိနေတာလား။ သူက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ လူယုံတစ်ယောက်များ ဖြစ်နေမလား”

ဖေကံကောင်း ပိုမို စိတ်ဝင်စားသွားသည်။

သက်တမ်းတစ်ရာစာအုပ်မှ လွဲလျှင် လုယန်၏.ဝှက်ဖဲတွေအားလုံး ဖော်ထုတ်ခံလိုက်ရသည်။

အဆုံးမှာ ဖေကံကောင်းက မျက်မှောင်ကြုတ်သွားပြီး

.

“.. ကောင်းကင်သွေးနတ်ဆိုးအလင်းကို ကျင့်ကြံထားတာလား”

မကြာခင်မှာပဲ ဖေကံကောင်း၏ မျက်လုံးထဲက စိတ်ဝင်စားမှုတွေ ပျောက်ကွယ်ပြီး ကံဆိုးလိုက်တာဆိုသော မျက်နှာထားအဖြစ် ပြောင်းသွားသည်။

သွေးအရိပ်အ​ဖြစ် အသွင်ပြောင်းနေပြီး ကျင့်ကြံရေးလမ်းကြောင်း ပိတ်ဆို့ခြင်းခံထားရသော တပည့်တစ်ယောက်က ကံတရားသားတော်အဖြစ် ရွေးချယ်မခံထိုက်ပါချေ။

“လာဘ်ရေကန်ရဲ့ အရောင်စုံငါးကို မဖမ်းလိုက်နိုင်တာ စိတ်မကောင်းစရာပဲ။ ကြည့်ရတာ နောက်တစ်ခေါက် စောင့်ရအုံးမယ်”

ဖေကံကောင်းက ငါးမြှားထွက်သော ပုဂ္ဂိုလ်တွေ လက်ဗလာနှင့် အိမ်ပြန်ရ၍ စိတ်ပျက်ခြင်းကြီးနေသလိုမျိုး ခံစားချက်အပြည့်နဲ့ မျက်နှာကို ဖန်တီးရင်း ခြေတစ်လှမ်းဆုတ်လိုက်ကာ ပျောက်ကွယ်သွားတော့သည်။

လုယန်တစ်ယောက်သာ နေရာမှာ ချွေးစို့ပြီးကျန်ခဲ့လေရဲ့။

….

Ch 26

(ရှေးဦးသူတော်စင်ဂိုဏ်းဆိုတဲ့ အတိုင်းပဲ)

နီရဲနေသော နေလုံးကြီး ပြန်ဝင်သွားချိန်အထိ လုယန် စောင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အမှုန်အဖြစ် ပြောင်းလဲစေမည့် လက်ဝါးရိုက်ချက်ကြီး မကျရောက်လာသည့်အတွက် သူ စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်တော့၏။

“အစောပိုင်းက လူက အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူလား”

လုယန် ထိုအချိန်က စကားတစ်ခွန်းတောင် မဟရဲခဲ့ချေ။ သူတို့ကြားက ကွာခြားချက်က မိုးနှင့်မြေလို ကွာခြားနေလေရာ၊ သူ့ခန္ဓာကိုယ်တင်သာမက အတွေးတွေပါ အေးခဲကုန်သည့်အတွက် ထိုသူ ထွက်သွားမှသာ တုံ့ပြန်နိုင်သည်။ ကြောင်လက်ချက် မိသွားသော ကြွက်သူငယ်လေးလိုမျိုး ကျင့်ကြံဆင့်ကွာခြားလွန်းသည့် အခြေအနေက လုယန်၏ မာနတွေကို ဆွဲခွာသွားသည်။

“ငါကအရမ်းအားနည်းသေးတာပဲ”

လျိုရှင်းနှင့် တစ်ခြားသူတွေကို အနိုင်ယူလုနီးပါး ဖြစ်လာချိန်မှာ အတိတ်ဘဝက မကျေနပ်ချက်တွေကို စဥ်းစားရင်း သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူမိခဲ့သေးသည်.. အခုတော့ လုယန်၏ စိတ်အခြေအနေက အလွန်တည်ငြိမ်သွားလေပြီ။

ရှည်လျားသည့်ကျင့်ကြံရေးလမ်းကြောင်းမှာ အဆက်မပြတ် တိုးတက်နေဖို့လိုအပ်သည်။

လုယန် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကာ ရှောင်ရှစ်ယီကို စဥ်းစားလိုက်သည်။

“ကံကောင်းခြင်းက တစ်ခြားသူကို ပေးလို့ရတယ်တဲ့လား”

ရှောင်ရှစ်ယီ လာဘ်ရေကန်ကို မသွားခင်က ပြောခဲ့သည့် စကားကို လုယန် ပြန်မှတ်မိလိုက်သည်။

… ကျွန်တော်ဒီရက်ပိုင်း ကံဇာတာတက်နေတော့ ကံစမ်းကြည့်ရမလားလို့လေ..

ရှောင်ရှစ်ယီကို အစက ကံတရားသားတော်လို့ ထင်သွားခဲ့ပေမဲ့ ထိုအရာက ယာယီကံကောင်းခြင်းသာ ဖြစ်ဟန်ရသည်။

ထိုအရာကလည်း ဖေကံကောင်းဆိုသော ပုဂ္ဂိုလ်က ချီးမြှင့်ပေးခဲ့တာပဲ။

“လာဘ်ရေကန်က အရောင်စုံငါးကို ရှောင်ရှစ်ယီကနေတစ်ဆင့် ဖေကံကောင်းက လိုချင်နေတာလား”

“ငါ့အရင်ဘဝတုန်းက ရှောင်ရှစ်ယီက ဆုကြေးရခဲ့တယ်လို့ပဲ သတင်းကြားခဲ့မိပြီး သူအဲ့ကတည်းက တံခါးပိတ်ကျင့်ကြံလိုက်တာ အပြင်ပြန်ထွက်တဲ့အကြောင်းကို မကြားခဲ့ရဘူး”

လုယန် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားသည်။

ဒါကငါးမြှားသာ ဖြစ်သည် .. ငါးမြှားပြီးလျှင် ငါးစာက ဘယ်လိုအပ်တော့မည်နည်း။

လုယန် ထိုအတွေးကြောင့် တိမ်ပင်လယ်ကို မော့ကြည့်မိသွားသည်။

ရှေးဦးသူတော်စင်ဂိုဏ်း၏ သိပ်မမြင်ရသော ဆရာကြီးများအတွက် သာမာန်တပည့်တွေက ငါးကန်ထဲက ငါးတွေလိုမျိုး အသုံးချခံတွေလား။

“ ရှေးဦးသူတော်စင်ဂိုဏ်းဆိုတဲ့ အတိုင်းပါပဲလား”

လုယန် သူဘာကြောင့် အသက်မခံရလဲဆိုတာ သဘောပေါက်သွားသည့်အတွက် သက်ပြင်းတစ်ချက် ချလိုက်သည်။

ငါးတစ်ကောင်က ပြောမပြနိုင်သော လျှို့ဝှက်ချက်ကို သိသွားရင်တောင် ဘာလုပ်နိုင်မှာမလို့လဲ..

“ အနည်းဆုံးတော့ ငါ့ရဲ့သက်တမ်းတစ်ရာစာအုပ်က မဖော်ထုတ်ခံလိုက်ရတာ တော်သေးတယ်”

လုယန် တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။

သက်တမ်းတစ်ရာစာအုပ်က ရှာမတွေ့နိုင်သည့်အပြင် သတိမထားမိအောင်လည်း စွမ်းဆောင်နိုင်ဟန်ရှိသည်။ ဖေကံကောင်းဆိုသူက သူ ဂိုဏ်းအတွင်းကို မဝင်ခင်မှာ အဘယ်ကြောင့် အဆင့်လေးချီစွမ်းအင်ကို ပိုင်ဆိုင်ထားမှန်း မေးခွန်းအများကြီး မထုတ်ခဲ့ဘူးလေ။

“ကဲပါ၊ အချိန်မရှိဘူး.. အရင်ပြန်တာပေါ့”

အတွင်းတာအိုစာအုပ်က ယူသွားခံလိုက်ရသော်လည်း လုယန် အစောပိုင်းကတည်းက အလွတ်ကျက်ထားခဲ့သည်။

ဤသည်မှာ သက်တမ်းတစ်ရာစာအုပ်ကို ပိုင်ဆိုင်ပြီးနောက် လုယန် ကျွမ်းကျင်လာခဲ့သော အကျင့်ကောင်းတစ်ခုပင်။

ကျင့်စဥ်ကောင်းတစ်ခုကို တွေ့လိုက်တိုင်း အရင်ဦးဆုံး အလွတ်ကျက်လို​က်သည်။ ထိုသို့ဆိုလျှင် နောက်ကျမှ အကဲဖြတ်အမှတ်တွေနဲ့ လဲလှယ်ဖို့ မလိုအပ်တော့ဘူး။

ထို့အပြင် ဖေကံကောင်းက အတွင်းတာအိုစာအုပ်ကိုပဲ ယူသွားပြီး ချန်ချင်း၏ ရတနာကို ချန်ပေးထားခဲ့သည်။

“ အတွင်းတာအိုစာအုပ်နဲ့ အစီအမံရတနာက နှိုင်းယှဥ်လို့မရဘူးဆိုပေမဲ့ အစီအမံရတနာက ဖေကံကောင်းရဲ့အာရုံထဲ ဝင်သွားမှာကို မဟုတ်ဘူး။ ဒါပေမဲ့ ငါ့အတွက် အသုံးဝင်လာလိမ့်မယ်”

လုယန်သည် အစကတည်းက အတွင်းတာအိုစာအုပ်ကို အများကြီး စိတ်မဝင်စားတော့တာပင်။ သူ အခုချိန်မှာ ပိုလိုချင်နေသော ကျောက်ရှဟယ်၏ အဆင့်သုံး သိုင်းကျင့်စဥ်ရှိနေသည့်အတွက် သူက အစီအမံတွေနဲ့သန့်စင်ခြင်း နည်းလမ်းတွေ ပါဝင်သော ချန်ချင်း၏ အစီအမံရတနာကို ပိုမျက်စိကျခဲ့တာ​ဖြစ်သည်။

ချီဝိညာဥ်တစ်သောင်းစာလိပ်ကိုတော့..

“ထားပါ၊ နောက်ဘဝမှ စဥ်းစားတာပေါ့”

ဂူကိုပြန်ရောက်ပြီးနောက် လုယန်က အရင်ဦးဆုံး ပျက်ဆီးသွားသော ဓားဆေးလုံး၏ အစိတ်အပိုင်းတွေကို အားဖြည့်လိုက်သည်။ ပြီးမှသာ အစီအမံပညာရပ်ကို လေ့လာသည်။

လတစ်ဝက်လောက်ကြာမှ ဂူအတွင်းက ပြန်ထွက်လာပြီး.. ကျောက်ရှဟယ်ကို သွားရှာလေသည်။

ထိုအချိန်မှာပဲ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက ဟိတ်ဟန်ကြီးပုံရသော လူရွယ်တစ်ယောက်ကို အသည်းအသန် ရှင်းပြနေသော ကျောက်ရှဟယ်ကို သူမြင်လို​က်ရသည်။

“ဂိုဏ်းတူအကို ကျွန်တော့်ကို ယုံပါ.. ကျွန်တော်က ကျောက်ရှဟယ်လေ၊ ဒီဆယ်နှစ်လုံး ကျွန်တော် ဘာအမှားလုပ်ဖူးလို့လဲ။ အကဲဖြတ်အမှတ်လေး တစ်ထောင်ပဲကို ကျွန်တော်သေချာပေါက် ပြန်ဆပ်မှာပါ။ ဘာ..အတိုးဟုတ်လား”

“ဟင်း..ရတယ်ရတယ်။ ကျွန်တော့်ကို ရက်တစ်ချို့အချိန်ပေးပါ၊ ကျွန်တော် အရင်းကော အတိုးကော လာဆပ်မယ်”

အချိန်တစ်ချို့ကြာပြီးနောက်မှ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက တပည့်က မျက်နှာကိုမဲ့လိုက်ပြီး ထွက်သွားသည်။ ကျောက်ရှဟယ်တစ်ယောက်ပဲ မျက်နှာကြီး မည်းမှောင်ကာ ကျန်ရစ်ခဲ့၏။

လုယန်လည်း သူ သွားသင့်သည့် အချိန်ရောက်ပြီဟု ခံစားလိုက်ရကာ

“ ဂိုဏ်းတူအကိုကျောက်၊ မတွေ့ရတာ ကြာပြီနော်”

ကျောက်ရှဟယ် မော့ကြည့်လိုက်ချိန်မှာ မဖုံးကွယ်ထားသော လုယန်၏ အရောင်အဝါကြောင့် ချက်ချင်း မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။

“ ညီလေးလုက ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်သွားပြီလား”

“ကံကောင်းတာပါဗျာ ဟားဟားဟား”

လုယန်က အပြုံးတစ်ခုဖြင့် ဆက်ဆိုသည်။

“ ကျွန်တော့်ပါရမီအထုံက အဲ့လောက်မကောင်းတော့ အမှတ်တွေ အများကြီးသုံးပြီး တောက်လျှောက် တံခါးပိတ်ကျင့်ကြံလို​က်ရတယ်။ ဂိုဏ်းတူအကိုကျောက်အတွက် ရယ်စရာ ဖြစ်သွားပါပြီ”

ထိုစကားကြောင့် ကျောက်ရှဟယ်၏ မျက်နှာကြီး ပိုမိုတောင့်တင်းသွားသည်။ သူက ယင်အရိုးစုကြောင့် မွဲသွားခဲ့ကာ.. ရည်းစားကလည်း အဆတ်ဖြတ်သွားသည်။ ထိုအချိန်မှာ လုယန်က သာသာယာယာဖြင့် ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာသည်။

ပိုဒေါသထွက်စရာကောင်းသည်မှာ သူက လုယန်၏ ပြိုင်ဘက်အဆင့်မှာကို မရှိတော့တာပဲ။

သူသည် ပန်းလုံကျွန်းကိုသွားခဲ့သည့်တိုင်အောင် မလုံလောက်သော ကံတရားကြောင့် အဆင့်သုံးကျင့်စဥ်တစ်ခုသာ ရခဲ့သည်။ ထိုအကြောင်းကို မေးကြည့်လိုက်စဥ်မှာ သူက ကံတရားတွေကို.ယင်အရိုးစုဈေးကွက် မှန်းဆချိန်မှာ အများကြီးသုံးခဲ့မိသည့်အတွက် ကုန်ဆုံးသွားရကြောင်း သိလို​က်ရသည်။

ကျောက်ရှဟယ် ဒေါသတကြီးအံကြိတ်လိုက်သည်။

ပန်းလုံကျွန်းကနေ ချီသန့်စင်ခြင်းနယ်ပယ်နှင့် သက်ဆိုင်သော အဆင့်သုံးသိုင်းဖြစ်သည့် နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းတစ်ခုပဲ ရလိုက်ခြင်းက အသုံးမဝင်ခဲ့ပေ။

သူက လက်ရှိမှာ အကြွေးတင်နေသည့်အတွက် အချိန်မရွေး ရောက်လာနိုင်သော အကြွေးရှင်များကြောင့် နဂိုကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး မကျင့်ကြံရဲခဲ့ဘူး။ သူ့မှာ ကျင့်ကြံဆင့် မရှိတော့လျှင် အိမ်တိုင်ရာရောက် ကြွမြန်းလာမည့် ဧည့်သည်တော်များ​က သူပိုင်ဆိုင်သမျှကို လုယက်ပြီး လူကိုပါ အပိုင်းပိုင်းခုတ်ထစ်သွားကြပေမည်။ သူ့အခြေအနေက မြင်သာမြင်မကြင်ရ အနေအထားဖြစ်နေသည်။

“ ညီလေးလု မင်းဘာကိစ္စရှိလို့ရောက်လာတာလဲ”

“ ပြောရရင် ဇာတ်လမ်းကရှည်ပါတယ်” လုယန်က သက်ပြင်းတစ်ချက်ချပြီးမှ ဆက်ပြောသည်။

“အမှန်တိုင်းပြောရရင် ကျွန်တော် ဒီနောက်ပိုင်း ဒုက္ခအနည်းငယ်တွေ့နေရလို့ အကိုကျောက်ဆီမှာ အကြံလာတောင်းတာပါ”

“ဟမ်” ကျောက်ရှဟယ် မျက်လုံးတွေ တောက်ပသွားသည်။

“ ကျွန်တော်က ဘာမှမမေးမြန်းပဲ ဒီတိုင်းကြီး​ ကျင့်ကြံလိုက်ပြီး ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာခဲ့ပေမဲ့ အခုမှ ချီအဆင့်တွေ ကွဲပြားမှုကို သိခဲ့ရတာ.. ကျွန်တော် ဘာလုပ်ရတော့မလဲဗျာ”

ကျောက်ရှဟယ် တော်တော်လေး ခံစားလို့ ကောင်းသွားပါတော့သည်။

“အော်..ဒီလိုကိုး”

“ဒီဂိုဏ်းရဲ့ တပည့်အများစုလဲ ဖြစ်တတ်ကြတယ်.. ပုံမှန်ပါပဲ ညီလေးလု”

“ကျွတ်၊ တကယ်ပဲ ဘယ်လိုလုပ်ရတော့မလဲဗျာ။ အကုန်သွားပါပြီ”

လုယန် ကူကယ်ရာမဲ့စွာ ဆက်ပြောသည်။

“ ဒါကြောင့် အကိုလုမှာ နည်းလမ်းရှိမလား လာမေးတာ။ အဆင့်မြင့်တဲ့ သိုင်းကျင့်စဥ်ရှိနေရင်လဲရတယ်.. ဘယ်လောက်ကုန်ကုန် ကျွန်တော်ပေးမယ်။ အမှတ်နှစ်သောင်းလောက်က ကျွန်တော့်အတွက် ပြဿနာမရှိဘူး”

“..ဟုတ်လား”

အမှတ်နှစ်သောင်းဆိုသော စကားကို ကြားသည်နှင့် ကျောက်ရှဟယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ကျောက်ရှဟယ် အသည်းအသန် စဥ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“ညီလေးလု.. အကို့မှာမင်းနဲ့ သင့်တော်တဲ့တစ်ခုရှိတယ်။ မင်းရဲ့ချီစွမ်းအင်ကို သေချာပေါက် အဆင့်မြင့်စေလိမ့်မယ်”

“တကယ်လား” လုယန် ချက်ချင်း မျှော်လင့်တကြီး မေးလိုက်တော့၏။

“ ဘာကျင့်စဥ်လဲ အကိုကျောက်”

ကျောက်ရှဟယ် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း အသုံးမဝင်သော တစ်ပိုင်းတစ်စ ကျင့်စဥ်ကို သေချာတွက်ချက်ပြီးနောက်မှာ အမှတ်ရှာဖို့ကိုသာ ရွေးချယ်လိုက်သည်။

သူ ချက်ချင်းပဲ ပန်းလုံကျွန်းမှာ ရခဲ့သော နဂါးအသွင်ပြောင်နည်းကိုးသွယ်သိုင်းကို သိုလှောင်အိတ်ထဲမှ ထုတ်ပေးလိုက်တော့၏။

……

All Chapters