အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
Ch 27
(ရယူခြင်း)
လုယန် ထင်ထားသည့်အတိုင်းပင် ကျောက်ရှဟယ်က အမှတ် ၁၅၀၀ ဖြင့် နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို ရောင်းလာသည်။
လူတွေက အကြွေးနစ်နေလျှင် ဒီလိုမျိုးပဲ ဖြစ်သည်။
နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို လုယန် ယူလာလိုက်ပြီး.. ဂူကိုပြန်ရောက်မှ တစ်လုံးချင်း ကျက်ထားလိုက်ကာ ပြန်သိမ်းလိုက်သည်။
“ငါ မကျင့်ကြံနိုင်တာ စိတ်မကောင်းစရာပဲ”
ကောင်းကင်သွေးနတ်ဆိုးအလင်းကြောင့် သူ့ကျင့်ကြံမှုက ချီသန့်စင်ခြင်းနှောင်းပိုင်းမှာပဲ ပိတ်မိနေမှာဖြစ်ပြီး.. ကျင့်ကြံမှုကိုတောင် ဖျက်ဆီးလို့မရတော့ဘူး။
လုယန်ကလည်း အလျင်စလို သေဆုံးဖို့ မကြိုးစားပါချေ။
သက်တမ်းတစ်ရာစာအုပ်က အဖိုးတန်သည်.. သူ မကျင့်ကြံနိုင်လျှင်တောင်မှ မဖြုန်းတီးဘဲ တစ်ခြားနေရာတွေကို တိုးတက်အောင် လုပ်လို့ရသည်။
လုယန် သိုလှောင်အိတ်ထဲကနေ ချန်ချင်း၏ အစီအမံရတနာကို ထုတ်ယူလိုက်သည်။
ကျင့်ကြံရေးပညာရပ်ကြီး လေးခုဖြစ်သော.. လက်နက်သန့်စင်ခြင်း၊ ဆေးဖော်ခြင်း၊ အစီအမံဖန်တီးခြင်းနဲ့ မန္တာန်စာရွက်ပြုလုပ်ခြင်းတွေထဲမှာ.. လူတစ်ယောက်က ဘယ်ပညာရပ်မှာ ထူးချွန်ပါစေ၊ ကျင့်ကြံရေးလောကအတွင်း နေရာတစ်ခုယူပြီး ရပ်တည်နိုင်သည်။
ဥပမာပြောရလျှင် ချန်ချင်း.. သူမက အစီအမံပညာရပ်မှာသာမက လက်နက်သန့်စင်ရာမှာလည်း ကျွမ်းကျင်သည်။ သို့ပေမဲ့သူမက ယောက်ျားရွေးချယ်တာတော့ မထူးချွန်ပေ။ သူမ ရွေးလိုက်သမျှ သူတိုင်းက သောက်ကျင့်ကောင်းတာ တစ်ယောက်မှ မပါသည့်အတွက် အကြိမ်တိုင်း ထိုသူတွေ ဓားချက်နှင့်ပဲ သေဆုံးရသည်။
အစီအမံရတနာ၏ ပထမစာရွက်ကို ဖတ်ပြီးသည်နှင့် လုယန် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ ရတနာက အစီအမံဖြစ်သလို အစီအမံကလည်း ရတနာဖြစ်ပြီး ဒီနှစ်ခုက အချင်းချင်းထောက်ပံ့နေကြတယ်။ ဒီပညာရပ်က နှိုင်းယှဥ်လို့မရနိုင်အောင် အကျိုးပြုနိုင်တယ်”
လုယန် နောက်တစ်ရွက် ဆက်ဖတ်လိုက်ချိန်မှာ ပုံစံကွက်တစ်ချို့နှင့် အောက်က ရှင်းလင်းချက်ကို တွေ့ရသည်။
“ အစီအမံဖန်တီးခြင်းဆိုတာ အစီအမံပုံစံကွက်ကို ရေးဆွဲရတာ ဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးကြားမှာ သိုလှောင်ထားတဲ့ အံ့ဖွယ်အစွမ်းကို ဆွဲယူရတယ်။ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ အစီအမံပုံစံကွက်က အသက်ဝင်ရန် ခဲယဥ်းပြီး.. အသုံးပြုသူက အစီအမံနဲ့ပတ်သတ်တဲ့ ထူးကဲတဲ့ နားလည်နိုင်စွမ်း ရှိဖို့လိုတယ်”
“ဒါက အစီအမံပညာရပ်ရဲ့ အခြေခံအချက်ပေါ့လေ.. ကောင်းပြီ”
“ဒါဆို နောက်တစ်ရွက်လှန်ပြီး အရိုးရှင်းဆုံး အစီအမံကို ဖန်တီးကြည့်တာပေါ့”
နောက်တစ်ရွက်လှန်လိုက်သည်နှင့် လုယန် အလွန်ရှုတ်ထွေးသော ပုံစံကွက်တစ်ခုကို မြင်လိုက်ရသည်။
“ဒါကအစီအမံပုံကြမ်းလား”
လုယန် မေးစေ့ကိုပွတ်သပ်လိုက်သည်။ အစီအမံတစ်ခုထဲမှာရှိသော ပုံစံကွက်၏ ညီမျှသောအချိုးအဆကို ဖန်တီးနိုင်မှသာ အစီအမံပုံကြမ်းကို အသက်ဝင်လာစေမှာ ဖြစ်သည်။
အစီအမံပုံကြမ်းက အစီအမံအခြေခံပဲ။
အစီအမံတစ်ခု အသက်ဝင်လာဖို့ဆိုလျှင် ပုံစံကွက်တည်ဆောက်ထားပုံက သဟဇာတဖြစ်ဖို့လိုအပ်သည်.. ပုံစံကွက်က အမှားအယွင်း မရှိမှသာ ပတ်လမ်းပြီးပြည့်စုံပြီး စွမ်းအင်ဝင်ရောက်မည်။
“စိတ်ဝင်စားစရာပဲ”
ထင်သလောက် မခက်ခဲသည့်အတွက် လုယန် ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
“ ငါ့ရဲ့အရည်အချင်းနဲ့ ကြိုးစားမှုနဲ့ဆိုရင် ရိုးရှင်းတဲ့အစီအမံတစ်ခုလောက်တော့ ရမယ်ထင်တာပဲ”
တစ်လကြာပြီးနောက်…
လုယန် ဗလာဖြစ်နေသော မျက်နှာကြီးဖြင့် ဂူထဲမှာ ကြာပန်းပုံထိုင်နေသည်။ သူ့ပတ်ပတ်လည်မှာ ပေရွက်တွေ ပျံ့ကျဲနေ၏။ ထိုပေရွက်တွေကား.. စင်စစ် အစီအမံဖန်တီးရန် ရေးဆွဲထားသော ပုံစံကွက်များဖြစ်ပြီး မအောင်မြင်ခဲ့ခြင်း၏ သက်သေတွေပင်။
ထိုပေရွက်တွေကို လုယန် လက်ထဲမှာပင် ဆုတ်ကိုင်ထားသေးသည်။
ထိုသို့ဖြင့် အချိန်တစ်ချို့ကြာပြီးနောက်မှာ လုယန်၏ လက်ချောင်းထိပ်မှာ စိတ်ဝိညာဥ်အလင်းတစ်ခု ထွက်လာသည်။
“ ရသွားတာလား”
လုယန် ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်ပြီး အစီအမံပုံစံကွက်တွေကို ပေါင်းစည်းလိုက်ကာ ဂရုတစိုက် လေ့လာလိုက်သည်။ ထို့နောက် လက်ချောင်းတွေချိုးပြီး ရေတွက်ပြန်သည်.. မကြာခင်မှာ သူ့မျက်နှာကြီးက အလွန်ရှုတ်ထွေးလာကာ..
“ မမှန်သေးဘူး၊ ဒါပေမဲ့ဘာလို့ ရသွားတာလဲ”
“ ဒါကြီးက ဘယ်လိုလည်ပတ်မှာလဲ”
တစ်လလုံးလုံး နေ့မနားညမနား ကြိုးစားခဲ့ပြီးနောက် လုယန်နောက်ဆုံး ရရှိသွားသည်.. သို့သော် ဘယ်လိုရလိုက်မှန်း မသိလိုက်ခြင်းက သူ့ကို တစ်နည်းနည်းဖြင့် ရူးသွပ်စေလေ၏။
လုယန် အခုချိန်မှာ အစီအမံပညာရပ်ကို ပိုသဘောပေါက်လာသည်.. အစီအမံပညာရပ်က ပရိုဂရမ်တစ်ခုနှင့် ဆင်တူသည်။
အစီအမံပညာရပ်ကို နားလည်နိုင်စွမ်းဆိုသည်က.. ကောင်းကင်နှင့်မြေကြီးကြားက တောတောင်ပတ်လမ်းထဲမှ အသုံးပြုနိုင်သော လမ်းကြောင်းကို ဆွဲထုတ်ပြီး ကိုယ်ပိုင်ပတ်လမ်းတစ်ခု ဖန်တီးနိုင်စွမ်းသာ ဖြစ်သည်။
သို့ပေမဲ့ နားမလည်တဲ့သူက ဘယ်လိုမှ နားလည်မှာမဟုတ်ဘူး။
ဥပမာ လုယန်.. သူ့ပုံစံက ရွှေတူးဖို့ရန်လာခဲ့သော်လည်း အရည်အချင်း မရှိသည့်အတွက် ရွှေတော့မရဘဲ.. ထိုအစား မြေကြီးအပုံလိုက်ကြီးပဲ ရသွားသည်။
“ ဘာနေနေ၊ အနည်းဆုံးတော့ တစ်ခု ရသွားတယ်”
လုယန် သက်ပြင်းချလိုက်ပြီး ပြန်လည်ရှာဖွေသည်.. ဒီလိုနှင့် နောက်တစ်လ ကုန်သွားသည်။ လုယန် မစားမသောက် လေ့လာပြီးနောက်ဆုံး ပုံစံကွက်တွေကို အသက်ဝင်အောင် လုပ်နိုင်ခဲ့သည်။
“ဒါက ပုံရိပ်ယောင်အစီအမံပဲ”
“ ပုံရိပ်ယောင်နယ်မြေထဲမှာ အလင်းတွေဖြာနေမှာပဲရှိတာ.. ရန်သူရဲ့ တိုက်ကွက်တွေကို ပိတ်လို့မရဘူး။ ပြောရရင် သူက ပုံရိပ်ယောင်ဖြစ်စေတာကလွဲရင် ခုခံနိုင်စွမ်းကော တိုက်ခိုက်နိုင်စွမ်းကော မရှိဘူး”
လုယန်၏ ပုံစံမှာ မျက်လုံးကြီးရဲတွတ်နေပြီး အလွန်မောပန်းနေဟန် ရှိသော်လည်း… မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားနေသည်။ သူ ဂုဏ်ယူစွာပဲ တတိယစာရွက်ကို လှန်လိုက်တော့သည်။
“..မလွယ်ကူခဲ့ဘူးမလား.. တတိယစာရွက်က အစီအမံပညာရပ်က ဘယ်လောက်ခက်လဲ သိရအောင် ထားပေးထားတာပဲ။ နှိမ့်ချတတ်တဲ့ နှလုံးသားနဲ့အစီအမံပညာရပ်ကို လေ့လာမှပဲ အောင်မြင်လိမ့်မယ်.. ဟုတ်လား”
လုယန်, “...”
“သောက်ကျိုးနည်း.. သူတောင်းစား”
လုယန် မတ်တပ်ရပ်လိုက်ပြီး ထိုစာအုပ်ကို လွှင့်ပစ်လိုက်သည်။ ထိုစာအုပ်ကို ရှေးဦးသူတော်စင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရေးသားထားသည်ဟု သူ အတပ်ပြောနိုင်ပါသည်။
ခဏကြာပြီးနောက်မှာ လုယန် စာအုပ်ကို အသာလေးပြန်ကောက်လိုက်သည်။
တစ်ချို့သော အရာတွေက လုပ်ချင်သည်.. မလုပ်ချင်ဘူး.. စသဖြင့် စိတ်ခံစားချက်ကို ဦးစားပေးလို့မရပါချေ။ အသက်ရှင်ချင်ပါက ခါးသီးမှုကိုမြိုချပြီးရှေ့ဆက်ရမှာပင်။
သို့သော် ဆက်လက်လေ့လာပြီးနောက် လုယန် အရင်လောက် မခါးသက်တော့ပေ။
တတိယစာရွက်တစ်ခုကပဲ အစီအမံပညာရပ်ကို လေ့လာသော လူသစ်လေးတွေအတွက် မဟုတ်သောကြောင့် သူ နှစ်လလောက် အချိန်ယူခဲ့ရတာ ဖြစ်သည်။
ထိုအရာက အကျိုးတော့ယုတ်မသွားပေ။ အခု လုယန် ပိုပြီးရိုးရှင်းလွယ်ကူသော အစီအမံကို လေ့လာရာ၌ သင်ယူနိုင်စွမ်း သိသာစွာ တိုးတက်လာသည်။ အခက်အခဲတွေ့လာခဲ့လျှင်တောင်မှ ရက်တစ်ချို့အတွင်း အဖြေရှာနိုင်ခဲ့လေရာ၊.. ခါးသက်နေသော လုယန်တစ်ယောက် ယုံကြည်ချက် ပြန်ရသွားသည်။
ထိုသို့ဖြင့် အချိန်တွေ တဖြုတ်ဖြုတ် ကုန်ဆုံးရင်း လှိုဏ်ဂူအတွင်းမှာပဲ အနှစ်နှစ်ဆယ်က မသိလိုက်စွာ ကုန်ဆုံးသွားသည်။
ထိုအတောအတွင်း လုယန် ဘာကိုမှ ဂရုမစိုက်ခဲ့ပေ.. ဂူငှားခတောင် မပေးခဲ့သည့်အတွက် အပြင်ဂိတ်ကိုပင် ပြောင်းရွှေ့ခဲ့ရ၏။
သွေးအရိပ်ဖြစ်လာပြီးနောက် ကျင့်ကြံလို့ မရခြင်းက လုယန်ကို ပျင်းရိစေပြီး အလုပ်လုပ်ချင်စိတ်ပါ ပျောကိဆုံးစေသည်။
ထိုနှစ် နှစ်ဆယ်အတွင်းမှာ အပြင်ဂိတ်အတွင်းမှာပဲ ရှောင်ရှစ်ယီကဲ့သို့ ကံတရားသားတော်တွေ တစ်ယောက်မက ထွက်ပေါ်ခဲ့သော်လည်း.. အကုန်လုံး အချိန်တစ်ချို့ကြာပြီးနောက်မှာ ပျောက်ကွယ်သွားသည်။
ထိုကံတရားသားတော်တွေကို.. မျက်စိကျပြီး အန္တရာယ်ပေးချင်သော လူတွေပါ တဆတ်ထဲ ပျောက်ကွယ်ကြတာပင်။
“ ဖေကံကောင်းဆိုတဲ့သူ ငါးမြှားနေပြန်ပြီ”
ထိုသတင်းတွေကြားတိုင်း လုယန် ကြောက်မိသည်.. ရှောင်ရှစ်ယီကို သာဓက ထားကာ ထိုကံတရားသားတော်တွေနှင့် အဝေးဆုံးမှာနေခဲ့သည်။
မတိုက်ခိုက်နိုင်မှတော့ မတွေ့အောင်ရှောင်လိုက်တာက အကောင်းဆုံးပင်။
ကျောက်ရှဟယ်က နှစ်နှစ်ဆယ်ကြာပြီးနောက်မှာ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်လာခဲ့သော်လည်း အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်တာကျရှုံးပြီး သေဆုံးသွားသည်။
လုယန် သက်ပြင်းတစ်ချက်သာချပြီး အများကြီး ဂရုမစိုက်ခဲ့ဘူး။
လုယန် ဂရုစိုက်သည့်တစ်ခုတည်းသော အရာက အစီအမံပညာရပ်ကို နှံ့နှံ့စပ်စပ် နားလည်နိုင်သွားသော သူ၏ အောင်မြင်မှုကြီးပဲ ဖြစ်သည်။
ဂူအတွင်းမှာ လုယန် အာရုံအားလုံးကို မျက်ခုံးစပ်က ဓားဆေးလုံးမှာ ပို့လိုက်သည်။ သူ့ပုံစံက အားနည်းလွန်းလို့ လူသားပုံစံကိုတောင် မနည်းထိန်းသိမ်းနေရကာ သွေးအရိပ်က မှိန်လိုက်ပျောက်လိုက် ဖြစ်နေသည်။
သူ မကြာခင် ဘဝဆုံးတော့မှာပင်။
ကောင်းကင်သွေးနတ်ဆိုးအလင်းကို ကျင့်ကြံခြင်းအကျိုးကြောင့် သူ့သက်တမ်းတွေ စားသုံးခံလိုက်ရပြီး အသက်လေးဆယ်သာ ရှိသေးသော်လည်း သူ့ပုံစံက ဆီကုန်နေသော မီးခွက်လို အလွန်အားဖျော့နေသည်။
သို့ပေမဲ့ လုယန်က တစ်ချက်တောင် အာရုံမထားဘဲ.. အစီအမံကိုပဲ ဆက်လက်လေ့လာသည်။ အခုလို သေဆုံးခါနီးအချိန်မှာတောင်မှ သူက အလျော့မပေးသလို ကြိုးစားမှုလေးတစ်ခုတောင် မလုပ်ဘဲ.. အာရုံမပျက်လိုစွာ အစီအမံပညာရပ်ကိုပဲ ဆက်လက်တွေးခေါ်နေလေရဲ့။
“ ငါနားလည်ပြီ.. မဟုတ်ဘူး။ မှားနေသေးတယ်”
“အိုး..မှန်တော့.. အာ မှားနေသေးတယ်..အိုး.. ခဏလေး”
ထိုသို့ဖြင့် အချိန်တွေအများကြီးကုန်ဆုံး သွားခဲ့ပြန်ပြီး လုယန်၏ သွေးအရိပ် လုံးဝ ပျောက်ကွယ်လုနီးနီး အချိန်မှာ လုယန် ရုတ်တရက် မျက်လုံးတွေ ဖွင့်ကြည့်လာသည်။
“ဟားဟားဟား ငါအောင်မြင်ပြီ”
နောက်ဆုံးမှာ အသက်ဝင်သွားသော အစီအမံပုံကြမ်းကို ဓားဆေးလုံးအနီး လည်ပတ်စေလိုက်ကာ လုယန် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်၏။ ဂူအတွင်း ပဲ့တင်ထပ်နေသော ထိုရယ်သံကြားမှာပဲ လုယန်၏ နောက်ဆုံးထွက်သက်က ကုန်ဆုံးသွားတော့သည်…
“သက်တမ်းတစ်ရာစာအုပ်”
…….
Ch 28
(နဂါးအသွင်ပြောင်းနည်းကိုးသွယ်)
..သက်တမ်းတစ်ရာစာအုပ်..
..အစီအမံကိုလေ့လာနေရင်းနဲ့ သေဆုံးခါနီး ဖြစ်နေတာတောင်မှ သင်က မရပ်တန့်ခဲ့ဘူး။ နောက်ဆုံးမှာ သင်အောင်မြင်သွားပေမဲ့ သေဆုံးသွားတယ်..
..သင်တမ်းတစ်ရာစာအုပ် လက်ကျန်စာရွက်- ၉၆ရွက်..
..ဘဝသစ်ပြန်စချိန်မှာ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ရတနာ၊ ကျင့်ကြံခြင်း၊ သက်တမ်း.. ဒါမှမဟုတ် ထိုသုံးခုလုံးကို စွန့်ပစ်ပြီး စွမ်းရည်အသစ်တစ်ခု နိုးထစေလိုက်ပါ..
“ နာမည်ခေါ်ခံရတဲ့သူတွေ ရှေ့ထွက်လာမယ်”
လုယန် မျက်လုံးဖွင့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းကာ..
“ မှော်ရတနာကိုရွေးမယ်”
နောက်တစ်စက္ကန့်မှာ သူ့ဒျန်ထျန်က ပြင်းထန်စွာ လှုပ်ရှားလာပြီး.. ဓားတစ်ချောင်း ထွက်ပေါ် လာသည်။ အစီအမံပုံစံကွက်များ ရေးထွင်းခံထားရကာ.. ကောင်းကင်ထက်က ကြယ်တွေလိုမျိုး ရှင်းလင်းတောက်ပနေသည့် ထိုကြေးနီရောင်ဓားက သူ့ဒျန်ထျန်အတွင်းမှာ တချွင်ချွင် မြည်သံပေးနေ၏။
လုယန် ကျေနပ်စွာ ကြည့်လိုက်သည်။ ထိုဓားက သူ အနှစ်နှစ်ဆယ်လုံးလုံး ပေးဆပ်ထားရသည့် အောင်မြင်မှုကြီး ဖြစ်သည်။ ကောင်းကင်သွေးနတ်ဆိုးအလင်း၏ အစွမ်းနဲ့ အားဖြည့်နိုင်ခဲ့ရုံသာမက၊ သူ မသေခင်လေးမှာပဲ အဆင့်မြင့် အစီအမံတစ်ခုကို ထည့်သွင်းလိုက်နိုင်သည့်အတွက် ကြေးနီရောင်ဓားက အစီအမံရတနာတစ်ခုလည်း ဖြစ်၏။
ဒီဓားက သူ၏ အကူအညီအကြီးကြီး ဖြစ်လာပေမည်။
ရန်သူကို တိုက်ခိုက်နေရင်းမှ အစီအမံထဲ ထည့်လိုက်နိုင်မည်ဆိုလျှင် ထိုရန်သူက ဘယ်လောက်ပဲ ကြမ်းနေပါစေ၊ ကျင့်ကြံမှုနယ်ပယ်တူ တစ်ယောက် ဖန်တီးထားသည့် အစီအမံက လွတ်မြောက်နိုင်မည်တဲ့လား။
ချီသန့်စင်ခြင်းအလယ်နယ်ပယ်သာ ရှိသေးသော ချန်ချင်းက သန်မာမှုလည်း လိုအပ်ချက်ရှိသေးသလို အစီအမံလေ့လာရာမှာ အနှစ် နှစ်ဆယ် အချိန်ပေးခဲ့သည့် သူ့ကိုလည်း ယှဥ်နိုင်မှာ မဟုတ်ပေ။
“မင်းကို နာမည်ပေးဖို့ အချိန်ရောက်ပြီပဲ”
လုယန် အတွေးဖြင့်အမိန့်ပေးလိုက်သည်နှင့် ကြေးနီရောင်ဓားထဲကနေ သူနဲ့တစ်ပုံစံထဲ တူသော သွေးအရိပ်တစ်ခု ထွက်လာသည်။ လုယန် ပေါ့ပါးစွာ ရယ်မောလိုက်ကာ..
“ငါ့ရဲ့အရင်ဘဝကို စတေးပြီး ကောင်းကင်သွေးနတ်ဆိုးအလင်းနဲ့ မင်းကို ဖန်တီးထားတာဆိုတော့ မင်းကို သွေးယန်ဓားလို့ ခေါ်မယ်”
ကြေးနီရောင်ဓားက တုံ့ပြန်သည့်နှယ် အနည်းငယ် လှုတ်ယမ်းလာသည်။
လုယန် အတွေးတွေကို စုဝေးလိုက်ပြီး စင်ပေါ်မှာ ဟိတ်ဟန်အပြည့်ဖြင့် စကားပြောနေသော လျိုရှင်းကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အလျင်စလို ယူဖို့ မလိုအပ်သေးပါချေ။
ထိုသို့ဖြင့် လုယန် ပုံမှန်အတိုင်းပဲ လုပ်ဆောင်ခဲ့တော့သည်.. ဖျော်ဖြေရေးခန်းမအတွင်း ဝင်ကာ ယုစုကျန်းကို သတ်သည်။ ထို့နောက် ကျောက်ရှဟယ်ဆီကို အမှတ်မချေးတော့ဘဲ တပည့်အသစ်တွေ၏ အစဦးလက်ဆောင်ဖြစ်သော ရတနာနှင့် လက်နက်ကိုရောင်းကာ ယင်အရိုးစုကို တိတ်တိတ်လေး ဝယ်ထားလိုက်သည်။
မကြာခင် ယင်အရိုးစုကိစ္စ စတင်လာသည်နှင့် ကိစ္စပိုကြီးသွားစေရန် လုယန် ဘေးကနေ လောင်စာထည့်နေရင်းမှ ယင်အရိုးစုတွေ ရောင်းလိုက်ဝယ်လိုက် လုပ်ကာ အမှတ်ရှာသည်။
သို့ပေမဲ့ လူတွေအများကြီး၏ အာရုံကို မဆွဲဆောင်မိစေရန်အတွက် ဈေးအများဆုံးအချိန်အထိ မစောင့်တော့ဘဲ ဈေးကွက်က အမှတ်သုံးထောင် ရောက်လာချိန်မှာ ထွက်လာလိုက်သည်။
လုယန်၏ လက်ထဲမှာ ယင်အရိုးစု နှစ်ဆယ်ရှိခဲ့သည့်အတွက် အမှတ်စုစုပေါင်း ခြောက်သောင်းရလိုက်လေသည်။
ထိုအမှတ်တွေဖြင့် လုယန် စွမ်းအားတိုးဆေးလုံးတွေ အများကြီး ဝယ်ပြီး နောက်.. ဂူထဲပြန်သွားလိုက်ကာ တံခါးပိတ်လိုက်ပြီး အကောင်းမွန်ဆုံးရတနာကို အပြင်ထုတ်လိုက်တော့သည်။
“ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း”
“ စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်း”
ထိုသိုင်းနှစ်ခု ပေါင်းလိုက်သည်နှင့် အလွန်ကောင်းမွန်သော အဆင့်သုံးချီစွမ်းအင်ကို ဖန်တီးနိုင်ကာ ရွှေအမြုတေနယ်ပယ်ရောက်သည်အထိ ကျင့်ကြံနိုင်မည့်အတွက် လုယန်၏ မျှော်လင့်ချက်ကို အပြည့်အဝ ကိုက်ညီနေသည်ပင်။
“ ဒီနဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းက အဆင့်ဆယ်ဆင့်ပါပြီး.. တစ်ဆင့်တိုင်းမှာ ချီစွမ်းအင်ကို ပြောင်းလဲဖန်တီးရတယ်။ ကောင်းကင်မြွေအသွင်ပြောင်းခြင်း၊ နတ်သိမ်းငှက်အသွင်ပြောင်ခြင်း၊ မိုးပြာရောင်နွားသိုးအသွင်ပြောင်းခြင်း၊ ကျားအသွင်ပြောင်းခြင်း.. ဒီလိုမျိုး တစ်ဆင့်ချင်း ကျင့်ကြံပြီး ကိုးခုမြှောက်အသွင်ပြောင်းခြင်း ပြီးရင် နဂါးအသွင်ပြောင်းခြင်းကို ရရှိမယ်။ ဒါဆိုရင် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းရှိပြီ”
လုယန် အကြောင်းအရာကို ဖတ်ပြီးတာနဲ့ စတင်ကျင့်ကြံဖို့ရန် နဂိုမူလကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့ လုပ်လိုက်သည်။
ဘန်း
ဒျန်ထျန်အတွင်းက ချီစွမ်းအင်တွေ လျော့နည်းလာသည်နှင့် လေထုတ်ခံလိုက်ရသော ပူဖောင်းလိုမျိုး လုယန်၏ ကျင့်ကြံဆင့်က သေမျိုးအဖြစ် လျှင်မြန်စွာ ပြန်လည်ခုန်ဆင်းသွားတော့သည်။
သို့ပေမဲ့ သူက ထိုစွမ်းအင်တွေကို အလဟသ မဖြစ်စေဘဲ မူလချီစွမ်းအင်ကို စုပ်ယူစေလိုက်၏။
လုယန် ဘဝတွေစတေးပြီး ကျင့်ကြံထားသော ချီစွမ်းအင်ကို မူလချီစွမ်းအင်မှာပဲ ပေးဆပ်ခဲ့ပြီးနောက် ထိုမူလချီစွမ်းအင်ကို ဂူပေါက်ဝမှာ အကာအကွယ်အဖြစ် ထားစေလိုက်သည်။
ထိုသို့ဖြင့် အချိန်သုံးနှစ် ကုန်ဆုံးသွားပြန်သည်။
ဂူအတွင်းမှာ လုယန် ကြာပန်းပုံထိုင်ပြီး စွမ်းအင်လည်ပတ်နေခဲ့သည်.. အရင်က ဗလာဖြစ်ခဲ့သော သူ၏ ဒျန်ထျန်က အခုချိန်မှာ ပိုများသော ချီစွမ်းအင်များ နေရာယူထားလေ၏။
ထိုချီစွမ်းအင်တွေက သူ့ခိုင်းစေမှုအတိုင်း လှုပ်ရှားနေသည်.. ပထမတော့ယုန်တစ်ကောင် ခြုံပုတ်အတွင်းမှာ ခုန်ထွက်သွားဟန် လှုပ်ရှားနေကာ.. ထို့နောက် အားကြီးသော ကျားတစ်ကောင်၏ ခုန်အုပ်ပုံ.. ထို့နောက် ကျက်သရေရှိသော သိမ်းငှက်၏ လေမှာဝဲပျံနေပုံ.. စသဖြင့် အဆင့်ဆင့် အသွင်ပြောင်းနေသည်။
အချိန်တစ်ချို့ကြာပြီးနောက်မှာ လုယန် အသက်ကိုရှုထုတ်လိုက်သည်။
အဖြူရောင်ချီစွမ်းအင်တစ်မျှင်က သူ့ခန္ဓာကိုယ်ထဲကနေ ခုန်ထွက်လာကာ.. အထဲပြန်ဝင်ရမည့်အစား အလွန်ကြီးမားသော တောင်တစ်တောင်ကို ထမ်းထားသည့် မိုးပြာရောင်နွားသိုးတစ်ကောင်အသွင် ပြောင်းသွားသည်။
“ရပြီ”
လုယန် ပျော်ရွှင်မှုကြောင့် ဝင်းပသွားသည်။ အမှတ်ခြောက်သောင်းလုံးဖြင့် ဆေးလုံးတွေ ဝယ်ခဲ့သည့်အတွက် ဒီသုံးနှစ်စာ ကျင့်ကြံမှုက သုံးဘဝစာကျင့်ကြံမှုထက် အများကြီး ပိုကောင်းမွန်ခဲ့သည်။
သုံးနှစ်အတွင်းမှာ လုယန်က ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်ခြောက်ကို ရောက်လာခဲ့သည်။
အလယ်နယ်ပယ် အတားအဆီးမှာ ပိတ်မိနေသော်လည်း လုယန် နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ အောင်မြင်စွာ ချိုးဖြတ်နိုင်မည်လို့ ယုံကြည်ချက်ရှိသည်။
ထို့အပြင် ပိုအားကောင်းလာသော ချီစွမ်းအင်ကြောင့် သူ့ကျင့်ကြံမှုက ချီသန့်စင်ခြင်းအလယ်နယ်ပယ်မှာပဲ ရှိလင့်ကစား၊ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ထက် လျော့နည်းမည်မထင်ပေ။
“ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းရဲ့ အသွင်ပြောင်းတဲ့အဆင့်တိုင်းမှာ တိုးတက်မှုရှိတယ်။ ကျားအသွင်ပြောင်းခြင်းက ချီစွမ်းအင်ရဲ့ ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်တယ်။ မိုးပြာရောင်နွားသိုးက ခန္ဓာကိုယ်ကြံ့ခိုင်စေတယ်။ သိမ်းငှက်က အကြားအမြင်အာရုံကို စူးရှစေချိန်မှာ ကောင်းကင်မြွေက အရောင်အဝါပိတ်သိမ်းနိုင်စွမ်း မြင့်တင်ပေးတယ်။ ကျောက်စိမ်းယုန်က လျှင်မြန်မှုတိုးတက်စေတယ်။ တောကုလားအုတ်ကကျ ချီစွမ်းအင် အားဖြည့်နှုန်းကို ပိုမြန်အောင်လုပ်ပေးတယ်”
အသွင်ပြောင်းမှုခြောက်ခုနဲ့တင် လုယန် ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လုနီးပါး ဖြစ်သည်။
သို့ပေမဲ့ လုယန် ပိုစိတ်ဝင်စားတာက ငါးပျံအသွင်ပြောင်းခြင်း ဖြစ်၏.. ထိုအသွင်ပြောင်းခြင်း၏အကျိုးက နယ်ပယ်တွေကြားက အတားအဆီးချိုးဖျက်ခြင်းကို ကူညီနိုင်လေသည်။.
“ ငါသာအဲ့ဒါကို အရင်ကျင့်ကြံရင် ချက်ချင်း အဆင့်တက်နိုင်မှာဆိုပေမဲ့ အရမ်းဖြုန်းတီးရာ ကျသွားလိမ့်မယ်”
လုယန်က ရည်မှန်းချက်ရှိသည်။ ထိုအဆင့်တက်နိုင်ခွင့်ကို ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို အဆင့်တက်မှပဲ အသုံးပြုရန် စဥ်းစားထား၏။
လုယန်၏ ဒီဘဝရည်မှန်းချက်မှာ ရိုးရှင်းပါသည်.. ကျင့်ကြံခြင်းပဲဖြစ်သည်။
“ ငါ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်လာတာနဲ့ စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်းကို ကျင့်ကြံပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ်အထိ အဆင့်တက်မယ်”
လုယန် နောက်ထပ်ဆေးတစ်လုံးသောက်ကာ ပြန်လည်ကျင့်ကြံပါတော့သည်။
ရက်တစ်ချို့ကြာပြီးနောက်…
ဝုန်း
လုယန် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဂူအပေါက်ဝမှာ ထားထားသော သူ၏ မူလချီစွမ်းအင်အကာအကွယ် ကျိုးပေါက်သွားလို့ပင်။
“ တစ်ယောက်ယောက် ရောက်လာတာလား”
လုယန် တစ်ယောက် အတွေးလွန်သွားသည်။ သူ၏ လက်ရှိဘဝကို ဂူထဲမှာပဲ ကျင့်ကြံရင်းကုန်ဆုံးခဲ့သည်ဖြစ်ရာ.. သူ့မှာ ရန်သူ မရှိသင့်ချေ။
လုယန် သံသယတစ်ချို့ဖြင့် အပေါက်ဝကို သွားကြည့်လိုက်ချိန်မှာ ရင်းနီးသော မျက်နှာကို တွေ့လိုက်ရ၏။
“မင်းပဲ”
ဂူအပြင်ဘက်မှာ နီရဲနေသော မျက်လုံးများဖြင့် ကျောက်ရှဟယ်က ပြူးကြည့်နေပြီး.. သူ့ဘေးမှာလဲ အားကောင်းသော ချီစွမ်းအင်ကိုယ်စီဖြင့် ကျင့်ကြံသူများ ရှိနေသည်။
“ဂိုဏ်းတူအကို” လုယန် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်သည်။
“ဘာလို့ရောက်လာလဲ မေး..”
“တကယ်ပဲမင်းကိုး”
ကျောက်ရှဟယ်က ဒေါသတကြီး ဆက်ပြောသည်။
“ပန်းလုံကျွန်းက ဆန်းကြယ်လွန်းစွာ ပျောက်သွားပြီး ငါသုံးဘဝလုံး စုဆောင်းထားတဲ့ ကံတရားကို လုယူခံလိုက်ရတယ်။ ငါ ဆရာသခင့်ကို အများကြီးပေးဆပ်ပြီး မေးလိုက်တဲ့အချိန်ကျမှ ဒီနေရာက လုမျိုးရိုးကျင့်ကြံသူ ယူသွားတာတဲ့”
“ပြောစမ်း၊ ပန်းလုံသခင်ကြီးရဲ့ အမွေအနှစ်တွေက မင်းလက်ထဲမှာလား”
“...”
ကျောက်ရှဟယ်၏စကားကြောင့် လုယန် ပထမ အံ့သြသွားသော်လည်း ရုတ်ချည်း တစ်စုံတစ်ခုကို အမှတ်ရလိုက်ကာ.. မျက်နှာကြီး မည်းမှောင်သွားတော့သည်။
…….