အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
Ch 33
(မူလနတ်ချီအဆောင်စာရွက်)
အချိန်ခဏကြာသည်အထိ လုယန်သည် လက်ထဲက အဝါရောင်စာရွက်ကို အသေးစိတ် ကြည့်ရှုနေခဲ့သည်။
လျိုရှင်းကို ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်အဖြစ် သန့်စင်ပြီးသည်နှင့် လျိုရှင်း ဘယ်လိုမျိုး စစ်မှန်တပည့်ကို သတ်ခဲ့ပြီး..ဘယ်လိုမျိုး လွတ်မြောက်ခဲ့သလဲကို လုယန် အသေးစိတ် မေးမြန်းခဲ့လေ၏။
“ မူလနတ်ချီအဆောင်စာရွက်”
“ ဒီဟာမှန်ပါတယ်”
လျိုရှင်းက ခါးညွတ်ပြီး ရိုသေစွာ ရှင်းပြလာသည်။
“ဒီစာရွက်ကို ကျွန်တော်မျိုးကို.တာအိုရသေ့ ပေးခဲ့တာပါ။ ဒီအဆောင်စာရွက် ရှိနေသရွေ့ ဘယ်လိုတွက်ချက်မှုမျိုးကမဆို လွတ်မြောက်နိုင်ပါလိမ့်မယ်”
လုယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ထပ်မံ လှုပ်ရှားလိုက်သည်။ အထဲမှ အနက်ရောင်ဝတ် လူငယ်တစ်ယောက် အပြင်ထွက်လာ၏။ ထိုသူက လုယန်ကိုမြင်ချိန်မှာ အနည်းငယ် အံ့သြသွားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။.. ထို့နောက် ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်ဖြစ်နေသော လျိုရှင်းကို မြင်လိုက်ရပြီး အနည်းငယ်.တုန်ယင်သွားလေ၏။
“ဟားဟားဟား မင်းမှာလဲ ဒီလိုနေ့မျိုးရှိသေးတာပဲလား”
ချန်ရှီနန် အူလိုက်သည်းလိုက် ရယ်မောပြီးနောက် လျိုရှင်းဘက်ကို လှည့်လိုက်ကာ
“ မင်းကိုအစထဲက စောက်သုံးမကျမှန်းတော့ သိတယ်။ ဒါပေမဲ့ ဒီလောက်ဆိုးဝါးနေမယ် မထင်ထားဘူး ဟားဟားဟား”
“ မင်းလဲ အသန့်စင်ခံလိုက်ရတယ်တဲ့လားကွာ”
“ ဘယ်လိုတောင်မှ စွမ်းဆောင်လိုက်တာလဲ”
လျိုရှင်း, “....”
လျိုရှင်း ခေါင်းငိုက်စိုက်ကျသွားပြီး တုံ့ပြန်မလာတော့ပေ။ ထိုအခါမှ ချန်ရှီနန်က ကျေနပ်စွာ လုယန်ကို လှည့်ကြည့်လိုက်သည်။
“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”
ချန်ရှီနန် ရယ်မောနေရင်းမှ လေးစားစွာ အရိုအသေပေးလိုက်သည်။
“ ဂိုဏ်းတူညီလေး၊ ငါမင်းကို ပြန်လွှတ်ပေးဖို့မတောင်းဆိုဘူး။ မင်းက လျိုရှင်းကို သတ်လိုက်ထဲက ငါ့ရင်ထဲက အမုန်းတရားကို.တနည်းနည်းနဲ့ ဖြေလျော့ပေးလိုက်တာပဲ။ ငါမင်းကို လက်ဆောင်ပေးတဲ့အနေနဲ့ လျို့ဝှက်ရတနာတစ်ခု ပေးမယ်။ ဘယ်လိုလဲ”
“ ငါကလဲအခု ချီဝိညာဥ်တစ်သောင်းစာလိပ်ရဲ့ ဝိညာဥ် ဖြစ်နေပြီဆိုတော့ ငါမင်းကို ထိခိုက်အောင်လုပ်မှာကို စိတ်ပူစရာ.မလိုတော့ပါဘူး”
“ အဲ့ဒီလျို့ဝှက်ရတနာက တိမ်ပင်လယ်အနက်ပိုင်းထဲက ကာလာပတ်ကျွန်းလို့ခေါ်တဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်မှ အဲ့ဒီနေရာကိုသွားတာ အကောင်းဆုံးပဲ”
“ မလိုဘူး”
လုယန်က အဖက်မလုပ်စွာ ခေါင်းယမ်းလိုက်သည်။
“ ဂိုဏ်းတူအကိုချန်၊ ကျုပ်တို့အားလုံးက ဂိုဏ်းရဲ့တပည့်တွေပဲ၊ ဘာတွေလာဉာဏ်ဆင်နေတာတုန်း”
“.. မဟုတ်ဘူး။ ဂိုဏ်းတူညီလေး အထင်မှားနေပြီ”
ချန်ရှီနန်က ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောသည်။
“ ငါတို့တပည့်တွေက အချင်းချင်း ညီအကိုလို ဆက်ဆံရေးမရှိတာ မှန်ပေမဲ့ ကျေးဇူးကိုပြန်ဆပ်ကြပါတယ်။ ငါတို့က အကြင်နာမရှိတဲ့လူဆိုးတွေ မဟုတ်ပါဘူး”
“ သောက်စကားအလှတွေကို ကြားကောင်းအောင် လာမပြောနဲ့”
လုယန် ချက်ချင်း ဖြတ်ပြောလိုက်ပြီးနောက် မျက်နှာကိုမဲ့လိုက်ကာ ဆက်ပြောသည်။
“ ရှေးဦးသူတော်စင်ဂိုဏ်းမှာ ဘယ်နားက လူကောင်းတွေရှိလို့လဲ။ အသက်ရှင်နေတဲ့ကောင် တစ်ကောင်မှ ကောင်းတာမပါဘူး.. အကိုချန်၊ အင်အားတွေ ဖြုန်းမနေနဲ့။ မင်းရဲ့လျှို့ဝှက်ရတနာကို ကျုပ်သွားမယူဘူး”
ထိုစစ်မှန်တပည့်ဆိုသူကို လုယန် လုံးဝ မယုံကြည်ပါချေ။
တကယ်ပဲ လျှို့ဝှက်ရတနာတစ်ခု ရှိခဲ့ပါက၊ နှစ်ပေါင်းများစွာအရင်တည်းက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ယူထားသည့် လျိုရှင်းက ဘာလို့ သွားမယူရတာလဲ။
ချန်ရှီနန်၏ လှည့်ကွက်တွေမှအပ တစ်ခြားမဖြစ်နိုင်ပါချေ။
ချန်ရှီနန်မှာ နက်နဲသောနောက်ခံရှိပြီး မတူကောင်းမွန်သော နည်းလမ်းတွေကိုလည်း ပိုင်ဆိုင်ထားကာ လျိုရှင်းနှင့် လုံးဝမတူညီပါချေ။ ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်ဖြစ်လာလျှင်တောင်မှ ယုံကြည်ပေးလို့ မရပေ။
ချန်ရှီနန်၏ မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွားပြီး မေးခွန်းထုတ်လိုက်သည်။
“ဒါဆိုမင်းငါ့ကိုဘာလို့ ခေါ်ခဲ့တာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ”
“ စမ်းသပ်ချင်ရုံတင်”
လုယန်၏ လေသံက တည်ငြိမ်သည်။ သို့သော် ချက်ချင်းပဲ ချန်ရှီနန် အန္တရာယ်ကို အာရုံခံမိလိုက်ကာ အမြန်ပြောလိုက်တော့၏။
“နေအုံး၊နေအုံး.. အခြေခံတည်ထောင်ခြင်းနယ်ပယ် အခွင့်အရေးတစ်ခုကို ဘယ်ကရနိုင်မလဲ ငါသိတယ်”
ဝုန်း
နောက်တစ်စက္ကန့်မှာပဲ လုယန်က အခြေခံတည်ထောင်ခြင်းနယ်ပယ် အခွင့်အရေးကို ဂရုမစိုက်စွာ ချန်ရှီနန်၏ ဝိညာဥ်ကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်သည်။
“မလုပ်..”
“ ငါ့ရဲ့အရင်ဘဝက ရန်ကြွေးကို သားဖြစ်သူနဲ့ စတာပေါ့လေ။ နောက်ဘဝတွေကျမှ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်ရင် သူ့ကိုငါကိုယ်တိုင် သွားတွေ့မယ်”
လုယန်၏ မျက်နှာက တည်ငြိမ်နေသည်။
သက်တမ်းတစ်ရာစာအုပ်ကြောင့် သူ၏.တာအိုနှလုံးသားက တည်ငြိမ်လာကာ ဘယ်လောက်အင်အားကြီးသည့် ရန်သူကို ဖြစ်စေ၊ အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိလေသည်။
အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံမှုကတော့.. တိုက်တိုက်ဆိုင်ဆိုင် သူ တစ်ခု သိထားသည်ပဲ။
ချန်ရှီနန်၏ ဝိညာဥ်ပြိုကွဲသွားကာ.. အပိုင်းပိုင်း ပျောက်ကွယ်သွား၏။ လုယန် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို သိမ်းဆည်းပြီးနောက် ဖုန်ခါလိုက်ပြီး စိတ်ရှည်စွာ စောင့်စားနေလိုက်သည်။
ခဏအကြာ၌ ကောင်းကင်ပြုပြင်တောင်ထွတ် တစ်ခုလုံး အကြမ်းပတမ်း တုန်ယင်လာသည်။
တောင်ကြီးတစ်တောင် ပြုတ်ကျလာသလိုမျိုး ရင်းနီးသည့် ဖိအားကို.ခံစားလိုက်ရသည်နှင့် လုယန် ကြောက်ရွံ့နေသော မျက်နှာပေးကို အလျင်အမြန် ဖန်တီးလိုက်သည်။
အခြေခံတည်ထောင်ခြင်းနယ်ပယ် သခင်ကြီး၏ အကြည့် ကျရောက်နေခြင်းပေ။
ချန်ရှီနန်ကို သတ်လိုက်ခြင်းက ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကို သတိပေးသလိုဖြစ်သွားသည့်အတွက် ထိုသူက ကံတရားစစ်ဆေးမှု လုပ်လာခဲ့သည်။
ပုံမှန်အားဖြင့် သူ့ကို ရှာတွေ့သွားသင့်သည်။
လုယန် ဂူထဲမှာ စိတ်ရှည်စွာ နာရီဝက်လောက် စောင့်နေခဲ့သည်။ အဆုံးမှာ ဖိအားကြီးသာ ပျောက်ကွယ်သွားပြီး တောင်ထွတ်သခင် ရောက်မလာခဲ့ပေ။
“..တကယ် အလုပ်ဖြစ်တာပဲ”
“ သူ မစုံစမ်းနိုင်ခဲ့ဘူး”
လုယန် အပေါ်ယံမှာ ဘာခံစားချက်မှ ထုတ်မပြခဲ့သော်လည်း စိတ်ထဲမှာ အလွန်ပျော်ရွှင်နေသည်။ သူ၏ ဒီဘဝမှာ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို စိတ်ပူစရာမလိုဘဲ ကျင့်ကြံနိုင်တော့မည်။
ထို့နောက် လုယန် ဘဝကြီးကို အရင်အတိုင်းပဲ လုပ်ဆောင်ခဲ့သည်။
ယင်အရိုးစုအရောင်းအဝယ်လုပ်ပြီး အမှတ်ရှာပြီးသည်နှင့် ယွင်မြောင်ချင်းကို နတ်ဓားထိန်းချုပ်ခြင်းသိုင်းအတွက် အကာအကွယ်အဖြစ် ဝယ်ယူခဲ့သည်။ ထို့နောက် ဓားဆေးလုံးတွေ အများအပြားဝယ်ပြီး တံခါးပိတ်ကျင့်ကြံလိုက်သည်။
ဆယ်နှစ်ကြာပြီးနောက်..
မျက်စိတမှိတ်အတွင်းမှာ တပည့်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ပြီး.. ဂိုဏ်းကြီးကတော့ တည်ငြိမ်စွာ တိုးတက်နေသည်။
ယနေ့မှပဲ အနည်းငယ်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့တာပင်..
လုယန် ရှိနေသော ဂူထိပ်မှာ ဝဲဂယက်တစ်ခု ရုတ်ချည်းပေါ်ပေါက်လာသည်။ ထိုဝဲဂယက်မှတစ်ဆင့် ချီစွမ်းအင်များက ရေလှိုင်းများကဲ့သို့ ပတ်ဝန်းကျင် အဘက်ဘက်ကို သက်ရောက်သွားသည်။
“ ကောင်းကင်နဲ့မြေကြီးရဲ့ လှုပ်ရှားမှုလား”
“ ဘယ်သူ ချီသန့်စင်ခြင်းနှောင်းပိုင်းကို အဆင့်တက်သွားတာများလဲ”
ရှေးဦးသူတော်စင်ဂိုဏ်းအတွင်းမှာ ကျွမ်းကျင် ကျင့်ကြံသူအဖြစ် သတ်မှတ်ခြင်းခံရသော ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူများက လေးစားခံရသည်။
ထို့ကြောင့် ကောင်းကင်ပြုပြင်တောင်ထွတ်၏ တပည့်အများစုသည် ကောင်းကင်နှင့်မြေကြီး၏ တုံ့ပြန်မှုဖြစ်စဥ်ကို မြင်ချိန်မှာ အံ့သြမှုတစ်ချို့ဖြင့် စွမ်းအင်လားရာကို ကြည့်လိုက်ကြသည်။ တကယ်တော့ ထိုအကြည့်များအတွင်းမှာ မနာလိုမှုနဲ့ မုန်းတီးမှုတွေ ပါဝင်နေပြီး.. ဘာလို့ငါမဖြစ်ရတာလဲဟူသော မေးခွန်းထုတ်လိုမှုတောင် ရှိသည်။
လှိုဏ်ဂူအတွင်းမှာ လုယန် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် တိတ်ဆိတ်မှောင်မိုက်နေသော ဂူအတွင်းကို အဖြူရောင်မိုးကြိုးတစ်ချောင်း ဖြတ်စီးသွားလေ၏။
“ နယ်ပယ်ကြားက အတားအဆီးက တကယ်ကို အပြောခံရဖို့ ထိုက်တန်တာပဲ”
လုယန်၏ ကျင့်ကြံမှုက အရင်ဘဝအတိုင်းပင်။ ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်ခြောက်ကို သုံးနှစ်အတွင်း ရောက်လာခဲ့ပြီး နယ်ပယ်ကြားက အတားအဆီးကို ချိုးဖျက်ရန်အတွက် အချိန်ခုနှစ်နှစ် ပေးဆပ်ခဲ့ရသည်။
ဒါတောင်မှ သူက တစ်ခါအတွေ့အကြုံရှိဖူးလို့ပင်။ မဟုတ်ပါက ဆယ်နှစ်မက ကြာမြင့်အုံးမည် ဖြစ်သည်။ တစ်ချို့ကျင့်ကြံသူကြီးတွေ ဒီအဆင့်မှာ ပိတ်မိသွားပြီး တစ်ဘဝလုံး မတိုးတက်နိုင်တော့တာ ဘာကြောင့်မှန်း လုယန် နားလည်ပေးနိုင်ပါသည်။
အဆင့်တက်သွားသည့်တိုင် လုယန် အလျင်မလိုသေးဘဲ နောက်သုံးရက်ကြာသည်အထိ တရားထိုင်ကာ ပြောင်းလဲသွားသော ချီစွမ်းအင်၊ ခန္ဓာကိုယ်နှင့် အသိအာရုံကို လိုက်လျောညီထွေဖြစ်သည်အထိ စောင့်ပြီးမှ နောက်ဆုံး မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် သက်တမ်းတစ်ရာ စာအုပ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
(အမည်- လုယန်)
(သက်တမ်း- ၂၈ နှစ်)
(ကျင့်ကြံခြင်း- ချီသန့်စင်ခြင်းအဆင့်ခုနှစ် နှောင်းပိုင်းနယ်ပယ်၊ အဆင့်ကိုးအစီအမံဖန်တီးသူ)
( စွမ်းရည်- နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာ၊ လှည့်ကွက်စွမ်းရည်)
( ကျင့်စဥ်- နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း- အဆင့်ခုနှစ်)
(နတ်စွမ်းရည်- နတ်ဓားထိန်းချုပ်ခြင်းသိုင်း၊ အစီအမံကျွမ်းကျင်မှု၊ သတ်ဖြတ်ခြင်းကျိန်စာသိုင်း၊ ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်း၊ ချီပိတ်သိမ်းသိုင်း)
(ရတနာ- သွေးယန်ဓား၊ ချီဝိညာဥ်တစ်သောင်းစာလိပ်)
(သက်တမ်းတစ်ရာစာအုပ်- စာရွက်၉၅ ရွက်)
လုယန်သည် အရင်က ရောက်ခဲ့ဖူးသော ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို ရောက်လာသည်ဆိုပေမဲ့ လုံးဝ ကွဲပြားသွားသော.ချီစွမ်းအင်ကြောင့် အရင်ကထက် ဆယ်ဆလောက် ပိုသန်မာလာသည်။
အထူးသဖြင့် ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်းနှင့် သွေးလွှမ်းမိုးခြင်းအစီအမံကို ပိုင်ဆိုင်ပြီးနောက်မှာ ဖြစ်သည်။ တစ်ဖက်က ရန်သူကသာ အစီအမံကို သေချာနားလည်ထားပြီး ကောင်းကင်သွေးနတ်ဆိုးအလင်းကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိလျှင်.. မည်သူမဆို သေဆုံးသွားရလိမ့်မည်။
“ ဒါပေမဲ့ ဒီလောက်နဲ့ မရသေးဘူး”
ကောင်းကင်သွေးနတ်ဆိုးအလင်းက အင်အားကြီးတာမှန်သော်လည်း ထိုအရာက သာမာန်တပည့်များအတွက် ခွင့်ပြုပေးထားသော သိုင်းများထဲက တစ်ခုသာ ဖြစ်သည်။ စစ်မှန်တပည့်တွေ သင်ယူခွင့်ရသော သိုင်းကျင့်စဥ်တွေကကော ဘယ်လိုမျိုး ဖြစ်သွားမလဲ။
“ စစ်မှန်တပည့်.. ငါ့မှာ အခွင့်အရေးရှိမလားပဲ”
လုယန်၏ မျက်နှာမှာ မျှော်လင့်ချက်တွေ ဖြတ်ပြေးသွားသည်။ သူ၏ကံတရားကို ကာကွယ်ပေးထားသော အဆောင်စာရွက်နှင့်ဆိုလျှင် သူ့၏သရုပ်မှန်ကို ဘယ်သူမှ မှန်းဆနိုင်တော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူက အသင့်တော်ဆုံး အရွေးချယ်ခံ တစ်ယောက် ဖြစ်လာနိုင်သည်။
အနည်းဆုံးတော့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေက ချီသန့်စင်ခြင်း နှောင်းပိုင်း တပည့်တွေကို လက်အောက်ခံအဖြစ် လိုချင်ကြသည်။
ထို့အပြင် သူက လက်ရှိမှာ အရင်ဘဝတုန်းကလိုမျိုး သွေးအရိပ် မဖြစ်သွားသည့်အတွက် ကျင့်ကြံရေးလမ်းကြောင်းလဲ ပိတ်ဆို့ခံရခြင်း မရှိပေ။ ထို့ကြောင့် ဘယ်လိုပဲကြည့်ကြည့်၊ သူက အရည်အချင်းရှိသော လက်ပါးစေတစ်ယောက်နှင့် တူသည်ပင်။
ထို့ကြောင့် လုယန် ဆုံးဖြတ်ချက်ချလိုက်သည်။ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ယောက်ကသာ သူ့ကို လမ်းဖွင့်ပေးမည်ဆိုလျှင် ထိုသူက ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ဖြစ်နေလျှင်တောင်မှ ငြင်းဆိုမှာ မဟုတ်ပေ။ အရင်ဦးဆုံး အကျိုးအမြတ်ယူလိုက်ပြီး နောက်ဘဝကျမှ စာရင်းရှင်းလို့ ရသည်ပဲ။
…….
Ch 34
(အခြေခံတည်ထောင်ခြင်းအခွင့်အရေး)
လုယန်၏ အဆင့်တက်သည့်ဖြစ်စဥ်က ဂိုဏ်းအတွင်းမှာ အလိုအလျောက်ပျံ့နှံ့သွားကာ စိတ်ဝင်စားသူတစ်ချို့၏ နောက်ပိုင်းစုံစမ်းခြင်းကိုလည်း ခံခဲ့ရသည်။
လုယန် ခန့်မှန်းထားသည့်အတိုင်း အကုန်လုံးဆီမှ တူညီသော မှတ်ချက်ကို ရရှိခဲ့လေသည်..
နောက်ကြောင်းရှင်းသည်။
ဂိုဏ်းကို ဝင်ရောက်လာလာချင်းမှာ ဖျော်ဖြေရေးခန်းမကို ပို့ခံရသည်.. ထို့နောက် ယင်အရိုးစုကိစ္စမှာ ချမ်းသာသွားပြီး တံခါးပိတ်ကျင့်ကြံကာ အဆင့်တက်လာခဲ့လေ၏။
“ အရည်အချင်းရှိတဲ့ကောင်လေးပါလား”
ထိုအချိန်မှာပဲ နီစွေးနေသောနှုတ်ခမ်းပါးနှင့် ခပ်စူးစူး မျက်လုံးကို ပိုင်ဆိုင်ထားသော မိန်းမလှလေးက စားပွဲပေါ်က အချက်အလက်ကို ဖတ်ပြီးနောက်မှာ မနေနိုင်စွာ အံ့သြတကြီး မှတ်ချက်ပေးလာခဲ့သည်။
သူမကလည်း ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူဖြစ်သည်… သို့သော် သူမက အဆင့်ကိုးကို ရောက်နှင့် နေပြီဖြစ်သောကြောင့် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်ဖို့ရန် တစ်ဆင့်သာ လိုတော့သည်။
သူမနာမည်က ဖေးရှ ဖြစ်ပြီး ဂိုဏ်းမှာနာမည်ကြီးလေသည်။
သူမ၏ချောမောသော ရုပ်ရည်အပြင် ရှားပါး မန္တာန်စာရွက်ဖန်တီးသူတစ်ယောက်လည်း ဖြစ်သောကြောင့်ပင်။ သူမ၏ မန္တာန်စာရွက်ဖန်တီးသည့် အရည်အချင်းကို ဂိုဏ်းအကြီးအကဲတစ်ယောက်ကိုယ်တိုင် အသိအမှတ်ပြုထားတာဖြစ်၏။
“ အရည်အချင်းရှိရုံနဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်မလာနိုင်ဘူး”
သူမဘေးက ပိုးဝတ်စုံကိုဝတ်ထားပြီး အမွှေးယပ်တောင် တဖြတ်ဖြတ်ခတ်နေသော လူရွယ်တစ်ယောက်က ပြောလိုက်တာပင်။
“သူက ယင်အရိုးစုကိစ္စမှာ ချမ်းသာခဲ့ပေမဲ့ လူသိရှင်ကြားထုတ်မပြခဲ့ဘူး။ ဒီလူက သတိကြီးပြီး ဉာဏ်ကောင်းတယ်။ ဒီတော့ သူဒီလိုတိုးတက်လာတာ ပုံမှန်ပါပဲ”
ဖေးရှက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“သာမာန်တပည့်တွေအနေနဲ့ အများထဲက ထင်းထွက်နေဖို့ဆိုရင် အရည်အချင်း၊ သတိကြီးမှု၊ ဉာဏ်ပညာ၊သတ္တိ.. အားလုံးကို မဖြစ်မနေလိုအပ်တာပဲရှင်”
“ ဒါဆို ဒီကိစ္စ ပြီးသွားပြီလား”
ဖေးရှက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
“ ကျွန်မသူ့ကို အကြံပေးချင်တယ်။ ဒီလူက ဆယ်နှစ်အတွင်းမှာ ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာခဲ့တယ်။ ကျွန်မတို့ မြစ်သုံးသွယ် အဖွဲ့အစည်းမှာ ဒီလိုပါရမီရှင်တွေ လိုအပ်နေတာပဲ”
…
လှိုဏ်ဂူအတွင်းမှာ လုယန် ကြာပန်းပုံ တရားထိုင်နေခဲ့သည်။
သူ့အရှေ့မှာ စာလိပ်များစွာ ရှိနေပြီး.. ထိုအရာတွေက အဖွဲ့အသီးသီး၏ ကမ်းလှမ်းချက်များဖြစ်သည်။ သူသာ အဖွဲ့အစည်းအတွင်း ဝင်ရောက်လိုပါက အရင်ဦးဆုံး လက်ဆောင်တစ်ခု ပေးမည်ဖြစ်ပြီး၊ နှစ်ကိုယ်တွဲကျင့်ကြံရန် မီးဖို၊ သိုင်း၊ ရတနာတွေနှင့် ဆေးလုံးတွေကို အကန့်အသတ်မရှိ လိုသလောက် ရစေရမည်ဟု ပြောဆိုထားကြသည်။
“ ငါ့အရင်ဘဝတွေမှာ ဂရုမစိုက်ခဲ့မိတော့ ဂိုဏ်းထဲမှာ ဒီလောက်များတဲ့ အဖွဲ့ခွဲတွေ ရှိမှန်း မသိခဲ့ဘူး”
ရှေးဦးသူတော်စင်ဂိုဏ်းထဲမှာ လူတစ်ယောက်က ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို ရောက်လာသည်နှင့် ကိုယ်ပိုင်အဖွဲ့ ဖွဲ့ခွင့်ရှိလေသည်.. ဟိုအရင်ဘဝက လျိုရှင်း အဖွဲ့ဖွဲ့ခဲ့သည့်အတိုင်းပေါ့။
ဂိုဏ်းအတွင်းမှာ အဖွဲ့တွေမရှိမှသာ ဂိုဏ်းကြီးက ပိုပြီးခန့်မှန်းရခက်လာမှာ ဖြစ်သည်။ ရှေးဦးသူတော်စင်ဂိုဏ်းက အလွန်ကြီးမားသည့်အတွက် အတွေးတူသော လူတွေ အဖွဲ့ ဖွဲ့ကြခြင်းက သာမာန်ဆန်သော ကိစ္စတစ်ခုသာဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့်ပဲ အဖွဲ့တိုင်းကို ယုံကြည်၍ မရနေပါချေ။
ဗွက်ထသလို ပေါများနေသော အဖွဲ့တွေကြားထဲမှာ ဂိုဏ်း၏ အကြီးအကဲ.. သို့မဟုတ် စစ်မှန်တပည့်တွေ တည်ထောင်ထားသော အဖွဲ့တွေကသာ ကမ်းလှမ်းချက်ကို ဖတ်ကြည့်လိုက်သည်နှင့် စစ်မှန်သလို ခံစားရစေသည်။
“ ငါ့ကိုယ်ငါ အထင်သေးမိတာပဲ” လုယန် ခေါင်းယမ်းလိုက်သည်။ ထိုအဓိကအဖွဲ့ကြီးတွေ ကမ်းလှမ်းလာသော အချက်များက တကယ်ကောင်းမွန်ပြီး အနည်းဆုံး အကဲဖြတ်အမှတ် တစ်သောင်းလောက် တန်ကြေးရှိသည်။
သို့ပေမဲ့ သူက အမှတ်ပြတ်လတ်နေသူ တစ်ယောက်မှ မဟုတ်တာပဲ။
ယင်အရိုးစုရောင်းပြီးရလာသော အမှတ်များကို သူ အကုန်မသုံးရသေးပေ။
ထိုအရာတွေထက်စာလျှင် သူလိုချင်သည့်အရာက.. လုပ်ပိုင်ခွင့်အာဏာပဲ။ ပုံမှန်အားဖြင့် မရနိုင်သော အရာများကို ဝယ်ယူခွင့်ရှိမည့် အာဏာမျိုးပေါ့။
လုယန် အတွေးလွန်နေစဥ်မှာပဲ တံခါးပေါက်က အစီအမံက လှုပ်ရှားလာတာကို အာရုံခံမိလိုက်သည်။
လုယန် ခေါင်းမော့ကြည့်လိုက်ချိန်မှာ ပုံရိပ်ယောင် အစီအမံမှ ပြပေးနေသော အပြင်ဘက်တွင် ရပ်နေသည့် မျက်စိကျိန်းလောက်အောင် လှသော အလှလေးတစ်ယောက်ကို တွေ့လိုက်ရလေ၏။
သူမက ဖေးရှ ပင်။
“ မောင်လေးလုက အစီအမံကိုလည်း နားလည်တာလား”
ဖေးရှက သူမပတ်ဝန်းကျင်က အစီအမံအလင်းရောင်ကို ကြည့်နေရင်းမှ ပိုပြီးပျော်ရွှင်သွားသည်။
လုယန် လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်၏။
“ ဂိုဏ်းတူအမ ဘာလို့ရောက်လာလဲ မေးခွင့်ရှိမလားဗျ”
ဖေးရှက ရှက်ရွံ့သွားဟန်မရှိဘဲ ကျက်သရေရှိသော ဟန်ပန်ဖြင့် အရိုအသေပြန်ပေးလိုက်ပြီးမှ ဆက်ပြောသည်။
“ ကျွန်မက မြစ်သုံးသွယ် အဖွဲ့အစည်းရဲ့ လူသစ်ခေါ်ဖို့ တာဝန်ရှိတဲ့သူပါ။ ကျွန်မဒီကို မောင်လေးလုကို လာတွေ့တာ”
“ ဂိုဏ်းတူအမ အထဲဝင်ပါဗျ”
လုယန် သူမကို အထဲဖိတ်ခေါ်လိုက်ရင်း ချက်ချင်း သတိကပ်သွားသည်။
မြစ်သုံးသွယ်အဖွဲ့အစည်းဆိုတာ ကျောက်ရှဟယ်ရှိသော နေရာမလား။ သူတို့က သူ့ကိုဖိတ်ခေါ်ဖို့ ရောက်လာခဲ့သည်တဲ့လား။
မြစ်သုံးသွယ်အဖွဲ့အစည်းကို လုယန် အများကြီးမသိပါချေ။ သို့ပေမဲ့ ကျောက်ရှဟယ်က ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်းကို သိထားသည်။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ တပည့်ဖြစ်သော ကျောက်ရှဟယ်၏ မြစ်သုံးသွယ်အဖွဲ့အစည်းအတွင်းက ရာထူးက အလယ်ပိုင်းကနေ အောက်ပိုင်းအတွင်းသာ ရှိလေရာ.. ထိုဂိုဏ်း၏ မြင့်မားသော တန်ကြေးကို သိနိုင်ပါသည်။
“ ကျွန်တော်က ဗဟုသုတမရှိတော့ မြစ်သုံးသွယ်အဖွဲ့အစည်း အကြောင်း မသိပါဘူး.. “
လုယန်၏ အမေးကြောင့် ဖေးရှက အံ့သြမသွားဘဲ လှလှလေး ပြုံးပြကာ ရှင်းပြ၏။
“မြစ်သုံးသွယ်အဖွဲ့အစည်းကို စစ်မှန်တပည့်သုံးယောက် ပူးပေါင်းတည်ထောင်ထားတာပဲ”
“ သူတို့ထဲက အကြီးဆုံးအကိုကြီးက အခြေခံတည်ထောင်ခြင်းနယ်ပယ်ဖြစ်ပြီး တိမ်ပင်လယ်ရဲ့ ထိပ်ပိုင်းမှာနေထိုင်တယ်”
“ ဒုတိယအကိုနဲ့ တတိယအကိုက အခုထိ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးပေမဲ့ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် တပည့်တွေကြားထဲမှာ အဆင့်မြင့်ပြီး အချိန်မရွေးအဆင့်တက်နိုင်ကိန်း ရှိတယ်”
“ မောင်လေးလုကလည်း သာမာန်တပည့်ကနေ ဒီအနေအထားအထိ ကျင့်ကြံနိုင်တာဆိုတော့ အခက်အခဲတွေကို နားလည်မယ်ထင်တယ်။ တည်ထောင်သူ အကိုကြီးသုံးယောက်ကလည်း နောက်ခံမရှိဘဲ ဒီလိုမျိုး တစ်ဆင့်ချင်းကြိုးစားခဲ့ရသူတွေပဲ။ သူတို့တွေက အောင်မြင်လာပြီးနောက်မှာ သာမာန်တပည့်တွေကို ကူညီနိုင်အောင်လို့ဆိုပြီး ဒီမြစ်သုံးသွယ်အဖွဲ့အစည်းကို စတင် တည်ထောင်ခဲ့ကြတာ”
“ အော်.. ဒီလိုကိုး” လုယန် လေးစားစွာ ပြောလိုက်သည်။
“ ဂိုဏ်းတူအကိုကြီးသုံးယောက်မှာ ကံကောင်းမှုတွေ အများကြီးရှိနေမှာပဲနော်”
ဖွီ..
..ငါသာ မြစ်သုံးသွယ်အဖွဲ့ကနေ အကြွေးယူခဲ့မိပြီး လတိုင်း ၃၆ ရာခိုင်နှုန်း အကြွေးဆပ်ရကြောင်းကို မသိထားလို့ကတော့ မင်းရဲ့ လျှာရိုးမရှိတဲ့စကားတွေကို ယုံမိအုံးမယ်..
လုယန် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်သည်။ သူက အကျိုးမြင်မှ ညောင်းရေလောင်းတတ်သူ တစ်ဦးသာ ဖြစ်သောကြောင့် သက်သေမရှိသော ဖေးရှ၏ စကားတွေနှင့်တင် မြောပါသွားစရာ အကြောင်းမရှိပါချေ။ လုယန် ချက်ချင်းပြောလိုက်တော့၏။
“ ကျွန်တော့်ကို အခုလိုဖိတ်ခေါ်ပေးတာ တကယ်ဂုဏ်ယူရပါတယ်။ ဒါဆိုရင် ကျွန်တော် ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာ မေးခွင့်ရှိမလားဗျ”
“ မောင်လေးလု စိတ်အေးအေးထားလို့ ရပါတယ်”
ဖေးရှက ချက်ချင်းရှင်းပြသည်။
“ မောင်လေးလု အဖွဲ့အစည်းထဲဝင်မယ်ဆိုရင် ကျွန်မတို့ဘက်က စစ်မှန်တပည့်အဆင့် လျှို့ဝှက်သိုင်းတစ်ခု ပေးမယ်”
“ အဲ့ဒါအပြင် နှစ်စဥ်အမှတ်တစ်ချို့ ပေးအုံးမယ်၊ ပြီးတော့ မောင်လေးလုမှာသာ လုံလောက်တဲ့အမှတ်ရှိသရွေ့ စစ်မှန်တပည့်အာဏာကို အငှားသုံးပြီးတော့ အဖွဲ့အစည်းထဲက လိုချင်တဲ့ရတနာကို ဝယ်ယူလို့ရသလို အကိုကြီးသုံးယောက်ဆီကနေ ကျင့်ကြံမှုပိုင်း အကူအညီတောင်းခံလို့လဲရတယ်”
“ အဲ့အတွက်တော့ သေချာပေါက် လိုအပ်ချက်တွေ ရှိသေးပေမဲ့ပေါ့”
ဖေးရှက ကျောက်စိမ်းပြားတစ်ခု ထုတ်လိုက်ပြီး လုယန်အရှေ့မှာ ချလိုက်သည်။
“ အဖွဲ့ဝင်တိုင်းက လက်မှတ်ထိုးတဲ့အနေနဲ့ အသက်သွေးစက်တစ်စက် ချဖို့လိုတယ်”
“ ဒါကလွယ်ပါတယ်”
လုယန် ထိုစာချုပ်ဆိုသော ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ ထိုအရာက အဖွဲ့အစည်းအများစု အသုံးပြုကြတတ်သည့် နည်းလမ်းပင်။ တစ်ချို့သောသူတွေလို လွတ်လပ်မှု ဆုံးရှုံးရမည့်အဖြစ်အပျက်ကို တွေးပူရမည့် ဖြစ်စဥ်က လုယန်အတွက် မဟုတ်သည့်အတွက် သူပေါ့ပါးစွာ လက်မှတ်ထိုးလိုက်တော့သည်။
ဘယ်လိုနေနေ တစ်ဘဝပဲ ချည်နှောင်ခံရမည့်စာချုပ်က သူ့ကို ထိခိုက်စရာလား။
ထိုအစား လုယန်က ထိုချည်နှောင်မှုကို ပိုတောင်ခိုင်မာစေချင်သေးသည်။ သူတို့တွေသာ သူ့ကို အဖွဲ့ဝင်စစ်တစ်ယောက်လို ဆက်ဆံလေလေ၊ သူ ရရှိမည့်အကျိုးကျေးဇူးက ပိုကောင်းလေလေပင်။
လုယန်၏ ပြတ်သားသောလုပ်ရပ်ကြောင့် ဖေးရှ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ နောက်တစ်ခုအနေနဲ့ မောင်လေးလုရဲ့ ကျောက်စိမ်းပြားကိုထုတ်လိုက်ပါ။ ကျွန်မ ကန့်သတ်ချက် ထားထားပေးမယ်။ ဒါဆိုရင် အဖွဲ့အစည်းအတွင်းမှာ ကျောက်စိမ်းပြားကို ပြပြီး အသုံးပြုလို့ရသွားပြီ”
“ ဂိုဏ်းတူအမ ကျေးဇူးပါ”
လုယန် ကျောက်စိမ်းပြား ထုတ်ပေးလိုက်ချိန်မှာ ဖေးရှက လက်ကွက်ဖော်ပြီး မန္တာန်တစ်ခု အသက်သွင်းကာ ကျောက်စိမ်းပြားထဲ ပစ်သွင်းလိုက်သည်။ ကျောက်စိမ်းပြားထဲမှာ လုပ်ဆောင်ချက်တစ်ခု ထပ်တိုးလာသည်။
“ မန္တာန်ဖန်တီးခြင်းသိုင်း”
လုယန် မျက်လုံးတွေ တောက်ပသွားသည်။ သူက အခုဆိုလျှင် အဆင့်ကိုးအစီအမံဖန်တီးသူ တစ်ဦးဖြစ်နေပြီပင်။ မန္တာန်စာရွက်ကိုဖန်တီးခြင်းကို သူနားမလည်လျှင်တောင်မှ နားလည်အောင် လုပ်လို့ရသည်ပဲ။
သူ့အမြင်အရပြောရလျှင် မန္တာန်စာရွက်ပြုလုပ်ခြင်းက ရိုးရှင်းပါသည်။
ထို့အပြင် ထိုမန္တာန်စာရွက်ဖန်တီးခြင်းသိုင်းကြောင့် လုယန် ဖေးရှကို မှတ်မိသွားတော့သည်။
သူ နောက်ဆုံးဘဝတုန်းက ကြားသိခဲ့ရသလောက် ဖေးရှက ကျောက်ရှဟယ်၏ တာအိုလက်တွဲဖော်ဖြစ်ပြီး စစ်မှန်ဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းကြားက တိုက်ပွဲမှာ အတူလက်တွဲပြီးလှပစွာ တိုက်ခိုက်ခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်မှာ ရှိနေခဲ့ပြီး မကြာခင် အဆင့်တက်တော့မည့်သူများပင်။ သို့သော် နောက်ဆုံးမှာ အဆင့်တက်ခြင်းကျရှုံးပြီး နှစ်ယောက်လုံး သေဆုံးသွားခဲ့သည်။
လုယန်၏ မျက်လုံးတွေ ချက်ချင်းတောက်ပ သွားတော့သည်။
သူတို့နှစ်ယောက် သေဆုံးသွားခြင်းက အဓိက အချက် မဟုတ်ပါချေ။ အဓိကအချက်က သူတို့နှစ်ယောက်က အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ ကြိုးပမ်းနိုင်သည်အထိ အခွင့်အရေးရခဲ့သည်ဆိုတာပဲ.. ထို့ကြောင့် သူတို့နှစ်ယောက်၏ ဇာတ်လမ်းနောက်ကွယ်မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ ကြိုးစားနိုင်ရန် အခွင့်အရေးတစ်ခုရှိရပေမည်။
…..