← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

Ch 35

( အကိုကျောက်နဲ့ကျွန်တော်က ရေစက်ပါတဲ့သူတွေပဲ)

လုယန် အနှစ်နှစ်ဆယ် နေထိုင်ခဲ့သည့်ဘဝတွင် ရှေးဦးသူတော်စင်ဂိုဏ်းက စစ်မှန်ဂိုဏ်းတစ်ခုကို စစ်ပွဲဆင်ပြီး ဖျက်ဆီးခဲ့သည်.. ဖျက်ဆီးခံလိုက်ရသော ဂိုဏ်းနာမည်က ရှန်းဝူ ဂိုဏ်း ဖြစ်၏။

ထိုဘဝမှာ ကျောက်ရှဟယ်က ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ကာ.. ဖေးရှနှင့်လက်တွဲပြီး ဂိုဏ်း၏ ပြင်ပဈေးကွက်မှာ အရေးပါသူတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုဈေးက ရှန်းဝူဂိုဏ်းနှင့် ထိစပ်နေသော အရိုးတောင်မှာ တည်ရှိသည်။

ထိုစဥ်က စစ်ပွဲမတိုင်ခင်ကာလဖြစ်၍ ရှေးဦးသူတော်စင်ဂိုဏ်းက အရိုးတောင်ဈေးကို အလုပ်လုပ်ဖို့ရန် တပည့်တွေ စေလွှတ်သလိုမျိုးဟန်ဆောင်ပြီး တပည့်တွေဆက်တိုက် စေလွှတ်ခဲ့တာဖြစ်သည်။ ထိုအချိန်မှာပဲ ကျောက်ရှဟယ်နှင့် ဖေးရှက အခြေခံတည်ထောင်ခြင်းရတနာကို ရှာတွေ့ခဲ့တာပင်။

ထို့နောက် စစ်ပွဲစတင်ပြီး သူတို့နှစ်ယောက်က လက်တွဲတိုက်ခိုက်ရင်း အောင်မြင်မှုတွေအများကြီး ရရှိခဲ့သည်။ စစ်ပွဲပြီး၍ ဆုလာဘ်ချီးမြှင့်ချိန်မှာ သူတို့က နောက်ထပ် အခြေခံတည်ထောင်ခြင်းရတနာတစ်ခုကို တောင်းဆိုခဲ့သည်။ ထိုရတနာနှစ်ခုကို ပေါင်းစပ်သန့်စင်လိုက်ပြီး အခြေခံတည်ထောင်ခြင်းဆေးလုံးတစ်လုံး ပြုလုပ်ကာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားခြင်းဖြစ်သည်။

သူတို့တွေ ကျရှုံးခဲ့ပေမဲ့ သူတို့ရရှိခဲ့သည့် အခွင့်အရေးက စစ်မှန်လေ၏။

“ ကျောက်ရှဟယ်နဲ့ငါ နှစ်ယောက်လုံးက နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို ကျင့်ကြံခဲ့တာပဲ။ သူတောင် အခွင့်အရေးရှိရင် ငါလဲရမလားပဲ စမ်းကြည့်ရမယ်”

ထိုသို့ဖြင့် ရက်တစ်ချို့ကုန်ဆုံးသွားပြီး လုယန်က သူ့ဂူထဲမှာပင် ကျင့်ကြံနေသည်။

လုယန် မျက်စိဖွင့်လိုက်ချိန်မှာ ဂူအပေါက်ဝကို ရောက်နေသော လူမျက်နှာဇီးကွက်ထံမှ ရှင်းလင်းပြီး နားဝင်ချိုသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ မောင်လေးလု၊ အမရဲ့ဂူကို လာခဲ့ပေးလို့ ရမလား”

ဖေးရှအသံ​ကြောင့် လုယန်၏ မျက်လုံးတွေ လှုပ်ရှားသွားသည်။ လုယန် ဓားအလင်းဖြင့် ဖေးရှ၏ဂူကို ပျံသန်းသွားလိုက်သည်။ ထိုမှတစ်ဆင့် ညွှန်ပြမှုဖြင့် တောတောင်တွေ ဝန်းရံထားသော လက်ဖက်ရည်ဥယျာဥ်တစ်ခုအတွင်း ရောက်လာ၏။

ဖေးရှက အထဲမှာ အခါးရည်လုပ်နေသည်။ သူမ၏ နူးညံ့သောလက်ချောင်းများဖြင့် စိတ်ဝိညာဥ်စမ်းရေကို လောင်းထည့်ပြီးနောက်မှာ စစ်မှန်မီးတောက်ကို သုံးကာ သူမက အခါးရည်ကို အနွေးဓာတ်ပေးလိုက်သည်။ သူမ၏ လှုပ်ရှားမှုက မျက်စိပသာဒဖြစ်လှသည်။

လုယန် အထဲရောက်သည်နှင့် လွှမ်းခြုံခံလိုက်ရသော မွှေးပျံ့သည့် အခါးရည်အနံ့မှာ စိတ်ကြည်လင်သွားပြီး တက်ကြွသွားလေသည်။

“ မောင်လေးလု ထိုင်ပါအုံး”

ဖေးရှက မော့ကြည့်လာခဲ့ပြီး လုယန် ထိုင်လိုက်သည်နှင့် သူမက လိုရင်းကို တိုက်ရိုက်ပဲ ပြောလိုက်သည်။

“ မောင်လေးလုကို ခေါ်လိုက်ရတာက အဖွဲ့အစည်းဘက်က အကြောင်းပြန်စာ ရောက်လာပြီမလို့ပဲ”

“ ဟုတ်လား” လုယန် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားလေကာ

“ ကျွန်တော့်အတွက် သိုင်းတွေ ရောက်လာပြီလား”

“ဒါပေါ့” ဖေးရှက ခပ်ဖွဖွပြုံးသည်။

“ ဒုတိယအကိုက စာရင်းပို့ပေးလာတယ်.. မောင်လေးလု ကြိုက်တဲ့တစ်ခု ရွေးလို့ရပြီ”

“ ကျေးဇူးပါ ဂိုဏ်းတူအမ”

လုယန် အရိုအသေပေးလိုက်ပြီး ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူ ဖွင့်လိုက်သည်နှင့် သိပ်သည်းသော အစီအမံကြောင့် မျက်စိပင်ကျိန်းသွား၏။ အသေးစိတ် ဖတ်ရှုပြီးနောက် လုယန် စိတ်ထဲမှာ ဆဲရေးချင်သွားသည်။

ဒီထဲက သိုင်းအများစုကို သူ ကောင်းကင်ပြုပြင် တောင်ထွတ်၏ စာကြည့်ဆောင်မှာ မြင်ဖူးပြီးသားပင်။ သို့သော် စာကြည့်ဆောင်အတွင်းက သိုင်းတွေက မပြီးပြည့်စုံသေးဘဲ လက်ရှိသိုင်းများနှင့် စွမ်းအင်အရ မိုးနှင့်မြေလို ကွာခြားသည်။ ရှေးဦးသူတော်စင်ဂိုဏ်း၏ အရင်းအမြစ်တွေ အပေါ် ထိန်းချုပ်နိုင်စွမ်းကို အပြည့်အဝ ပြသလိုက်ချင်းပါပေ။

လွန်လွန်းလှပါသည်။

သူသာ မြစ်သုံးသွယ်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး စစ်မှန်တပည့်တစ်ယောက်၏.ထောက်ခံမှု မရှိလာပါက၊ ဤသိုင်းများကို သူ့တစ်ဘဝလုံး တွေ့ခွင့်ရမှာတောင် မဟုတ်ချေ။

ခဏအကြာမှာ လုယန် မျက်လုံးတွေ တောက်ပသွားသည်။

ရင်းနီးလွန်းသော စာတန်းလေးကို မြင်လိုက်ရ၍ပင်.. ထိုအရာက ကောင်းကင်သွေးနတ်ဆိုးအလင်း၏ ပြီးပြည့်စုံသော သိုင်းဖြစ်လေသည်။

“ စစ်မှန်သောနည်းလမ်းကနေ ရရှိသော ထိုက်ယင် အလောင်းအသွင်ပြောင်းခြင်း..”

“ ထိုက်ယင်က ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် သွေးကြောမှတ်ကိုးခုကို ဖိနှိပ်သည့်အတွက် သူ့အ​ခြေခံက တည်တံ့ပြီး.. တိမ်စိုင်တွေလို ရှုတ်ထွေးသည်။ ထိုက်ကျီနန်းတော်အထိ တိုးတက်ပြီး အမတသခင်ကြီးတစ်ယောက် အဖြစ် အာဏာကိုရရှိမည်”

“ဒါကမှ နတ်စွမ်းအားအစစ်ပဲ”

ကောင်းကင်သွေးနတ်ဆိုးအလင်းက ပထမအဆင့်သာဖြစ်သည်။ အပြည့်အဝ သန့်စင်နိုင်ခဲ့လျှင် ဒြပ်စင်ငါးမျိုးကို ခံနိုင်ရည်ရှိသွားပြီး ဘယ်လိုလက်နက်ကမှ တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။ အဆုံးမှာ အလောင်းအသွင်ပြောင်းခြင်းအမတ သိုင်း ဟူသော အမည်ကိုပါ ဆက်ခံရရှိခဲ့သည်။

“ ဒါပေါ့လေ”

လုယန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို ကူးယူလိုက်ကာ ဖေးရှကိုပါ တည်ငြိမ်စွာ အရိုအသေပေးလိုက်သည်။

“ အခု ကျွန်တော့်ကိစ္စ ပြီးသွားပြီဆိုတော့ ဂိုဏ်းတူအမ ညွှန်ကြားချင်တာများ ရှိပါသေးသလား”

“ အမှန်ပြောရရင်တော့..” သူမက တစ်ချက်ရယ်မောလိုက်ပြီးမှ ဆက်ပြောသည်။

“ကျွန်မ မကြာခင်မှာ အရိုးဈေးကွက်ကို ကူးပြောင်းရဖို့ရှိတယ်။ ဒါပေမဲ့ ယုံကြည်လောက်စရာ မိတ်ဆွေက မရှိနေတော့..”

..နောက်ဆုံးတော့လာပြီပဲ..

ဖေးရှ၏ ဖိတ်ကြားချက်ကို လုယန်မအံ့သြပါချေ။ အယူရှိလျှင် အပေးရှိရတော့မှာပေါ့.. မြစ်သုံးသွယ်အဖွဲ့က သူ့ကို အများကြီးပေးထားတာ၊ သေချာပေါက် ဘယ်အလကား ဖြစ်ပါမည်နည်း။

“ ဂိုဏ်းတူအမ စိတ်မရှိရင် ကျွန်တော် လိုက်ခဲ့ချင်ပါတယ်”

လုယန် အချိန်မဆွဲဘဲ သဘောတူလိုက်သည်။

ထိုကိစ္စက အခြေခံတည်ထောင်ခြင်း အခွင့်အရေးနှင့် သက်ဆိုင်နေသည်ပဲ။ ဖေးရှ ဖိတ်ခေါ်မလာလျှင်တောင်မှ လုယန်က သူကိုယ်တိုင် တာဝါတိုင်အဆောက်အဦးမှာ အရိုးဈေးကွက်ကို သွားဖို့ တာဝန်ကို လက်ခံဖို့ တွေးထားခဲ့သည်။

လုယန်၏ တည့်တိုးဆန်မှုကြောင့် ဖေးရှ ပိုမို ကျေနပ်သွားတော့သည်။

“ ကျွန်မထင်တဲ့အတိုင်းကို မောင်လေးလုက ပြတ်သားခိုင်မာတဲ့ တာအိုနှလုံးသားရှိတဲ့သူ ပါလား။ ကျွန်မတို့လို သာမာန်တပည့်တွေက ဂိုဏ်းထဲမှာနေဖို့ ရွေးချယ်နေရင် တိုးတက်ဖို့ လွယ်မှာမဟုတ်ဘူး။ အပြင်ဘက်မှာစွန့်စားပြီး အခွင့်အလမ်းရှာဖွေမှပဲ မျှော်လင့်ချက်ရှိနိုင်တယ်”

“ သေရေးရှင်ရေးအခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်မှပဲ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ အခွင့်အရေးရလာမှာ”

အနည်းငယ် စကားပြောပြီးနောက်မှာ သူ့ကို စိတ်ကောင်းရှိသူ တစ်ဦးလိုမျိုး စဥ်းစားသည့်အတွက် ပိုမိုဖော်ရွေလာခဲ့သော ဖေးရှ၏ အကြည့်ကို လုယန် သတိထားမိလိုက်သည်။

တကယ်တော့ သူက စိတ်ဓာတ်ပြတ်သားသူ မဟုတ်ပါချေ။ သေရေးရှင်ရေးအခြေအ​နေကို အခုလိုမျိုး မကြောက်မရွံ့ဆုံးဖြတ်ချက် ချနိုင်ခြင်းက သက်တမ်းတစ်ရာစာအုပ် ရှိနေလို့ပဲ။ ထိုစာအုပ်ရှိနေသရွေ့ သူ သေဆုံးလျှင်တောင်မှ ပြန်လည်စတင်နိုင်မည်။

ဆယ်ရက်ကြာပြီးနောက်မှာ အရိုးဈေးကွက်ကို သွားမည့် လေသင်္ဘောပေါ်ကို စိတ်ဝိညာဥ်အလင်းတန်းဖြင့် လုယန် ဆင်းသက်လိုက်သည်။ ဖေးရှကို နှုတ်ဆက်ပြီးသည်နှင့် လူအုပ်ကြားထဲ ဝင်နေလိုက်တော့သည်။

ဒီခရီးစဥ်မှာ သူထင်ပေါ်စွာနေထိုင်ဖို့ ရည်ရွယ်ချက်မရှိပါချေ။

ထိုအစား လူအုပ်ထဲက သာမာန်လူတစ်ယောက်ဖြစ်ပြီး အချိန်မရွေး ထွက်ခွာနိုင်တာ​ကိုသာ ပိုသဘောကျသည်။

မကြာခင်မှာပဲ တစ်ခြားကျင့်ကြံသူတွေလည်း အသီးသီးရောက်လာသည်။

ဖေးရှ ဘေးမှာ နောက်ထပ် ချီသန့်စင်ခြင်းနယ်ပယ်အဆင့်ခုနှစ် ခရီးစဥ် ခေါင်းဆောင်နှစ်ယောက်လည်း ရှိပြီး ထိုထဲက တစ်ယောက်ကတော့ မျက်နှာစိမ်းမဟုတ်သော လုယွမ်ချန်း ပင်။

“ မကြာခင်မှာ အဲ့ကောင်ငါနဲ့တွေ့အုံးမှာပါ”

လုယန်၏ မျက်လုံးထဲက အအေးဓာတ်က လျှင်မြန်စွာပျောက်ကွယ်သွားသည်။ သူ လှည့်ပတ်ရှာဖွေနေလိုက်သည်.. လုယွမ်ချန်းတောင် ရောက်လာခဲ့သည့်အတွက် ကျောက်ရှဟယ်ကိုပါ ရှာနေတာပင်။

ဤခရီးစဥ်၏ အခြေခံတည်ထောင်ခြင်းအခွင့်အလမ်းက ကျောက်ရှဟယ်နှင့်ပဲ အဓိက သက်ဆိုင်နေလောက်သည်။

မကြာခင်မှာပဲ လေသင်္ဘော၏ ထောင့်စွန်းမှာ စိတ်ဝိညာဥ်အရက်သောက်နေသော ကျောက်ရှဟယ်ကို လုယန် သတိထားမိလိုက်သည်။

သို့ပေမဲ့ လက်ရှိ ကျောက်ရှဟယ်၏ ပုံစံက အရင်ကလောက် သားသားနားနား မရှိတော့ပေ။ ဤသည်မှာ နားလည်၍ ရနိုင်ပါသည်။ သူ၏ကံတရားကို လုယန်က လုယူလိုက်သည့်အပြင်.. ယင်အရိုးစုကြောင့် မွဲတေသွားသေးသည်။ ချန်ချင်းလည်း ထိုသူ့ကို ထားသွားလောက်ပြီပင်။ အမှတ်လည်းမရှိ.. ကံတရားလဲမရှိတော့​သော မျက်နှာမွဲကောင်က အဘယ်မှာ မောက်မာနိုင်တော့မည်နည်း။

ထိုသူ ကောင်းကင်ပြုပြင်တောင်ထွတ်ကနေ အခုထိ ခုန်မချသေးတာကိုပင် လုယန် အတော်လေး လေးစားပေးလို့ ရနေပြီ။

“ ဂိုဏ်းတူအကိုကျောက်.. အကိုကျောက်မလား”

လုယန် အလွန်အံ့သြသော မျက်နှာပေးဖြင့် တက်ကြွစွာ အရှေ့တိုးလိုက်သည်။

“ အကိုကျောက်ကို ​ဒီမှာတွေ့မယ်လို့ မထင်ထားဘူး။ ကျွန်တော်တို့က တကယ် ရေစက်ပါတာပဲနော်”

“အာ.. မင်းကဘယ်သူ..”

ကျောက်ရှဟယ် အချိန်တစ်ချို့ကြာသည်အထိ စဥ်းစားလိုက်ရပြီး နောက်ဆုံးမှ အမှတ်ရသွားလေကာ အံ့သြတကြီးမေးလိုက်သည်။

“ ညီလေးလု.. မင်းက ချီသန့်စင်ခြင်းအလယ်နယ်ပယ်မှာလား”

လုယန်၏ ချီပိတ်သိမ်းသိုင်းကြောင့် ကျောက်ရှဟယ်​က လုယန်ကို ချီသန့်စင်ခြင်းအလယ်နယ်ပယ်ဟုသာ ထင်နေခဲ့သည်။ သို့တိုင်အောင် ထိုမျှအနေအထားက သူ့ကိုအံ့သြစေဖို့ လုံလောက်ပါသည်။ လွန်ခဲ့သည့်ဆယ်နှစ်ကမှ လုယန်က သူ့မျက်စိရှေ့က ဖြုတ်တစ်ကောင်လို သေးငယ်သော တည်ရှိမှု ဖြစ်ခဲ့တာ မဟုတ်ပါလော။

ကျောက်ရှဟယ် ပိုလို့တောင် စိတ်ဓာတ်ကျသွားသည်။

“ ဟင်း.. မင်းကငါ့ကို လာပြောင်နေတာလား။ သွားစမ်း”

“ အကိုကျောက် ဘာလို့ဒီလိုမျိုးကြီး ပြောရတာလဲ” လုယန် ရှုတ်ထွေးသောဟန်ပန်ဖြင့် ဆက်ပြောသည်။

“ အဲ့ဒီတုန်းက အကိုကျောက်ရဲ့ အကူအညီကို ကျွန်တော်အမြဲတမ်း မှတ်မိနေခဲ့တာပါ။ ဘယ်လိုလုပ် အကိုကျောက်ကို လှောင်ပြောင်ရမှာလဲဗျာ”

အကူအညီ.. ဘာအကူအညီလဲ။

ကျောက်ရှဟယ် ထပ်မံ ကြောင်အမ်းသွားပြန်သည်။ ထို့နောက်မှ လုယန်ကို တစ်ခါက အမှတ်တွေချေးပေးခဲ့ကြောင်း သတိရသွားသည်။

သို့သော် ထိုအရာကို အကူအညီလို့ သတ်မှတ်၍ရပါသည်လား.. လောကမှာ သည်လို အရူးမျိုးရှိသေးသည်လား။

ကျောက်ရှဟယ် ဆဲလွှတ်တော့မည့်အချိန်မှာပဲ..

“ အကိုကျောက်ရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်ခြောက်မှာ ပိတ်မိနေတာ တွေ့တယ်။ အကိုကျောက်စိတ်မရှိရင် ကျွန်တော် ကျင့်ကြံမှုတိုးစေတဲ့ ဆေးလုံးလေး ပေးလို့ရမလား”

“ ဒါက မသင့်တော်ဘူးထင်တယ်”

လုယန် အတင်းထိုးပေးနေသော ဆေးလုံးကို ကျောက်ရှဟယ် ထုံထိုင်းစွာ လက်ခံလိုက်သည်။ လုယန်ကို ကြည့်နေရင်းမှ သူ့နှလုံးသားထဲကို ရင်းနီးသည့်ခံစားချက်များ ဝင်ရောက်လာလို့ပင်။

မသိလျှင် သူတို့နှစ်ဦးက အတိတ်ဘဝမှာ ပတ်သတ်ခဲ့ဖူးသလို ခံစားရသည်.. ​ကြည့်ရတာ သူတို့က တကယ်ပဲ ရေစက်ပါကြတာများလား။

……

Ch 36

( အရိုးဈေးကွက်)

ဘဝပေါင်းများစွာ ရင်းနီးခဲ့သော အတွေ့အကြုံအရ လုယန်သည် ကျောက်ရှဟယ်ကို အပီကပ်နိုင်ခဲ့သည်။ ကျောက်ရှဟယ်ကလည်း ပထမဆုံးအကြိမ်အဖြစ် အပြင်လူတစ်ယောက်ကို လေးစားဖူးသွားသည်။

သူ အခုလိုမျိုး အလေးမပေးခံရတာ ကြာပြီပင်။

ယင်အရိုးစုကိစ္စမှာ အမှတ်တွေဆုံးရှုံး၍ ပြီးပြီးချင်းမှာပဲ ပန်းလုံကျွန်းက ပျောက်ကွယ်သွားသည်။ ကောင်းကင်ပြုပြင်တောင်ထွတ်၏ သခင်ဖြစ်သော သူ့ဆရာကတောင်မှ ကံတရားကို မတွက်ချက်နိုင်တော့ဘဲ သူ့ဘဝက လွန်စွာ ခက်ခဲခဲ့လေ၏။

ပထမဦးဆုံးအနေနဲ့ ဆရာဖြစ်သူက ကျောက်ရှဟယ်ကို စတင်ပြီး အားမရလိုအားမရ ဖြစ်လာသည်။ ထိုသို့ဖြင့် သူ၏ ကျင့်ကြံမှုကလည်း.တက်လမ်းမရှိ ပိတ်ဆို့သွားသည်။ ဆယ်နှစ်ကျော်ကြာလာခဲ့သည့် တိုင်အောင် ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကနေ အဆင့်မတက်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာ ဆရာက သူနှင့် ဂိုဏ်းတူညီမလေး၏ စေ့စပ်ပွဲကိုပါ ဖျက်သိမ်းလိုက်တော့သည်။

ခန့်မှန်းလို့မရသော လောကကြီးထဲက လူသားတွေ၏ အေးစ​က်မှုနှင့် နွေးထွေးမှု ပုံရိပ်များစွာကို ကျောက်ရှဟယ် ဆယ်နှစ်တာအတွင်း ကောင်းကောင်းကြီး မြင်ဖူးခဲ့လေပြီ။

ထို့ကြောင့် လုယန်တစ်ယောက် ယင်အရိုးစုဈေးကွက်မှ အချိန်မှီထွက်နိုင်ပြီး အမှတ်တွေအများကြီး ရှာနိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ သူ့မျက်လုံးက မနာလိုမှုကြောင့် နီရဲလာတော့သည်။

“ ညီလေးလုရဲ့ တာအိုနှလုံးသားက တည်ငြိမ်လို​က်တာ.. ချမ်းသာမှုမှာလည်း မတုန်လှုပ်သွားဘူး။ ညီလေးလုရဲ့အနာဂတ်က မှန်းဆလို့မရနိုင်အောင် တောက်ပနေမှာပဲ။ ကျွတ်.. ငါ့တုန်းက အဲ့လိုမျိုးမလုပ်နိုင်ခဲ့တာ စိတ်နာလိုက်တာ”

“ အကိုကျောက် အဲ့လိုမပြောပါနဲ့”

လုယန်က နူးညံ့သောလေသံ​ဖြင့် နှစ်သိမ့်လိုက်သည်။

“ ကံတရားဆိုတာ တစ်ရက်တစ်ညထဲနဲ့ အဆုံးအဖြတ်ပေးလို့ ရတာမှမဟုတ်တာ၊ အကိုကျောက်သာ တာအိုလမ်းကြောင်းပေါ်မှာ ရှိနေသရွေ့ ခဏတာအခက်အခဲတွေကို ဘာလို့အရေးစိုက်နေရမှာလဲ”

“ မင်းပြောတာမှန်တယ်”

ကျောက်ရှဟယ် အနည်းငယ် တက်ကြွသွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်ခုခု ပြောချင်ဟန်ဖြင့် လုယန်ကို လှည့်ကြည့်လာသည်.. သို့သော် ပါးစပ်ကြီး ဟစိဟစိဖြင့် ဘာစကားမှ ထွက်မလာခဲ့ပေ။

လုယန် ချက်ချင်းပဲ မှန်းဆနိုင်သွားသည်။

..သူပိုက်ဆံချေးချင်နေတာပဲ..

လုယန် အနည်းငယ် ပြုံးလိုက်တော့၏။ ကျောက်ရှဟယ်ကတောင် ထုတ်မပြောမှတော့ သူက အရမ်းတွေရက်ရောပြီး မေးလိုက်စရာလား။ လူသားတွေက အလွယ်ရသောအရာကို တန်ဖိုးမထားတတ်ကြဘူး။

ထိုအချိန်မှာပဲ လေသင်္ဘောပေါ်မှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

“ အရိုးတောင်ကိုရောက်ပြီ”

မြောက်ပိုင်းနယ်စပ်၊ အရိုးတောင်..

မိုင်ပေါင်းများစွာ ဆန့်တန်းတည်ရှိနေသော တောင်ကြီးတစ်ခုဖြစ်ပြီး အဝေးမှမျှော်ကြည့်လိုက်လျှင် လှိုင်းလုံးတွေလိုမျိုး နိမ့်လိုက်မြင့်လိုက်ဖြင့် အတန်းလိုက် တည်ရှိနေသော တောင်ထွတ်များကို မြင်နိုင်သည်။ တောင်တန်းတစ်ခုလုံး၌ စိတ်ဝိညာဥ်စွမ်းအားများ ပြည့်လျှံနေ၏။

ရှေးဦးသူတော်စင်ဂိုဏ်းက အရိုးဈေးကွက်ကို အခုလို ဝေးလံခေါင်ခိုက်သည့်နေရာမှာ တည်ထောင်ထားခြင်းက ရည်ရွယ်ချက်ရှိသည်။ ဂိုဏ်းတည်ရှိရာ တိမ်ပင်လယ်နှင့် ဝေးကွာသော်လည်း အလွတ်တမ်းကျင့်ကြံသူတွေအတွက် အရိုးဈေးကွက်က ရတနာတစ်ခုပင်။ အရိုးတောင်တန်း၏ အလယ်တည့်တည့်မှာ အဖြူရောင်အရိုးဂူတစ်ခုရှိပြီး ထိုနေရာမှာ ဈေးရှိသည်။

“ ဒီနေရာက ယင်စွမ်းအင်တွေ ပြည့်နေတာပဲ”

လေသင်္ဘောအပေါ်ကနေ လုယန် အောက်ကို ငုံ့ကြည့်ပြီးနောက် အနည်းငယ် အံ့သြဟန်ဖြင့် ပြောလိုက်သည်။

“ ဒီနေရာမှာ မြုပ်နှံခံရတဲ့ ဘယ်ကျင့်ကြံသူမဆို ဆယ်နှစ်အတွင်းမှာ ဖုတ်ကောင်အသွင် ပြောင်းသွားလိမ့်မယ်”

“ မောင်လေးလုက အမြင်ကောင်းတာပဲ”

အလင်းတန်းတစ်ချက်နှင့်အတူ ဖေးရှက အနားကို ရောက်လာခဲ့ကာ.. သူမ၏ ဝတ်ရုံစက လေထဲမှာ အနည်းငယ် လှုပ်ရှားနေသည်။

“ ဒါကြောင့်ပဲ ဂိုဏ်းက ကျွန်မတို့ကို ဒီနေရာကို စောင့်ကြပ်ဖို့ ပို့လိုက်တာပေါ့”

“ မောင်လေးလု ခန့်မှန်းတဲ့အတိုင်းပဲ ဒီနေရာရဲ့ ထူးကဲယင်စွမ်းအင် သိပ်သည်းမှုကြောင့် နှစ်သုံးဆယ်ကြာတိုင်းမှာ ဖုတ်ကောင်အုတ်လိုက်ကြီးတွေ ပေါ်လာတတ်တယ်။ အဲ့ကောင်တွေက ဉာဏ်ရည်မရှိကြသလို.. ဘယ်လိုတိုက်ခိုက်ရမှန်းတောင် မသိဘူး။ ဒါပေမဲ့ အဲ့ကောင်တွေက အရမ်းကောင်းတဲ့ လက်နက်သန့်စင်အကူပစ္စည်းတွေပဲ။ ဒါကြောင့်ပဲ သူတို့တွေရဲ့တည်ရှိမှုက အရိုးဈေးကွက်အတွက် တစ်ချိန်ထဲမှာ အန္တရာယ်ကော၊ အခွင့်အရေးကော ဖြစ်နေတာ”.

ဖေးရှက ဆက်ပြောသည်။

“ ဒီအရိုးဈေးကွက်ကို ပြန်လမ်းမဲ့အရိုးတစ်ရာ အစီအမံကြီးနဲ့ ကာကွယ်ထားတယ်။ ဟိုးနားက ညီနောင်လုနဲ့ ညီနောင်ချန်က အစီအမံမျက်လုံးနှစ်ခုကို တာဝန်ယူထားကြတယ်။ မောင်လေးလုနဲ့အမက ကျန်တဲ့နှစ်ခုကို တစ်ခုစီ တာဝန်ယူလိုက်ကြမလား”

“ ဂိုဏ်းတူအမ ပြောတဲ့အတိုင်း လုပ်ပါ့မယ်”

ဖေးရှက ခေါင်းညိတ်ပြလိုက်ကာ.. သူမအကြည့်က လုယန်ဘေးမှာ ရှိနေသော မျက်လုံးကြီးကျွတ်ထွက်မတတ် ကြည့်နေသည့် ကျောက်ရှဟယ်အပေါ် ကျရောက်သွားသည်။ သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

“ ဘာဖြစ်လို့လဲ” လုယန် စပ်စုစွာ မေးလိုက်၏။

“ သူ့ကို ဂိုဏ်းတူအမ သိလို့လား”

“ မသိဘူး”

ဖေးရှက အဖက်မလုပ်စွာ သူမအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လုယန်ကို ညင်သာစွာ ပြုံးပြလိုက်ကာ စကားဆက်သည်။

“ ဒါဆို ကျွန်မကို ကူညီပေးပါအုံး”

သူမက ပြောပြီးသည်နှင့် ကျက်သရေရှိစွာ ပျံသန်းသွားသည်။

ကျောက်ရှဟယ်တစ်ယောက်က ရှုတ်ထွေးသော မျက်နှာကြီးဖြင့် ကျန်ခဲ့လေ၏။ လုယန်က အစီအမံကို စောင့်ရှောက်ဖို့ တာဝန်ယူနိုင်မှတော့ လုယန်၏ ကျင့်ကြံဆင့်က သူခန့်မှန်းခဲ့သည့်အတိုင်း ချီသန့်စင်ခြင်းအလယ်နယ်ပယ်မှာပဲ မရှိနိုင်ကြောင်း သူ စတင် သံသယ ဝင်လာခဲ့သည်။

“ အကိုကျောက်..”

လုယန်၏ အသံကိုကြားမှပဲ ကျောက်ရှဟယ် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေက သူ့မျ​က်နှာပေါ်မှာ ချက်ချင်းဝင်ရောက်လာပြီး နှုတ်ခမ်းဟလာခဲ့ပေမဲ့ စကားတစ်ခွန်းမှ မဆိုသေးပေ။ နောက်ဆုံးမှာ အလွန်ရိုးကျိုးသော အမူအရာဖြင့် တစ်ခွန်းထဲ ပြောလိုက်သည်။

“ အရှင်”

ထိုမြင်ကွင်းကြောင့် လုယန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ

“ အကိုကျောက်၊ ကျွန်တော်တစ်ခြား လုပ်စရာတွေ ရှိသေးတယ်။ အကူအညီလိုရင် ကျွန်တော့်ကို လှမ်းဆက်သွယ်လိုက်ပါ”

ထိုသို့ဖြင့် သူ ပျံသန်းသွားလိုက်သည်။

ကျောက်ရှဟယ်တစ်ယောက်သာ ရှုတ်ထွေးနေသော မျက်နှာဖြင့် ကျန်ရစ်ခဲ့သည်။ အစောပိုင်းက အဖြစ်အပျက်ကို ပြန်စဥ်းစားလိုက်ချိန်မှာ သူ့ကို လေးလေးနက်နက်ကြည့်သွားသော လုယန်၏ အကြည့်ကို သတိထားမိသွားသည်။

“ ငါ အရမ်းလောသွားတာပဲ၊သူငါ့ကို သတိထားနေပြီ”

ဈေးကွက်ထဲရောက်လာပြီးနောက်မှာ ကျောက်ရှဟယ်၏.တုံ့ပြန်ပုံကို ပြန်တွေးမိပြီး လုယန် မနေနိုင်စွာ တစ်ချက်ရယ်လိုက်သည်။

“ ထင်တဲ့အတိုင်း သူဒီနေရာကိုရောက်လာတာ တစ်ခြားရည်ရွယ်ချက် ရှိသေးတာပဲ”

“ ကောင်းတယ်၊ ကောင်းတယ်”

“ ငါ့ရဲ့ဒီဘဝမှာတော့ သူကငါ့ရဲ့မိတ်ဆွေကောင်း ဖြစ်စေရမယ်”

ကျောက်ရှဟယ်၏သတိကြီးမှုကို လုယန် စိတ်မပူပါချေ။ သူ့မှာ လုံလောက်သော စိတ်ရှည်မှုတွေ ရှိသည်ပဲ။

အကယ်လို့ လိုအပ်လာခဲ့လျှင် သူ၏ဒီဘဝကို စွန့်လွှတ်လိုက်ပြီး နောက်ဘဝကျမှ ကျောက်ရှဟယ်နှင့် ရင်းနီးသော သူတစ်ဦးဖြစ်လာအောင်လုပ်ကာ သတင်းစုဆောင်းမည်။

လုယန် တွက်ချက်နေစဥ်မှာပဲ ခြံဝန်းတစ်ခုအရှေ့ကို ရောက်လာသည်။

ဤနေရာက အစီအမံမျက်လုံးလေးခုထဲက တစ်ခုဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအင်အများဆုံး နေရာတစ်ခုဖြစ်သည်။ ရှေးဦးသူတော်စင်ဂိုဏ်း၏ ကျင့်ကြံရေးဂူတွေနှင့် ယှဥ်လျှင် ၃၀ ရာခိုင်နှုန်းလောက် စိတ်ဝိညာဥ်စွမ်းအင် ရှိလေသည်။

“ သွေးလွှမ်းမိုးခြင်းအစီအမံ အသက်ဝင်စမ်း”

လုယန် အမိန့်ပေးလိုက်သည်နှင့် သူ့ဝတ်ရုံစက လှုပ်ခတ်သွားပြီး သွေးယန်ဓားထွက်ပေါ်လာကာ ခြံဝန်း၏ အလယ်တည့်တည့်မှာ နေရာယူလိုက်သည်။ ထို့နောက် အစီအမံပုံစံကွက်များက ကျယ်ပြန့်လာပြီး နဂိုရှိထားသော အစီအမံမှာ အစားထိုးနေရာယူလိုက်သည်။

လက်ရှိ အရိုးဈေးကွက်မှာ ရှိထားပြီးသား ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကလည်း အစီအမံကောင်းတစ်ခုဆိုတာ မှန်ပေမဲ့ လုယန်က အစီအမံမျက်လုံး၏ တစ်နေရာကိုပဲ ရရှိထားတာ ဖြစ်သည်။ ထို့အပြင် သူ၏ဘဝကို အပြင်လူဖန်တီးထားသော အစီအမံပေါ်မှာပဲ အားမကိုးနိုင်ပါချေ။

“ ငါ့မှာ လျို့ဝှက်ချက်တွေက အများကြီးပဲ။ ပြီးတော့ ဒီအရိုးဈေးကွက်က တည်ထောင်ထားတာ အရမ်းကြာပြီ။ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက ဘယ်လောက် အားပျော့နေပြီမှန်း ဘယ်သူသိမှာမလို့လဲ”

သတင်းအချက်အလက် စုံလင်သည့်သူက ပစ်မှတ်ထားဖို့ အလွယ်ကူဆုံးပင်။

တစ်စုံတစ်ယောက်ကသာ အရိုးဈေးကွက်ကို တိုက်ခိုက်ဖို့ ရောက်ရှိလာပါက ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ဖောက်ထွင်းဖို့ နည်းလမ်းကိုပါ ကြိုပြင်ဆင်ထားခဲ့မှာပဲ။

ထိုအခါကျလျှင် ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက ထင်သလောက် မကြမ်းတော့ဘူး.. သို့သော် လုယန်က ထိုအစီအမံကို လုံးဝ လက်လျော့လိုက်တာ မဟုတ်ပေ။ သူက အစီအမံထဲမှာ နောက်ထပ်အစီအမံတစ်ခု ထည့်ထားပြီး ဝှက်ဖဲတစ်ခု ချန်ထားခြင်းသာ ဖြစ်သည်။

အစီအမံချဲ့ထွင်ပြီးနောက်မှာ လုယန်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက်မှာ လုယန်က ခြံဝန်းကို သွေးတာဝါဟု အမည်ပေးလိုက်ပြီး လူသိရှင်ကြား ကြေညာလိုက်သည်။

ချက်ချင်းဆိုသလို ဆယ်ခုကျော်သော အလင်းတန်းများရောက်ရှိလာသည်.. ထိုသူတွေအားလုံးက တာဝန်ကြောင့် အရိုးဈေးကွက်ကို ရောက်ရှိလာခဲ့သော ချီသန့်စင်ခြင်းအစောပိုင်းနဲ့ အလယ်ပိုင်း တပည့်များဖြစ်လေသည်။

ခြံဝန်းထဲရောက်လာပြီးနောက် အလင်းတန်းတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်နှာအသီးသီး ထွက်ပေါ်လာသည်.. ကြီးကြီးငယ်ငယ်၊ ယောက်ျား၊ မိန်းမ စသဖြင့် လေးစားသော အမူအရာနှင့် ရောက်လာသူတိုင်းက ခြံထဲက ခေါင်မိုးကို မှီပြီးရပ်နေသော သွေးနီရောင်ဝတ်စုံနှင့် ချောမောသည့် လူရွယ်ကို တွေ့သော အခါ အရိုအသေပေးလိုက်ကြသည်။ ထိုလူရွယ်က အပေါ်ကနေ ငုံ့ကြည့်ပြီး ပြုံးပြနေလေ၏။

“ တာဝါသခင်ကို အရိုအသေပေးပါတယ်”

ထိုတပည့်တွေက သံပြိုင်ပြောလိုက်ကြသည်။ ဂိုဏ်းအတွင်းမှာဆိုလျှင် ဂိုဏ်းတူအကိုနှင့်ဂိုဏ်းတူညီလေးသာ ရှိသော်လည်း အပြင်ရောက်သည်နှင့် ရာထူးအလိုက် ဆက်ဆံရမည်ပင်။

ထို့အပြင်.. ထိုသူက ချီသန့်စင်ခြင်း နှောင်းပိုင်းကျင့်ကြံသူပဲ။

ချီသန့်စင်ခြင်း အစောပိုင်း၊ အလယ်၊ နှောင်းပိုင်းနဲ့ ပြီးပြည့်စုံ နယ်ပယ်ကြားမှာ သေးငယ်သော နယ်ပယ်လေးတွေသာ ကွာခြားသော်လည်း သန်မာမှုပိုင်းအရ အများကြီးပြောင်းလဲသွားသည်။

“ ထကြ”

အောက်မှာ အရိုအသေပေးနေသော တပည့်များက အကုန်လုံးသာမာန်ဆန်ကြကာ အလွန်ဉာဏ်ကောင်းသည့်သူမျိုး မပါပုံကြောင့် လုယန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ရှေးဦးသူတော်စင်ဂိုဏ်းမှာ အလွန်ကောင်းမွန်သော အဆင့်အတန်းခွဲခြားရေး စနစ်ရှိသည်။ ဖေးရှ နှင့် သူ့လိုမျိုး အပြင်တာဝန်၏ ခေါင်းဆောင်ပိုင်းရာထူးကို ရရှိသူများက အခြေခံတည်ထောင်ခြင်းနယ်ပယ်အတွက် လျာထားခံရသူများသာ ဖြစ်ပြီး.. အခုလိုမျိုး စွမ်းရည်နည်းပါး၊ အမှတ်မရှိသူတွေကတော့ လက်အောက်ခံအနေဖြင့် လိုက်ပါရသည်။

ထိုသူတွေကို သူ စိတ်တိုင်းကျ သတ်ဖြတ်ပစ်လို့တောင် ရသည်။

အင်အားစုတစ်ခု တည်ထောင်လိုသူတွေအတွက် လက်ရှိအခြေအနေက မကျေနပ်ချင်စရာ ကောင်းနေပေမဲ့ လုယန်ကတော့ တော်တော်လေး ကောင်းမွန်သည်ဟု ခံစားရသည်။ ထိုသူတွေ၏ အားနည်းသော လေထုက သူ့ကို စိတ်လုံခြုံစေသည်။

“ မင်းတို့သွားလို့ရပြီ.. ကိစ္စသေးသေးလေးတွေဆို ကိုယ့်ဘာသာ ဖြေရှင်းလိုက်ကြ။ ငါ့ဆီအချိန်တိုင်း လာဖို့မလိုဘူး”

လုယန် ပုံမှန်လိုမျိုး အမိန့်ပေးလိုက်ပြီး သွေးတာဝါကို ပိတ်လှောင်ကာ တံခါးပိတ်ကျင့်​ကြံလိုက်သည်။ အခြေခံတည်ထောင်ခြင်းအခွင့်အရေး ပြန်ရမှပဲ အပြင်ပြန်ထွက်ဖို့ တွေးထားခဲ့သည်။

……

All Chapters