အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
Ch 37
( အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း)
“ ဒီ အလောင်းအသွင်ပြောင်းခြင်းအမတ သိုင်းက နည်းနည်းခက်တာပဲ”
တစ်ညလုံး ကျင့်ကြံပြီးသည့်တိုင်အောင် လုယန် လက်ထဲမှာကိုင်ထားသော စစ်မှန်တပည့်အဆင့် သိုင်းကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ ကြီးမြတ်တဲ့နတ်အစွမ်းကို ကြီးမြတ်တဲ့ချီစွမ်းအင် မရှိတဲ့သူတွေက မဖန်တီးနိုင်ဘူး၊ ဒါက ကြီးမြတ်တဲ့နတ်အစွမ်းရဲ့ ထူးခြားချက်ပဲ.. တဲ့လား”
တကယ်တော့ အညွှန်းထဲမှာ ရေးသားထားသည့် ထို ကြီးမြတ်သောနတ်စွမ်းအားဆိုတာက အသုံးပြုမှုနည်းလမ်းတစ်ခု ဟူ၍ ပြောလို့ရနိုင်သည်။
ထိပ်သီးအဆင့်နတ်စွမ်းရည်ရှိသော သိုင်းတစ်ချို့ကို ပေါင်းစည်းပြီး ထိုစွမ်းရည်တွေကို ရှုတ်ထွေးစေရာမှ အနှီ ကြီးမြတ်သောနတ်စွမ်းအားသည် ထွက်ပေါ်လာသည်။
အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း သည်လည်း ထိုနည်းလည်းကောင်းပင်.. ထိုသိုင်းကို ကျွမ်းကျင်ချင်လျှင် အရင်ဦးဆုံး ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်း၊ အရိပ်ဖမ်းသိုင်း၊ ရတနာအမိန့်မန္တာန်သိုင်းကို တက်ကျွမ်းဖို့ လိုအပ်သည်။ ထိုသိုင်းခွဲသုံးခုလုံးက ကျင့်ကြံရန် အင်မတန်ခဲယဥ်းပြီး အခွင့်အရေးကြီးကြီးမားမား မရှိလျှင် မတက်မြှောက်နိုင်ပါချေ။
ဒါကပဲ ကြီးမြတ်သောနတ်အစွမ်း၏ ထူးခြားချက် ဖြစ်သည်။
ထိုသို့သောစွမ်းရည်ရှိသည့် သိုင်းမျိုးက ကျင့်ကြံချင်တိုင်း ကျင့်ကြံလို့မရပေ။ လူတစ်ယောက်၏.နားလည်နိုင်စွမ်းနှင့် ကံတရားအပေါ် အများကြီးမူတည်သည်.. ထိုထဲမှ တစ်ခု ချို့ယွင်းသည်နှင့် ကျရှုံးသွားမည်သာ။
ဥပမာပြောရလျှင် ကောင်းကင်သွေနတ်ဆိုးအလင်းသိုင်းကိုသာ ကြည့်ပါလေ..
ထို တစ်ခုထဲနှင့်တင် မရေမတွက်နိုင်သော ကျင့်ကြံသူတွေကို လက်လျော့စေဖို့ လုံလောက်သည်။ ကျင့်ကြံမည့်သူက ကိုယ့်အရေပြားကို.ရက်ရက်စက်စက် ခွာရမည့်အပြင်.. အောင်မြင်သွားခဲ့လျှင်လည်း ကျင့်ကြံရေးလမ်းကြောင်း ပိတ်ဆို့ခံလိုက်ရကာ ဘဝကြီးက အဓိပ္ပါယ်မဲ့သွားမည်မလား။
ဒုတိယ အရိပ်ဖမ်းသိုင်းကတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ အပြင်ပိုင်းအခြေအနေ ခက်ခဲမှုသာရှိသည်။ ကျင့်ကြံချင်သူသည် ဒဏ္ဍာရီလာကျောက်စိမ်းပိုးကောင်ကို ကြားခံအဖြစ် အသုံးပြုဖို့လိုအပ်သည်။ ထိုရတနာ မရှိပါက၊ ဘယ်လောက်ပဲ နားလည်နိုင်စွမ်းမြင့်မားနေပါစေ.. ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားက သေလောက်အောင်.ရှားပါးသည်။
ဘယ်လောက်တောင် ရှားသလဲဆိုလျှင် ဂိုဏ်းအတွင်းမှာတောင်.ဝယ်လို့မရဘူး.. အကဲဖြတ်အမှတ်တွေ ဘယ်လောက်ရှိရှိ ဝယ်ယူလို့မရနိုင်ပေ။
ဂိုဏ်း၏ပေါများလွန်းသော ရတနာအရင်းအမြစ်တွေထဲမှာတောင်မှ မရှိနေပေ။
ထို့ကြောင့် အရိပ်ဖမ်းသိုင်းကို ကျင့်ကြံနိုင်ခြင်းက ကံကောင်းခြင်းအပေါ်သာ လုံးလုံးလျားလျား မူတည်နေသည်။ ကံမကောင်းလို့ကတော့ ကမ္ဘာတစ်ပတ် ပတ်လို့သာ မောသွားမည်.. ရတနာကို ရှာတွေ့မှာ မဟုတ်ပေ။
လုယန် တစ်ချက်သာကြည့်ပြီး လက်လျော့လိုက်တော့သည်။ ထို့နောက် တတိယသိုင်းခွဲဖြစ်သော ရတနာအမိန့်မန္တာန်သိုင်းကို ကြည့်လိုက်၏။
ဤသိုင်းက အပြင်ပိုင်းအထောက်အပံ့လည်း မလိုအပ်သလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။ သို့တိုင်အောင် လွန်စွာခဲယဥ်းလေ၏။
လုယန် တစ်ညလုံးလေ့လာခဲ့တာတောင်မှ အလွန်သေးငယ်သော တိုးတက်မှုသာရှိသည်။
“ ဒါက အစီအမံနဲ့ နည်းနည်းတူသလို မန္တန်နဲ့လည်း နည်းနည်းတူတယ်။ ဒါပေမဲ့ သိုင်းကျင့်စဥ်တစ်ခုအနေနဲ့ ကျင့်ကြံရတယ်။ လူတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းက အဲ့ဒီသူရဲ့ နားလည်နိုင်စွမ်းအပေါ်ပဲ မူတည်တယ်။ မတတ်တဲ့သူက ဘယ်လိုမှတက်မှာ မဟုတ်ဘူး”
လုယန် ခေါင်းကိုသာ တဗြင်းဗြင်း ကုတ်လိုက်တော့သည်။
“ ခက်ခဲလွန်းတဲ့ အစီအမံပညာရပ်ကိုတောင် ငါလေ့လာခဲ့တာပဲ။ ဒီသိုင်းလေးတစ်ခုက ငါ့ကိုတားနိုင်မှာလား။ ငါနောက်ထပ် အနှစ်နှစ်ဆယ်လောက် လေ့လာပစ်မယ်ကွာ”
အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ ဖျက်ဆီးနိုင်သောအစွမ်းက အင်မတန် ကြမ်းသည့်အတွက် လုယန််လိုမှ လက်မလွှတ်နိုင်ပါချေ။
ကောင်းကင်သွေးနတ်ဆိုးအလင်းက ပြောစရာကို လိုမည်မထင်ပါ.. ထို့အတူ အရိပ်ဖမ်းသိုင်းကလည်း တော်တော်လေး အံ့သြဖို့ကောင်းသည်။ လူတစ်ယောက်၏ချီစွမ်းအင်ကို သိမ်းဆည်းထားပြီး ထိုချီစွမ်းအင်ကို အရိပ်ဝိညာဥ်အဖြစ်ဖန်တီးရသည်။ ထို့နောက် ချီစွမ်းအင်ပိုင်ရှင်နှင့် မိုင်းပေါင်းတစ်သိန်းမက ဝေးကွာနေလျှင်တောင်မှ ဝိညာဥ်အရိပ်ကို သတ်လိုက်တာနှင့် ထိုသူလည်းသေဆုံးရလိမ့်မည်။
ရတနာအမိန့်မန္တာန်က ပိုလို့တောင် ကောင်းသေးသည်။
မန္တာန်သက်ရောက်ခံလိုက်ရသော ရန်သူက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှာမဟုတ်သလို ဝိညာဥ်လဲ အကောင်းတိုင်းရှိပေမည်။ သို့ပေမဲ့ ထိုသူ၏ ကံကောင်းမှုက ပြိုကွဲသွားလိမ့်မည်.. ကံတရားသားတော် ဖြစ်နေလျှင်တောင်မှ ကမ္ဘာ့ကံအဆိုးဆုံးလူအဖြစ် ပြောင်းလဲရမည်။
သေချာပေါက် ပိုပြီးအင်အားအကြီးဆုံးကတော့ ထိုသိုင်းခွဲသုံးခုကို ပေါင်းစည်းပြီး ဖြစ်ပေါ်လာသော ဖျက်ဆီးစွမ်းအားပဲ။
ထို့အပြင် ထိုပေါင်းစည်းအစွမ်းက ကျင့်ကြံသူကို အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်စေရန် ကူညီပေးသည်ဆိုသော အချက်ကြောင့် အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို လုယန် ပိုလို့တောင် စွဲမက်လာရသည်။
ထိုတစ်ချက်တည်းနှင့်တင် လုယန် မဖြစ်မနေ ကျင့်ကြံဖို့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့်..အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာ နွေဦးငါးခုကို ဖြတ်ကျော်ခဲ့သည်။
သွေးတာဝါအဆောက်အဦးထဲမှာ လုယန် နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို လည်ပတ်နေခဲ့သည်.. အသက်တစ်ခါရှုသွင်း လိုက်တိုင်း အိမ်ထဲမှာ ထူးဆန်းသော ပုံသဏ္ဍာန်အမျိုးမျိုးအဖြစ် ချီစွမ်းအင်တွေ စုဝေးလိုက်၊ ပြောင်းလဲလိုက် ဖြစ်ပေါ်နေသည်။
လုယန် နောက်ဆုံးတော့ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း၏ ရှစ်ခုမြောက် ပုံရိပ်ယောင်တံလျှပ်အသွင်ပြောင်းနည်းကို ကျင့်ကြံနိုင်ခဲ့ပြီ။
အရိုးတောင်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေက ဂိုဏ်းထဲကလောက် မကောင်းပေမဲ့ လုယန်က စိတ်ဝိညာဥ်ဆေးလုံးတွေ ကြိုတင်ဝယ်ယူခဲ့သည့်အတွက် သူ၏ ကျင့်ကြံမှုက မနှောင့်နှေးခဲ့ပေ။
ငါးနှစ်တာလုံး မပြတ်ကျင့်ကြံခဲ့မှုမှာ ရတနာမန္တာန်သိုင်းကို အခုထိ မတက်ကျွမ်းသေးပေမဲ့ တိုးတက်မှုတော့ ရှိပါသည်။ ထို့အပြင် သူ၏ ဒျန်ထျန်အတွင်းက အတားအဆီးက တဖြည်းဖြည်း ပါးလာသလို ခံစားနေရပြီး သူ အသိဝင်လာချိန်မှာ ဒျန်ထျန်အလယ်မှာရှိနေသော ချီအစေ့က နောက်ထပ်ပြောင်းလဲမှု တစ်ဆင့် ကြုံတွေ့လိုက်တာကို ခံစားလိုက်ရသည်။
.. ချီသန့်စင်ခြင်း အဆင့်ရှစ်..
“ ချီသန့်စင်ခြင်း အဆင့်၇ကနေ အဆင့်၈ ကို တက်တာက အဆင့်၆ တုန်းက အလယ်နယ်ပယ် အတားအဆီးကို ချိုးဖြတ်ရသလောက် အထင်ကြီးစရာ မကောင်းပေမဲ့ အခုငါ့ရဲ့ ဒျန်ထျန်ထဲက စွမ်းအင်တွေ နှစ်ဆဖြစ်လာတာကို ငါခံစားနေရတယ်”
“ တကယ်ကို ကျင့်ကြံမှုနယ်ပယ်တွေက အခြေခံပါလား.. အခုငါ့မှာ ကြီးမြတ်တဲ့နတ်စွမ်းရည် မရှိသေးတော့ရော ဘာဖြစ်သလဲ။ အခုချိန် ချီသန့်စင်ခြင်းအလယ်နယ်ပယ် စစ်မှန်တပည့်တစ်ယောက် ရောက်လာရင်တောင်မှ ငါသတ်လို့ရတယ်”
“ ပြီးတော့ငါ့မှာ ကိုးခုမြောက်အသွင်ပြောင်းခြင်း ကျန်သေးတယ်မလား”
လုယန် ရင်တွေတဒိုင်းဒိုင်း ခုန်သွားသည်။ ကိုးခုမြောက်အသွင်ပြောင်းခြင်း ဖြစ်သော ငါးပျံအသွင်ပြောင်းခြင်းက အတားအဆီးချိုးဖျက်ရာမှာ ကူညီပေးနိုင်သည်။.တစ်နည်းပြောရလျှင် သူ အဆင့်ကိုးကို.ရောက်သည်နှင့် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကိုပါ ရောက်သွားတော့မှာပင်။
“ ငါ့ရဲ့အမတလမ်းကြောင်းက ငါ့ကိုခေါ်နေပြီ”
လုယန် စိတ်တက်ကြွသွားပြီး ရတနာအမိန့်မန္တာန်သိုင်းကြောင့် ရခဲ့သော စိတ်ဒဏ်ရာများကို မေ့ပစ်လိုက်ကာ.. ပျော်ပျော်ရွှင်ရွှင်ပဲ အခန်းထဲက ထွက်လာလိုက်သည်။
သို့ပေမဲ့ သူ အရင်ဦးဆုံး ချီပိတ်သိမ်းသိုင်းကို အသက်သွင်းခဲ့လေသည်။
ချက်ချင်းပဲ သူ၏အားကောင်းသော ချီစွမ်းအင် အရောင်အဝါက ဖျော့တော့သွားပြီး လွန်ခဲ့သောငါးနှစ်ထက် မဆိုစလောက်လေး သန်မာလာသော ချီသန့်စင်ခြင်းအဆင့်၇ ကျင့်ကြံမှုကိုပဲ အာရုံခံနိုင်တော့သည်။
“ ကိုယ့်မှာ သုံးစရာကတ် ဆယ်ကတ် ရှိရင် ခုနှစ်ကတ်ကို ဖွက်ထားပြီး သုံးကတ်နဲ့ပဲ အရင်တိုက်ခိုက်ရမယ်လေ.. အကုန်ပြလိုက်ရင် ဝှက်ဖဲဆိုတာ ဘယ်ရှိတော့မလဲ”.
လုယန် ထွက်ပြီး မကြာခင်မှာပဲ သွေးတာဝါလက်အောက်က တပည့်တွေ တစ်ယောက်ချင်း ဝင်လာပြီး လေးစားစွာ အရိုအသေပေးကြသည်။
“ သွေးတာဝါအရှင် တံခါးပိတ်ကျင့်ကြံတာကနေ အပြင်ပြန်ထွက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”
“ ထကြ” လုယန် ပုံမှန်လို လက်တစ်ဖက်ယမ်းကာ မေးလိုက်သည်။
“ ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ ငါးနှစ်အတွင်း အရိုးတောင် အနီးတစ်ဝိုက်မှာ မူမမှန်တာ ရှိခဲ့သေးလား”
“ သွေးတာဝါအရှင်ကို တင်ပြပါတယ်”
အသက်အနည်းငယ်ကြီးဟန်ရသော တပည့်တစ်ယောက်က ပြောလိုက်သည်။
“ တစ်ခါက ရှန်းဝူဂိုဏ်းရဲ့တပည့်တွေ လာရန်စတာ ရှိဖူးပေမဲ့ ဂိုဏ်းတူအမဖေးရှက မောင်းထုတ်လိုက်ပါတယ်”
“ ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာနဲ့ ပတ်သတ်ပြီးရော ဘာသတင်း ကြားရသေးလဲ”
“ မကြားရသေးပါဘူး”
လွန်ခဲ့သည့်ငါးနှစ်က အစီရင်ခံစာကို နားထောင်ပြီးသည်နှင့် လုယန် လူစုခွဲလိုက်ကာ… အလင်းအမှောင် စစ်ပွဲကြီး စတင်မည့်အချိန် ရောက်လာပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ် အခွင့်အရေး မရသေးခင်အချိန်အထိ ပြန်တံခါးပိတ်ကျင့်ကြံလိုက်တော့သည်။
သို့ပေမဲ့ ထိုအချိန်မှာပဲ ခြံဝန်းထဲ ရုတ်တရက် ဆင်းလာသော ရောင်စုံအလင်းတန်းတစ်ခုကို တွေ့လိုက်ရလေကာ
“ မောင်လေးလု၊ ကျွန်မတွေ့လို့ရမလား”
ထိုအလင်းတန်းကို အာရုံခံပြီးသည်နှင့် လုယန် အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
“ ဂိုဏ်းတူအမ ကိုယ်တိုင်လာရတာ ဒုက္ခများသွားပြီ.. ကျွန်တော့် ပြောရင် လာခဲ့မှာပေါ့ဗျာ”
“ မောင်လေးလု၊ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်”
ဖေးရှ၏ မျက်နှာက အလွန်တည်တံ့နေလေ၏။
“ မကြာခင်ကမှ ကမ္ဘာထောက်လှမ်းရတနာကနေ အချက်ပြမှု ပို့လာတယ်။ နောက်ဆယ့်ငါးနှစ်နေမှ ဖြစ်ရမဲ့ ဖုတ်ကောင်အလုံးအရင်းလိုက် တိုက်ခိုက်မှုက အရှေ့တိုးသွားတယ်”
“ အခု သိန်းချီတဲ့ ဖုတ်ကောင်တွေ အရိုးဈေးကွက်ကို လာနေကြပြီ”
“ ကြိုတင်သတိပေးချက်လဲ ကျွန်မတို့မရခဲ့ဘူး။ ဒီလိုထူးဆန်းတဲ့ဖြစ်စဥ်ရဲ့ နောက်ကွယ်မှာ သေချာပေါက် ကြိုးကိုင်နေသူ ရှိရမယ်။ ရှန်းဝူဂိုဏ်းရဲ့ အယုတ်တမာကောင်တွေ လက်ချက် ဖြစ်မယ်လို့ ကျွန်မယူဆတယ်”
“ဟမ်” ဖေးရှ၏ စူးစူးရှရှအကြည့်ကြောင့် လုယန် မျက်မှောင်ကြုတ်သွားလေကာ
“ ဂိုဏ်းတူအမ၊ ကျွန်တော့် အကူအညီ လိုအပ်လို့လား”
“ အတိအကျပါပဲရှင်.. မောင်လေးလု ကျွန်မနဲ့အတူ စုံစမ်းဖို့လိုက်ခဲ့ချင်လား”
ဖေးရှက အပြုံးတစ်ခုဖြင့် စကားဆက်သည်။
“ ဒီကိစ္စက အန္တရာယ်များသလို အခွင့်အရေးတစ်ခုပဲ။ ဒီလိုမျိုး ဖုတ်ကောင်အလုံးအရင်းလိုက်ကို ဖန်တီးနိုင်တဲ့အတွက် နောက်ကွယ်က တရားခံမှာ ရှားပါးရတနာတစ်ခု ရှိနေတာပဲ ဖြစ်ရမယ်”
“ မောင်လေးလုနဲ့ကျွန်မနဲ့ ပူးပေါင်းတိုက်ခိုက် မယ်ဆိုရင် အခွင့်အရေး ရနိုင်မှာပါ”
“ မတော်တဆမှု တစ်ခုခုရှိလို့ ဖုတ်ကောင်အုပ်ထဲ ပိတ်မိသွားရင်တောင် ကျွန်မတို့ ကျင့်ကြံမှုနဲ့ ဘာမှမဖြစ်နိုင်ပါဘူး”
ဖေးရှက နိုးကြားမှုအပြည့်ဖြင့် လုယန်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။
သို့ပေမဲ့ လုယန်က ခေါင်းယမ်းလိုက်လေကာ
“ စိတ်မရှိပါနဲ့.. ကျွန်တော်က ဂိုဏ်းတူအမလိုမျိုး မသန်မာသလို၊ တိုက်ခိုက်စွမ်းရည်လဲ မသင်ယူရသေးပါဘူး။ ကျွန်တော်တက်တာဆိုလို့ အစီအမံတစ်ချို့ပဲ ရှိတယ်။ ကျွန်တော် မြို့မှာပဲစောင့်ရှောက်ဖို့ နေခဲ့တာ ပိုကောင်းပါတယ်”
ဘယ်လိုပဲ အန္တရာယ်နည်းပါးသည်ပြောပြော၊ အန္တရာယ်က အန္တရာယ်ပဲ။
အသိဉာဏ်ရှိသော ယောက်ျားက ပြိုကျခါနီး နံရံအောက်မှာ မရပ်ပေ။
ထို့အပြင် သူ့ အခြေအနေက သူသာ ကျင့်ကြံနိုင်သရွေ့ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကိုတောင် အဆင့်တက်နိုင်တော့မှာပဲ။ ဘာလို့ စွန့်စားနေရမှာလဲ။
မထိုက်တန်ပါချေ။
သူ၏.မူရင်းရည်ရွယ်ချက်က ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ အဆင့်တက်နိုင်ဖို့ပဲ ဖြစ်သည်။ သူ့အနေနှင့် စွန့်စားရလျှင်တောင်မှ အဆင့်တက်ပြီးမှ ဖြစ်နိုင်လိမ့်မည်.. ထိုမတိုင်ခင်မှာတော့ သူ သတိကြီးစွာ ပြုမူရပေမည်။
“ မောင်းလေးလု တကယ်မလိုက်တော့ဘူးလား”
လုယန်၏ ငြင်းဆိုမှုကြောင့် ဖေးရှ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ နဂိုအေးစက်သော အသွင်အပြင် ပျောက်ကွယ်သွားပြီး အခက်တွေ့နေဟန် ရနေပုံလေးက… အနည်းငယ် သနားစဖွယ် ကောင်းနေတော့သည်။
“ ကျင့်ကြံရေးလမ်းစဥ်က အမြဲတမ်းခက်ခဲတယ်။ တိုးတက်ချင်ရင် လူတစ်ယောက်က စွန့်စားမှုကိုရှောင်လွှဲလို့ မရဘူး။ မောင်လေးလုကို နားလည်မယ် ထင်ခဲ့တာ”
သို့ပေမဲ့ လုယန်၏ သံလိုမာကြောသော နှလုံးသားက မတုန်လှုပ်ပါချေ။
“ ကျေးဇူးပြုပြီး နားလည်ပေးပါ ဂိုဏ်းတူအမ”
“ မောင်လေးလု ပြောင်းလဲသွားပြီ”
ဖေးရှက အနည်းငယ် စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။
“ ဒီလိုဆိုမှတော့ မောင်လေး မြို့မှာပဲ နေခဲ့လိုက်ပါ။ အခွင့်အရေးက မောင်လေးလုအတွက် မဟုတ်တော့ဘူး”
“...”
လုယန် အပြုံးတစ်ခုသာ ပြုံးပြပြီး ဘာမှ မတုံ့ပြန်ခဲ့ပေ။
အမှန်တိုင်းပြောရလျှင် ဖေးရှက ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်တစ်ယောက်နှင့် မတူပါချေ။ သူမမှာ ရှေးဦးသူတော်စင်ဂိုဏ်းက မပြောင်းလဲပစ်နိုင်သော ရိုးသားမှုတစ်ခု ရှိနေသလို ဝိုးတဝါး ခံစားရလေသည်။
သို့ပေမဲ့ ဖုတ်ကောင်တိုက်ခိုက်မှု ကျရောက်ချိန် ကျလျှင် သူမက ရရှိလာသော အခွင့်အရေးနှင့်အတူ မြို့ထဲ ပြန်လာရအုံးမည်မလား။
ထိုအချိန်ကျမှ အခွင့်အရေးက သူနှင့် မသက်ဆိုင်တော့ဘူးလို့ ပြောလို့ရအုံးမည်လား။
ထိုသို့ဆိုပါက ဖုတ်ကောင်စစ်ပွဲကြီးအတွင်းမှာ ရွတ်ရွတ်ချံချံ တိုက်ခိုက်ပြီး သေဆုံးသွားရသည်ဆိုသော သတင်းလွှင့်ပေးခြင်းအတွက် သူမ သူ့ကို အပြစ်မတင်ပါလေနှင့်။
……
Ch 38
( ရှန်းဝူဂိုဏ်း)
ညနေ နေဝင်ချိန်မှာ သွေးတာဝါအဆောက်အဦး ပေါ်သို့ နေရောင်က နောက်ဆုံးအနေဖြင့် ဖြာကျနေသည်။ လုယန် ဖြည်းညှင်းစွာပဲ ကမ္ဘာမြေကြီးကြားက စိတ်ဝိညာဥ်စွမ်းအင်ကို ဒျန်ထျန်အတွင်း စုပ်ယူပြီး ချီစွမ်းအင်အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်အနှံ့ လည်ပတ်စေလိုက်သည်။
ချီစွမ်းအင်များက နဂါးတစ်ကောင်လို အင်အားကြီးစွာ စီးဆင်းနေသည်။
“ ရတော့မယ်။ ငါသာ ငါးပျံအသွင်ပြောင်းခြင်းကို ကျင့်ကြံနိုင်ပြီး အသွင်ပြောင်းခြင်းကိုးခုလုံးကို ပေါင်းစည်းနိုင်ပြီဆိုရင် နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းရဲ့ အဆင့်သုံး နဂါးချီကို ဖန်တီးနိုင်တော့မယ်”
“ နဂါးချီစွမ်းအင် ရတာနဲ့ အမှောင်အလင်းစစ်ပွဲကြီးလဲ စလောက်ပြီ။ ဒါဆို ငါအချိန်ကိုက် အပြင်ထွက်လာပြီး အသန်မာဆုံးအချိန်မှာ အခြေခံတည်ထောင်ခြင်း အခွင့်အရေးကို ယူလို့ရပြီ။ အဲ့ဒီတစ်ခုပဲ စွန့်စားရဖို့တန်တာ.. ကျန်တာက ပမွှားလေးတွေပဲ”
တစ်နေ့တာ ကျင့်ကြံမှု ပြီးဆုံးသွား၍ လုယန် အခန်းပြင်ထွက်လာလိုက်သည်။
ခြံဝန်းထဲမှာ စူးရှသော မျက်ဝန်းများဖြင့် ဂုဏ်ယူစွာရပ်နေသော မိန်းမလှတစ်ယောက်ကို သူတွေ့လိုက်ရ၏။ လုယန်ကို မြင်သည်နှင့် သူမက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးသည်။
“ ဖုတ်ကောင်လှုပ်ရှားမှုနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာပါ”
လုယန် အပြုံးတစ်ခုနှင့် ကျောက်စိမ်းပြားကို ယူလိုက်ကာ
“ ကျေးဇူးပါ ကျင့်ကြံသူယွင်”
သူမကတော့ ယွင်မြောင်ချင်းမှ အပ မဖြစ်နိုင်ပါချေ။
သူမက အရင်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သော်လည်း လုယန်သည် နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ကျွမ်းကျင်သွားသည့်တိုင်အောင် သူတို့၏ အတိတ်ဘဝက ရင်းနီးမှုကို စဥ်းစားသောအားဖြင့် သူမကို ဝယ်ယူခဲ့လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူတို့နှစ်ဦးက နှစ်ကိုယ်တွဲကျင့်ကြံဖော်တွေ ဖြစ်သည်။ သူ့အသက်ကို အန္တရာယ်မရှိသရွေ့ သူမကို စောင့်ရှောက်ပေးဖို့က သူ့အတွက် ကိစ္စမရှိပါချေ။ ယွင်မြောင်ချင်းအနေနဲ့ ဂိုဏ်း၏ တစ်ခြားသူတွေဆီမှာ ဝယ်ယူခံလိုက်ရပြီး နှစ်ကိုယ်တွဲကျင့်ကြံရေးပေါင်းဖို အဖြစ် အသုံးချခံရကာ နောက်ဆုံး စုပ်ယူခံရမည်ထက်စာရင်.. သူ့အနောက်လိုက်တာက ပိုကောင်းပါသည်။
သို့ပေမဲ့ သူ၏ ထိုဆုံးဖြတ်ချက်က အံံ့သြဖို့ကောင်းသော ရလဒ်ကို ထုတ်ပေးလာမည်ဟု မထင်ခဲ့ချေ။
ကြည့်ရတာ သူက ယွင်မြောင်ချင်းကို ဝယ်ယူပြီးနောက် နှစ်ကိုယ်တွဲမကျင့်ကြံခဲ့ဘဲ သူမကို လေးလေးစားစား ဆက်ဆံခဲ့၍ ဖြစ်ပေမည်။ သူမ၏ သူ့အပေါ် သဘောထားက တော်တော်လေး တိုးတက်လာသည်။
“ ရှင်က လူကောင်းတစ်ယောက်ပဲ.. ဘာလို့ နတ်ဆိုးဂိုဏ်းမှာ နေရတာလဲ”
ယွင်မြောင်ချင်းက လုယန်အနား တိုးကပ်သွားလိုက်ကာ လေသံနိမ့်ဖြင့်ပြောသည်။
“ ဖုတ်ကောင်တိုက်ခိုက်မှုကို ဆင်ခြေအဖြစ်သုံးပြီး ကျွန်မတို့ သေဆုံးမှု အတုလုပ်လိုက်ကြမယ်။ ပြီးရင် ကျွန်မနဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကို လိုက်လာပြီး စစ်မှန်တဲ့လမ်းစဥ်ကို လျှောက်လှမ်းပါလားရှင်”
ယွင်မြောင်ချင်းက သဘောကျမှုတွေကို မဖုံးကွယ်ထားသော မျက်လုံးတောက်တောက် များဖြင့် လှပစွာ ကြည့်လာသည်။
သူမအနေနဲ့ လုံးဝကို ခိုးကိုးရာမဲ့နေပြီး စိတ်ပျက်နေချိန်မှာ ထိုသူက သူမကို ခါးသီးမှုပင်လယ်ထဲကနေ ကယ်ထုတ်ပေးခဲ့လေသည်။ သူမ၏ ဆံချည်တစ်မျှင်ကိုတောင် မထိခဲ့သည့်အပြင်.. သူမကို နေထိုင်စရာနေရာတစ်ခုပါ ပေးခဲ့သည်။
ထိုသူက နတ်ဆိုးဂိုဏ်းသားတစ်ယောက် ဖြစ်ပေမဲ့ သူမတွေ့ဖူးသမျှ လူတွေထဲမှာ သူရဲကောင်းအဆန်ဆုံး သူတစ်ယောက်ပါချေ။
လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး သူမက ဘေးကနေ စောင့်ကြည့်ခဲ့သည်… ထိုသူက ကျင့်ကြံမှုလည်း မြင့်သည်၊ အရည်အချင်းလဲရှိသည်၊ အရေးအကြီးဆုံးအချက်က အရမ်းချောတာပဲ။
ထိုသူသာ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းထဲ ဝင်ခဲ့လျှင်.. သူမတို့ အတူရှိနိုင်လိမ့်မည်။
ထိုအတွေးကြောင့် ယွင်မြောင်ချင်း၏ မျက်နှာက အနည်းငယ် အနီရောင်သန်းသွားသည်။
ထိုပုံရိပ်က လုယန်ကို အရင်ဘဝတွေတုန်းက သူ့ကို မုန်းတီးစွာကြည့်တတ်ပြီး နတ်ဆိုးကောင်ဟု ခေါ်တတ်သော ယွင်မြောင်ချင်းကိုပင် အမှတ်ရသွားစေလေ၏။
စိတ်ဝင်စားဖို့ကောင်းသည်ဟု လုယန် ထင်လိုက်သည်။
သေချာပေါက် သူ့မှာ အချစ်ရေးခံစားချက် မရှိပါချေ။
ယွင်မြောင်ချင်း၏ သူ့ကို ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းအတွင်း ဝင်ရောက်ခွင့်ပေးမည်ဟု ရဲရဲဝံ့ဝံ့ ပြောနိုင်သော အချက်အရ.. ကျောက်စိမ်းဓားအိမ်တော် ဂိုဏ်းအတွင်းက ရာထူးမနိမ့်သော သူမ၏ တည်ရှိမှုကို သူ စိတ်ဝင်စားသွားတာဖြစ်သည်။
“ နတ်ဆိုးဂိုဏ်းထဲမှာ ကျင့်ကြံရတာက ရေခဲပြင်ပေါ်လမ်းလျှောက်နေရသလိုပဲ။ ငါ ဂုဏ်သတင်းကောင်းတဲ့ စစ်မှန်ဂိုဏ်းထဲ ဝင်ရင်ကောင်းမလား”
ယွင်မြောင်ချင်းက သူ၏ အနာဂတ်လမ်းကြောင်းက ခြေနင်းခံ ကျောက်တုံးတစ်ခု ဖြစ်လာနိုင်ပါသည်။
“ ဂိုဏ်းတူအမဖေးရှနဲ့ ကျန်တဲ့သူတွေကော.ဘယ်လိုနေလဲ”.
“ နတ်ဆိုးဂိုဏ်းသားတစ်ချို့ လွန်ခဲ့တဲ့ငါးရက်ကပဲ ဖုတ်ကောင်တွေနဲ့ ကြွေ့ယင်တံတားမှာ တိုက်ပွဲဖြစ်ခဲ့ကြတယ်။ အဲ့တုန်းက ထူးချွန်တဲ့ တိုက်ခိုက်သူတွေလဲ ရှိခဲ့တယ်”
ယွင်မြောင်ချင်းက နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပေးလိုက်သည်။
လုယန် ကျောက်စိမ်းပြားကိုယူပြီး ချီစွမ်းအင်ဖြင့် အာရုံခံလိုက်ချိန်မှာ တိုက်ပွဲနေ့က မြင်ကွင်းများစွာက သူ့အာရုံထဲ ဝင်ရောက်လာသည်။
“ သိပြီ၊ ဒီတစ်ခေါက်ကိစ္စမှာ နောက်ကွယ်က ထိန်းချုပ်သူ ရှိနေတာပဲ။ သူက ရှန်းဝူဂိုဏ်းရဲ့ တပည့်တဲ့လား။ သူကိုင်ထားတဲ့ ရှားပါးရတနာက.. ဟမ်”
လုယန် ချက်ချင်း ရပ်တန့်သွားတော့သည်။
“ ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားတဲ့လား”
ထိုသတင်းထဲမှာ ဦးဆောင်သူက ရှန်းဝူဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ထိုသူက ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာကို ကိုင်ဆောင်ထားမှန်း တိကျစွာ မှတ်တမ်းတင်ထားလေသည်။
“ ငါသာအဲ့ဒီရတနာကိုရရင် အရိပ်ဖမ်းသိုင်းကို စတင်ကျင့်ကြံလို့ရပြီ။ အချိန်အနည်းငယ်ကြာပြီးတာနဲ့ အရိပ်ဖမ်းသိုင်းက ငါ့အတွက်အိပ်မက်တစ်ခု မဟုတ်တော့ဘဲ ငါ့အပိုင်ဖြစ်လာတော့မယ်။ ဒီရတနာက သောက်ရမ်းရှားတယ်။ ဒါကတစ်သက်မှာ တစ်ခါပဲရမဲ့အခွင့်အရေးပဲ။ ငါဘယ်လိုမှ လွတ်လို့မရဘူး”
“ ဒါပေမဲ့… ဒီဘဝအတွက် မဟုတ်ရင်လဲ နောက်ဘဝကျမှ ပြောတာပေါ့။ လွတ်တော့လဲ လွတ်ပါစေ”
လုယန် မည်းမှောင်နေသော မျက်နှာနဲ့ ပြန်ထိုင်ချလိုက်သည်။ ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာကို ရှာတွေ့သွားသည့်တိုင်အောင် သူ.နည်းနည်းလေးမှ မပျော်ရွှင်နိုင်ပါချေ။
ထိုအစား သူ၏ နှလုံးသားက အေးစက်စက်ဖြစ်နေကာ သတိကပ်သွားသည်။
“ ငါလိုချင်တဲ့အရာက တံခါးပေါက်အထိ ရောက်လာရအောင်.. ဘယ်မှာ အဲ့လောက် ကံကောင်းလို့လဲ။ ငါက ရှောင်ရှစ်ယီလို ကံတရားသားတော်လဲ မဟုတ်ဘူး”
“ ဒီတစ်ခေါက်လဲ ဖေကံကောင်း လက်ချက်ပဲများလား”
ဤတစ်ကြိမ်မှာလည်း အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူကြီးတစ်ယောက်က နောက်ကွယ်ကနေ ကံတရားကို မွှေနှောက်နေပြန်သည်။ သို့သော် လုယန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ ငါရှေ့မထွက်ဘူးပဲ”
အရိုးတောင်က လက်ရှိမှာ အန္တရာယ်များနေသည်.. မြို့ထဲမှာနေပြီး အစီအမံကိုစောင့်ရှောက်တာက အလုံခြုံဆုံးပဲ။ ထိုအခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူဘက်က မလှုပ်ရှားသရွေ့ သူကလည်း တောင်တစ်တောင်လိုမျိုး တည်ငြိမ်စွာ နေထိုင်မည်ဖြစ်သည်။
“ ငါအပြင်မထွက်တာနဲ့ ရတနာကို မယူနိုင်တော့ဘူးလို့မှ မဆိုလိုတာ”
ဖေးရှ ရှိသေးသည်လေ။
သူမသာ ရတနာကို လုယူပြီး အရိုးဈေးထဲကို ပြန်လာခဲ့လျှင် သူ့အခွင့်အရေးက ရောက်လာမည်မလား။
လုယန် စိတ်ထဲကနေ ဖေးရှကို အားပေးလိုက်ပါတော့သည်။
ထိုသို့ဖြင့် နောက်တစ်နေ့မှာလည်း သွေးတာဝါအတွင်းမှာ လုယန် ကျင့်ကြံနေခဲ့သည်။ သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သောကြောင့် ချက်ချင်း ခေါင်မိုးပေါ် ပျံသန်းသွားလိုက်ကာ မြို့ပြင်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
ဝုန်း
ထိုနေရာမှာ မိုးခြိမ်းသံလို ပေါက်ကွဲသံတွေ အဆက်မပြတ် ထွက်ပေါ်နေပြီး မြေပြင်မှ အလုံးလိုက်တက်လာသော မီးခိုးငွေ့များက ဈေးရှိရာကို လာနေသည်။ ထိုအထဲမှ ဖေးရှ၏ ကိုယ်ပိုင်အလင်းဖြစ်သော သက်တံ့ရောင်အလင်းတစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
“ တစ်ယောက် ပျောက်နေတာလား”
လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ အရိုးတောင်ကို ရောက်လာပြီး အစီအမံမျက်လုံးလေးလုံးကို တာဝန်ယူရသော ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူသည် လုယန်အပါအဝင် လေးယောက်ရှိသည်။ လုယွမ်ချန်း၊ ဖေးရှနှင့် နောက်ထပ် ဂိုဏ်းတူအကိုတစ်ယောက်ပဲ။
သို့ပေမဲ့ လုယွမ်ချန်းနဲ့ ဖေးရှကိုသာ တွေ့နေရသည်။
“ အစီအမံကို အသက်သွင်းမယ်”
လုယန် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်နှင့် အရိုးဈေးကွက်ထဲက တပည့်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ချက်ချင်းပဲ ခံ့ညားသော အစီအမံတစ်ခု အသက်ဝင်လာ၏။
အဆင့်၇ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက ချီသန့်စင်ခြင်းနယ်ပယ်မှာ ထိပ်သီးအစီအမံတစ်ခု ဖြစ်သည်။ ထိုအစီအမံအတွင်းမှာဆိုလျှင် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူကိုတောင် လုယန် အနိုင်ယူနိုင်သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ တစ်စုံတစ်ခု ပြောင်းလဲသွားသည်။
လုယွမ်ချန်းက ရုတ်တရက် အဆောင်စာရွက်တစ်ရွက် ထုတ်ယူပြီး အသက်သွင်းလိုက်သည်နှင့် နဂိုက ပိတ်နေသော အစီအမံကြီးက ရုတ်ချည်း အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
“ ဒါ လက်ဆောင်ပဲ”
ချက်ချင်းဆိုသလို အရိုးဈေးအပြင်ဘက်ကနေ အလွန်စူးရှသော အော်သံတစ်ခု ကြားလိုက်ရသည်။ စိတ်ဝိညာဥ်အလင်းတန်းတွေ အများကြီးက အဘက်ဘက်က ပျံသန်းလာကြကာ ထိုသူတွေက လုယွမ်ချန်း ဖန်တီးထားသော အက်ကွဲကြောင်းကို အစီအမံအသေးလေးတွေဖြင့် ဖြည့်စွက်လိုက်ကြတော့သည်။
လုယန်တောင် တားမြစ်ချိန် မရခဲ့ပေ။
“ ရှန်းဝူဂိုဏ်း”
တစ်ဖက်ရန်သူကို မှတ်မိလိုက်၍ လုယန် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ရှန်းဝူဂိုဏ်းက ဈေးအပြင်မှာ နေရာယူထားပြီး အခုလို အချိန်မှီတိုက်ခိုက်ဖို့ ပြင်ဆင်ထားမှန်း သိသာပါသည်။
ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက ခိုင်မာစွာ ဖွင့်လှစ်ခံလိုက်ရပြီး ရှန်းဝူဂိုဏ်းက အခွင့်အရေးကို အမိအရယူကာ အထဲဝင်လာကြတော့သည်။
တရားခံ လုယွမ်ချန်းကတော့ အေးစက်စက် တစ်ချက်သာကြည့်ပြီး လွတ်မြောက်အလင်းဖြင့် ဆန့်ကျင်ဘက်ကို ပျံသန်းသွားလေရဲ့။
သူ လုပ်လိုက်သည့်ကိစ္စကို ကောင်းမွန်စွာ နားလည်ထားဟန်ရှိပြီး ဂရုစိုက်သောအရိပ်အယောင် တစ်ချက်တောင် မရှိပါချေ။ သူက လွတ်မြောက်ဖို့အတွက် အရိုးဈေးကို ထိုးကျွေးပြီးသည်နှင့် ထွက်ပြေးသွားသည်။
ထိုအခွင့်အရေးကိုသုံးပြီး အရိုးဈေးတစ်ခုလုံးကို ဖျက်ဆီးနိုင်လျှင်လည်း ကောင်းသည်လေ.. မြို့ထဲက ဂိုဏ်းသားတွေကတော့လား။ ကံဆိုးသွားတယ်လို့ပဲ မှတ်လိုက်ကြတော့။
……