အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
Ch 39
( ရန်သူတွေဘက်မှစတင် တိုက်ခိုက်ခြင်း)
“ လုယွမ်ချန်း.. သူတောင်းစား”
အရိုးဈေးအကာအကွယ် အစီအမံ ပွင့်သွားသော မြင်ကွင်းကြောင့် ဖေးရှ၏ မျက်လုံးတွေ နီရဲသွားကာ လုယွမ်ချန်းနှင့် ဆန့်ကျင်ဘက်ကို ပျံသန်းလာလိုက်သည်။
“ မောင်လေးလု”
သူမက ချက်ချင်း အရိုးဈေးအပေါ် ခြေချလိုက်ပြီး ကွဲသွားသော အက်ကွဲကြောင်းအရှေ့မှာ ရပ်လိုက်သည်။
“ ရှန်ဝူဂိုဏ်းသားတွေကို ဈေးထဲ ဝင်ခွင့်ပေးလို့မရဘူး”
ဖေးရှကို ကြည့်နေရင်းမှ လုယန်၏ သူမအပေါ် အမြင်သည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူမ၏ ပုံစံက အခုထိ နှုတ်ခမ်းနီရဲရဲက အထင်းသားရှိနေပြီး ချီစွမ်းအင်အနည်းငယ် အားဖျော့နေသည်မှ လွဲလျှင် ဒဏ်ရာအသေးစားပဲ ရထားတာဖြစ်သည်။ သူမသာ လုယွမ်ချန်းနှင့် အတူလိုက်သွားပါက၊ လွတ်မြောက်နိုင်အုံးမည်.. အခု သူမက အရိုးဈေးမှာ နေခဲ့ဖို့ ရွေးချယ်လိုက်သည်။
သူမက အတွင်းသူလျှိုများလား။
ရှေးဦးသူတော်စင်ဂိုဏ်းထဲမှာ လူကောင်းမရှိသောကြောင့် လုယန် သူမကို ချက်ချင်း သံသယဝင်သွားတော့သည်.. သူမကလည်း သတိပြုမိဟန်ပင်။
“ ဘယ်လိုမှ မလွတ်ဘူး”
သူမက ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ဆက်ပြောသည်။
“ ရှန်းဝူဂိုဏ်းက ဒီတိုက်ခိုက်မှုကို စီစဥ်ထားတာကြာပြီ၊ ထွက်ပြေးလဲ သေမှာပဲ”
“ ဒီမှာနေပြီး တပ်ကူတွေရောက်လာတာ စောင့်မှပဲ ရှင်သန်ဖို့ မျှော်လင့်ချက်ရှိလိမ့်မယ်”
လုယန်၏.သံသယက မပျောက်ကွယ်သေးပါချေ။
“ ဂိုဏ်းတူအမတောင် ဒါကိုသိရင် ဂိုဏ်းတူအကိုလုလဲ သိမှာပဲ။ သူဘာလို့ ထွက်ပြေးသွားရသေးတာလဲ”
“ ဘာလို့ဆို သူနဲ့အတူ ကျောက်စိမ်းရတနာပါသွားလို့ပဲ”
ဖေးရှက စိတ်ပျက်စွာဆက်ပြောလိုက်သည်။
“ ရှန်းဝူဂိုဏ်းဘက်က ဒီတစ်ခေါက်ပြဿနာကို ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာနဲ့ ဖန်တီးခဲ့တာ။ ပြီးတော့အဲ့ဒီအကြောင်းကိုလဲ သေချာသတင်းလွှင့်ပြီး ကျွန်မတို့ဘက်က လာယူမှာကို စောင့်နေခဲ့တယ်။ အဲ့ဒါကို ငါးစာအနေနဲ့ အသုံးချပြီး နှစ်ဖက်ပိတ်တိုက်ဖို့ ကြံစည်တာပဲ။ ဒါပေမဲ့ လုယွမ်ချန်းက ရတနာကို အရမ်းလောဘတက်ပြီး ရှေ့နောက်မစဥ်းစားဘဲ လုပ်လိုက်တာကြောင့် သူတို့ရဲ့ ထောင်ချောက်ထဲ ကျသွားတဲ့အပြင် ညီနောင်ချန်ကိုပါ ဆုံးရှုံးလိုက်ရတယ်”
“ ဒါဆို သူက အပြစ်ပေးခံရတာကနေ ထွက်ပြေးသွားတာပေါ့”
လုယန် သဘောပေါက်လိုက်သည်။ လုယွမ်ချန်းက အပြစ်လုပ်ခဲ့မိသည့်အတွက် အရိုးဈေးမှာ နေခဲ့ပါက၊ မကြာခင်မှာပဲ ဖေးရှ နှင့် ရင်ဆိုင်ရမှာ စိုးသောကြောင့် ထွက်ပြေးသွားတာပဲ။
ထို့ကြောင့် လုယွမ်ချန်းက အခုလို ရက်ရက်စက်စက် ကိုယ့်လူရင်းကိုယ် ထိုးကျွေးသွားတာ ဖြစ်မည်။
လုယွမ်ချန်းအနောက်ကို ဖေးရှ လိုက်မသွားဘဲ ဒီနေရာမှာနေခဲ့တာက ကျိုးကြောင်းသင့်ပါသည်။ သူမ လိုက်သွားလိုက်လျှင်၊ လုယွမ်ချန်းက သူမကို မသတ်ပစ်ဘူးလို့ အာမခံချက်မှ မရှိတာပဲ။
“ နတ်ဆိုးကောင်တွေ မင်းတို့ရဲ့ သေနေ့စေ့ပြီ”
ထိုအသံဆုံးသည်နှင့် မီးတိမ်စိုင်တွေ လွင့်မြောလာသလိုမျိုး အင်အားကောင်းစွာ ရောက်ရှိလာသည့် ချီစွမ်းအင်များက ကောင်းကင်အပြည့် နေရာယူလိုက်သည်။ ခေါင်းဆောင်ဖြစ်ဟန်ရသော သံချပ်ကာဝတ်စုံနှင့် လူတစ်ယောက်က ခက်ထန်စွာ ကြည့်လာလေ၏။
“ အဲ့ဒီလူက နတ်လက်သီး ဝူကျစ်ချုံး ပဲ”
ဖေးရှ၏ မျက်နှာက တည်တံ့သွားကာ ခပ်တိုးတိုးလေး ရှင်းပြလာသည်။
“ဒီလူက ချီသန့်စင်ခြင်းအဆင့်ကိုးကို ရောက်နေပြီး ပြီးပြည့်စုံနယ်ပယ်ကို ရောက်ဖို့ တစ်ဆင့်ပဲလိုတော့တယ်။ မောင်လေးလု သတိထားပါ”
“ ညီနောင်ချန်က အဲ့ဒီလူရဲ့ လက်သီးတစ်ချက်နဲ့တင် ခန္ဓာကိုယ်ပြိုကွဲပြီး သေဆုံးသွားရတာ”
ဖေးရှ၏ ရှင်းပြချက်ပြီးသည်နှင့် ထိုသူက လွတ်မြောက်အလင်းဖြင့် အရိုးဈေးထဲ ဝင်လာသည်။ ထို့နောက် လက်သီးထိုးတော့မည့် အသွင်ဖြင့် လက်ကို အရှိန်ယူကာ အနောက်ပစ်လိုက်သည်။
“ သေပေတော့”
နောက်တစ်စက္ကန့်မှာ လက်သီးချက် ကျရောက်လာ၏။
ထိုးဖောက်နိုင်သော ပေါက်ကွဲမှုစွမ်းအားက အဘက်ဘက်ကို.ပျံ့နှံ့သွားသည်။ ဦးတည်ကျရောက်လာသော လက်သီးချက်က နဂါးတစ်ကောင်၏ အရှိန်အဟုန်လို မြန်ဆန်လှသည်ပင်..တောင်ကြီးတစ်ကောင် ပိကျလာသည့်နှယ် လုယန် ခံစားလိုက်ရ၏။
ဝုန်း
အရေးကြီးအခြေအနေမှာ ဖေးရှက ချက်ချင်း အရှေ့ကို တက်လိုက်ပါသည်။ သူမ၏ ဝတ်ရုံစက လေထဲမှာ လွင့်မြောနေ၏။ သူမ၏ အမိန့်နဲ့ အရောင်စုံတိမ်စိုင်အစုဝေးကြီးက အရှေ့တက်လာပြီး လက်သီးကို ကာဆီးလိုက်တော့သည်။
အရောင်စုံတိမ်စိုင်များက ဝူကျစ်ချုံး၏ လက်သီးကို အတင်းအကျပ်တားဆီးလိုက်ကာ အရိုးဈေးအပြင်ဘက်ကို ပြန်တွန်းပို့နိုင်ခဲ့သည်.. ရလဒ်အနေဖြင့် အရောင်စုံ တိမ်စိုင်များ၏ အလင်းက သိသာစွာအားနည်းသွားသည်။
ဖေးရှ၏.မျက်နှာပင် အနည်းငယ် နောင်တရိပ်သန်းသွားလေသည်။
ထိုအရောင်စုံတိမ်စိုင်များက သူမနှစ်ပေါင်းများစွာ ကြိုးစားသန့်စင်ထားသော ရှီရှားရတနာဖြစ်လေသည်။ အခုတော့ အများကြီး ထိခိုက်သွားသည်။
တစ်ချိန်ထဲမှာပဲ ကောင်းကင်ပေါ်ကနေ နောက်ထပ် စိတ်ဝိညာဥ်အလင်းတန်းတစ်ခု ရောက်ရှိလာပြန်သည်။
ထွက်ပေါ်လာသော လုယွမ်ချန်း၏ မျက်နှာကြီးက တည်တင်းနေကာ၊ အနောက်မှာလည်း နောက်ထပ် ကျင့်ကြံသူတစ်ယောက် ပါသည်။
“တာအိုပညာရှင် ထျန်းမူယွမ်”
ထိုသူကို သူမ မှတ်မိသွားလေသည်။ ထိုသူက သူမထက် ကျင့်ကြံဆင့်မနိမ့်သော ရှန်းဝူဂိုဏ်း၏ ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ပဲ။
“ လုယွမ်ချန်း၊ မသေချင်ရင် ငါတို့နဲ့ပူးပေါင်းလိုက်”
သူမက နက်ရှိုင်းစွာ ပြောလိုက်သည်။
ရှန်းဝူဂိုဏ်းက အတင်းတိုးဝင်လာလျှင်တောင်မှ သူမတို့ဘက်မှ ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူ သုံးယောက်ရှိနေလျှင် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိပါသည်။
လုယန်က တိုက်ခိုက်စွမ်းရည် မရှိသေးလျှင်တောင်မှ ချီသန့်စင်ခြင်းအစောပိုင်းနဲ့ အလယ်ပိုင်း ကျင့်ကြံသူတွေကို ကိုင်တွယ်နိုင်ပေမည်။ သူမနဲ့ လုယွမ်ချန်းက ဝူကျစ်ချုံးနဲ့ ထျန်းမူယွမ်ကို တားထားပေးပြီး လုယန်ကို ရှစ်ဝူဂိုဏ်း၏ ကျန်တပည့်များကို တိုက်ခိုက် ခိုင်းလိုက်ပါက အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်။
“ .. ကောင်းပြီ၊ မသေမချင်းတိုက်ပြီး အချိန်ဆွဲကြတာပေါ့”
လုယွမ်ချန်း အသက်တစ်ချက်ရှူသွင်းပြီး အသက်ဓာတ်ကို လောင်ကျွမ်းစေလိုက်သည်။ သူ၏ နဖူးစည်းမှ အနီရောင်အလင်းတွေ ဖြာထွက်လာပြီး သူ၏ အရောင်အဝါကလည်း အဆပေါင်းများစွာ ကြောက်ဖို့ကောင်းသွား၏။
ဖေးရှ နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။
လုယွမ်ချန်းက အခြေခံတည်ထောင်ခြင်းနယ်ပယ် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ တပည့်ဖြစ်သောကြောင့် အရည်အချင်းရှိရမည်.. သူမတို့သာ ပူးပေါင်း တိုက်ခိုက်ပါက၊ရန်သူကို သေချာပေါက် ထိန်းသိမ်းနိုင်မှာပင်။
ဖေးရှ အချိန်မဆွဲတော့ဘဲ သူမ၏ ရှီရှားတိမ်စိုင်ကို ပြန်အသက်သွင်းလိုက်သည်။
“ သူ့ကိုတား”
လုယွမ်ချန်း၏ တိုက်ခိုက်မှုက ဘယ်လိုပုံစံ ဖြစ်မလဲဆိုတာကို ဝူကျစ်ချုံး မသိသော်လည်း သူ ခွင့်ပြုမပေးနိုင်ပါချေ။ သူ ချက်ချင်းပဲ ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး လုယွမ်ချန်းရှိရာကို အလင်းတစ်ခု ပစ်လိုက်ကာ သတ်ခိုင်းလိုက်သည်။
ဖေးရှကလည်း သူမ၏ ချီစွမ်းအင်တွေကို အဆုံးထိ အသက်သွင်းရင်း ရှန်းဝူဂိုဏ်း၏ နောက်ထပ် ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူဖြစ်သော ထျန်းမူယွင်ကို တားဆီးဖို့ လုပ်လိုက်သည်။ သူမက တစ်ဆတ်ထဲမှာ လုယန်ကို အော်ဟစ်လိုက်သည်။
“ မောင်လေးလု၊ အမြန် ဝူကျစ်ချုံးကို တားလိုက်။ သူ့ကိုတားနိုင်ရင် ဒီအခြေအနေကနေ အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်”
“ လုယန်လား… သူက သာမာန်တပည့်တစ်ယောက် မလား။ ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာတော့ရော၊ သူက ဘာအသုံးကျမှာမလို့လဲ”
လုယန်ကို ကြည့်နေရင်းမှ လုယွမ်ချန်း စိတ်ထဲမှ လှောင်ပြောင်လိုက်တော့၏။
လုယန်ဆိုတာ ဒီတိုင်း လူမသိသူမသိ တပည့်တစ်ယောက်ပဲ.. ကံကောင်းပြီး ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာသော ငစနူတစ်ကောင်က သူ့လိုမျိုး အခြေခံတည်ထောင်ခြင်းဆရာကြီး၏ တပည့်နှင့် နှိုင်းယှဥ်လို့ ရနိုင်မည်လား။
လုယွမ်ချန်း၏ သံသယတွေ ပိုခိုင်မာလာတော့သည်။
ဖေးရှဘက်က အနိုင်ရနိုင်မည်လို့ ဘယ်လိုပဲ တွေးနေပါစေ၊ လုယွမ်ချန်းအမြင်မှာတော့ ဖေးရှက ကိုယ့်ကိုယ်ကို လှည့်ဖျားနေတာပဲ။
ဖုတ်ကောင်တွေ မကြာခင်မှာ ရောက်လာတော့မည်။
ရှန်းဝူဂိုဏ်းကလူတွေကို တိုက်ခိုက်နိုင်ခဲ့လျှင်တောင်မှ အစီအမံက အက်ကြောင်း ရှိနေသရွေ့ ဖုတ်ကောင်တွေ ရောက်လာတာနဲ့ သူတို့တွေ သေရမှာပဲ။
လုယွမ်ချန်း လှုပ်ရှားလိုက်တော့သည်။
“ နတ်အစွမ်းတွေ စုဝေးစေ”
လုယွမ်ချန်း၏ ထိုအသံကြောင့် ဖေးရှ မော့ကြည့်လိုက်ချိန်မှာ သူမ မထင်ထားစွာ ဝမ်းသာသွားတော့၏။ လုယွမ်ချန်း၏ ခန္ဓာကိုယ်က အနီရောင်အလင်းက ပိုမိုသိပ်သည်းလာပြီး အဆုံးမှာ နတ်ဆိုးအရိပ်အဖြစ် ပြောင်းလဲလာသည်။
လုယွမ်ချန်းက ဝူကျစ်ချုံးကို အခုလို ကိုတိုက်ရိုက် တိုက်ခိုက်လိမ့်မည်လို့ သူမ မထင်ထားခဲ့ပေ။
ဝူကျစ်ချုံး မသေလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရသွားမည်ဆိုလျှင် သူမတို့ မျှော်လင့်ချက်ရှိနိုင်ပါသည်။
သို့သော်..
“ သွေးအရိပ်လွတ်မြောက်ခြင်းသိုင်း”
နောက်တစ်စက္ကန့်မှာ လုယွမ်ချန်း၏ ပုံရိပ်က ပျောက်ကွယ်သွားလေကာ.. ဟိုး မီတာပေါင်းသောင်းချီအဝေးမှာ အနီရောင်အလင်းတစ်ချက် မြင်လိုက်ရပြီး ထိုအလင်းက အရိုးတောင်၏ အစွန်းပိုင်းကို အလျှင်မြန်ဆုံးအရှိန်ဖြင့် အပြေးသွားနေခဲ့သည်။
ဖေးရှ လုံးဝကို ကြောင်အမ်းသွားလေ၏။
သူမက လုယွမ်ချန်း၏ အရှက်မဲ့မှုကို လျော့တွက်ခဲ့မိတာပဲ။ ထိုသူတောင်းစားက သူမတို့နှင့် ပူးပေါင်းသလို ဟန်ဆောင်နေရင်း အဆုံးမှာ သူမကို အကာအကွယ်အဖြစ် အသုံးချသွားပြီး ကိုယ်လွတ်ရုန်းသွားလေပြီ။
သို့ပေမဲ့လည်း ထိုအချိန်မှာ အရိုးတောင်အစွန်းပိုင်းက ကောင်းကင်ကြီးက ရုတ်ချည်း မည်းမှောင်သွားသည်။
“ ထွက်ပြေးချင်တယ်ပေါ့လေ”
အေးစက်သော အသံတစ်ချက်သာကြားလိုက်ရပြီး လုယွမ်ချန်း ပြောင်းလဲထားသော အနီရောင်အလင်းသည်လည်း ရပ်တန့်သွားသည်။ လုယွမ်ချန်း၏ စိတ်ပျက်လက်ပျက် အော်သံနှင့်အတူ ထိုအလင်းတန်းက အရိုးဈေးကို ပြန်ပါလာခဲ့သည်။
“ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်လား”
သူ၏ အသက်စွမ်းအင်အားလုံးကို အသုံးပြုပြီး ထုတ်ဖော်ထားသော အနီရောင်အလင်းကို ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူမဟုတ်လျှင် တားမြစ်နိုင်မည် မဟုတ်ပါချေ။
“ ကောင်းကင်ဘုံက ငါ့ကို ဖျက်ဆီးချင်နေတာပဲ”
လုယွမ်ချန်း.ဘယ်လိုမှ ပြန်မလိုက်ချင်ပါချေ။ သူ့လက်ထဲမှာ ရှားပါးရတနာဖြစ်သော ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာ ရှိနေသေးသည်။ သူသာ လွတ်မြောက်သရွေ့ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ထိုအတွက် ဆုချီးမြှင့်မှာပင်။
ကျောက်ရှဟယ်ကို ဆရာက စွန့်ပစ်လိုက်သည့်အတွက် လက်ရှိအချိန်က သူ့အတွက် ဖျာဝင်ခင်းဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်သည်လေ။
အခုတော့ အရာအားလုံး ပျက်ဆီးရတော့မည်..
ထိုအချိန်မှာပဲ လုယန်၏ အသံကို လုယွမ်ချန်း ကြားလိုက်ရသည်။
“ အကိုလု၊ အရိုးဈေးကို.အရင်ပြန်လိုက်ခဲ့ပါ”
“ အခုမှတော့ ဘာအသုံးဝင်တော့မှာလဲ”
လုယွမ်ချန်းတစ်ယောက် စိတ်ပျက်ခြင်းကြီးလွန်း၍ လုယန်ကိုတောင် ဂရုမစိုက်အားတော့ပေ။ လုယန်က သူ့ထက်ပိုသန်မာနေလျှင်ကော ဘာထူးမှာလဲ။ မကြာခင် နှစ်ယောက်လုံး သေရတော့မှာပဲ။
နောက်တစ်စက္ကန့်မှာ လုယန် နောက်ဆုံးတော့ အရှေ့ထွက်လိုက်သည်။ လေထဲမှာ သူ၏ဝတ်ရုံစက လွင့်မြောနေလေရဲ့။
သူချက်ချင်းပဲ အစီအမံတွေအများကြီး ဖန်တီးလိုက်ကာ ရှန်ဝူဂိုဏ်း၏ အက်ကွဲကြောင်းကို တောင့်ခံထားသော အစီအမံအသေးများကို ဖျက်ဆီးလိုက်သည်။ ပြီးသည်နှင့် ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို အမိန့်ပေးပြီး အက်ကွဲကြောင်းကိို ပိတ်ဆို့လိုက်သည်။
ဝုန်း
ချက်ချင်းဆိုသလို ပုံစံကွက်များပါဝင်နေသော အလင်းအကာအကွယ်စည်းက ဈေးကို ပြင်ပကမ္ဘာမှ ပိုင်းခြားလိုက်တော့၏။ ထိုသို့ဖြင့် အရိုးဈေး၏ မဟာအစီအမံကြီး ရုပ်လုံးပြန်ပေါ်လာလေသည်။
“..အာ”
ထိုမြင်ကွင်းကြောင့် လုယွမ်ချန်း၏ မျက်လုံးတွေ ပြူးကျယ်သွားပြီး ချက်ချင်း အော်ဟစ်လိုက်ရင်းမှ သွေးအလင်းအသွင်ဖြင့် အရ်ိုးဈေးဘက်ကို ပျံသန်းလာပါတော့သည်။
“ ညီလေးလု၊ ကယ်ပါအုံး”
…….
Ch 40
( တိုက်ပွဲအစစ်အမှန်)
“ အစီအမံ အသက်ဝင်စေ”
အရိုးဈေး၏ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံ အသက်ဝင်လာမှုက ဝူကျစ်ရှုံးနှင့် ထျန်းမူယွင်ကို ပိုင်းခြားလိုက်သည်။
ထိုအခွင့်အရေးကိုမြင်သည်နှင့် လုယွမ်ချန်းကလည်း အနီရောင်အလင်း အသွင်ပြောင်းကာ အထဲပြေးဝင်လေသည်။
အစီအမံကြီးက လုယွမ်ချန်းကိုသာ တုံ့ပြန်မှုပြုပြီး ဝင်ခိုင်းလိုက်ကာ သူစိမ်းတွေအတွက် အခွင့်အရေးတစ်ခုတောင် မပေးခဲ့ချေ။
“ ကယ်တင်ပေးလို့ အများကြီးကျေးဇူးတင်ပါတယ် ညီလေးလု”
အစီအမံအတွင်းကို ရောက်လာမှပဲ လုယွမ်ချန်းက လူပုံစံ ပြန်ပြောင်းလိုက်၏။ သူ၏မျက်နှာက ဖြူဖွေးနေကာ၊ အံ့သြမှုနှင့် မရေရာမှုတို့ ရောနှောနေခဲ့သည်။
“ ညီလေးလုက အစီအမံပညာရှင်တစ်ယောက်လား”
ပြန်လမ်းမဲ့အစီအမံက လုယန်၏ အမိန့်တစ်ချက်အောက်မှာ တုံ့ပြန်မှုပြုပြီး နာခံခဲ့သည်မလား။
“ အထင်ကြီးနေပါပြီ၊ ကျွန်တော်က ဒီတိုင်း အဆင့်ကိုးအစီအမံပညာရှင်လေး တစ်ယောက်ပါ”
လုယန် အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။
“ နေ့စဥ်ရက်ဆက် လေ့လာပြီးတော့မှ ဒီအစီအမံရဲ့ အစွမ်းနည်းနည်းလောက်ကို ထုတ်သုံးနိုင်ခဲ့တာ”
လုယန်က ရိုးရှင်းစွာ ပြောလိုက်သော်လည်း လုယွမ်ချန်း၏ မျက်နှာက တည်ငြိမ်သွား၏။
ပညာရပ်ကြီးလေးရပ်အတွင်းမှာ အစီအမံပညာရပ်က ထိပ်သီးလို့ပြောလို့ရသည်။
ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်က အဆင့်ကိုးအစီအမံပညာရှင် ဖြစ်နေလျှင်.. ထိုသူ့ကို ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူလို့ ပြောနိုင်ပါ၏။
“ ဒါနဲ့ အကိုလု ဒီတစ်ကြိမ်မှာ အများကြီးရလိုက်တယ်ကြားတယ်။ အမှန်ပဲလား”
လုယန်၏ အပြုံးတစ်ဝက်ဖြင့် မေးခွန်းကြောင့် လုယွမ်ချန်း တဖြည်းဖြည်း တောင့်တင်းသွားကာ ချွေးစေးတွေ ပြန်လာတော့သည်။
သို့ပေမဲ့ သူချက်ချင်း ပြန်ထိန်းလိုက်နိုင်ကာ
“ အကိုက ညီလေးလုအတွက် ဒီ ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာကို သိမ်းပေးခဲ့တာပါ၊ ရော့.. ပေးမယ်နော်”
လုယွမ်ချန်းက ချက်ချင်းပဲ သေတ္တာငယ်တစ်ခုကို ထုတ်ကာ အဖုံးဖွင့်ပြလိုက်သည်။ အထဲမှာ လေဝင်ပေါက်ခုနှစ်ခုနှင့် လူသားပုံစံ ဆင်တူသော အဖြူရောင်ကျောက်စိမ်းတစ်ခု ရှိလေသည်။.
ဉာဏ်ရှိသောယောက်ျားက အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်နိုင်ကြသည်။
လုယွမ်ချန်းက ရှေးဦးသူတော်စင်ဂိုဏ်း၏ အတွေ့အကြုံရှိ တပည့်တစ်ယောက်ပဲ။ သူသာ အခု ရတနာထုတ်မပေးလိုက်လျှင် စစ်ပွဲရှေ့တန်းမှာ စတေးခံရမည့်အကြောင်းကို မသိစရာလား။
ထို့အပြင် ရှန်းဝူဂိုဏ်းဘက်မှာ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတစ်ဦးရှိနေသည်။ ရတနာကို သိမ်းထားမည့်အစား လူသိရှင်ကြားလွှဲပြောင်းပေးလိုက်တာက ပိုကောင်းပါသည်။ ရှန်းဝူဂိုဏ်း၏ အာရုံစိုက်မှုတွေကို လုယန်ဘက်ရောက်အောင် လွှဲပြောင်းလို့ ရသွားတာပေါ့။
“ ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာ”
လုယန် ကျေနပ်စွာခေါင်းညိတ်ပြီးသည်နှင့် ထိုသေတ္တာငယ်ကို သိလှောင်အိတ်ထဲ အရင်ဆုံးသိမ်းဆည်းလိုက်သည်။ ထို့နောက် အကာအကွယ်အစီအမံ အပြင်မှာ ရပ်နေကြသော လူတွေကို.တည်ငြိမ်စွာ လှည့်ကြည့်လိုက်သည်။
ငယ်ရွယ်သော လူရွယ်တစ်ယောက်က လက်ထဲမှာ လှံတစ်ခုကိုင်ထားကာ ရပ်နေခဲ့တာပင်... ထိုသူက ခေါင်းမှာလည်း သံချပ်ကာဦးထုပ်ဆောင်းထားသလို၊ သံချပ်ကာအင်္ကျီကိုလည်း ဝတ်ဆင်ထားသည်။ ထိုသူ၏ ငွေဖြူရောင် လှံမှာ နဂါးပုံထွင်းထားလေသည်။ ထိုသူ၏.ပုံစံက ကျင့်ကြံသူတစ်ယောက်ဆိုသည်ထက်.. လူသားတွေ၏ စစ်သူကြီးပုံစံ ပိုပေါက်သည်။
“ အဆင့်ကိုးအစီအမံပညာရှင်လား”
ထိုသူ၏.အကြည့်က ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ဖောက်ထွင်းပြီး အထဲမှာ ထိန်းချုပ်နေသော လုယန်ကို လှမ်းမြင်နေရသည့်နှယ် စူးရှသည်။
“ ဒီလိုအလှည့်အပြောင်းကိုတော့ မမျှော်လင့်ထားမိဘူးပဲ”
ထိုအချိန်မှာပဲ ဝူကျစ်ချုံးနဲ့ ထျန်းမူယွင်ပါ အနားရောက်လာကာ အသစ်ရောက်လာသူကို အရိုအသေပေးလိုက်ကြသည်။
“ ကျွန်တော်တို့ တာဝန်မကျေပွန်တဲ့အတွက် ဂိုဏ်းတူအကို အိုးယန် စိတ်ပျက်ရပါပြီ”
“ ကိစ္စမရှိဘူး”
ဟောက်အိုးယန်က ပုံမှန်လို ခေါင်းယမ်းလိုက်သည်။
“ နတ်ဆိုးကောင်တွေက အမြဲတမ်းကောက်ကျစ်တယ်၊ ဂိုဏ်းတူညီလေးတို့နှစ်ယောက် သတိမမူမိတာ ဖြစ်တတ်ပါတယ်။ မင်းတို့ရဲ့ အပြစ်ကို လုပ်ဆောင်မှုနဲ့ ချေဖျက်လိုက်ကြပေါ့”
ထို့နောက် ထိုသူက သတ်ဖြတ်လိုရိပ် အပြည့်ဖြင့် အရိုးတောင်ကို လှမ်းကြည့်လိုက်သည်။
“ ဂိုဏ်းက ဒီတိုက်ခိုက်မှုအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားရတာ၊ ဘယ်လို မှားယွင်းမှုကိုမှ ခွင့်ပြုပေးလို့မရဘူး။ တစ်ခြား အပြောင်းအလဲတွေ ရှိမလာအောင်လို့ ဒီနေရာကကောင်တွေကို အရင်သတ်ရမယ်”
နောက်တစ်စက္ကန့်မှာပဲ ဟောက်အိုးယန်က ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် အစွမ်းကို အပြည့်ဖော်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို နားဆူစေသော တိုက်ပွဲငိုသံများနှင့်အတူ ချီစွမ်းအင်တွေအများကြီး ထိုးထွက်လာခဲ့၏။ အနောက်မှာရှိနေသော သံချပ်ကာဝတ်တပ်သားများကလည်း ချက်ချင်း အစွမ်းထောက်ပံ့လာကြသည်။
“ ချိုးဖျက်လိုက်စမ်း”
မိုးခြိမ်းသံလို အလွန်ကြောက်ဖို့ကောင်းသော ဟိန်းသံကြီးက အရှိန်ပြင်းစွာ အရိုးဈေးကို သွားရိုက်လေတော့သည်။ ကျင့်ကြံဆင့်နိမ့်သော တပ်သားတစ်ချို့ မခံစားနိုင်စွာ သွေးအန်လိုက်ကြသည်။
“ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်”
အစီအမံအတွင်းက လုယန်၏ မျက်နှာလည်း တည်တံ့သွားသည်။ ချီသန့်စင်ခြင်းထိပ်သီးကို ရောက်နေသည့် ထိုသို့သော ပုဂ္ဂိုလ်မျိုးက ဂိုဏ်းအတွင်းမှာ ကျင့်ကြံဆင့်မြင့်ကြသလို.. ရာထူးရှိကြသည်။
မလွဲမသေ ထိုသူက စစ်မှန်တပည့်တစ်ယောက် ဖြစ်ပါလိမ့်မည်..
မြောက်ပိုင်းနယ်မြေ ရှန်းဝူဂိုဏ်းက ရှေးဦးသူတော်စင်ဂိုဏ်းနှင့် နှိုင်းယှဥ်လျှင် အလွန်မကြီးမားသောငှား သူတို့ဆီမှာ စစ်မှန်တပည့်တွေပဲ သင်ယူနိုင်သော အလွန်ကြမ်းသည့် သိုင်းများစွာရှိသည်။
“ ဒီကောင်သာ ကြီးမြတ်သောနတ်အစွမ်းကို ကျွမ်းကျင်နေရင် ငါချက်ချင်း အစီအမံကိုထားခဲ့ပြီး ပြေးမယ်”
ထွက်ပြေးဖို့ တစ်ခါထဲ အသင့်ပြင်ထားလိုက်ရင်း လုယန် အစီအမံအစွန်းနားကို တိုးကာ ဟောက်အိုးယန်ကို ထိပ်တိုက်တွေ့လိုက်တော့၏။
“ ကျွန်တော်က လုယန်ပါ.. ဒီဖက်ကပုဂ္ဂိုလ်ရဲ့ နာမည်ကို သိခွင့်ရှိမလား”
“ မင်းကမတန်ဘူး” ဟောက်အိုးယန်က မျက်နှာကိုမဲ့လိုက်ပြီးမှ ဆက်ပြောလေသည်။
“ မင်းမှာ စဥ်းစားဉာဏ်ရှိတယ်ဆိုရင် အခုပဲ လက်နက်ချလိုက်။ ငါ ညှာတာတဲ့အနေနဲ့ မင်းရဲ့ကျင့်ကြံဆင့်ကိုပဲ ဖျက်ဆီးပြီး အသက်ချမ်းသာပေးမယ်။ ဒါပေမဲ့ မင်းသာ ခုခံဖို့ ရွေးချယ်လို့ကတော့ ဒီအစီအမံပျက်ဆီးတဲ့နေ့က အထဲမှာရှိတဲ့ ခွေးတွေကြက်တွေ တစ်ကောင်မှ အသက်ရှင်ခွင့်မရှိမဲ့နေ့ပဲ”
“ ဒီအချင်းချင်းသတ်ဖြတ်နေတာက ဘယ်တော့မှ အဆုံးသတ်တော့မှာလဲ”
လုယန် အပြုံးတစ်ခုဖြင့် လေသံကို မပြောင်းဘဲ ဆက်ပြောလိုက်သည်။
“ ကျုပ်တို့က လမ်းကြောင်းမတူကြဘူးဆိုပေမဲ့ ကျုပ်တို့က ကိုယ့်ဘာသာနေနေကြတာပါ။ ကျုပ်ကို မျက်နှာသာပေးလို့ မရဘူးလား”
“ မင်းကို မျက်နှာသာပေးရမယ် ဟုတ်လား”
ဟောက်အိုးယန် ကျယ်လောင်စွာ ရယ်မောတော့သည်။
“ လေကြီးလေကျယ် ကောင်ပဲ။ ချီသန့်စင်ခြင်းအဆင့်ရှစ်ပဲ ရှိတဲ့ ဖွတ်ကများ.. ငါမင်းကို မျက်နှာသာမပေးဘူးကွာ။ ဘာဖြစ်ချင်သလဲ”
“ စိတ်ရှုတ်စရာပဲ”
လုယန် ခေါင်းယမ်းလိုက်တော့သည်။
“ ဒါဆိုလဲ မင်း အစီအမံကို လာဖျက်ဆီးကြည့်လေ”
“ သေချင်နေတာပဲ” ဟောက်အိုးယန်၏ မျက်လုံးက လူသတ်ငွေ့တွေ စူးလက်လာ၏။ သူ၏ အသက်စွမ်းအင်နှင့် သွေးမြူခိုးများက ချက်ချင်း လွှမ်းခြုံလာလေကာ.. ထိုသူက လက်သီးတစ်ချက်ကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်သည်။
ကြည့်လိုက်လျှင် ချီစွမ်းအင်တစ်စက်တောင် အသုံးမပြုထားသလို ထင်ရပေမဲ့ လုယန် လျစ်လျူမရှုရဲစွာဘဲ သွေးယန်ဓားကို ချက်ချင်းထုတ်လိုက်ပြီး ဟောက်အိုးယန်၏ တိုက်ချက်ကို ပြန်ခုခံလိုက်သည်။ ချက်ချင်းပဲ ဓားချက်နှင့် လက်သီးတွေ့ဆုံလေကာ.. မထိန်းချုပ်နိုင်သော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်အဘက်ဘက်ကို စွမ်းအင်များ ပျံ့ကျဲသွားသည်။
ဟောက်အိုးယန်က အချိန်မဆွဲဘဲ နောက်ထပ် လက်သီးတစ်ရာလောက်ကို မျက်စိတမှိတ်အတွင်း ပစ်သွင်းလိုက်သည်။
ရှန်းဝူဂိုဏ်းက တစ်ခြားဂိုဏ်းများနှင့် မတူဘဲ ခန္ဓာကိုယ်ပိုင်းအသာပေးကာ သိုင်းအများစုကလည်း လက်သီးနဲ့ခြေထောက်ကို အသုံးပြုသည်။ အနီးကပ်တိုက်ခိုက်မှုမှာဆိုလျှင် သူတို့၏ လျှင်မြန်မှုက ဓားကျင့်ကြံသူများထက်တောင် ပိုမြန်သည်။
“ မြှားမိုး”
ဟောက်အိုးယန် လေးဆွဲသည့်ဟန်ပန်ဖြင့် တံတောင်ကို အနောက်ဆွဲလိုက်ပြီး မြှားပစ်လိုက်သည်.. လက်သီးအရိပ်ပေါင်းများစွာက လေထဲမှ မြှားမိုးရွာချလိုက်သည့်နှယ် လုယန်ရှိရာကို ပြေးဝင်လာတော့၏။
ဝုန်း
ပေါက်ကွဲသံများကြားမှ လုယန်တစ်ယောက် သူ့ပတ်ဝန်းကျင်၏ စိတ်ဝိညာဥ်စွမ်းအင်တွေအားလုံး ခမ်းခြောက်သွားသလို ခံစားလိုက်ရသည်။ ထိုစိတ်ဝိညာဥ်စွမ်းအင်တွေနေရာမှာ ထောင်ချီသော လက်သီးအရိပ်တွေသာ ဝင်လာပြီး သူ့ကို အမှုန့်ချေဖို့ ဦးတည်နေလေရဲ့။
ပြန်တိုက်ဖို့အခွင့်အရေးတောင် မပေးသော လက်သီးတစ်ထောင်က တစ်ကယ်ကို ကြီးမြတ်သောနတ်စွမ်းအား ပီသပါပေသည်။
ဟောက်အိုးယန်က လုယန်ကို အဖက်မလုပ်သလို အထင်သေးစွာ ပြောဆိုခဲ့သော်လည်း တိုက်ခိုက်သည့်အချိန်မှာတော့ နည်းနည်းလေးတောင် လျစ်လျူမရှုဘဲ အကုန်ထုတ်သုံးခဲ့သည်။
ပေါက်ကွဲနေသော ချီစွမ်းအင်များက အလုံးအရင်းလိုက် ဝင်ရောက်လာသည်။ လက်သီးအရိပ်တစ်ထောင်အောင်မှာ လုယန် ဆယ်စက္ကန့်တောင် မခံနိုင်ခဲ့ဘဲ သူ ထုတ်ထားသော ဓားအလင်းလဲ ကွဲကြေသွားပြီး မျက်စိတမှိတ်အတွင်း အရိုးစုအပိုင်းများအဖြစ် လေပေါ်ပျံ့ကျဲသွားလေသည်။
ဟောက်အိုးယန်က သူ၏ လက်သီးအရိပ်တွေကို ရုတ်သိမ်းလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်နေသည်။
ထိုအချိန်မှာပဲ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံ အပေါ်မှာ တဖြည်းဖြည်း ပုံရိပ်တစ်ခု ပြန်စုဝေးလာသည်.. ထိုသူက ထိခိုက်မှုလေး နည်းနည်းတောင်မရှိသော လုယန် ပင်။
“ မိတ်ဆွေရဲ့ လက်သီးအစွမ်းက အံ့မခန်းပဲ ကျုပ်လေးစားသွားပြီဗျာ”
ဟောက်အိုးယန်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ ထပ်မံမြှားမိုးရွာချသည်။ လုယန်ကလည်း ခေါင်းမာစွာပဲ ဓားအလင်းဖြင့် ပြန်ခုခံသည်။ ထိုသို့ဖြင့် ဆယ်စက္ကန့်အကြာမှာ လုယန်၏ပုံရိပ်က ပေါက်ကွဲသွားပြန်သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ မပြောင်းမလဲ မျက်နှာထားဖြင့် ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကနေ ထွက်လာပြန်သော ထိခိုက်မှုမရှိသည့် လုယန်ကို မြင်လိုက်ရသည်။ လုယန်၏ ဝတ်ရုံစက လေထဲမှာ တလွင့်လွင့် မြောနေပြီး.. သူက လက်နှစ်ဖက်ကို အရိုအသေပေးဟန် ယှက်လိုက်ကာ
“ ဘယ်လိုလဲ မိတ်ဆွေ၊ တိုက်ချင်သေးလား”
“ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံ.. တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ”
ဟောက်အိုးယန်၏ မျက်နှာက တည်ငြိမ်သွားလေ၏။
ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက အဆင့်၇ အစီအမံတစ်ခုဖြစ်ပြီး အရိုးတပ်သားတစ်ရာနဲ့ ဖန်တီးထားတာဖြစ်သည်။ အစီအမံအတွင်းက ကျင့်ကြံသူက အစွမ်း တစ်ရာပုံတစ်ပုံကို အသုံးပြုပြီး အရိုးတပ်သားတွေ၏ ခန္ဓာကိုယ်ကို အငှားသုံးနိုင်သည်။
ထိုပုံစံဖြင့် ဖန်တီးထားသော အရိုးတပ်သားက ရန်သူကိုအနိုင်ယူနိုင်လျှင် ကိစ္စကောင်းပေမဲ့ ရှုံးနိမ့်ခဲ့လျှင်လည်း မူရင်းကိုယ်က ထိခိုက်မည် မဟုတ်ပေ။ ထို့အပြင် အစီအမံသာ အသက်ဝင်နေသရွေ့ လျော့နည်းသွားသော အရိုးတပ်သားကို ပြန်ဖြည့်တင်း နိုင်လေသည်။
ဟောက်အိုးယန် အပြင်ဘက်ကနေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ အကျိုးထူးလာမှာ မဟုတ်ပေ။ အကယ်လို့ သူသာ အထဲဝင်လို့ရသွားပါက၊ ထို လုယန်ဆိုသောကောင် အရိုးတပ်သားတွေအားလုံး ဆင့်ခေါ်ခဲ့လျှင်တောင်မှ သူ၏ ချီသန့်စင်ခြင်းပြီးပြည့်စုံစွမ်းအားဖြင့် အရိုးတစ်ခြားအသားတစ်ခြား ဖြစ်ရလိမ့်မည်။
ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက တကယ်ကို တိုက်ရခက်သည့်အစီအရင်ပဲ။