← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) ရက်စက်လှသော ဧကရီ၏ မီးပင်လယ်ကြားမှ နိဂုံး

ယွီးရှောင်ရှောင်တစ်ယောက် ကြေးဝါကြေးမုံရှေ့ထိုင်ပြီး ငိုင်နေမိတယ်။ ပုံရိပ်ယောင်ထဲက မိန်းမငယ်လေးဟာ ၁၃ နှစ်သာသာရယ်၊ နန်းဝတ်နန်းစားအပြည့် ဝတ်ဆင်ထားတယ်။ သူမရဲ့ သွယ်တန်းနက်မှောင်တဲ့ မျက်ခုံးတွေနဲ့ မျက်ဝန်းလှလှတစ်စုံဟာ ဖြူဝင်းတဲ့ အသားအရေနဲ့ ပနံသင့်လှတယ်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူမက သက်သောင့်သက်သာ ခြေမွှေး လက်မွှေးမီးမလောင်တဲ့ ရွှေပေါ်မြတင် ဘဝမှာ နေရသူမှန်း သိသာနေတယ်။ ကမ္ဘာပျက်ကပ်မှာ နေခဲ့ရပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ဇွန်ဘီတွေနဲ့ နေ့တိုင်းလိုလို တိုက်ခိုက်နေခဲ့ရတာ။ အခုတော့ သူမ သေဆုံးပြီးနောက် ဇွန်ဘီတွေမရှိတဲ့ လောကမှာ ပြန်လည်နိုးထလာရပြီ။ ဒါဟာ ဝမ်းပန်းတသာ အောင်ပွဲခံနေရမဲ့ အဖြစ်မျိုးပဲ။ ဒါပေမဲ့ ယွီးရှောင်ရှောင် မပျော်နိုင်ဘူး။

လွန်ခဲ့တဲ့ နှစ်နာရီလောက်ကပဲ ယွီးရှောင်ရှောင် ဒီကလေးမရဲ့ ဘဝတစ်ခုလုံးအဖြစ်သနစ်တွေကို ရုပ်ရှင်ကြည့်ရသလို မြင်ခဲ့ရတာ။ မြင်ခဲ့ရသမျှကို လျစ်လျူရှုပစ်လိုက်ဖို့ ခက်ခဲတယ်။ ဒီကောင်မလေး ဘဝက သူမဦးနှောက်ထဲမှာ လာဖြစ်တည်နေသလို အတွေးထဲ ခေါင်းထဲကနေ လုံးဝကို ပယ်ထုတ်လို့ မရခဲ့တာ။ သူမ မျက်လုံးမှိတ်လိုက်တာတောင်မှ မိုးကုပ်စက်ဝိုင်းတစ်ခြမ်းလုံး နီမြန်းသွားစေနိုင်တဲ့ မီးလျှံမီးတောက်ကြီးတွေကို မြင်ရနေသေးတယ်။ မီးလျှံတွေရဲ့ အလယ်မှာတော့ ပြည့်ရှင် ဧကရာဇ်တွေသာ ဝတ်ရတဲ့ နဂါးဝတ်ရုံကို အမျိုးသမီးတစ်ယောက်က ဆင်ယင်ထားတယ်။ သူမ ရုန်းကန်တယ်။ အော်ဟစ်ငိုယိုနေတယ်။ မိန်းကလေးရဲ့ အတိတ်က ဖြစ်ပျက်ခဲ့သမျှ ပုံရိပ်တွေဟာ မီးလျံတွေကြားကနေ တရိပ်ရိပ် တရေးရေးပေါ်လို့လာတယ်။ ယွီးရှောင်ရှောင်ကို ပြန်ပြောင်းပြောပြနေသလိုမျိုး။

မီးလျှံတွေကြားက မိန်းကလေးနာမည်က ယွီးလင်းလုံ။ မိဖုရားခေါင်ကြီးက မွေးတဲ့ ဘုရင့်သမီးတော်။ နန်းတော်ကြီးမှာ ကြီးပြင်းလာတဲ့ ရွှေမင်းသမီး။ အသက် ၁၃ နှစ်ပြည့်တဲ့အထိ သူမ အပူအပင်ကင်းတဲ့ ဘဝနဲ့ နေထိုင်ခဲ့တယ်။ သက်လတ်ပိုင်းအရွယ် မိဖုရားခေါင်ကြီး ကိုယ်ဝန်ထပ်ရပြီး သားတစ်ယောက် ဖွားတဲ့အချိန်ထိပေါ့။ ကံမကောင်းလှစွာနဲ့ မိဖုရားခေါင်ကြီး မီးတွင်းထဲမှာ သွေးလွန်လို့ ဆုံးပါးသွားရရှာတယ်။ တစ်လတောင် မပြည့်တတ်သေး၊ မင်းကြီးကလည်း သူ့အချစ်တော် မိဖုရားတစ်ပါးကို မိဖုရားခေါင်ကြီးအရာ အပ်နှင်းလိုက်တယ်။ ဖြူစင်ကြင်နာတတ်တဲ့ လင်းလုံမင်းသမီးလေးခမျာ အဲ့ဒီအချိန်ကစပြီး လောကကြီးရဲ့ အကျည်းတန်မှုတွေကို ကြုံတွေ့ ခံစားရတော့တာပဲ။ သူမနဲ့ သူမရဲ့ မောင်တော်လေးတို့ ဝေးလံခေါင်ဖျားလှတဲ့ နယ်တစ်နယ်ဆီ အပို့ခံလိုက်ရတယ်။ လမ်းခရီးမှာ အငတ်ဘေးသင့်လို့ သေရတော့မလိုပါ ဖြစ်သွားခဲ့သေး။ ယုန်ဖြူလေးတစ်ကောင်ဟာ ကံကြမ္မာရဲ့ တွန်းပို့မှုကြောင့် အနက်ရောင် ဝံပုလွေကြီးအဖြစ်သို့ ပြောင်းလဲစွန်းထင်းသွားရပြီ။ နောက်ဆုံးမှာ ပြည်ထောင် ငါးခုရဲ့ မင်းညီမင်းသားတွေကို သူမ သွေးဆောင်ဖြားယောင်းရုံသာမက သတ်ဖြတ်သုတ်သင်ရှင်းလင်းမှုကြီးတွေကိုပါ လုပ်ဆောင်ခဲ့ဖြစ်တယ်။ သူမ လက်မှာ စွန်းထင်းလာတဲ့ သွေးတွေ ပိုများလာလေလေ၊ အရှင့်သမီးတော်ရဲ့ ရက်စက်မှုတွေ ပိုသည်းထန်လာလေလေ။ အဆုံးသတ်မှာတော့ သူမဟာ သက်ဦးဆံပိုင် ဧကရီ ဘုရင်မဖြစ်လာခဲ့တယ်။ နောက်တော့...

အဲ့ဒီ အတိတ်ဖြစ်ရပ် မြင်းကွင်းတွေ ကြားမှာ ယွီးရှောင်ရှောင်သာ စကားပြောခွင့် ရမယ်ဆိုရင် ဘုရင်မကို အင်္ကျီကုပ်ကနေ ဆွဲခါပြီး မေးလိုက်ချင်မိတယ်။

'ဟဲ့၊ နင့်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြီး ဘာဖြစ်သွားပြီလဲ... ဘာလို့ သေတွင်းတူးတဲ့ဘက် ရောက်သွားတာလဲ၊ ရှင်ဘုရင်မကြီး စိတ်မထင်ရင် မထင်သလို ထသတ်တတ်တဲ့ အကျင့်က ဘယ်ရောက်သွားလို့လဲ၊ အဲ့သလို သဘောထားသေးသိမ်တဲ့ လူတွေကို အရေးပါတဲ့နေရာမှာ ထားရအောင် နင့်ဦးနှောက် ပျက်သွားလို့လား၊ သူတစ်ပါး သားပျိုလေးတွေအပေါ် အင်အားသုံး သိမ်းပိုက်တာ သူရဲကောင်းပီသတယ်လို့ ထင်နေတာလား၊ နင့်မှာ ကြင်ရာတော်မင်းမြတ် ရှိနေပြီးသားပဲ မဟုတ်ဘူးလား... အင်း ထားလိုက်ပါတော့၊ သူ့အချစ်စစ်က တကယ်တော့ တစ်နေရာရာမှာ သေနေပြီးသား... ကြင်ရာတော်မင်းမြတ်ကိုလည်း တစ်နေရာရာကနေ မတရား ခိုးယူသိမ်းပိုက်ထားတာ၊ အမှန်တိုင်းပြောရရင် မိန်းမတစ်ယောက်က လင်တွေ အဲ့သလောက် အများကြီး ထားစရာ လိုနေလားလို့၊ နင့်ရဲ့ အမြော်အမြင်ကြီးမားမှုကြီး ဘယ်ရောက်သွားတာလဲ၊ နင့်ရဲ့ ရာဇဣန္ဒြေတွေ၊ အရှိန်အဝါတွေကရော ဘယ်မလဲ... အဲ့ဒီကောင်ချောလေးတွေ အကုန်လုံး နင့်ကို အသုံးချပြီး ရာထူးလိုချင်နေတယ်ဆိုတာ နင် မသိ မမြင်နိုင်တော့ဘူးလား...' လို့။

မီးလျှံတွေကြားမှာ ဘုရင်မ မျက်လုံးကြီး ပွင့်လျက်နဲ့ နတ်ရွာစံသွားပြီး ပြာတွေ ဖြစ်သွားတော့မှ မီးငြိမ်းစပြုတော့တယ်။ ယွီးရှောင်ရှောင် မျက်လုံးဖွင့်လိုက်တော့ အနားမှာရှိတဲ့ တစ်ယောက်ယောက်က သူမကို အရှင်မင်းသမီးလို့ ခေါ်တယ်။ ဘေးဘီဝဲယာ ကြည့်လိုက်ပြန်တော့လည်း မြင်ဖူးသလိုလိုရှိတဲ့ မျက်နှာတွေပဲ။ နောက်တော့ သူမ နာမည်ကို မေးကြည့် စုံစမ်းလိုက်တော့ သိလိုက်ရတာ၊ ယွီးလင်းလုံတဲ့လေ။ ယွီးရှောင်ရှောင် နှစ်ခါတောင် တွေးနေစရာ မလိုတော့ဘူး။ ခုနက အဖြစ်သနစ်တွေထဲက အဓိကဇာတ်လိုက်နေရာမှာ သူမ ဖြစ်လို့လာခဲ့ပြီ။

ဝမ်မောမောက စွံပလွန်သီး၊ နဂါးမျက်လုံးသီးတို့နဲ့ လုပ်တဲ့ စွပ်ပြုတ်ကို မင်းသမီးဆီ ယူလာပေးတယ်။ မင်းသမီး မျက်နှာထားက အားတင်းပြီး တည်ငြိမ်အောင် ကြိုးပမ်းနေပုံပေါက်နေတာ တွေ့တာနဲ့ ဝမ်မောမော မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး ချော့မော့လာတယ်။

"မင်းသမီးလေးရယ်၊ မြင့်မြတ်လှသော မိဖုရားခေါင်ကြီး နတ်ရွာမြန်းတာဖြင့် တစ်လနီးနီး ရှိရောကွယ်၊ မင်းသမီးလေးက ဒီလိုမျိုး နေ့တိုင်း ပူဆွေးနေရင် မယ်မယ်မိဖုရားခေါင်ကြီး ကောင်းကင်ဘုံမှာ ငြိမ်းချမ်းနိုင်ပါ့မလား..."

ဒါကိုကြားတော့ ယွီးရှောင်ရှောင် လင်းလုံမင်းသမီးရဲ့ နို့ထိန်းအမေကို လှည့်ကြည့်လိုက်တယ်။ မိဖုရားခေါင်ကြီး သေနေတာ တစ်လပြည့်တောမယ်ဆိုရင် ကျောင်းမိဖုရား မိဖုရားခေါင်ကြီး မကြာခင်ဖြစ်တော့မယ်ဆိုတဲ့ သဘောပဲ။ ဒါဆို သူမလည်းပဲ နန်းတော်ထဲကနေ ကန်ချခံရပြီး မှောင်မိုက်မိုက် လမ်းကြောင်းပေါ် လျှောက်ရပြန်တော့မယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်မ ခန္ဓာကိုယ်မှာ လာဝင်စားရတာကိုက ဆိုးရွားလွန်းနေတာ၊ ၁၃ နှစ်သမီးအရွယ်မှာမှ လာဝင်စားရတော့ ပိုဆိုးသွားပြီ။ ဘုရင်မအဖြစ်ကနေ စလိုက်ရင် စည်းစိမ်ခံစားလို့ ရနေတာကို၊ အခုတော့ သူမက ဟိုးအစကနေ ဒုက္ခခံ ရုန်းကန်ရတော့မယ်တဲ့ကွယ်။ ဒီလောကမှာ သူမ ပျော်စရာ ရှာတွေနိုင်ပါ့ဦးမလားပဲ။

"အရှင်မင်းသမီး"

မိန်းမစိုး ခပ်ငယ်ငယ်တစ်ယောက် အသံ အပြင်ဘက်ကနေ ပေါ်ထွက်လာတယ်။

"ဘုရင်မင်းမြတ်က သမီးတော်ကို တော်ဝင်စာကြည့်ဆောင်ဘက် လာဖို့ ဆင့်ခေါ်လိုက်ကြောင်းပါ..."

ဒီစကားကို ဝမ်မောမောကြားတာနဲ့ ယွီးရှောင်ရှောင် လက်ကို ဆွဲပြီး မျက်ရည်လည်ရွှဲနဲ့ အသနားခံတယ်။

"မင်းသမီးလေး၊ ဒီကျွန်မက မင်းသမီးလေး ဒုက္ခရောက်ရအောင် လုပ်မဲ့သူ မဟုတ်ပါဘူး... ကျွန်မ ပြောတာ နားထောင်ပေးပါ၊ အဲဒီ ကျောင်းမိဖုရားဟာ တစ်စိမှ ကောင်းတဲ့သူ မဟုတ်ဘူး... တကယ်လို့ ကျောင်းမိဖုရားလည်း စာကြည့်ဆောင်မှာ ရှိနေခဲ့ရင် မင်းသမီးလေး... အရှင်မင်းသမီးလေး သူ့စကားကို နားယောင်ပြီး ယုံကြည်လို့ မဖြစ်ဘူးနော်..."

ယွီးရှောင်ရှောင်လည်း ခေါင်းညိတ်လိုက်တော့တယ်။

"သူ အကျင့်မကောင်းတာ ငါ သိသားပဲ..."

အယ်...ဝမ်မောမောလည်း ကြောင်သွားမိတယ်။ မိဖုရားခေါင်ကြီးက ပထမမင်းသမီးကို အကာအကွယ်ပေးလွန်းတော့ မင်းသမီးမှာ လူ့သဘာဝ အတွင်းစိတ်ယုတ်မာမှုတွေကို နားမလည်ခဲ့ဘူး။ သူမ ဒီကလေးမကို တစ်လလုံးလုံး ချော့မြူသိမ်းသွင်းနေခဲ့တာတောင် ကျောင်းမိဖုရား မကောင်းဘူးဆိုတာကို လက်မခံခဲ့ဘူးလေ။ ဒီနေ့ မတိုင်ခင်အထိပေါ့။ ဘာဖြစ်သွားတာများလဲ။ မိဖုရားခေါင်ကြီးရဲ့ စိတ်ဝိညာဉ်များ ကိုယ်ထင်ပြပြီး မင်းသမီးလေးကို လမ်းကြောင်းပေး နည်းပြလိုက်သလားပဲ။

"သွားရအောင်..."

ယွီးရှောင်ရှောင် ကြေညာလျက် အပြင်ဘက်ထွက်လှမ်းလိုက်တယ်။

ဝမ်မောမောလည်း သူမနောက်က လိုက်လာတယ်။ တစ်ဆက်တည်းမှာ ကုန်းကုန်းငယ်လေး လက်ထဲ ငွေအသပြာအချို့ ထည့်ပေးလိုက်သေးတယ်။

"စာကြည့်ဆောင်မှာ ဘယ်သူတွေ ရှိနေသေးလဲ..." သူမ တီးတိုးမေးလိုက်လေရဲ့။

"ကျောင်းမိဖုရားလည်းရှိနေတယ်" မိန်းမစိုးငယ်က ပြန်ဖြေတယ်။

ဝမ်မောမော ယွီးရှောင်ရှောင်ကို ကြည့်ရင်း စိုးထိတ်မိလာတယ်။ ဒါပေမဲ့ ကလေးမကတော့ မားမားမတ်မတ်ရပ်နေရင်း ဟစ်ကြွေးလိုက်တယ်။

"ကြောက်နေစရာ မလိုဘူး... သူက ဘာမှမှ မဟုတ်တာ၊ ကောက်ကျစ်တဲ့ မိဖုရားတစ်ပါးလောက်လေး... ဇွန်ဘီတွေလောက် ကြောက်စရာ ကောင်းနိုင်ပါ့မလား..."

"…."

"……."

ဝမ်မောမောရော ကုန်းကုန်းလေးပါ ခံစားလိုက်မိတာက လေတိုက်တာ ပြင်းလို့ ဖြစ်ရမယ်။ သူတို့တွေ အရှင့်သမီးတော်ရဲ့ စကားတွေကို အမီမလိုက်နိုင်လိုက်တာ။ ကောက်ကျစ်တဲ့မိဖုရားဆိုတာ ကျောင်းမိဖုရားကို ဆိုလိုတာ အသိသာကြီး၊ ဒါပေမဲ့ ဇွန်ဘီ ဆိုတာက ဘာကြီးလဲ။

"လမ်းပြပါဦး"

ယွီးရှောင်ရှောင် ကုန်းကုန်းလေးကို လက်ဟန်ပြပြီ ဆိုလိုက်တယ်။

မင်းကြီး အနားမှာတောင် ခစားခွင့်ရနေပြီဖြစ်တဲ့ ကုန်းကုန်းဟာ အခုတော့ မင်းသမီးကို မော့ကြည့်ဖို့ အားအင်သတ္တိတွေ မနည်း မွေးနေရပြီ။ ဘာ့ကြောင့်မှန်း သူ မသိပေမဲ့ မင်းသမီးဟာ ဒီနေ့ တစ်မူထူးခြားနေတာကို ခံစားလိုက်မိတယ်။

—

ယွီးရှောင်ရှောင် (玉小小) – ကျောက်စိမ်း ငယ်ငယ်

ယွီးလင်းလုံ (玉玲珑) – ကျောက်စိမ်း၊ နုနယ်စွာ ထွင်းထားသော၊ ပါးနပ်သော လိမ္မာသော

…

အခန်း (၂) ကောက်ကျစ်သော မိဖုရား၏ ဉာဏ်လှည့်ကွက်

တော်ဝင်စာကြည့်ဆောင် သို့မဟုတ် ပေလွှာရှုနန်းဟာ သုံးထပ်နန်းဆောင်ဖြစ်ပြီး စိမ်းမြမြ ပန်းခြံဝန်းကျင်အလယ်မှာ တည်ရှိတယ်။ ရှန်းကျုံးဘုရင် အနှစ်ခြိုက်ဆုံး နားနေရာ စံနန်းလည်း ဖြစ်သတဲ့။ သူ အားနေတဲ့အချိန်တိုင်း မကြာခဏသွားရောက် စံမြန်းလေးရှိတဲ့ နန်းဆောင်ပေါ့။ ယွီးရှောင်ရှောင်က ဝမ်မောမောကို ခေါ်ပြီး ပေလွှာရှုနန်းရဲ့ ခန်းမကျယ်တွေထဲ ဖြတ်လျှောက်လာလိုက်တယ်။ နန်းတွင်းသူ နန်းတွင်းသားအချို့ ခစားလျက် ရှိနေကြပေမဲ့ ရှင်ဘုရင်ကိုတော့ အရိပ်အယောင်တောင် မတွေ့ရချေဘူး။

"အရှင့်သမီးတော် ရောက်လာပြီပေပဲ..." ချောမောလှပလွန်းသော အမျိုးသမီးတစ်ဦးက ယွီးရှောင်ရှောင် ဝင်လာတာနဲ့ လက်ကမ်းလင့်ကာ ကြိုဆိုတယ်။

"လာလာ၊ တို့ အနားမှာ လာထိုင်ပါဦး"

ဒီမိန်းမ ဘယ်သူလဲဆိုတာ သိရဖို့ ယွီးရှောင်ရှောင်ကို အထူးတလည်မိတ်ဆက်ပေးစရာ မလိုဘူး။ သူမဟာ စွဲမက်ဖွယ် အလှရှင်ပဲ။ ဆိုတော့ကာ မကြာခင်မှာ မိဖုရားခေါင်ကြီး ဖြစ်တော့မဲ့ ကျောင်းမိဖုရားပေါ့။

"ငါ့အဖေ... အဟမ်း၊ တို့ ဖခမည်းတော် ဘယ်မှာလဲ" ယွီးရှောင်ရှောင် ကျောင်းမိဖုရားကို မေးလိုက်လေတယ်။

ကျောင်းမိဖုရားက ဆိုတယ်။

"အရှင်မင်းကြီးကတော့ ကိစ္စတစ်ခု ပေါ်လာလို့ သွားတယ်၊ အရှင်မင်းသမီး ဒီနေရာမှာပဲ မင်းမြတ်ကို စောင့်နေဖို့ မှာကြားသွားပါတယ်..."

"ဒါဆိုလည်း တို့ နောက်မှပဲ ပြန်လာတော့မယ်" ယွီးရှောင်ရှောင် ပြန်လှည့်ဖို့ ခြေပြင်လိုက်တယ်။

ဒါပေမဲ့ ကျောင်းမိဖုရားက ပြာပြာသလဲ ပြောလာပြန်တယ်။

"ကြည့်စမ်းပါဦး ကလေးရယ်၊ ဘာလို့ ဒီလောက်တောင်များ စိတ်မရှည်နိုင် ဖြစ်နေတာလဲ... ဒီကို လာထိုင်စမ်းပါဦး... ဒီမိဖုရား မင်းသမီးကို ပြောစရာလေးရှိလို့..."

ယွီးရှောင်ရှောင် နှစ်လှမ်း သုံးလှမ်းစာလောက် ရှေ့ပြန်တိုးလာလိုက်ပြီး ပြောလိုက်တယ်။

"ဆိုပါဦး"

ကျောင်းမိဖုရားက မျက်လုံးထောင့်ကို လက်ကိုင်ပဝါလေးနဲ့ တို့ကာ သုတ်လျက် ဆိုလာလေရဲ့။

"ဒီရက်ပိုင်းအတွင်း ဒီမိဖုရားမှာ အရှင့်သမီးတော် နောင်ရေးကို တွေးပူရလွန်းလို့ အိပ်မပျော်နိုင်ကို ဖြစ်ရပါတယ်..."

ယွီးရှောင်ရှောင် ဘာမှ မပြောသေးဘူး။ ကျောင်းမိဖုရားကိုပဲ ကြည့်နေလိုက်တယ်။

'ညညတွေ သူ အိပ်မပျော်ဘူးဆိုတော့၊ ဘာတွေ ကြံပြီး ဉာဏ်ဆင်နေသလဲမှ မသိတာ...'

ကျောင်းမိဖုရားက ဆက်ပြောတယ်။

"မင်းသမီးနဲ့ ကုအိမ်တော်က တတိယသခင်လေးမှာ စေ့စပ်ကြောင်းလမ်းထားမှုက ရှိနေတုန်းလေ၊ ဒါကလည်း အရင်တုန်းက မယ်တော်ကြီးကိုယ်တိုင် အမိန့်ချစီစဉ်ပေးခဲ့တာဆိုတော့... ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မိဖုရားခေါင်မယ်မယ်ကိုယ်တော်တိုင်ကလည်း ကုမျိုးနွယ်ကို မင်းသမီးလေးရဲ့ ကြင်ရာတော်အလောင်းအလျာ အနွယ်တွေလို့ သဘောထားမှတ်ယူခဲ့တာပဲ။ အခုတော့... သူတို့တွေ ဒီလို ပြစ်မှုအကြီးကြီး ကျူးလွန်ခဲ့ကြတာ မင်းသမီးလေး သူ့ကို ထိမ်းမြားဖို့ ဆန္ဒရှိသေးရဲ့လား..."

ဒီစကားတစ်ခွန်းနဲ့တင် ယွီးရှောင်ရှောင် တစ်ပြိုင်နက်တည်း အစာမချေလိုက်နိုင်တဲ့ အချက်အလက်တွေ ပါနေတယ်။ ဟိုရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်မရဲ့ ကြင်ရာတော်မင်းကြီးဟာ နတ်သားလေးသဖွယ် လှပကြည်စင်နေတဲ့ ယောကျ်ားတစ်ယောက်ပဲ။ အမည်နာမက ဝန်ဖုန်းလင်။ 'ဘယ်နားကနေ ဒီ ကုမျိုးနွယ်ကောင်က ပေါက်လာတာတုံး။ ကြည့်ရတာ ကြင်ရာတော်မင်းကြီးဝန်က အော်ရီဂျင်နယ် ကြင်ရာတော် မဟုတ်ဘူးနဲ့တူတယ်...'

ကျောင်းမိဖုရားစကားကို ကြားတော့ ဝမ်မောမော ရတက်မအေးဖြစ်ရပြီ။ သူမ ဒူးထောက်ချလိုက်ပြီး ဟစ်ကြွေးတော့တယ်။

"ကျောင်းမိဖုရားမယ်မယ်၊ ကုမျိုးနွယ် တတိယသားဟာ ခြေနှစ်ဖက် လုံးလုံး သုံးမရတဲ့ ဒုက္ခိတဖြစ်နေပါပြီ... အရှင့်သမီးတော်ဟာ ဒီလိုယောကျ်ားမျိုးကို လက်ဆက်နိုင်စရာ မဟုတ်ပါဘူး..."

ယွီးရှောင်ရှောင် မှတ်ဉာဏ်တွေထဲ ပြန်လှန်လှောရှာကြည့်မိတယ်။ ဟိုဘုရင်မမှာ ချစ်သူ ယောကျ်ား ပေါများလွန်းလို့၊ လင်တော်မောင်နာမည်တွေတောင် စုံနေရောပဲ။ ဒါပေမဲ့ တစ်ယောက်မှတော့ မျိုးရိုးနာမည် "ကူ"မမည်ဘူး။

ကျောင်းမိဖုရားက ဝမ်မောမောကို မထစေဘဲ ယွီးရှောင်ရှောင်ကိုသာ ကြည့်ရင်း ဆိုလိုက်တယ်။

"မင်းသမီး၊ မိဖုရားခေါင်ကြီး ဘာလို့ ဆုံးပါးသွားရတယ် ထင်သလဲ... တို့ တို့ ဒီအဖြစ်ကို တွေးမိလိုက်တိုင်း ငိုချင်လိုက်ပါဘိ..."

ဆက်ပြီးတော့ ကျောင်းမိဖုရားက မိဖုရားခေါင်ကြီးအား သူမ ဘယ်လောက် လွမ်းဆွတ်တသနေပါကြောင်း ငိုချင်းချ တမ်းချင်း ဆိုတော့တယ်။ ယွီးရှောင်ရှောင်ကတော့ သူမနောက်က ပြတင်းပေါက်ကျယ်ကိုသာ ငေးကြည့်နေမိပြီ။ အပြင်ဘက်မှာ ကျောက်စိမ်းရောင်သန်းနေတဲ့ ရေအိုင်ကျယ်တစ်ခုရှိနေလေရဲ့။ အခုချိန်က ဆောင်းဦးဝင်စ၊ ဒါကြောင့်မို့ ရေအိုင်တွင်းမှာလည်း အခါမနှောင်းခင် အပြိုင်အဆိုင် ငွားငွားစွင့်အောင် ပွင့်နေကြတဲ့ ကြာပန်းတွေက အပြည့်။ လေပြည်လေး တစ်ချက်ဖြတ်တိုက်လိုက်တာနဲ့ ရေပြင်မျက်နှာက လှုပ်လီလဲ့လဲ့။

ကမ္ဘာပျက်ခေတ် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ဒီလို သန့်ရှင်းစင်ကြယ်တဲ့ ရေအိုင်ကြည်ကြည်မျိုး ပြုန်းသွားတာကြာရောပေါ့။ ဒါကြောင့်မို့ ရှုမျှော်ခင်းရဲ့ အသေးဆုံး အစိတ်အပိုင်းကလေးကတောင် ယွီးရှောင်ရှောင်ရဲ့ အာရုံကို ဖမ်းစားထားနိုင်တာ။ ယွီးရှောင်ရှောင် သူမ ပြောနေတာတွေကို မတုံ့ပြန်၊ အဖက်မလုပ်ဆိုတာကို မသိသေးခင်အထိတော့ ကျောင်းမိဖုရား တစ်ယောက်တည်း ဇာတ်ကလို့ ကောင်းနေခဲ့တယ်။ အမြဲတမ်း သူမကို ရွှင်မြူးသွက်လက်စွာ နှုတ်ခွန်းဆက်တတ်တဲ့၊ သူမကို ချွဲနွဲ့တတ်တဲ့ မင်းသမီးတစ်ယောက် ဘာဖြစ်သွားတာများလဲဆိုပြီး သူမ တွေးနေမိတော့တာပေါ့။ အခုက သူမ သိပ်ပြီး အေးစက် စိမ်းကားရာ ကျမနေဘူးလား။

"မင်းသမီးလေးရယ်၊ တို့က မင်းသမီး ကောင်းစားဖို့အရေး တွေးကြံပေးတာပါကွယ်"

ကျောင်းမိဖုရားက ယွီးရှောင်ရှောင် လက်ကို ဆွဲလို့ မျက်ရည် ဝိုင်းဝိုင်းနဲ့ ဆိုတယ်။

"ကုမျိုးနွယ်က တိုင်းပြည်ပုန်ကန်မှု ကျူးလွန်ထားတာ... မင်းသမီးက အခြားတစ်ယောက်ကိုပဲ လက်ဆက်လို့ ရတော့မှာပေါ့၊ ဒါပေမဲ့ မိန်းကလေးတစ်ယောက်က ခင်ပွန်းလောင်း ပြောင်းလိုက်ရင် ဂုဏ်သိက္ခာထိခိုက်မယ်လေ... ပြီးခဲ့တဲ့ ရက်တွေအတွင်း ဒီမိဖုရား သေချာတွေးကြည့်လိုက်တော့ ကုမျိုးနွယ် ပြဿနာတွေ အနည်ကျ ငြိမ်သွားတဲ့အထိ အရှင်မင်းသမီး လူကွယ်ရာမှာ ခိုရှောင်နေရင် ကောင်းမယ်လို့ အကြံရတယ်၊ နောက်တော့မှ အရှင်မင်းသမီး ပြန်လာလို့ရတာပဲ..."

ယွီးရှောင်ရှောင်တော့ လှည့်ကွက်တစ်ခုခုကို အနံ့ခံမိတာနဲ့ ကျောင်းမိဖုရားကို သေချာပြန်ကြည့်လိုက်မိတော့တယ်။

ကျောင်းမိဖုရားက ဆိုတယ်။

"အရှင်မင်းကြီး မင်းသမီးကို အပိုင်းစား နယ်တစ်ခု ချီးမြှင့်ပါစေ၊ အဲဒီကို မင်းသမီး အရင်သွားနေလိုက်ပေါ့... သတ္တမ အရှင့်သားအတွက် နောက်ဆံမတင်းဖြစ်မိတယ်ဆိုရင်လည်း အရှင့်သားကိုပါ မင်းသမီး ခေါ်ဆောင်သွားပါလေ၊ မစိုးရိမ်ပါနဲ့ သိပ်အကြာကြီးတော့ မစောင့်စေရဘူး... ကုမျိုးနွယ်ကိစ္စ အရှင်မင်းကြီး ဖြေရှင်းလို့ ပြီးတာနဲ့ အရှင့်သမီးတော်ကို မြို့တော်ပြန်ဆင့်ခေါ်ဖို့ ဒီမိဖုရားက သတိပေးပေးဦးမှာပါ..."

'လီးလီးလားလားတွေ...'

ရှုခင်း လှတာတွေ မလှတာတွေ ထားလိုက်တော့။ အခုတော့ ယွီးရှောင်ရှောင် စိတ်တိုသွားမိပြီ။ ရှန်းကျုံးဘုရင် ဒီမယားငယ်ကို မိဖုရားခေါင်ရာထူးအထိ အဆင့်တင်ပေးပြီး သမီးတော်ကို နန်းတော်ထဲက မောင်းထုတ်တဲ့ အထိ ဘာကြောင့် လုပ်ဖြစ်သွားတာလဲလို့ သူမက စဉ်းစားနေမိတာ။ လက်စသတ်တော့ သမီးတော် ငပိန်းမကိုယ်တိုင် ဒီမိန်းမယုတ် လိမ်တာ ခံလိုက်ရတာပဲ။

"အရှင့်သမီးတော်"

ကျောင်းမိဖုရားလည်းပဲ သူမရဲ့ သစ်ခွပန်းနှယ် နုနယ်သွယ်တဲ့ လက်ချောင်းကလေးတွေနဲ့ မျက်ရည်တွေကို တို့သုတ်လိုက်တယ်။

"တို့ တကယ်ပဲ သမီးတော်လည်း ထွက်သွားမှာကို မရှုရက်ပါဘူးကွယ်..."

ယွီးရှောင်ရှောင် ဒီအမျိုးသမီးကို မျက်လုံးတွေ မှေးစင်းကာ ကြည့်လိုက်တော့တယ်။ သူမသာ သဘောတူပါတယ်လို့ ပြောလိုက်မိရင် ဒီမိန်းမက အပိုင်စားရတဲ့ နယ်မြေကိစ္စအဝဝကို သူ့တာဝန်ထားလို့ ပြန်ပြောမှာပဲ။ သူ လမ်းပေါ်ရောက်တော့မှ သိလိုက်ရမှာက၊ ကျောင်းမိဖုရားဟာ သူ့ခရီးဆောင် သေတ္တာတွေထဲ ပိတ်စုတ်အချို့သာ ထည့်ပေးလိုက်တယ်ဆိုတာကိုပေါ့။ သူမ နောက်ပြန်လှည့်ပြီး ရှန်းကျုံးဘုရင်နဲ့ တွေ့ဖို့လုပ်တဲ့အခါ မြို့တော်မုခ်တံခါး လေးတန်စလုံး ကျောင်းမိဖုရားလူတွေ စောင့်ကြပ်နေပြီဆိုတာကို တွေ့ရလိမ့်မယ်။ သူမ ဘယ်လိုမှ အိမ်ပြန်ခွင့်ရမှာ မဟုတ်တော့ဘူး။ လမ်းခရီးတစ်ဝက်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့ သေဖို့ကသာ သူမရဲ့ တစ်ခုတည်းသော လမ်းဖြစ်လာလိမ့်မယ်။

"အရှင့်သမီးတော်၊ နန်းတော်တွင်းက ထွက်သွားလို့ မဖြစ်ပါဘူး..."

ဝမ်မောမောက ယွီးရှောင်ရှောင် ရှေ့ကို ရွှေ့လာပြီး အော်ငိုတော့တယ်။ မင်းသမီးမှာ ကုမျိုးနွယ်နဲ့ ထိမ်းမြားလို့ မရတော့တာကို သူမ နားလည်တယ်။ ဒါပေမဲ့ ကျောင်းမိဖုရားပြော

သလို နန်းတော်ထဲက ထွက်သွားလို့လည်း မဖြစ်ဘူး။ မင်းသမီးသာ မင်းကြီးအနားမှာ ဆက်မနေရင် ကျောင်းမိဖုရားက မိဖုရားခေါင်ကြီးရဲ့ သွေးသား သူမကို အမြစ်ဖြတ်ဖို့ သေချာပေါက် နည်းလမ်းရှာမှာပေါ့။

ယွီးရှောင်ရှောင် ကျောင်းမိဖုရားရှေ့ကို လျှောက်သွားလိုက်တယ်။

'မအေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးနှစ်ယောက်အပေါ် ဒီလို အကြံမျိုး ဆင်ရက်တယ်... ဘုရင်မ နောက်ပိုင်းမှာ ဒီမိန်းမကို အရှင်လတ်လတ် အရေခွံဆုတ်သတ်တာ မဆန်းတော့ဘူး...'

"သေချင်နေတာလား..." သူမ မေးလိုက်မိတော့တယ်။

ကျောင်းမိဖုရားလည်း အဲ့ဒီအချိန်မှာ ဘုရင်ရှန်းကျုံး ဝင်လာတာကို လှမ်းမြင်လိုက်တော့ ယွီးရှောင်ရှောင့် စကား ဘာကို ဆိုလိုသလဲ မစဉ်းစားဖြစ်တော့ဘူး။ သူမ တရှုံ့ရှုံ့ ငိုချပစ်လိုက်တယ်။

"တို့ တကယ်သေချင်တယ်... တို့လေ မိဖုရားခေါင်း မယ်မယ်သွားတဲ့နောက် စမ်းချောင်းဝါဆီသာ လိုက်သွားချင်မိတယ်..."

ယွီးရှောင်ရှောင် ကျောင်းမိဖုရားကို ​အင်္ကျီ

လည်ကုပ်ကနေ ကိုင်ဆွဲမလိုက်ပြီး ပြတင်းပေါက်အပြင်ကို လွှင့်ပစ်လိုက်တော့တယ်။ ဒီမိန်းမကြီး သိပ်ကို သေချင်နေမှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့။

…

All Chapters