စစ်တပ် ဦးစီးတစ်ဦးဖြစ်တဲ့ ယွီးရှောင်ရှောင် [ခေါ် ကျောက်စိမ်းငယ်ငယ်] တစ်ယောက် ဇွန်ဘီခေတ် ကမ္ဘာပျက်ကပ်ကနေ ဘုရင့်သမီးတော်တစ်ပါးကိုယ်ထဲကို ဝိဉာဉ်ကူးပြောင်းရောက်သွားလေသတဲ့။ သူမရဲ့ ပထမဆုံးနေ့မှာတင် မတရားစွပ်စွဲခံရလို့ ဘဝရဲ့ အနိမ့်ဆုံးရောက်နေတဲ့၊ မသေရုံတမယ် နှိပ်စက်ခံထားရတဲ့၊ ရာထူးပြုတ် ထောင်ချခံထားရတဲ့၊ ကျိုးပဲ့နေတဲ့ စစ်သူကြီးငယ် ကူရှင်းလန်နဲ့ စုံဖက်ထိမ်းမြားပေးခြင်း ခံလိုက်ရတယ်။ အဲ့ဒီအချိန်ကစလို့ စားဖို့ အိပ်ဖို့နဲ့ ဇွန်ဘီ သတ်ဖို့လောက်ပဲ သိတဲ့ ကလေးမဟာ တည်တံ့ တည်ကြည် တည်ငြိမ်ပြီး သစ္စာရှိတဲ့ စစ်သူကြီးနဲ့ ကံကြမ္မာနှောင်ကြိုးဖွဲ့ဖြစ်သွားလေတယ်။ တိုင်းပြည် အင်အားနည်းလာတာနဲ့အမျှ အဘက်ဘက်က ရန်သူတွေ ဝိုင်းလို့။ နန်းတွင်းတစ်ခုလုံးမှာလည်း အတွင်းလူလုပ် ထောက်လှမ်းနေတဲ့ မိဖုရားကိုယ်လုပ်တော်တွေအပြည့်၊ အထက်ဖား အောက်ဖိ အမတ်အရာထမ်းတွေရယ်၊ ဉာဏ်နည်းတဲ့ ဘုရင်ရယ်နဲ့။ ရုံးတော်ပြင်ပမှာတော့ ပြည်သူလူထုက ဆင်းရဲမွဲတေမှုတွေနဲ့ အတိဒုက္ခရောက်လို့ပေါ့။ ဒီလို အခြေအနေတွေကို ရင်ဆိုင်ရတော့ စစ်သူကြီးကုတစ်ယောက် မျှော်လင့်မိတယ်။ နန်းတွင်း ရုံးတော်ကို အထောက်အကူပြုလို့ စည်းကမ်းတကျပြန်ဖြစ်စေမယ်။ ပြည်သူတွေအတွက် ငြိမ်းချမ်းစေရမယ်လို့ပေါ့။ ဒါပေမဲ့ ချစ်ဇနီးလေး မင်းသမီးက ဆိုတယ်။ "နင့်ဆန္ဒကလည်း ကြီးမြတ်လိုက်တာ... တိုင်းပြည်ကို ငါတို့ဘာသာ သိမ်းပစ်လိုက်ကြရအောင်..." "……." စစ်သူကြီးကု ဆွံ့အလျက်သာ နေတော့တယ်။ သမိုင်းကြောင်းတစ်လျှောက် အလေးစား အကြည်ညိုခံရမဲ့ တော်ဝင်သွေးဆိုတာ ဘယ်လိုမျိုးလဲ။ ယွီးရှောင်ရှောင်ကတော့ ခင်ပွန်းလင်ကို အလိုလိုက် ဖူးဖူးမှုတ်ထားနိုင်ကာမှ တော်ဝင်မင်းသမီးကောင်း ပီသမယ်လို့ ယူဆလေသတဲ့။

