← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) လူ့ဘဝက တိုတောင်းတယ်၊ အချိန်ရှိတုန်း ပျော်ပျော်နေရမယ်

"လင်းလုံမင်းသမီးက ကျောင်းမိဖုရား သေချာပေါက် သေတော့မယ်လို့ ယုံကြည်နေတာလား"

ဘုရင်ကြီး ထပ်ပြီး ဒေါသပေါက်ကွဲတော့မဲ့ အချိန်မှာပဲ ဆရာတော်လေး ဖုန်းလင်ရဲ့ အသံက ခြံဝင်း အပြင်ဘက်ကနေ ထွက်လာတယ်။ နောက်ပြောင်တဲ့ လေသံလေး နည်းနည်း ပါနေပေမဲ့ သူ့အသံက ရေလို အေးချမ်းနေတုန်းပဲ။

ဘုရင်ကြီးနဲ့ ယွီးရှောင်ရှောင် သားအဖ နှစ်ယောက်လုံးက ခြံဝင်းရဲ့ ပန်းမုခ်၀ကို ပြိုင်တူ ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ အမူအရာနဲ့ ကိုယ်ဟန်အမူအရာတွေက တော်တော် ဆင်တူနေလို့ သူတို့က တကယ့် သားအဖတွေပဲ ဆိုတာကို ဘယ်သူမှ ငြင်းလို့ မရဘူး။

ဆရာတော်လေး ဖုန်းလင်က ခြံဝင်းထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာပြီး စင်္ကြံလမ်း အောက်မှာ ရပ်နေတဲ့ ယွီးရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်ကာ လက်အုပ်ချီပြီး ဘုရင်ကြီးကို ဂါရဝပြုလိုက်တယ်။

"ဖုန်းလင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ဘုရင်ကြီးက လက်ကို အသာလေး မြှောက်ပြပြီး ယဉ်ယဉ်ကျေးကျေး ပြန်ပြောတယ်။

"ဆရာတော်လေး အားနာစရာ မလိုပါဘူး"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို တိုးတိုးလေး ပြောလိုက်တယ်။

"သူက ရှင့်ရဲ့ မယားငယ်အတွက် တရားလာဟောပေးပြီး ကောင်းရာသုဂတိ ရောက်အောင် လာလုပ်ပေးတာလား မသိဘူးနော်"

ဘုရင်ကြီးက ပြောတယ်။

"မင်း ပါးစပ်ပိတ်ထားလို့ မရဘူးလား"

ဆရာတော်လေး ဖုန်းလင်က စင်္ကြံလမ်း လှေကားထစ် အောက်ကို လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်တယ်။

"အခန်းထဲမှာ သွေးနံ့တွေ တော်တော် ပြင်းတယ်။ ကြည့်ရတာ ကျောင်းမိဖုရားရဲ့ ရောဂါက အခြေအနေ မကောင်းဘူး ထင်တယ်"

ယွီးရှောင်ရှောင်က ဘုရင်ကြီး စကားမပြောခင် ဝင်ပြောလိုက်တယ်။

"ကျောင်းမိဖုရား နေမကောင်းတာကို ရှင် ဘယ်လို သိလဲ"

ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြန်မေးလိုက်တယ်။

"မင်းသမီးလေးက ကိုယ်တော့်ကို မသိစေချင်လို့လား"

ဘာကြီးလဲ။ ဒါ ဘယ်လို ယုတ္တိမျိုးလဲ။

ယွီးရှောင်ရှောင်က နှုတ်ခမ်းကို ကိုက်လိုက်တယ်။ ကျောင်းမိဖုရား နေမကောင်းတာကို သူမက ဘာလို့ ဖုံးကွယ်ထားရမှာလဲ။ စည်းကမ်း မရှိတဲ့ အခြား ကမ္ဘာက လာတဲ့ သူမ အနေနဲ့ အတွေးတွေက ပုံမှန် လမ်းကြောင်းကနေ ချက်ချင်း သွေဖည်သွားပြီး ဖြူစင်တဲ့ သင်္ကန်းကို ဝတ်ဆင်ထားတဲ့ ဆရာတော်လေး ဖုန်းလင်ကို ကြည့်ကာ "ဟဲဟဲ" လို့ နှစ်ခါ ရယ်လိုက်တယ်။

ဘုရင်ကြီးက အဲဒီ "ဟဲဟဲ" ဆိုတဲ့ ရယ်သံကို ကြားတာနဲ့ ရင်တုန်သွားပြီး ဘာမှ မစဉ်းစားဘဲ သမီးဖြစ်သူရဲ့ ပါးစပ်ကို လှမ်းပိတ်ဖို့ လုပ်လိုက်တယ်။

ယွီးရှောင်ရှောင်ရဲ့ သိုင်းပညာနဲ့ဆို ဘုရင်ကြီးကို ဘယ်လိုလုပ် ပါးစပ် အပိတ်ခံမှာလဲ။ ကိုယ်ကို နည်းနည်း စောင်းလိုက်တာနဲ့ ဘုရင်ကြီးရဲ့ လက်က လေထဲမှာပဲ ရပ်သွားတယ်။ မင်းသမီးလေးက ဆရာတော်လေး ဖုန်းလင်ကို ပြောလိုက်တယ်။

"ရှင်က ကျောင်းမိဖုရားကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ။ ရှင်တို့ နှစ်ယောက်က သိနေကြလို့လား။ သူ နေမကောင်း ဖြစ်တာနဲ့ ရှင်က ချက်ချင်း ပြေးလာတယ်။ ရှင်တို့ ဒီကို ရောက်တာ ဘယ်နှရက်မှ မရှိသေးဘူး။ ဒီလောက် မြန်မြန်လေး ကျောင်း အလှမယ်လေးနဲ့ ငြိစွန်းသွားပြီလား။ ကျောင်း အလှမယ်လေး အခု သွေးထွက်နေတဲ့ နေရာက သာမန် နေရာ မဟုတ်ဘူးနော်"

ပြောရင်းနဲ့ မင်းသမီးကြီးက အဓိပ္ပာယ် ပါပါနဲ့ ဆရာတော်လေး ဖုန်းလင်ရဲ့ အောက်ပိုင်းကို တစ်ချက် စွေကြည့်လိုက်တယ်။

ရက်စက်တဲ့ ဘုရင်မရဲ့ ခင်ပွန်း အဖြစ် ရှိနေတုန်းက ဒီလူက ဘုရင်မနဲ့ လင်မယား ကိစ္စတွေ သိပ်မလုပ်ခဲ့ဘူး။ အမြဲတမ်း ဖြူစင်တဲ့ လူပျိုကြီး ပုံစံ ဖမ်းနေခဲ့တာ။ ဒီလူက တကယ်တော့ ဆန္ဒတွေ ရှိနေတာပဲကိုး။

"ကျွတ်ကျွတ်" လို့ ယွီးရှောင်ရှောင်က စုတ်သပ်လိုက်တယ်။

"လူကို အပြင်ပန်း ကြည့်ပြီး အကဲဖြတ်လို့ မရဘူး ဆိုတာ ဒါကို ပြောတာပဲ"

ယွီးရှောင်ရှောင်ရဲ့ စကားကို ဆရာတော်လေး ဖုန်းလင်က သည်းခံနိုင်ပေမဲ့ မင်းသမီးလေးရဲ့ စည်းကမ်းမဲ့လွန်းပြီး အဲဒီ နေရာ အရွယ်အစားကို ခန့်မှန်းနေသလို အကြည့်မျိုး အောက်မှာတော့ ဆရာတော်လေး ဖုန်းလင် ဘယ်လောက်ပဲ တည်ငြိမ်ပါစေ။ တစ်ကိုယ်လုံးက ကြက်သီးတွေတောင် ထသွားတယ်။

"ပြောစရာ စကား မရှိတော့ဘူးလား"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို တည့်တည့်ကြည့်ပြီး အကြည့်ကလည်း ဆရာတော်လေးရဲ့ အောက်ပိုင်းကိုပဲ ဆက်ကြည့်နေကာ ပြောလိုက်တယ်။

"ရှင်က ကျောင်းမိဖုရားလို ပုံစံမျိုးကို ကြိုက်တာကိုး"

အရင်ဘဝက ရက်စက်တဲ့ ဘုရင်မက သူ့အပေါ် အရမ်း ကောင်းပြီး အကုန် ပုံအောပေးခဲ့တာတောင် သူ့နှလုံးသားကို မနွေးထွေးစေနိုင်ခဲ့တာက အချစ်စစ်နဲ့ မဆိုင်ဘဲ အကြိုက် မတူလို့ ဖြစ်ရမယ်။

"မင်း"

ဆရာတော်လေး ဖုန်းလင် ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တစ်နေ့ကျရင် သူ ဒီလို စော်ကားခံရမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ဆရာတော်လေးက ဘယ်လောက်ပဲ ပညာတတ်ပြီး စကားပြော ကောင်းပါစေ။ အခုချိန်မှာတော့ ဘာမှ ပြန်မပြောနိုင်တော့ဘူး။

ခြံဝင်းထဲက လူတွေ အကုန်လုံး အရမ်း တိတ်ဆိတ်နေကြတယ်။ ဒီတစ်သက်လုံးမှာ ပထမဆုံး အကြိမ် အဖြစ် အသက်ရှူတာကိုတောင် သတိထားပြီး ရှူနေရတယ်။ ဒီလို ကိစ္စမျိုးကို သူတို့က မသိချင်ယောင် ဆောင်နေတာ အကောင်းဆုံးပဲလေ။ မင်းသမီးရဲ့ ပြဿနာ ရှာတဲ့ စွမ်းရည်က အရမ်း ရဲရင့်လွန်းလို့ သူတို့လို သာမန် ပြည်သူတွေက မော့ကြည့်ရုံပဲ တတ်နိုင်တယ်။

ဘုရားရေ။ ဘုရား ဘုရား

ဘုရင်ကြီးက ဒေါသ မထွက်တော့ဘူး။ သူ့ချစ်လှစွာသော မိဖုရားက ဖောက်ပြန်နေတယ်လို့ ပြောတာကိုတောင် သူ ဒေါသ မထွက်တော့ဘူး။ ဘုရင်ကြီးက မျက်ရည်မကျဘဲ ငိုချင်နေတဲ့ မျက်နှာနဲ့ သမီးဖြစ်သူကို ကြည့်နေတယ်။ သူ့သမီးက တကယ် သေချင်နေတာလား။ ဒီလူက ယုံးရှန်းကျောင်းတော်က ဆရာတော်လေးလေ။ ဆရာတော်လေးနော်။ ဆရာတော်လေးကို သူများ မယားနဲ့ ဖောက်ပြန်နေတယ်လို့ စွပ်စွဲတာလား။ ဘာလို့ ဒီလောက်တောင် သေလမ်းကို ရွေးနေရတာလဲ။

အား… အား… အား…

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို မေးလိုက်တယ်။

"ကျွန်မတို့တွေ ယုံးရှန်းကျောင်းတော်က သူ့ဆရာဆီ သွားပြီး တရားမျှတမှု သွားတောင်းသင့်လား"

ဇွန်ဘီခေတ်မှာတော့ အိပ်ပြီးရင်လည်း ပြီးတာပဲလေ။ ဒါပေမဲ့ ဒီကမ္ဘာမှာတော့ အလကား အိပ်လို့ မရဘူး ထင်တယ်။

"မင်းသမီးလေး"

ဆရာတော်လေး ဖုန်းလင်က သက်ပြင်း တစ်ချက် ချလိုက်ပြီး အေးစက်တဲ့ မျက်လုံးတွေနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ကာ ပြောလိုက်တယ်။

"မင်းသမီးက ဘာလို့ ကိုယ်တော့်ကို စွပ်စွဲရတာလဲ။ ကျောင်းမိဖုရားက အရှင်မင်းကြီးရဲ့ မိဖုရားလေ။ မင်းသမီး ဒီလို လုပ်တာ အရှင်မင်းကြီးကို ဘယ်နေရာမှာ ထားတာလဲ"

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မ အဖေမှာ မိန်းမတွေ အများကြီး ရှိတာပဲ။ ဒီတစ်ယောက် လျော့သွားလည်း ဘာမှ မဖြစ်ဘူး။ ရှင့်ကို ပေးလိုက်လို့ ရပါတယ်"

ဒါဆို မင်းသမီးကြီးက ကျောင်းမိဖုရားကို မုန်းနေတုန်းပဲပေါ့။ အဲဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက စိတ်ထဲကနေ တွေးလိုက်ကြတယ်။ ဒါက ဘုရင်ကြီး ကိုယ်စား ကျောင်းမိဖုရားကို ပေးပစ်ဖို့တောင် ဆုံးဖြတ်နေတာပဲ။ အဲဒါ မိဖုရားနော်။ အစေခံမလေး မဟုတ်ဘူး။

"မဟုတ်ပါဘူး"

ဘုရင်ကြီးက ယွီးရှောင်ရှောင် ရှေ့မှာ ဝင်ရပ်လိုက်ပြီး ဆရာတော်လေး ဖုန်းလင်ကို ပြောလိုက်တယ်။

"လင်းလုံက ဒီနေ့ အရက်သောက်ထားလို့ မူးပြီး လျှောက်ပြောနေတာပါ။ ဆရာတော်လေးက ခွင့်လွှတ်ပေးပါ"

ဆရာတော်လေး ဖုန်းလင်က မျက်မှောင်ကြုတ်ပြီး မတ်တတ်ရပ်နေတယ်။

ဘုရင်ကြီးက ခဏ စဉ်းစားပြီး နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။

"လင်းလုံက စာဖတ်နည်းတယ်လေ။ ဆရာတော်လေးက သူ့ကို အပြစ်မယူပါနဲ့"

"ကျွန်မ စာဖတ်တာ...”

ယွီးရှောင်ရှောင်က သူမကိုယ်သူမ ကာကွယ်ဖို့ လုပ်လိုက်တယ်။ သူမက စာဖတ်နည်းတာ မဟုတ်ဘူး၊ ဒီကမ္ဘာကို အခုမှ ရောက်လာတာမို့ ဒီကမ္ဘာရဲ့ ယဉ်ကျေးမှုတွေကို အသားကျအောင် အချိန်ယူရဦးမယ်လေ။ ပြင်ပကမ္ဘာက လာတဲ့သူကို ဒီလောက်တောင် ခွဲခြားဆက်ဆံတာ ကောင်းရဲ့လား။

"ပါးစပ်ပိတ်ထားစမ်း"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆွဲထားပြီး တိုးတိုးလေး ပြောလိုက်တယ်။

"မင်း အဖေကို အသက်ရှင်ခွင့် ပေးပါဦး"

ယွီးရှောင်ရှောင်က ပြောတယ်။

"ယုံးရှန်းကျောင်းတော်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား"

အစွမ်းထက်တယ် ဆိုတဲ့ စကားလုံးကို ဘုရင်ကြီး တစ်ခါမှ မကြားဖူးပေမဲ့ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကိုတော့ သဘောပေါက်တယ်။ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"ဆရာတော်မော့ဝမ်က တိုင်းပြည်ငါးတိုင်းပြည်က စစ်တပ်တွေကို ခေါ်ပြီး လာတိုက်ရင် ဘယ်လို လုပ်မလဲ။ တိုင်းပြည် ပျက်တာကို စောင့်နေရမှာလား"

ယွီးရှောင်ရှောင်က မေးစေ့ကို ပွတ်လိုက်ပြီး အဖေဖြစ်သူကို တိုးတိုးလေး ဆက်မေးလိုက်တယ်။

"အဖေက ထာဝရ အသက်ရှင်ချင်လို့ မဟုတ်ဘူးလား"

ဘုရင်ကြီးက သမီးဖြစ်သူကို မျက်စောင်းထိုးပြီး ပြောတယ်။

"ငါကိုယ်တော် ပြောသားပဲ။ မိဖုရားခေါင်ကြီးက မင်းကို ဘုရားကျောင်း သွားခွင့် မပေးသင့်ဘူးလို့။ ထာဝရ အသက်ရှင်မယ်ဟုတ်လား။ မင်း မယ်တော် အခု ဘယ်မှာလဲ"

"ဘာ"

"လူ့ဘဝက တိုတောင်းတယ်" လို့ ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို အရမ်း ဝမ်းနည်းတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

"အချိန်ရှိတုန်း ပျော်ပျော်နေရမယ်။ ငါ့သမီးလေးရဲ့"

ဒီလို အလကား နေပြီး သေမဲ့ရက်ကို စောင့်နေတဲ့ စကားမျိုးကို ဘုရင်ကြီးက ဘာဖိအားမှ မရှိဘဲ ပြောထွက်တယ်။ ယွီးရှောင်ရှောင်လည်း နားထောင်လို့ အဆင်ပြေပါတယ်။ အလကား နေပြီး သေမဲ့ရက်ကို စောင့်တာက နေ့တိုင်း ထာဝရ အသက်ရှင်ဖို့ တွေးနေတာထက်တော့ ပိုကောင်းတာပေါ့။

"ဖေဖေ" လို့ ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ပြောလိုက်တယ်။

"ကျွန်မ ကြည့်ရတာ အဖေ့ဆီမှာလည်း ကောင်းတဲ့ အချက်လေးတွေ ရှိသားပဲ"

ဘုရင်ကြီးက ပြောတယ်။

"ငါကိုယ်တော် နားလည်အောင် တစ်ခွန်းလောက် ပြောလို့ မရဘူးလား။ ငါကိုယ်တော်က ပိုးစုန်းကြူးလား။ လင်းလက်နေတာလား"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ပြန်ပြောလိုက်တယ်။

"ရှင်က ပိုးစုန်းကြူးထက် ပိုကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရင် မဟုတ်ဘူးလို့ မထင်ပါနဲ့"

အခု ဘယ်သူက ဘယ်သူ့ကို ဘုရင် မဟုတ်ဘူးလို့ ထင်နေတာလဲ။ ဘုရင်ကြီး တကယ် နားမလည်တော့ဘူး။

ကျင်းကျုံးက ဘုရင်ကြီး အနောက်မှာ အားရပါးရ ချောင်းဟန့်လိုက်တယ်။ ယုံးရှန်းကျောင်းတော်က ဆရာတော်လေးက အဲဒီမှာ ရပ်နေတာကို။ ဒီ သားအဖ နှစ်ယောက်က ဘေးလူတွေကို ဂရုမစိုက်ဘဲ စကားတွေ ပြောနေကြတာ။ ဒီလို လုပ်တာ တကယ် ကောင်းရဲ့လား။

ယွီးရှောင်ရှောင်က ကျင်းကျုံးကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"နေမကောင်းရင် ပြန်ပြီး ဆေးသောက်လေ"

ကျင်းကျုံးရဲ့ မျက်နှာ တောင့်တင်းသွားတယ်။

ဆရာတော်လေး ဖုန်းလင်က အဲဒီအချိန်မှာ အားတင်းပြုံးလိုက်ပြီး ပြောလိုက်တယ်။

"အရှင်မင်းကြီး။ ကိုယ်တော် ကျောင်းမိဖုရား ကို ဝင်ကြည့်ချင်ပါတယ်"

"ဪ"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ကြည့်လိုက်တယ်။ ဒီလောက် ဗြောင်ကျကျ ဝင်လုနေတာတောင် ယောက်ျားကောင်း တစ်ယောက် အနေနဲ့ ရှင် သည်းခံနိုင်သေးလား။

ဘုရင်ကြီးရဲ့ မျက်နှာ ကြွက်သားတွေ တလှုပ်လှုပ် ဖြစ်သွားပြီး ပြောလိုက်တယ်။

"ဆရာတော်လေးက ကျောင်းမိဖုရားကို တွေ့ချင်တာလား"

ဆရာတော်လေး ဖုန်းလင်က ပြောတယ်။

"ကျောင်းမိဖုရားက နေမကောင်းဘူး မဟုတ်လား။ ကိုယ်တော်က မိဖုရားရဲ့ ရောဂါကို ကုသပေးနိုင်မယ် ထင်ပါတယ်"

"ရှင်က သမားတော်လား"

ယွီးရှောင်ရှောင် နည်းနည်း အံ့သြသွားတယ်။ ဒီလူယုတ်မာက သနားစရာ ရက်စက်တဲ့ ဘုရင်မကို ဘယ်လောက်တောင် လျှို့ဝှက်ထားတာတွေ ရှိနေတာလဲ။

…

All Chapters