အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) မင်းသမီးက ကျောင်းအိမ်တော်ကို သွားပြီး ခိုးနားထောင်မယ်တဲ့
ဧကရာဇ်ကို လှည့်စားမိတဲ့ အပြစ်ကြောင့် အဘိုးကြီးကုခမျာ နန်းတော်ထဲကထွက်လာတော့ တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်နေတာပေါ့။ နန်းတော်တံခါးဝမှာ ရပ်ရင်း ကုရှင်းနော့ကို တိုးတိုးလေး မေးလိုက်တယ်။
"ဒုတိယကောင်က ဘယ်လိုဖြစ်ရတာလဲ။ မင်း သူ့ကို သွားရှာဖို့ လူလွှတ်လိုက်တယ် မဟုတ်ဘူးလား။ ဘာလို့ အခုထိ ပြန်မရောက်လာသေးတာလဲ"
အကြီးဆုံးသခင်လေး ကုရှင်းနော့က ခေါင်းလှည့်ပြီး နှုတ်ခမ်းတစ်ချက် တွန့်လိုက်တယ်။ သူ့ညီလတ် ထွက်ပြေးသွားတာ ဒီလောက်ရက်တွေ ကြာနေပြီကို အဘိုးဖြစ်သူက ဒုတိယမြေး ဘယ်ရောက်နေလဲဆိုတာ တစ်ခွန်းမှ မမေးခဲ့ဘူးလေ။ အခုမှပဲ အဘိုးကြီးက စိတ်ပူရကောင်းမှန်း သိနေတယ်။ အစောကြီးကတည်းက ဘာတွေလုပ်နေခဲ့လို့လဲ။
ကုရှင်းနော့ ဘာမှမပြောတာကို မြင်တော့ အဘိုးကြီးက စိတ်ပူသွားပြီး သူ့မြေးအကြီးဆုံးရဲ့ ခေါင်းကို ရိုက်ဖို့ လက်ကို မြှောက်လိုက်ရင်း "မင်း သွားရှာဖို့ လူမလွှတ်လိုက်ဘူးလား" လို့ အလောတကြီး မေးလိုက်တယ်။
ကုရှင်းနော့က အဘိုးကြီး မြှောက်ထားတဲ့ လက်ကို အမြန်ဖမ်းဆွဲလိုက်ပြီး "လူလွှတ်ထားပါတယ်၊ ရှင်းယန်က ဒီတစ်ခေါက် အရမ်းသတိထားပြီး သွားနေလို့ မြေးလွှတ်လိုက်တဲ့လူတွေ သူ့ကို မတွေ့တာဖြစ်မယ်။ အဘိုး... ပြောစရာရှိတာတွေ အိမ်ရောက်မှ ဆက်ပြောကြမလား" လို့ ပြန်ဖြေလိုက်တယ်။
အဘိုးကြီးက နန်းတော်တံခါးပြင်မှာ ရပ်နေတဲ့ လူတွေကို တစ်ချက်ကြည့်လိုက်တယ်။ ကုရှင်းနော့က ကုရှင်းယန်တို့၊ ကုရှင်းလန်တို့နဲ့ မတူဘူးလေ၊ သူက နောင်တစ်ချိန် ကုမိသားစုကို ဦးဆောင်ရမဲ့ အိမ်ထောင်ဦးစီးဖြစ်လာမှာ။ ဒါကြောင့် လူအများကြီးရှေ့မှာ ဒီမြေးအကြီးဆုံးကို သူ ဆူပူလို့ မဖြစ်ဘူးပေါ့။ အဘိုးကြီးက ခြေတစ်ချက်ဆောင့်လိုက်ပြီး မြင်းပေါ် တက်လိုက်တော့တယ်။
"ကုသခင်လေး..." ကုရှင်းနော့ မြင်းပေါ်တက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ နန်းတော်ထဲကနေ မိန်းမစိုးငယ်လေးတစ်ယောက် ပြေးထွက်လာပြီး ကုရှင်းနော့ကို လှမ်းခေါ်ရင်း ပြေးလာခဲ့တယ်။
ကုရှင်းနော့က အဲဒီမိန်းမစိုးလေးကို ရပ်စောင့်နေလိုက်တယ်။ ရင်ထဲမှာလည်း သံသယဝင်သွားတာပေါ့။ အရှင်မင်းကြီးက တစ်ခုခုများ ရိပ်မိသွားပြီး သူ့ကို ပြန်ခေါ်မေးမလို့များလားလို့ပေါ့။
မိန်းမစိုးလေးက ကုရှင်းနော့ရှေ့ရောက်တော့ သွက်သွက်လက်လက် အရိုအသေပေးလိုက်ပြီး လေသံတိုးတိုးနဲ့ "အကြီးဆုံးကုသခင်လေး... အရှင်မင်းကြီးက မိန့်လိုက်ပါတယ်..."
ကုရှင်းနော့က 'အရှင်မင်းကြီးက မိန့်လိုက်ပါတယ်' ဆိုတာကို ကြားတော့ ချက်ချင်း ဒူးထောက်ဖို့ ပြင်လိုက်တယ်။ ဘုရင့်အမိန့်ကို မတ်တတ်ရပ်ပြီး နာခံလို့မှ မရတာလေ။
မိန်းမစိုးလေးက ကုရှင်းနော့ကို အမြန်လက်ကာပြလိုက်ပြီး "အရှင်မင်းကြီးက သခင်လေးကို ဒူးမထောက်နဲ့လို့ မိန့်လိုက်ပါတယ်" လို့ ပြောလေရဲ့။
ကုရှင်းနော့က အံ့သြသွားပြီး "အရှင်မင်းကြီးမှာ ဘာအမိန့်ရှိလို့လဲ" လို့ မေးလိုက်တယ်။
မိန်းမစိုးလေးက ပြန်ဖြေတယ်။ "အရှင်မင်းကြီးက သခင်လေးကတစ်ဆင့် မင်းသမီးလေးကို စကားပါးလိုက်ပါတယ်တဲ့။ အရှင်မင်းကြီးက အခုရက်ပိုင်း ကျန်းမာရေးကောင်းမွန်လို့ မင်းသမီးလေးအနေနဲ့ သူ့အတွက် စိတ်မပူပါနဲ့တဲ့။ ပြီးတော့ အရှင်မင်းကြီးက မခေါ်ဘူးဆိုရင် မင်းသမီးလေး နန်းတော်ထဲ လာစရာမလိုဘူးလို့ ပြောပါတယ်"
ကုရှင်းနော့ခမျာ ရယ်ချင်နေတာကို အတင်းအောင့်ထားရတော့တယ်။ အရှင်မင်းကြီးကတော့ မင်းသမီးရဲ့ နှိပ်စက်မှုကြောင့် ဒီလိုအခြေအနေထိတောင် ရောက်နေပြီကိုး။
အဲဒီအချိန်မှာ ယွီးရှောင်ရှောင်က အခန်းထဲမှာ ထမင်းစားနေလေရဲ့။ အဘိုးနဲ့ အစ်ကိုကြီးက နန်းတော်ထဲ ကျေးဇူးတင်စကား လျှောက်တင်သွားတာ ပြန်မရောက်သေးဘူး၊ ကုရှင်းလန်ကလည်း သူ့ရဲ့ စစ်မြေပြင်က ညီအစ်ကိုတွေနဲ့ အရက်သောက်နေတယ်။ အဘွားဖြစ်သူကလည်း ဒီနေ့ အစားစားချင်စိတ်မရှိဘူးဆိုပြီး စောစောစီးစီး အနားယူသွားပြီ။ ဒုတိယချွေးမနဲ့ လင်းသခင်မတို့ကလည်း သူတို့သားလေးတွေကိုခေါ်ပြီး ကိုယ့်အခန်းကိုယ် ထမင်းစားနေကြတယ်။ ဒါကြောင့် ယွီးရှောင်ရှောင်က ဝမ်မောမောကိုခေါ်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကလည်း သူမရဲ့ အခန်းထဲမှာပဲ ထမင်းအတူတူ စားနေကြတာလေ။
ဝက်ခေါင်းသားကို ကုအိမ်တော် မီးဖိုချောင်က စားဖိုမှူးကြီးက အပြားလေးတွေလှီးပြီး ပန်းကန်ထဲ ပြင်ပေးထားတယ်။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို လန့်သွားစေတဲ့ သေတာတောင် မျက်လုံးမမှိတ်တဲ့ ဝက်ခေါင်းပုံစံကြီး မဟုတ်တော့ဘူးလေ။ ဒါပေမဲ့လည်း ဒီဝက်ခေါင်းသား ပန်းကန်ကြီးက အိမ်တော်ထဲက သခင်တွေရဲ့ အခန်းတွေကို လှည့်ပတ်ပို့ပြီးတဲ့နောက် ကုရှင်းလန်ရဲ့ အခန်းဆီ တစ်ပန်းကန် ချန်ထားတာကလွဲရင် ဘယ်သူမှ မစားကြလို့ ပြန်ရောက်လာတာပဲ။
"အဘွားနဲ့ မရီးတို့က ဝက်သားမစားကြဘူးလား" ယွီးရှောင်ရှောင်က အတော်လေး နားမလည်နိုင်ဖြစ်သွားတယ်။ ဘယ်လိုလူကများ ဝက်သားမစားဘဲ နေနိုင်ရတာလဲ။
ဝမ်မောမောက သူမရဲ့ မင်းသမီးနဲ့ ဆက်ပြီး စကားမပြောချင်တော့တဲ့ စိတ်ကို အတင်းအောင့်ထားပြီး "မင်းသမီး... ဒါက ဘယ်လိုလုပ် ဝက်သားဖြစ်မှာလဲ" လို့ ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ယွီးရှောင်ရှောင် ပိုပြီး နားမလည်ဖြစ်သွားတာပေါ့။ ဝက်ခေါင်းသားက ဘယ်လိုလုပ် ဝက်သား မဟုတ်ရမှာလဲ။
"ဒါဆို ဒါက ဘာသားလဲ" ယွီးရှောင်ရှောင်က ဝမ်မောမောကို မေးလိုက်တယ်။ "အမဲသားတော့ မဟုတ်လောက်ပါဘူးနော်"
ဝမ်မောမောက "ဒီလိုအသားမျိုးက ဧည့်ခံပွဲတွေမှာ တည်ခင်းလေ့မရှိဘူးလေ၊ မင်းသမီး မသိဘူးလား" လို့ ပြန်ဖြေတယ်။
ယွီးရှောင်ရှောင်က ဝမ်မောမောကို မျက်လုံးပြူးပြီး အတော်ကြာကြာ စိုက်ကြည့်နေမိတယ်။ ဒါက အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိနေလို့ ဒီလောကက လူသားတွေက ဝက်ခေါင်းသားကို အထင်မကြီးကြတာပေါ့လေ။ သူဌေးတွေက ဆင်းရဲသားတွေရှေ့မှာ ကြွားဝါတဲ့အခါ အခု ဝမ်မောမော လုပ်ပြနေတဲ့ မျက်နှာပေးမျိုးနဲ့ လေသံမျိုး လုပ်ပြတတ်ကြတယ်လေ။ တကယ့်ကို စောက်ရေးမပါတဲ့ လောကကြီးပဲလို့ မင်းသမီးလေးက စိတ်ထဲကနေ မကောင်းဆိုးဝါး ဆဲသလို ဆဲလိုက်မိတယ်။ တစ်နေ့ ဇွန်ဘီတွေ ပေါ်လာတဲ့အခါ မင်းတို့တွေ ဘယ်လောက် ကြွားနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ဝမ်မောမောက "မင်းသမီး... မနက်ဖြန်ကစပြီး ကျွန်မ မင်းသမီးကို အမျိုးသမီးကျင့်ဝတ်တွေ ပြန်သင်ပေးပါ့မယ်" လို့ ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ရင်ထဲမှာ ဆို့နင့်သွားပြီး ခေါင်းငုံ့ကာ အတင်းဆက်စားနေလိုက်တယ်။ ဝမ်မောမော ပြောတဲ့စကားတွေကိုတော့ ဘယ်နားဝင်ညာနားထွက် လုပ်ပစ်လိုက်တာပေါ့။
ရှောင်ကျွမ်းက သတ္တိမွေးပြီး ဝမ်မောမောကို မေးလိုက်တယ်။
"မောမော... မနက်ဖြန် ကျွန်တော်တို့ ရူယွင်တောင်ကို အတူတူ သွားကြမှာ မဟုတ်ဘူးလား"
ဝမ်မောမောရဲ့ ဓားလိုစူးရှတဲ့ အကြည့်က ရှောင်ကျွမ်းဆီကို ရွှစ်ခနဲ စိုက်ဝင်သွားတော့တယ်။
ရှောင်ကျွမ်းလည်း ခေါင်းငုံ့သွားပြီး ဘာမှ ဆက်မပြောရဲတော့ဘူး။
ဝမ်မောမောက မနက်ဖြန်ကိုတောင် မစောင့်နိုင်တော့ဘဲ သူမရဲ့ မင်းသမီးကို အခုချက်ချင်းပဲ စာသင်ပေးတော့တာပဲ။
ရှောင်ဝေကတော့ အေးအေးဆေးဆေးပဲ စားသောက်နေတယ်။ ဝမ်မောမောက မင်းသမီးကို အမျိုးသမီးကျင့်ဝတ်တွေ သင်ပေးမဲ့ကိစ္စကို သူ နည်းနည်းလေးမှ စိတ်မပူပါဘူး။ မင်းသမီးက သခင်ဖြစ်ပြီး ဝမ်မောမောက အစေခံမို့လို့ မဟုတ်ဘူး၊ တကယ်လို့သာ စာသင်ဖြစ်သွားရင် နောက်ဆုံးမှာ ရူးသွားမဲ့သူက သေချာပေါက် ဝမ်မောမောပဲ ဖြစ်လိမ့်မယ်လို့ ရှောင်ဝေက အပြည့်အဝ ယုံကြည်နေလို့လေ။
ယွီးရှောင်ရှောင် ထမင်းစားပြီးသွားတဲ့အခါ စားပွဲပေါ်က ပြောင်ရှင်းနေတဲ့ ပန်းကန်တွေကို ကြည့်ပြီး ပြောလိုက်တယ်။
"ဒီည ငါ ကျောင်းအိမ်တော်ကို သွားပြီး ခိုးနားထောင်မလို့။ ရှောင်ကျွမ်း၊ ရှောင်ဝေ... နင်တို့တွေ ငါနဲ့ လိုက်ချင်လား"
ဝမ်မောမောခမျာ ဒီစကားကို ကြားလိုက်ရတော့ တစ်ကိုယ်လုံး တုန်တက်သွားတာပဲ။ ခုနက သူမ အကြာကြီး ပြောနေခဲ့တာတွေက ဒီမင်းသမီး နားထဲ တစ်ခွန်းမှ မဝင်ခဲ့ဘူးကိုး။
ရှောင်ဝေက မေးလိုက်တယ်။
"မင်းသမီး... ကျွန်တော်တို့ အမတ်ချုပ်ကြီးကျောင်း အိမ်တော်မှာ ဘာသွားခိုးနားထောင်မှာလဲ"
"ဒီနေ့ ငါ အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးနှစ်ယောက်ကို တွေ့ခဲ့တယ်လေ" လို့ ယွီးရှောင်ရှောင်က ပြောလိုက်တယ်။
ကျောင်းချိုးမင်မှာ အမြွှာသမီးနှစ်ယောက်ရှိတယ်ဆိုတာကို ဝမ်မောမောက သိထားတော့ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောတယ်။ "သူတို့က ကိုယ်လုပ်တော်က မွေးတဲ့ သာမန်သမီးတွေပါ၊ မင်းသမီးက ဘာများ ဂရုစိုက်နေစရာ လိုလို့လဲ"
ရှောင်ကျွမ်းက ဝင်ပြောတာပေါ့။
"မင်းသမီး... ကျောင်းအိမ်တော်က သခင်မလေးနှစ်ယောက်က မင်းသမီးကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့လို့လား" မိဖုရားကျောင်းနဲ့ သူတို့မင်းသမီးရဲ့ ရန်ငြိုးကို တွေးမိပြီး ရှောင်ကျွမ်းက အမှန်ကို သိလိုက်ပြီလို့ ထင်သွားတာလေ။
ယွီးရှောင်ရှောင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး "သူတို့တွေ နံရံပိသွားတာလေ၊ ငါ တွေ့တဲ့အချိန်တုန်းက သူတို့ သတိမလည်သေးဘူး" လို့ ပြောလိုက်တယ်။
"မင်းသမီးက သူတို့ ဒဏ်ရာရသွားတာကို စိတ်ပူနေတာလား" ဝမ်မောမောက သူမရဲ့ မင်းသမီးမှာ အဲဒီလောက် စိတ်သဘောထားကောင်း မရှိဘူးဆိုတာ သိပေမဲ့ တခြား ဘာအကြောင်းပြချက်မှ စဉ်းစားလို့မရဘူးလေ။ သူမရဲ့ မင်းသမီးက ကျောင်းအိမ်တော်ကို သွားပြီး လူသတ်၊ မီးရှို့ချင်နေတာမှ မဟုတ်ရင်ပေါ့။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်း၊ ရှောင်ဝေနဲ့ ဝမ်မောမောတို့ကို လက်ညှိုးလေး ခါပြလိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "အဲဒီကောင်မလေးက အမတ်ချုပ်ကြီးကျောင်းရဲ့ သမီး အစစ် မဟုတ်ဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်"
ရှောင်ကျွမ်းက "မဖြစ်နိုင်တာ၊ ကျောင်းအမတ်က ကိုယ့်သမီးကိုယ်တောင် မှားနိုင်ပါ့မလား" လို့ ပြန်မေးလိုက်တယ်။
"ဟွန့်" ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်ပြီး "အဲဒါ အားချိုးလေ၊ ဒါကို သူက ငါ့အဖေဆီမှာ ကျောင်းရင်းချင်းပါဆိုပြီး လိမ်ပြောခဲ့တာ" လို့ ပြောလိုက်တာပေါ့။
ဝမ်မောမောတို့ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ သူတို့တွေ တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီးကို ကြားလိုက်ရပြီလေ။ ကျောင်းချိုးမင်က ဧကရာဇ်ကို လှည့်စားတယ်ပေါ့လေ။
"အားချိုးရဲ့ မျက်နှာအစစ်အမှန်ကို ငါ သွားဖော်ထုတ်မလို့" ယွီးရှောင်ရှောင်က ဆိုတယ်။
"ရှောင်ကျွမ်း၊ ရှောင်ဝေ... ငါတို့ သွားကြစို့"
ရှောင်ကျွမ်းကတော့ အရမ်းကို စိတ်လှုပ်ရှားသွားတာပေါ့။ ကျောင်းချိုးမင်ကို သေတွင်းထဲ ပို့မဲ့လူတွေထဲမှာ သူလည်း ပါဝင်ခွင့်ရမယ်ဆိုတော့ ရှောင်ကျွမ်းခမျာ အရမ်းကို ဂုဏ်ယူနေမိတယ်။
ဝမ်မောမောက စားပွဲကို ဘုန်းခနဲ ရိုက်လိုက်တယ်။
"မောမောလည်း လိုက်ချင်လို့လား" ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ဝမ်မောမောက "ဒီကိစ္စကို သမက်တော်ဆီ အရင်သွားပြောရမယ်" လို့ ပြန်ပြောတယ်။
"သူက ဧည့်သည်တွေ ဧည့်ခံနေတာလေ" ယွီးရှောင်ရှောင်က ဆိုတယ်။
ဝမ်မောမောက "မင်းသမီး... ဒီမှာ ခဏစောင့်ပါ။ ကျွန်မ သမက်တော်ဆီ သွားပြောလိုက်ဦးမယ်" လို့ ပြောပြီးတာနဲ့ မတ်တတ်ရပ်ကာ ထွက်သွားတော့တယ်။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို မေးလိုက်တယ်။ "ငါတို့ မောမောကို စောင့်နေရမှာလား"
ဝမ်မောမော ပြန်လာတဲ့အချိန် သူတို့ကို မတွေ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ တွေးမိပြီး ရှောင်ကျွမ်းခမျာ အသည်းတွေ တုန်သွားတာပေါ့။ ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြလိုက်တယ်။ ဝမ်မောမောက မင်းသမီးကိုတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံမှာပေမဲ့ သူ့နဲ့ ရှောင်ဝေအတွက်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံးက ရှိတောင်မရှိဘူးလေ။
ရှောင်ဝေက မေးလိုက်တယ်။ "မင်းသမီး... အားချိုးဆိုတာ ဘယ်သူလဲ"
"အလှလေးတစ်ယောက်လေ" ယွီးရှောင်ရှောင်က အားချိုးဆိုတာ ဝမ်ဖုန်းလင်ရဲ့ အချစ်စစ်ဆိုတာကို တွေးမိပြီး ရက်စက်တဲ့ ဘုရင်မအတွက် စိတ်ထဲကနေ ထပ်ပြီး ဝမ်းနည်းပေးလိုက်ပြန်တယ်။ အားချိုးကို မယှဉ်နိုင်လို့ ရက်စက်တဲ့ ဘုရင်မခမျာ တကယ့်ကို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလေ။
…