အခန်း (၂၁-၂၂)
Vol. 2 Ch. 21-22
အခန်း (၂၁) အစ်မကို ဒုက္ခပေးဖို့ မွေးလာတဲ့ကောင်လေး
ယွီးရှောင်ရှောင် နန်းတော်ထဲက ထွက်လာတော့ ကျောင်းသားအဖကို တစ်ချက် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးမှ ကုမိသားစု သားအဖတွေ ယူလာတဲ့ မြင်းလှည်းပေါ်ကို တက်လိုက်တယ်။
“မင်းသမီးလေး နန်းတော်က ပြန်ထွက်လာပြီလား” မြင်းလှည်းထဲမှာ စောင့်နေတဲ့ ဝမ်မောမောက သူမရဲ့ မင်းသမီးလေး တက်လာတာ မြင်တော့ အမြန်ပဲ လက်ကမ်းပြီး တွဲကူလိုက်တယ်။
ယွီးရှောင်ရှောင်က ဝမ်မောမောကို ခေါင်းခါပြလိုက်ပြီး သူမရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ကာ မေးလိုက်တယ်။
“ရှင် နန်းတော်ထဲ မဝင်ဘူးလား”
အဲဒီအချိန်မှာပဲ မြင်းလှည်းက တစ်ချက် တုန်ခါသွားပြီး နန်းတော်တံခါးကနေ ထွက်ခွာကာ အရှေ့ကို ဦးတည်သွားတော့တယ်။
ဝမ်မောမောက ပြတင်းပေါက်လိုက်ကာကို ဟပြီး အပြင်ကို လှည့်ကြည့်လိုက်တယ်။ လှည်းဘေးမှာ လိုက်လာတဲ့သူတွေက ကုမိသားစုဝင်တွေမှန်း သေချာသွားတော့မှ သူမရဲ့ ဝတုတ်တုတ် ကိုယ်လုံးကြီးကို ယွီးရှောင်ရှောင်ရဲ့ ဘေးကို ရွှေ့ထိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ကျွန်တော်မျိုးမ ဝင်ခဲ့ပါတယ် မင်းသမီးလေး။ အမတ်မင်းတွေ ဘုရင်မင်းမြတ်နဲ့ သွားတွေ့နေတဲ့ အချိန်မှာ ဝေမောမောနဲ့အတူ ပိုင်ဟုန်နန်းဆောင်ကို သွားခဲ့တာပါ”
ဝေမောမောက ဘယ်သူလဲဆိုတာ ယွီးရှောင်ရှောင် သေသေချာချာ မသိပေမဲ့ ပိုင်ဟုန်နန်းဆောင်ဆိုတာကတော့ သူမ မှတ်မိနေတယ်။ အဲဒါ သတ္တမမင်းသား ယွီးကျစ်ရီနေတဲ့ နေရာပဲ။
“ရှင် ယွီးကျစ်ရီကို သွားတွေ့တာလား” ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ဝမ်မောမောက ကြောင်သွားတယ်။
“မင်းသမီးလေးက ဘုရင်မင်းမြတ် သတ္တမမင်းသားကို နာမည်ပေးလိုက်တာ သိနေပြီလား”
ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်မိတယ်။ ဒီသတ္တမမင်းသားက ရက်စက်တဲ့ ဘုရင်မနဲ့ မအေတူ ဖအေတူ မောင်နှမအရင်းတွေလေ။ ရက်စက်တဲ့ ဘုရင်မကပဲ သူ့ကို ပြုစုပျိုးထောင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူကပဲ စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ထဲကို စီးနင်းဝင်ရောက်ကာ သူ့အစ်မဖြစ်သူကို ပြာဖြစ်သွားစေမဲ့ မီးကို ကိုယ်တိုင် ရှို့ခဲ့တာလေ။ ရက်စက်တဲ့ ဘုရင်မက လူကောင်းမဟုတ်ဘူး ဆိုရင်တောင် ဒီယွီးကျစ်ရီကလဲ နှစ်ပေါင်း ၂၀ လုံးလုံး သူ့အစ်မကို ဒုက္ခပေးဖို့ပဲ မွေးလာတဲ့ကောင်ပဲ။
ဝမ်မောမောကတော့ သူမရဲ့ မင်းသမီးလေး ဘာလို့ နှာခေါင်းရှုံ့နေမှန်း မသိဘဲ တိုးတိုးလေး ဆက်ပြောတယ်။
“ဝေမောမောတို့က ဒီရက်ပိုင်း သတ္တမမင်းသားကို တစ်စက္ကန့်မှ မျက်တောင်မခတ်ဘဲ ပြုစုနေကြတာ။ မင်းသမီးလေးရယ်... သတ္တမမင်းသားကို နန်းတော်ထဲကနေ တစ်နည်းနည်းနဲ့ ခေါ်ထုတ်သွားနိုင်ဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”
ယွီးရှောင်ရှောင်က မျက်လုံးပြူးသွားတော့တယ်။
“ဘာလို့ ကျွန်မက အဲဒီ ဒုက္ခပေးမဲ့ကောင်ကို ဘေးမှာ ခေါ်ထားရမှာလဲ”
ဝမ်မောမောက သူမရဲ့ အင်္ကျီလက်ထဲကနေ အဝတ်ထုပ်လေးတစ်ခု ထုတ်ပြလိုက်တယ်။
“မနေ့က နန်းတွင်းရေးရာဌာနကနေ သတ္တမမင်းသားအတွက် အင်္ကျီအသစ်တွေ ပို့လာတယ်။ အဲဒါကို ဝေမောမောတို့က အင်္ကျီအတွင်းသားထဲကနေ ဒါကို ရှာတွေ့ခဲ့တာ”
ယွီးရှောင်ရှောင်က အဝတ်ထုပ်ကို ယူပြီး ဖြန့်ကြည့်လိုက်တဲ့အခါ ပိုးသားအစပေါ်မှာ မည်းနက်နေတဲ့ သွေးစကွက်တွေကို တွေ့လိုက်ရတယ်။
ဝမ်မောမောက ယွီးရှောင်ရှောင် မမေးရသေးခင်မှာပဲ ပြောလိုက်တယ်။
“ဒါက ကျောက်ရောဂါ ဖြစ်နေတဲ့သူ ဝတ်ခဲ့တဲ့ အဝတ်အစားပဲ ဖြစ်ရမယ်။ အဲဒီ အသိစိတ်မရှိတဲ့ အကောင်တွေက သတ္တမမင်းသားကို အသေသတ်ချင်နေကြတာ”
ယွီးရှောင်ရှောင်က ဆိုတယ်။
“ဒါဆို ဘာလို့ ကျွန်မအဖေကို မပြောတာလဲ”
ကိုယ့်သားအရင်းကို သတ်ဖို့ ကြံနေကြတာကို အဲဒီ ငတုံးမင်းကြီးကို ဘာလို့ သွားမပြောကြတာလဲ
ဝမ်မောမောက သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။
“ပြောတော့ရော ဘာထူးမှာလဲ။ နန်းတွင်းရေးရာဌာနက မိန်းမစိုး နည်းနည်းပါးပါးကို သတ်ရုံနဲ့ ဘာမှ ဖြစ်မလာဘူးလေ”
“ဘယ်သူက ယွီးကျစ်ရီကို သေစေချင်နေတာလဲ” ယွီးရှောင်ရှောင်က မေးလိုက်တယ်။
“သတ္တမမင်းသားက မိဖုရားခေါင်ကြီးရဲ့ သားအရင်း ဖြစ်နေလို့ပေါ့” ဝမ်မောမောက လေသံကို တိုးနိုင်သမျှ တိုးပြီး ယွီးရှောင်ရှောင်ကို ပြောပြတယ်။
“နန်းတော်ထဲက ကျန်တဲ့ မင်းသား ခြောက်ယောက်ရဲ့ မိခင်တွေထဲမှာ ဘယ်သူမှ စိတ်စေတနာကောင်း ရှိကြတာ မဟုတ်ဘူး”
ယွီးရှောင်ရှောင်က ခပ်ပြတ်ပြတ်ပဲ ခေါင်းခါလိုက်တယ်။
“နားမလည်ဘူး”
ဝမ်မောမော သက်ပြင်းချလိုက်မိပြန်တယ်။ မိဖုရားခေါင်ကြီးက မင်းသမီးလေးကို ကာကွယ်လွန်းခဲ့တာကြောင့် အခု ဘာမှ နားမလည်တော့ဘူးလေ။
“သတ္တမမင်းသားက မိဖုရားခေါင်ကြီးရဲ့ သားအရင်းဆိုတော့ ကျန်တဲ့ မင်းသား ခြောက်ယောက်က သူ့ကို ဘယ်လိုမှ ကျော်လို့မရဘူးလေ။ သတ္တမမင်းသားသာ အရွယ်ရောက်လာရင် သူက အိမ်ရှေ့မင်းသား ဖြစ်မှာလေ”
အခုမှ ယွီးရှောင်ရှောင် သဘောပေါက်သွားတော့တယ်။ ဒီဒုက္ခပေးမဲ့ကောင်က တခြားလူတွေရဲ့ ဘုရင်ဖြစ်မဲ့ လမ်းကြောင်းကို ပိတ်နေတာကြောင့် နန်းတော်ထဲက မိန်းမတွေရဲ့ မျက်စိဆံပင်မွေး စူးစရာ ဖြစ်နေတာကိုး။
ဝမ်မောမောက စိတ်ပူစွာနဲ့ ဆိုတယ်။
“ဝေမောမောတို့က မိဖုရားခေါင်ကြီးရဲ့ လူတွေမို့ ယုံကြည်လို့ ရပေမဲ့ သူတို့က အစေခံတွေပဲလေ။ သတ္တမမင်းသားကို တစ်ခဏတော့ ကာကွယ်ပေးနိုင်ပေမဲ့ တစ်သက်လုံးတော့ မကာကွယ်နိုင်ဘူး။ ဝေမောမောကတော့ စစ်သေနာပတိချုပ်ကြီး ကုတို့နဲ့ တိုင်ပင်ကြည့်ချင်နေတာ၊ ဒါပေမဲ့...”
ဝမ်မောမောက စကားဆက်မပြောနိုင်တော့ဘူး။ ဒီနေ့သာ သူမရဲ့ မင်းသမီးလေး ဝင်မပါခဲ့ရင် ကုမိသားစု တစ်မျိုးနွယ်လုံးက ထောင်ထဲမှာပဲ ရှိနေဦးမှာလေ။ သူတို့ကိုယ်သူတို့တောင် မကယ်နိုင်တာကို မင်းသားကို ဘယ်လို ကာကွယ်ပေးနိုင်မှာလဲ
“စိတ်မပူပါနဲ့” ယွီးရှောင်ရှောင်က ဝမ်မောမော ငိုတော့မဲ့ပုံကို မြင်တာနဲ့ ပြောလိုက်တယ်။
“သူက သေချာပေါက် အရွယ်ရောက်လာမှာပါ”
အရွယ်ရောက်လာရုံတင်မကဘူး၊ သူက ဘုရင်တောင် ဖြစ်ဦးမှာလေ။
ဝမ်မောမောက ယွီးရှောင်ရှောင် စကားကြောင့် တကယ်ပဲ ငိုချလိုက်တော့တယ်။
“မိဖုရားခေါင်ကြီးက အသက်နဲ့လဲပြီး သတ္တမမင်းသားကို မွေးခဲ့တာ။ အခု မိဖုရားခေါင်ကြီး မရှိတော့ဘူးဆိုရင် ဘယ်သူက သတ္တမမင်းသားကို ဘေးကင်းအောင် ပြုစုပေးမှာလဲ။ ကျွန်တော်မျိုးမ မိဖုရားခေါင်ကြီးကို မျက်နှာပူလိုက်တာ”
“ဒီလောက်ထိ စိတ်ဓာတ်မကျစမ်းပါနဲ့” ယွီးရှောင်ရှောင်က ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။
ဝမ်မောမောက ပိုပြီး အသံကျယ်ကျယ် ငိုရင်း မေးလာတယ်။
“မင်းသမီးလေးရယ်... သတ္တမမင်းသားကိစ္စကို ဘယ်လိုလုပ်ရင် ကောင်းမလဲ”
ယွီးရှောင်ရှောင် သူမရဲ့ ခေါင်းကို ကုတ်လိုက်မိတယ်။ အဲဒီ ဒုက္ခပေးမဲ့ကောင်က အခုတော့ ကလေးလေးပဲ ရှိသေးတာပဲ။ ငါသာ ဒီဘဝမှာ လူဆိုး မလုပ်ဘူး၊ ချစ်သူတွေ အများကြီးမထားဘူး၊ ငတုံးမင်းသမီး မလုပ်ဘူးဆိုရင်တော့ ဒီကောင်က ငါ့ကို မီးရှို့သတ်မှာ မဟုတ်လောက်ဘူး မလား။ ဒါကို တွေးမိတော့ ယွီးရှောင်ရှောင်က ဝမ်မောမောကို ပြောလိုက်တယ်။
“ဒါဆိုရင်တော့ ကျွန်မ သူ့ကို နန်းတော်ထဲကနေ ခေါ်ထုတ်လာခဲ့မယ်”
“ဘာပြောလိုက်တာလဲ” ဝမ်မောမောက မေးလိုက်တယ်။
ယွီးရှောင်ရှောင်က မြင်းလှည်းတံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ကို ခုန်ထွက်ကာ ပျောက်ကွယ်သွားတော့တယ်။
ဝမ်မောမောခမျာ မျက်ရည်တွေ၊ နှာရည်တွေနဲ့ ကျန်ရစ်ခဲ့ပြီး သူမရဲ့ မင်းသမီးလေးက သိပ်မြန်လွန်းတာကြောင့် ဘာမှတောင် တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူး။
မြင်းလှည်းအပြင်ဘက်မှာ မြင်းစီးလာတဲ့ ကုရှင်းနော့ကတော့ သူ့မျက်စိရှေ့ကနေ အရိပ်တစ်ခု ဖျတ်ခနဲ ပျောက်သွားတာကို မြင်လိုက်ရတယ်။ အော်ခေါ်ဖို့ ပြင်လိုက်ပေမဲ့ အဲဒီလူက ပျောက်သွားပြီမို့ လှည်းထဲကလူကိုပဲ လှည့်မေးလိုက်ရတယ်။
“မင်းသမီးလေး ထပ်ပြီး ထွက်သွားပြန်ပြီလား”
ဝမ်မောမောလဲ ကုရှင်းနော့ မေးမှပဲ သတိပြန်ဝင်လာတယ်။
“မင်းသမီး... မင်းသမီးလေး နန်းတော်ထဲကို ပြန်သွားပြီ။ သခင်လေး... တို့တွေ ပြန်လှည့်မှ ဖြစ်မယ်”
ဝမ်မောမောက ကုရှင်းနော့ကို အော်ပြောလိုက်တယ်။
ကုရှင်းနော့တင်မကဘဲ စစ်သေနာပတိချုပ်ကြီးကုတောင် မြင်းပေါ်မှာ တစ်ချက် တုန်သွားရတယ်။
'မင်းသမီးလေးက စိတ်မကျေနပ်သေးလို့ ကျောင်းမိဖုရားကို သတ်ဖို့ နန်းတော်ကို ပြန်သွားတာလား'
“ပြန်လှည့်ကြ” ကုချန်းက အမြန် အမိန့်ပေးလိုက်တယ်။
အဖွဲ့သားတွေ အကုန်လုံးလဲ မြင်းလှည်းကို အမြန်ပြန်လှည့်ပြီး နန်းတော်ဆီကို ပြန်ပြေးကြတော့တယ်။
ခဏအကြာမှာတော့ နန်းတော်တံခါးကို စောင့်နေတဲ့ ကိုယ်ရံတော်တပ်မှူးက သူ့ရှေ့မှာ ရပ်နေတဲ့ ယွီးရှောင်ရှောင်ကို မြင်တော့ ဒူးတောင် ထောက်မိတော့မလို့ပဲ။ 'ဒီမင်းသမီးက ဘာလို့ ထပ်ရောက်လာပြန်တာလဲ'
“မင်းသမီးလေး... ဘုရင်မင်းမြတ်ကို တွေ့ချင်တာဆိုရင် ကျွန်တော်မျိုး ချက်ချင်းပဲ သွားပြီး လျှောက်တင်ပေးပါ့မယ်” တပ်မှူးက အမူအရာကို အနှိမ့်ချဆုံးထားပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ဆိုတယ်။
“ကျောင်းချိုးမင်တို့ ထွက်သွားကြပြီလား”
တပ်မှူးက ခေါင်းကို တွင်တွင်ညိတ်ပြလိုက်တယ်။
“ကျောင်းအမတ်ကြီးတို့ အိမ်ပြန်သွားကြပါပြီ။ မင်းသမီးလေး သူတို့ကို တွေ့ချင်တာဆိုရင် အမတ်ချုပ်ကြီးအိမ်တော်ကို သွားနိုင်ပါတယ်”
“အင်း...” ယွီးရှောင်ရှောင်က ဆိုတယ်။ “အခုတော့ သူ့ကို ရှာမနေတော့ဘူး။ ကျွန်မ နန်းတော်ထဲ ဝင်ချင်လို့”
တပ်မှူးမှာ ခဏလောက် ဆွံ့အသွားရတယ်။ 'ကျောင်းချိုးမင်ကို မရှာဘူးဆိုရင် ဘာလို့ မေးနေရတာလဲ'
ယွီးရှောင်ရှောင်က ခြေဖျားလေးနဲ့ မြေပြင်ကို တို့လိုက်ရုံနဲ့ မြင့်မားလှတဲ့ နန်းတော်တံခါးကြီးပေါ်ကို ခုန်တက်သွားတော့တယ်။
'နန်းတော်ထဲကို ဒီလို ဝင်ရတာ မဟုတ်ဘူးလေ။' တပ်မှူးက စိတ်ထဲကနေ အော်ဟစ်နေမိတယ်။
'ဘယ်သူက မင်းသမီးကို ဒီလို သိုင်းပညာတွေ သင်ပေးထားတာလဲ။ တစ်နေ့ကို နှစ်ခါတောင် ဒီလို လာကြွားနေဖို့ လိုလို့လား။'
ယွီးရှောင်ရှောင် နန်းတော်ထဲ ရောက်တာနဲ့ မိန်းမစိုးငယ်တစ်ယောက်ကို ဖမ်းလိုက်တယ်။
“ပိုင်ဟုန်နန်းဆောင်ကို လမ်းပြစမ်း”
အဲဒီ မိန်းမစိုးလေးက ယွီးရှောင်ရှောင်ကို မြင်တာနဲ့ တစ်ကိုယ်လုံး တုန်တုန်ရင်ရင် ဖြစ်သွားရောပဲ။
“မင်း... မင်းသမီးလေး... ကျွန်တော်မျိုး ဘာမှမသိပါဘူးဘုရား”
“ပိုင်ဟုန်နန်းဆောင်ကို သွားတဲ့လမ်းကို မသိဘူးလား”
“သိ... သိပါတယ်”
“ဒါဆို သွားမယ်” ယွီးရှောင်ရှောင်က မိန်းမစိုးလေးကို အရှေ့ကို တွန်းလိုက်တယ်။
ရှန်းကျုံးဘုရင်ကတော့ သူ့ရဲ့ အချစ်တော် မိဖုရားကို စိတ်မကောင်းမဖြစ်ဖို့ အသည်းအသန် ချော့မော့နေတုန်းပဲ။ အဲဒီအချိန်မှာပဲ ကျင်းကျုံးက အခန်းအပြင်ကနေ ပြောလာတယ်။
“အရှင်မင်းကြီး... မင်းသမီးကြီး နန်းတော်ကို ထပ်ပြီး ပြန်ရောက်လာပြန်ပါပြီ”
ရှန်းကျုံးရဲ့ လက်ထဲက လက်ဖက်ရည်ခွက် မြေပေါ်ကို ကျသွားတော့တယ်။
“သူက ဘာလို့ ထပ်လာပြန်တာလဲ”
ကျင်းကျုံးက ဆိုတယ်။
“အရှင်မင်းကြီး... မင်းသမီးကြီး ပိုင်ဟုန်နန်းဆောင်ကို သွားပါတယ်”
ကျောင်းမိဖုရားက ယွီးရှောင်ရှောင် ပိုင်ဟုန်နန်းဆောင်ကို သွားတယ်ဆိုတာ ကြားလိုက်တာနဲ့ အကုန်လုံးကို ရိပ်မိသွားတော့တယ်။ သူမက ရှန်းကျုံးကို ပြောလိုက်တယ်။
“မင်းသမီးလေးက အခုဆို နန်းတော်ထဲကို စိတ်ကြိုက် ဝင်ထွက်နေပြီပဲ။ စည်းကမ်းဆိုတာလဲ မရှိတော့ဘူး။ ဒါက ဘယ်လိုဖြစ်ရတာလဲ”
…
အခန်း (၂၂) မိဖုရားဟွား
ကျောင်းမိဖုရားရဲ့ မေးခွန်းက ရိုးရှင်းပေမဲ့ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေတယ်။ 'မင်းသမီးကြီးက အရင်က စည်းကမ်းသိပ်ရှိတာ၊ အခု ဘာလို့ ဒီလို ဖြစ်သွားတာလဲ မိဖုရားခေါင်ကြီး မဆုံးခင်မှာ တစ်ခုခုများ မှာခဲ့တာလား ဒါမှမဟုတ် မိဖုရားခေါင်ကြီး ချန်ခဲ့တဲ့ လူယုံတွေက တစ်ခုခု ပြောလိုက်တာလား ဒါမှမဟုတ် ကုမိသားစုကပဲ မင်းသမီးကို တစ်ခုခု ပြောလိုက်တာလား'
အခန်းထဲမှာ ခစားနေတဲ့ အစေခံတွေ အကုန်လုံးလဲ ကျောင်းမိဖုရားရဲ့ စကားကို ကြားပြီး ပိုလို့တောင် ကြောက်လန့်သွားကြရတယ်။ ဒီလို ဉာဏ်များလှတဲ့ ကျောင်းမိဖုရားရှေ့မှာ ဘယ်သူကများ လှည့်ကွက် သုံးရဲမှာလဲ။
ဒါပေမဲ့ တစ်ခါတလေကျတော့လဲ ဉာဏ်နည်းတာက ပိုကောင်းတတ်တယ်။ အစေခံတွေတောင် နားလည်တဲ့ ကျောင်းမိဖုရားရဲ့ ဆိုလိုရင်းကို ရှန်းကျုံးကတော့ လုံးဝ နားမလည်ဘူး။ သူက ကျင်းကျုံးကိုပဲ အမိန့်ပေးလိုက်တယ်။
“လင်းလုံကို သွားခေါ်ခဲ့”
ကျင်းကျုံးက ကျောင်းမိဖုရားရဲ့ စိတ်ပျက်သွားတဲ့ မျက်နှာကို တစ်ချက်ကြည့်တယ်။
“အမိန့်တော်အတိုင်းပါ ဘုရား” လို့ လျှောက်တင်ကာ ထွက်သွားတော့တယ်။
ယွီးရှောင်ရှောင် ပိုင်ဟုန်နန်းဆောင်ကို ရောက်တဲ့အချိန်မှာ ဝေမောမောတို့ အဖွဲ့က မင်းသမီးကို မြင်လိုက်ရတာနဲ့ မျက်ရည်တွေ ကျလာကြတော့တယ်။
ယွီးရှောင်ရှောင်က ခြံဝင်းထဲမှာ ရပ်နေတဲ့ မိန်းမစိုးကို ကြည့်ပြီး မေးလိုက်တယ်။
“မင်းက ဘယ်သူလဲ”
အဲဒီ မိန်းမစိုးက ယွီးရှောင်ရှောင် ဝင်လာတာ မြင်တာနဲ့ ဘေးကို ခပ်သုတ်သုတ် ဆုတ်သွားတယ်။ ယွီးရှောင်ရှောင်က သူ့ကို မေးလိုက်တော့မှ အမြန်ပဲ ဖြေရှာတယ်။
“မင်းသမီးလေးကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုးက နန်းတွင်းရေးရာဌာနက ဝမ်ရွှင်းပါ။ သတ္တမမင်းသားအတွက် အားဆေးတွေ လာပို့တာပါ”
ယွီးရှောင်ရှောင်က မြေပေါ်က သေတ္တာထဲက ပစ္စည်းတွေကို ကြည့်လိုက်တယ်။ ဂျင်ဆင်း၊ လင်ဇီး
… ကမ္ဘာပျက်ကပ်မှာ ဆန်ဖြူစားရဖို့တောင် ခက်ခဲခဲ့တဲ့ သူမအဖို့ ဂျင်ဆင်းနဲ့ လင်ဇီးကို သိနေတာကတင် တော်တော်လေး ဟုတ်နေပြီ။ ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်လိုက်တယ်။
'အခုမှ လပိုင်းပဲ ရှိသေးတဲ့ ကလေးက ဘာလို့ ဂျင်ဆင်း စားဖို့ လိုတာလဲ'
“မင်းသမီးလေး...” အဲဒီအချိန်မှာ ဝေမောမောက ယွီးရှောင်ရှောင်ရဲ့ ဘေးကို ရောက်လာပြီး ဂါရဝပြုကာ ပြောပြတယ်။
“ဝမ်ကုန်းကုန်းက ကြာစေ့စွပ်ပြုတ်တစ်ခွက် ယူလာတယ်။ မိဖုရားဟွားက ကိုယ်တိုင် လုပ်ပေးလိုက်တာမို့ သတ္တမမင်းသားကို တိုက်ပေးပါတဲ့”
“အဲဒီ စွပ်ပြုတ် ဘယ်မှာလဲ” ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ဝမ်ရွှင်းက ထပ်လောင်း ပြောပြန်တယ်။
“မင်းသမီးလေး... ဒီစွပ်ပြုတ်ကို မိဖုရားဟွားက ကိုယ်တိုင် လုပ်ပေးထားတာပါနော်”
မိဖုရားဟွားဆိုတာကတော့ ပထမမင်းသား ယွီးကျစ်ချင်ရဲ့ မွေးမိခင်လေ။ အနောက်တောင်ဘက် စစ်တပ်မှူးကြီး ဟွာရင်းကျိုးရဲ့ သမီးအရင်းလဲ ဖြစ်တယ်။ နန်းတော်ထဲမှာ ရှန်းကျုံးရဲ့ အချစ်ကို ကျောင်းမိဖုရားပြီးရင် အရဆုံးပဲ။ မိဖုရားခေါင်ကြီး ရှိစဉ်တုန်းကတောင် ဒီမိဖုရားဟွားကို အလျှော့ပေး ဆက်ဆံခဲ့ရတာ။ ဒါပေမဲ့ ယွီးရှောင်ရှောင်ကတော့ မိဖုရားဟွားကို လုံးဝ ဂရုမစိုက်ဘူး။ အစေခံမလေးက စွပ်ပြုတ်ခွက်ကို သူမရှေ့ ယူလာပေးတော့ ယွီးရှောင်ရှောင်က ဘာမှ ထပ်မပြောတော့ဘဲ စွပ်ပြုတ်ခွက်ကို ယူ၊ ဝမ်ရွှင်းရဲ့ ပါးစပ်ကို ညှစ်ပြီး တစ်ခွက်လုံးကို အဲဒီ မိန်းမစိုးကြီးရဲ့ ပါးစပ်ထဲကို အတင်းလောင်းထည့်လိုက်တော့တယ်။
ဝမ်ရွှင်းခမျာ အသက်ရှူကျပ်ပြီး မျက်လုံးတွေတောင် ပြူးထွက်လာတော့တယ်။
ဝေမောမောတို့ အဖွဲ့ကတော့ ယွီးရှောင်ရှောင် လုပ်လိုက်တာကို ကြည့်ပြီး စိတ်ထဲမှာ သိပ်ကို ကျေနပ်သွားကြပေမဲ့ မျက်နှာမှာတော့ ဘာမှ မပြရဲကြဘူး။
ယွီးရှောင်ရှောင်က ခဏစောင့်ကြည့်ပြီးနောက် ဝမ်ရွှင်း မသေတာကို တွေ့တော့မှ ပြောလိုက်တယ်။
“ကြည့်ရတာ ဒါက အဆိပ်မပါဘူးပဲ” လို့ ပြောလိုက်တယ်။
ဝမ်ရွှင်းက မျက်လုံးပြူးပြူး ဖြစ်သွားရောပဲ။
“မင်းသမီးလေး... ဒါက မိဖုရားဟွား...”
ယွီးရှောင်ရှောင်က ဝမ်ကုန်းကုန်းကို တစ်ချက်တည်းနဲ့ ဘေးကို ရိုက်ထုတ်ပစ်လိုက်ပြီး ဝေမောမောကို ပြောလိုက်တယ်။
“ရှင်တို့တွေ ပစ္စည်းတွေ သွားသိမ်းကြစမ်း။ ကျွန်မ ယွီးကျစ်ရီနဲ့ ရှင်တို့ကို နန်းတော်ပြင်ကို ခေါ်သွားမယ်”
ဝေမောမောက ကြောင်ပြီး မေးရှာတယ်။
“ဘုရင်မင်းမြတ်က သဘောတူလို့လားဟင်”
ယွီးရှောင်ရှောင် မဖြေရသေးခင်မှာပဲ ကျင်းကျုံးက သူ့ရဲ့ မိန်းမစိုးတွေနဲ့အတူ ခြံဝင်းထဲကို ဝင်လာတယ်။
ဝမ်ရွှင်းက သူ့သခင် ရောက်လာတာ မြင်တော့ အားကိုးရာ ရသွားသလိုမျိုး ကျင်းကျုံးဆီ ပြေးသွားပြီး ဝမ်းနည်းပက်လက် အော်လိုက်တယ်။
“သခင်”
“သွားခေါ်ခဲ့စမ်း” ယွီးရှောင်ရှောင်က ဝေမောမောကို ထပ်ပြီး အမိန့်ပေးလိုက်တယ်။
ဝေမောမောလဲ ကျင်းကျုံး ရောက်လာတာ မြင်တော့ အခြေအနေ မဟန်ဘူးဆိုတာ သိပြီး အခန်းထဲကို အမြန်ပြေးဝင်သွားတော့တယ်။
ယွီးရှောင်ရှောင်က ကျင်းကျုံးဘက်ကို လှည့်ကြည့်လိုက်တယ်။
ကျင်းကျုံးက ယွီးရှောင်ရှောင်ရဲ့ စိမ်းသက်တဲ့ အကြည့်ကို ခံလိုက်ရတာကြောင့် သူ့ဆီ ပြေးလာတဲ့ တပည့်ဖြစ်သူကို ဂရုမစိုက်နိုင်တော့ဘဲ ယွီးရှောင်ရှောင်ဆီကို အမြန်ပြေးလာပြီး ဂါရဝပြုလိုက်တယ်။
“ကျွန်တော်မျိုး မင်းသမီးကြီးကို ဂါရဝပြုပါတယ်ဘုရား။ မင်းသမီးလေး... အရှင်မင်းကြီးက မင်းသမီးကို လာတွေ့ဖို့ ခေါ်လိုက်ပါတယ်”
ယွီးရှောင်ရှောင်က ဆိုတယ်။
“မင်းက မိန်းမစိုးယုတ်ပဲ”
ဘေးကလူတွေ အကုန်လုံး အသက်ရှူမှားကုန်ကြတော့တယ်။
ကျင်းကျုံးဆိုတာ ရှန်းကျုံးဘုရင်ကို ကူညီပြီး တိုင်းပြည်အရေးတွေကို စီမံပေးနေတဲ့ မိန်းမစိုးချုပ်ကြီးလေ။ နန်းတော်ထဲက မိဖုရားတွေရော၊ အမတ်တွေရော သူ့ကို မျက်နှာချို သွေးနေကြရတာ။ ဘယ်သူကမှ သူ့ကို ဒီလိုမျိုး မျက်နှာချင်းဆိုင် "မိန်းမစိုးယုတ်" လို့ မဆဲရဲတာ ကြာလှပြီ။
ကျင်းကျုံးကတော့ စိတ်မဆိုးဘူး။ ဒီမင်းသမီးက ဘယ်လောက်အထိ သောင်းကျန်းနိုင်လဲဆိုတာ သူ သိနေပြီလေ။ မင်းသမီးနဲ့ ထပ်ပြီး ရန်ဖြစ်နေရင် သူက တကယ့် ငတုံးပဲ ဖြစ်မှာပေါ့။
“မင်းသမီးလေး... ကျွန်တော်မျိုးက အမိန့်တော်အတိုင်း လာခေါ်တာပါ။ ကျွန်တော်မျိုးနဲ့အတူ အရှင်မင်းကြီးဆီကို ကြွပေးပါဦး” ကျင်းကျုံးက ပြုံးပြုံးလေးနဲ့ပဲ ပြန်လျှောက်တင်တယ်။
ဆဲတာတောင် စိတ်မဆိုးတဲ့လူက ယောက်ျား ဟုတ်သေးရဲ့လား။ ယွီးရှောင်ရှောင်က ကျင်းကျုံးရဲ့ ပေါင်ကြားကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်။
“သောက်တလွဲတွေပဲ... ဆီးသွားတဲ့ ပစ္စည်း မရှိတော့တာနဲ့ ယောက်ျား မဟုတ်တော့ဘူးလား”
အခုတော့ ကျင်းကျုံးရဲ့ မျက်နှာက အပြုံးကြီးက ပျက်သွားတော့တယ်။ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကို ပြောတဲ့သူက တကယ်ပဲ တော်ဝင်မင်းသမီး ဟုတ်ရဲ့လား။ ဆီးသွားတဲ့ ပစ္စည်းတဲ့လား။ ဒါက မိန်းကလေးတစ်ယောက် ပြောရမဲ့ စကားလား။
ဘေးကလူတွေလဲ ခေါင်းကို အမြန်ငုံ့လိုက်ကြတော့တယ်။ ဒီလို စကားတွေကို နားထောင်မိရင် အသက်တောင် ရမှာ မဟုတ်ဘူးလေ။
အဲဒီအချိန်မှာပဲ ဝေမောမောက ယွီးကျစ်ရီကို ချီပြီး အပြင်ကို ထွက်လာတယ်။
ယွီးရှောင်ရှောင်က အဝတ်ထုပ်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ အသားလုံးလေးကို တစ်ချက်ကြည့်လိုက်မိတယ်။ နောင်တစ်ချိန်မှာ မီးရှို့မဲ့ အဲဒီ ချောမောတဲ့ လူငယ်လေးကို သတိရလိုက်တဲ့အခါ ယွီးရှောင်ရှောင်ရဲ့ မျက်ခုံးတွေက တလှုပ်လှုပ် ဖြစ်လာတော့တယ်။ 'ငါက တကယ်ပဲ ဒီလောက် အန္တရာယ်မရှိတဲ့ အသားလုံးလေးကို အမြစ်ဖြတ်သတ်ဖို့ လက်ရဲပါ့မလား'
ဝေမောမောက ပြောတယ်။
“မင်းသမီးလေး... သတ္တမမင်းသားက အခုမှ အိပ်ပျော်သွားတာပါ”
ယွီးရှောင်ရှောင်က အသားလုံးလေးကို လက်တစ်ဖက်တည်းနဲ့ မပြီး ဝေမောမောကို ပြောလိုက်တယ်။
“ရှင်တို့ ပစ္စည်းတွေ သိမ်းပြီး နန်းတော်တံခါးမှာ သွားစောင့်နေကြ။ အဲဒီ ဂျင်ဆင်းတွေ၊ အားဆေးတွေလဲ အကုန်ယူသွား”
ဝေမောမောက ယွီးရှောင်ရှောင်ကို ကလေးကို ဒီလို ချီရတာ မဟုတ်ဘူးလို့ ပြောချင်ပေမဲ့ မပြောရဲဘူး။ သူမလဲ မင်းသမီးလေးကို ကြည့်ပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့တဲ့လူပဲ။ ဒါပေမဲ့ ဒီလပိုင်းအတွင်းမှာတင် မင်းသမီးလေးက လုံးဝ တခြားလူတစ်ယောက်လို ဖြစ်သွားတာကို… သူမ မသိတော့ဘူးလေ။
“လမ်းပြစမ်း” ယွီးရှောင်ရှောင်က ကျင်းကျုံးကို လှည့်ပြောလိုက်တယ်။
ကျင်းကျုံးတို့အဖွဲ့နဲ့ ယွီးရှောင်ရှောင် ထွက်သွားတော့မှ ပိုင်ဟုန်နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။ အားလုံးက ကြောင်တောင်တောင်နဲ့ ရပ်နေကြတာ။ ကိစ္စတွေက သိပ်မြန်လွန်းလို့လေ။
ယွီးကျစ်ရီကို ယွီးရှောင်ရှောင်က လမ်းတစ်လျှောက်လုံး ဆွဲလာပြီး ရှန်းကျုံးဘုရင်ရဲ့ ရှေ့ကို ရောက်လာတော့တယ်။
ရှန်းကျုံးက သူ့သမီးရဲ့ လက်ထဲမှာ ဇောက်ထိုး ပါလာတဲ့ သားငယ်လေးကို ကြည့်ပြီး ခေါင်းကိုက်သွားပြန်တယ်။
“လင်းလုံ... မင်း မောင်လေးကိုလဲ ဒီလိုပဲ ဆွဲလာတာလား”
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။
“သူ မနာပါဘူး”
ယွီးကျစ်ရီကတော့ တကယ်လဲ အိပ်မောကျနေပြီး နို့အမြှုပ်လေးတွေတောင် ထွက်နေတုန်းပဲ။ လုံးဝ နိုးမဲ့ပုံ မပေါ်ဘူး။
ရှန်းကျုံးက ဆိုတယ်။
“နန်းတော်ထဲ ဝင်ချင်ရင် ငါကိုယ်တော်ရဲ့ ခွင့်ပြုချက် ရှိရမယ်လေ”
ယွီးရှောင်ရှောင်က ပြန်ပြောတယ်။
“ကျွန်မ နောက်ပိုင်း ထပ်မလာတော့ဘူး”
ဒီလို ရက်စက်တဲ့ ဘုရင်မရဲ့ သွေးနဲ့ မျက်ရည်တွေ ပြည့်နေတဲ့ နေရာဆိုးကို ကိစ္စမရှိရင် ယွီးရှောင်ရှောင်က ဘယ်လာချင်ပါ့မလဲ။
ရှန်းကျုံး... ဘာမှ ဆက်မပြောနိုင်တော့ဘူး။
“ယွီးကျစ်ရီကို ကျွန်မ ခေါ်သွားမယ်” ယွီးရှောင်ရှောင်က သူမလက်ထဲက အသားလုံးလေးကို တစ်ချက် လှုပ်ပြပြီး ရှန်းကျုံးကို ပြောလိုက်တယ်။ “ကျွန်မ သူ့ကို ပျိုးထောင်မယ်”
ရှန်းကျုံးက ဝုန်းခနဲ ထရပ်လိုက်တယ်။
“မင်း ဘာပြောလိုက်တာလဲ”
“နန်းတော်ထဲမှာဆိုရင် သူ အသက်ရှည်မှာ မဟုတ်ဘူးလို့ ကျွန်မ သံသယရှိလို့” ယွီးရှောင်ရှောင်က အမှန်အတိုင်းပဲ ပြောလိုက်တယ်။
အကာအရံတွေရဲ့ အနောက်မှာ လဲလျောင်းနေတဲ့ ကျောင်းမိဖုရားက ဒီအချိန်မှာ ဝင်ပြောတယ်။
“မင်းသမီးလေးက ဘာစကားတွေ ပြောနေတာလဲ။ သတ္တမမင်းသားက အရှင်မင်းကြီးရဲ့ သားအရင်းလေ။ မင်းသမီးက အရှင်မင်းကြီးကို မယုံဘူးလို့ ပြောချင်တာလား”
“မင်းက ဘာသဘောလဲ” ရှန်းကျုံးက ယွီးရှောင်ရှောင်ကို ဒေါသတကြီး ကြည့်လိုက်တယ်။ 'ဒီသမီးက ငါ့ရဲ့ ဘုရင်အရှိန်အဝါကို ထပ်ခါတလဲလဲ စိန်ခေါ်နေတာလား'
ရှန်းကျုံးရဲ့ ဒေါသတွေကို ရင်ဆိုင်နေရပေမဲ့ ယွီးရှောင်ရှောင်ကတော့ မျက်နှာသေနဲ့ပဲ ပြန်ပြောလိုက်တယ်။
“ဒါမှမဟုတ်ရင်... ကျွန်မနဲ့ ကုရှင်းလန် နန်းတော်ထဲ ပြန်လာနေပေးရမလား”
ယွီးကျစ်ရီကို ခေါ်သွားခွင့် မပေးဘူးဆိုရင်တော့ သူမ ပြန်လာနေရုံပဲ ရှိတာပေါ့။
…