အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) မင်းသမီးကြီးနဲ့ သတ္တမမင်းသားက မောင်နှမအရင်းတွေ
"အစ်ကိုကြီး"
ပင်လယ်ဓားပြဟောင်းတွေက အော်ဟစ်ရင်း သူတို့ရဲ့ ခေါင်းဆောင်ကြီးကို ကယ်ဖို့ ရှေ့ကို ပြေးဝင်လာကြတယ်။
ယွီးရှောင်ရှောင်က ခြေထောက်ကို မြှောက်ပြီး ခေါင်းဆောင်ကြီးရဲ့ ပခုံးပေါ်ကို တက်နင်းလိုက်တယ်။ သမင်သားရေ ဘွတ်ဖိနပ်လေး စီးထားတဲ့ ခြေထောက်က ခေါင်းဆောင်ကြီးရဲ့ လည်မျိုနဲ့ အရမ်းကို နီးကပ်နေတယ်။
ပင်လယ်ဓားပြဟောင်းတွေ ချက်ချင်းပဲ ရပ်တန့်သွားပြီး အသံတွေလည်း တိတ်သွားတော့တယ်။
"ခယ်မလေး" မူလက သစ်ပင်ထိပ်မှာ ကြောင်တောင်တောင် ဖြစ်နေတဲ့ ကုဒုတိယသခင်လေးက အားတက်သွားပြီး ယွီးရှောင်ရှောင်ကို အော်ပြောလိုက်တယ်။ "ဒီခွေးကောင်ကို သတ်ပစ်လိုက်"
"အင်း" ယွီးရှောင်ရှောင်က သူမရဲ့ ကုဒုတိယအစ်ကိုရဲ့ စကားကို ပြန်ထူးလိုက်တယ်။ "ဒုတိယအစ်ကို... အစ်ကို့အတွက် ကျွန်မ ကလဲ့စားချေပေးမယ်"
ရှောင်ဝေကတော့ သူ နောက်ဆိုရင် ကုဒုတိယသခင်လေးကို မျက်နှာချင်းဆိုင် ကြည့်ရဲတော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ 'မင်းသမီးကို ကလဲ့စားချေပေးဖို့ ခိုင်းရတယ်လို့၊ ဒုတိယသခင်လေး... ခင်ဗျား အရှက်မရှိဘူးလား'
ခေါင်းဆောင်ကြီးက ယွီးရှောင်ရှောင်ကို လှမ်းအော်လိုက်တယ်။
"မင်းက ကုရှင်းယန်ရဲ့ ခယ်မလေးလား"
ယွီးရှောင်ရှောင်က ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်လေ"
ကုဒုတိယသခင်လေးရဲ့ ခယ်မက ဘယ်သူ ဖြစ်နိုင်မှာလဲ။ ခေါင်းဆောင်ကြီးက ခဏလောက် စဉ်းစားကြည့်ပြီး တုန်ရီနေတဲ့ အသံနဲ့ ပြောလိုက်တယ်။ "မင်း... မင်းက လင်းလုံမင်းသမီးလား"
"ဟုတ်တယ်လေ" ယွီးရှောင်ရှောင်က ပြောတယ်။
"ကျွန်မကို ပြောပြစမ်းပါဦး... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ခေါင်းဆောင်ကြီးလည်း သွေးထပ်အန်ချင်သွားတယ်။ လင်းလုံမင်းသမီးကြီးက သိုင်းပညာတတ်တယ်လို့ သူ ကြားဖူးပေမဲ့... မင်းသမီးတစ်ပါးဖြစ်ပြီး သိုင်းပညာကို ဒီလောက်တောင် ရက်ရက်စက်စက် လေ့ကျင့်ထားရတာ ဘာလုပ်ဖို့လဲ။ တန်လို့လား။
ဒုတိယခေါင်းဆောင်က အာ့ကော်ဇီ ညီမအဖြစ် သတ်မှတ်ထားတဲ့ ကောင်မလေးက လင်းလုံမင်းသမီးကြီးမှန်းလည်း သိရော၊ ပြီးတော့ သူမကို တံဆိပ်ပြားနဲ့ မြေပုံ ပေးလိုက်တာက သူကိုယ်တိုင် ဖြစ်နေတော့ ဒုတိယခေါင်းဆောင် မျက်လုံးထဲမှာ အမှောင်ကျသွားတော့တယ်။ သူ ဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်လို့ မရဘူးလား။
ယွီးရှောင်ရှောင်က ခေါင်းဆောင်ကြီး စကားမပြောတာကို မြင်တော့ အသံက နည်းနည်း ပိုပြီး ကြမ်းတမ်းလာတယ်။ "မပြောရင် သေမယ်"
ဒုတိယခေါင်းဆောင်က လူအုပ်ထဲကနေ တုန်တုန်ရီရီနဲ့ ထွက်လာပြီး ယွီးရှောင်ရှောင်ကို ကြည့်ကာ ပြောလိုက်တယ်။
"မင်းသမီး... ဒါ... ဒါက အထင်လွဲမှုလေး တစ်ခုပါ"
ယွီးရှောင်ရှောင်က မျက်နှာသေနဲ့ပဲ ဆက်ပြောတယ်။ "မင်းတို့က ပြန်ပေးဆွဲတာကို အထင်လွဲတယ်လို့ ခေါ်တာလား"
ရှောင်ဝေက အဲဒီအချိန်မှာ ဝင်ပြောတယ်။
"မင်းတို့က သတ္တမမင်းသားနဲ့ ဒုတိယသခင်လေးကို ပြန်ပေးဆွဲတာပဲ။ သေဖို့သာ ပြင်ထားတော့"
ဒီကလေးလေးက တကယ်ပဲ သတ္တမမင်းသား ဖြစ်နေတာကိုး။ ခေါင်းဆောင်ကြီးက နန်းတော်ထဲက သခင်မရဲ့ အမိန့်ကို မနာခံခဲ့မိတာကို သူ့ကိုယ်သူ ကံကောင်းတယ်လို့ မှတ်ယူလိုက်တယ်။
"မင်းသမီး..." ခေါင်းဆောင်ကြီးက ယွီးရှောင်ရှောင်ကို လှမ်းအော်လိုက်တယ်။ "ကျွန်တော်က ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။ ကျွန်တော် ကုအိမ်တော်ကို စာပို့ခဲ့ဖူးပါတယ်"
ဒုတိယခေါင်းဆောင်ကလည်း ပြောတယ်။ "ဟုတ်ပါတယ်။ အဲဒီစာကို ကျွန်တော်ကိုယ်တိုင် မင်းသမီးဆီ ပေးခဲ့တာပါ"
"မင်းက အဲဒါ ငါ့အဘိုးကို သတိရကြောင်း မေးတဲ့စာလို့ ပြောခဲ့တာလေ" ယွီးရှောင်ရှောင်က ပြောတယ်။
"နေဦး... သတိရကြောင်း မေးတယ်... မင်းတို့က တကယ်တော့ ရှောင်ကုရဲ့ မိသားစု တစ်ခုလုံးကို သတိရကြောင်း မေးတယ်လို့ ပြောချင်တာ မဟုတ်လား"
မင်းသမီးလေးဆီကနေ ရုတ်တရက် သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာတာကြောင့် ခေါင်းဆောင်ကြီးနဲ့ ဒုတိယခေါင်းဆောင်တို့ သေးတောင် ထွက်ကျချင်သွားတယ်။ ကုစစ်သေနာပတိချုပ်ကြီးကို သတိရကြောင်း မေးတာက အပြစ်ရှိလို့လား။
"လုပ်ကြ" ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ပြောလိုက်တယ်။
"ငါတို့ လူသတ်ပြီး နှုတ်ပိတ်ပစ်မယ်"
"အာ" ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိတဲ့ ယွီးကျစ်ရီလေးက ရှောင်ဝေရဲ့ ရင်ခွင်ထဲကနေ အသံပြုလိုက်တယ်။
ကလေးငယ်လေးရဲ့ အသံကို ကြားတော့ အားလုံးက လက်ရှိ သတ္တမမင်းသားကို ပြိုင်တူ ကြည့်လိုက်ကြတဲ့အခါ သတ္တမမင်းသားက လက်ခုပ်တီးနေတာကို တွေ့လိုက်ရတယ်။
"လုပ်ကြ" ယွီးရှောင်ရှောင်က ပြောတယ်။ "ရှောင်ချီဇီတောင် လူသတ်ပြီး နှုတ်ပိတ်သင့်တယ်လို့ ထင်နေပြီ"
"အီ... ယာ" ယွီးကျစ်ရီက အသံပြုရင်း လက်ခုပ်တီးနေတယ်။
…
တောင်ကြားထဲမှာ သတ္တမမင်းသားလေးရဲ့ "အီယာ" ဆိုတဲ့ အသံလေးပဲ ပဲ့တင်ထပ်နေပြီး လူကြီးတွေ တစ်ယောက်မှ စကားမပြောနိုင်ကြတော့ဘူး။ နောက်ဆိုရင် သတ္တမမင်းသားနဲ့ မင်းသမီးကြီးက မောင်နှမအရင်းတွေ မဟုတ်ဘူးလို့ ဘယ်သူက ပြောရဲဦးမှာလဲ။
ယွီးရှောင်ရှောင်က ဒုတိယခေါင်းဆောင်တို့ကို ကြည့်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။ ဇာတ်လမ်းကို မသိတဲ့ လူသားတွေက တကယ်ကို သနားစရာကောင်းတာပဲ။ ဒီရှောင်ချီဇီဆိုတဲ့ ကောင်က အရင်တုန်းက သူ့အစ်မအရင်းကို မျက်နှာတစ်ချက်မပျက်ဘဲ မီးတုတ်နဲ့ ပစ်ပေါက်ပြီး မီးရှို့သတ်ခဲ့တာလေ။ ရက်စက်မှုဆိုရင်တော့ ဒီကောင်က လောကမှာ ပြိုင်ဘက်ကင်းပဲ။
အဲဒီအချိန်မှာပဲ တောင်ကြားအပြင်ဘက်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာတယ်။
ခေါင်းဆောင်ကြီးက ဒီမြင်းခွာသံကို နားထောင်ကြည့်လိုက်တော့ မြင်းက အနည်းဆုံး အကောင် သုံးဆယ်လောက် ရှိမယ်။ ခေါင်းဆောင်ကြီးက နှုတ်ခမ်းတွေ တုန်ရီနေပြီး အသံပါ တုန်ရီလျက် ပြောလိုက်တယ်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" တောင်အပြင်ဘက်ကနေ ဒီတောင်ကြားကို လာတဲ့လမ်းက အကွေ့အကောက်တွေ အများကြီးရှိပြီး လမ်းတစ်လျှောက်မှာ လျှို့ဝှက်ဥမင်လိုဏ်ခေါင်း တချို့ကိုလည်း ဖြတ်ရသေးတာ။ လမ်းကျွမ်းကျင်တဲ့သူ မပါရင် တောင်အပြင်ဘက်က လူတွေက ဒီကို လုံးဝ ရောက်လာနိုင်မှာ မဟုတ်ဘူးလေ။ လင်းလုံမင်းသမီးတို့ သုံးယောက်က သိုင်းပညာ မြင့်မားလွန်းလို့ ရောက်လာတာကို ထားလိုက်ပါတော့၊ သိုင်းသမားတွေမှာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှာတဲ့ နည်းလမ်းတွေ ရှိတတ်တာကိုး။ ဒါပေမဲ့ အခု လူသုံးဆယ်ကျော်လောက် တစ်ပြိုင်တည်း ဝင်လာတယ်ဆိုတာကတော့ သူတို့ဆီမှာ သစ္စာဖောက် ရှိနေလို့ပဲ ဖြစ်ရမယ်။
ယွီးရှောင်ရှောင်က မူလကတည်းက ခေါင်းဆောင်ကြီးရဲ့ လည်ပင်းကို ခြေထောက်နဲ့ ကန်ချိုးပစ်ချင်နေတာ။ ခေါင်းဆောင်ကြီးက တုန်တုန်ရီရီနဲ့ စကားပြောတာကို ကြားတော့ မင်းသမီးလေးက နောက်တစ်ခွန်း ထပ်မေးလိုက်တယ်။
"ဘာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့လဲ"
ခေါင်းဆောင်ကြီးက ပြောတယ်။
"အပြင်လူတွေက ငါ့ဆီကို ဘယ်လိုလုပ် ရှာတွေ့လာတာလဲ"
ယွီးရှောင်ရှောင်က ပြောတယ်။ "ဒုတိယခေါင်းဆောင်က ငါ့ကို မြေပုံပေးလိုက်တာလေ"
ခေါင်းဆောင်ကြီးရဲ့ ရင်ထဲက သွေးတွေက မြစ်တစ်စင်းလိုတောင် စီးဆင်းသွားသလား အောက်မေ့ရတယ်။ သူ ပြန်သတိရသွားပြီ။ ဒုတိယခေါင်းဆောင်နဲ့ အာ့ကော်ဇီတို့ နှစ်ယောက်လုံးက ကုအိမ်တော်က အစေခံကောင်မလေးကို တောင်ပေါ်ကို လာပြီး သူတို့အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သူ့ကို ပြောခဲ့ဖူးတယ်။ ဒီငတုံးနှစ်ကောင်ရဲ့ မျက်လုံးတွေက ဘယ်လောက်တောင် ကောင်းနေလို့ မင်းသမီးကို အစေခံလို့ ထင်ရတာလဲ။
ဒုတိယခေါင်းဆောင်က ငိုချင်လျက်နဲ့ မျက်ရည်မထွက်နိုင်တဲ့ မျက်နှာနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"မင်းသမီး... ကျွန်တော် ရှင်းပြတာကို နားထောင်ပါဦး"
"ရှင်းပြမယ်" ယွီးရှောင်ရှောင်က ဒေါသတကြီး ပြောလိုက်တယ်။
"မင်း ဝက်ခေါင်းသားဝယ်တဲ့ ပိုက်ဆံ ငါ့ကို မပေးဘူး။ ငါတို့ ရှောင်ကုရဲ့ မိသားစု တစ်ခုလုံးကို သတိရကြောင်း စာရေးတယ်။ ပြီးတော့ မင်းတို့ဆီမှာ တောင်တစ်တောင်လုံး ယုန်ဖက်တီးလေးတွေ ပြည့်နေတယ်လို့ ပြောတယ်။ နောက်ဆုံးကျတော့ရော ငါ ယုန်တစ်ကောင်မှကို မမြင်ရဘူး။ မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့လေ"
ဒါက အဓိကအချက် မဟုတ်ဘူးလေ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ သူတို့ရဲ့ မင်းသမီးကို ဒူးထောက် ရှိခိုးချင်စိတ်တောင် ပေါက်သွားတယ်။
"ယုန်တွေရော" ယွီးရှောင်ရှောင်က ဒုတိယခေါင်းဆောင်ကို မေးလိုက်တယ်။
ဒုတိယခေါင်းဆောင်က ပြောတယ်။ "ကျွန်တော်... ကျွန်တော် မင်းသမီးကို လိုက်ဖမ်းပေးပါ့မယ်"
"ငါ့ ဝက်ခေါင်းသားရော"
"စား... စားလိုက်ပြီ"
ယွီးရှောင်ရှောင်က ခေါင်းဆောင်ကြီးကို ငုံ့ကြည့်ပြီး မေးလိုက်တယ်။
"မင်း စားတာလား" မူလက ယုန်ဖက်တီးလေးတွေ ရှိရင် ဒုတိယခေါင်းဆောင်က သူမဆီက ပိုက်ဆံလိမ်စားသွားတာကို ယွီးရှောင်ရှောင်က ဂရုမစိုက်ဘူး။ ယုန်တွေ မရှိရင်တောင်မှ အလုပ်ကြမ်းလုပ်တဲ့သူတွေနဲ့ သူမက သေးသေးမွှားမွှား ကိစ္စတွေကို တွက်ကပ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်တွေက သူမရဲ့ ဝက်ခေါင်းသားကို လိမ်စားသွားတယ်။ ယုန်ဖက်တီးလေးတွေ ပုံပြင်ကိုလည်း လုပ်ကြံဖန်တီးတယ်။ ပြီးတော့ ဒုတိယအစ်ကို၊ ရှောင်ချီဇီနဲ့ ဝေ့မောမောတို့ကိုပါ ပြန်ပေးဆွဲသေးတယ်။ ဒီလိုဖြစ်နေမှတော့ မင်းသမီးလေးက ဘယ်လိုလုပ် တွက်ကပ်မနေဘဲ နေနိုင်မှာလဲ။
ခေါင်းဆောင်ကြီးက အလျင်အမြန် ခေါင်းရမ်းပြလိုက်တယ်။ သူ့ရဲ့ အလိုအလျောက် သိစိတ်က သူ့ကို သတိပေးနေတယ်။ တကယ်လို့ သူ ဝက်ခေါင်းသား စားခဲ့တယ်ဆိုတာကိုသာ မင်းသမီးလေး သိသွားရင် သူ့ရဲ့ ဘဝက ဒီမှာတင် သေချာပေါက် အဆုံးသတ်သွားမှာပဲ။
"ဒါဆို ဘယ်သူ စားတာလဲ" ယွီးရှောင်ရှောင်က ဒေါသတကြီး မေးလိုက်တယ်။
ပင်လယ်ဓားပြဟောင်းတွေ အကုန်လုံး ပါးစပ်ကို တင်းတင်းစေ့ထားလိုက်ကြတယ်။ ဒီအချိန်မှာ အသေသတ်ရင်တောင် ဝက်ခေါင်းသား စားခဲ့ပါတယ်လို့ ဝန်ခံလို့ မဖြစ်ဘူးလေ။
လီယွမ်လဲ့က တောင်ကြားရဲ့ အဝင်ဝမှာ မြင်းကို ရပ်လိုက်ပြီး သူ့ရှေ့က ဒီတောင်ကြားကို ကြည့်ကာ မျက်နှာထား တောင့်တင်းစွာနဲ့ ကုရှင်းလန်ကို မေးလိုက်တယ်။
"ချင်ဟွေး... ဒီမှာ ဘာတွေ ဖြစ်နေတာလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား"
ကုရှင်းလန်လည်း ရထားလုံးထဲမှာ ထိုင်နေရင်း မျက်နှာထားက နည်းနည်း တောင့်တင်းနေတယ်။ သူ့ဇနီးက တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ လူတစ်စုနဲ့ အတူ ရပ်နေတယ်။ မြေကြီးထဲမှာတော့ ခေါင်းကော မျက်နှာကော သွေးတွေချည်းပဲ ဖြစ်နေတဲ့ လူတစ်ယောက်ကို မြှုပ်ထားတယ်။ မလှမ်းမကမ်းမှာတော့ ဝက်ဝံနက်ကြီး တစ်ကောင်နဲ့ ဝက်ဝံနက်ပေါက်စလေး နှစ်ကောင် ရှိနေတယ်။ သစ်ပင်ခွအောက်မှာတော့ တစ်ယောက် လဲနေပြီး သစ်ပင်ထိပ်မှာတော့ နှစ်ယောက် ထိုင်နေတယ်။ ဒီမြင်ကွင်းကို ပုံမှန်လူသားဆိုရင် ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူးလေ။ သစ်ပင်ခွက ကုရှင်းလန်တို့ ရှိနေတဲ့ နေရာနဲ့ အတော်လေး ဝေးတာကြောင့် ကုတတိယသခင်လေးလည်း ပထမဆုံး အကြည့်မှာ သူ့ရဲ့ ဒုတိယအစ်ကိုကို မမှတ်မိလိုက်ဘူး။
"ငါတို့ တိုက်ရမလား၊ မတိုက်ရဘူးလား" ညီအစ်ကိုတစ်ယောက်က ကုရှင်းလန်ကို မေးလိုက်တယ်။
"ရှေ့ကို သွားကြည့်ရအောင်" ကုရှင်းလန်က ပြောတယ်။
လူတစ်စုက ရှေ့ကို လျှောက်သွားကြတယ်။
"မင်းသမီး" ရှောင်ဝေက လာတဲ့လူတွေကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးနောက် ယွီးရှောင်ရှောင်ကို သတိပေးလိုက်တယ်။
"သမက်တော် ရောက်လာပြီ"
"ရှောင်ကု" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လက်လှမ်းပြလိုက်တယ်။
ဒုတိယခေါင်းဆောင်နဲ့ ညီအစ်ကိုတွေက လာတဲ့လူတွေကို လှည့်ကြည့်လိုက်တယ်။ ကုရှင်းလန်တို့ အုပ်စုကို သူတို့ မသိပေမဲ့ လီယွမ်လဲ့ဆိုတဲ့ ဒီကောင်ကိုတော့ ပြာကျသွားရင်တောင် သူတို့ မှတ်မိတယ်လေ။
စစ်သူကြီးလီက မြင်းကိုစီးပြီး အနားကို ရောက်လာတယ်။ ဒုတိယခေါင်းဆောင်တို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်တယ်။
"ထပ်တွေ့ကြပြန်ပြီပဲ။ ရှုံးရှုံးရော… သေသွားပြီလား"
ဒုတိယခေါင်းဆောင်တို့က သူရဲကောင်းပီပီ အသေခံတော့မဲ့ ပုံစံမျိုးနဲ့ ဒဏ်ရာတွေ အပြည့်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ဆွဲပြီး ခေါင်းကို မော့ထားလိုက်ကြတယ်။ အင်း... သေရင်တောင် စကားမပြောဘူးပေါ့လေ။
ယွီးရှောင်ရှောင်က ပြောတယ်။
"အစ်ကိုလီ... ရှုံးရှုံးဆိုတာ ဘာလဲ။ ရှင်လည်း ဝက်ဝံကို ရှာနေတာလား" ယွီးရှောင်ရှောင်က လက်နဲ့ ဝက်ဝံကြီး၊ ဝက်ဝံငယ်တွေ ရှိတဲ့ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ ဝက်ဝံလက်ဝါး စားချင်တယ်ဆိုရင် သူမဆီမှာ ရှိနေပြီလေ။
လီယွမ်လဲ့က 'အစ်ကိုလီ' ဆိုတဲ့ အခေါ်အဝေါ်ကို နည်းနည်းတော့ လက်မခံနိုင်သေးဘူး။ မြင်းပေါ်က ဆင်းပြီး ယွီးရှောင်ရှောင်ရဲ့ ရှေ့ကို လျှောက်သွားတယ်။ မင်းသမီး နင်းထားတဲ့ မြေကြီးထဲ မြှုပ်နေတဲ့ လူကိုလည်း မြင်ရော... စစ်သူကြီးလီက 'အစ်ကိုလီ' ဆိုတဲ့ အခေါ်အဝေါ်ကို လုံးဝ ခေါင်းထဲ မထားနိုင်တော့ဘူး။ ခေါင်းဆောင်ကြီးကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်တယ်။
"ရှုံးရှုံး... မင်းက မသေသေးဘဲနဲ့ မြေကြီးထဲ ရောက်နေပြီလား"
…