← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ကျောင်းမိဖုရားကို မုန်းတီးတဲ့ မင်းသမီးကြီး

ကျောင်းမိဖုရားက ခုတင်ပေါ်မှာ သတိလစ်နေပြီး အောက်ကနေ သွေးတွေက အခုချိန်ထိ မတိတ်သေးဘူး။ သွေးတွေက ခုတင်ပေါ်ကနေ မြေကြီးပေါ် အထိ စီးကျနေပြီး သွေးအိုင်ကြီး တစ်အိုင် ဖြစ်နေလို့ ဘုရင်ကြီး က ခုတင်ဘေးမှာ ခြေချစရာ နေရာတောင် ရှာမရဘူး။

မောမော တချို့က သွေးအိုင်ထဲမှာ ဒူးထောက်နေကြပြီး ဘုရင်ကြီးကို မြင်တာနဲ့ ငိုရှိုက်သံတွေက အသံကျယ်ကြီးနဲ့ ငိုသံတွေ ဖြစ်သွားတယ်။

မောမော တစ်ယောက်က ဘုရင်ကြီးကို ဦးတိုက်ရင်း ပြောတယ်။

"အရှင်မင်းကြီး။ မိဖုရားကို ကယ်တော်မူပါ"

ဘုရင်ကြီးက ကျောင်းမိဖုရားရဲ့ အခြေအနေကို မြင်တော့ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သမားတော်တွေကို အော်ခေါ်လိုက်တယ်။

"သမားတော်တွေကော။ ကျောင်းမိဖုရားက ဘာဖြစ်တာလဲ"

ကျောင်းမိဖုရားရဲ့ အိပ်ခန်းထဲမှာ သမားတော် ခုနစ်ယောက် ရှစ်ယောက်လောက် ရှိနေတယ်။ သူတို့ အကုန်လုံးက ဆေးပညာ ကျွမ်းကျင်တဲ့ သူတွေချည်းပဲ။ ကျောင်းမိဖုရားရဲ့ ရောဂါကို သူတို့ တစ်ချက် ကြည့်လိုက်၊ သွေးစမ်းကြည့်လိုက်တာနဲ့ အခြေအနေကို အကုန် သိပါတယ်။ ဒါပေမဲ့ သမားတော်တွေက ဘယ်သူမှ ရှေ့ထွက်ပြီး ဘုရင်ကြီးကို အဖြေမပေးရဲကြဘူး။ ကျောင်းမိဖုရားကို ဒုက္ခပေးနိုင်ပြီး အောင်မြင်သွားတဲ့ သူက သူတို့လို သမားတော်တွေ ရင်ဆိုင်နိုင်တဲ့ သူမျိုး မဟုတ်ဘူးလေ။ အခု ကျောင်းမိသားစုနဲ့ ကျောင်းမိဖုရားက ဘုရင်ကြီးရဲ့ အငြိုအငြင်ကို ခံနေရတဲ့ အချိန်မှာ အနာဂတ် မရေရာတဲ့ ကျောင်းမိဖုရား အတွက်နဲ့ အင်အားကြီးမားတဲ့ သူ တစ်ယောက်ကို သွားစော်ကားမိမဲ့ အရူးအလုပ်မျိုးကို ဘယ်သမားတော်ကမှ မလုပ်ရဲကြဘူး။

ဘုရင်ကြီးက သူ မေးတာကို သမားတော် တစ်ယောက်မှ ပြန်မဖြေတာကို မြင်တော့ ပိုပြီး ဒေါသထွက်လာကာ အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။

"မင်းတို့ အကုန်လုံး အ သွားကြပြီလား"

ယွီးရှောင်ရှောင်က ဘေးမှာ ရပ်နေရတာ စိတ်မရှည်တော့ဘူး။ ရှေ့တိုးသွားပြီး ကျောင်းမိဖုရား ကိုယ်ပေါ် ခြုံထားတဲ့ စောင်ကို ဆွဲလှန်လိုက်ကာ ပြောတယ်။

"ကျွန်မ ကြည့်ကြည့်မယ်"

စောင်ကို လှန်လိုက်တော့ စောင်နဲ့ ဖုံးထားတဲ့ သွေးနံ့တွေ အကုန်လုံး အပြင်ကို ထွက်လာတယ်။ ပြင်းထန်လွန်းတဲ့ သွေးနံ့ကြောင့် ဘုရင်ကြီးက မတ်တတ်ရပ်နေရင်းနဲ့တောင် ယိုင်သွားတယ်။ ကျင်းကျုံးက ချက်ချင်း ဘုရင်ကြီးကို ဖမ်းထိန်းထားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

"အရှင်မင်းကြီး။ အဆင်ပြေရဲ့လား"

ဘုရင်ကြီးက သွေးနံ့ကြောင့် အသက်တောင် မရှူရဲတော့ဘူး။ သမားတော်တွေကို မြန်မြန် ရှေ့တက်ပြီး ကျောင်းမိဖုရားကို ကုသပေးဖို့ ပြောမလို့ လုပ်တုန်း သမီးဖြစ်သူက ကျောင်းမိဖုရားရဲ့ ဘောင်းဘီကို ဆွဲချွတ်နေတာကို မြင်လိုက်ရတယ်။

"လင်းလုံ။ မင်း ဘာလုပ်နေတာလဲ"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို အော်လိုက်တယ်။ အခန်းထဲမှာ မိန်းမစိုးတွေ အများကြီး ရှိတာ ထားပါတော့၊ သမားတော်တွေ အများကြီးလည်း ရှိနေသေးတယ်လေ။ ဒီလူတွေ အကုန်လုံး ရှေ့မှာ ကျောင်းမိဖုရားရဲ့ တင်ပါးကို ဖော်ပြနေတာ။ ဒါ ကျောင်းမိဖုရားကို အရှက်ကွဲအောင် လုပ်နေတာပဲ မဟုတ်လား။

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို လှည့်ကြည့်လိုက်ပြီး စိတ်မရှည်တဲ့ မျက်နှာထားနဲ့ ပြောတယ်။

"သူ့ဘောင်းဘီကို မချွတ်ဘဲ သူ ဘယ်နား ဒဏ်ရာ ရထားလဲ ဆိုတာကို ကျွန်မ ဘယ်လိုလုပ် သိမှာလဲ"

ကျင်းကျုံးနဲ့ ကျောင်းမိဖုရားကို ပြုစုနေတဲ့ မောမောတွေက ယွီးရှောင်ရှောင်ကို ကြောက်လန့်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ဒီမင်းသမီးက ဒီအခွင့်အရေးကို ယူပြီး ကျောင်းမိဖုရားကို သေအောင် တွန်းပို့ချင်နေတာပဲ။ မင်းသမီးကြီးရဲ့ လူသတ်နည်းက ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ သေတာတောင် ကျောင်းမိဖုရားကို ဂုဏ်သိက္ခာ ကင်းမဲ့အောင် လုပ်သွားချင်သေးတယ်တဲ့လား။

သမားတော်တွေကတော့ သူတို့ရဲ့ ခြေဖျားတွေကိုပဲ ငုံ့ကြည့်နေကြတယ်။ ဘုရင်ကြီးရဲ့ မိန်းမ။ အဝတ်အစား ဝတ်ထားရင်တောင် သူတို့ မကြည့်ရဲတာ၊ အခု အဝတ်အစား ချွတ်ထားရင်တော့ သူတို့ ပိုပြီး မကြည့်ရဲဘူးပေါ့။

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို အော်လိုက်တယ်။

"ဒီမှာ တခြား ယောက်ျားတွေ ရှိနေတယ်လေ"

ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်တယ်။ အသက်တောင် ထွက်တော့မယ် ဥစ္စာ။ တခြား ယောက်ျားတွေ ရှိတာက ဘာအရေးကြီးလို့လဲ။ မင်းသမီးလေးက လက်လှမ်းပြီး ဗြိခနဲ ကျောင်းမိဖုရားရဲ့ အတွင်းခံ ဘောင်းဘီကိုပါ ဆွဲချွတ်ပစ်လိုက်တယ်။

မောမောတွေက ချက်ချင်း ကျောင်းမိဖုရားရဲ့ ကိုယ်ပေါ်ကို လှမ်းအုပ်လိုက်ကြတယ်။ ကျောင်းမိဖုရားရဲ့ အောက်ပိုင်း အဝတ်မဲ့နေတဲ့ ပုံစံကို တခြားလူတွေ မြင်သွားလို့ မဖြစ်ဘူးလေ။

ဘုရင်ကြီးက ဒေါသထွက်လွန်းလို့ တုန်ရီနေပြီး စကားတောင် မပြောနိုင်တော့ဘူး။

အိပ်ခန်းထဲက လေထုက ရပ်တန့်သွားသလိုပဲ။ အခန်းထဲက လူတွေ အကုန်လုံး အသံတိတ် နေကြတယ်။ ယွီးရှောင်ရှောင် တစ်ယောက်တည်းကသာ ဘာမှ မဖြစ်သလို နေပြီး ကျောင်းမိဖုရားရဲ့ သွေးထွက်နေတဲ့ အောက်ပိုင်းကို တစ်ချက် ကြည့်လိုက်ကာ ဘုရင်ကြီးကို ပြောလိုက်တယ်။

"အပြင်ဒဏ်ရာလည်း မရှိဘူး။ ကိုယ်ဝန်ပျက်ကျတာလည်း မဟုတ်ဘူး။ သူ အမျိုးသမီး ရောဂါ တစ်ခုခု ဖြစ်နေတာလား"

ဘုရင်ကြီးက အချိန်အတော်ကြာအောင် တုန်ရီနေပြီးမှ သူ့အသံကို ပြန်ရှာတွေ့သွားကာ သမီးဖြစ်သူကို ဒေါသတကြီး အော်လိုက်တယ်။

"မင်း ဦးနှောက် မရှိဘူးလား။ သူက နန်းတော်ထဲမှာ နေတာလေ။ အောက်ပိုင်းက ဘယ်လိုလုပ် ဒဏ်ရာ ရနိုင်မှာလဲ"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ထူးဆန်းတဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်ပြီး အဓိပ္ပာယ် ပါပါနဲ့ ပြောလိုက်တယ်။

"ကျွန်မ စာမတတ်ဘူး ဆိုပြီး မနှိမ်ပါနဲ့နော်။ နန်းတော်ထဲမှာ နေရင်ရော ဒဏ်ရာ မရနိုင်ဘူးလား။ အဖေ အရမ်း စိတ်လှုပ်ရှားသွားရင်ကော"

"မ… အာ… ငါ… မင်း...” လို့ ဘုရင်ကြီးက စကားတွေ ထစ်ငေါ့ကုန်တယ်။

အားလုံးက သူတို့ ကိုယ်သူတို့ မြေကြီးထဲ ဝင်သွားအောင် အတင်း ကြိုးစားနေကြတယ်။ ဒီလို စကားမျိုးကို ကြားပြီးရင် အရှင်မင်းကြီးက သူတို့ကို အကုန် သတ်ပစ်များ သတ်ပစ်မလား။

ယွီးရှောင်ရှောင်က ကျောင်းမိဖုရားရဲ့ မတိတ်နိုင်တဲ့ သွေးတွေကို တစ်ချက် ထပ်ကြည့်လိုက်ပြီး ပြောတယ်။

"ဒီသွေးတွေ မတိတ်ရင်တော့ သူ သေတော့မှာပဲ"

ဘုရင်ကြီးက အခုချိန်မှာ သူ့ရဲ့ ချစ်လှစွာသော မိဖုရားရဲ့ အောက်ပိုင်းကို လုံးဝ မကြည့်ရဲတော့ဘူး။ အသက် မြန်မြန် ရှူပြီး သမားတော်တွေကို လှည့်ကြည့်ကာ ပြောလိုက်တယ်။

"မင်းတို့က ဒီအတိုင်း ကြည့်နေတော့မလို့လား။ ကျောင်းမိဖုရား သေတာကို ကြည့်နေတော့မလို့လား"

သမားတော်တွေက ခေါင်းငုံ့ထားဆဲပဲ။ တစ်ယောက်က ဖြေလိုက်ရင် အကုန်လုံး ပြဿနာ တက်မှာမို့လို့ ဘယ်သူမှ မဖြေရဲကြဘူး။

"မင်း ပြောစမ်း" လို့ ဘုရင်ကြီးက သမားတော် တစ်ယောက်ကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်တယ်။

အမည်ခေါ်ခံလိုက်ရတဲ့ သမားတော်က ဒီပြဿနာကနေ ရှောင်ပြေးလို့ မရတော့ဘူး ဆိုတာ သိသွားပြီး ဘုရင်ကြီး ရှေ့မှာ ဒူးထောက်လိုက်ကာ လျှောက်တင်လိုက်တယ်။

"အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ကျောင်းမိဖုရားကို ဆေးတိုက်ပြီးပါပြီ။ ဒါပေမဲ့ မိဖုရားရဲ့ ရောဂါက အရမ်း ပြင်းထန်လွန်းလို့ ဆေးက အစွမ်းမပြနိုင်ပါဘူး"

ဘုရင်ကြီးရဲ့ ရင်ဘတ်က တင်းကျပ်သွားတယ်။ ဒါဆို ကျောင်းမိဖုရားက ကယ်လို့ မရတော့ဘူး ဆိုတဲ့ သဘောလား။

ယွီးရှောင်ရှောင်က "ဪ" လို့ အသံရှည်ကြီး ဆွဲပြီး အသံပြုလိုက်တယ်။ ဒီမိန်းမ နောက်ဆုံးတော့ သေတော့မှာလား။

"အရှင်မင်းကြီး"

အိပ်ခန်း အပြင်ဘက်ကနေ မိန်းမစိုး တစ်ယောက်ရဲ့ အသံ ထွက်လာတယ်။

"ဟွာမိဖုရား၊ ရုံမိဖုရား၊ မင်မိဖုရား...”

"သူတို့ ဒီကို ဘာလာလုပ်ကြတာလဲ"

ဘုရင်ကြီးက မိန်းမစိုးရဲ့ စကားကို ဒေါသတကြီး ဖြတ်ပြောလိုက်တယ်။

"သူတို့ကို ပြန်လွှတ်လိုက်"

"အရှင်မင်းကြီး...”

"အကုန်လုံး ထွက်သွားကြစမ်း"

ဘုရင်ကြီးက သူ ပြန်လွှတ်လိုက်တာတောင် မိန်းမစိုးက စကားဆက်ပြောဖို့ လုပ်နေတာကို မြင်တော့ ဒေါသတကြီး အော်လိုက်တယ်။

အိပ်ခန်း အပြင်ဘက်မှာ ခဏ တိတ်ဆိတ်သွားပြီးနောက် မိန်းမစိုးက တုန်ရီနေတဲ့ အသံနဲ့ လျှောက်တင်လိုက်တယ်။

"အရှင်မင်းကြီး။ ယုံးရှန်းကျောင်းတော်က ဆရာတော်လေး ဖုန်းလင် တွေ့ခွင့် တောင်းနေပါတယ်"

"ဘာ"

ဘုရင်ကြီးက သူ ကြားလိုက်ရတဲ့ စကားကို မယုံနိုင်ဘူး။

ယွီးရှောင်ရှောင် မျက်မှောင်ကြုတ်သွားတယ်။ ဝမ်ဖုန်းလင်က ကျောင်းမိဖုရားဆီကို ဘာလာလုပ်တာလဲ။

"အရှင်မင်းကြီး" လို့ အိပ်ခန်း အပြင်ဘက်က မိန်းမစိုးက သူ့စကားကို ထပ်ပြောပြန်တယ်။

"ယုံးရှန်းကျောင်းတော်က ဆရာတော်လေး ဖုန်းလင် တွေ့ခွင့် တောင်းနေပါတယ်"

ဘုရင်ကြီးက ခုတင်ပေါ်မှာ သတိလစ်နေတဲ့ ကျောင်းမိဖုရားကို တစ်ချက် ကြည့်လိုက်ပြီး လက်နောက်ပစ်ကာ အခန်းပြင်ကို လျှောက်ထွက်သွားတယ်။

"ဆရာတော်လေးကို ဝင်ခွင့်ပြုလိုက်"

ယွီးရှောင်ရှောင်လည်း ကျောင်းမိဖုရားကို ကြည့်လိုက်တယ်။ ဝမ်ဖုန်းလင်နဲ့ ကျောင်းမိဖုရားကြားမှာ ဘာပတ်သက်မှု ရှိတယ် ဆိုတာကို သူမ မမှတ်မိဘူး။ ရက်စက်တဲ့ ဘုရင်မ လက်ထက်တုန်းက ဒီနှစ်ယောက်က စကားတောင် မပြောဖူးဘူးလေ။ သူမ ရောက်လာတဲ့ အချိန်မှာတော့ သူမ သတိမထားမိတဲ့ အချိန်လေး အတွင်းမှာ ဒီနှစ်ယောက်က အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီလား။

ကျောင်းမိဖုရားကို ပြုစုနေတဲ့ မောမောတွေက ကျောင်းမိဖုရားကို သတိထားပြီး ကာကွယ်ပေးထားကြတယ်။ လင်းလုံမင်းသမီးက ရုတ်တရက် လူသတ်မှာကို သူတို့ ကြောက်နေကြတယ်။ နန်းတော်ထဲက လူတွေ အကုန်လုံးက အခုဆို သိနေကြပြီလေ။ မင်းသမီးကြီးရဲ့ သိုင်းပညာက အရမ်း ကောင်းပြီး လူသတ်တာက ခွေးသတ်တာထက်တောင် လွယ်သေးတယ်။ ကျောင်းမိဖုရား ဘယ်နှယောက် ရှိရှိ မင်းသမီးကြီး သတ်ဖို့ အတွက် မလုံလောက်ဘူးလေ။

"ကောင်းတဲ့ သွေးတိတ်ဆေး တစ်ခုတောင် မရှိဘူး"

ယွီးရှောင်ရှောင်က ကျောင်းမိဖုရား အောက်ကနေ စီးကျနေတဲ့ သွေးတွေကို ကြည့်ပြီး ခေါင်းခါကာ တိုးတိုးလေး ညည်းတွားလိုက်တယ်။

"တကယ်ကို အလုပ်မဖြစ်တာပဲ"

(မှတ်ချက် - '無法玩耍' (wu fa wan shua) ဆိုသည်မှာ တရုတ် အင်တာနက် စကားလုံး ဖြစ်ပြီး 'အတူတူ ကစားလို့ မရတော့ဘူး'၊ 'အခြေအနေ ဆိုးရွားလွန်းလို့ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး' လို့ အဓိပ္ပာယ်ရပါတယ်)

မောမောတွေက လင်းလုံမင်းသမီး အိပ်ခန်းထဲကနေ ထွက်သွားတာကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေကြတယ်။ 'အလုပ်မဖြစ်ဘူး' ဆိုတဲ့ မင်းသမီးကြီးရဲ့ စကားက ဘာအဓိပ္ပာယ်လဲ ဆိုတာ ဘယ်သူကများ ရှင်းပြပေးနိုင်မလဲ။ ကျောင်းမိဖုရား သေတာက သနားစရာ မကောင်းသေးဘူးလို့ ဆိုလိုတာလား။

ယွီးရှောင်ရှောင် အိပ်ခန်းထဲက ထွက်လာတဲ့ အချိန်မှာ ဘုရင်ကြီးက စင်္ကြံလမ်း အောက်မှာ ရပ်ပြီး ဆရာတော်လေး ဖုန်းလင်ကို စောင့်နေတယ်။ ယွီးရှောင်ရှောင် ထွက်လာတာကို မြင်တော့ သူက မနေနိုင်ဘဲ မေးလိုက်တယ်။

"ဆရာတော်လေးက ငါကိုယ်တော်ကို လာရှာတာ ဘာကိစ္စ ရှိလို့လဲ"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ပြန်မေးလိုက်တယ်။

"အဲဒါ ကျွန်မ ဘယ်လို သိမှာလဲ"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ရုတ်တရက် ဒေါသထွက်ဖို့တောင် အားမရှိတော့ဘူး။

ယွီးရှောင်ရှောင်က ဒီအရူးဘုရင်က အခုချိန်မှာ ဝမ်းနည်းနေမယ် ထင်ပြီး နှစ်သိမ့်ပေးလိုက်တယ်။

"ကျောင်းမိဖုရား တစ်ယောက် သေသွားပေမဲ့ ရှင့်မှာမိဖုရားတွေ အများကြီး ရှိသေးတာပဲလေ။ မဝမ်းနည်းပါနဲ့။ သူ သေသွားရင် သူ့အတွက် အရမ်း ကောင်းတဲ့ အရိုးအိုး တစ်လုံးလောက် လုပ်ပေးလိုက်ပါလား"

အရိုးအိုးတဲ့လား။

ခြံဝင်းထဲက လူတွေ အကုန်လုံး။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေ အပါအဝင် အားလုံး ကြက်သီးထသွားကြတယ်။ မင်းသမီးကြီးက ကျောင်းမိဖုရားကို ဘယ်လောက်တောင် မုန်းနေလို့ ကျောင်းမိဖုရားကို အလောင်း အပြည့်အစုံတောင် မချန်ထားပေးချင်ရတာလဲ။

…

All Chapters