အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) မင်ကွမ်းခန်းမက ပဲပင်ပေါက်လေး
ငိုသံလေးကို နားစွင့်ရင်း ယွီးရှောင်ရှောင်တစ်ယောက် အိပ်ဆောင်တစ်ခုထဲ ဝင်သွားလိုက်တယ်။ ခုတင်ခေါင်းရင်းက ဖယောင်းတိုင်စင်ပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ပဲ ထွန်းထားပြီး လက်ဝါးလောက်ရှိတဲ့ နေရာလေးကပဲ လင်းထိန်နေတာ။ ပိုးသားစောင်ထူထူကြီးအောက်မှာ အလုံးလေးတစ်လုံး ဖောင်းနေတာကို ယွီးရှောင်ရှောင် မြင်လိုက်ရတယ်။ ငိုသံလေးက အဲဒီစောင်ပုံထဲကနေ ထွက်ပေါ်လာတာကိုး။
ခုတင်နား လျှောက်သွားပြီး စောင်ကို ဖယ်ချလိုက်တော့ စောင်ပုံထဲမှာ ကွေးကွေးလေးဖြစ်နေတဲ့ ကလေးကို ယွီးရှောင်ရှောင်က မေးလိုက်လေတယ်။
"ဘယ်သူက မင်းကို အနိုင်ကျင့်လိုက်တာလဲ"
ရုတ်တရက်ကြီး စောင်လှန်ခံလိုက်ရတော့ ကလေးခမျာ လန့်ဖြတ်ပြီး ကြောင်အမ်းအမ်းဖြစ်သွားရှာတယ်။ ယွီးရှောင်ရှောင်ကို မော့ကြည့်ရင်း စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူးလေ။
ယွီးရှောင်ရှောင်က ကောင်လေးကို တစ်ချက်စူးစမ်းကြည့်လိုက်တယ်။ ဒီကလေးက ကုအိမ်တော်ရဲ့ အသားလုံးနှစ်ကောင်လုံး ဝဝကစ်ကစ်လေးတွေ မဟုတ်ဘဲ ပဲပင်ပေါက်လေးလို ပိန်ညှောင်နေတာပဲ။ ဒါပေမဲ့ ပိန်လွန်းလို့ မျက်နှာလေးက သေးသေးလေးဖြစ်နေတော့ မျက်လုံးကြီးတွေက ပိုပြီး ပြူးကျယ်နေသလို ထင်ရတယ်။ မျက်ရည်လေးတွေ ဝဲပြီး တဖျတ်ဖျတ်ခတ်နေတဲ့ မျက်လုံးလေးတွေနဲ့ဆိုတော့ ကြည့်ရတာ တော်တော်လေး ချစ်စရာကောင်းနေပြန်ရော။ "ဘာလို့ စကားမပြောတာလဲ" ယွီးရှောင်ရှောင်က ဆက်မေးလိုက်ပြန်တယ်။ "ဗိုက်ဆာနေလို့လား"
ကောင်လေးက မျက်ရည်တွေကို သပ်ချလိုက်ပြီး "အစ်... အစ်မက လုပ်ကြံသူလား" လို့ မေးရှာတယ်။
ဟ...။ ဒီကလေးရဲ့ ဉာဏ်ရည်က တော်တော်လေး မြင့်မယ်လို့ ယွီးရှောင်ရှောင် တွေးလိုက်မိတာပေါ့။ ပဲစေ့လောက်ပဲရှိတဲ့ အရွယ်လေးနဲ့ကို လုပ်ကြံသူ ဆိုတဲ့ သတ္တဝါတွေ ရှိနေမှန်း သိနေပြီလေ။
"အစ်မက သားကို လာသတ်တာလား" လို့ ကောင်လေးက ဆက်မေးလေတယ်။
"ငါက အနက်ရောင်ဝတ်စုံ ဝတ်ထားတာနဲ့ပဲ လုပ်ကြံသူ ဖြစ်သွားရောလား။ နေပါဦး မင်းက ဘယ်သူလဲ။ နာမည်လေး ဘာလေး ပြောပြပါဦး"
ကောင်လေးက အသက် သုံးလေးနှစ်လောက်ပဲ ရှိဦးမှာဆိုတော့ ယွီးရှောင်ရှောင်ရဲ့ စကားကို တော်တော်ကြာအောင် စဉ်းစားပြီးမှ ဖြေရှာတယ်။
"သားနာမည်က ယွီးကျစ်မင် ပါ။ သားက ဆဋ္ဌမမင်းသားပါ"
ဒီဖေ……..
ဒါ မိဖုရားကျောင်းရဲ့ သားအရင်းကြီးလေ။
ယွီးရှောင်ရှောင်တစ်ယောက် မျက်နှာကြီး သေသွားတော့တယ်။ သူ့ရှေ့က ပဲပင်ပေါက် ကလေးလေးကို ကြည့်ရင်း မိဖုရားကျောင်း ဘယ်တော့မှ ခေါင်းပြန်မထောင်နိုင်တော့အောင် ဒီ ဆဋ္ဌမမင်းသားကို လည်ပင်းညှစ်သတ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် လည်ပင်းပဲ ညှစ်သတ်လိုက်ရင် ကောင်းမလားလို့ တွေးနေတော့တယ်။
"အစ်မ သတ်... သတ်ချင်လည်း သတ်လိုက်ပါတော့" ဆဋ္ဌမမင်းသားလေး ယွီးကျစ်မင်က အသက်လေး အသက် သုံးနှစ်ခွဲပဲ ရှိသေးပေမဲ့ စကားပြောတဲ့ အသံထွက်က လေးနှစ်အရွယ် အသားလုံးပုစိ ကုကျင့် ထက်တောင် ပိုပီသနေသေး။ သူက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောရှာတယ်။
"ဘာပဲ... ဘာပဲဖြစ်ဖြစ် သားရဲ့ မယ်... မယ်တော်ကလည်း သားကို မလိုချင်တော့ပါဘူး"
ပဲပင်ပေါက်လေးက သေရမှာကို လုံးဝမကြောက်တဲ့ မျက်နှာပေးနဲ့ စကားပြောနေတာကို ကြည့်ပြီး ယွီးရှောင်ရှောင်တစ်ယောက် စိတ်ထဲကနေ တွေးလိုက်လေရဲ့။ 'လခွမ်းထဲမှ.. မိဖုရားကျောင်းရဲ့ သားက သေရမှာကို မကြောက်တဲ့ အကျင့်တောင် ရနေပြီပေါ့'
"လုပ်ကြံသူ..." ယွီးကျစ်မင်က ဆက်ပြောလေတယ်။ "နည်းနည်း... နည်းနည်းလောက် မြန်မြန်လေး လုပ်ပေးလို့ ရမလားဟင်။ သား မနာချင်လို့ပါ"
ယွီးရှောင်ရှောင်က လက်ညှိုးလေးကို ကွေးပြီး ပဲပင်ပေါက်လေးရဲ့ နဖူးကို ခပ်ဖွဖွလေး ခေါက်လိုက်တယ်။ ပဲပင်ပေါက်လေးရဲ့ ခေါင်းမှာ အပေါက်ကြီးဖြစ်သွားမှာ စိုးလို့ အားတော့ မထည့်ရဲပါဘူး။
"ဘာ လုပ်ကြံသူလဲ။ ငါက မင်း အစ်မကွ" ယွီးရှောင်ရှောင်က ခုတင်စွန်းမှာ ဝင်ထိုင်လိုက်ပြီး ဆက်မေးပြန်တယ်။ "မင်း ငါ့ကို မသိဘူးလား"
ယွီးကျစ်မင်လည်း ခုတင်ပေါ်ကနေ ကုန်းထလာပြီး ဖယောင်းတိုင်အလင်းရောင်နဲ့ ယွီးရှောင်ရှောင်ကို သေချာ ကြည့်ရှာတယ်။
ယွီးရှောင်ရှောင်က ပြောလိုက်တာပေါ့။
"ကြည့်မနေနဲ့တော့၊ ငါက တကယ်ကြီး မင်းအစ်မ။ ငါသာ လုပ်ကြံသူဆိုရင် မင်းကို အစောကြီးကတည်းက သတ်ပြီးပြီပေါ့၊ ဒီမှာထိုင်ပြီး မင်းနဲ့ အလကားစကားတွေ ပြောနေပါ့မလား"
ယွီးကျစ်မင်က "အစ်မတော်လား" လို့ မေးရှာတယ်။
"အင်း...မင်းအစ်မ မဟုတ်ဘဲ ငါက နန်းတော်ထဲကို ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ။ ကဲ... ပြောစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ ငိုနေတာလဲ"
ယွီးရှောင်ရှောင်ရဲ့ ဒီစကားကိုတော့ ယွီးကျစ်မင် ယုံသွားပြီ။ သာမန်လူတွေက နန်းတော်ထဲကို ဝင်လာလို့မှ မရတာကိုး။ နှုတ်ခမ်းသေးသေးလေးကို စူပြီး ဆဋ္ဌမမင်းသားလေးက ဝမ်းနည်းပက်လက် ပြောရှာတယ်။ "သား သွားရတော့မှာ"
"အော်...ဒီကိစ္စကို ငါသိတယ်။ မင်းက ကျူးယိ တိုင်းပြည်ကို သွားရတော့မှာလေ"
"မယ်တော်က သားကို မလိုချင်တော့ဘူး" ယွီးကျစ်မင်လေးက ငိုပါလေရော။
အပြင်ဘက်မှာ ဝက်သေတွေလို အိပ်မောကျနေတဲ့ မောမော နှစ်ယောက်ကို စဉ်းစားမိတော့ ယွီးရှောင်ရှောင် မျက်မှောင်ကြုတ်သွားမိတယ်။ ပဲပင်ပေါက်လေး မျက်လုံးတွေ ရဲနေအောင် အကြာကြီး ငိုနေတာကိုတောင် တစ်ယောက်မှ ဝင်မကြည့်ကြဘူးဆိုတော့၊ ဒီကလေးထိန်းတွေ တာဝန်မကျေကြဘူးဆိုတာ အသိသာကြီးပဲလေ။ ဒီပဲပင်ပေါက်လေး မထွက်သွားရသေးခင်မှာတောင် မိဖုရားကျောင်းက ဒီသားလေးကို သေသေရှင်ရှင် ဂရုမစိုက်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးပြီလား။
"သား ကြား... သား မောမောတွေ ပြောတာ ကြားတာ..." ယွီးကျစ်မင်က လက်ချောင်းလေးတွေကို ပွတ်သပ်ရင်း သူ့အစ်မတော်ကို ရင်ဖွင့်ရှာတယ်။
"မယ်တော်က နောက်ဆို... နောက်ဆို ညီလေး တစ်ယောက် ထပ်မွေးမှာတဲ့။ သားကို မလိုချင်တော့ဘူးတဲ့"
ယွီးရှောင်ရှောင်က 'ကျွတ်' ခနဲ စုတ်သပ်လိုက်တယ်။ မိန်းမတွေ ကလေးမွေးတာများ အဲဒီလောက်လွယ်တဲ့ ကိစ္စကျလို့။ မိဖုရားကျောင်းက အဲဒီ သောက်သုံးမကျတဲ့ ဧကရာဇ်နဲ့ နေလာတာ နှစ်တွေ ဒီလောက်ကြာပြီကို ဘာလို့ သားတစ်ယောက်ပဲ မွေးနိုင်တာလဲ။ ဒီမိန်းမက တကယ်တော့ ငတုံးတစ်ယောက်ပဲ ဖြစ်ရမယ်။
"သား မသွားချင်ဘူး" ယွီးကျစ်မင်က ခြင်လေးအော်သလို အသံတိုးတိုးလေးနဲ့ ယွီးရှောင်ရှောင်ကို ညည်းတွားပြရှာတယ်။
တကယ်လို့သာ သဘောထားနူးညံ့ပြီး ကြင်နာတတ်တဲ့သူဆိုရင်တော့ အခုလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိမှာ အသေအချာပဲ။ ဘာလို့လဲဆိုတော့ တကယ်တမ်း ဒီဒုက္ခကို ခံစားရမဲ့သူက ယွီးကျစ်မင် မဟုတ်ဘဲ ယွီးကျစ်ရီ ဖြစ်နေခဲ့တာကိုး။ ယွီးရှောင်ရှောင်က လူဆိုးတစ်ယောက် မဟုတ်ပေမဲ့ သူမရဲ့ စိတ်ထားကတော့ လုံးဝကို မပျော့ညံ့ပါဘူး။ သူမ သိပ်ကို ပွင့်လင်းရိုးသားသူပီပီ စိတ်ထဲမှာလည်း ရှင်းလင်းနေတယ်။ ဘာပဲဖြစ်ဖြစ် မင်းသားတစ်ပါးပါးကတော့ ကျူးယိ တိုင်းပြည်ကို ဓားစာခံအဖြစ် သွားရမှာပဲလေ။ သူမရှေ့မှာရှိနေတဲ့ ပဲပင်ပေါက်လေးကို သနားပေမဲ့ အရင်တုန်းက ယွီးကျစ်ရီကိုရော ဘယ်သူကများ သနားခဲ့ဖူးလို့လဲ။ ပြီးတော့ ရှန်းကျုံး ဧကရာဇ်လို စောက်သုံးမကျတဲ့သူနဲ့ မိဖုရားကျောင်းလို မိန်းမယုတ်မတို့ရဲ့ ဘေးမှာနေရတာထက်စာရင်၊ ဝေးဝေးမှာ သွားနေရတာကမှ ပိုကောင်းဦးမယ်။ ကျူးယိ တိုင်းပြည်ကို ရောက်သွားရင် ယွီးကျစ်မင်လည်း အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာနိုင်တာပဲ မဟုတ်ဘူးလား။
"ကျူးယိ တိုင်းပြည်ကို သွားရတာလည်း ဆိုးတာမှမဟုတ်တာ" ယွီးရှောင်ရှောင်က ယွီးကျစ်မင် ကို ပြောလိုက်တယ်။
ဆဋ္ဌမမင်းသားလေးရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေထဲမှာ မျက်ရည်တွေ ပြန်ဝဲလာပြန်တယ်။ မိဘရဲ့ အရိပ်အာဝါသ ကင်းမဲ့သွားရတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးမှုက ဘယ်လောက်တောင် နက်ရှိုင်းမယ်ဆိုတာ သူမကောင်းကောင်း နားလည်နေမိတာပေါ့။
"ဘာပဲဖြစ်ဖြစ် မင်းအမေ... အဲလေ မင်းရဲ့ မယ်တော်က နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးဖို့ ပြင်ဆင်နေပြီ။ သူ့မှာ နောက်ထပ် သားတစ်ယောက် ရလာရင် မင်းကို ဂရုစိုက်ဖို့ အချိန်ဘယ်ရှိတော့မလဲ" ယွီးရှောင်ရှောင်က မိဖုရားကျောင်းကို အသေအလဲ အပုပ်ချလိုက်ပြီး ဆက်ပြောတယ်။
"ငါတို့တိုင်းပြည်က အခု သိပ်အခြေအနေ မကောင်းဘူး။ မင်း ကျူးယိ တိုင်းပြည်ကို ရောက်ရင် ကြိုးကြိုးစားစား ပညာသင်၊ အရည်အချင်းတွေနဲ့ ပြန်လာပြီး ငါတို့တိုင်းပြည်ကို အင်အားကြီးလာအောင် လုပ်ပေးပေါ့၊ အဲဒီလိုဆို ပိုမကောင်းဘူးလား"
အသက်သုံးနှစ်ခွဲပဲ ရှိသေးတဲ့ ပဲပင်ပေါက်လေးကတော့ ယွီးရှောင်ရှောင်ရဲ့ စကားတွေကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ အဝေးကြီးကို ခရီးထွက်ရတာလည်း သိပ်မဆိုးလှဘူးလို့တော့ ရေးတေးတေး တွေးလိုက်မိတယ်။
"ငါပြောတာကို နားလည်လား" လို့ ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။
"ဒါပေမဲ့... ဒါပေမဲ့ သား ကျူးယိ တိုင်းပြည်ကို ရောက်သွားရင်... တစ်ယောက်... တစ်ယောက်တည်းပဲလေ၊ ဘယ်သူ့ကိုမှလည်း မသိဘူး။ သား အိမ်ကိုရော ပြန်လာလို့ ရပါဦးမလားဟင်" ယွီးကျစ်မင်က အထစ်ထစ်အငေါ့ငေါ့နဲ့ ယွီးရှောင်ရှောင်ကို မေးရှာတယ်။
"ငါ မင်းကို လာကြိုပေးမယ်လေ" ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ကြည့်ပြီး ပြောလိုက်တယ်။ "ငါက ကလေးတွေကို ဘယ်တော့မှ မလိမ်ဘူး"
"ဘယ်တော့လဲဟင်"
"အင်း... မင်း ကြီးလာတဲ့အခါကျရင်ပေါ့"
လူဆိုတာ ဘယ်အချိန်ကျမှ ကြီးလာမှာလဲ ဆိုတဲ့ မေးခွန်းကိုတော့ ယွီးကျစ်မင် မတွေးတတ်ရှာပါဘူး။ သူ့ရဲ့ အစ်မတော်ကြီးဆီက ကတိစကားကို ရလိုက်တာနဲ့တင် ဆဋ္ဌမမင်းသားလေးက သူ့ကိုယ်သူ အရင်ကလောက် အားကိုးရာမဲ့ မဖြစ်တော့ဘူးလို့ ခံစားလိုက်ရတော့တယ်။
"ကျင်းမော့က မြို့ထဲမှာပဲ ရှိတယ်လေ" ယွီးရှောင်ရှောင်က ယွီးကျစ်မင်အတွက် အဝတ်အစားတွေ သွားရှာပေးလိုက်ပြီး၊ ပဲပင်ပေါက်လေးကို သူ့ဘာသာသူ အဝတ်အစား ဝတ်ခိုင်းရင်း ပြောလိုက်တယ်။
"မင်း သူ့ကို သိထားရင်၊ ကျူးယိ တိုင်းပြည်ကို ရောက်တဲ့အခါ အသိအကျွမ်း ရှိသွားတာပေါ့။ ဒီလိုလုပ်၊ ငါ မင်းကို ကျင်းမော့ဆီ ခေါ်သွားပေးမယ်"
ယွီးကျစ်မင်က အဝတ်အစား မဝတ်တတ်ပေမဲ့ လူကတော့ အရမ်းကို စိတ်လှုပ်ရှားသွားပြီး မေးရှာတယ်။
"အစ်မတော်က သားကို နန်းတော်အပြင်ဘက် ခေါ်ထုတ်သွားမလို့လား
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကိုယ်ပေါ်ကို အဝတ်အစားတွေ ဖြစ်သလို ဆွဲစွပ်ပေးလိုက်ပြီး ခေါင်းညိတ်ပြလေတယ်။
"ကျင်းမော့ ဘယ်တော့ ထွက်သွားမလဲ မသိဘူး၊ အဲဒါကြောင့် ဒီနေ့ပဲ မင်းကို နန်းတော်ပြင် ခေါ်သွားမယ်၊ ကြောက်လား"
အစ်မတော်နဲ့အတူ နန်းတော်အပြင်ကို ထွက်ရမယ်ဆိုတော့ ယွီးကျစ်မင် တစ်ယောက် ပျော်လွန်းလို့ ရူးမတတ်ပဲ။ ခေါင်းကို တဆတ်ဆတ်ညိတ်ပြပြီး မျက်နှာသေးသေးလေးပေါ်မှာ အပြုံးတွေတောင် ပေါ်လာတော့တယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ရဲ့ ကိုယ်လုံးသေးသေးလေးကို ဆွဲညှစ်ကြည့်လိုက်တယ်။ ဒီကလေးက သူ့အမေအရင်းရဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း ပါလာတာဆိုတော့၊ တောင့်တင်းသန်စွမ်းတယ်ဆိုတဲ့ စကားလုံးနဲ့ ဒီတစ်သက်တော့ ဝေးရှာပြီ။ သူ့ရဲ့ သတ္တိကတော့ ဘယ်သူနဲ့တူမှန်း ယွီးရှောင်ရှောင် စဉ်းစားလို့မရဘူး။ သူမကို ရုတ်တရက် မြင်လိုက်ရတုန်းကတောင် ခဏလောက် ကြောင်သွားပေမဲ့ တစ်ချက်လေးမှ မငိုဘူး။ အခု နန်းတော်ပြင် ထွက်ရမယ်ဆိုတာ ကြားတော့လည်း နှစ်သစ်ကူးပွဲတော် ရောက်နေသလိုမျိုး ပျော်နေပြန်ရော။ ဒီကလေးက တကယ့်ကို သတ္တိခဲလေးပဲ။
လက်ထဲမှာ ယွီးကျစ်မင် တစ်ယောက် အပိုပါလာပေမဲ့လည်း ယွီးရှောင်ရှောင်ကတော့ နန်းတော်ထဲကနေ အေးအေးဆေးဆေးပဲ လွတ်လွတ်လပ်လပ် ထွက်လာနိုင်ခဲ့တယ်။ ယွီးကျစ်မင်ကို ဆွဲမပြီး သယ်ယိ စားသောက်ဆိုင် ဘက်ကို ပြေးသွားတော့တယ်။
သခင်လေး ပျောက်ဆုံးနေတဲ့ မင်ကွမ်း နန်းဆောင်လေးထဲမှာတော့ အရာအားလုံးက ပုံမှန်အတိုင်းပါပဲ၊ ဘာကိစ္စမှ မဖြစ်ခဲ့သလိုမျိုး ငြိမ်သက်နေတယ်။
ဒီအချိန်မှာ ကျင်းမော့ကတော့ ခုတင်ပေါ်မှာ အရွယ်ကောင်း မိန်းမပျိုလေးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ အားကြိုးမာန်တက် အလုပ်ရှုပ်နေလေရဲ့။ မိန်းကလေးခမျာ ခုနကအထိ အပျိုစင်လေးဆိုပေမဲ့ အခုတော့ မိန်းမသားတစ်ယောက် ဖြစ်သွားခဲ့ပြီလေ။ ခန္ဓာကိုယ်က နာကျင်မှုဟာ မခံမရပ်နိုင်အောင် ဖြစ်နေပေမဲ့လည်း၊ မင်းသားကြီးကို ကြည့်ပြီး ပြုံးပြရမယ်ဆိုတာကိုတော့ မှတ်ထားရရှာတယ်။ အတတ်နိုင်ဆုံး ဆွဲဆောင်မှုရှိအောင် ပြုံးပြရတာပေါ့။ ဘာလို့လဲဆိုတော့ မင်းသားကြီး ကျင်းမော့က သူ့အောက်က မိန်းမတွေ ပြုံးနေတာကိုပဲ မြင်ချင်တာကိုး။
ယွီးရှောင်ရှောင် သယ်ယိ စားသောက်ဆိုင် အပြင်ဘက်ကို ရောက်လာတဲ့အချိန်မှာပဲ၊ ကျင်းမော့လည်း ကိစ္စပြီးမြောက်သွားပြီး ကိုယ်ကို လှည့်ရင်း မိန်းကလေးရဲ့ ဘေးနားမှာ လှဲလိုက်တယ်။ "ပြန်ဖို့ မလိုတော့ဘူး၊ ငါနဲ့ တစ်ညလုံး အတူအိပ်ပေးလိုက်တော့" လို့ ပြောလိုက်လေရဲ့။
….