အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) မင်းသမီး... ကိုယ်တို့တွေ အတူတူ အိုမင်းသွားကြမယ်
ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့က ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ ဘုရင်ကြီးကို နန်းတော် ပြန်ပို့ပေးတယ်။ လမ်းတစ်လျှောက်လုံး ဒီ တော်ဝင် သားအဖ နှစ်ယောက်က ပြတင်းပေါက်ကနေ အပြင်က လမ်းမကို ကြည့်ပြီး ဖုန်းထျန်း မြို့တော်ရဲ့ ညရှုခင်း အကြောင်း တိုးတိုးလေး ဆွေးနွေးနေကြတယ်။
ယွီးရှောင်ရှောင်ကတော့ ဘာမြင်မြင် အဆန်း ဖြစ်နေသလို ဘုရင်ကြီး ကလည်း နန်းတော် အပြင်ကို နှစ်ရှည်လများ မထွက်ရတဲ့ သူပီပီ ဘာမြင်မြင် အဆန်း ဖြစ်နေတာပါပဲ။ သားအဖနှစ်ယောက် မီးရောင်တွေ ထိန်လင်းနေတဲ့ မြို့တော်ရဲ့ ညရှုခင်းကို ကြည့်ရင်း နောက်ဆုံးတော့ စကားပြောစရာ အကြောင်းအရာ တူသွားကြတယ်။
ကုရှင်းလန်ကတော့ ဘေးမှာ ထိုင်နေပြီး ဝင်ပြောလို့ မရဘူး။ ဒီ သားအဖ နှစ်ယောက်ရဲ့ စကားပြောတာကို နားထောင်ရင်း ကုသခင်လေးက သူတို့ရဲ့ ဉာဏ်ရည် အတွက် စိတ်ပူလာတယ်။ လူတွေ အကုန်လုံး နေ့ခင်းဘက် အလုပ်လုပ်ကြပြီး ညဘက်ရောက်ရင် အပြင်ထွက် လမ်းလျှောက်ကြတာ... ဒါက ဘာများ အံ့သြစရာ ကောင်းလို့လဲ။ လမ်းပေါ်မှာ ညဘက် လူတွေ သွားလာနေတာက အသက်ရှင်ခြင်းရဲ့ အံ့ဖွယ် အဖြစ်အပျက် တစ်ခုလို ဒီ သားအဖ နှစ်ယောက်က ပြောနေကြတော့ ဒါက ဘယ်လိုကြီးလဲ။
"ဟူး" လို့ ဘုရင်ကြီးက ပြတင်းပေါက် အပြင်က ဆောင်ကြာမြိုင်တစ်ခုကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
"ငါကိုယ်တော် ဒီတစ်သက် အဲဒီထဲကို ဝင်ကြည့်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"
ယွီးရှောင်ရှောင်က မြင်းလှည်းအပြင်က နှစ်ထပ် အဆောက်အအုံလေးကို တစ်ချက် ကြည့်လိုက်ပြီး တံခါးဝမှာ အဝတ်အစား ပါးပါးလေးတွေ ဝတ်ထားတဲ့ အလှမယ်လေးတွေကို လက်ညှိုးထိုးပြကာ ဘုရင်ကြီးကို ပြောလိုက်တယ်။
"ဒါက ပြည့်တန်ဆာရုံ မဟုတ်လား"
"ဖယ်စမ်း" လို့ ဘုရင်ကြီးက ချက်ချင်း သူ့သမီးကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"မိန်းကလေး ဆိုတာ စကားကို ယဉ်ယဉ်ကျေးကျေး ပြောရတယ်"
မြင်းလှည်းက ဆက်သွားနေပြီး ဆောင်ကြာမြိုင်ကို နောက်မှာ ထားရစ်ခဲ့တယ်။
ဘုရင်ကြီးက အရမ်း နှမြောသလို ခေါင်းခါပြီး ပြောတယ်။
"ဘယ်လောက် ကောင်းတဲ့ အဆောက်အအုံလေးလဲ"
ယွီးရှောင်ရှောင်က ပြောတယ်။
"အဖေ့နန်းတော်ထဲမှာ မိန်းမတွေ အများကြီး ရှိတာပဲလေ... အဲဒါတောင် မလောက်သေးဘူးလား။ တစ်ယောက်တည်းနဲ့ အကုန်လုံးကို အိပ်နိုင်လို့လား"
ဘုရင်ကြီးက ယွီးရှောင်ရှောင်ရဲ့ ခေါင်းကို လက်နဲ့ တစ်ချက် ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တယ်။
"မင်းက စစ်သူကြီး အိမ်တော်ကို ရောက်သွားရင်တောင် အဲဒီ စစ်သားတွေ ပြောတဲ့ စကားတွေကို လိုက်မပြောရဘူးလေ။ ခမည်းတော် မင်းကို ဘယ်လို သင်ပေးထားလဲ။ မိန်းကလေး ဆိုတာ ယဉ်ယဉ်ကျေးကျေး နေရမယ်၊ ဣန္ဒြေ ရှိရမယ်။ မင်းရဲ့ မယ်တော်က ကောင်းကင်ဘုံကနေ မင်းကို ကြည့်နေတာနော်"
ကုရှင်းလန် လည်း အလကားနေရင်း အပြောခံလိုက်ရလို့ ခေါင်းကိုက်သွားတယ်။
ဘုရင်ကြီးက ယွီးရှောင်ရှောင်ရဲ့ မျက်နှာသေကို ကြည့်ပြီး သူ့သမီးက မျက်နှာ အမူအရာ မပြောင်းပေမဲ့ စိတ်မပါဘူး ဆိုတာကို မြင်သွားလို့ ယွီးရှောင်ရှောင်ကို နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။
"မင်း မယ်တော်သာ မင်း အခုလို ဖြစ်နေတာကို မြင်ရင် ဝမ်းနည်းနေမှာပဲ"
ယွီးရှောင်ရှောင်က မျက်လုံးလှန်ကြည့်လိုက်တယ်။ မိဖုရားခေါင်ကြီး ဝမ်းနည်းမှာ မဟုတ်ပါဘူး။ အရင်ဘဝက ရက်စက်တဲ့ ဘုရင်မကို မြင်ရင် မိဖုရားခေါင်ကြီးက ဒီအရူးဘုရင်ကို ကိုက်သတ်ချင်နေလောက်ပြီ။
"ငါ မှတ်မိသလောက်ဆို မင်း စာဖတ်ဖူးပါတယ်"
ဘုရင်ကြီးက ကုရှင်းလန်ကို လှည့်ပြီး ဆူပြန်တယ်။
"ဒီရက်ပိုင်း အတွင်း မင်းက လင်းလုံကို ဘာတွေ သင်ပေးထားတာလဲ"
ကုရှင်းလန် တော်တော် ခေါင်းကိုက်နေပြီ။ သူ ဘာပြန်ပြောရမလဲ။
ယွီးရှောင်ရှောင်က ကုရှင်းလန် ရှေ့မှာ ဝင်ကာရပ်လိုက်ပြီး သူ့ကို ကာကွယ်ပေးလိုက်တယ်။
"အဘိုးနဲ့ အစ်ကိုကြီး၊ အစ်ကိုလတ်တို့က အကုန်လုံး သဘောကောင်းကြပါတယ်။ အဘွားနဲ့ ယောက်မတို့ကလည်း အရမ်း ကောင်းကြတယ်။ ရှောင်ရွှန်းတို့ ကလေးတွေကလည်း ချစ်စရာလေးတွေပါ။ ကုအိမ်တော်က စားဖိုမှူးကလည်း မဆိုးပါဘူး... ဟင်းချက်တာ တော်တော် စားလို့ ကောင်းတယ်"
ဘုရင်ကြီးက သူ့သမီး ပြောတဲ့ စကားရဲ့ နောက်ဆုံး စာကြောင်းကမှ အဓိက အချက်လို့ ခံစားလိုက်ရတယ်။
ကုရှင်းလန်က အဲဒီအချိန်မှာ ဘုရင်ကြီးကို ပြောလိုက်တယ်။
"အရှင်မင်းကြီး... ဆဋ္ဌမမင်းသား ကျူးယိကို သွားရမဲ့ ကိစ္စ အတွက် အရှင်မင်းကြီး ထပ်ပြီး စီစဉ်ပေးဖို့ လိုပါသေးတယ်"
ဘုရင်ကြီးက မေးလိုက်တယ်။
"ငါကိုယ်တော် ဘာတွေ လုပ်ပေးရဦးမှာလဲ"
ကုရှင်းလန်က ပြောတယ်။
"ကျောင်းမိဖုရားက ဝမ်းနည်းနေလို့ ဆဋ္ဌမမင်းသား ကျူးယိကို သွားတဲ့ အခါ ဘယ်သူတွေ လိုက်သွားရမယ် ဆိုတာကို စီစဉ်နိုင်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီး အမြန်ဆုံး လူရွေးပေးဖို့ မျှော်လင့်ပါတယ်"
ယွီးရှောင်ရှောင် တွေးကြည့်တော့လည်း ဟုတ်တာပဲ လို့ ထင်သွားတယ်။ ရှောင်လျို့လေး ကျူးယိကို သွားရင် ယုံကြည်ရတဲ့ လူ မပါဘဲ မဖြစ်ဘူးလေ။ ဘုရင်ကြီးကို ပြောလိုက်တယ်။
"ဟုတ်တယ် ဖေဖေ... ရှင် ဒီနေ့ အနားမှာ ခေါ်ထားတဲ့ အရိပ်ကိုယ်ရံတော် လေးယောက်က မဆိုးဘူးပဲ။ သူတို့ကို ရှောင်လျို့နဲ့ အတူ ကျူးယိကို လွှတ်လိုက်ပါလား"
ဘုရားရေ...
မြင်းလှည်း အပြင်ဘက်မှာ အစောင့်လိုက်လာတဲ့ အရိပ်ကိုယ်ရံတော် လေးယောက်က ယွီးရှောင်ရှောင် စကားကို ကြားတော့ ဆဲတောင် ဆဲချင်သွားကြတယ်။ မင်းသမီး... မင်းသမီးက ငါတို့ကို ဘယ်လောက်တောင် မုန်းနေလို့လဲ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က အရင်က သူတို့ရဲ့ အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတဲ့ ဒီလူတွေကို သနားတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ကြတယ်။ သူတို့ အကြည့်တွေက 'မင်းတို့ လက်ခံလိုက်ပါတော့... မင်းသမီး ဒုက္ခပေးတာ ခံရရင်လည်း မသေသရွေ့တော့ ကံကောင်းတယ်လို့ မှတ်လိုက်ပေါ့' ဆိုတဲ့ အဓိပ္ပာယ် မျိုးပဲ။
ဘုရင်ကြီးရဲ့ မျက်ခွံတွေ တလှုပ်လှုပ် ဖြစ်သွားပြီး ပြောလိုက်တယ်။
"လင်းလုံ... မင်းက ခမည်းတော် ဘေးမှာ အရိပ်ကိုယ်ရံတော် တွေ အများကြီး ရှိတယ် ထင်နေတာလား"
ယွီးရှောင်ရှောင်က ပြောတယ်။
"အဲဒါ အဖေ့သားအရင်းလေ"
ဒီအရူးဘုရင်က ကျောင်းချိုးမင် ဆိုတဲ့ လူယုတ်မာလိုပဲ သားရဲ့ အသက်ကို ဂရုမစိုက်တာလား။
ဘုရင်ကြီးက အတော်ကြာအောင် စဉ်းစားပြီးမှ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ဒီအချိန်မှာ ငါကိုယ်တော် စိတ်ကြည်နေတုန်းပဲ... မင်း ဒီကိစ္စကို မနက်ဖြန်မှ လာပြောလို့ ရမလား"
ယွီးရှောင်ရှောင် လက်တွေ တုန်သွားတယ်။ ရုတ်တရက် ဒီအရူးဘုရင်ကို ရိုက်သတ်ချင်စိတ်တွေ ပေါက်လာတယ်။
"မင်း... မင်း ဘာလုပ်ချင်တာလဲ"
သမီးဖြစ်သူ ဆီကနေ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်လာတာကို ခံစားလိုက်ရတော့ ယွီးရှောင်ရှောင်က သူ့ကို တကယ် ရိုက်မယ်လို့ မယုံပေမဲ့ ဘုရင်ကြီးက မသိစိတ်ကနေ နောက်ကို ဆုတ်လိုက်တယ်။
ယွီးရှောင်ရှောင် ဆီကနေ ထွက်လာတဲ့ လူသတ်ချင်တဲ့ အငွေ့အသက် တွေကြောင့် ကုသခင်လေးလည်း တစ်ကိုယ်လုံး တုန်သွားပြီး ယွီးရှောင်ရှောင်ရဲ့ လက်ကို အမြန် ဆွဲကာ မြင်းလှည်း ပြတင်းပေါက် အပြင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
"မင်းသမီး... ဟိုမှာ ကြည့်... တစ်ယောက်ယောက် ကြာမီးအိမ်လှေ မျှောနေတယ်"
မြင်းလှည်းက အဲဒီအချိန်မှာ ကျောက်တံတား တစ်စင်းပေါ်ကို ရောက်နေတယ်။ ယွီးရှောင်ရှောင်က ကုရှင်းလန် ပြတဲ့ နေရာကို မြင်းလှည်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ တံတားအောက်က မြစ်ထဲမှာ အမျိုးသမီး တစ်ယောက်က ကြာမီးအိမ်လှေ တစ်စင်း မျှောနေတာကို တွေ့လိုက်ရတယ်။ အဖြူရောင် အဝတ်စနဲ့ လုပ်ထားတဲ့ ကြာပန်းပုံ ကြာမီးအိမ်လှေလေးက ဖယောင်းတိုင် မီးရောင်ကြောင့် နီရဲနေပြီး မြစ်ရေစီးကြောင်း အတိုင်း မြို့တော်ရဲ့ မြောက်ဘက်ကို မျောပါသွားတယ်။
ယွီးရှောင်ရှောင်က ရေပေါ်မှာ ပေါ်လောပေါလော မျောနေတဲ့ ကြာမီးအိမ်လှေကို ကြည့်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
"ဒါက ဘာအဓိပ္ပာယ်လဲ"
ဘုရင်ကြီးက ပြောတယ်။
"ကြာမီးအိမ်လှေက အဖြူရောင် ဆိုတော့... ဒါ သေသူကို ရည်စူးတဲ့ ကြာမီးအိမ်လှေ ဖြစ်မယ်"
ကုရှင်းလန် လန့်သွားတယ်။ သူ့ဇနီး အာရုံလွှဲဖို့ လုပ်တာ၊ ဘုရင်ကြီးကို မရိုက်စေချင်လို့... အဖြူရောင် ကြာမီးအိမ်လှေက သေသူကို ရည်စူးတာ ဆိုတာကို သူ မေ့သွားတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"သေသူကို ရည်စူးတဲ့ ကြာမီးအိမ်လှေ ဆိုတာ ဘာလဲ"
ဘုရင်ကြီးက မြစ်ကမ်းစပ်မှာ ကြာမီးအိမ်လှေ မျှောနေတဲ့ အမျိုးသမီးဆီ လည်ပင်းဆန့်ပြီး ကြည့်လိုက်တယ်။ အဲဒီ အမျိုးသမီးက အဖြူရောင် ဝတ်စုံ ဝတ်ထားတာကို မြင်တော့ ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ရှင်းပြတယ်။
"အဲဒီ အမျိုးသမီးရဲ့ ခင်ပွန်းက သေသွားပြီလေ။ ဒီကြာမီးအိမ်လှေက သူ့ခင်ပွန်းရဲ့ ဝိညာဉ်ကို တမလွန်ကို လမ်းပြပေးဖို့ မျှောတာ"
ယွီးရှောင်ရှောင်လည်း အဖြူရောင် ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။ ဪ... ဒီကမ္ဘာက လူတွေက သေသွားတဲ့ သူတွေကို ဒီလိုမျိုး ရည်စူးကြတာကိုး။
"ဆက်မကြည့်နဲ့တော့"
ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ဆွဲလိုက်ပြီး ပြောတယ်။
"ကံဆိုးတဲ့ အရာတွေ... ဘာလို့ ဆက်ကြည့်နေတာလဲ"
ပြောရင်းနဲ့ ဘုရင်ကြီးက ကုရှင်းလန်ကို မျက်စောင်း ထိုးလိုက်တယ်။
ကုရှင်းလန်ကတော့ ဘာမှ မမြင်သလို ဟန်ဆောင်နေလိုက်တယ်။
ယွီးရှောင်ရှောင်က ခင်ပွန်းသေဆုံးသွားတဲ့ အမျိုးသမီးကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေပုံ ရတယ်။ ရုတ်တရက် ကုရှင်းလန် ဘက်ကို လှည့်ပြီး မေးလိုက်တယ်။
"တကယ်လို့ ကျွန်မ သေသွားရင် ရှင် ဘယ်လို လုပ်မလဲ"
ကုရှင်းလန်က သူ့ဇနီးရဲ့ မေးခွန်းကြောင့် ကြောင်သွားတယ်။ ဘယ်သူကများ ကိုယ့်ဘာသာ သေမယ်လို့ ကျိန်ဆဲနေမှာလဲ။
ယွီးရှောင်ရှောင်က ပြောတယ်။
"ရှင်လည်း ကျွန်မ အတွက် ကြာမီးအိမ်လှေ မျှောပေးမှာလား"
ဇွန်ဘီခေတ်ရဲ့ နောက်ဆုံး အချိန်မှာ သူမက ဇွန်ဘီတွေ အများကြီးနဲ့ အတူ ဗုံးတစ်လုံးနဲ့ ကောင်းကင်ပေါ် လွင့်စဉ်သွားခဲ့တာလေ။ သေချာပေါက် အရိုးတောင် ကျန်မှာ မဟုတ်ဘူး။ ဒါက အဲဒီ ခွေးကောင်ကြီး အတွက်တော့ အလုပ်ရှုပ် သက်သာသွားတာပေါ့။ ဒါပေမဲ့ ဒီကမ္ဘာမှာတော့... ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ကြည့်ပြီး ဒီလူက သူမ သေသွားရင် သူမ အတွက် ကြာမီးအိမ်လှေ မျှောပေးမလား ဆိုတာကို မသိဘူး။
"မင်း ဘာတွေ လျှောက်တွေးနေတာလဲ"
ကုရှင်းလန် စကားမပြောခင် ဘုရင်ကြီးက အရင် ဒေါသထွက်သွားပြီး ယွီးရှောင်ရှောင်ကို ဆူလိုက်တယ်။
"မင်း အသက် ဘယ်လောက် ရှိသေးလို့လဲ။ အိမ်ထောင်ကျတာမှ မကြာသေးဘူး... သေဖို့ကို တွေးနေပြီလား"
ယွီးရှောင်ရှောင်က ဘုရင်ကြီးကို မျက်စောင်းထိုးပြီး ပြောတယ်။
"လူဆိုတာ ဘယ်အချိန် သေမလဲ ဘယ်သူ သိမှာလဲ။ ကျွန်မ မနက်ဖြန် အိမ်အပြင် ထွက်ရင်း ဇွန်ဘီ... ဪ လှည်းတိုက်ခံရရင်ကော"
ဘုရင်ကြီးက ပြောတယ်။
"မင်းရဲ့ သိုင်းပညာနဲ့များ ဘယ်လှည်းက မင်းကို တိုက်သတ်နိုင်မှာလဲ"
"ကျွန်မလည်း သွေးနဲ့ သားနဲ့ ဖွဲ့စည်းထားတဲ့ လူသားပါနော်" လို့ ယွီးရှောင်ရှောင်က သူမ ရှေ့က အရူးဘုရင်ကို အထင်သေးစွာနဲ့ ပြောလိုက်တယ်။
ဘုရင်ကြီးရဲ့ နဖူးမှာ သွေးကြောတွေ ထောင်တက်လာတယ်။ လူရိုက်ချင်စိတ်တွေ ပေါက်လာပေမဲ့ သမီးကို သူ မနိုင်ဘူး၊ သမက်ကိုလည်း သူ မရိုက်နိုင်ဘူးလေ။ ဘုရင်ကြီးက မြင်းလှည်း အပြင်ဘက်ကိုပဲ လှမ်းအော်လိုက်ရတယ်။
"မင်းတို့က လမ်းလျှောက်နေတာလား... မြန်မြန် မောင်း... ငါကိုယ်တော် နန်းတော်ကို ပြန်မယ်"
မြင်းလှည်းရဲ့ အရှိန်က ချက်ချင်း မြန်လာတယ်။
ကုရှင်းလန်က သူ့အနောက်ကနေ ယွီးရှောင်ရှောင်ရဲ့ လက်ကို လှမ်းကိုင်လိုက်တယ်။
ယွီးရှောင်ရှောင်က သူမ ယောက်ျား ဘက်ကို လှည့်ကြည့်လိုက်တယ်။
မြင်းလှည်း ထဲမှာ မီးရောင် သိပ်မလင်းတာကြောင့် ကုရှင်းလန်ရဲ့ မျက်လုံးတွေကလည်း မှောင်နေသလိုပဲ။
"ရှောင်ရှောင်... ကိုယ်တို့တွေ အတူတူ အိုမင်းသွားကြမယ်" လို့ ကုသခင်လေးက သူ့ဇနီးကို တိုးတိုးလေး ပြောလိုက်တယ်။
…