အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) တို့တွေ အောင်ပွဲခံရအောင်။ လုပ်ရအောင်
သခင်မစွင်းက ကုအစ်ကိုကြီးရဲ့ 'ကံတရား အတိုင်း စောင့်နေမယ်' ဆိုတဲ့ စကားကို ကြားတော့ အရမ်း လန့်သွားတယ်။ သူတို့ မိသားစု တစ်ခုလုံး ထောင်ကျပြီး သေဒဏ် စောင့်နေရတုန်းကတောင် သူမ ယောက်ျားက ဒီလို စိတ်ပျက်အားငယ်တဲ့ စကားမျိုး မပြောခဲ့ဖူးဘူးလေ။
"ဘာတွေ ဖြစ်ကုန်တာလဲ" လို့ သခင်မစွင်းက မျက်နှာတွေ ဖြူရော်သွားပြီး အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။ ဒီမိသားစုကို ဘယ်သူကများ ထပ်ဒုက္ခပေးပြန်ပြီလဲ။ ဒါမှမဟုတ်။
လင်းလုံမင်းသမီးရဲ့ အမြဲတမ်း မျက်နှာသေ ဖြစ်နေတဲ့ ပုံစံလေးက သခင်မစွင်းရဲ့ ခေါင်းထဲ ရောက်လာတယ်။
"မင်းသမီးလေးများလား"
ကုရှင်းနော့က ခါးသက်သက် ပြုံးလိုက်တယ်။ ဒီကိစ္စကို သူ ဇနီးသည်ကို ဘယ်လို ရှင်းပြရမလဲ။ မင်းသမီးက ယုံးရှန်းကျောင်းတော်က ဆရာတော်လေးကို အဆိပ်ခတ်လိုက်တာတင် မကဘူး။ အဲဒီ ဆရာတော်လေးကို သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ် လို့ ပြောရမလား။ သူ့အဘိုးတောင် ဒီကိစ္စကို ခံနိုင်ရည် ရှိပါ့မလား မသိဘူး။ သူ့ဇနီးကို ပိုပြီးတောင် ပြောလို့ မဖြစ်သေးဘူးလေ။
သခင်မစွင်းက ကုအစ်ကိုကြီးက နှုတ်ဆိတ်နေလေ။ ပိုပြီး စိတ်ပူလေ ဖြစ်လာတယ်။ နောက်ထပ် မေးဖို့ လုပ်တုန်း အိမ်တော်က အလုပ်သမား ခေါင်းဆောင်က အလောတကြီး ပြေးလာပြီး စာကြည့်ခန်း အပြင်ဘက်ကနေ အော်ပြောတယ်။
"သခင်ကြီး။ နန်းတော်ကနေ တော်ဝင် ကိုယ်ရံတော် တစ်ယောက် ရောက်လာပါတယ်။ သခင်ကြီး (ကုချန်း)က အမြန် လာခဲ့ပါ တဲ့"
ကုရှင်းနော့က 'ဒါတော့ ဟုတ်ပြီ။ အချိန်ကိုက်ပဲ' လို့ တွေးလိုက်တယ်။ ကံဆိုးမိုးမှောင် ကျတာပဲ ဖြစ်ဖြစ်။ ကံကောင်းတာပဲ ဖြစ်ဖြစ် ကုမိသားစုကတော့ ရှောင်ပြေးလို့ မရတော့ဘူး။
"ကျွန်တော် သွားလိုက်ဦးမယ်"
ကုရှင်းနော့က မတ်တတ်ရပ်ပြီး သခင်မစွင်းကို ပြောတယ်။
"မင်း… သားလေး နှစ်ယောက်ကို သွားကြည့်လိုက်ပါ"
သခင်မစွင်းက စိုးရိမ်တကြီး နဲ့ မေးလိုက်တယ်။
"သခင်ကြီး တကယ်ပဲ ဘာမှ မဖြစ်ဘူးနော်"
ကုရှင်းနော့က သခင်မစွင်းကို ဖက်ပြီး အသာလေး ပွေ့ဖက်လိုက်ကာ ပြောတယ်။
"မင်း စိတ်မပူပါနဲ့"
ပြောပြီးတာနဲ့ ကုရှင်းနော့က စာကြည့်ခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတယ်။
သခင်မစွင်းက ထိုင်ခုံ ပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ကြောက်လန့်တကြားနဲ့ စာကြည့်ခန်း အပြင်ဘက်က အပျိုတော်ကို အမိန့်ပေးလိုက်တယ်။
"ရှန်ယွင် သခင်ကြီး နောက်ကို လိုက်သွားစမ်း"
အပျိုတော် ရှန်ယွင်က "ဟုတ်ကဲ့ပါ" လို့ ပြန်ထူးပြီး စင်္ကြံလမ်း အတိုင်း ပြေးသွားကာ ကုရှင်းနော့ နောက်ကို လိုက်သွားတယ်။
"ဘာမှ မဖြစ်ပါစေနဲ့"
သခင်မစွင်းက စာကြည့်ခန်းထဲမှာ ထိုင်ရင်း တိတ်တဆိတ် ဆုတောင်းနေတယ်။ နောက်တစ်ခါ ကိုယ့်အိမ်တော်ကနေ စစ်သားတွေရဲ့ ဖမ်းဆီးတာကို ခံရပြီး ထောင်ထဲ ရောက်သွားရင်တော့ သူမ ရူးသွားလိမ့်မယ် ဆိုတာ သခင်မစွင်း သေချာတယ်။
ကုရှင်းနော့က အိမ်ရှေ့ ခြံဝင်းကို အမြန် ရောက်သွားတော့ ခြံဝင်းထဲမှာ စစ်ဝတ်စုံ အပြည့်နဲ့ တော်ဝင် ကိုယ်ရံတော် တစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ ကုအစ်ကိုကြီးက လှေကားထစ် အောက်မှာ ရပ်နေတဲ့ သူ့အဘိုး အနားကို အမြန် သွားပြီး တိုးတိုးလေး ခေါ်လိုက်တယ်။
"အဘိုး"
ကုချန်းက "အင်း" လို့ ပြန်ထူးပြီး ကုရှင်းနော့ကို ပြောတယ်။
"အရှင်မင်းကြီးက အမိန့်တော် ပို့ဖို့ လူလွှတ်လိုက်တာ။ ဘာလို့ တော်ဝင် ကိုယ်ရံတော်ကို လွှတ်လိုက်တာလဲ။ ဒီလူက အမိန့်တော်လည်း မပါဘူး။ အရှင်မင်းကြီးက ဒီတစ်ခါတော့ နှုတ်မိန့်ပဲ ပေးတာလား မသိဘူး"
ကုမိသားစုကို အပြစ်ကင်းစင်ကြောင်း ကြေညာတဲ့ ကိစ္စကို ဘုရင်ကြီးက နှုတ်မိန့် လောက်နဲ့ပဲ လုပ်လိုက်တာက သိပ်တော့ မလွယ်ကူလွန်းဘူးလား လို့ သူ့အဘိုးက စဉ်းစားနေတာ။
ကုရှင်းနော့က တော်ဝင် ကိုယ်ရံတော်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်က ဓားတစ်လက်လို စူးရှလွန်းလို့ ဘုရင်ကြီးရဲ့ အမိန့်ကို လာပို့တဲ့ ဒီ ကိုယ်ရံတော်လေးတောင် တံတွေး တစ်ချက် မျိုချလိုက်ရတယ်။ 'ဒီ ကုအိမ်တော်က သခင်လေးက သဘောကောင်းတဲ့ သူလို့ ဘယ်သူ ပြောလဲ။ သူ့အကြည့် တစ်ချက်တည်းနဲ့တင် ငါ့ကို အခွံခွာချင်နေပြီ' လို့ ကိုယ်ရံတော်က တွေးလိုက်မိတယ်။
"သူက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ"
သူ့အဘိုးက ကိုယ်ရံတော်က စကားမပြောဘဲ ရပ်နေတာကို ကြည့်ပြီး တွေးရခက်သွားကာ မြေးအကြီးဆုံးကို မေးလိုက်တယ်။
"သူက အမိန့်တော် လာပို့တာ ဟုတ်ရဲ့လား"
ကုရှင်းနော့က တိုးတိုးလေး ဖြေလိုက်တယ်။
"အဘိုး။ အခြေအနေက ပြောင်းလဲသွားပြီ ထင်တယ်။ ဒီကိုယ်ရံတော်က တခြား ကိစ္စ တစ်ခုခု အတွက် လာတာ ဖြစ်မယ်"
သူ့အဘိုး လန့်သွားပြီး မေးလိုက်တယ်။
"နယ်စပ်ကို ရန်သူတွေ လာတိုက်လို့လား"
ကုရှင်းနော့က ခေါင်းခါပြလိုက်တယ်။ တကယ်လို့ ရန်သူတွေ လာတိုက်တာ ဆိုရင်တော့ ကောင်းတာပေါ့။
သူ့အဘိုးက သူ့ရှေ့က ကိုယ်ရံတော်ကို လက်ညှိုးထိုးပြီး အော်လိုက်တယ်။
"မင်းက အဲဒီမှာ ဘာလို့ စကားမပြောဘဲ နေနေတာလဲ။ ငါတို့ ကုအိမ်တော်ကို ဘာကိစ္စ ရှိလို့ လာတာလဲ"
သူ့အဘိုးက စစ်တပ်ထဲမှာ အော်ဟစ် အမိန့်ပေးလေ့ ရှိတော့ သူ အော်လိုက်တဲ့ အသံက မိုးခြိမ်းသံလိုပဲ ကျယ်လွန်းလို့ ကိုယ်ရံတော် လေး တောင် လန့်သွားပြီး ခါးပိုမတ်သွားတယ်။
ကုရှင်းနော့က သူ့အဘိုး အော်သံကြောင့် လန့်သွားတဲ့ ကိုယ်ရံတော်ကို ပြုံးပြလိုက်တယ်။ သူ့အကြည့်တွေက အရင်လို စူးရှမနေတော့ဘဲ နူးညံ့သွားပြီး မေးလိုက်တယ်။
"ညီလေးကတို့ ကုအိမ်တော်ကို လာတာ။ အရှင်မင်းကြီးက တစ်ခုခု အမိန့်ပေးလိုက်လို့လား"
ကိုယ်ရံတော်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြန်ဖြေတယ်။
"အရှင်မင်းကြီးက နှုတ်မိန့် ပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒါက သမက်တော်ကို ပေးတာပါ။ သေနာပတိချုပ်နဲ့ ကုသခင်ကြီး။ သမက်တော် ဘယ်မှာလဲ"
သူ ဒီမှာ ရပ်စောင့်နေတာ တော်တော် ကြာနေပြီ။ သမက်တော်ကို တွေ့ရဖို့ မျှော်နေတာ။ သမက်တော်က မနေ့ညက အိမ်မပြန်ဘူးလား လို့တောင် တွေးမိနေပြီ။
သူ့အဘိုးက ပြောတယ်။
"ရှင်းလန်ကို ရှာတာလား။ ဘာလို့ မင်း စောစော မပြောတာလဲ"
ကိုယ်ရံတော်က တကယ်ကို မတရား ခံရတယ်လို့ ထင်သွားတယ်။ သူ ကုအိမ်တော် တံခါးဝ ရောက်ကတည်းက သမက်တော်ကို ရှာတာလို့ ပြောခဲ့ပါတယ်။ ဘယ်သူမှန်း မသိတဲ့ သူတွေက သူ အိမ်ထဲ ဝင်လာတာနဲ့ အမွှေးတိုင်တွေ ထွန်း၊ ဖျာတွေ ခင်းပြီး အမိန့်တော် ခံယူဖို့ ပြင်ဆင်နေကြတာကိုး။ သူက အမိန့်တော် လာပို့တာလို့ ဘယ်တုန်းက ပြောဖူးလို့လဲ။
ကုရှင်းနော့က အိမ်တော်က အစေခံတွေကို အမိန့်ပေးလိုက်တယ်။
"တတိယ သခင်လေးကို အမြန် သွားခေါ်ခဲ့"
ဘုရင်ကြီးက မနက်အစောကြီး ကုရှင်းလန်ကို လာခေါ်ခိုင်းတာ ဆိုတော့။ ကုရှင်းနော့ စိတ်ပူသွားတယ်။ ဘုရင်ကြီးက ယုံးရှန်းကျောင်းတော်က မင်းသမီးကို ဒုက္ခပေးမှာ စိုးလို့ သူ့ညီလေးကို မင်းသမီးနဲ့ အတူ ထွက်ပြေးဖို့ အမိန့်ပေးလိုက်တာများလား။ ဒါပေမဲ့ ဒီလောကကြီး တစ်ခုလုံးမှာ ဒီလင်မယား နှစ်ယောက်က ယုံးရှန်းကျောင်းတော်ရဲ့ လက်ကနေ လွတ်အောင် ဘယ်ပြေးနိုင်မှာလဲ။
အစေခံတွေက ကုရှင်းလန်ကို သွားခေါ်တဲ့ အချိန်မှာ ကုရှင်းလန်က သူ့ဇနီးကို ဖက်ပြီး အိပ်ရာပေါ်မှာ လှဲနေတုန်းပဲ။ ဇနီးသည် အိပ်ပျော်နေတာ အရမ်း ချစ်ဖို့ ကောင်းလို့ သူလည်း ပြန်အိပ်ချင်လာတယ်။
"အရှင်မင်းကြီးက သခင်လေးကို ရှာနေတယ်"
အစေခံက အသံကျယ်ကျယ်နဲ့ သတင်းပို့လိုက်တဲ့ အသံကြောင့် ယွီးရှောင်ရှောင် လန့်နိုးသွားပြီး မျက်လုံးတွေကို ပွတ်ကာ ကုရှင်းလန်ကို မေးလိုက်တယ်။
"ငါ့အဖေက ရှင့်ကို ရှာနေတာလား"
ကုရှင်းလန်လည်း မျက်မှောင်ကြုတ်သွားတယ်။ သူ့ယောက္ခထီးက သူတို့ ကုမိသားစုကို အပြစ်ကင်းစင်ကြောင်း အမိန့်တော် ထုတ်ပေးမယ်လို့ ပြောထားတာ။ အခု သူက ရာထူး သုံးဆင့် ရှိတဲ့ စစ်သူကြီး တစ်ယောက်ပဲလေ။ အဘိုး နဲ့ အစ်ကို နှစ်ယောက် ရာထူး ပြန်ရမဲ့ ကိစ္စမှာ သူက ဘာလို့ အမိန့်တော် ခံယူရမှာလဲ။
ယွီးရှောင်ရှောင်က ကုရှင်းလန် မျက်မှောင်ကြုတ်နေတာကို ကြည့်ပြီး သန်းဝေကာ ပြောလိုက်တယ်။
"မသွားချင်ရင်လည်း ဆက်အိပ်လိုက်ပေါ့"
ကုရှင်းလန်က ယွီးရှောင်ရှောင် ပြောသလို လုပ်ရင် ကောင်းမယ်လို့ တွေးမိသွားပြီး ရယ်လိုက်တယ်။
"ရှောင်ရှောင်။ အဲဒါ အရှင်မင်းကြီး လေ"
ယွီးရှောင်ရှောင်က မျက်လုံးမှိတ်ပြီး နှာခေါင်းရှုံ့ကာ ပြန်ပြောတယ်။
"အင်း” မျက်နှာသေနဲ့ ဆိုပေမဲ့ သူ့အသံက တော်တော် မကျေမနပ် ဖြစ်နေပုံပဲ။
"ကျွန်တော် သွားပြီး အမိန့်တော် ခံယူလိုက်ဦးမယ်"
ကုရှင်းလန်က သူ့ဇနီးလေးကို ခုတင်ပေါ် ပြန်ချပေးပြီး မတ်တတ်ရပ်လိုက်တယ်။
"ရှောင်ရှောင် ဆက်အိပ်လိုက်ဦးလေ"
ယွီးရှောင်ရှောင် လည်း တစ်ဖက်ကို လှိမ့်ပြီး ပြန်ထိုင်လိုက်ကာ ပြောတယ်။
"ရှင့်ခြေထောက် ဒဏ်ရာကို အရင် ကြည့်ပါရစေ။ မနေ့ညက ဆေးထိုးထားတော့ အခြေအနေ ဘယ်လို ရှိလဲ မသိဘူး"
ကုရှင်းလန်က ပြောတယ်။
"ရှောင်ရှောင်။ ကျွန်တော် အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ချက်ချင်း သွားခံယူရမယ်။ အမိန့်တော်ကို ဆန့်ကျင်ရင် သေဒဏ် လေ"
ယွီးရှောင်ရှောင်က ကုရှင်းလန် သွားဖို့ လုပ်နေတာကို မြင်တော့ သူ့ဗိုက်ပေါ်ကို ခွထိုင်လိုက်ပြီး ပြောတယ်။
"ရှင် အမိန့်တော်တောင် မခံယူရသေးဘူး။ ဘာလို့ အမိန့်ကို ဆန့်ကျင်တယ်လို့ ပြောရမှာလဲ။ ကျွန်မ စာမတတ်ဘူး ဆိုပြီး မလိမ်နဲ့နော်"
ကုသခင်လေးက ဒီလို အချိန်မျိုးမှာ လှုပ်လို့ မရတော့ဘူး။ ဒီလောက် ကြီးလာတဲ့ အထိ ဘယ်သူကများ သူ့ဗိုက်ပေါ် ခွထိုင်ဖူးလို့လဲ။ ယွီးရှောင်ရှောင်ရဲ့ ပျော့အိအိ တင်ပါးလေး နှစ်ခုက သူ့ဗိုက်ပေါ်မှာ ဖိထားပြီး ပွတ်တိုက်နေတော့။ ရှောင်ကုလေးလို့ ယွီးရှောင်ရှောင် နာမည်ပေးထားတဲ့ အရာလေးက ဖြည်းဖြည်းချင်း ခေါင်းထောင်လာတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ခြေကျင်းဝတ်က ဒဏ်ရာပေါ်မှာ ပတ်ထားတဲ့ ပတ်တီးကို ဖြည်းဖြည်းချင်း ဖြေလိုက်တယ်။ ကုရှင်းလန်က ပင်နီဆီလင်နဲ့ တစ်ခါမှ မကုဖူးတော့ ဆေးယဉ်ပါးမှု မရှိဘူးလေ။ ဒဏ်ရာကို တစ်ချက် ကြည့်လိုက်တာနဲ့ ယွီးရှောင်ရှောင်က စိတ်အေးသွားတယ်။ အနာယောင်နေတာတွေ သိသိသာသာ လျော့သွားပြီး သူမ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတယ်။
"ရှောင်ရှောင်"
ကုရှင်းလန်က အခုချိန်မှာ လှဲနေရပြီး ယွီးရှောင်ရှောင်က ရှေ့ကို ကိုင်းပြီး သူ့ခြေကျင်းဝတ်က ဒဏ်ရာကို ကြည့်နေတာမို့။ ဒဏ်ရာ ဘယ်လို နေလဲ ဆိုတာကို ကုသခင်လေးက လုံးဝ ဂရုမစိုက်နိုင်တော့ဘူး။ သူ အခု ခံစားနေရတာက လည်ချောင်းတွေ ခြောက်သွေ့နေတာပဲ။
ယွီးရှောင်ရှောင်က ပင်နီဆီလင် တစ်လုံး ထိုးလိုက်တာနဲ့ အကျိုးသက်ရောက်မှု ဒီလောက် ကောင်းမယ်လို့ မထင်ထားဘူး။ ဝမ်းသာသွားပြီး စည်းကမ်းမဲ့တဲ့ မင်းသမီးလေးရဲ့ အကျင့် အတိုင်း။ ပြုံးရွှင်စွာနဲ့ ကုရှင်းလန်ကို ဖက်ပြီး ပြောလိုက်တယ်။
"ဒဏ်ရာက မကြာခင် ပျောက်တော့မယ်။ တို့တွေ အောင်ပွဲခံရအောင်။ လုပ်လိုက်ရအောင်"
…