← Chapters

အခန်း (၅၁-၅၂)

Vol. 4 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 4 Ch. 51-52

အခန်း (၅၁) တလည်းပွင့်များ

ရှောင်ကျွမ်းက အဲ့ဒီလူထွားကြီး လှောင်နေတာကို ကြားလိုက်ရတော့ ချက်ချင်းဆိုသလို မျက်နှာထားပြောင်းသွားတော့တာပဲ။ စာရင်းရှင်းမယ်ဆိုပြီး နေရာကနေလည်း ထရပ်လိုက်သေးတယ်။

ဒါပေမဲ့ ကုရှင်းလန်ကတော့ ရှောင်ကျွမ်းရဲ့ လက်ကို အသာလေး ဖိချလိုက်ပြီး ခေါင်းခါပြလေရဲ့။

ကုရှင်းလန်က ဒီလိုစော်ကားမှုကို မျိုသိပ်ပြီး သည်းခံတော့မယ်ဆိုတာ မြင်လိုက်ရတော့ ရှောင်ကျွမ်းလည်း စိတ်လောသွားပြီး "သမက်တော်..." လို့ အလောတကြီး လှမ်းခေါ်လိုက်မိတာပေါ့။

"အခုက ပြဿနာရှာရမဲ့ အချိန်မဟုတ်သေးဘူးလေ" ကုရှင်းလန်က ရှောင်ကျွမ်းကို သတိပေးလိုက်လေတယ်။

"ကျွန်တော်က..."

"သမက်တော် ပြောတာ မှန်တယ်" ရှောင်ဝေက ရှောင်ကျွမ်းကို မျက်စောင်းတစ်ချက်ထိုးပြီး ခပ်တိုးတိုး ဝင်ပြောလိုက်လေရဲ့။ "မင်းက အမတ်ချုပ်ကြီးကျောင်းတို့ လူစု သမက်တော်နဲ့ မင်းသမီးရဲ့ ဟာကွက်တွေကို ရှာမတွေ့မှာစိုးနေတာလား။ မင်းသမီးမှာ အခု ခေါင်းကိုက်စရာကိစ္စတွေ နည်းနေသေးတယ်ထင်လို့လား"

ဒီတော့မှ ရှောင်ကျွမ်းလည်း ဘာအသံမှ ထပ်မထွက်ရဲတော့ဘူး။

"ငါသာ ကုရှင်းလန်နေရာမှာဆိုရင် ကိုယ့်အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ ထောင်ထဲမှာတင် ခေါင်းနဲ့ဆောင့်ပြီး သေလိုက်ပြီ"

ကုသခင်လေးသုံးဘက်က ပြဿနာမရှာချင်ပေမဲ့ အဲ့ဒီစားပွဲမှာထိုင်နေတဲ့ လူထွားကြီးတွေက ပါးစပ်ပိတ်နေမယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ မုတ်ဆိတ်မွေးဖားဖားနဲ့ လူထွားကြီးက စားပွဲကို ရိုက်ရင်း ဟောင်ဖွာဟောင်ဖွာ လုပ်ပြန်တယ်။ "မိန်းမစကပ်နားခိုစားတဲ့ကောင်တွေက ဘယ်လိုကောင်မျိုးတွေမှန်းကိုမသိဘူး။ ငါတော့ အဲလို ထမင်းပျော့စားတဲ့ကောင်မျိုးကို သည်းကိုမခံနိုင်ဘူး..."

ရှောင်ကျွမ်းခမျာ တံတွေးတွေစဉ်မတတ် ကုရှင်းလန်ကို ဆဲရေးတိုင်းထွာနေတဲ့ လူထွားကြီးရဲ့ စကားတွေကြောင့် ဒေါသကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်ပါလေရော။

ပါးစပ်အရသာခံပြီး ပြောနေတဲ့ မုတ်ဆိတ်မွေးနဲ့ လူထွားကြီးက ဘေးကနေ စားပွဲရိုက်သံကို ကြားလိုက်ရတော့ ကုရှင်းလန်တို့ စားပွဲဘက်ကို လှမ်းကြည့်လာပြီး "မင်းက ကုရှင်းလန်လား" လို့ မေးလာလေတယ်။

ရှောင်ကျွမ်းက အဲ့ဒီလူထွားကြီးကို စူးစူးရဲရဲ ကြည့်ရင်း "ပါးစပ်ပိတ်ထားစမ်း" လို့ ပိတ်ဟောက်လိုက်တာပေါ့။

"အံမယ်..." လူထွားကြီးက ဆက်ပြီး ခနဲ့လေတယ်။ "မင်းက တကယ် သမက်တော်ကြီးပေါ့လေ။ မင်းခြေထောက်တွေ ကြည့်ရတာတော့ အကောင်းကြီးပါပဲ၊ မကျိုးပါဘူး"

ဒီအချိန်မှာတော့ ရှောင်ဝေတစ်ယောက် ကုရှင်းလန်အတွက် တကယ်ကို မတန်ဘူးလို့ ခံစားနေရပြီလေ။ တော်ဝင်မျိုးနွယ်ရဲ့ သမက်တစ်ယောက်အနေနဲ့ ဒီလိုမျိုး အရှက်ခွဲခံရတယ်ဆိုတာ သမက်တော်ကုက ပထမဆုံးပဲ ဖြစ်လောက်တယ်။

ကုရှင်းလန်ကတော့ ခေါင်းငုံ့ပြီး ဖက်ထုပ်တွေကိုပဲ ဖြည်းဖြည်းချင်း စားနေလေရဲ့။ ဘေးလူတွေကတော့ ဒီကုသခင်လေးသုံးရဲ့ မျက်နှာပေါ်မှာ အခု ဘယ်လို အမူအရာမျိုး ဖြစ်နေမလဲဆိုတာကိုတောင် မမြင်နိုင်ဘူးလေ။

လူထွားကြီးက ရှောင်ကျွမ်းကို ကြည့်ပြီး လှောင်လိုက်ပြန်တယ်။ "ဘာလဲ သမက်တော်က မျက်လုံးကြီးပြူးပြီး ကြည့်နေတာဆိုတော့ ရန်ဖြစ်ချင်လို့လား"

ရှောင်ကျွမ်းလည်း စားပွဲကို ဝုန်းခနဲ ရိုက်ပြီး မတ်တပ်ထရပ်လိုက်တော့တယ်။

"ရှောင်ကျွမ်း... ဘာဖြစ်လို့လဲ" အဲ့ဒီအချိန်မှာပဲ ယွီးရှောင်ရှောင်က ပန်းကန်လုံးအလွတ်တစ်လုံး ကိုင်ပြီး လျှောက်လာတာလေ။ ရှောင်ကျွမ်းတစ်ယောက် သူများနဲ့ ရန်ဖြစ်တော့မဲ့ ပုံစံပေါက်နေတာကို မြင်တော့ သူမက ဝင်မေးလိုက်တာပေါ့။

ယွီးရှောင်ရှောင် ပြန်ရောက်လာတာကို မြင်တော့ ရှောင်ဝေ စိတ်ထဲ အခြေအနေမဟန်ဘူးလို့ ထင်သွားပြီး ရှောင်ကျွမ်းကို တားဖို့ကြိုးစားပေမဲ့ မမီလိုက်တော့ဘူး။ ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို တိုင်တော့တာပဲ။

"သခင်မလေး... သူတို့က လူကို ဆဲနေကြတာ"

ယွီးရှောင်ရှောင်က လူထွားကြီးလေးယောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး "သူတို့က ဘယ်သူ့ကို ဆဲနေလို့လဲ" လို့ မေးလိုက်လေတယ်။

ရှောင်ကျွမ်းက ယွီးရှောင်ရှောင်အနားကို ပြေးသွားပြီး တိုးတိုးလေး အတင်းတုပ်တာပေါ့။

"သူတို့က သမက်တော်ကို ဆဲနေကြတာ"

အဲ့ဒီအချိန်မှာပဲ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မော့ကြည့်ပြီး လှမ်းပြောလာတယ်။

"ဗိုက်ဝပြီလား၊ ဝပြီဆိုရင်လည်း ပြန်ကြရအောင်လေ"

"ဪ... မိန်းမ အားကိုးပြီးစားနေရတဲ့ အကောင်ပဲကိုး" မုတ်ဆိတ်မွေးနဲ့ လူထွားကြီးက ရှောင်ကျွမ်းက ယွီးရှောင်ရှောင်နား ပြေးသွားပြီး ခါးလေးကိုင်းရင်း တိုင်နေတဲ့ပုံစံကို ကြည့်ပြီး အသံကျယ်ကြီးနဲ့ ရယ်မောလိုက်လေရဲ့။ ပြီးတော့ ဆက်အော်ပါလေရော။

"ဒီမြို့တော်ထဲက ယောက်ျားတွေဆိုတာ အကုန်လုံး မိန်းမစကပ်နားခိုစားနေကြတဲ့ ခွေးကောင်တွေချည်းပါပဲလားကွ"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို မျက်ခုံးတစ်ဖက်ပင့်ပြီး ကြည့်လိုက်တာပေါ့။

"စောစောက သူတို့ သမက်တော်ကို ဆဲတာလည်း အဲ့ဒီအတိုင်းပဲလေ" ရှောင်ကျွမ်းက လူထွားကြီး ကုရှင်းလန်ကို ဘယ်လိုဆဲရေးတိုင်းထွာခဲ့တယ် ဆိုတာတွေကို တစ်လုံးမကျန် စီကာပတ်ကုံးကို တိုင်တော့တာ။

ရှောင်ကျွမ်း ယွီးရှောင်ရှောင်ကို အခြေအနေတွေ ရှင်းပြနေတဲ့အချိန်မှာ ရှောင်ဝေကတော့ ကုရှင်းလန်ကို ခပ်တိုးတိုးလေး ကပ်ပြောနေလေရဲ့။

"သမက်တော်... ဒီလူလေးယောက်ကို ကြည့်ရတာ အရာရှိတွေနဲ့လည်း မတူဘူး။ မြို့တော်ထဲမှာ ဒီလောက်တောင် ရဲရဲတင်းတင်း ပြောရဲဆိုရဲရှိနေတာဆိုတော့ သူတို့ရဲ့ နောက်ခံက သိပ်ကို မသင်္ကာစရာပဲ"

ရှောင်ဝေစကားကို ကြားတော့ ကုရှင်းလန်က အဲ့ဒီလူထွားကြီး လေးယောက်ကို ထပ်ပြီး အကဲခတ်ကြည့်လိုက်တယ်။ လေးယောက်လုံးက ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ ကြည့်လိုက်တာနဲ့တင် သိုင်းပညာ ကျင့်ထားတဲ့ အရိုးအကြောတွေဆိုတာ သိသာနေတာပေါ့။ ဝတ်စားဆင်ယင်ပုံကတော့ သာမန်အရပ်သားတွေလိုပါပဲ၊ ဒါပေမဲ့ သူတို့ဆီကနေ တောထဲတောင်ထဲက လူမိုက်တွေရဲ့ အငွေ့အသက်မျိုး ထွက်ပေါ်နေသလိုပဲ။ ကုရှင်းလန် သေချာစိုက်ကြည့်လေလေ၊ ဒီလူလေးယောက်ကို တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးနေတယ်လို့ ခံစားလာရလေလေပဲ။

"ကြည့်ရတာ လူကောင်းတွေတော့ မဟုတ်လောက်ဘူး" ရှောင်ဝေက ကုရှင်းလန်ကို ပြောလိုက်လေတယ်။

အဲ့ဒီအချိန်ကျမှ ကုရှင်းလန်က မုတ်ဆိတ်မွေးနဲ့ လူထွားကြီးကို လှမ်းမေးလိုက်လေရဲ့။

"မင်းတို့က ဘယ်သူတွေလဲ"

လူထွားကြီးက ပတ်တီးအထူကြီး စည်းထားတဲ့ ကုရှင်းလန်ရဲ့ ခြေထောက်နှစ်ဖက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အထင်သေးတဲ့ဟန်နဲ့ နှာမှုတ်လိုက်တယ်။ ပြီးတော့မှ ယွီးရှောင်ရှောင်ကို ကြည့်ပြီးမေးတာပေါ့။

"မိန်းကလေး... မင်းက ဘယ်သူ့အတွက် ဝင်ပါပေးချင်နေတာလဲ"

အဲ့ဒီနောက် ရှောင်ဝေကို လက်ညှိုးထိုးပြီး "ဒီ အသုံးမကျတဲ့ကောင်အတွက်လား... ဒါမှမဟုတ်" ဆိုပြီး ကုရှင်းလန်ဘက်ကို လက်ညှိုး ပြောင်းထိုးလိုက်ပြန်တယ်။

"ဒီ ဒုက္ခိတကောင်အတွက်လား"

ရှောင်ကျွမ်းတစ်ယောက် ဒေါသတွေ ပေါက်ကွဲထွက်သွားပါလေရော။ ဒီနေ့သာ ဒီမြေနိုးကို သေအောင်ရိုက်မသတ်ပစ်ရရင် သူ့ကိုယ်သူင် ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ ယွီးရှောင်ရှောင်ရဲ့ လှုပ်ရှားမှုက ရှောင်ကျွမ်းထက် အများကြီး ပိုမြန်နေခဲ့တယ်။ ရှောင်ကျွမ်းတစ်ယောက် ခါးကဓားကို တစ်ဝက်လောက်ပဲ ဆွဲထုတ်ရသေးတယ်။ ယွီးရှောင်ရှောင်က အဲဒီလူထွားကြီးရှေ့ကို ရောက်နေခဲ့ပြီ။ သူမက စားပွဲပေါ်မှာတင်ထားတဲ့ ဖက်ထုပ်ဟင်းရည် ပန်းကန်လုံး နှစ်လုံးကို လက်တစ်ဖက်တစ်ချက်စီနဲ့ ကိုင်ယူလိုက်ပြီး လူထွားကြီးရဲ့ ခေါင်းပေါ်ကို ပြိုင်တူ လောင်းချပစ်လိုက်တော့တယ်။

......

ဘေးနားက လူအုပ်ကြီး တစ်ခုလုံးလည်း ရုတ်တရက် ဆွံ့အပြီး တိတ်ဆိတ်သွားပါလေရော။

အဘွားဝမ်ဆိုင်က ဖက်ထုပ်ဟင်းရည်ဆိုတာ သိပ်ကို လတ်ဆတ်ပြီး သောက်လို့ကောင်းတာလေ။ ဒါပေမဲ့ ကိုယ့်ခေါင်းပေါ်၊ မျက်နှာပေါ် အလောင်းခံရပြီဆိုရင်တော့ သောက်လို့ကောင်းတာ၊ မကောင်းတာတွေနဲ့ မဆိုင်တော့ဘူး။ လူထွားကြီးခမျာ အားခနဲ အသံပြဲကြီးနဲ့ အော်ပြီး ခုံရှည်ကြီးပေါ်ကနေ ဝုန်းခနဲ ခုန်ထသွားလေရဲ့။ ဖက်ထုပ်ဟင်းရည်ထဲမှာက ငရုတ်သီးတွေ အများကြီး ထည့်ထားတာကိုး၊ အဲဒီ ငရုတ်သီးရည်တွေ မျက်လုံးထဲ ဝင်သွားတော့ လူထွားကြီးရဲ့ မျက်လုံးနှစ်ဖက်လုံး နီရဲလာပြီး မျက်ရည်တွေပါ ကျလာတော့တာပေါ့။

လူအုပ်ကြီးလည်း ပြိုင်တူ အသက်ရှူမှားသွားကြပြန်တယ်။ အဲ့ဒီလူထွားကြီး မတ်တတ်ထရပ်လိုက်ပြီး ယွီးရှောင်ရှောင်နဲ့ ယှဉ်ရပ်လိုက်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် အရွယ်အစားက သိပ်ကို ကွာခြားလွန်းနေတာကိုး။ လူထွားကြီးက အရပ် ခြောက်ပေကျော်လောက်ရှိပြီး ယွီးရှောင်ရှောင်... အဟမ်း... လင်းလုံမင်းသမီးလေးကတော့ အခုချိန်မှာ အရပ် ငါးပေတောင် မပြည့်သေးဘူးလေ။

"ငါက မိန်းမတွေကို မရိုက်ဘူး" မုတ်ဆိတ်မွေးနဲ့ လူထွားကြီးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်လေတယ်။ "မင်းယောက်ျားကိုသာ သွားခေါ်ခဲ့"

"ဒီလူက သေချင်လွန်းလို့ ကိုယ့်သေတွင်းကိုယ် တူးနေတာလား" ရှောင်ဝေက အနောက်ဘက်ကနေ ကုရှင်းလန်ကို ကပ်ပြောလိုက်တယ်။

"လမ်းမကြီးတစ်ခုလုံး လူတွေအများကြီး ရှိနေတာကို မင်းသမီးကိုမှ သွားပြီး ပြဿနာရှာရတယ်လို့..."

ရှောင်ကျွမ်းကလည်း ဝင်ကူညီဖို့ဆိုပြီး ရှေ့ကို တိုးမသွားပါဘူး။ သူ့မင်းသမီးရဲ့ တိုက်ခိုက်နိုင်စွမ်းကို သူက နည်းနည်းလေးတောင် သံသယမရှိဘူးလေ။

ကုရှင်းလန်ကတော့ သူ့စိတ်ထဲ ဘယ်လိုခံစားနေရမှန်းတောင် မပြောတတ်တော့ဘူး။

ယွီးရှောင်ရှောင်ကို ကြည့်ပြီး စကားတစ်ခွန်းလောက်တော့ ပြောချင်နေပေမဲ့ ဒီအချိန်မှာ ဘာပြောရမလဲဆိုတာကိုလည်း သူ မတွေးတော့ဘူး။

"ဘယ်သူကများ တစ်ခါတလေလောက်တော့ အခက်အခဲနဲ့ မကြုံဖူးတဲ့သူ ရှိလို့လဲ"

ယွီးရှောင်ရှောင်က သူမရှေ့မှာရှိနေတဲ့ လူထွားကြီးကို မေးလိုက်လေရဲ့။

လူထွားကြီးလည်း ရုတ်တရက် ကြောင်သွားတာပေါ့။ ကိုယ့်အမေအရင်းကတောင် ကြည့်မရတဲ့ သူ့ရဲ့ ဒီလို ရုပ်ဆိုးဆိုးကြီးကို မြင်တာတောင်မှ ယွီးရှောင်ရှောင်က နည်းနည်းလေးမှ မကြောက်တဲ့အပြင် သူ့ကိုတောင် စကားလာပြောနေသေးတယ်လေ။ ဘယ်လိုလုပ် ဒါမျိုးကို ထင်ထားပါ့မလဲ။

"အခက်အခဲလေး နည်းနည်းကြုံရတာနဲ့တင် သေဖို့ကြိုးစားတာကမှ သတ္တိကြောင်တာ မဟုတ်ဘူးလား" ယွီးရှောင်ရှောင်က လူထွားကြီးရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲဆုပ်ပြီး ပြောချလိုက်တော့တယ်။

"ငါက စကားများပြီး ပါးစပ်ဖွာတဲ့ ယောက်ျားတွေကို အမုန်းဆုံးပဲ"

လူထွားကြီးက သူ့ကို လာဆွဲထားတဲ့ ယွီးရှောင်ရှောင်ရဲ့ လက်လေးကို ငုံ့ကြည့်လိုက်တယ်။ ဒီလက်သေးသေးလေးက သူ့လက်သီးဆုပ်ရဲ့ တစ်ဝက်လောက်တောင် မရှိဘူးလေ။

"လွှတ်စမ်း" လူထွားကြီးက အော်လိုက်။

"မင့်ယောက်ျားက သေသွားပြီလား... မင်းလို မလောက်လေးမလောက်စားလေးက ငါ့လာပြီး ရန်လုပ်နေရအောင်"

ပါးစပ်ကနေ အာပေါက်မတတ် ပြောနေရတာထက်စာရင် ယွီးရှောင်ရှောင်က လက်လှုပ်လိုက်ရတာကို ပိုပြီး အကျင့်ပါနေတာလေ။ သူမက လူထွားကြီးကို ဆွဲကိုင်ပြီး လွှင့်ပစ်လိုက်ပါလေရော။

တံတားထိပ်မှာ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးလည်း ပြိုင်တူ မော့ကြည့်လိုက်မိကြတာပေါ့။ ဝက်ဝံကြီးလို တုတ်ခိုင်နေတဲ့ ဒီလူထွားကြီးခမျာ လေထဲမှာ စက်ဝိုင်းခြမ်းပုံစံ အကွေးကြီးတစ်ခုဖြစ်သွားပြီး ဗွမ်းဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ မြစ်ထဲကို ပြုတ်ကျသွားတာကို မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကြည့်နေကြရတော့တယ်။

လူသံတွေနဲ့ ဆူညံနေတဲ့ ကျောက်တံတား ထိပ်နှစ်ဖက်စလုံးဟာလည်း ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့ပြီ။ လူအတော်များများက ခုနလေးတင် ဘာတွေဖြစ်သွားတာလဲဆိုတာကို စိတ်ထဲမှာ တွေးနေကြတော့တာ။

ယွီးရှောင်ရှောင်က လူထွားကြီးရဲ့ အပေါင်းအပါတွေကိုလည်း မေ့မထားခဲ့ပါဘူး။ လက်ကိုမြှောက်ပြီး တစ်ဖက်ကို တစ်ယောက်စီ ဆွဲ၊ ကျန်တဲ့ လူထွားကြီး သုံးယောက်စလုံးကိုလည်း မြစ်ထဲလွှင့်ပစ်လိုက်ပြန်ရော။

ဒီတစ်ခါတော့ ကျောက်တံတား ထိပ်နှစ်ဖက်စလုံးကနေ အပ်ကျသံတောင် ကြားရလောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်သွားတော့တယ်။

ယွီးရှောင်ရှောင်က လူတွေကို လွှင့်ပစ်ပြီးတာနဲ့ တစ်ပြိုင်နက် ခေါင်းလှည့်လာပြီး အဘွားဝမ်ကို လှမ်းပြောလိုက်လေရဲ့။ "နှမ်းဌာပနာနဲ့ မုန့်လုံးရေပေါ် တစ်ပွဲ ထပ်ပေးပါဦး"

အဘွားဝမ်ခမျာလည်း ကြောင်အသွားရှာပြီလေ။ ယွီးရှောင်ရှောင်ကို မျက်တောင်တောင် မခတ်နိုင်ဘဲ ပြူးကြည့်နေတော့တာပေါ့။

ယွီးရှောင်ရှောင်က သူများ မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်တဲ့သူမျိုးမှ မဟုတ်တာ။ စားစရာမှာပြီးတာနဲ့ ကုရှင်းလန်ဆီကို ခပ်သုတ်သုတ်လေး လျှောက်သွားလိုက်တော့တယ်။ ဒီနေ့ ယွီးရှောင်ရှောင်က တလည်းပွင့်ရောင် စကတ်လေးကို ဝတ်ထားတာ။ လေတိုက်လာတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားပြီး သူမရဲ့ ခြေလှမ်းတွေကလည်း မြန်နေတော့ စကတ်အနားစလေးတွေက လွင့်ဝဲသွားတာကြောင့် သလဲပန်းလေး ပွင့်သွားသလိုမျိုးကို လှနေတာတာပေါ့။ ခပ်ဖျော့ဖျော့ပန်းနီရောင်လေးက ကုရှင်းလန်ရဲ့ မျက်လုံးအစုံကို လွှမ်းမိုးသွားပြီး သူ့ရင်ထဲမှာ တစ်ခုခုနဲ့ အပူပေးခံလိုက်ရသလို ပူနွေးသွားတော့တယ်။ နည်းနည်းလေးလည်း နာကျင်သွားသလိုပဲ။

ကုရှင်းလန်ခမျာ သူ့ကိုယ်သူတောင် သတိမထားမိဘဲ ယွီးရှောင်ရှောင်ရဲ့ လက်လေးကို လှမ်းဆွဲလိုက်မိတော့တယ်။

"ရှောင်ဝေကို ပစ္စည်းတွေ အကုန် ယူလာခိုင်းလိုက်ပါမယ်၊ ကျုပ်တို့ အိမ်ပြန်ပြီးမှပဲ စားကြတာပေါ့"

ယွီးရှောင်ရှောင်က ညဈေးတန်းဘက်ကို လက်ညှိုးထိုးပြရင်း ပြန်ပြောတာပေါ့။ "ဟိုမှာ ဇာတ်ကနေကြတယ်လေ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်လုံး နှုတ်ခမ်းတွေတောင် တွန့်သွားကြလေရဲ့။ ဒီသခင်မလေးက ညဘက် ဇာတ်ပွဲ ကြည့်ချင်စိတ်တောင် ရှိနေသေးတာလားပေါ့။

ကုရှင်းလန်ကတော့ "ကိုယ် နည်းနည်း ပင်ပန်းနေလို့ပါ။ မနက်ဖြန်ကျမှပဲ ထပ်လာကြမယ်လေ... နော်" လို့ ပြောလိုက်လေတယ်။

အဲ့စကားကို ပြောလိုက်တဲ့ ကုရှင်းလန်ရဲ့ မျက်နှာထားက တည်တည်ငြိမ်ငြိမ်နဲ့ လေသံကလည်း ပုံမှန်အတိုင်းပါပဲ။ ဒါပေမဲ့ ယွီးရှောင်ရှောင်ကတော့ ကြက်သီးလေးတောင် ထသွားပါလေရော... 'နော်' တဲ့လား။ ဒီလူက သူမကို ချွဲနေတာများလား။

…

အခန်း (၅၂) တတိယသခင်လေးရဲ့ အစီအစဉ်

ကျောက်တံတားကြီးထိပ်မှာ ဘယ်သူမှ လိုက်လို့မမီနိုင်မဲ့ ရာဇဝင်တစ်ခုကို ချန်ရစ်ခဲ့ပြီးတဲ့နောက် ယွီးရှောင်ရှောင်က သူမကိုယ်တိုင် မြစ်ထဲလွှင့်ပစ်လိုက်တဲ့ လူထွားကြီး လေးယောက် သေလားရှင်လားဆိုတာကိုတောင် လှည့်မကြည့်တော့ဘဲ ကုရှင်းလန်နဲ့အတူ မြင်းလှည်းစီးပြီး အိမ်ပြန်လာခဲ့တော့တယ်။

မြင်းလှည်းကြီး ကုအိမ်တော် တံခါးဝကို ရောက်လာတဲ့အချိန်မှာပဲ ယွီးရှောင်ရှောင်ကလည်း ပန်းကန်ထဲမှာ နောက်ဆုံးကျန်နေတဲ့ နှမ်းဌာပနာ မုန့်လုံးရေပေါ်ကို အပြတ်ရှင်းပြီးသွားခဲ့ပြီလေ။

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ ဗိုက်လေးကို ကြည့်ပြီး "ဗိုက်မတင်းဘူးလား" လို့ မေးလိုက်လေတယ်။ သူ့ ဇနီးရဲ့ ဗိုက်လေးပေါက်ထွက်သွားမလားဆိုပြီး သူ တကယ်ကို စိတ်ပူနေမိတာ။

"ရော့" ယွီးရှောင်ရှောင်က မုန့်လုံးရေပေါ် အရည်တစ်ဇွန်းကို ကုရှင်းလန်ရဲ့ နှုတ်ခမ်းနား တေ့ပေးလိုက်ပြန်တယ်။ "အထဲမှာ သကြားထည့်ထားတယ်၊ မြည်းကြည့်ပါဦး"

ကုရှင်းလန်လည်း ပါးစပ်ဟပြီး ချိုမြမြ မုန့်ရည်လေးကို တစ်ငုံသောက်လိုက်ရင်း ယွီးရှောင်ရှောင်ကို မေးတာပေါ့။"မုန့်တွေ စားရတာ သဘောကျတာလား"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်လေတယ်။ စားစရာဆိုရင် ဘာပဲဖြစ်ဖြစ် သူမက သဘောကျတာချည်းပဲ။ ရှိနေတုန်း အမြန်စားထားရမှာပေါ့။ တကယ်လို့များ မနက်ဖြန် အိပ်ရာကနေ နိုးလာတဲ့အချိန် ဒီကမ္ဘာကြီးလည်း ပျက်သွားမယ်ဆို ဘယ်လိုလုပ်မလဲလေနော်။ (ဟေး... အတွေးလွန်တာကလည်း ရောဂါတစ်မျိုးပဲ၊ ကုမှရမယ်နော်)

"ညီသုံး..." အဲဒီအချိန်မှာပဲ ကုရှင်းယန်ရဲ့ ခေါင်းက မြင်းလှည်းတံခါးအပြင်ဘက်ကနေ ပြူထွက်လာပြီး လှည်းထဲက လူနှစ်ယောက်ကို စိုးရိမ်တကြီးနဲ့ အကဲခတ်ရင်း မေးရှာတယ်။ "မင်းသမီး... မင်းတို့ ဘာမှ မထိခိုက်မိကြဘူးမလား"

ကုရှင်းလန်ကလည်း ပြန်မေးလိုက်လေရဲ့။ "ကျွန်တော်တို့က ညစာစားပွဲ သွားရုံလေးတင်ပါ၊ အစ်ကိုနှစ်က ဘာကို စိုးရိမ်နေတာလဲ"

ကုရှင်းယန်က ပြန်ဖြေတယ်။ "မင်းတို့ မသိကြသေးဘူးလား။ သယ်ယိ စားသောက်ဆိုင်ကြီးရဲ့ အဆောက်အအုံတစ်လုံး ပြိုကျသွားတယ်ကွ။ ဘုရားတရားပါပဲ။... အဲ့ဒီလောက် မြင့်တဲ့ အဆောက်အအုံကြီးတောင် ပြိုကျနိုင်သေးတယ်ဟ"

"ဪ..." ယွီးရှောင်ရှောင်ကတော့ အသံရှည်ကြီးဆွဲပြီး ခပ်အေးအေးပဲ တုံ့ပြန်လေတယ်။

လှည်းအပြင်ဘက်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်ကတော့ အသည်းတွေ နှစ်လုံးတွေတောင် တုန်သွားကြပါလေရော။ ဘုရားသခင်... အဲဒီအဆောက်အအုံကြီးက တကယ်ကြီး ပြိုကျသွားတာလားပေါ့။

ကုရှင်းလန်ကလည်း အံ့အားသင့်သွားပြီး မေးလေတယ်။ "အဆောက်အအုံ ပြိုကျတယ် ဟုတ်လား။ ဘယ်တုန်းက ဖြစ်သွားတာလဲ၊ ကျွန်တော် မသိလိုက်ပါလား"

ကုရှင်းယန်က ပြန်ဖြေတယ်။ "ခုလေးတင်ပဲတဲ့"

"လူတွေရော ထိခိုက်ကုန်ကြသေးလား" ယွီးရှောင်ရှောင် ဝင်မေးရပြီလေ။

ဒုတိယကုသခင်လေးက စိတ်ပျက်လက်ပျက်နဲ့ ညည်းရှာတယ်။ "ပြောမနေပါနဲ့တော့ကွာ၊ ကျူးယိကလူ တစ်ယောက်မှတောင် မထိခိုက်သွားဘူး"

လူအသေအပျောက် မရှိဘူးဆိုတော့လည်း ယွီးရှောင်ရှောင်အတွက် ဘာမှ စိတ်ပူစရာ မရှိတော့ဘူးပေါ့။ ဒါနဲ့ ကုရှင်းယန် လာတွဲပေးတာကိုတောင် မစောင့်တော့ဘဲ မြင်းလှည်းပေါ်ကနေ ဝုန်းခနဲ ခုန်ဆင်းလိုက်ပြီး ပန်းကန်ထဲမှာ ကျန်နေသေးတဲ့ မုန့်လုံးရေပေါ် အရည်တစ်ဝက်ကို အကုန်မော့သောက်ချလိုက်တော့တယ်။

ကုရှင်းယန်က တံခါးဝမှာရှိနေတဲ့ အစေခံတွေကို လက်ယပ်ခေါ်လိုက်ပြီး ကုရှင်းလန်ကို မြင်းလှည်းပေါ်ကနေ ပွေ့ချခိုင်းလိုက်တယ်။

ရှောင်ကျွမ်းက လူတိုင်း ကုရှင်းလန်ကို ဝိုင်းလုပ်ပေးနေကြတာကို အခွင့်ကောင်းယူပြီး ယွီးရှောင်ရှောင်အနားကို ကပ်သွားရင်း တိုးတိုးလေး ပြောလိုက်တာပေါ့။ "မင်းသမီး... အဲ့အဆောက်အအုံကြီး တကယ်ကြီး ပြိုကျသွားတာဗျ"

ယွီးရှောင်ရှောင်ကတော့ မျက်နှာသေနဲ့ပဲ "အေးနော်၊ ဘယ်သူလုပ်သွားတာလဲ မသိပါဘူး။ တကယ်ကို လွန်လွန်းတယ်နော်"

ရှောင်ကျွမ်းခမျာ လျှာတောင် လိပ်သွားမတတ်ဘဲ။ ဪ... ဗြောင်လိမ်ဗြောင်စား ဆိုတာ ဒါမျိုးပဲကိုး။

ကုရှင်းလန်ကို အစေခံနှစ်ယောက်က ပွေ့ချပြီး မြင်းလှည်းပေါ်ကနေ ဆင်းလာတဲ့အချိန်မှာတော့ ယွီးရှောင်ရှောင်တစ်ယောက် ပန်းကန်အလွတ်ကြီးကိုင်ပြီး သမ်းဝေနေတာကို မြင်သွားတယ်။ ဒါကြောင့် "မင်းသမီး အရင်သွားနားနှင့်လိုက်ပါလား၊ ကျွန်တော် အဘိုးကို သွားတွေ့လိုက်ဦးမယ်" လို့ လှမ်းပြောလိုက်လေရဲ့။

ယွီးရှောင်ရှောင်ကတော့ ပြန်ဖြေရှာပါတယ်။ "ရှင်က အဘိုးနဲ့အတူ ထမင်းသွားစားပေးဦးမလို့လား။ ဒါဆို ကျွန်မလည်း လိုက်ခဲ့မယ်လေ"

"မလိုပါဘူး" ကုရှင်းလန်ခမျာ အလောတကြီး အော်တားလိုက်ရတယ်။ ဒီအတိုင်း ဆက်စားနေရင် သူမ စားရင်းနဲ့ စားပိုးနင့်သေသွားမှာကို စိုးရိမ်နေရပြီလေ။

ကုရှင်းယန်လည်း လန့်သွားပြီး ညီဖြစ်သူကို တစ်လှည့်၊ ခယ်မလေးကို တစ်လှည့် ကြည့်လိုက်ရင်း ယွီးရှောင်ရှောင်ကို မေးလေတယ်။ "မင်းသမီး... ညစာစားပွဲမှာ ဗိုက်မဝခဲ့ဘူးလား" ဒုတိယကုသခင်လေး အနေနဲ့ ဒါကိုတော့ နားလည်ပေးလို့ ရသားပဲ။ ကျင်းမော့နဲ့ တွေ့တဲ့အခါ မင်းသမီးနဲ့ သူ့ညီသုံးတို့က သေချာပေါက် သတ္တမမင်းသားအကြောင်းကိုပဲ ဆွေးနွေးနေကြမှာဆိုတော့ ဘယ်မှာ ထမင်းစားဖို့ စိတ်ပါတော့မလဲပေါ့။

ယွီးရှောင်ရှောင်တော့ အေးဆေးပါပဲ။ "ဟင်းပွဲတွေက သေးလွန်းတယ်လေ၊ အဲ့ဒီစားသောက်ဆိုင် အရင်းပြုတ်တော့မှာလည်း မဆန်းပါဘူး" လို့ ဖြေလိုက်လေရဲ့။

"ဘာ" ကုရှင်းယန်က သူ့ညီကို လှမ်းကြည့်လိုက်တယ်။ ခယ်မလေးက ဘာတွေ ပြောနေတာလဲပေါ့။

ကုရှင်းလန် ကိုယ်တိုင်လည်း နားမလည်ပါဘူး။ သူ့မိန်းမလေးက ဘာလို့ သယ်ယိစားသောက်ဆိုင် အရင်းပြုတ်တော့မယ်လို့ အသေအချာ တွက်ဆထားရတာလဲပေါ့။ ဒါနဲ့ ကုရှင်းယန်ကို လက်ခါပြရုံပဲ ပြလိုက်ပြီး သူ့မိန်းမကိုတော့ အတည်ပေါက်နဲ့ ရှင်းပြရတယ်။

"အဘိုးက သေချာပေါက် ညစာ စားပြီးလောက်ပြီ မင်းသမီးရဲ့။ ကျွန်တော်က အဘိုးဆီကို ကျွန်တော်တို့ ပြန်ရောက်ပြီဆိုတာ သွားပြောရုံလေးတင်ပါ။ မင်းသမီး အရင်သွားနားနှင့်လိုက်နော်၊ ကျွန်တော် ခဏနေရင် အခန်းထဲ ပြန်လာခဲ့ပါ့မယ်။ ပြီးတော့..." နည်းနည်းလေး တုံ့ဆိုင်းသွားပြီးမှ ကုသခင်လေးသုံးက ကတိတစ်ခု ပေးလိုက်လေရဲ့။

"ကျွန်တော်တို့ မနက်ဖြန်ကျရင် တာ့ရှစ်တံတားဆီကို ထပ်သွားကြတာပေါ့လေ"

ထမင်းစားစရာ မရှိဘူးဆိုတာကို ကြားလိုက်တာနဲ့တင် ယွီးရှောင်ရှောင်တစ်ယောက် စိတ်ဝင်စားမှု လျော့ကျသွားပြီး "ဪ" လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ထူးရင်း ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့နဲ့အတူ အိမ်ထဲကို အရင်ဝင်သွားပါလေရော။

ကုရှင်းယန်က ယွီးရှောင်ရှောင် ပြီး အရိပ်လေး ပျောက်သွားတော့မှ ကုရှင်းလန်ကို "တစ်ခုခု ဖြစ်လာလို့လား" လို့ မေးလိုက်တယ်။ ပုံမှန်ဆိုရင် လင်မယားနှစ်ယောက်စလုံးက လူကြီးသူမတွေကို အတူတူ သွားတွေ့ရမှာလေ။ အခု ကုရှင်းလန်က ယွီးရှောင်ရှောင်ကို လွှဲဖယ်ပြီး လွှတ်လိုက်တယ်ဆိုတော့ သေချာပေါက် တစ်ခုခု ဖြစ်လာလို့ပဲ နေမှာပေါ့။

ကုရှင်းလန်က ခေါင်းခါပြီး တိုးတိုးလေး ပြောလိုက်လေရဲ့။

"အစ်ကိုနှစ်... ကျွန်တော်တို့ အဘိုးကို သွားတွေ့ရအောင်၊ အစ်ကိုကြီးကိုပါ တစ်ခါတည်း ခေါ်ခဲ့လိုက်"

ကုရှင်းယန်က ကုရှင်းလန် စီးလာတဲ့ အထမ်းထိုင်ခုံလေးဘေးကနေ ယှဉ်လျှောက်ရင်း ခြံဝင်းတံခါးထဲ ဝင်လာတာနဲ့ တစ်ပြိုင်တည်း ထပ်ပြီးမေးပြန်တယ်။

"ဘာတွေဖြစ်ခဲ့ကြတာလဲကွ"

ကုရှင်းလန်ကတော့ "ထွက်သွားတဲ့သူကိစ္စလေ" လို့ စကားတစ်ခွန်းတည်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။

အဲ့ဒီတော့မှပဲ ကုရှင်းယန်တစ်ယောက် အသံတိတ်သွားတော့တယ်။ ထွက်သွားတဲ့သူဆိုတာ ကုအိမ်တော်မှာတော့ အဘိုးလေး ကုလီကို ရည်ညွှန်းတာလေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ့်ခုနစ်နှစ်တောင် ကြာသွားခဲ့ပြီ။ အဲဒီအဘိုးလေးက ကျူးယိတိုင်းပြည်မှာ ချမ်းသာကြွယ်ဝပြီး ဂုဏ်ကျက်သရေတွေ ခံစားနေရပေမဲ့ ဖုန်းထျန်းတိုင်းပြည်က ကုမိသားစုအတွက်တော့ အဲဒီလူက တားမြစ်ချက်တစ်ခု ဖြစ်နေခဲ့ပြီလေ။

ကုချန်းကလည်း ကုရှင်းလန် ပြန်လာမဲ့အချိန်ကို စာကြည့်ဆောင်ထဲမှာ တစ်ချိန်လုံး စောင့်နေခဲ့တာ။ ကုရှင်းယန်က ကုရှင်းလန်ကို ကုလားထိုင်ပေါ် ပွေ့တင်ပေးပြီးတော့မှပဲ အဘိုးအိုက စကားစပြီး မေးလိုက်လေရဲ့။ "သတ္တမမင်းသားကိစ္စ မင်းတို့လင်မယားနဲ့ ကျင်းမော့ တိုင်ပင်တာ ဘယ်လိုနေလဲ"

အဲ့ဒီအချိန်မှာပဲ ကုရှင်းနော့က ကပျာကယာ ရောက်လာပြီး ကုရှင်းယန်နဲ့ ကုရှင်းလန်တို့ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်လေတယ်။ "သယ်ယိ စားသောက်ဆိုင်က သစ်သားအဆောက်အအုံတစ်လုံး ပြိုကျသွားတယ်ဆို။ ဘယ်လိုဖြစ်တာလဲ"

ကုရှင်းလန်ကတော့ သစ်သားအဆောက်အအုံကိစ္စကို စိတ်မဝင်စားပါဘူး။ သူက တိုးတိုးလေး ဆက်ပြောလေတယ်။ "ကုလီက ကျင်းမော့ကနေတစ်ဆင့် ကျွန်တော်တို့ကို နှုတ်ဆက်စကား ပါးလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ တစ်အိမ်လုံး ထောင်ကျသွားတယ်ဆိုတာကို ကြားတော့ သူ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောလိုက်သေးတယ်"

ကုရှင်းယန်က ဒေါသတကြီး နှာမှုတ်လိုက်တာပေါ့။

"ကြောင်သူတော် ကြွက်သူခိုးကများ၊ သူ့မှာ ကျင်းမော့ဆီကနေ စကားပါးခိုင်းရဲတဲ့ မျက်နှာ ရှိနေသေးတာလား။ ဟုတ်သားပဲ၊ သူ့မှာသာ အရှက်ရှိရင် ငါ့အဖေကို ဒုက္ခပေး၊ ကျူးယိတိုင်းပြည်ကို ထွက်ပြေးပြီး ခွေးလို သွားနေမှာ မဟုတ်ဘူးလေ"

"ညီနှစ်" ကုရှင်းနော့က သူ့ညီလတ်ကို ဟောက်ပြီးတားလိုက်တယ်။ "ရှင်းလန် စကားဆုံးအောင် အရင်ပြောပါစေဦး"

ကုရှင်းလန်ကတော့ ကျင်းမော့က သူတို့ ကုမိသားစုကို လက်နက်ချဖို့နဲ့ ဝမ်ရှန်းမြို့မြို့ရဲ့ မြို့ရိုးကာကွယ်ရေးပုံစံပြမြေပုံကို ဆက်သဖို့ တောင်းဆိုခဲ့တဲ့အကြောင်း၊ ချင်းယွီကို ဝယ်သွားပြီး သူတို့လင်မယားနှစ်ယောက်ကြား အထင်အမြင်လွဲအောင် သွေးခွဲခဲ့တဲ့အကြောင်းတွေကိုပါ တစ်လုံးမကျန် ပြန်ပြောပြလိုက်လေရဲ့။

ကုရှင်းယန်ကတော့ ဒေါသထွက်လွန်းလို့ မျက်နှာတွေတောင် စိမ်းဖန့်သွားပြီး ထပ်ဆဲချင်နေပြီလေ။ ဒါပေမဲ့ အဘိုးနဲ့ အစ်ကိုကြီးတို့ရဲ့ မျက်နှာပေါ်မှာ ဒေါသထွက်နေတဲ့ အရိပ်အယောင်တွေနဲ့အတူ တိတ်ဆိတ်နေကြတာကို မြင်တော့ ကုရှင်းယန်လည်း ဘာမှဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားတော့တယ်။

စာကြည့်ဆောင်ထဲက မီးခွက်ထဲမှာတော့ မီးစာတွေက 'တဖောက်... ဖောက်' နဲ့ အကြိမ်ပေါင်းများစွာ မြည်နေခဲ့တယ်။ အတော်ကြာမှပဲ ကုချန်းက သက်ပြင်းရှည်ကြီးတစ်ခု ချပြီး ညည်းလိုက်တော့တယ်။ "ခေတ်က မကောင်းတော့ လူ့လောကကြီးက သိပ်ကို ခက်ခဲကြမ်းတမ်းနေတော့တာပါပဲ"

ကုရှင်းလန်က မေးလေတယ်။ "ကျွန်တော်တို့သာ လက်မခံရင် ကျင်းမော့က သတ္တမမင်းသားကို သေချာပေါက် ခေါ်သွားမှာပဲ။ အဘိုး... ကျွန်တော်တို့က သတ္တမမင်းသားကို ကျူးယိတိုင်းပြည်မှာ ဓားစာခံအဖြစ် အခေါ်ခံရမဲ့အရေးကို ဒီအတိုင်းကြီး လက်ပိုက်ကြည့်နေကြတော့မလို့လား"

စာကြည့်ဆောင်ထဲမှာ နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။

ကုရှင်းယန်က ခေါင်းကို အားရပါးရ ကုတ်လိုက်ပြီး ကုရှင်းလန်ကို ကြည့်လိုက်တယ်။

"ချင်းယွီကိစ္စ မင်း… မင်းသမီးကို သေချာ ရှင်းပြပြီးပြီလား။ မင်းသမီးကရော ဘယ်လိုပြောလဲ"

ကုရှင်းလန်လည်း ထပ်ပြီး ဆွံ့အသွားပြန်တယ်။ သူ ရှင်းပြဖို့တော့ ကြိုးစားခဲ့ပါရဲ့၊ ဒါပေမဲ့ နောက်ဆုံးမှာ ဘာတွေ ဆက်ဖြစ်သွားခဲ့တာလဲ။ ဪ... ဟုတ်သားပဲ၊ မင်းသမီးက ကျောက်တံတားဆီမှာ မုန့်သွားစားမယ်ဆိုလို့ သူလည်း ဆက်မပြောဖြစ်တော့ဘူးလေ။

ကုရှင်းယန်ကတော့ အံ့ဩတကြီးဖြစ်နေတာပေါ့။ "မင်း မပြောရသေးဘူးလား"

ကုရှင်းလန်ကတော့ စိတ်ထဲကနေ တွေးနေတာပေါ့လေ။ 'မင်းသမီးက စားဖို့သောက်ဖို့ကိုပဲ ဂရုစိုက်ပြီး ချင်းယွီကိစ္စကိုတော့ နည်းနည်းလေးတောင် စိတ်မဝင်စားဘူးဆိုတာ ငါဘယ်လိုလုပ် ပြောထွက်မှာလဲ။ ဟူး... ဘာလို့များ ရင်ထဲ တစ်နေရပြန်တာလဲ မသိပါဘူး '

"ထားလိုက်ပါတော့လေ" ကုချန်းက ဝင်ပြောလိုက်တယ်။ "ချင်းယွီကိစ္စကိုတော့ မနက်ဖြန်ကျရင် မင်းအဘွားကို ကိုယ်တိုင်ပဲ မင်းသမီးဆီ သွားရှင်းပြခိုင်းလိုက်ပါ့မယ်"

ကုရှင်းနော့က ဆက်မေးလေတယ်။ "ချင်းယွီကိစ္စကို အဘွားက ဝင်ရှင်းပြပေးမယ်ဆိုရင် သတ္တမမင်းသားကိစ္စကရော ဘယ်လိုလုပ်ကြမလဲ"

ကုရှင်းလန်က အဘိုးနဲ့ အစ်ကိုနှစ်ယောက်စလုံး ဘာမှဆက်မပြောဘဲ ငြိမ်သက်သွားကြတာကို မြင်တော့ အံကို တင်းတင်းကြိတ်လိုက်ပြီး ခပ်ပြတ်ပြတ် ပြောချလိုက်ပါလေရော။

"ကျွန်တော်နဲ့ မင်းသမီးက အခုဆို လင်မယားတွေ ဖြစ်နေကြပြီ။ အဲဒါကို ထားလိုက်ပါဦး။ လင်မယားတွေ မဟုတ်ခဲ့ဘူးဆိုရင်တောင် မင်းသမီးက ကျွန်တော့်ကို နှစ်ကြိမ်တောင် အသက်ကယ်ပေးခဲ့ဖူးတာဆိုတော့ ကျွန်တော့်ဘက်ကလည်း ကျေးဇူးဆပ်ဖို့ လိုအပ်တယ်လေ"

အဘိုးကုက အလောတကြီး မေးလေရဲ့။ "မင်းက ဘာများလုပ်ချင်လို့လဲ"

ကုရှင်းလန်က ပြန်ဖြေတယ်။ "အဘိုး... ကျွန်တော် သတ္တမမင်းသားကို ခေါ်ပြီး မြို့တော်ကနေ ထွက်သွားချင်လို့ပါ"

"မင်းက သတ္တမမင်းသားကို ခေါ်ပြီး ထွက်ပြေးမလို့ ဟုတ်လား" ကုရှင်းယန်က အသံကျယ်ကြီးနဲ့ အော်လိုက်တာပေါ့။

"မင်းအခြေအနေနဲ့ အခု မြင်းစီးနိုင်ပြီလား၊ ဒါမှမဟုတ် လူတွေနဲ့ရော ရန်ဖြစ်နိုင်နေပြီလား။ သတ္တမမင်းသားကို မင်းက ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲကွ"

"ကျွန်တော်က ဆေးကုသမှု ခံယူဖို့ မြို့တော်ကနေ ထွက်သွားတယ်လို့ပဲ အကြောင်းပြလိုက်မယ်လေ" ကုရှင်းလန်က ဒီကိစ္စကို ကြိုပြီး အသေအချာ စဉ်းစားထားပြီးသားမို့ ခပ်ပြတ်ပြတ်ပဲ ဆက်ပြောလေတယ်။

"ကျွန်တော်က သတ္တမမင်းသားကို ခေါ်ပြီး အရင် ရှောင်နေလိုက်မယ်။ ကျင်းမော့လည်း မြို့တော်မှာ အကြာကြီး ဆက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သတ္တမမင်းသားကို ရှာမတွေ့တော့ဘူးဆိုရင် ဧကရာဇ်က သေချာပေါက် တခြားမင်းသားတစ်ပါးပါးကို ကျူးယိတိုင်းပြည်ဆီ အစားထိုးပြီး စေလွှတ်လိုက်လိမ့်မယ်။ ဒီပြဿနာတွေ အေးဆေးသွားတဲ့အခါကျမှ သတ္တမမင်းသားကို မြို့တော်ဆီ ပြန်ခေါ်လာပြီး ဧကရာဇ် သဘောအတိုင်း အပြစ်ပေးတာကို ခံယူကြတာပေါ့"

…

All Chapters