အခန်း ၁၄၁
Vol. 15 Ch. 141
အပိုင်း (၁၄၁) တကယ့် သိုင်းပညာရှင် အစစ်တွေ
"သူ့နာမည်က ဘယ်လိုခေါ်တယ်လို့ ရှင်ပြောလိုက်တာလဲ" ယွီးရှောင်ရှောင်က အားချိုးဖြစ်မဲ့ မိန်းကလေးကို လက်ညှိုးထိုးပြပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
ကုရှင်းလန်က ခေါင်းခါလိုက်ပြီး "မင်းသမီး... အမတ်ချုပ်ကြီးကျောင်းရဲ့ သခင်မလေး နာမည်ကို ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ" လို့ ပြန်ဖြေတယ်။
ဒီအချိန်မှာပဲ ကျောင်းချိုးမင်က ဘယ်သူ့အကူအညီမှ မပါဘဲ ယိုင်တိယိုင်တိုင်နဲ့ လျှောက်လာတယ်။ ကျောင်းရင်းယောင်ရဲ့ ပုံစံကတော့ ကြည့်လို့တောင် မရတော့ပေမဲ့ ကျောင်းရင်းချင်းကတော့ အခုချိန်မှာ လူလုံးပြလို့ ရနေပြီလေ။ ကျောင်းချိုးမင်က ရှန်ကျုံးဧကရာဇ်ကို လှည့်ရှာလိုက်ပေမဲ့ စိတ်မရှည်တော့တဲ့ ဧကရာဇ်က လူတွေကိုခေါ်ပြီး ထွက်သွားပြီဆိုတာကို တွေ့လိုက်ရတယ်။
"ဒါ ရှင့်သမီးလား" ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို မေးလိုက်တယ်။
ကျောင်းချိုးမင် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ယွီးရှောင်ရှောင်ကို လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာသေကြီးကြောင့် ကျောင်းအမတ်ကြီး ဘာမှ ခန့်မှန်းလို့ မရခဲ့ဘူး။
"စကားပြောလေ" ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို စိုက်ကြည့်ရင်း မေးလိုက်ပြန်တယ်။ "သူက ရှင့်သမီးလား"
ကျောင်းချိုးမင်ရဲ့ ဦးနှောက်က အမြန်အဆန် အလုပ်လုပ်သွားတယ်။ ဆွေမျိုးတွေက ဒီညီအစ်မနှစ်ယောက်ကို သူ့အိမ်တော်ဆီ ပို့လိုက်တဲ့ အချိန်ကနေ ဒီနေ့ ဟူကော်ကျောင်းတော်ကို ခေါ်လာတဲ့အထိ အဖြစ်အပျက် အားလုံးကို အသေးစိတ် ပြန်စဉ်းစားကြည့်လိုက်တယ်။ မင်းသမီးကြီးက ဒီညီအစ်မနှစ်ယောက် အကြောင်းကို ကြိုသိနေဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ အမတ်ချုပ်ကြီးကျောင်း သေချာ တွက်ဆလိုက်တယ်။
ဒီအချိန်မှာ နန်းတွင်းသမားတော် နှစ်ယောက်က စောစောက နန်းတွင်းသက်တော်စောင့်နဲ့အတူ အပြေးရောက်လာကြတယ်။ ဒါပေမဲ့ မင်းသမီး၊ သမက်တော်နဲ့ အမတ်ချုပ်ကြီးတို့ အဲဒီမှာ ရပ်နေတာကို မြင်တော့ သမားတော်နှစ်ယောက် ရှေ့ကို မတိုးရဲကြဘူး။
ကျောင်းရင်းချင်းက တစ်ချက် ညည်းတွားလိုက်ပြီး မျက်လုံးတွေကို တစ်ဝက်တစ်ပျက် ဖွင့်လာတာမို့ သတိပြန်လည်လာတော့မဲ့ ပုံပဲ။
"နင့်နာမည် ဘယ်လိုခေါ်လဲ" ယွီးရှောင်ရှောင်က အဲဒီမိန်းကလေးကို မေးလိုက်တယ်။
ကျောင်းချိုးမင်က နောက်ကို လှည့်ပြီး သမားတော်နှစ်ယောက်ကို "မင်းတို့နှစ်ယောက် ရှေ့ကို လာကြစမ်း" လို့ ခေါ်လိုက်တယ်။
ကျောင်းရင်းချင်းက သူမရှေ့မှာ လူရိပ်တစ်ခုကို ဝါးတားတား မြင်နေရပြီး တစ်ယောက်ယောက် စကားပြောနေတာကို ကြားပေမဲ့ ဘာပြောနေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မကြားရဘူး။
သမားတော်နှစ်ယောက် ရှေ့ကို တိုးလာပေမဲ့ ယွီးရှောင်ရှောင်က ဆောင့်ကြောင့်ထိုင်လျက်ကနေ မလှုပ်သေးတာကို မြင်တော့ ခြေလှမ်းတွေ ပြန်ရပ်သွားကြတယ်။ မင်းသမီးကြီးနဲ့ အမတ်ချုပ်ကြီးကျောင်းတို့က ရန်သူတွေဆိုတာ လူတိုင်းသိတာပဲလေ။ အမတ်ချုပ်ကြီးကျောင်းရဲ့ သမီးနှစ်ယောက်ကို ကယ်တင်ဖို့ မင်းသမီးကြီးက သဘောတူပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။
ကျောင်းချိုးမင်က ယွီးရှောင်ရှောင်ကို တောင်းပန်လိုက်တယ်။
"မင်းသမီး... သူတို့က တကယ်ပဲ ဒီအမှုထမ်းရဲ့ သမီးတွေပါ။ ကျေးဇူးပြုပြီး သက်ညှာပေးပါ"
ကုရှင်းလန်က ချက်ချင်း ဝင်ပြောလိုက်တယ်။ "အမတ်ကြီးကျောင်း... ခင်ဗျားစကားက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားအိမ်တော်က သခင်မလေးတွေကို မင်းသမီးကများ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ဆိုလိုချင်တာလား"
ကျောင်းချိုးမင်က ကုရှင်းလန်ကို တစ်ချက် စိုက်ကြည့်လိုက်တယ်။ အခုတော့ ကုမိသားစုက ဒီကောင်လေးကတောင် သူ့ကို အာခံရဲနေပြီပေါ့။ ဒီကောင်လေး ထောင်ကျသွားတဲ့ အချိန်ကနေ အခုအထိ ဘယ်လောက်တောင် ကြာသေးလို့လဲ။ ကံကြမ္မာဆိုတာ အလှည့်အပြောင်း ရှိတယ်ဆိုပေမဲ့ အခုက နှစ်သုံးဆယ်တောင် မပြည့်သေးဘူးလေ၊ ကုမိသားစုက ဒီကောင်လေးက သူ့ခေါင်းပေါ်ကိုတောင် တက်နင်းတော့မယ်။
"သူတို့ ဒဏ်ရာတွေက သိပ်မနက်ပါဘူး" ယွီးရှောင်ရှောင်က မတ်တတ်ရပ်လိုက်ပြီး သမားတော်နှစ်ယောက်ကို အနားလာဖို့ လက်ယပ်ခေါ်လိုက်တယ်။ "သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို ချုပ်ပေးလိုက်ကြ"
လူတွေက ဒဏ်ရာရထားပြီး သေတစ်ဝက် ရှင်တစ်ဝက် ဖြစ်နေတာဆိုတော့ အခုချိန်က စစ်ကြောမေးမြန်းရမဲ့ အချိန်မဟုတ်ဘူးလေ။ ယွီးရှောင်ရှောင်က ဒီသံသယကို ရင်ထဲမှာပဲ အရင်သိမ်းထားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီည ကျောင်းအမတ်ကြီး အိမ်တော်ကိုသွားပြီး ခိုးနားထောင်လိုက်ရင် ရတာပဲလေ။
ကုရှင်းလန်က "မင်းသမီး... ဒါဆို ကျွန်တော်တို့ သွားကြမလား" လို့ မေးလိုက်တယ်။
ယွီးရှောင်ရှောင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
ကျောင်းချိုးမင်က လင်မယားနှစ်ယောက် ထွက်သွားတာကို ကြည့်ပြီးမှ သမားတော်တွေကို ပြောလိုက်တယ်။
"သတိထားပြီး လုပ်ကြ၊ သူတို့ရဲ့ မျက်နှာတွေ အပျက်အစီး မခံနဲ့” ဒီကောင်မလေး နှစ်ယောက်ရဲ့ မျက်နှာသာ မပျက်စီးသွားဘူးဆိုရင် ရှန်ကျုံးဧကရာဇ်နဲ့ တွေ့ဖို့ အခွင့်အရေးကို သူ ထပ်ဖန်တီးလို့ ရသေးတယ်လေ။
လမ်းလျှောက်နေရင်းနဲ့ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။
"ကျောင်းချိုးမင်မှာ ကျောင်းမိဖုရားကလွဲရင် သမီးနှစ်ယောက် ရှိသေးတာလား"
ကုရှင်းလန် ခေါင်းခါလိုက်တယ်။ ကျောင်းမိဖုရားကိုတောင် သူက ဧကရာဇ်ရဲ့ အချစ်တော် မိဖုရား ဖြစ်နေလို့သာ သိတာလေ။ ကျောင်းအိမ်တော်ရဲ့ အတွင်းရေးတွေကိုတော့ ကုတတိယသခင်လေးက နည်းနည်းလေးမှ စိတ်ဝင်စားခဲ့တာ မဟုတ်ဘူး။
ကုရှင်းလန်အတွက် ထီးမိုးပေးနေတဲ့ နန်းတွင်းသက်တော်စောင့် တစ်ယောက်က ဝင်ပြောလိုက်တယ်။
"မင်းသမီး... အမတ်ချုပ်ကြီးကျောင်းမှာ အမြွှာသမီးနှစ်ယောက် ရှိသေးတယ်လို့ ကျွန်တော်မျိုး ကြားဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မယားငယ်က မွေးတာပါ"
မယားကြီးမွေးတာနဲ့ မယားငယ်မွေးတာ ကွာခြားချက်ကို ယွီးရှောင်ရှောင် နားလည်အောင် ရှင်းပြဖို့ကတော့ မင်းသမီးလေးအတွက် အရမ်းခက်ခဲလွန်းပါတယ်။ မင်းသမီးလေးက အရင်ဘဝက ကြင်ရာတော်ကြီးရဲ့ အချစ်စစ်မှာ အမြွှာညီအစ်မ ရှိခဲ့ဖူးလားဆိုတာကို အစွမ်းကုန် စဉ်းစားကြည့်နေပေမဲ့ ဘာမှတော့ မမှတ်မိပါဘူး။
"မင်းတို့ သွားလို့ မရဘူး" လူတစ်စု ဆရာတော်လေးဖုန်းလင်ရဲ့ အိပ်ခန်းရှိတဲ့ ခြံဝင်းထဲကို ဝင်သွားတဲ့ အချိန်မှာပဲ အိပ်ခန်းထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်သံကြောင့် ယွီးရှောင်ရှောင်ရဲ့ တွေးတောနေမှုတွေ ပြတ်တောက်သွားတယ်။
အဲဒီအသံကို ကြားတော့ နန်းတွင်းသက်တော်စောင့်တွေ အကုန်လုံး ခြေလှမ်းတွေ ရပ်သွားကြတယ်။ သူတို့တွေက ယုံရှန်းကျောင်းတော်က လူတွေနဲ့ တကယ်ပဲ တိုက်ခိုက်ရတော့မှာလား။ အဲဒါ ယုံရှန်းကျောင်းတော်လေ... တွေးကြည့်လိုက်တာနဲ့တင် သူတို့ အသည်းတွေ ယားလာပြီလေ။
ယွီးရှောင်ရှောင်က ခြေလှမ်းအမြန်လှမ်းလိုက်ပြီး အခန်းတံခါးကို လက်နဲ့ တွန်းဖွင့်ကာ အထဲကို ဝင်သွားတယ်။
ကုရှင်းလန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခြံဝင်းထဲမှာ စောင့်နေတဲ့ သက်တော်စောင့်တွေကို တစ်ချက် ဝေ့ကြည့်လိုက်ကာ သူ့ကို အလုပ်အကျွေးပြုနေတဲ့ သက်တော်စောင့်တွေကို ပြောလိုက်တယ်။
"ငါတို့ ဝင်ကြမယ်"
အိပ်ခန်းထဲမှာတော့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ရှန်ကျုံးဧကရာဇ်ရဲ့ ရှေ့မှာ ကာကွယ်ပေးထားပြီး ဆရာတော်လေးဖုန်းလင်ရဲ့ ခုတင်ရှေ့မှာလည်း ယုံရှန်းကျောင်းတော်က ကိုယ်တော် နှစ်ပါး ရပ်နေတယ်။ နှစ်ဖက်စလုံးက သိသိသာသာကို ထိပ်တိုက် ရင်ဆိုင်နေကြတာပဲ။
ရှန်ကျုံးဧကရာဇ်က သမီးဖြစ်သူ ရောက်လာတာကို မြင်တော့မှပဲ သက်ပြင်းချနိုင်သွားပြီး ယွီးရှောင်ရှောင်ကို အမြန်လှမ်းပြောတယ်။
"ဆေးသောက်ပြီးပြီလား။ မြန်မြန်လာပြီး ဆရာတော်လေးကို နှုတ်ဆက်လိုက်၊ ငါတို့ ပြန်ရတော့မယ်"
ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ် အနားကို လျှောက်သွားပြီး သူမရဲ့ ခပ်ပေါပေါ ဘုရင်အဖေကို တစ်ချက်ကြည့်လိုက်တယ်။ အဲဒီနောက် ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ကြည့်လိုက်တော့ ရှောင်ကျွမ်းက အဆင်ပြေနေပေမဲ့ ရှောင်ဝေရဲ့ မေးစေ့မှာတော့ သွေးကွက်တွေ ရှိနေတာကို တွေ့လိုက်ရတယ်။ ယွီးရှောင်ရှောင် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး မေးလိုက်တယ်။ "ရှောင်ဝေ... နင် ဘာဖြစ်တာလဲ"
ရှောင်ဝေက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးပြရင်း "မင်းသမီး... ကျွန်တော် ဘာမှမဖြစ်ပါဘူး" လို့ ပြန်ဖြေတယ်။
ယွီးရှောင်ရှောင်က "ဘာမှမဖြစ်ဘူးဆိုရင် မျက်နှာပေါ်မှာ ဘာလို့ သွေးတွေ ပေနေတာလဲ" လို့ ပြန်မေးလိုက်တယ်။
ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို ဆွဲပြီး ပြောလိုက်တယ်။
"လင်းလုံ... ဆရာတော်လေးကို နှုတ်ဆက်လိုက်ပါ"
ခုတင်ရှေ့မှာ ရပ်နေတဲ့ ကိုယ်တော်တစ်ပါးက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ပြောတယ်။
"အရှင်မင်းကြီး... ဒီလိုကိစ္စတွေ ဖြစ်နေတာတောင် အရှင်မင်းကြီးက ဘယ်ကို သွားချင်သေးတာလဲ"
"ချန်ချီ" မင်းဆရာ ချန်ကွမ်းက အသံကျယ်ကျယ်နဲ့ ဝင်ဟောက်လိုက်တယ်။ "မိုးကြိုးပစ်တာက အရှင်မင်းကြီးနဲ့ ဘာဆိုင်လို့လဲ"
မင်းဆရာက ချန်ချီလို့ ခေါ်လိုက်တဲ့ ကိုယ်တော်က မင်းဆရာရဲ့ အော်ဟစ်မှုကို ဂရုမစိုက်ဘဲ ရုတ်တရက် ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး နန်းတွင်းသက်တော်စောင့်တွေ ထမ်းခေါ်လာတဲ့ ကုရှင်းလန်ဆီကို လျှပ်တစ်ပြက် ပြေးဝင်သွားတယ်။
ချန်ချီတစ်ယောက် ကုရှင်းလန်ရဲ့ အရှေ့ကို ရောက်သွားတာကို မြင်တော့ မင်းဆရာ ချန်ကွမ်းက "သတိထား" လို့ အလန့်တကြား အော်လိုက်တယ်။
ကုရှင်းလန်က အခန်းထဲ ဝင်ဝင်ချင်းမှာပဲ ဆရာတော်လေးဖုန်းလင်ရဲ့ လူတွေက သူ့ကို လက်ပါလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ချန်ချီရဲ့ လှုပ်ရှားမှုကလည်း အရမ်းမြန်လွန်းတာကြောင့် ကုရှင်းလန် လုံးဝ တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူး။
ချန်ချီက ကုရှင်းလန်ရဲ့ ခြေကျင်းဝတ် နှစ်ဖက်စလုံးကို လက်ဝါးနဲ့ ပစ်ချလိုက်တယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အရှေ့ကို အပြေးသွားလိုက်ပေမဲ့ ကုရှင်းလန်နဲ့ ချန်ချီရဲ့ လက်ဝါးရိုက်ချက် အတိုင်းအတာထဲမှာ ရှိနေတဲ့ သက်တော်စောင့်တွေကို တွန်းဖယ်ဖို့ အချိန်မရတော့တာကြောင့် ချန်ချီရဲ့ ရိုက်ချက်ကို အတင်းပဲ ဝင်ခံလိုက်ရတယ်။
ချန်ချီက အင့်ခနဲ ညည်းသံ တစ်ချက်ထွက်သွားပြီး နောက်ကို ပြန်လွင့်သွားတယ်။
ယွီးရှောင်ရှောင်လည်း လက်တစ်ဖက် ကျဉ်သွားတယ်။ ချန်ချီရဲ့ ဒီလက်ဝါးရိုက်ချက်က ယွီးရှောင်ရှောင်ကို ခွန်အားဆိုတာကို ခံစားမိစေခဲ့တယ်။
ခုတင်ရှေ့မှာ မလှုပ်မယှက် ရပ်နေတဲ့ ကိုယ်တော်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး "မင်းသမီးရဲ့ ကိုယ်ခံပညာက အတော်လေး ကောင်းတာပဲ" လို့ ပြောလိုက်တယ်။
ရှန်ကျုံးဧကရာဇ်က စိုးရိမ်တကြီးနဲ့ တံတွေး တစ်ချက် မျိုချလိုက်မိတယ်။ ဒီကိုယ်တော် နှစ်ပါးက အမြဲတမ်း အသံတိတ်နေတာကြောင့် သူ့သမီးက ဝမ်ဖုန်းလင် ဘေးက ပေ့အမည်ခံ သိုင်းကိုယ်တော်တွေကို ရှင်းပစ်လိုက်ရင် ရပြီလို့ သူ ထင်နေခဲ့တာ။ တကယ့် သိုင်းပညာရှင် အစစ်တွေက ဒီကိုယ်တော် နှစ်ပါး ဖြစ်နေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူးလေ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ရှန်ကျုံးဧကရာဇ်နဲ့ မင်းဆရာ ချန်ကွမ်းကို ကာကွယ်ရင်း ကုရှင်းလန် ရှိတဲ့နေရာကို ဆုတ်ခွာလာကြတယ်။ ရှန်ကျုံးဧကရာဇ် ဘေးက အရိပ်ကိုယ်ရံတော်တွေကတော့ ချန်ချီရဲ့ လက်ချက်နဲ့ လဲကုန်ကြပြီ။ အရိပ်ကိုယ်ရံတော်တွေတောင် အသုံးမကျမှတော့ အပြင်က နန်းတွင်းသက်တော်စောင့်တွေကို ပိုလို့တောင် အားကိုးလို့ မရတော့ဘူး။
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး... ဒီနှစ်ပါးထဲက တစ်ပါးက ချန်ချီလို့ ခေါ်ပြီး နောက်တစ်ပါးက ချန်မြဲ့လို့ ခေါ်ပါတယ်"
ယွီးရှောင်ရှောင်က နည်းနည်း ကျဉ်နေတဲ့ လက်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး အေးစက်စက် လေသံနဲ့ မေးလိုက်တယ်။
"ရှောင်ဝေ... နင့်ကို ဒဏ်ရာရအောင် လုပ်တာ ဘယ်တစ်ယောက်လဲ"
ရှောင်ဝေ စကားမပြောရသေးခင်မှာပဲ ရှန်ကျုံးဧကရာဇ်က ဝင်ပြောလိုက်တယ်။ "ဆရာတော်လေး... ဒါက နားလည်မှု လွဲတာသက်သက်ပါ။ ဘာလို့ ဒေါသထွက်နေရတာလဲ"
ချန်ချီက ရှန်ကျုံးဧကရာဇ် သူ့ဆရာတော်လေးကို နားလည်မှု လွဲတာလို့ ထပ်ပြောနေတာ မြင်တော့ အတွင်းအားကို လျှို့ဝှက်စွာ စုစည်းလိုက်ပြီး ပြောလိုက်တယ်။ "ငါတို့ ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးက အလွယ်တကူ အထိခိုက်ခံမဲ့သူ ထင်နေလို့လား"
ယွီးရှောင်ရှောင်က ချန်ချီ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်နေတာကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "ဒါဆို နင့်သဘောက ဘာလဲ၊ ငါ့ကို သတ်ချင်တာလား"
…