အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) ပင်လယ်ဓားပြတွေမှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိတယ်
ရှောင်ကျွမ်းလည်း ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်တယ်။ ဟုတ်သားပဲ၊ ပြောထားတဲ့ ယုန်ဖက်တီးလေးတွေက ဘယ်ရောက်နေလဲ။
စိတ်ချရတဲ့ လူငယ်လေး ရှောင်ဝေကတော့ နဖူးကိုရိုက်ပြီး သက်ပြင်းချလိုက်တယ်။ လူတွေကို မရှောင်ဘဲ လူတွေရှေ့ကို တည့်တည့်ပြေးလာတဲ့ ယုန်ဆိုတာ ရှိလို့လား။
"မင်းသမီး၊ ကျွန်တော်တို့ လိုက်ရှာကြည့်ကြတာပေါ့" ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ယုန်တွေ တစ်နေရာရာမှာ ပုန်းနေမှာ သေချာတယ်"
တောင်က မြင့်ပြီး တောက နက်တယ်။ ကုရှင်းလန်တို့လည်း တောင်ထဲမှာ ရှိနေမှန်း သိပေမဲ့ ယွီးရှောင်ရှောင်နောက်ကို လိုက်ပြီး တောင်နက်ထဲကို ဝင်လာလေလေ၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဒီတောင်ထဲမှာ သူတို့ သုံးယောက်တည်း ရှိနေသလို ခံစားရလေလေပဲ။ မိုးထိအောင် မြင့်မားနေတဲ့ သစ်ပင်ကြီးတွေက နေရောင်ကို ကွယ်ထားပြီး တောအုပ်ထဲမှာ မှောင်မည်းစိုစွတ်နေတယ်။ ရှောင်ကျွမ်းက ချမ်းတုန်သွားပြီး ရှောင်ဝေကို တိုးတိုးလေး မေးလိုက်တယ်။
"သားရဲကောင်တွေများ ရှိမနေဘူးမလား"
ရှောင်ဝေက ပြန်ပြောတယ်။ "မင်းသမီး ရှိနေတာကို မင်းက ဘာကြောက်နေတာလဲ"
ရှောင်ကျွမ်းလည်း ရှောင်ဝေရဲ့ စကားကို တွေးကြည့်လိုက်တော့ သိပ်ပြီး မကြောက်တော့ဘူး။ သူတို့ ညီအစ်ကို နှစ်ယောက်က သိုင်းမတတ်ရင်တောင်၊ သူတို့ မင်းသမီးလေးရဲ့ လက်တစ်ဝါးနဲ့တင် အဆောက်အအုံတစ်လုံး ပြိုကျစေနိုင်တဲ့ အစွမ်းနဲ့ဆိုရင် သားရဲကောင်တွေ အုပ်စုလိုက် လာတိုက်ရင်တောင် သူတို့ မင်းသမီးလေးက ကြောက်မှာ မဟုတ်ဘူးလေ။
ယွီးရှောင်ရှောင်ကတော့ တော်တော်လေးကို လောနေပြီ။ အတော်ကြာ လျှောက်လာတာတောင် သူမ ယုန်တစ်ကောင်မှ မမြင်ရသေးဘူး။ ဒါက သူမ မိုးကြိုးနဲ့ ပစ်ချလိုက်မှပဲ ယုန်ဖက်တီးလေးတွေ ထွက်လာမဲ့ ပုံစံမျိုးလား။
မင်းသမီးလေး တောအုပ်ကို မိုးကြိုးနဲ့ ပစ်ချဖို့ စဉ်းစားနေတုန်းမှာပဲ၊ လမ်းဘေး မြက်ခင်းထဲကနေ အနက်ရောင် အလုံးလေး တစ်လုံးက ယွီးရှောင်ရှောင်ရဲ့ ခြေရာရင်းကို လိမ့်ကျလာတယ်။ ပြီးတော့ နောက်ထပ် တစ်လုံး ထပ်ကျလာပြန်တယ်။
"ဒါ ဘာအကောင်တွေလဲ" ယွီးရှောင်ရှောင် ခြေလှမ်းရပ်သွားတယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သေသေချာချာ ကြည့်လိုက်တော့... အမလေး ဘုရားရေ၊ ဒါက နို့မဖြတ်သေးတဲ့ ဝက်ဝံနက်ပေါက်စလေး နှစ်ကောင်ပဲ။
ယွီးရှောင်ရှောင်က လက်လှမ်းပြီး အလုံးလေး တစ်လုံးကို ဆွဲမလိုက်တယ်။ အရုပ်ဝက်ဝံ ဆိုတာမျိုးကိုတော့ ယွီးရှောင်ရှောင် မြင်ဖူးပါတယ်လေ။ မင်းသမီးလေးက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
"ဒါ ဝက်ဝံလား"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြတယ်။ နို့မဖြတ်သေးတဲ့ ဝက်ဝံနက်လေးတွေက ခေါင်းလုံးလုံး၊ ကိုယ်လုံးလုံးနဲ့ မျက်လုံးအကြီးကြီးတွေက စိုလက်နေပြီး ကြည့်ရတာ အရမ်းကို အပြစ်ကင်းစင်တဲ့ ပုံစံလေးတွေလေ။ ညီအစ်ကို နှစ်ယောက်ကတော့ သူတို့ မင်းသမီးလေးက ဒီဝက်ဝံလေးတွေကို ချစ်စရာလေးလို့ ပြောမှာ သေချာတယ်လို့ ထင်နေကြတာ။ သူတို့ကိုယ်တိုင်တောင် ဒီဝက်ဝံလေးတွေက ဆော့ချင်စရာလေးတွေလို့ ထင်နေကြတာကိုး။
ယွီးရှောင်ရှောင်က ဝက်ဝံပေါက်လေးကို ကိုင်ပြီး လှုပ်ရမ်းကြည့်လိုက်တယ်။ ပြီးတော့ ရွံရှာတဲ့လေသံနဲ့ ပြောလိုက်တယ်။
"ဒီဝက်ဝံပေါက်လေးတွေကို အရေခွံခွာလိုက်ရင် အသား ဘယ်နှကျပ်သားလောက် ကျန်မှာလဲ။ နှစ်ကောင်ပေါင်းလိုက်ရင်တောင် စားလို့ လောက်မှာ မဟုတ်ဘူးနော်"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ဘာမှ ဆက်မပြောနိုင်တော့ဘူး။ ဝက်ဝံလေးတွေ ချစ်စရာကောင်းတယ်၊ ဆော့ချင်စရာကောင်းတယ်ဆိုတဲ့ စိတ်တွေလည်း ပျောက်သွားပြီ။ သူတို့က သိပ်ကို ရိုးအလွန်းတာပါ။ သူတို့ မင်းသမီးလေးကို အရမ်း သဘောကောင်းတယ်လို့ ထင်ခဲ့မိတာကိုး။
ယွီးရှောင်ရှောင်ရဲ့ လက်ထဲမှာ အဆွဲခံထားရတဲ့ ဝက်ဝံနက်လေးက တစ်ကိုယ်လုံး အမွေးအနက်တွေချည်းပဲ မဟုတ်ဘူး။ ရင်ဘတ်မှာ အမွေးအဖြူလေး တစ်စု ပါသေးတယ်။ ယွီးရှောင်ရှောင် အောက်မှာရှိတဲ့ နောက်တစ်ကောင်ကို ငုံ့ကြည့်လိုက်တော့လည်း ဒီရုပ်လေးပဲ။ ဒီဝက်ဝံနက်လေးကိုပါ လက်ထဲ ဆွဲမလိုက်ပြီး မင်းသမီးလေးက သူမတစ်ယောက်တည်း နားလည်နိုင်တဲ့ ဟာသတစ်ခုကို ပြောလိုက်တယ်။
"မင်းတို့ အမေက ပိုလာဝက်ဝံနဲ့ အိပ်ပြီး ပန်ဒါဝက်ဝံလေး မွေးထုတ်ဖို့ ကြိုးစားခဲ့တာလား"
ရှောင်ကျွမ်းက မေးတယ်။
"မင်းသမီး... ပိုလာဝက်ဝံဆိုတာ ဘာလဲ။ ပန်ဒါဝက်ဝံကရော ဘာလဲ။ အာ... ဟို... အိပ်တယ်ဆိုတာ..."
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို တစ်ချက် စောင်းကြည့်လိုက်ပြီး ဘာရှက်ရွံ့မှုမှ မရှိဘဲ ပြောလိုက်တယ်။
"အိပ်တယ်ဆိုတာ မင်း မိန်းမရသွားရင် ညတိုင်း လုပ်ရမဲ့ အလုပ်ကို ပြောတာလေ။ နားလည်လား"
ရှောင်ကျွမ်းရဲ့ မျက်နှာက ဒိုင်းခနဲ မြင်သာတဲ့ အမြန်နှုန်းနဲ့ နီရဲသွားတော့တယ်။
ရှောင်ဝေကတော့ ခေါင်းငုံ့ပြီး ခြေဖျားနဲ့ မြေကြီးပေါ်မှာ စက်ဝိုင်းတွေ ဆွဲဆော့နေလိုက်တယ်။ သူ ဘာမှ မမေးတော့ဘူး။ သူ သိချင်တာက သူတို့ ဒီတောအုပ်ထဲကနေ ဘယ်တော့ ထွက်နိုင်မလဲဆိုတာပဲ။ ဒီအချိန်မှာ ရှောင်ဝေက သူတို့ရဲ့ သမက်တော်ကို အရမ်းကို သတိရနေမိတယ်။ ယွီးရှောင်ရှောင်ရဲ့ လက်ချောင်းတွေကို လျှာလေးနဲ့ ထုတ်လျက်နေတဲ့ ဝက်ဝံနက်လေး နှစ်ကောင်ကို မော့ကြည့်ရင်း ရှောင်ဝေ တွေးမိတာက... ဒီနှစ်ကောင်လည်း ငတုံးတွေပဲ၊ အရေခွံခွာပြီး အစားခံရတော့မှာကို ဒီကောင်တွေက ဘာလို့ မျက်နှာလိုမျက်နှာရ လာလုပ်နေရတာလဲပေါ့။
ယွီးရှောင်ရှောင်က ဝက်ဝံနက်လေး နှစ်ကောင်ကို ရှောင်ကျွမ်းလက်ထဲ ပစ်ပေးလိုက်ပြီး ပြောတယ်။
"ယူလာခဲ့... ငါတို့ ဆက်ပြီး ယုန်သွားရှာကြမယ်"
ရှောင်ကျွမ်းက ထစ်ထစ်အအနဲ့ မေးလိုက်တယ်။
"မင်းသမီး... တ... တကယ်ပဲ သူတို့ကို စားတော့မလို့လားဟင်"
ယွီးရှောင်ရှောင်က အတွေ့အကြုံရှိရှိနဲ့ ပြောတယ်။
"ငါတို့ ဝက်ဝံလေးတွေကို ခေါ်သွားရင် ဝက်ဝံအမေက သေချာပေါက် နောက်ကနေ လိုက်လာမှာပဲ။ အဲဒီကျရင် ငါတို့ အကောင်ကြီးကို ဖမ်းလို့ ရပြီပေါ့"
တိရစ္ဆာန်အမတွေက သားသမီးကို ကာကွယ်တတ်ကြတယ်လေ။ ဒါကြောင့် သားလေးတွေ ပျောက်သွားတဲ့ ဝက်ဝံအမေက သူတို့ကို သေချာပေါက် လာရှာမှာပဲ။ ဒီသဘောတရားကို ယွီးရှောင်ရှောင် ပြောပြလိုက်တာနဲ့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ချက်ချင်း သဘောပေါက်သွားကြတယ်။
ယွီးရှောင်ရှောင် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြောတယ်။ "ဝက်ဝံလက်ဝါးက တောင်ပေါ်က ရှားပါးဟင်းလျာလို့ ကြားဖူးတယ်။ ငါ တစ်ခါမှ မစားဖူးဘူး။ တကယ် မြည်းကြည့်ချင်တာပဲ"
ဘုရားရေ... ရှောင်ဝေ စိတ်ထဲကနေ တွေးလိုက်မိတယ်။ နန်းတော်ထဲမှာ ဝက်ဝံလက်ဝါး စွပ်ပြုတ် ချက်တဲ့အကြိမ်က နည်းလို့လား။ မင်းသမီးက ဝက်ဝံလက်ဝါး မစားဖူးဘူးတဲ့လား။ ဒါမှမဟုတ် ဝက်ဝံလက်ဝါးကို စားနေပြီးတော့ ဘယ်သူမှ မပြောပြလို့ မင်းသမီးက အဲဒါ ဝက်ဝံလက်ဝါးမှန်း မသိခဲ့တာများလား။
ရှောင်ကျွမ်းကတော့ တွေးနေမိတယ်။ ဝက်ဝံအမေရေ... အသက်ရှင်ချင်သေးရင်တော့ မထွက်လာပါနဲ့တော့။ ငါတို့ မင်းသမီးက သိပ်ကို ရက်စက်တာ။ မင်းတော့ ငါတို့ မင်းသမီးရဲ့ အရေခွံခွာပြီး အစားခံရမှာ သေချာတယ်။
ယွီးရှောင်ရှောင် ရှေ့ကို ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ရှောင်ဝေကို ထပ်မေးလိုက်ပြန်တယ်။
"ရှောင်ဝေ... ပြောစမ်းပါဦး။ ယုန်တွေ အကုန် ဘယ်ရောက်သွားကြတာလဲ"
ရှောင်ဝေရဲ့ မျက်နှာချောချောလေးက ရှုံ့မဲ့သွားတယ်။ အခု ဖမ်းစရာ ဝက်ဝံနက်ကြီးတောင် ရနေပြီကို၊ သူ့မင်းသမီးက ယုန်ကို မျှော်နေတုန်းပဲလား။ ယုန်အပေါ် ဒီလောက်တောင် စွဲလမ်းနေရတာက ဘာအတွက်များလဲ။
"ကျွန်တော်တို့က တောင်ပေါ်ကို ပထမဆုံး လာတာလေ" ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပါးစပ်ကထွက်သလို အဖြေပေးလိုက်တယ်။ "ဒီတောင်တောအုပ်ကို ကောင်းကောင်း မသိသေးဘူးလေ။ ပါးနပ်တဲ့ယုန်မှာ တွင်းသုံးတွင်း (ပုန်းစရာနေရာ အများကြီး) ရှိတယ်တဲ့။ ကျွန်တော်တို့ သူတို့ကို ရှာမတွေ့တာက လုံးဝ မဆန်းပါဘူး"
"ပါးနပ်တဲ့ ဘာ" စာမတတ်တဲ့ မင်းသမီးက သေချာ နားမလည်လိုက်ဘူး။
"ဒီတောအုပ်ကို ကျွမ်းကျင်တဲ့သူ တစ်ယောက်လောက်သာ ရှိရင်တော့ ကျွန်တော်တို့ သေချာပေါက် ယုန်တွေကို ရှာတွေ့နိုင်မှာပါ" ရှောင်ဝေက သူ့မင်းသမီးကို ပါးနပ်တဲ့ယုန်မှာ တွင်းသုံးတွင်း ရှိတယ်ဆိုတဲ့ စကားပုံကို ဆက်မရှင်းပြတော့ဘူး။ သူ့မှာ အဲဒီလောက် အစွမ်းအစ မရှိဘူးလေ။ ရှောင်ဝေက ယွီးရှောင်ရှောင်ကို အကြံပေးလိုက်တယ်။
"မင်းသမီး... ကျွန်တော်တို့ သမက်တော်တို့ဆီ သွားကြရအောင်။ သူတို့က ခဏခဏ အမဲလိုက်ထွက်တတ်တော့ ယုန်ဘယ်လိုရှာရမလဲဆိုတာ သေချာပေါက် သိမှာပဲ" မင်းသမီးကို သမက်တော်ဆီပဲ အပ်လိုက်တာ အကောင်းဆုံးပဲ။ ရှောင်ဝေ အခုချိန်မှာ ကုရှင်းလန်ကို အရမ်းကို သတိရနေပြီ။
တောင်တောအုပ်ကို ကျွမ်းကျင်တဲ့သူဆိုတဲ့ ရှောင်ဝေရဲ့ စကားတစ်ခွန်းက ယွီးရှောင်ရှောင်ရဲ့ နားထဲကို ဝင်သွားခဲ့တယ်။ ဒါကြောင့် ရှောင်ဝေရဲ့ နောက်ဆက်တွဲ အကြံပေးချက်ကိုတော့ မင်းသမီးလေးက အလိုအလျောက် လျစ်လျူရှုလိုက်တော့တယ်။ ယွီးရှောင်ရှောင်က ဒုတိယခေါင်းဆောင်နဲ့ အာ့ကော်ဇီတို့ကို သွားသတိရလိုက်တယ်။ တောင်ပေါ်မှာ နေပြီး လယ်လုပ်တဲ့သူတွေဆိုတော့ ဒီတောအုပ်ကို သေချာပေါက် ကျွမ်းကျင်မှာပဲလေ။
"ငါ့နောက်လိုက်ခဲ့" ယွီးရှောင်ရှောင် လမ်းကြောင်းပြောင်းလိုက်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ပြောလိုက်တယ်။ "မင်းတို့ကို ဒေသခံတွေဆီ ခေါ်သွားပေးမယ်"
ကိုယ်ဖော့သိုင်းကို မသုံးပါနဲ့ ဘိုးဘေးမလေးရယ်။
သူတို့ မင်းသမီးလေး တောနက်ထဲကို အမြန်နှုန်းနဲ့ ပြေးဝင်သွားတဲ့ အရိပ်ကို ကြည့်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ စိတ်ထဲကနေ ပြိုင်တူ အော်ဟစ်လိုက်ကြတယ်။ သူတို့ တကယ်ကို အမီမလိုက်နိုင်ဘူးလေ။
လီယွမ်လဲ့က အဲဒီအချိန်မှာ ကုရှင်းလန် ပေးလိုက်တဲ့ မြေပုံကို လက်ကကိုင်ပြီး လူအုပ်ရဲ့ အရှေ့ဆုံးကနေ မြင်းစီးသွားနေတယ်။ တောင်ပေါ်တက်တဲ့လမ်းက ကြမ်းတမ်းပြီး သွားရခက်ခဲတယ်။ ကုရှင်းလန်ရဲ့ ရထားလုံးကို ဆွဲတဲ့ မြင်းတွေကအစ စစ်မြင်းတွေ ဖြစ်နေပေမဲ့လည်း သူတို့အဖွဲ့ရဲ့ သွားတဲ့အရှိန်က အရမ်းကို နှေးကွေးနေတုန်းပဲ။
ခေါင်းဆောင်ကြီးက အဲဒီအချိန်မှာ ကုရှင်းယန်နဲ့ ထပ်ပြီး ရန်ဖြစ်နေပြန်ပြီ။ သူ လွှတ်လိုက်တဲ့ သတင်းထောက်လှမ်းတဲ့လူကလည်း ဘယ်လောက်စောင့်စောင့် ပြန်မလာဘူး။ စောင့်သာစောင့်နေရတယ် ပြန်မလာတော့ ခေါင်းဆောင်ကြီး စိတ်ထဲမှာ မီးတွေဟုန်းဟုန်းတောက်နေပြီ။ ကုရှင်းယန်ကလည်း ပါးစပ်သရမ်းတဲ့သူဆိုတော့ လူနှစ်ယောက်က စကားမတည့်တာနဲ့ ပါးစပ်နဲ့ ထပ်ပြီး ချကြပြန်ရော။
"မင်း သေချာပေါက် ကုရှင်းယန် မဟုတ်ဘူး” ဆဲဆိုကြရာမှာ ရှုံးသွားတဲ့နောက် ခေါင်းဆောင်ကြီးက ကုဒုတိယသခင်လေးကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်တယ်။
ကုရှင်းယန်က ခေါင်းဆောင်ကြီးကို မျက်စောင်းထိုးကြည့်လိုက်တယ်။ မျက်နှာပေးက အရမ်းကို အရိုက်ခံချင်စရာကောင်းတဲ့ ပုံစံပဲ။
ခေါင်းဆောင်ကြီးက ပြောတယ်။ "ကုမိသားစုက စစ်သူကြီးမျိုးနွယ်လေ၊ ဘယ်လိုလုပ် မင်းလိုကောင်မျိုး ထွက်လာရတာလဲ"
အာ့ကော်ဇီတို့လည်း အကုန်လုံး ခေါင်းညိတ်လိုက်ကြတယ်။ ပင်လယ်ဓားပြ လုပ်နေတဲ့သူတွေက စစ်သူကြီးမျိုးနွယ်က ဆင်းသက်လာပြီး စာတတ်ပေတတ် စစ်သူကြီးတစ်ယောက်ကို အဆဲပြိုင်ရာမှာ ရှုံးတယ်ဆိုတာ လုံးဝ မဖြစ်သင့်ဘူးလေ။
"ငတုံး" ကုဒုတိယသခင်လေးက ပြောတယ်။ "ငါ စစ်တပ်ထဲမှာ ဘယ်လို စကားမျိုးကို မကြားဖူးလို့လဲ။ မင်းအမေ မင်းကို မွေးတုန်းက ဦးနှောက်ထည့်ပေးဖို့ မေ့သွားတာလား"
မင်းအမေ မင်းကို မွေးတုန်းက ဦးနှောက်ထည့်ပေးဖို့ မေ့သွားတာလား။ ဒီစကားက နည်းနည်းတော့ ရှုပ်နေတယ်။ ခေါင်းဆောင်ကြီးက ဒီစကားကို စိတ်ထဲကနေ နှစ်ခေါက်လောက် ရွတ်ကြည့်ပြီးတော့မှ၊ သစ်ပင်မှာ အတုပ်ခံထားရတဲ့ ဒီကောင်က သူ့ကို ဦးနှောက်မရှိဘူးလို့ ဆဲနေတာမှန်း သဘောပေါက်သွားတယ်။
"မင်းကို ငါ သတ်ပစ်မယ်” ခေါင်းဆောင်ကြီးက ဒေါသတကြီးနဲ့ ဓားကို ဆွဲထုတ်လိုက်တော့တယ်။
ကုဒုတိယသခင်လေးကတော့ ခေါင်းဆောင်ကြီးကို မျက်စောင်းထိုး ကြည့်နေတုန်းပဲ။ အဲဒီအဓိပ္ပာယ်က 'သတ္တိရှိရင် ခုတ်လိုက်လေ' ဆိုတဲ့ သဘောပေါ့။
ခေါင်းဆောင်ကြီးလည်း ဓားကို မြှောက်ပြီး ခုတ်ချလိုက်တော့တယ်။ ပင်လယ်ဓားပြတွေမှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိတယ်လေ။
"ဝေါင်း..." ခေါင်းဆောင်ကြီးက ကုဒုတိယသခင်လေးကို ဓားနဲ့ ခုတ်သတ်တော့မဲ့ အချိန်မှာပဲ တောင်ကြားထဲမှာ ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတယ်။
ခေါင်းဆောင်ကြီးရဲ့ ဓားရွယ်ထားတဲ့ လက်ကြီး တောင့်တင်းသွားတယ်။ ဒါ... ဝက်ဝံ ထွက်လာတာလား။
…