← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) အသုံးမကျသော မွေးသဖခင်

ဘုရင် ရှန်းကျုံး တံခါးပေါက်ဝကနေ ဝင်လိုက်ရုံရှိသေး၊ သူ့ချစ်သမီးလေးက ချစ်လှစွာသော မိဖုရားလေးကို ကုပ်ကဆွဲပြီး ခွေးသေကောင် ပစ်သလို လွှင့်ပစ်လိုက်တာကို တွေ့လိုက်ရလေတယ်။ မြင်မြင်ချင်းကို သူ့ခမျာ အံ့သြမှင်တက်သွားလိုက်ရတာ။

'ဘာဖြစ်နေတာလဲ၊ တစ်ယောက်ယောက် ကျန်းကို လာရှင်းပြပါလား...'

[ကျန်း - ငါကိုယ်တော် ဘုရင်မင်းမြတ်]

ကျောင်းမိဖုရားလည်း ပြတင်းပေါက်ကနေ လွင့်ထွက်ပြီးနောက် ခေါင်းပေါ်မှာ စာကလေးနှစ်ကောင် လာပျံနေတာ မြင်လိုက်သေးတယ်။ ပြီးတော့မှ သတိလစ်သွားတော့တာ။ သိပ်မကြာပါဘူး၊ ခန္ဓာကိုယ်တစ်ခု ရေကန်ထဲ ပြုတ်ကျတဲ့ အသံကပါ လိုက်လာတယ်။ တဒင်္ဂလောက် တိတ်ဆိတ်ငြိမ်သက်ပြီးသွားတဲ့နောက်မှာတော့ နန်းဆောင်တော် အပြင်ဘက်ကနေ ကျွတ်ကျွတ်ညံအောင် အသံတွေ ထွက်လာပါတော့တယ်။

"အား... ကျောင်းမိဖုရား ရေထဲ ကျသွားပြီ..."

"အာား... မယ်မယ့်ကို ကယ်ကြပါဦး..."

"အာာား... ကျောင်းမိဖုရား ရေနစ်နေလို့..."

ဘုရင် ရှန်းကျုံး အသိတရား ပြန်ဝင်မိတဲ့ အချိန်မှာတော့ ခြေလှမ်းကျဲကြီးတွေ သုံးလှမ်းလောက် လှမ်းပြီး ပြတင်းပေါက်နားကို သွားတယ်။ ရေကန်ပြင်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ သူ အခုလေးတင် မျက်မြင်တွေ့လိုက်ရတဲ့ အဖြစ်တွေကို ပြန်ပြောင်းစဉ်းစားရင်း ကြက်သီးထနေမိတော့သတဲ့။ ယွီးရှောင်ရှောင်ကတော့ သူမရဲ့ လူသတ်ရန်ကြံစည်မှု အထမမြောက်လိုက်တာကို သိလိုက်ရလို့ မျက်မှောင်တောင်ကြုတ်သွားမိတယ်။ ကျောင်းမိဖုရားကို ကိုင်ပေါက်လွှင့်ပစ်လိုက်တုန်းက အပြင်ဘက်မှာ ရေကန်တစ်ခု ရှိနေသေးတာကို သူမ မေ့သွားခဲ့တာကိုး။

"မြန်မြန်..." ဘုရင် ရှန်းကျုံး ပြတင်းပေါက်ကနေ လှမ်းအော်တယ်။

"မြန်မြန်... ကျန်းနဲ့အတူ အောက်လိုက်ဆင်းစမ်း..."

"ကိုယ်တော်က အောက်ဆင်းချင်တာလား..."

ယွီးရှောင်ရှောင် သံယောင်လိုက်မိတယ်။ ပြီးတော့ ဘယ်မိန်းမစိုး၊ ဘယ်ကိုယ်ရံတော်မှ မတုံ့

ပြန်လိုက်နိုင်သေးခင်၊ ယွီးရှောင်ရှောင် ပြည့်ရှင်မင်းဘေးကို ဖျတ်ခနဲ ရောက်သွားတော့တယ်။

"ကျန်း အောက်ဆင်းပြီး ကျန်းရဲ့ ချစ်လှစွာသော မိဖုရားကို တွေ့ရမှာပေါ့ကွာ..." ရှန်းကျုံးက ပြန်ပြောတယ်။

"ကောင်းပြီလေ၊ အောက်ကို ခေါ်သွားပေးတာပေါ့..."

ယွီးရှောင်ရှောင် ပြောရင်း ဆိုရင်း သူ့အင်္ကျီကုပ်စကို ဆွဲလိုက်တော့တယ်။ နောက်တော့ ပွင့်လက်စ ပြတင်းပေါက်ကနေ ဖခမည်းတော်နဲ့အတူ ခုန်ချလိုက်တော့လေတယ်။

"......" ပြတင်းပေါက်အနီးမှ မင်းမှုထမ်းများ ဆွံ့အ။

ရှန်းကျုံး ခြေနှစ်ဖက် မြေအပြင်ကို ထိတဲ့အချိန်မှာပဲ မိန်းမစိုးအချို့ ကျောင်းမိဖုရားကို ရေကန်ထဲက ဆယ်ယူလို့ ပြီးတယ်။ ရှင်ဘုရင်ကြီးမှာ ကျောင်းမိဖုရားကို စိုးရိမ်နေမိတော့ ကိုယ့်အတွက်ကိုယ်တောင် မစဉ်းစားမိလေဘူး။ သူ ကျယ်လောင်စွာ မေးမြန်းလိုက်လေတယ်။

"သူ ဘယ်လိုနေတုံး..."

မိန်းမစိုးတွေ ပြန်မဖြေနိုင်သေးခင်မှာပဲ ယွီးရှောင်ရှောင် ပြန်ဖြေပေးလိုက်တယ်။

"သူ မသေသေးဘူး..."

"ဒါဖြင့် သူ ဘာလို့ ပါးစပ်က အမြုပ်တွေ ထွက်နေတာတုံး..."

ရှန်းကျုံးက မေးတယ်။

ကမ္ဘာပျက်ကပ်မှာ စစ်သားတိုင်းနီးပါး ပြင်ပဒဏ်ရာတွေကိုတော့ ကောင်းကောင်းကုတတ်ကြတယ်။ ဆရာဝန်တိုင်းက စစ်ထွက်လိုက်နိုင်တာမှ မဟုတ်တာ။ ဒီတော့ စစ်သားတွေကိုယ်တိုင် ကိုယ့်ဘာသာ ကုသတတ်မှ အဆင်ပြေတယ်။ ယွီးရှောင်ရှောင်လည်း ကျောင်းမိဖုရား ပါးစပ်က အမြုပ်ထွက်ပုံကို ကြည့်ရင်း အကြံအိုက်သွားမိတယ်။ ကျောင်းမိဖုရား ကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာ ဒဏ်ချက်တွေ ရှိမနေဘူး။ ဒီတော့ ဒါဟာ ကိုယ်အတွင်းအင်္ဂါတွေရဲ့ ရောဂါဖြစ်ရမယ်။ တစ်ခဏလောက် တွေးတောစဉ်းစားပြီးတဲ့နောက်မှာတော့ သူမ မှန်းဆကြည့်လိုက်တော့တယ်။

"ဝက်ရူးပြန်တာများလား..."

ကျောင်းမိဖုရားကို ကယ်ဆယ်လာခဲ့တဲ့ မိန်းမစိုးတွေမှာ ဒီသားအဖကို လှမ်းအော်လိုက်မိချင်လာကြတယ်။ ဘယ့်နှယ်၊ ဒီအမျိုးသမီးမှာ လိပ်ပြာလွင့်မတတ် အကြောက်လွန်သွားရရုံပဲကို၊ သူမ တုန်နေတာ မတွေ့ကြဘူးလား။ ဘယ်လို သားအဖမျိုးပါလိမ့်။ မိန်းမတစ်ယောက်ကို သုံးထပ်ဆောင်ကြီးကနေ ပစ်ချပြီးတဲ့နောက်မှာ ပါးစပ်ကနေ အမြုပ်ထွက်တဲ့ ကိစ္စလေးတစ်ခုကို ဇာချဲ့ပြီးပြောနေစရာ အချိန်ရှိသေးသတဲ့လား။ နန်းတွင်းသမားတော်တစ်ယောက်လောက် ခေါ်လိုက်ဖို့ အဲ့သလောက်တောင် ခက်ခဲနေလား။

"အ- အရှင်မင်းကြီး"

မိန်းမစိုးအထိန်းတော်ချုပ်ကြီးလည်း သုံးထပ်ဆောင်တော်ကနေ ကသောကမြော ပြေးဆင်းလာပြီး ရှန်းကျုံးရှေ့မှောက်လာခစားတယ်။ သူ့မျက်နှာထားက အသေ။ သူက မေးလာတယ်။

"အရှင်မင်းကြီး၊ အဆင်ပြေပါရဲ့လား..."

ရှန်းကျုံး ကြောင်သွားတော့တယ်။

"ကျန်းက ဘာဖြစ်နိုင်မှာမို့လဲ... အခုနေ ဒုက္ခရောက်နေတာ ကျောင်းမိဖုရားလေ..."

မိန်းမစိုးကြီးလည်း သူတို့နောက်ရှိ အဆောက်အဦကြီးကို မော့ကြည့်လိုက်တော့တယ်။ ရှန်းကျုံးလည်း လန့်သွားတယ်။ နောက်တော့ မိန်းမစိုးကြီး အကြည့်နောက်က လိုက်ကြည့်မိတယ်။ သူ အော်ပါလေရော။

"အယ်... ကျန်း ဘယ်လိုလုပ် အောက်ရောက်လာသတုံး..."

မိန်းမစိုးကြီးက ယွီးရှောင်ရှောင်ဘက် လက်ညှိုးပြန်ထိုးပြလိုက်တယ်။ စားဖို့ သောက်ဖို့ ပျော်ပါးဖို့လောက်ပဲ ပြည့်နှက်နေတဲ့ ရှန်းကျုံးရဲ့ ဦးနှောက်ဟာ အဲဒီတော့မှ ဖြစ်ဖြစ်ခဲ့သမျှကို မှတ်မိလေတော့သတဲ့။ 'သူ့သမီးတော်ကိုယ်တိုင်ကိုက သူနဲ့အတူ အဆောင်တော်ပေါ်က ခုန်ချလိုက်တာပဲ...'

"မဖြစ်နိုင်လိုက်တာ..." သူ ရေရွတ်လိုက်မိလေတယ်။ သူ ဒီနေ့ အိပ်ရာထတဲ့ ပုံစံပဲ မမှန်နေလို့လား။

ပေလွှာရှုနန်းပတ်ပတ်လည် ပေ သုံးရာလောက်ကို အသံတွေ တိတ်သွားခဲ့တယ်။ အားလုံးက မျက်နှာသေတွေနဲ့ မင်းသမီးလင်းလုံကိုသာ စိုက်ကြည့်နေလေတယ်။

'ဘုရင်မင်းမြတ်ကို ချီမပြီး အဆောင်တော်ပေါ်က ခုန်ချတယ်တဲ့လား... မင်းသမီးမှာ သတ္တိတွေ ဘယ်နှဆယ်သားလောက်ရှိနေလို့လဲ...'

"မင်းသမီးလေး အသက်မရှင်ချင်တော့တာများလား..."

အရိပ်တစ်ခုထဲက ကိုယ်ရံတော်တစ်ယောက် သူ့အဖော်ကို တီးတိုးကပ်မေးလိုက်လေတယ်။

အရေးကြီးတဲ့ အချက်ကို ဆုပ်ကိုင်မိတဲ့ အဖော်ကတော့ ပြန်လည်တုံ့ပြန်လိုက်တယ်။

"မင်းသမီး ဘယ်တုန်းက သိုင်းတတ်သွားတာလဲ..." သူတို့လို အရိပ်ကိုယ်ရံတော်တွေတောင်မှ သူမကို တားဖို့ မမှီလိုက်ဘူး။ အရှင့်သမီးတော်များ ရုတ်တရက်ကြီး အဆင့်မြင့် သိုင်းပညာရှင် ဖြစ်သွားတာများလား။

"မိဖုရားခေါင်ကြီး နတ်ရွာမြန်းတော့ မင်းသမီးလည်း နေမကောင်းဖြစ်သွားခဲ့တယ်လို့ ကြားတယ်..."

ဆိုတော့ကာ နေမကောင်းဖြစ်လည်း ဖြစ်ပြီးသွားရော အဆင့်မြင့်သိုင်းသမား ဖြစ်သွားရောပဲလား။ ကိုယ်ရံတော်က သူ့ရဲ့ အဖော်ငပိန်းတိန်းကို ပြူးကြည့်လိုက်မိတော့တယ်။

'အဲ့သလိုသာ ဖြစ်ကြေးဆို၊ ငါတို့တွေ ပင်ပင်ပန်းပန်း သိုင်းလေ့ကျင့်မဲ့အစား နေမကောင်းပဲ အဖြစ်ခံလိုက်တာ ပိုမကောင်းဘူးလား...'

"သမီးတော်က ကျန်းကို ဆွဲပြီး အဆောင်တော်ပေါ်က ခုန်ချလိုက်တာလား..."

ရှန်းကျုံး အားလုံးရဲ့ ရှေ့မှောက်မှာ မေးချလိုက်တယ်။

ယွီးရှောင်ရှောင်ကလည်း ခေါင်းညိတ်တယ်။

"သမီးတော် ဘာတွေ တွေးနေခဲ့တာလဲ" သူက မေးပြန်တယ်။

"အဲ့သလိုက ပိုမြန်လို့..." ယွီးရှောင်ရှောင် ပြန်ဖြေတယ်။

"အဓိပ္ပာယ် မရှိတာ..."

"သမီး ဘယ်တော့မှ လိမ်မပြောဘူး..."

ဒါ အမှန်တရားပဲ။ ယွီးရှောင်ရှောင် ဘဝမှာ ဘယ်သူ့ဘယ်သူကိုမှ မလှည့်စားခဲ့ဖူးဘူး။ ဇွန်ဘီတွေဆိုတာ လူစကားတောင် နားမလည်တာ သူမ ဘယ်သူ့ကို သွားလိမ်ပေးရမှာလဲ။ သူမလို လူအချင်းချင်းတွေကို လိမ်ရမှာလား။ ရူးမနေစမ်းကြနဲ့။ လူသားမျိုးနွယ်တွေ မျိုးသုဉ်းတော့မဲ့အချိန်မှာ ဘယ်လိုလူက အချင်းချင်း စောင်းမြောင်းတိုက်ခိုက်ဖို့ အားယားနေမှာလဲ။

သေအံ့ဆဲဆဲအဖြစ်က သီသီလေး လွတ်သွားပုံကို တွေးမိလိုက်တော့ ရှန်းကျုံးမှာ ချွေးစေးတွေတောင် တောက်တောက်ကျတယ်။ သူ ယွီးလင်းလုံကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်တော့တာပဲ။

"လာကြစမ်း..."

အားလုံး အသက်တောင် မရှူဝံ့တော့ဘူး။ ဘုရင်မင်းမြတ်က သမီးတော်ကို သတ်တော့မယ်။ ယွီးရှောင်ရှောင်တစ်ယောက်ကတော့ အရိပ်သုံးပါး နားမလည်ရှာဘူး။ အဲ့အစား ကျောင်းမိဖုရားကိုတောင် လက်ညှိုးထိုးပြလိုက်သေး။

"ကိုယ်တော်၊ ကိုယ်တော့်မယားငယ်ကို ဘယ်လိုလုပ်ဖို့ အစီအစဉ် ရှိသလဲ..."

'မယားငယ်...'

ရှန်းကျုံး သူ့သမီးကို ထိုးထားတဲ့ လက်ညှိုးတောင် တုန်တုန်ရင်ရင် ဖြစ်လာပြီ။ "မယားငယ်၊ မယ်မင်းက သူ့ကို ကျန်းရဲ့ မယားငယ်လို့ ပြောတာလား..."

"မဟုတ်ရင် သူက ဘာလဲ..."

"သူက ကျန်းရဲ့ ကြင်ရာသက်လျာ မိဖုရားပဲ..."

"မိဖုရားဆိုတာ မယားငယ်ပဲ မဟုတ်ဘူးလား..."

ယွီးရှောင်ရှောင် စိတ်တိုလာပြီ။ သူမက ကမ္ဘာပျက်ကပ်က လာတယ်၊ ဘာမှ မသိနားမလည်သူဆိုပြီး သူ သူမကို သက်သက်အနိုင်ကျင့်ချင်တာလား။

"ကျန်းအတွက် သူ့ကို ဖမ်းချုပ်ပေးကြစမ်း..."

ရှန်းကျုံး အော်ပြီလေ။

ယွီးရှောင်ရှောင်လည်း သက်ပြင်းတွေပါ ချမိလေရဲ့။ ဖအေကသာ ဉာဏ်လေးနည်းနည်းရှိ၊ အကျင့်လေး နည်းနည်း ကောင်းရင်၊ သမီး လုပ်တဲ့သူလည်း ကြွေကျတဲ့ အသီး အပင်နဲ့ သိပ်မဝေး ဆိုသလို ဖြစ်မှာပဲ။ အဖေလုပ်တဲ့သူကိုက အသုံးမကျနေလို့ ဟိုရက်စက်တဲ့ ဘုရင်မ ဇာတ်သိမ်း မကောင်းရတာလို့ ပြောရမယ်။

…

အခန်း (၄) ဘုရင်မရဲ့ ကံကြမ္မာကို ရှောင်လွှဲဖယ်မယ်

ရှင်ဘုရင်ရဲ့ နှုတ်မိန့်ဆိုတာမျိုးက ကြီးလေးတယ်ရော်။ "ရွှေနှုတ်တော်မှ မြွက်သည့် ပုလဲစကားလုံး"ဆိုတဲ့ အဆိုရှိတယ် မဟုတ်လား။ သူ့အမိန့်ကို မနာခံသူမှန်သမျှ ခေါင်းပြတ်ကိန်းရှိတယ်။ ဒီတော့ ရှိရှိသမျှ ကိုယ်ရံတော်တွေလည်း တစ်စုတစ်စည်းတည်း တက်ကြတော့တယ်။

နောက်တော့...

ဘာဖြစ်လို့ သိုင်းပညာကျွမ်းကျင်ကြတဲ့ ယောကျ်ားရင့်မကြီးတစ်စုက မီတာ ၁၀၀ လောက် လွင့်ထွက်ကုန်တာလဲ။ ဘာဖြစ်လို့ ရှန်းကျုံးဘုရင်ရဲ့ လှည်းယာဉ်နဲ့ တိုက်မိကာ သတိလစ်ကုန်ကြတာလဲ။ အနီးဆုံးမှာ ရှိနေတဲ့ ကိုယ်ရံတော်ကို ယွီးရှောင်ရှောင် ကန်ထုတ်ပြီးတဲ့အခါမှာ လူတိုင်း ခေါင်းထဲ ဒီအတွေးတွေပဲ တွေးနေနိုင်တော့တယ်။

ယွီရှောင်းရှောင် မျက်မှောင်တွေ ပိုကြုတ်သွားမိပြီ။ ရက်စက်တဲ့ ဘုရင်မရဲ့ ဘဝဇာတ်ကြောင်းကို သူမ မြင်ရတုန်းက ဒီလောကမှာ လူလူချင်း သွေးချောင်းစီးအောင် သတ်ဖြတ် တိုက်ခိုက်နေကြတာကို တွေ့ခဲ့တယ်။ အဲ့တုန်းကတော့ သူတို့ကြည့်ရတာ အတော်လေး သန်ကြပုံပါပဲ။ ဒါနဲ့များ အခုကျမှ ဘာလို့ သိပ်နုနေတာလဲ။ 'အခုချိန်သာ ကမ္ဘာပျက်ကပ်ဆိုက်နေချိန်ဆိုရင်တော့...' ယွီးရှောင်ရှောင် သူမ ပတ်ပတ်လည်ကို ကြည့်ရင်း တွေးနေလိုက်တယ်။

'သူတို့ အရင်ဆုံး သေရလောက်တယ်...'

ရှန်းကျုံးမှာ ထပ်မံတဖန် ဆွံ့အသွားရပြန်တော့တယ်။ "ချစ်သမီးက လင်းလုံပဲလား..." သူ သမီးတော်ကိုအတည်ပြုဖို့ငှာ မေးကြည့်လိုက်လေတယ်။

"ဟုတ်တယ်လေ" ယွီရှောင်းရှောင်ကလည်း ခေါင်းညိတ်လိုက်တယ်။

"တို့တွေ ရန်ဆက်ဖြစ်ကြဦးမှာလား..."

ရှန်းကျုံး ဘာမှ ဆက်မပြောနိုင်တော့ဘူး။ လုံးလုံးကို ကြောင်အနေမိပြီ။ ရှင်ဘုရင်ကိုယ်တော်တိုင်က နှုတ်ဆိတ်နေတော့ ကျန်တဲ့ ကိုယ်ရံတော်တွေလည်း ဘာမှ မတတ်နိုင်တော့ဘဲ ဆက်ချီတက်လာရတော့တယ်။

ဇွန်ဘီတွေ ပြည့်နှက်နေတဲ့ ကပ်ကာလမှာတော့ လူသားတွေ အသက်ဆက်နိုင်ဖို့ မျိုးရိုးဗီဇတွေ ပြောင်းလဲသွားခဲ့ကြတာ။ ဒီတော့ သာမန်လူသား ကိုယ်ရံတော်တွေခမျာ အတုံးအရုန်း ရှုံးနိမ့်ကုန်တော့တာပေါ့။ မျက်စိတစ်မှိတ်ကာလလေးအတွင်းမှာ ကိုယ်ရံတော် အယောက် ၂၀ ကျော်လောက် လွင့်ထွက်ကုန်ပြီး မြေပေါ်မှာ ပိုးလိုးပက်လက်တွေ လန်လို့။ မတ်တတ်ရပ်နေတာဆိုလို့ သစ်ကိုင်းနှစ်ကိုင်းကြားထဲ လွင့်ပြီး ရောက်သွားတဲ့ အစောင့်တစ်ယောက်ပဲရှိတော့တယ်။ သူက အဲ့ဒီမှာ ချိတ်မိနေတာ။

ဘုရင်ရှန်းကျုံးလည်း အဟောင်းသားဖြစ်နေမိတဲ့ ပါးစပ်ကို ပြန်ပိတ်လိုက်တော့တယ်။ သူ ဒီနေ့ အိပ်ရာ ထပုံ မမှန်လို့ပဲ ဖြစ်ရမယ်။

အခုချိန်မှာ ကျောင်းမိဖုရားလည်း သတိပြန်လည်လို့လာပြီ။ သူမ ရှန်းကျုံးကို တွေ့လိုက်တယ်ဆိုရင်ပဲ၊ သနားစရာ ညောင်သံလေးနဲ့ ညုလေတော့တယ်။

"ဝမ်းရှောင့်..." (အရှင်မင်းကြီး...)

ယွီးရှောင်ရှောင်မှာ ကြက်သီးကို ထလို့။ လူသားတစ်ယောက်ဆီကနေ ဘယ်လို ဘယ်လိုဖြစ်ပြီး ကြောင်တွေ မိတ်လိုက်ရင် ညှာသံပေးတဲ့ အသံမျိုးထွက်နိုင်တာလဲဆိုတာ သူမ နားမလည်နိုင်တော့ဘူး။ သိပ္ပံနည်းလမ်း မကျလိုက်တာ။ တကယ်တော့ သူမ ဒီလိုနားမလည်နိုင်တာကလည်း ကမ္ဘာပျက်ကပ်မှာ ရှေ့တန်းဝင်ခဲ့ရလို့ပဲ။ အဲ့သလို ချွဲနွဲ့နေလို့ကတော့ ဘယ်လိုမှ အသက်မရှင်နိုင်မဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ပဲ ဖြစ်တယ်။

"အရှင်မင်းကြီး၊ ဒါ မင်းသမီးလေး အပြစ်မဟုတ်ပါဘူး... ဒီကိုယ်လုပ်တော်မှာပဲ အပြစ်ရှိနေတာပါ..."

ကျောင်းမိဖုရား တရှုံ့ရှုံ့လုပ်နေလေရဲ့။

ရှန်းကျုံးလည်း သူ့ချစ်လှစွာသော မိဖုရားဟာ တကယ်ကို သိမ်မွေ့ကြင်နာတတ်ပြီး သဘောမနောကောင်းသူလေးလို့ ခံစားရမိလိုက်တယ်။ လင်းလုံမင်းသမီးက သူမကို ကိုင်ပေါက်ပြီး အသေသတ်ပစ်ချင်တာ။ ဒါကိုတောင် သူမက မင်းသမီးဘက်က ကာကွယ်ပြောပေးနေသေးတယ်လေ။ အခုချိန်မှာ ကျောင်းမိဖုရားတစ်ကိုယ်လုံး ရွှဲရွှဲစိုလို့။ ဆံပင်တွေ ဖွာလန်ကြဲလို့၊ မျက်နှာချေတွေလည်း ယိုယွင်းကုန်ပြီ။ သူမရဲ့ ဖရိုဖရဲအသွင်ဟာ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ရှန်းကျုံး အမြင်မှာတော့ ရှုမငြီးဖွယ် ဖြစ်နေခဲ့တာပေါ့။

"အရှင့်သမီးတော်ဟာ ကုအိမ်တော်အတွက်နဲ့ စိတ်ဆိုးနေလို့သာရယ်..."

ကျောင်းမိဖုရားက ငိုရင်း ရှိုက်ရင်းနဲ့ ဆိုလေတယ်။

"မင်းသမီးဟာ နန်းတော်ကနေ ခေတ္တခွာပြီး အပိုင်စားရထားတဲ့ နယ်ဆီသွားနေချင်ပြီလို့လည်း ဒီကိုယ်လုပ်တော်ကို ပြောပါသေးတယ်..."

ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူတို့ စကားပြောနေတုန်းကြားလိုက်တာဆိုလို့ ဝမ်မောမောပဲရှိတယ်လေ။ ကျန်တဲ့ အစေခံတွေအကုန် သူမ လူယုံတော်တွေချည်းပဲ။ ကျောင်းမိဖုရားမှာ အလိမ်အညာစကားတွေကို ပြောင်ပြောင်တင်းတင်းပြောထုတ်ဖို့ ဝန်လေးမနေတော့ဘူး။

မယ်တော်ကြီး စီစဉ် စေ့စပ်ကြောင်းလမ်းထားတဲ့ ကိစ္စကို ဘုရင် ရှန်းကျုံး သတိရမိသွားတော့ စိတ်က ပိုတောင် အချဉ်ပေါက်သွားတော့တယ်။

"ဘုရင့်သမီးတော်တစ်ပါးအနေနဲ့ အိမ်ထောင်မပြုရတော့မှာ စိုးရိမ်စရာရှိလား..." သူ မေးလိုက်လေတယ်။

ကျောင်းမိဖုရား သူမရဲ့ ရံရွှေတော်တွေ အကူအညီနဲ့ ထရပ်လိုက်ရင်း၊ မိန်းမစိုးတစ်ပါး ခေါ်ဆောင်လာတဲ့ နန်းတွင်းရုံးတော် အရာရှိတွေဘက်ဆီ လှမ်းကြည့်လိုက်တော့တယ်။ သူမက ဘုရင် ရှန်းကျုံးရှိရာကို ချဉ်းကပ် လျှောက်လှမ်းသွားတဲ့ ပုံကိုက သေခါနီး လူမမာပုံနဲ့။ ပြီးတော့ ခပ်တိုးတိုး ဆိုလိုက်လေတယ်။

"အရှင်မင်းကြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ သိပ်ကို အရေးကြီးပါတယ်... အရှင့်သမီးတော်ဟာ ငယ်ရွယ်နုနယ်သေးတာ ဘယ်လိုလုပ်ပြီး လူအများ လက်ညှိုးထိုးတဲ့ဒဏ်ခံနိုင်ပါ့မလဲ..."

ရှန်းကျုံးက ပြောလာတော့တယ်။

"ဒါဆို လင်းလုံအတွက် ဘယ်နယ်ကို ကျန်း အပိုင်စား ပေးရမလဲ"

အနီးအနားမှာ ရှိနေတဲ့ အမှုတော်ထမ်းတွေလည်း တော်သင့်ပြီလို့ ထင်လာမိပြီ။

'အရှင်မင်းကြီး၊ ဒီလို အရိုက်အရာ ကိစ္စကအစ ကျောင်းမိဖုရားကို မေးနေဖို့ လိုသလား... အရှင့်မှာ ဦးနှောက်တစ်ခု ရှိနေရင် တွေးတော ဆင်ခြင်ဖို့ အသုံးချသင့်တယ် မဟုတ်ပါလား...'

ယွီးရှောင်ရှောင်ကတော့ ဝမ်မောမောဆီလျှောက်သွား ထူမပေးလိုက်ရင်း ခပ်တိုးတိုး မေးလိုက်လေတယ်။

"အဲ့ဒီ ကုမျိုးနွယ်က လူကောင်းလား၊ လူဆိုးလား..."

ဝမ်မောမောဆိုတာကလည်း ကိုယ့်အသိစိတ်ကို ဆန့်ကျင်ပြီး ပြောတတ်သူ မဟုတ်လေတာ့ အမှန်တိုင်းပဲ ပြန်ဖြေလိုက်တော့တယ်။

"ကုအိမ်တော် တစ်မျိုးနွယ်လုံးက သစ္စာရှိ အမှုထမ်းတွေပါ၊ သူဟာလည်း လူကောင်းလေးပါပဲ"

သူသာ လူကောင်းဆို လုံလောက်ပြီလေ။ ယွီရှောင်းရှောင် ရှန်းကျုံးတို့ဘက်ကို ကြည့်ပြီး ပြောလာတော့တယ်။

"အဲသလောက်ကြီး အလုပ်ရှုပ်ခံမနေပါနဲ့တော့၊ ကျွန်မ နန်းတော်ထဲက ထွက်သွားမှာ မဟုတ်ဘူး..."

ရှန်းကျုံးလည်း သူ့သမီးတော်ဆီ ချက်ချင်း လျှောက်လာပြီး ချော့မော့တော့တာပဲ။

"ကျောင်းမိဖုရားက သမီးတော်အတွက် စဉ်းစားပေးတာလေ"

'အဲ့မယားငယ်က ငါ့ဆီ အပြေးလာပြီး ကိုက်သတ်ရင်သာ သတ်လိုက်မှာ၊ မြင်တာနဲ့ မသိဘူးလား...'

ယွီးရှောင်ရှောင် ခေါင်းသာ တွင်တွင်ရမ်းလိုက်တယ်။

"လက်ပဲ ထပ်တော့မယ်"

ဘုရင် ရှန်းကျုံး စိတ်တိုလေပြီ။

"သမီးတော်က ဘယ်သူနဲ့ လက်ထပ်မလို့တုံး၊ ဘာလို့ ပြောစကားတွေ နားမထောင်ရတာလဲ... ကုအိမ်တော် ဘာပြစ်မှုတွေ ကျူးလွန်ထားသလဲဆိုတာရော သမီးတော် သိရဲ့လား၊ ရန်သူနဲ့ ပူးပေါင်းတယ်... တိုင်းပြည်သစ္စာဖောက်တယ်... တပ်တွင်း ရေးရာတွေကို အတုအယောင် သတင်းအစီအရင်ခံတင်ပြတယ်၊ အရင်မင်းကြီး ချီးမြင့်ထားတဲ့ ရွှေတံဆိပ်တော်ကြောင့်သာ မဟုတ်ရင် သေဒဏ်ကျကြမှာ... ကျန်း သူတို့ကို ဆွေစဉ်မျိုးဆက် ကွပ်မျက်ပစ်မှာ..."

"သက်သေက ခိုင်လုံလို့လား" ယွီရှောင်းရှောင် မေးလိုက်တော့တယ်။

ရှန်းကျုံးဘုရင်ကလည်း နှာခေါင်းရှုံ့လေတယ်။

"ဒါ ဘာစကားပြောတာလဲ၊ သမီးတော်ဟာ ကိုယ့်ကောင်းကျိုးအတွက် စဉ်းစားပေးတဲ့သူကိုတောင် အသိအမှတ် မပြုနိုင် မမြင်နိုင်တော့ဘူးလား၊ ဒါဆို ဖခမည်းတော် မင်းကို ကူအိမ်ကသားနဲ့ ပေးစားလည်း အပြစ်မတင်နဲ့တော့..."

"ဒီမိန်းမက လူကောင်းတဲ့လား..."

ယွီးရှောင်ရှောင် သူမ ဖခင်ဆိုသူကို ကျပ်မပြည့်တဲ့သူကို မြင်နေရတဲ့ အတိုင်း ကြည့်ရင်း ကျောင်းမိဖုရားဆီ လက်ညှိုးထိုးပြလိုက်တော့တယ်။

"ကောင်းလေစွ၊ ကျန်း အခု အမိန့်တော် ထုတ်တယ်..."

ရှန်းကျုံး ဘုရင် ရက်စက်လေပြီ။

"ဟိုကုမျိုးနွယ်ကောင်လေးရဲ့ ဇနီးမယား သွားလုပ်တော့..."

စိတ်ခံစားချက် ပြင်းထန်နေတဲ့ အချိန်မှာ ပြောတဲ့စကားတွေဆိုတာ အတည်မယူကောင်းဘူး။ အဲ့ဒီစကားဆိုတာ ဘုရင်နဲ့ သူ့သမီးတော် အကြားက ပြောစကား ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့။ ဒါပေမဲ့ ဒီနေရာမှာတော့ ပြဿနာတစ်ခု ရှိနေတယ်။ ကုမျိုးနွယ်ကို ကယ်တင်ဖို့ နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတဲ့ မှူးကြီး မတ်ရာတွေလည်း အချိန်ကိုက်ရောက်လာတဲ့ ပြဿနာ။ နန်းတော်တွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ သူတို့ဟာ အချဉ်တော့ မဟုတ်တန်ကြဘူး။ ဘုရင်မင်းမြတ် နှုတ်မြွက်တော်က သူတို့ကို ဒူးထောက်ကြသွားစေပြီး သံပြိုင် ထောက်ခံသံတွေ ပေါ်ထွက်လာတော့တယ်။

"အရှင်မင်းကြီး ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံလှပါပေတယ်..." ဆိုပဲ။

ရှန်းကျုံးတစ်ယောက် လန့်ရလေပြီ။ သူ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံတယ် ဖြစ်သွားရတာလဲ။

"အရှင်မင်းကြီး အမြော်အမြင်ကြီးလှပါပေတယ်..."

အတွင်းဝန်ကြီး ရင်ညန်ယွင်လည်း ဒူးထောက်လျက် ဟစ်ကြွေးလာတယ်။

"အရှင်မင်းကြီးက အရှင့်သမီးတော် ပထမမင်းသမီးကို ကုအိမ်တော် တတိယသခင်လေးနဲ့ လက်ဆက်ပေးဖို့ ဆန္ဒရှိတာပါလား... အရှင်မင်းကြီး နှုတ်မိန့်တော်ဟာ ရွှေချိန်တစ်ထောင်မက လေးနက်ပါပေတယ်။ ပြည်သူအပေါင်းရဲ့ ဦးသျှောင်ပီပီ ကျွန်ုပ်တို့ အမှုထမ်းများ လေးစားကြည်ညို မဆုံး ဖြစ်ရပါတယ်... အရှင်မင်းတရားကြီး ကြီးမြတ်လှပါပေတယ်..."

ရှန်းကျုံး အဖက်ဆယ်ဖို့ ကြိုးစားပါသေးတယ်။ "အဲ့လို မဟုတ်ဘူးလေ၊ ကျန်း ဆိုလိုတာ အဲ့လိုဟုတ်ဘူး..."

"အရှင်မင်းကြီး..."

ကျောင်းမိဖုရားလည်းပဲ ဒူးထောက်လာလေတယ်။

"ကုအိမ်တော်က ဒီလောက်ကြီးလေးတဲ့ ပြစ်မှု ကျူးလွန်ခဲ့တာတောင် အရှင်မင်းကြီးဟာ မယ်တော်ကြီး ပေးခဲ့တဲ့ ကတိကဝတ်ကို လိုက်နာတည်မြဲစေတာပါပဲ... အရှင်ဟာ ယုတ်မာမှုကို စိတ်စေတနာကောင်းနဲ့ တုံ့ပြန်နိုင်သူပါတကား... ဒီကိုယ်လုပ်တော်မှာ ဝမ်းသာပီတိ ဂွမ်းဆီထိလို့ မျက်ရည်ဖြိုင်ဖြိုင်ကျမိပါရဲ့၊ အရှင်မင်းကြီး အမြော်အမြင်ကြီးလှပါပေတယ်..."

အဲဒီကောင်မလေးက သူမကို ကိုင်ပေါက်ပြီး သတ်ဖို့ ကြံရဲတာ။ သူမကလည်း ဒင်းကို ငရဲတွင်းထဲ တွန်းချပေးရမှာပေါ့။

တစ်ခဏတွင်းမှာပဲ ရှန်းကျုံး စိတ်လိုက်မာန်ပါပြောမိတဲ့ စကားကို အားလုံးက ဝိုင်းထောက်ခံကုန်ကြပြီ။ အကုန်လုံးက စာပေပညာရှိတွေဆိုတော့ ချီးမွှမ်းခန်း စဖွင့်လိုက်တာနဲ့ သူတို့စကားတွေဟာ ပုလဲကုံးလို စီရီတန်းလျက် တစ်သီတစ်တန်းလိုက်ကြီး ထွက်လာလေတော့တယ်။ ဘုရင် ရှန်းကျုံးလည်း သူ့ဂုဏ်ကို စာဖွဲ့နေကြတဲ့ လူတွေကြားမှာ အသံကို ပျောက်လို့။ သူ ဆက်ငြင်းမယ်ဆိုလည်း မိန့်ပြီးသား ကတိကို ပြန်ရုတ်သလို ဖြစ်ချေရော့မယ်။ တရားမမျှတ၊ သဘောထားသေးသိမ်ပြီး အရှက်သိက္ခာမဲ့တဲ့ ဘုရင်ပုံရိပ်ကြီး စွဲကျန်လေတော့မယ်။

ယွီးရှောင်ရှောင်လည်း တခြား အမတ်တွေ လုပ်တဲ့အတိုင်း ဒူးထောက်ချကာ ဘုရင် ရှန်းကျုံးကို ဦးတိုက်ထားလိုက်လေသတဲ့။

"သမီးတော် ဖခမည်းတော်ကို ကျေးဇူးတင်ပါတယ်၊ အမိန့်နာခံပါတယ်"

'ဒီကိစ္စက ဘယ်လို ဘယ်ပုံ ဒီလို ဖြစ်သွားရတာလဲကွယ်...' ရှန်းကျုံး စိတ်အိုက်ရပြီ။

ယွီးရှောင်ရှောင်ကတော့ ရက်စက်တဲ့ အာဏာရှင် ဘုရင်မ ဖြစ်ရမဲ့ ကံကြမ္မာကို ရှောင်လွှဲနိုင်ဖို့အရေး၊ သူမ ဝိညာဥ်ကူးပြောင်းရောက်ရှိလာတဲ့ ပထမဆုံးနေ့မှာတင် အိမ်ထောင်တစ်ခု ရှာပြုလိုက်နိုင်သွားလေရဲ့။

…

All Chapters