← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) မိဖုရားခေါင်ကြီး ရှုတော်မူသည်

ဝမ်မောမောကတော့ တုန်နေမိတာပေါ့။ သူမရဲ့ သခင်ကို အရှင်မင်းကြီးက အပြစ်သားတစ်ယောက်နဲ့ ပေးစားလိုက်ရုံတင်မကဘူး။ အဲဒီ့အပြစ်သားက ခြေထောက်မကောင်းတော့တဲ့သူပါ ဖြစ်နေပါရော့လား။ အိမ်ထောင်ပြုပြီးရင် သူမ ဘယ်လိုလုပ် ပျော်ရွှင်ချမ်းမြေ့နိုင်ပါ့မလဲ။

"မယ်မယ် မိဖုရားခေါင်ကြီး..." ဝမ်မောမော အော်ငိုလေတော့တယ်။

"မျက်လုံးဖွင့်ကြည့်တော်မူပါဦး... ပထမ မင်းသမီး အရှင့်သမီးတော်ကို ကြည့်လှည့်ပါဦးဖုရာ့..."

ဝမ်မောမော အော်ငိုလိုက်တာနဲ့ လူတိုင်းက ကောင်းကင်ကြီးဘက်ကို လှည့်ကြည့်ကြကုန်တယ်။ သို့ပေမဲ့ နတ်ရွာစံ မိဖုရားခေါင်ကြီး ပြန်ကြည့်တော့ရော ဘာဖြစ်မှာလဲ။ သူမ ဘာလုပ်နိုင်မှာမို့လဲ။ ကျောင်းမိဖုရားကို မိုးကြိုးပစ်ချမှာလား။ အခုချိန်မှာ နန်းတော်အပေါ်က ကောင်းကင်နေရာမှာ မိုးသားတိမ်လိပ်ကင်းစင်လို့ နေသာနေတာကို။ ဒါပေမဲ့ ဝမ်မောမော အော်နေ ငိုနေစဉ်မှာပဲ ကောင်းကင်ယံထက်ကနေ လျှပ်စီးကြောင်း တစ်ကြောင်း စီးလာလေတယ်။ နောက်ကနေ မိုးခြိမ်းသံကြီးလဲ လိုက်ပါလာရဲ့။

အဲ့သလို အော်လိုက်တာ မိဖုရားခေါင်ကြီး တကယ်ကို ငုံ့ကြည့်လာတယ်လား။

ကြည့်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျောင်းမိဖုရားက ညောင်မုတ်ဆိတ်ပင်အောက်မှာ ရပ်နေတာ၊ အဲဒီအပင်ရဲ့ အကိုင်းတစ်ကိုင်း ကျိုးကျပြီး ကျောင်းမိဖုရားတော့ သစ်ကိုင်းအောက်မှာ ပိနေပြီ။

ကမ္ဘာပျက်ခေတ်က လူတွေ မျိုးရိုးဗီဆ ဆင့်ကဲတိုးတက်သွားရုံနဲ့ ပိုကြံ့ခိုင်သွားမယ်ထင်နေလား။ အဲသလိုဆို ပိန်းလွန်းရာကျမှာပဲ။ လူသားတွေမှာ ထူးခြားတဲ့

အစွမ်းသတ္တိတွေ မရလာဘူးဆိုရင် ဇွန်ဘီတွေ ဖိသတ်တာနဲ့တင် ပြားပြီး သေလို့ရတယ်။ အရင်ဘဝမှာ ယွီးရှောင်ရှောင်သာ ဒဏ်ရာအပြင်းအထန်ရထားလို့၊ မိုးကြိုးအစွမ်း ထုတ်မသုံးလိုက်နိုင်တာသာ မဟုတ်ရင် အဲ့ဒီဇွန်ဘီအုပ်ကြီးကို အသေခံ ဗုံးခွဲလိုက်စရာတောင် မလိုဘူး။ သူမ အဲအကောင်တွေ အကုန်သေအောင် မိုးကြိုးပစ်ချပေးဖို့ပဲ လိုမှာ။

"ကျောင်း- ကျောင်းမိဖုရား"

အားလုံး တိတ်ဆိတ်ငြိမ်ကျသွားတဲ့ အထဲ ပထမဆုံး အသိပြန်ဝင်လာပြီး တုံ့ပြန်ဖြစ်တာကတော့ သစ္စာရှိလှပါတဲ့ ကျင်းကျုံးပဲ။ သူ ကျောင်းမိဖုရားဆီကို ပြေးသွားလိုက်တယ်။ ရှန်းကျုံးဘုရင်ကတော့ ကောင်းကင်ကြီးကို ငေးမောကြည့်နေတုန်းပဲ။ 'မိုးကြိုးက တစ်ချက်ပစ်ပြီးတာနဲ့ အဲ့လိုကြီး ပျောက်သွားရောလား'

ယွီးရှောင်ရှောင် သူမလက်ကို ပြန်ငုံ့ကြည့်လိုက်တော့တယ်။ ဒီနေရာရောက်တော့ သူမရဲ့ အစွမ်းက အားပျော့သွားသလိုပဲ။ အဲ့ဒီမိန်းမကို သူမက နှစ်ပိုင်းဖြဲပစ်လိုက်ချင်တာ။ ဒါပေမဲ့ သစ်ပင်ပဲ ကျိုးသွားတယ်။ အဲ့အချိန်မှာ အံ့သြမှုကနေ ပြန်သတိဝင်လာတဲ့ ဝမ်မောမောတစ်ယောက် ကောင်းကင်ကြီးကို မျက်နှာမူလျက် ကန်တော့နေချေပြီ။

"မြင့်မြတ်လှစွာသော မယ်မယ်ဖုရား၊ သဘောထားကြီးမြတ်ပြီး သက်ညှာကယ်တင်ခြင်းငှာ စွမ်းသာပါတယ် မယ်မယ်..."

သူမ စကားကြောင့် အကုန်လုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ပြီ။ မိဖုရားခေါင်ကြီးက သက်ညှာပေးလိုက်ပုံတော့ ရတာပဲ။ မဟုတ်ရင် သူမ ကျောင်းမိဖုရားကို တစ်ချီတည်းနဲ့ သတ်ပစ်လိုက်လို့ ရတယ်မဟုတ်လား။ ဘာလို့ သစ်ပင်ကိုပဲ ပစ်ချပါတော့မလဲ။

"အရှင်မင်းကြီး၊ ကျောင်းမိဖုရား သွေးတွေပါ အန်နေပြီ..." ကျင်းကျုံးက အော်မြည်လျှောက်တမ်းလိုက်တယ်။ သူ တခြားမိန်းမစိုးတွေကို ခေါ်လိုက်ပြီး ကျောင်းမိဖုရားအပေါ် ပိနေတဲ့ အကိုင်းအခက်တွေကို ဖယ်စေလေတယ်။

"ချစ်လှစွာသော မိဖုရား... မင်း..."

ရှန်းကျုံး သစ်ပင်ကြီးဆီ အပြေးသွားလိုက်တော့ နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေ ယိုစီးကျနေတဲ့ ကျောင်းမိဖုရားရဲ့ မျက်နှာကြီးကို တွေ့ပါလေရော။ ဒီမြင်ကွင်းက သူ့ကို ဆွံ့အသွားစေလေတယ်။

"မယ်မယ် မိဖုရားခေါင်ကြီး... နတ်ဘုံကို ပြန်ကြွရာမှာ ချမ်းမြေ့သာယာရှိပါစေ"

ဝမ်မောမောကတော့ ကောင်းကင်ကြီးကို မျက်နှာမူပြီး အော်နေတုန်းပဲ။

ဖုန်းထျန်းမင်းဆက်က လူတွေဟာ တစ္ဆေသရဲတွေ ရှိတာ ယုံကြည်တယ်။ နတ်ကိုးကွယ်ကြတယ်။ ဆိုတော့ကာ အဲ့နေရာမှာရှိနေသူအားလုံးနည်းပါး ဒူးထောက်ချလိုက်ကြတော့တာပဲ။ နတ်ရွာစံ မိဖုရားကြီး နတ်ပြည်ကနေ စောင့်ကြည့်နေတဲ့အကြောင်း ရှန်းကျုံး တွေးမိလိုက်တော့ ကျောပါချမ်းသွားရပြီး ကိုယ်တောင် ကျုံ့ကျုံ့ကလေး ဖြစ်သွားမိလေရဲ့။

"သွားရအောင်" ယွီးရှောင်ရှောင် လှည့်ထွက်သွားတယ်။

အရင်ကဆို ကျောင်းမိဖုရား ကံဆိုးတဲ့အခါတိုင်း ဝမ်မောမော ဝမ်းသာနေကျ၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူမ သိပ်မပျော်နိုင်တော့ဘူး။ သူမ ယွီးရှောင်ရှောင်ကို စင်္ကြံလမ်းဘေးဆီ ဆွဲခေါ်သွားပြီး မေးတော့တယ်။

"မင်းသမီးလေးရာ... ဘာဖြစ်လို့ ဒီကိစ္စမှာ အရှင်မင်းကြီးကို ဆန့်ကျင်ရတာလဲ"

လောလောဆယ်မှာတော့ သူမရဲ့ မင်းသမီးလေး ဘာလို့ ရုတ်တရက်ကြီး သိုင်းတွေတတ်ပြီး ခက်ထန်လာတာလဲဆိုတဲ့ကိစ္စကို သူမ လျစ်လျူရှုထားလိုက်ဦးမယ်။

ရှန်းကျုံးဘုရင်ကလဲ ဒူးထောက်နေတဲ့ အမတ်တွေကို အဖက်မလုပ်အားဘူး။ ကျောင်းမိဖုရားကို သယ်သွားဖို့ အစေခံတွေကို အမိန့်ပေးလိုက်ပြီး နန်းတွင်းသမားတော်တစ်ယောက် ဆင့်ခေါ်စေလိုက်တယ်။ သူ့အချစ်တော်မိဖုရားရဲ့ အသက်ကို ကယ်ပြီးခါမှ သမီးတော်ရဲ့ အကျင့်ပြောင်းသွားတဲ့ ကိစ္စကို ဖြေရှင်းတော့မယ်လေ။

အတွင်းဝန်ကြီး ရင်ညန်ယွင်နဲ့ ကျန်တဲ့ အမတ်တွေ ဒီအတိုင်းကြည့်နေခဲ့ကြတယ်။ ကုအိမ်တော်အတွက် ချမ်းသာပေးဖို့ သက်စွန့်ဆံဖျား တောင်းဆိုနေစရာ မလိုတော့ဘူး။ အရှင်မင်းကြီးက အသုံးမကျဘူးဆိုပေမဲ့ သူ့ချစ်သမီးလေး မုဆိုးမ ဖြစ်သွားမှာကိုတော့ လက်ပိုက်ကြည့်နေမဲ့သူ မဟုတ်ဘူးမဟုတ်လား။ တချို့ အမတ်များဆိုရင် နန်းတော်ထဲက ပြန်ထွက်လာပြီး တရားရေးရုံးတော်ကို အပြေးသွားကာ အချုပ်ကျနေတဲ့ ကုမိသားစုကို သတင်းကောင်းသွားပြောလိုက်ကြသေး။

ယွီးရှောင်ရှောင် သူမရဲ့ နန်းဆောင်ဖြစ်တဲ့ လှကျက်သရေနန်းတော်ဆောင်ကို ပြန်သွားလိုက်ပြီး နန်းတွင်းသူ ရံရွှေတော်တွေ အာလုံးကို စုဝေးစေလိုက်ကာ မေးတော့တယ်။

"ငါ့ကို ပြောပြ၊ ကုအိမ်တော်က ဘာဖြစ်နေတာလဲ"

ဝမ်မောမောခမျာ ခြေမခိုင်ဘဲ ယိုင်လဲကျတော့မလိုဖြစ်သွားရလေတယ်။

"မင်းသမီးလေးက ဘာမှလဲ သိမထားဘဲနဲ့ ဘာကြောင့်များ ကုမျိုးနွယ်ကို လက်ထပ်ပါ့မယ်လို့ အရှင်မင်းကြီးကို သွားပြောလိုက်ရတာလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ကုမျိုးနွယ်ကောင်လေးက လူကောင်းလေးဆို ရှင်ပဲ ပြောပြီးတော့..."

ဝမ်မောမောက ပြန်ပြောလေရဲ့။

"ဒါဆို အရှင့်သမီးတော်က လူကောင်းဖြစ်နေသရွေ့ လက်ဆက်မယ်ဆိုတဲ့ သဘောလား၊ အဲဒါဆိုလဲ ဒီလောကကြီးမှာ လူကောင်းတွေမှ အများကြီးရယ်၊ ကျွန်တော်မျိုးမ"

"စစ်သေနာပတိချုပ်ကုကို ကျောင်းမျိုးနွယ်စုဘက်က ချောက်တွန်းထားတာပါ" ရံရွှေတော် ဝေးဖုန်းက ကျယ်လောင်စွာ ပြောလေတယ်။

"ဟုတ်ပါတယ်" လို့ ကုန်းကုန်းလေး ရှောင်ရှားဇီက ထောက်ခံတယ်။

"ကုမျိုးနွယ်တွေက သစ္စာရှိတဲ့ အမတ်တွေပဲ"

ကျန်တဲ့ အစေခံတွေ၊ ကျွန်တော်တွေကပါ ခေါင်းညိတ်ထောက်ခံနေကြတာကို တွေ့တော့ ဝမ်မောမော သိလိုက်ရတယ်။ သူတို့ရဲ့ လှကျက်သရေ နန်းဆောင်မှာတော့ စိတ်နေမြင့်ပြီး အမှန်တရားကို မြတ်နိုးကြတဲ့ အမှုထမ်းတွေ ရှိနေတာကိုပေါ့။

ဝေးဖုန်းရော ရှောင်ရှားဇီပါ အလုအယက် ရှင်းပြကြလို့ တချို့ စကားတွေ မသဲမကွဲဖြစ်သွားခဲ့ပေမဲ့ ယွီးရှောင်ရှောင် အကြမ်းဖျင်းတော့ သဘောပေါက်သွားပါတယ်။ ကုမျိုးနွယ်ဝင်တွေက တိုင်းပြည်အပေါ်ကို သစ္စာရှိလွန်းတာမှ အာဇာနည်သူရဲကောင်းဘွဲ့ ပေးရလောက်အောင်ပဲ။ ကံမကောင်းတာက သူတို့ဟာ ကျောင်းမျိုးနွယ် မျက်စိဆံပင်မွေးစူးစရာ ဖြစ်လာတယ်။ ကျောင်းမျိုးနွယ်က သူတို့ ဂုဏ်ဆောင်ခဲ့တာတွေကို လုယူပြီး သူတို့ကိုတော့ ချောက်ချစွပ်စွဲကာ အပြစ်ပေးလိုက်တယ်။

"မင်းသမီးလေး..." ဝေးဖုန်းရဲ့ မျက်နှာထားက မခံချင်စိတ်အပြည့်နဲ့။

"ပိုင်ဟူတိုင်းကို အနိုင်တိုက်ခိုက်နိုင်ခဲ့တာ စစ်သေနာပတိချုပ်ကုပါ၊ အမတ်ချုပ်ကြီးကျောင်းရဲ့ သားက သူ လုပ်သလို အကုန် မျက်နှာဝင်ယူသွားတာ၊ စစ်သေနာပတိချုပ်ကုတို့က ရန်သူတပ်နဲ့ ပူးပေါင်းတယ်ဆိုတာလဲ လုံးဝ မဟုတ်ရပါဘူး..."

ရှောင်ရှားဇီကလဲ အံတကြိတ်ကြိတ်နဲ့ ဆိုတယ်။ "ကုမျိုးနွယ်မှာသာ အရင်မင်းကြီး ချီးမြှင့်ထားတဲ့ ရွှေတံဆိပ်တော် ရှိမနေရင် အခုလောက်ဆို သေဒဏ်ပေးခံရမှာ..."

ဝမ်မောမောကတော့ သက်ပြင်းသာ ချတယ်။ "ကုအိမ်တော်က စွပ်စွဲခံရတာတော့ အဟုတ်ပဲ၊ ဒါပေမဲ့ မယ်မယ်မိဖုရားခေါင်ကြီးတောင် သူတို့ကို မကယ်နိုင်ခဲ့တာလေ၊ မင်းသမီးလေး သူတို့ မျိုးနွယ်ထဲ လက်ထပ်ဝင်လိုက်တာနဲ့ အဆောင်အယောင်တွေ ရုပ်သိမ်းခံရပြီး သာမန်လူဖြစ်သွားတော့မှာ၊ သူတို့အားလုံး အခုထိကို အကျဉ်းကျနေသေးတယ်..."

ကမ္ဘာပျက်ကပ်ကလာတဲ့ လူတစ်ယောက်အဖို့ ရှေးခေတ်က ကောက်ကျစ်တဲ့ မိဖုရားကြောင့် ပျက်စီးရာရောက်ရတဲ့ မင်းမျိုးမင်းနွယ်တွေအကြောင်းကို သိပ်နားမလည်နိုင်ဘူး။ ယွီးရှောင်ရှောင် နားလည်တာဆိုလို့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်မရဲ့ လမ်းစဉ်အတိုင်းလိုက်လို့ မဖြစ်တာတစ်ခုပဲ။ သူမ တစ်ယောက်ကတော့ အသာလေး ထွက်ပြေးလို့ရတာပေါ့။ ဒါပေမဲ့ သူမ ထွက်ပြေးလိုက်ရင် ကျန်တဲ့သူတွေ ဘယ်လိုလုပ်မလဲ။ သူမ သူတို့နဲ့ သိတာ ၂၄ နာရီတောင် မပြည့်သေးဘူးဆိုပေမဲ့ သူမ စုံစမ်းကြည့်ရသလောက်ဆို သူမ ထွက်ပြေးသွားခဲ့ရင် မင်းသမီးကို ခစားရာမှာ ဝတ္တရား မကျေပွန်မှုနဲ့ ခေါင်းပြုတ်ကုန်ကျမှာ။ အပိုင်စားနယ်ကို ထွက်သွားရတာမျိုး မဟုတ်ဘဲ နန်းတော်ထဲကနေ တရားဝင် ထွက်သွားနိုင်ဖို့ဆို အိမ်ထောင်ပြုလိုက်ဖို့ နည်းတစ်ခုပဲ ရှိတော့တယ်။

သူမရဲ့ ဘဝလက်တွဲဖော်ဖြစ်လာမဲ့ ကုမျိုးနွယ်ကောင်လေးကိုတော့ သူမ သိပ်စိတ်ထဲ ထားမနေဘူး။ ကမ္ဘာပျက်ကပ်မှာဆို လူတွေက သူတို့ အဆင်ပြေတဲ့သူနဲ့ အိမ်ထောင်ပြု သားမွေးခြင်း အမှုကို လုပ်ကြတာ၊ လူသားမျိုးနွယ် ဆက်လက်တည်တံ့စေဖို့ ရည်ရွယ်ချက် တစ်ခုတည်းအတွက်ရယ်ပဲ။ စာရိတ္တတွေ၊ စိတ်သဘောထား ခံယူချက်တွေ၊ ချစ်ခြင်းတရားတွေကို ထည့်တွက်မနေဘူး။ ဖြူစင်မှုတွေ၊ အပျိုရည်ကို ချစ်ရသူအတွက် ထိန်းသိမ်းထားတယ်ဆိုတာတွေလဲ ဘောင်မဝင်တော့ဘူး။ ယွီးရှောင်ရှောင် စိတ်ထဲမှာ အရေးပါနေတာဆိုလို့ ဝမ်မောမောအပါအဝင် သူမရဲ့ ရံရွှေတော်တွေကို နန်းတော်ပြင်ကို ခေါ်ထုတ်သွားနိုင်မဲ့ နည်းလမ်းရှာဖို့ အရေးပဲ ရှိတော့တယ်။ သူမမှာ အချိန်ပိုတွေ ထွက်လာတော့မှပဲ အဲ့ဒီ ကုမျိုးနွယ်အကြောင်း စဉ်းစားတော့မယ်။

…

အခန်း (၆) ကု တတိယသခင်လေး

ဝမ်မောမောမှာ သူမရဲ့ မင်းသမီးလေးအစား ခါးခါးသီးသီး ငိုကြွေးလေရဲ့။ နောက်တော့မှ သူမ စိတ်ဓာတ်ကို ပြန်စုစည်းပြီး ကြွေးကြော်လေတယ်။

"မင်းသမီးလေး၊ အရှင်မင်းကြီးက ပြောပြီးပြီဆိုမှတော့ ကျွန်မတို့ ဘာတစ်ခုမှ ပြောင်းလဲနိုင်တော့မှာမဟုတ်ဘူး"

"အင်းလေ၊ ရှင် ဘာလိုချင်သေးလို့လဲ"

ဝမ်မောမောက မျက်ရည်တွေကို သုတ်လိုက်တယ်။

"ကုမျိုးနွယ်က ခုလက်ရှိ ဘာမှမရှိတော့ဘူး၊ ဒါကြောင့် ကျွန်တော်မျိုးမ မင်းသမီးလေးအတွက် ခန်းဝင်မင်္ဂလာပစ္စည်းတွေ ကောင်းကောင်းပြင်ဆင်ပေးပါ့မယ်"

"ကောင်းပြီ" ယွီးရှောင်ရှောင်က အလျင်စလိုထပ်ပြောလိုက်တယ်။

"ကောင်းကောင်း ပြင်ဆင်ပြီးတော့ ဒီကနေ ယူသွားလို့ရတာမှန်သမျှ ယူလာခဲ့အုံး"

အရင် ယွီးလင်းလုံ ပြေးလွှားနေခဲ့ရတုန်းက ပိုက်ဆံလေးနည်းနည်း မရှိမချင်း အငတ်ခံခဲ့မိတယ်။ ယွီးရှောင်ရှောင်ကတော့ ဒီလိုတုံးအအ အမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူး။

ဝမ်မောမောက ရင်ဘတ်ကိုပုတ်ကာ ယွီးရှောင်ရှောင်ကို ကတိပေးလိုက်တယ်။

"မင်းသမီးလေး စိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော်မျိုးမတစ်ယောက်လုံး ရှိပါသေးတယ်..."

တစ်ဖက်မှာတော့ မိဖုရားကျောင်း မတော်တဆမှုဖြစ်ပြီးနောက်မှာ သူမကို မိုးသောက်ယံနန်းတော်ဆီ ချက်ချင်း ပြန်ပင့်ဆောင်သွားကြလေတယ်။ နန်းတွင်းသမားတော်တစ်ယောက်က သူမကို အသိစိတ်ပြန်ဝင်အောင် ကူညီပေးပေမဲ့ သူမက ငိုယို အသနားခံတာကလွဲ ဘာမှမလုပ်နိုင်အောင် အားနည်းနေတယ် ပြောတာပဲ။

"အရှင်မင်းမြတ်၊ နတ်ရွာစံ မိဖုရားခေါင်ကြီးက စိတ်မချနိုင်ဘူးဖြစ်နေတယ်ထင်ပါရဲ့..."

"ဒါတွေနဲ့ပတ်သက်ပြီး ချစ်လှစွာသောမိဖုရား ဘယ်လိုခံစားရသလဲ"

"နတ်ရွာစံ မိဖုရားခေါင်ကြီးက တစ်ခါတုန်းက ဒီကိုယ်လုပ်တော်ကို ပြောဖူးပါတယ်"

မိဖုရားကျောင်းက ငိုယိုနေသံတွေကြားကနေ ပင့်သက်ရှိုက်လိုက်တယ်။

"အရှင့်သမီးလေးက ကုမျိုးနွယ်ရဲ့တတိယသခင်လေးနဲ့ လက်ထပ်သင့်တယ်တဲ့"

"ဘယ်တုန်းက ပြောခဲ့တာလဲ"

ရှန်းကျုံး အလွန်အံ့အားသင့်သွားတော့တယ်။

"မိဖုရားခေါင်ကြီး မီးတွင်းထဲမှာ နတ်ရွာမလားခင်ကပါ" မိဖုရားကျောင်းက ရှင်းပြလိုက်တယ်။

"ဒါပေမဲ့ အဲဒီအချိန်မှာ ကုမျိုးနွယ်က ပျက်စီးခြင်းနဲ့ ကြုံခဲ့ရပြီးပါပြီ၊ ဒီကိုယ်လုပ်တော်လဲ ဧကရီတစ်ယောက် ခဏတာ အသိပျောက်သွားတာလို့ ယူဆခဲ့ရုံသာရှိလို့ အရှင်မင်းကြီးကို မပြောပြခဲ့မိတာပါ၊ ဒီကိုယ်လုပ်တော် သေသင့်ပါတယ်..."

"တစ်နည်းပြောရရင် လင်းလုံက ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ရမှာပေါ့၊ မဟုတ်ရင် ဧကရီက မငြိမ်းချမ်းနိုင်ဘူးလို့ ဆိုလိုတာပေါ့"

မိဖုရားကျောင်းက သည်းထန်စွာ ငိုကြွေးပြန်တယ်။

"ဟုတ်ပါတယ်၊ အရှင်မင်းကြီး၊ အရှင်မင်းကြီး အမိန့်တော် မြန်မြန်ချတာ ပိုကောင်းပါမယ်၊ ဒီကိုယ်လုပ်တော် ကြောက်လွန်းလို့ပါ"

ရှန်းကျုံးက ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ကို ကြည့်ပြီး ရုတ်တရက်ပစ်ချခဲ့တဲ့ မိုးကြိုးကို ပြန်သတိရမိသွားတယ်။ သူ ချက်ချင်းကို ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

"မကြောက်လေနဲ့ ချစ်လှစွာသောမိဖုရား၊ ကျန်း ချက်ချင်းဆိုသလို အမိန့်တော်ထုတ်ပြန်မယ်"

တစ်ဖက်မှာတော့ နန်းတွင်းသမားတော်ခမျာ သောကရောက်သွားရှာတော့တယ်။ 'ငါ သစ္စာစောင့်သိတဲ့ နိုင်ငံ့ဦးသျှောင်က ငတုံးပဲ၊ ငါ ဘယ်လို အဲဒါကို ကုသလို့ရပါ့မလဲ...'

ဒီအချိန်အတောအတွင်းမှာတော့ တရားရုံးတော်ကို သွားနေတဲ့ အမတ်တွေမှာ သတင်းကောင်းကို မပါးရသေးဘူး။

ကုမျိုးနွယ်ရဲ့ တတိယသား ကုရှင်းလန်ဟာ ခုလက်ရှိမှာတော့ သက်ငယ်ဖျာပေါ် လဲလျောင်းနေရတာဖြစ်တယ်။ မျက်ဝန်းတွေက မှေးနေပြီး မျက်နှာကရဲနေတယ်။ သူ့ကိုယ်ပေါ် ခြေပစ်လက်ပစ်လဲကျနေတဲ့အမျိုးသမီးက သူ့ရင်ဘတ်ပေါ်က အမာရွတ်တွေကို ညင်သာစွာ ပွတ်သပ်နေတယ်။

"တတိယသခင်လေး..."

သူမက တီးတိုးရေရွတ်လာတယ်။

"သခင်မကြီးက ချင်းယွိကို သခင်လေးကိုပြုစုပြီး မျိုးဆက်ထားပေးဖို့ မှာထားတယ်"

ကုရှင်းလန်က မချိတင်ကဲဝေဒနာနဲ့ ခပ်တိုးတိုး ညည်းညူလိုက်တယ်။

ချင်းယွိ အံကြိတ်ကာ သူ့ခါးပေါ် လက်တင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူမလက်ချောင်းတွေက သူ့အတွင်းဝတ်ရုံကို ဖြည်ဖို့လုပ်နေလေရဲ့။ ဒါကြောင့် ကုရှင်းလန် ခန္ဓာကိုယ် တွန့်သွားပြီး အသိစိတ်ပြန်ဝင်လာဖို့ သူ့လျှာသူ ကိုက်ချလိုက်ကာ အသက်မနည်းရှူရင်း ချင်းယွိကို ဘေးတွန်းထုတ်လိုက်တယ်။

"ထွက်သွား..."

ချင်းယွိ မြေကြီးပေါ် လဲကျသွားပြီး ကုရှင်းလန်ဆီ တက်လာပြန်တယ်။ ငိုယိုရင်း သူမက တရှုံ့ရှုံ့နဲ့ ပြောနေတော့တာပဲ။

"ဘာတွေပဲဖြစ်ဖြစ်၊ သခင်လေး မျိုးရိုးဆက်ခံသူ လိုပါသေးတယ်၊ တတိယသခင်လေးရဲ့..."

ကုရှင်းလန် အသက်ဝဝရှူလိုက်တယ်။ ချင်းယွိက သူ့အဖေဘက်က အဘွားရဲ့ အစေခံခေါင်းဆောင်မိန်းကလေး။ သူ ဒီလိုအချိန်ကြီး သူ့အကျဉ်းခန်းလေးထဲ ခိုးဝင်လာနိုင်တယ်ဆိုတည်းက သူ့တစ်မိသားစုလုံးက ဒါကိုဖြစ်မြောက်အောင်လုပ်ဖို့ အစွမ်းကုန် ကြိုးစားထားတဲ့သဘောပဲ။

"တတိယသခင်လေး"

ချင်းယွိက အခု မိန်းမတစ်ယောက်ရဲ့ ပုံမှန်ကန့်သတ်မှုတွေကိုလည်း အာရုံထားဖို့ အချိန်မရှိတော့ဘူး။ သူ့ကိုနမ်းဖို့ နှုတ်ခမ်းတွေနဲ့ ချဉ်းကပ်လိုက်ပေမဲ့ သူကတော့ မျက်နှာလွှဲကာ နမ်းရှုပ်မှုကို ရှောင်ရှားလိုက်တယ်။

တစ်ဖန် သူက သူမကိုဘေးတွန်းထုတ်ပြီး တီးတိုးရေရွတ်လိုက်တယ်။

"အရူးလို မလုပ်နေနဲ့၊ ငါက ဒီမှာသေဖို့ အမိန့်ချခံရပြီးသား၊ ငါ့နောက်ကို လိုက်ပြီး မင်းဘယ်လို ရှင်သန်စားသောက်မလဲ"

"တတိယသခင်လေး..."

ချင်းယွိက ညစ်ပတ်စိုရွှဲနေတဲ့ ကြမ်းပြင်ပေါ်ထိုင်ကာ ငိုတော့တယ်။

"ချင်းယွိ ဆန္ဒရှိပါတယ်၊ ချင်းယွိ တတိယသခင်လေးကို ဆက်ခံသူပေးချင်ပါတယ်"

ကုရှင်းလန် သက်ပြင်းသာချနိုင်တော့တယ်။ သူ့ စစ်ပွဲဂုဏ်ဆောင်မှုတွေဟာ အလုခံလိုက်ရပြီး မိသားစုတစ်စုလုံး အကျဉ်းချခံရကာ ခြေထောက်တွေ မကျိူးမချင်း ရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်။ သူ့မိသားစုအတွက်သာမဟုတ်ရင် သူ့ကိုယ်သူ သတ်သေခဲ့ပြီးတာ ကြာလောက်ပြီ။

"တတိယသခင်လေး..."

တစ်ဖန် ချင်းယွိက သူ့ဘေး ရွှေ့လာပြန်တော့တာပဲ။

"ခုနက ရေက ဆေးခတ်ထားတာလား" ကုရှင်းလန် မေးလိုက်တယ်။

ချင်းယွိ မျက်နှာရဲသွားကာ ဟုတ်မှန်ကြောင်း တီးတိုးအသံပြုလိုက်တယ်။

ကုရှင်းလန်က လောလောလတ်လတ် နှိပ်စက်ခံရတာတွေကြောင့် ဒဏ်ရာအကြီးအကျယ်ရထားတာ။ ဒါကြောင့် ကုမျိုးနွယ်လည်း သူ့ကို သိပ်ပြီးတော့ စိတ်ကြွစေမဲ့ဟာတွေ မပေးရဲဘူး။ အစွမ်းသိပ်မရှိတဲ့ စိတ်ကြွဆေးကိုသာ သောက်စရာထဲ ထည့်ခဲ့တဲ့အတွက် ချင်းယွိနဲ့ ခဏစကားပြောအပြီးမှာ အစွမ်းပျယ်စပြုလာပြီ။

"မင်းထွက်သွားသင့်တယ်၊ မတန်ဘူး"

ချင်းယွိက ခဏတာတုံ့ဆိုင်းနေပြီး သူ့ဆီတစ်ဖန် လှမ်းလာပြန်တယ်။ ဒါက ကုရှင်းလန် မျိုးဆက်ရဖို့အတွက်တင် မကဘူး သူမအတွက်လည်းပါတယ်။ ကုမျိုးနွယ်တစ်ခုလုံးဟာ အစေခံတွေနဲ့အတူ အကျဉ်းချခံခဲ့ရတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ အစေခံတွေက ရောင်းစားခံရမှာ။ မှတ်ချက်ပြုရလောက်အောင် လှတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ချင်းယွိကို ပြည့်တန်ဆာအိမ်က ဝယ်သွားဖို့ အဖြစ်နိုင်ဆုံးပဲ။ သူမရဲ့ ကျောက်စိမ်းအသွင် လက်မောင်းတွေဟာ ထောင်ပေါင်းများစွာသော လူယောကျ်ားတွေရဲ့ ခေါင်းအုံးစရာ ဖြစ်လာလိမ့်မယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် သူမ ကုရှင်းလန်မျိုးဆက်ကို လွယ်ရအောင် လုပ်ရမှာပဲ။ အနည်းဆုံးတော့ ကုမျိုးဆက်က သူမ အနာဂတ်ကို လျစ်လျူရှုထားမှာမဟုတ်ဘူး။

"ချင်းယွိ..."

ကုရှင်းလန်က သူမလက်ကို ခါထုတ်ပြီး တံခါးဘက် အော်ခေါ်လိုက်တယ်။

"တစ်ယောက်လောက် လာဦး၊ တစ်ယောက်လောက်..."

ထောင်စောင့်တစ်ယောက်က တံခါးကိုဖွင့်ကာ အထဲကို လှမ်းလာတယ်။ အင်္ကျီကပိုကရို ဖြစ်နေပေမဲ့ အမှုကိစ္စ မပြုရသေးတဲ့သူနှစ်ယောက်ကိုမြင်တော့ ကုရှင်းလန်ကို ခပ်တိုးတိုး ဖျောင်းဖျဖို့ ကြိုးစားလိုက်တယ်။

"တတိယသခင်လေး၊ အပြင်ဘက်မှာ သတင်းတွေက သခင်လေး မကောင်းသတင်းတွေကြီးပဲ၊ ဒီမိန်းကလေးက အမှန်တကယ်ကို သခင်မကြီးအမိန့်အရ ပို့ခံလိုက်ရတာပါ၊ သခင်မကြီးရဲ့ ရည်ရွယ်ချက်တွေကို စိတ်မပျက်စေသင့်ဘူး"

ကုရှင်းလန်က ဒီတစ်ခေါက် သူ့စစ်ပွဲဂုဏ်ဆောင်မှုတွေကို လုယူသွားသူဟာ ကျောင်းကျို့ချန်ဆိုတာ သိတယ်။ ကျောင်းသားအဖဟာ သူ မသေမချင်း ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ။

"သူ့ကို ခေါ်ထုတ်သွားပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ၊ ကျုပ် ဒီလိုကိစ္စတွေကို လုပ်ဆောင်ဖို့ စိတ်မပါဘူး"

ထောင်စောင့်က ခေါင်းသာယမ်းကာ သက်ပြင်းချလိုက်တယ်။ အခု ဒီအခြေအနေကို ရှောင်ရှားဖို့ နည်းလမ်းမရှိဘူး။ တတိယသခင်လေးအပေါ် ဒီမိန်းကလေး သူမကိုယ်သူမ အတင်းအကြပ် ထိုးကျွေးတာကိုလည်း သူ ကောင်းကောင်း မကူညီနိုင်ဘူး။

ဒီအခိုက်မှာ ကျင်းကျုံးနဲ့ အတွင်းရေးဝန်ကြီးရင်က လူတစ်ချို့နောက်က ကောက်ကောက်ပါလျက် တရားရုံးတော်တံခါးဝဆီ ရောက်ချလာလေတယ်။ ရုံးတော်က ကျောင်းသားအဖရဲ့ အုပ်ချုပ်မှုအောက်မှာမို့ ရင်ညန်ယွင်နဲ့ သူ့လူစုကို အဟန့်အတားပြုလေတယ်။ ဒါပေမဲ့ ကျင်းကျုံးကျတော့ မိဖုရားကျောင်းအုပ်စုထဲကလူ။ ဒါကြောင့် သူ ရောက်လာလာချင်းကို ကြိုဆိုပြီး တခြားသူတွေကိုတော့ လျစ်လျူရှုခဲ့လေရဲ့။

ကျင်းကျုံးက သူ့လက်ထဲက နန်းတော်အမိန့်ကို အရာရှိဆီ ပြလိုက်တယ်။

"အရာရှိလင်း၊ အရှင်မင်းကြီးက အမိန့်စာထုတ်တယ်၊ ကုမျိူးနွယ်ဝင်တွေ ဘယ်မှာလဲ"

ကျင်းကျုံးနဲ့ တရားရုံးတော်အရာရှိစကားပြောနေတဲ့အချိန် ရုံးတော်ပြန်ကြားရေးအမှူထမ်းငယ် တစ်ယောက်က ကုရှင်းလန် အကျဉ်းခန်းထဲ အလျင်အမြန်ပြေးလွှားပြီး အရေးကြီးတဲ့ သတင်းစကားကို ပေးလို့လိုက်တယ်။

"လူကြီးမင်း၊ မိန်းမစိုးအကြီးအကဲကျင်းကျုံးက အမိန့်ပြန်တမ်းထုတ်ဖို့ ဒီကိုရောက်လာပါတယ်၊ အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကုနဲ့ တခြားသူတွေအတွက် အဆုံးအဖြတ်ချလိုက်ပါပြီတဲ့"

ခေါင်းဆောင်ထောင်မှူးလည်း ခြေဆောင့်လိုက်တော့တယ်။ ' ကျင်းကျုံး ဒီမှာရှိနေရင် တတိယသခင်လေးကုက ဘယ်လိုလုပ် မျိုးဆက်ချန်ထားခဲ့လို့ရပါတော့မလဲ၊ သူတို့အခု ကိစ္စလေးတစ်ခုတောင် ပြီးအောင် မလုပ်နိုင်သေးဘူး...'

___________

Notes:

တော်သေးတယ်၊ အိုင်တို့ရဲ့ "ကျောက်စိမ်း ငယ်ငယ်" လေး ကျောက်စိမ်း ဦးထုပ်ဆောင်းရတော့မလို့

…

All Chapters