အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) ကုတတိယသခင်လေး လက်ထပ်တော့မယ်
အခန်း အသီးသီးမှာ အချုပ်ခံထားရတဲ့ ကုမျိုးနွယ်ဝင်တွေကို ထောင်စောင့်က ခေါ်ထုတ်လာတယ်။ အဲဒီအချိန်မှာ ကုရှင်းနော့နဲ့ ကုရှင်းယန်က သူတို့ရဲ့ တတိယအစ်ကိုကို ထောင်ထဲကနေ ကူထုတ်ပေးလိုက်တယ်။
“ချင်းယွိကို မင်းမထိခဲ့ဘူးလား”
ကုရှင်းယန်က မေးပြီး ခါးခါး သီးသီး ငိုရှိုက်နေတဲ့ မိန်းကလေးကို တစ်ချက် ကြည့်လိုက်တယ်။ ကုရှင်းလန်က ခေါင်းခါလိုက်လေရဲ့။
ကုရှင်းယန်က အဲဒီအချိန်မှာပဲ စိတ်လွတ်သွားတော့တယ်။
“မင်း ရူးနေတာလား၊ သူ့ကို ပို့ဖို့အတွက် ငါတို့ အားစိုက်ထုတ်ထားရတာ”
“ဟေ့ ညီနှစ်”
ကုရှင်းနော့က ကုရှင်းယန်ကို ခေါင်းခါပြပြီး ဆက်မပြောဖို့ တားလိုက်တယ်။
ကုရှင်းလန်က ခေါင်းငုံ့ပြီး မရေမရာ ပြောလိုက်တယ်။
“ငါ့အစ်ကိုကြီးတွေ ရှိနေသေးတာပဲ၊ ကုမျိုးနွယ်က မျိုးဆက်ချန်ဖို့ ကျုပ်ကို မလိုဘူး”
ကုရှင်းယန်ရဲ့မျက်လုံးက နီရဲသွားပြီး ညည်းညူပြောလိုက်တယ်။
“အဓိပ္ပာယ် မရှိတာတွေ မပြောနဲ၊ ငါတို့က ဘုရင့်အမိန့်တော်တောင် မကြားရသေးဘူး၊ ဘာဖြစ်မယ်မှန်း မင်းဘယ်လိုလုပ် သိမှာလဲ”
ကုရှင်းလန်က ဆိတ်ဆိတ်နေနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက သေမှာဆိုတော့ သူမိသားစုကို သူနဲ့ ဆွဲမချသွားတာ အကောင်းဆုံးပဲ။ အခုတော့ သခင်မကြီးက ကုစစ်သေနာပတိချုပ်နဲ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေပြီ။
သူမရဲ့ မြေးသုံးယောက်ကို မြင်တာနဲ့ မျက်ရည်တွေကျလာပြီး ထုတ်ဖော်မေးလေရဲ့။
“ရှင်းလန်လား”
ကျင်းကျုံးက ပြုံးပြီး ပြောလိုက်တယ်။
“သခင်မကြီး ဝမ်းမနည်းပါနဲ့ဦး၊ ကျုပ် ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ပြီးအောင် ကြေညာပါရစေ”
သခင်မကြီးက အထိန်းတော်ချုပ်ကို ကြည့်ပြီး သူမရဲ့ ကြောက်လန့်မှုက မျက်နှာပေါ် အထင်းသား ပေါ်နေတယ်။
“အားလုံးပဲ ဒူးထောက်ပြီး ဘုရင့်အမိန့်တော်ကို ခံယူပါ”
ကုစစ်သေနာပတိချုပ်က လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်။
ကုရှင်းလန်ရဲ့ အစ်ကိုကြီးတွေက သူ ကြမ်းပြင်ပေါ် ဒူးထောက်နိုင်အောင် ဂရုတစိုက် ကူပေးတယ်။ ကျင်းကျုံးကာ အမိန့်လွှာကို ကိုင်ရင်း မကြေညာခင် လည်ချောင်း ရှင်းလိုက်တယ်။ အကြောင်းအရာကို အစအဆုံးကြားပြီးတော့ ကုမျိုးနွယ်တွေက ကျင်းကျုံး သူတို့ကို အရူးလုပ်တာလားဆိုပြီး သိချင်သွားတယ်။ တော်ဝင်မျိုးနွယ်မှာ မင်းသမီးတစ်ပါးပဲ ရှိပြီး မိဖုရားခေါင်ကနေ မွေးတာပဲ။ ဒီနှစ်ဆို သူမအသက်က ဆယ့်လေးနှစ်ပြည့်ပြီ။ ဒါပေမဲ့ အခု သူမက မသန်စွမ်းတဲ့ ကုရှင်းလန်နဲ့ လက်ထပ်မယ်တဲ့လား။ ဒါ ရယ်စရာ မဟုတ်ဘူးနော်။
ကျင်းကျုံးက ဖတ်ပြီးတာနဲ့ ကုရှင်းလန်ရှေ့ သွားပြီး ဘုရင့်အမိန့်တော်ကို ပေးလိုက်တယ်။
“ကုတတိယသခင်လေး မင်းနဲ့ အကြီးဆုံး မင်းသမီးလေးကြား အရင် မိဖုရားခေါင်က သတ်မှတ်ပေးထားတဲ့ မင်္ဂလာပွဲရှိတယ်၊ ဘုရင့်နှုတ်ထွက်စကားက ရွှေထောင်ချီတန်တယ်၊ ဒီတော့ ဘုရင်မင်းမြတ်က ကတိဖျက်မှာ မဟုတ်ဘူး”
ကုရှင်းလန်က ကျင်းကျုံးကို ခေါင်းမော့ကြည့်လိုက်ချိန် သူ့ခံ့ညားချောမောတဲ့မျက်နှာက နာကြည်းမှုတို့နဲ့ ရှုံ့မဲ့သွားတယ်။ ကုရှင်းနော့နဲ့ ကုရှင်းယန်က သူတို့ ညီကို ပြန်ထိန်းဖို့ အားကုန်သုံးလိုက်တယ်။ သူသာ ဒီမှာ အထိန်းတော်ချုပ်ကို တိုက်ခိုက်ရင် သူတို့မိသားစု ဘာဖြစ်သွားမလဲ။
“အားလုံးပဲ ဒီနေ့ ထောင်ကနေ ထွက်သွားလို့ရပါပြီ”
သူ့ကို တိုက်ခိုက်ဖို့ ကုရှင်းလန်မှာ သတ္တိမရှိဘူးလို့ ကျင်းကျုံး သေချာသိတယ်။ သူ တိုက်ခိုက်ချင်ရင်တောင် သူ့မသန်တဲ့ခြေထောက်က လုပ်နိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲကွင်းပြင်မှာ အသက်ဆယ့်ငါးနှစ်တည်းက ခြေချခဲ့ပြီး စစ်သူကြီး ဖြစ်လာတဲ့သူက အခုတော့ အားအင်ကင်းမဲ့လို့နေပြီ။ ဘာအပိုစကားမှ မပြောတော့လဲ သူ့အင်္ကျီလက်ကို ခါပြီး သူ့အခြွေအရံတွေနဲ့အတူ ထွက်သွားတော့တယ်။
ကုမျိုးနွယ်ကလူတွေက ကြမ်းပြင်ပေါ် ဒူးထောက်နေပြီး အံ့ဩနေရာကနေ သတိဝင်နေဆဲပဲ။ အဲဒီအချိန်မှာ တရားရေးရာအမှုထမ်းတွေက စစ်သေနာပတိချုပ် ကုချန်းဆီ ချဉ်းကပ်ပြီး သူ့ကို အေးစက်စက် ကြည့်လိုက်တယ်။
“အဘိုးကြီးကု ခင်ဗျားရဲ့ကလေးတွေ ခေါ်ပြီး မြန်မြန်ထွက်သွားတော့၊ ဒီအရာရှိ လိုက်ပို့တာကို စောင့်နေကြတာလား”
ကုမျိုးနွယ်တွေက အပြစ်ပေးခံရမှာကို စောင့်နေတုန်း ထောင်ထဲမှာ နှစ်လလောက် နေခဲ့ရတယ်။ အရာရှိတွေ သူတို့ကို မောင်းထုတ်လိမ့်မယ်လို့ သူတို့ မထင်ထားဘူး။ အကျဉ်းထောင်ရှေ့မှာ ရပ်နေတဲ့ မိသားစုက အကြည့်ချင်း ဖလှယ်ပြီး စကားမပြောနိုင် ဖြစ်နေကြတယ်။ မိသားစုတစ်စုလုံးက ထောင်ထဲက ထွက်ချိန် ကုမျိုးနွယ်က အစောင့်တွေက သူတို့သခင်တွေ အမှန်တကယ် လွတ်မြောက်တာ သေချာအောင် စစ်ဆေးကြည့်နေကြတယ်။ နောက်တော့မှ သူတို့က ကုစစ်သေနာပတိချုပ်ရှေ့ သွားပြီး ဒူးထောက်ကြတော့တယ်။ အစောင့်တွေထဲက တစ်ယောက် ရှိုက်ရင်း မေးလိုက်တယ်။
“စစ်သေနာပတိချုပ် လွတ်မြောက်မှု ပြန် ပြန် ရပြီလား”
စစ်သေနာပတိချုပ်က အတွေးထဲ နစ်နေဆဲ ဖြစ်ပေမဲ့ နဘေးတစ်ဖက်ဆီမှာ ရှိတဲ့ မိသားစုကို ကြည့်ပြီး သူ့ရှေ့က အစောင့်တွေကို ကြည့်လိုက်တယ်။ နောက်တော့ သူက
“ငါ့ လွတ်မြောက်မှု ပြန်ရတာလား”
ကုမျိုးနွယ်တစ်ခုလုံး စိတ်လွတ်နေဆဲပင်။
ကုရှင်းနော့က မေးလိုက်တယ်။
“ဒါဆို ရှင်းလန်က ထိမ်းမြားတော့မှာလား”
အခုဆို အစောင့်တွေအားလုံး စိတ်ရှုပ်ထွေးကုန်တယ်။
အဲဒီအချိန်မှာပဲ ရင်ညန်ယွင်နဲ့ ကျန်တဲ့သူတို့က ဂုဏ်ပြုဖို့အတွက် ဝင်ပေါက်ကနေ ကမန်းကတန်း ပြေးလာကြတယ်။
ကုချန်းက မေးလိုက်တယ်။
“ရင် ...အစ်ကိုကြီး ကျုပ် အိပ်မက်မက်နေတာများလား”
ရင်ညန်ယွင်က ထောင်ထဲက မြင်ကွင်းကို ပြန်စဉ်းစားလိုက်တယ်။ သူ့အမြင်အရဆို မင်းသမီးလင်းလုံက အာခံတာကြောင့် ဧကရာဇ်ရှန်းကျုံးက ဒေါသထွက်ပြီး လက်ထပ်ဖို့ အမိန့်ချလိုက်တာပဲ။
“ဒီလို မင်းသမီးတစ်ပါး ရှိဖို့ဆိုတာ ရှားတယ်၊ အစ်ကိုကြီး ရှင်းလန်နဲ့ ကျန်တဲ့သူတွေကို ကယ်ဖို့အတွက် အရှင့်သမီးတော်က သက်ညှာပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုခဲ့တယ်”
“အမှန်ပဲ”
နောက်ထပ် အရာရှိတစ်ယောက်က ထောက်ခံကာ
“အရှင့်သမီးတော်လေးသာ လက်ထပ်ပွဲအကြောင်း အရင်မပြောရင် ရှင်းလန် အသက်အန္တရာယ်ရှိမှာကို ကျုပ်စိုးရိမ်မိတယ်”
ဒါကို ကြားတော့ ကုမျိုးနွယ် ဆွံ့အသွားတယ်။ သူတို့ရင်ထဲ ကျေးဇူးတရား ပြည့်နေပေမဲ့ ဘာပြောရမယ်မှန်းမသိ ဖြစ်နေကြတယ်။
ကုရှင်းယန်က ရုတ်တရက် ထပြောတော့တယ်။
“မြတ်စွာဘုရား... ရှင်းလန်နဲ့ ချင်းယွီ ဘာမှမဖြစ်တာ တော်ပါသေးရဲ့၊ နောင်ကျ အရှင့်သမီးတော်လေးနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါတော့မလဲ”
သခင်မကြီးက သူမ စီစဉ်ခဲ့တာတွေကို တွေးမိတော့ သူမ ကြောက်လန့်သွားတယ်။ မင်းသမီးလေးနဲ့ ထိမ်းမြားပြီးချိန် ရှင်းယွီက ကလေးတစ်ယောက် မွေးလာရင် ဒါက မင်းသမီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မတူနေဘူးလား။
ချင်းယွီက လူအုပ်ကြားထဲမှာ ရပ်ပြီး အကျဉ်းသား ဝတ်စုံကို ဝတ်ထားတုန်းပဲ။ သူမရင်ထဲ မတရားသလို ခံစားလိုက်ရတယ်။
ဒီတော့ ကုမျိုးနွယ်က ငါ့ကို မလိုတော့မှ ပစ်ထားခဲ့တယ်ပေါ့။
…
အခန်း (၈) နီးကျောင်းနှင့် ဖခင်၏ အဆိပ်ပြင်းသော အကောက်ကြံမှု
ဒီတစ်ခေါက် အဖြစ်က ကျောင်းမိဖုရားကို နံရိုး သုံးချောင်းနဲ့၊ ဘယ်ခြေသလုံးက အရိုးတစ်ချောင်း ကျိုးသွားစေခဲ့တယ်။ နန်းတွင်းသမားတော်ကြီး အမြင်မှာတော့ သူမ အတွင်းဒဏ်ရာ ဒီလောက်နည်းနည်းလေးပဲ ရပြီး အသက်ရှင်နိုင်တာ တော်တော် ကံကောင်းလို့ပဲ။ ကျောင်းမိဖုရား စိတ်မှာတော့ သူမ မျက်နှာ မထိခိုက်သွားတာ ကံကောင်းမှုကြီးပဲ။ မိန်းမတစ်ယောက် အဆင်းမလှပါဘဲ နန်းတော် မောင်းမဆောင်မှာ ဘယ်လိုလုပ် အသက်ဆက်လို့ ရပါ့မလဲ။ ရှန်းကျုံးဘုရင်နဲ့ နှစ်ပေါင်းများစွာ အတူနေလာပြီးနောက်မှာ ဒီဘုရင်ရဲ့ စိတ်သဘောထားကို သူမ နားလည်တာပေါ့။
ကျောင်းမိဖုရား ဒဏ်ရာရနေတာကြောင့် မင်းကြီးကို အလုပ်အကျွေး အခစား မပြုနိုင်တော့ဘူး။ ဒီဘုရင်က သူ့ရင်ခွင်ထဲမှာ မိန်းမလှလေးမှ မရှိရရင် ဂနာမငြိမ်ဖြစ်တတ်တဲ့ လူစားပဲ၊ အဲဒီတော့ တခြား မောင်းမတွေဆီ ရောက်သွားပါလေရော။ ဒါပေမဲ့ ဒီအချက်ကပဲ ကျောင်းမိဖုရား သူမရဲ့ ဖခင် အမတ်ချုပ်ကြီး ကျောင်းချိုးမင်နဲ့ တွေ့ဖို့ အခွင့်ရေးဖန်လာပေးခဲ့တယ်။ ပထမ မင်းသမီး အဆင့်အတန်းအနိမ့်ခံပြီး ကုမျိုးနွယ်ထဲ လက်ထပ်မယ်ဆိုတဲ့ သတင်းက ညီလာခံ အမတ်တွေ၊ အရာရှိတွေ ကြားမှာ တုန်လှုပ်ဖွယ် အံသြဖွယ် ဖြစ်သွားခဲ့တာ အခုဆို သုံးရက်မြောက်ပဲ။ အခုချိန်မှာ ကျောင်းချိုးမင်က ဇနီးဖြစ်သူနဲ့အတူ သမီးကို လာတွေ့တာပေါ့။
မိဖုရားကို ဂါရဝပြုပြီးတာနဲ့ ကျောင်းချိုးမင် ပူညံပူညံလုပ်တော့တယ်။
"မယ်မယ်ဖုရား၊ မင်းသမီးက ဒီလိုမျိုး လက်ဆက်မင်္ဂလာပြုတော့ ကုမျိုးနွယ်တွေ သေဒဏ်က လွတ်သွားပါတော့မယ်၊ မယ်မယ့်မောင်လေးက ကုရှင်းလန်ရဲ့ အကျိုးဆောင်မှုကို လိမ်လည် အမည်ဝင်ယူထားတာနော်၊ ကုချန်း ရန်သူနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စာသက်သေကလဲ သူ့တဲထဲကို ဒီအဖေက ဝင်ထည့်ထားတာ... ဒီလျှို့ ဝှက်ချက်တွေ ပေါ်ပေါက်သွားရင် အဖေတို့ရဲ့ ကျောင်းမျိုးနွယ်ရော မိဖုရားပါ တန်ပြန်ထိမယ်နော၊ မယ်မယ်ဖုရား ဘာဖြစ်လို့ ဒီထိမ်းမြားခြင်းကို တိုက်တွန်း သဘောတူလိုက်ရတာလဲ"
သူမ ဖခင်က သူမအပေါ် အပြစ်ဖို့နေတာကို ကြားတော့ ကျောင်းမိဖုရား အေးတိအေးစက်ဖြစ်လာတော့တယ်။
"ကုအိမ်တော်သားတွေ အကျဉ်းကျနေတာပဲ ကြာလှပြီ၊ ဒါပေမဲ့ အဖေ သူတို့ကို ကွပ်မျက်ခံရအောင်လို့ နည်းလမ်း မရှာနိုင်ခဲ့ဘူး၊ ကျောင်းအိမ်တော်ရဲ့ ကိစ္စတိုင်းအတွက် တို့အပေါ်ပဲ အားကိုးနေတော့မလို့လား"
ကျောင်းချိုးမင်ရဲ့ မျက်နှာထားလဲ ခါးသည်းသွားတော့တာပဲ။
"မယ်မယ်၊ ကုမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ လူတွေရှိတယ်လေ" တရားစီရင်ရေး ရုံးတော်က သူ့လက်အောက်မှာ ရှိနေတယ်ဆိုပေမဲ့ ကုမျိုးနွယ် ဘက်တော်သားအရာရှိတွေလဲ ရှိသေးတယ်။ ကုမျိုးနွယ်တွေကို တစ်ခါတည်း ရှင်းပစ်လိုက်ဖို့ ကျောင်းအမတ်ကြီး လူလွှတ်ခဲ့ပေါင်းလဲ မနည်းခဲ့။ ဒါပေမဲ့ အကြိမ်ကြိမ်အခါခါ မအောင်မြင်ဘဲ ရှိလေတယ်။ ကျောင်းမိဖုရားရဲ့ ကဲ့ရိရှုတ်ချမှုကို ရင်ဆိုင်ရတော့ သူ စကားလွှဲဖို့သာ တတ်နိုင်တော့တယ်။
"ကုရှင်းလန်က ဒုက္ခိတဖြစ်နေပြီပဲ၊ အရှင်မင်းကြီးက ဘယ်လိုလုပ် သဘောတူရက်မှာလဲ–"
"ကုရှင်းလန်က စစ်ဆေးမေးမြန်းတုန်းက ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာလောက်ပဲ ရှိတာပါလို့ တို့က မင်းကြီးကို လျှောက်တင်ထားတယ်"
ကျောင်းမိဖုရားက ဝင်ဖြတ်ပြောလိုက်တယ်။
"အပြစ်လေးနည်းနည်းပေးတာနဲ့ သုံးစားမရတဲ့ ခြေထောက်ဖြစ်သွားမယ်လို့ဘယ်သူက ထင်မှာလဲ"
"အရှင်မင်းကြီးက မယ်မယ့်စကားကို ယုံတယ်ပေါ့"
"သတင်းစကားကို တင်လျှောက်သူက နန်းတွင်းသမားတော်ဖြစ်နေရင် အရှင်မင်းကြီး ယုံတာပေါ့" အဲ့ဒိ နန်းတွင်းသမားတော်ဆိုတာက ကျောင်းမိဖုရားရဲ့ လက်အောက်ခံငယ်သားဆိုတာ ပြောစရာကို လိုမနေတော့ဘူး။ ကျောင်းချိုးမင် အသံတိတ်သွားတော့တယ်။ သူ့သမီး အိမ်တော်မှာနေခဲ့တဲ့ အပျိုဘဝတုန်းက ဒီလောက်ကြီး မရက်စက် မယုတ်မာခဲ့ဘူးလားလို့။
"အဖေ့လူတွေ စီစဉ်ထားလိုက်တော့" ကျောင်းမိဖုရားက ညွှန်ကြားသည်။
"မင်းသမီးရဲ့ ထိမ်းမြားခြင်းကို အကြောင်းပြုပြီး ကုမျိုးနွယ်ကို အမြစ်ဖြတ် ရှင်းပစ်ရမယ်"
ကျောင်းချိုးမင် ပျာယီးပျာယာ ပြန်ပြောလေတော့တယ်။
"ကုမျိုးနွယ် အိမ်တော်က ယောကျ်ားသားတိုင်းဟာ စစ်ပညာကို သင်ယူတတ်ကျွမ်းထားတဲ့ သိုင်းသမားတွေချည်းပဲ၊ လုပ်ကြံသူတွေ သူတို့ကို သတ်နိုင်ကြမှာ မဟုတ်ဘူး"
"လုပ်ကြံသူတွေလား" ကျောင်းမိဖုရား အေးစက်စက် ရယ်လိုက်လေတယ်။
"အလကား အမှိုက်တွေ"
ကျောင်းချိုးမင် ရှက်လာမိပြီ။ "ဒါဆို မယ်မယ်က ဘယ်လိုလုပ်ချင်တာပါလဲ"
"ယင်းယွီ" ကျောင်းမိဖုရား အော်ခေါ်လိုက်တယ်။ သူမရဲ့ လူယုံ အပျိုတော် ယင်းယွီ ရောက်လာပြီး ကျောင်းချိုးမင်ကို ခပ်ရှည်ရှည် လေးထောင့် သေတ္တာတစ်လုံး ဆက်သလေတယ်။ သူ ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဝါရောင်ဝတ်ရုံကို တွေ့လိုက်ရတယ်။ သူ အလန့်တကြား ဝုန်းကနဲ ထရပ်မိတော့တာပဲ။
"မယ်မယ်၊ ဒါ ဒါ..."
"ဧကရာဇ်ရဲ့ နဂါး ဝတ်ရုံတော်" ကျောင်းမိဖုရားက တီးတိုးပြန်ပြောလေတယ်။
"မင်းသမီး ထိမ်းမြားတဲ့နေ့မှာ ကျင်းကျုံးက ဒီပစ္စည်းကို ကုအိမ်တော်ထဲ ယူသွားပေးလိမ့်မယ်၊ အချိန်ကျတဲ့အခါ အဖေက မောင်လေးနဲ့အတူ နန်းတွင်းကိုယ်ရံတော်တွေ ခေါ်သွားလိုက်ပါ၊ ကုမျိုးနွယ် ဘယ်လောက်ပဲ အစောင့်အကျပ်တွေ ချထားပါစေ၊ တံခါးကြီးအသေပိတ်ပြီး မင်းသမီးနဲ့ လက်ဖွဲ့ပစ္စည်းတွေ အဝင်မခံတာမျိုးတော့ လုပ်လို့ မရဘူးလေ"
ကျောင်းချိုးမင် မျက်လုံးတွေ အရောင်တောက်သွားတော့တယ်။
"ဒါဆို တို့တွေ နဂါးဝတ်ရုံကို ကုအိမ်သားတွေ လက်ထဲမှာ လက်ပူးလက်ကြပ်ရှာတွေ့လိုက်တာနဲ့၊ ဘာမှ ထောက်ထားနေစရာမလိုဘဲ သတ်လို့ရပြီပေါ့လား"
"သူတို့လက်ထဲမှာ ဒီတစ်ခါလဲ အသက်ချမ်းသာပေးမဲ့ တံဆိပ်ပြားရှိနိုင်ဦးမှာ မဟုတ်တော့ဘူး"
ကျောင်းမိဖုရားက ပြန်ဖြေတယ်။
ကျောင်းချိုးမင် ဝမ်းသာသွားမိပြီ။
"အဲ့သလိုသာဆို အဖေတို့တွေမှာ ကုမျိုးနွယ်တွေ သေဒဏ်ကျအောင် အပြစ်ဖို့နိုင်မဲ့ အခွင့်အရေး ရလာပြီပဲ"
"အဖေ အိမ်တော်ကို ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ"
ကျောင်းမိဖုရားက တီးတိုးဆိုတယ်။
"ကျွန်မတို့ရဲ့ ပိုက်ကွန်ထဲ ရောက်ပြီးမှ ငါး လွတ်သွားတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင်လို့ ကုအိမ်တော်ကို ဝင်စီးတဲ့အခါ နန်းတွင်းကိုယ်ရံတော်အင်အား များပါစေ၊ ကိစ္စပြီးတဲ့အခါ ကျွန်မက ထိုက်ထိုက်တန်တန် ချီးမြှင့်မှာပါလို့ တပ်မှူးတွေကို ပြောထားလိုက်ပါ"
"နားလည်ပြီ" ကျောင်းချိုးမင် သဘောတူလေတယ်။ နောက်တော့ သူ ကိစ္စတစ်ခု သွားတွေးမိသွားတယ်။
"ဒါဆို အရှင့်သမီးတော် ကိစ္စကရော"
ကျောင်းမိဖုရားက သူ့ကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်တယ်။
"အဖေက သူ့ကို ပူနေရသေးသလား"
ကျောင်းချိုးမင်က ဆိုတယ်။ "အရှင်မင်းကြီးက ပထမမင်းသမီးကို ပစ်ပယ်လိုက်မှာ မဟုတ်ဘူးနော်၊ မင်းသမီးအတွက်လဲ မယ်မယ် ကြိုတင် ပြင်ဆင်ထားသင့်တယ်"
"မိဖုရားခေါင်ကြီးသာ သူ့သမီးကို သေချာ သင်ပြပေးထားရိုးမှန်ရင် သူဟာ နာခံခြင်း သုံးပါး၊ ကျင့်ဝတ်ကြီး လေးပါးကို လိုက်နာတတ်ပြီး ခင်ပွန်းသေရင် လိုက်သေဖြစ်မှာပဲ၊ သူ လိုက်မသေဘူးဆိုရင်တော့ အရှင်မင်းကြီး သူ့ကို နှင်ထုတ်လိုက်အောင်လို့ ကျွန်မက ကြံဆောင်လိုက်ပါမယ်"
ကျောင်းချိုးမင် ပြန်ပြောတော့တယ်။
"မယ်မယ်ပြောချင်တာက မင်းသမီးနဲ့ ကုရှင်းလန်တို့ မိုးမြေကန်တော့ပြီး လင်မယားအရာရောက်ပြီးခါမှ နန်းတွင်းကိုယ်ရံတော်တွေ ကုအိမ်တော်ကို ဝင်ရောက်စီးနင်းရမယ်လို့ ဆိုလိုတာလား"
"အဟုတ်ပဲ" ကျောင်းမိဖုရားက အတည်ပြုလိုက်တယ်။
ကျောင်းချိုးမင်ကလဲ ခေါင်းတညိတ်ညိတ်။ "နားလည်ပါပြီ"
"မိဖုရားခေါင်ကြီးရဲ့ သမီးဖြစ်နေတာကိုး"
ကျောင်းမိဖုရား အံကို ကြိတ်ရင်း ပြောလာတော့တယ်။
"ကျွန်မ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ၊ ယွီးလင်းလုံ သေမသွားရင်တောင် တစ်သက်လုံး နေသွားရမဲ့နေရာ ကောင်းတစ်ခုကို ကျွန်မက စီစဉ်ပေးရမှာပေါ့"
"သတ္တမ သားတော်လေးကျတော့ရော" ကျောင်းချိုးမင်က ထပ်ကွန့်တယ်။ မင်းသမီးက မိဖုရားခေါင်ကြီးရဲ့ သမီးတော်ဆိုပေမဲ့ မိန်းကလေးပဲလေ။ သတ္တမ မင်းသားကသာ တကယ့် စိုးရိမ်စရာ အန္တရာယ်။
"ဒီကလေးက မွေးလာတာနဲ့ မအေကို သေစေတဲ့သူပဲ" ကျောင်းမိဖုရားက ပြန်ဖြေလေရဲ့။
"တစ်လအတွင်းမှာ အစ်မတော်ကိုလဲ လင်သေ မုဆိုးမ ဖြစ်အောင် ကံဆိုးစေတယ်၊ သတ္တမ အရှင့်သားမှာ ဒီလို ကြမ္မာဂြိုဟ်ဆိုးဝင်နေတာ... အရှင်မင်းကြီးက သူ့ကို ပစားပေး ယုယဝံ့ပါဦးမလား၊ ဘုရင်က ဂရုမစိုက်တဲ့ သားတော်ဆိုတာ... ကောက်ခါငင်ခါ သေသွားရင်တောင် အရေးတယူရှိမဲ့ သူ ဘယ်ရှိပါတော့မလဲ"
ဒီတဒင်္ဂလေးမှာမှ သူ့သမီးရဲ့ ရက်စက်မှုအတိုင်းအတာကို ကျောင်းချိုးမင် မြင်တွေ့လိုက်ရတော့တယ်။
"မယ်မယ်ဖုရား" သူ သူမကို သတိပေးလိုက်တယ်။
"မိဖုရားခေါင်ကြီးရဲ့ အဆွေ မျိုးနွယ်က မြို့တော်မှာ ရှိမနေလို့၊ မင်းသမီးနဲ့ သတ္တမ မင်းသား အရေးမှာ အချိန်မီ ချဉ်းကပ်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျန်းမျိုးနွယ်တွေမှာ စစ်အာဏာ တစ်စိတ်တစ်ပိုင်း ရှိနေတယ်ဆိုတာ မယ်မယ် သတိရပါဦး၊ ဒီအဖေ စိုးရိမ်တာက နောင်တစ်ချိန် ဒီပြဿနာကို သူတို့တွေ ဒီအတိုင်း လွှတ်မထားဘဲ လက်တုံ့ပြန်မှာကိုပဲ"
"ကျွန်မတို့ ကုမျိုးနွယ်တွေကို ရှင်းပြီးသွားရင် ကျန်းမျိုးနွယ်တွေကို ဆက်ရှင်းလို့ ရပြီ" ကျောင်းမိဖုရားက ပြုံးလိုက်လေရဲ့။
"မင်းသမီးရဲ့ ကိစ္စက အရှင်မင်းကြီး ဆုံးဖြတ်ချက်ချခဲ့တာ၊ ဒီတော့ ကျန်းမျိုးနွယ်က ဒီအရေးနဲ့ ပတ်သက်ပြီး ဘာ ပြဿနာမှ ရှာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ မင်းကြီးကို အမျက်ထွက်လာစေရင်တော့ ဘယ်လိုတွေ အကျိုးသက်ရောက်သွားမလဲ ကျွန်မကတော့ ကြည့်ချင်မိတယ် အဖေ"
ဘေးမှာတော့ အမတ်ချုပ်ကြီးရဲ့ ဇနီးဟာ သားအဖ နှစ်ယောက်ရဲ့ အဆိပ်ပြင်းပြင်း အကောက်အကြံကို နှုတ်ဆိတ်စွာသာ ငြိမ်ထိုင်ရင်း နားထောင်နေလေတယ်။ သူမ မျက်နှာထားမှာ လေးစား ဝပ်တွားနေတဲ့ အသွင်အပြင်ကလွဲပြီး တခြား ဘာခံစားချက်မှ ရှိမနေဘူး။ သူမက ကျောင်းချိုးမင် ပထမဇနီးဆုံးပြီးနောက် ထပ်ယူထားတဲ့ နောက်အိမ်ထောင်ပဲ။ သူ့အတွက် သားသမီးလဲ မွေးမပေးနိုင်ခဲ့ဘူး။ သူမရဲ့ အာဏာသြဇာရှိ ခင်ပွန်းကိုပဲ ကြည့်ကြည့်၊ မင်းကြီးအချစ်တော် ကျောင်းမိဖုရားကိုပဲ ကြည့်ကြည့် သူမမှာ သူတို့နှစ်ယောက်ရှေ့မှာ စကား ဝင်ပြောခွင့် မရှိခဲ့ဘူး။
…