← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉) လက်မထပ်ခင် အရှက်ခွဲခံရခြင်း

ကျောင်းသားအဖနှစ်ယောက် သူတို့ရဲ့ ကောက်ကျစ်တဲ့အကြံအစည်တွေအကြောင်းအားတက်သရော ပြင်ဆင်ကြတော့တယ်။ အဲဒီအချိန် ရှန်းကျုံးကတော့ သူ့သမီးအကြောင်း မမေ့နိုင်သေးဘူး။ သောက်တာ၊ အပျော်ရှာတာ၊ အလှလေးတွေနဲ့ အိပ်တာကြားထဲ ကုတတိယသခင်လေးက သူ့သမီးကို ဘယ်လိုများလက်ထပ်မလဲ စဉ်းစားနေမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နန်းတော်က သူ့အပိုင်ပစ္စည်းတွေအကုန်လုံးကို ရှာဖွေသိမ်းယူပြီးဖြစ်ပြီးတော့ နေစရာနေရာတောင် ကျန်တော့တာ မဟုတ်ဘူး။

"ကျင်းကျုံး" ရှန်းကျုံးက သူ့ကုန်းကုန်းကို လှမ်းခေါ်လိုက်တယ်။

ကျင်းကျုံးလည်း အမြန်လျှောက်လာပြီး ဦးညွှတ်လိုက်တယ်။

"ဒီအစေခံ ဒီမှာပါ"

"ကုအိမ်တော်ကို သူတို့ဆီပြန်ပေးလိုက်၊ ပြီးတော့ အရင်က သိမ်းဆည်းထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုရောပဲ"

"အရှင်မင်းကြီး၊ ကုချန်းက ရာထူးမရှိတော့သလို သူကောင်းဘွဲ့တွေလည်း မရှိတော့ပါဘူး၊ အခု သူတို့က သာမန်အရပ်သားတွေအတိုင်းပါပဲ၊ သူတို့ကို တော်ဝင်အထက်တန်းမျိုးရိုးတွေအတွက် မူလအိမ်တော်ဆီ ပြန်ရွှေ့ဖို့က အကြံကောင်း မဟုတ်လောက်ပါဘူး"

ရှန်းကျုံးက ကျင်းကျုံးတွေးသလို လိုက်မလုပ်ဘဲပြောလိုက်တယ်။

"ကျန်းရဲ့သမက်က ဘယ်လိုလုပ် သာမန်အရပ်သားဖြစ်မှာလဲ၊ သူ့ကိုစစ်သူကြီး တစ်ဖန်ဖြစ်ခွင့်ပေးလိုက်"

ကျင်းကျုံးက အလျင်စလိုပြောလိုက်တယ်။

"အရှင်မင်းကြီး၊ ကုမျိုးနွယ်က ရန်သူတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကိုသစ္စာဖောက်တယ်လို့ စီရင်ချက်ချခံရတာပါ"

ရှန်းကျုံးက ဂရုမစိုက်ဘူး။

"အခုလက်ရှိ လောကကြီးကအေးချမ်းနေတာပဲ၊ ကျန်း တပ်တွေကို ဦးဆောင်ဖို့ သူ့ကိုမှမလိုတာ၊ ပြီးတော့ ရန်သူနဲ့ပူးပေါင်းတာက အဲအဘိုးကြီး ကုချန်းပဲ၊ ကုရှင်းလန်ကတော့ ငါတို့အခုမွေးမြူထားလို့ရတာပဲ"

သူ့မျက်စိထဲတော့ စစ်သူကြီးဆိုတာ ငြိမ်းချမ်းရေးကာလအတွင်းမှာ အမတ်တစ်ယောက်ဆိုတာထက် မပိုဘူး။

"ဒါဆို အရှင်မင်းကြီးက ကုတတိယသခင်လေးကို ဘယ်လိုစစ်သူကြီးအဖြစ် လုပ်ချင်ပါသလဲ"

ရှန်းကျုံးက ကုရှင်းလန်ရဲ့ အရင်ရာထူးကို မမှတ်မိတဲ့အတွက် မေးလိုက်တယ်။

"သူက အရင်တုန်းက ဘယ်လောက် အဆင့်ဖြစ်ခဲ့တာလဲ"

ကုရှင်းလန်က စစ်တပ်ထဲ ၁၃နှစ်မှာဝင်ခဲ့ပြီး စစ်ပွဲပြင်ထဲ ၁၅နှစ်မှာ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ ကုချန်းက သူ့စစ်သားတွေကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ပြီး လူငယ်လေးတွေ မရင့်ကျက်ခင် ကြိတ်စက်ထဲ အရင်ဖြတ်ဖို့လိုတယ်လို့ အတွေးရှိသူဖြစ်တယ်။ ဒါကြောင့် သူက ကုရှင်းလန်ကို စစ်တပ်ထဲ အဖြည့်စစ်သူကြီးအဖြစ်ပဲ ရာထူးမြင့်တက်ခွင့်ပြုခဲ့တယ်။ သူ့မှာ လေးလံတဲ့တာဝန်တွေရှိပေမဲ့ တကယ့်ရာထူးကတော့ အတော်လေး နိမ့်တာပဲ။ ကျင်းကျုံးက ကုတတိယသခင်လေးရဲ့ အကျိုးဆောင်ရွက်မှုတွေကို ထည့်တောင်မပြောဘဲ ရာထူးကိုပဲ ပြောသွားတယ်။

"အဖြည့်စစ်သူကြီးလား" ရှန်းကျုံး မယုံကြည်နိုင်ဖြစ်နေတယ်။ ကုချန်းရဲ့ မြေးအရင်းက အဖြည့်စစ်သူကြီးထက် မပိုဘူးလား။

"အရှင်မင်းကြီး၊ ကုတတိယသခင်လေးက ၁၇နှစ်ပြည့်စပါ၊ သူက ငယ်သေးတယ်"

ရှန်းကျုံယက သက်ပြင်းချလိုက်တယ်။ သူ့သမီးတော်က ၁၄တောင်မပြည့်သေးဘူးလေ သူမက ပိုတောင် မငယ်ဘူးလား။

"အဖြည့်စစ်သူကြီးက မလုံလောက်ဘူး" ရှန်းကျုံးတွေးတောပြီးနောက် ကြေညာလိုက်တယ်။

"သူ့ကို တတိယအဆင့်စစ်သူကြီးလုပ်ပြီး ကုမျိုးနွယ်ကိုနေစရာရှာပေးလိုက်"

"ဒီအစေခံ အမိန့်တော်ကိုနာခံပါတယ်"

ကျင်းကျုံးက အလျင်စလို အမိန့်တော်ကိုလက်ခံလိုက်တယ်။

"ကျန်းက လင်းလုံအတွက် ဒါကိုလုပ်ပေးနေတာ"

ရှန်းကျုံးက အလေးထား ပြောလိုက်တယ်။

"အရှင်မင်းကြီးက ဉာဏ်ကောင်းပြီး အမြော်အမြင်ရှိလှပါတယ်"

ကျန်းကျုံး အလျင်အမြန် ပြောလိုက်တယ်။ ကုမျိုးနွယ်ရဲ့ ရန်သူအနေနဲ့ မိန်းမစိုးခေါင်းဆောင် ကျင်းကျုံးက တကယ်တော့ အခုကုရှင်းလန်အတွက် တော်တော်ပျော်နေတာ။ သူက တတိယအဆင့် စစ်သူကြီးဖြစ်လာဖို့ ဇနီးသည်ကို မှီခိုလိုက်ရပြီ။ ဇနီးသည်ကို မှီခိုပြီးနေထိုင်ရတဲ့ ပန်းကောင်လေးအဖြစ် သရုပ်ဖော်ခံရတာက တတိယသခင်လေးအတွက်တော့ ပါးရိုက်ခံရသလိုဖြစ်မှာပဲ။

"သွားတော့" ရှန်းကျုံး ကျင်းကျုံးကို အလုပ်အကောင်အထည်ဖော်ဖို့ ဟန်အမူအရာပြလိုက်တယ်။ သူ သူ့သမီးအတွက် တာဝန်ကျေတယ်လို့ ခံစားရသား။

ကျင်းကျုံး မြို့တော်မှာ ကုမျိုးနွယ်အတွက် နေထိုင်စရာအလျင်အမြန် ရှာတွေ့သွားတယ်။ သူတို့ အရင်အိမ်တော်နဲ့ မယှဉ်နိုင်ပေမဲ့ ရေကန်တစ်ချို့နဲ့ ပန်းဥယျာဉ်တွေပါဝင်တဲ့အတွက် တခြား နေရာတွေထက်တော့ သာတယ်။ နေထိုင်စရာ ပြင်ပြီးတာနဲ့ သူက အချိန်မဆွဲတော့ဘဲ ကုမျိုးနွယ်ရဲ့ ယာယီနေထိုင်ရာ နေရာကို အမိန့်တော်ထုတ်ဖို့ တန်းသွားလေတယ်။ ထင်တဲ့အတိုင်းပဲ ကုမျိုးနွယ်မျက်နှာတွေက ဒီကြေညာချက်အပြီး စိမ်းဖန့်ဖန့်ဖြူဆုတ်ကုန်ကြတယ်။ သူတို့တွေ ဒေါသထွက်ကြပေမဲ့ စကားနဲ့တော့ မဟရဲဘူး။

"ကုစစ်သူကြီး" ကျင်းကျုံးက ကုရှင်းလန်ကို ခပ်ပြုံးပြုံးကြည့်လိုက်တယ်။

"အမိန့်တော် လာလက်ခံပေးပါ"

ကုရှင်းလန်က ခေါင်းငုံ့ထားတယ်။ ခြေထောက်ကို သုံးမရတော့တဲ့ လူတစ်ယောက်အနေနဲ့ သူ့အမျိုးသမီးဆီကတစ်ဆင့် တတိယအဆင့်စစ်သူကြီး ဘွဲ့ကိုရတယ်တဲ့လား။ ဒီ အရှက်ခွဲမှုက သူ့ကို အသက်ရှူမရတဲ့အထိ ဖြစ်စေတယ်။ အသက်ရှူရတဲ့လေက သူ့အင်္ဂါတွေကို အရှင်လတ်လတ် မီးလောင်နေစေသလိုပဲ။

"ကုစစ်သူကြီး၊ အမိန့်တော်ကို အာခံဖို့ပြင်နေတာလား"

ဒုတိယသခင်လေးကုရှင်းယန်က မြေပြင်ပေါ်ကနေ စိတ်ဆိုးမာန်ဆိုး ထလာတော့တယ်။

"ပညာရှင်တစ်ယောက်က အရှက်ခွဲခံရတာထက် သေခြင်းတရားကိုပဲ လက်ခံတယ် ကျင်းကျုံး၊ ကျုပ်တို့ကို ဒီစောက်ရေးမပါတာတွေလာမပေးနဲ့"

သူ့အစ်ကိုရဲ့ ဒေါသတကြီးပေါက်ကွဲသံကိုကြားတော့ ကုရှင်းလန် ခန္ဓာကိုယ်တုန်လှုပ်သွားပြီး လက်ကို ခေါင်းပေါ်မြှောက်လိုက်တယ်။

"ကျွန်တော်မျိုး အမိန့်တော်ကို လက်ခံပါတယ်၊ အရှင်မင်းကြီးရဲ့ ကျက်သရေအတွက် ကျေးဇူးတင်တော်မူပါတယ်"

"ရှင်းလန်.." ကုရှင်းယန်က သူ့ညီရဲ့ တုန်ရီနေတဲ့လက်တွေနဲ့ တဝင်းဝင်းတောက်လောင်နေတဲ့ မျက်လုံးတွေကို ကြည့်နေရတယ်။ သူက ကျင်းကျုံးကို တိုက်ခိုက်ဖို့ ရှေ့တိုးမိသွားတယ်။

"ရှင်းယန်" ကုချန်းက သူ့မြေးကို ဟောက်လိုက်တယ်။

"အဖေ" ကုရှင်းယန်ရဲ့ အငယ်ဆုံးသား နှစ်နှစ်ပြည့်ကာစ ကုရွှီက အသည်းအသန် ငိုကြွေးတော့တယ်။

သူ့အမေ နီးလင်းက ဝတုတ်တုတ်လက်ချောင်းလေးတွေကိုဆွဲယူလိုက်တယ်။ သူမခေါင်းကလည်း ငုံ့နေပြီး မျက်နှာတွေက မျက်ရည်အပြည့်နဲ့။ ကုရှင်းလန် အရှက်ခွဲခံနေရတာ သိတယ်။ သူမ ဒုတိယချွေးမအနေနဲ့ သေရတာကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူမခင်ပွန်းနဲ့သားလေး သေဆုံးရတာတော့ မမြင်ချင်မိဘူး။

အခု ကုမျိုးနွယ်ကိုသတ်ဖို့ အချိန်မကျသေးတဲ့အတွက် ကျင်းကျုံးက သဘောထားကြီးစွာနဲ့ ကုရှင်းလန်ကို ဦးညွှတ်လိုက်တယ်။

"ကုစစ်သူကြီးအတွက် ဂုဏ်ပြုပါတယ်"

ထိုအခိုက် ကုရှင်းနော့က ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး သူ့တတိယညီလေးကို ထူပြီး ထိုင်ခုံပေါ်ပြန်တင်ပေးလိုက်တယ်။ ကျင်းကျုံးကနောက်တော့ ကုချန်းကို လှမ်းပြောလေတယ်။

"အရှင်မင်းကြီးက လူကြီးမင်းတို့အားလုံးအတွက် အိမ်တော်တစ်ခုလည်း ချီးမြှင့်ထားပါတယ်၊ လောင်ကုအနေနဲ့ ကုစစ်သူကြီး လက်ထပ်ပွဲအတွက် ပြင်ဆင်မှုတွေစသင့်နေပါပြီ"

ကုချန်းက ကျင်းကျုံးကို စကားတစ်ခွန်းမဆိုဘဲ ကြည့်ရင်းအမူအရာက လေးလံနေတော့တယ်။ ဒီလူက သူ့ကိုသဘောမကျမှန်း ကျင်းကျုံးသိတဲ့အတွက် တမင် သူတို့အားလုံး ရွံရှာအောင်လုပ်ဖို့ အချိန်ဆွဲနေတာဖြစ်တယ်။ သူ ထွက်သွားတာနဲ့ ကုရှင်းယန်က ပေါက်ကွဲပြီး ထိုင်ခုံတစ်လုံးကို ကန်လိုက်တော့တယ်။

"သူတို့က ငါတို့ကို စောက်ရမ်းတွန်းပို့နေတာပဲ"

ကုချန်းက သူ့ဇနီးကို လေသံတိုးတိုးနဲ့သာ ဆိုလိုက်တယ်။

"မင်း ဇနီးသည်တွေနဲ့ကလေးတွေကို အခန်းတွေဆီ အရင်ပြန်ခေါ်သွားလိုက်ဦး"

အမျိုးသမီးနဲ့ ကလေးတွေထွက်သွားတာနဲ့ အဆောင်ခန်းက တံခါးတွေက ပွင့်လာပြီး ရင်ညန်ယွင်နဲ့ တခြားသူတို့ ပေါ်လာခဲ့တယ်။ ကုရှင်းယန်က ခေါင်းကို လက်ထောက်ပြီး ပန်းအိပ်ရာဘေး ဆောင့်ကြောင့်ထိုင်ချနေတယ်။ သူ့ဘေးမှာတော့ ကုရှင်းနော့က နာကျင်မှုကြောင့် မျက်လုံးကြုတ်ထားလေတယ်။ သူတို့ဖခင်ဟာ ကုရှင်းလန်တစ်နှစ်သား မတိုင်ခင်တည်းက စစ်မြေပြင်မှာ သေဆုံးသွားခဲ့ရတာ။ ဒါကြောင့် သူ့ညီအငယ်ဆုံးလေး အရွယ်မရောက်ခင်ထိ ကာကွယ်ခဲ့တယ်။ ကုမျိုးနွယ် အကြီးဆုံးသခင်လေးက ညီငယ်လေးအတွက် စိတ်ဖိစီးနေပေမဲ့ အစားဝင်ယူဖို့ကလည်း နည်းလမ်းမရှာနိုင်ခဲ့ဘူး။

"ကျွန်တော်အဆင်ပြေပါတယ်" ကုရှင်းခန်က သူ့အစ်ကိုကို မော့ကြည့်လိုက်တယ်။ သူက ပြုံးတောင်ပြုံးပြနိုင်လိုက်သေးရဲ့။

"ကျွန်တော်က လက်ထပ်တော့မှာလေ၊ တာ့ကောရဲ့၊ ကျွန်တော့်ကို ဂုဏ်ပြုပေးသင့်တာပေါ့"

…

အခန်း (၁၀) သွေးအန်ခြင်း

ကုရှင်းလန်ရဲ့ စကားက သူ့အစ်ကိုကြီးရဲ့ မျက်လုံးကို မျက်ရည်စတွေနဲ့ ရဲသွားစေတယ်။ တစ်ဖက်မှာတော့ ကုရှင်းယန်က သူ့အင်္ကျီလက်နဲ့ မျက်လုံးကို အကြမ်းပတမ်း ပွတ်လိုက်လေရဲ့။ ဒုသခင်လေးက ငိုနေသလားဆိုတာ မသေချာဘူး။

အတွင်းဝန်ကြီးရင်နဲ့ ကျန်တဲ့သူတွေက ကုချန်းနဲ့အတူ ခြံဝင်းထဲမှာ ထိုင်နေတာ။ အားလုံးက အကြည့်ချင်း ဖလှယ်ပြီးနောက် အတွင်းဝန်ရင်က အရင်စပြောတယ်။

“ဘာပဲဖြစ်ဖြစ် ရှင်းလန် မင်း အရှင်မင်းသမီးရဲ့ စိတ်ဆန္ဒကောင်းကို ငြင်းပယ်လို့မရဘူး”

ကုရှင်းလန်ရဲ့ ခြေထောက်တွေက အသုံးမဝင်တော့ဘူး။ ပြီးတော့ ကုမျိုးနွယ်က ရာထူးရော ကြယ်၀မှုပါ ကင်းမဲ့နေတာ။ ဒီမှာ ထိုင်နေတဲ့လူတိုင်းက သူ ကြီးပြင်းလာတာကို ကြည့်ရှုခဲ့တဲ့ လူကြီးတွေ ဖြစ်ရင်တောင် သူ့ကို သင့်တော်တဲ့ သမက်တစ်ယောက်လို့ ဘယ်သူမှ မမြင်ကြဘူး။ မင်းသမီးက သူမအဆင့်ထက် နိမ့်တဲသူကို လက်ထပ်ရရုံတင်မကဘူး သတို့သားလဲ မှားရွေးသေးတာ။

“အရှင်မင်းကြီးက ဆန္ဒရှိတာ သေချာပါတယ်” ခပ်တုံးတုံး ကုရှင်းယန်က သူ့ရင်ထဲ ရှိတဲ့အတိုင်း ပြောလိုက်တယ်။

“အဲဒါက သူ့တစ်ဦးတည်းသော သမီးလက်ထပ်တာပဲကို အာ”

အရှင်မင်းကြီးနဲ့ သက်ဆိုင်တော့ ဘယ်အရာရှိမှ ဘာမှမပြောတော့ဘူး။ ဘုရင်မင်းမြတ်ကို ကျိန်ဆဲတာက သေဒဏ်ပေးခံရနိုင်ပြီး သူတို့ခေါင်းတွေ ဆုံးရှုံးသွားလောက်တယ်။ ဘယ်သူက အကြောင်းပြချက်မရှိ စွန့်စားမှာလဲ။

“ညီလေးကု ဒီမင်္ဂလာပွဲက မင်းကို အကျဉ်းထောင်က ဘေးဒုက္ခကနေ လွတ်စေတာပဲ၊ ကျောင်းချိုးမင်တို့ဘက်က မမွှေနှောက်သေးဘူးဆိုပေမဲ့ သူတို့စိတ်ထဲ တခြားအစီအစဉ် ရှိနေမှာ စိုးမိတယ်”

တော်ဝင်အရာရှိ ချိုးကျန်းက အသံတိုးတိုးနဲ့ “ကျုပ်တို့တွေ အစောင့်အကြပ် လျော့လို့ မရဘူး”

“ကျောင်းမိဖုရားက မင်းသမီးကြီးကို ထိခိုက်အောင် လုပ်တာကို အရှင်မင်းကြီးက ထိုင်ကြည့်နေမှာလား”

ကုချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

ခြံဝင်းထဲမှာ ထိုင်နေကြတဲ့ လူအိုကြီးတွေက ခဏတဖြုတ် တွေးဆလိုက်ပေမဲ့ သေချာတဲ့ အစီအစဉ်တော့ မတွေးနိုင်ကြဘူး။ အဆုံးမှာတော့ ရင်ညန်ယွင်က “ငါတို့ လုပ်သမျှ အရာအားလုံးကို ဂရုစိုက်ရုံပဲ ရှိတယ်၊ ၀ူကျို့က ကျန်းမျိုးနွယ်စုဆီ စာရေးပြီးပြီ၊ သူတို့ သိပ်မကြာခင်မှာ မြို့တော်ကို တစ်ယောက်ယောက် ပို့လိုက်လိမ့်မယ်လို့ ကျုပ်ယုံတယ်”

ကုချန်းက ခေါင်းညိတ်ပြီး သူ့ရဲ့ ငြိမ်သက်တဲ့ မြေးအငယ်ဆုံးကို ကြည့်လိုက်လေရဲ့။ သူက သက်ပြင်းမချဘဲ မနေနိုင်တော့ဘူး။ ရင်ညန်ယွင်ကလဲ ကုရှင်းလန်ကို ကြည့်လိုက်တယ်။ တတိယသခင်လေးရဲ့ ပင်ကိုစရိုက်က အေးတိအေးစက်နဲ့ နှုတ်နည်းတယ်။ ဒါပေမဲ့ လူငယ်စိတ် ရှိနေတာ။ လက်ရှိ သူက ခုံပေါ်မှာ ခြေဗလာနဲ့ ထိုင်နေပြီး သူ့ခြေချင်းဝတ်ကို အဝတ်ဖြူစထူထူနဲ့ စည်းထားတယ်။ သူ့ပုံကနေ စိတ်မဝင်စားမှု ပေါ်ထွက်နေတာ။ ငယ်ငယ်တုန်းက ရဲဝံ့ပြီး ခွန်အားပြည့်၀တဲ့ ကုရှင်းလန်က ဘယ်လိုလုပ် ဒီပုံ ဖြစ်သွားရတာလဲ။

ရင်ညန်ယွင်က သူ့ကို ချော့ဖို့ ပြင်တုန်းက ချိုးကျန်းက မှတ်ချက်ချလိုက်တယ်။

“အရှင့်သမီးတော်က အရင်မိဖုရားခေါင်နဲ့ သိပ်တူတာ”

မိဖုရားခေါင်က ကျောင်းမိဖုရားလို ချစ်စဖွယ် ညှို့ဓာတ် မပိုင်ထားပေမဲ့ သူမရဲ့ သွင်ပြင်က သူမရဲ့ ဂုဏ်သိက္ခာနဲ့ သိမ်မွေ့မှုကြောင့် တခြားအမျိုးသမီးတွေထက် အမြဲ သာလွန်တယ်။ အရာရှိချိုးက ပွင့်ပွင့်လင်းလင်း မပြောပေဲ့ မင်းသမီးလင်းလုံက အလှလေးတစ်ယောက်ဖြစ်ကြောင်း ကုရှင်းလန်ကို သူ့နည်းသူဟန်နဲ့ ပြောပြလိုက်တာပဲ။

“အရှင်မင်းသမီးမှာ အံ့မခန်း ပင်ကိုစရိုက်လဲ ရှိတယ် “ နောက်ထပ် အရာရှိတစ်ယောက်က ဆက်ပြောလေတယ်။

“သူမက ငယ်ရွယ်ပေမဲ့ စိတ်သဘောထားက ကြင်နာတတ်ပြီး ကိုယ်ကျင့်သိက္ခာ ကောင်းမွန်တယ်။ မင်းတို့နှစ်ယောက်က နောင်ကျ ချမ်းမြေ့ဖွယ် ဘ၀တစ်ခု ရမှာပါ”

အရာရှိတွေက ကုရှင်းလန်ကို တစ်လှည့်စီ နှစ်သိမ့်ကြတော့တာပဲ။ ကုမျိုးနွယ်က သူ့လွတ်လပ်မှု ပြန်ရပြီဆိုပေမဲ့ နောင်ကျ မျိုးနွယ်စုအတွက် မျှော်လင့်ချက်ကို ဘယ်သူမှ မမြင်နိုင်ဘူး။ ကောင်လေးရဲ့ ခြေထောက်ကို ကုပေးဖို့က မဖြစ်နိုင်တဲ့အချိန် သမားတော်ကောင်းကောင်း ရှာပေးမယ်လို့ ကောင်းကောင်း မလိမ်နိုင်ဘူးလေ။ အဆုံးမှာတော့ သူတို့က မင်းသမီးလင်းလုံရဲ့ ကောင်းခြင်းတွေကိုပဲ ချီးကျူးနိုင်တော့တာ။ ကုမျိုးနွယ်ရဲ့ တတိယသခင်လေးအတွက်ကတော့ နောင်ကျ ဖော်ဖော်ရွေရွေ ချစ်စဖွယ်ဇနီးတစ်ယောက်ကို လက်ထပ်ပြီး သူ့ စိတ် သက်သာရုံပဲ ရှိတယ်။

ဒီလိုဆိုပေမဲ့ ကုရှင်းလန်က သူတို့စကားတွေကို ရင်ထဲ မထားဘူး။ မင်းသမီးလင်းလုံဆီကနေ သူ ဘာကိုမှ မမျှော်လင့်ဘူး။ ဒါပေမဲ့ ထော့ကျိုးတစ်ယောက်ကို လက်ထပ်ရတာက ဘယ်မိန်းကလေးအတွက်မဆို ကျိန်စာတစ်ခုလို့ သူ ခံစားမိတယ်။

“မြေးကြီး” ကုချန်းက သူ့မိတ်ဆွေတွေရဲ့ ဖျောင်းဖျမှုက သူ့မြေးပေါ် မသက်ရောက်တာ မြင်တော့ ကုရှင်းနော့ကို ခေါ်လိုက်တယ်။

“စန်းအာ အနားယူဖို့ သူ့အခန်း ပြန်ခေါ်သွားလိုက်”

ကုရှင်းနော့က သူ့အဘိုးပြောတာ နားထောင်ပြီး ပိန်ပိန်ပေါ့ပေါ့ ကုရှင်းလန်ကို ပွေ့ချီပြီး သူ့အခန်းထဲ သယ်သွားတော့တယ်။ ကုစစ်သေနာပတိချုပ်က ပန်းခင်းနားမှာ ဆောင့်ကြောင့်ထိုင်နေသေးတဲ့ ကုရှင်းယန်ကို မြင်တော့ သူ့ပါ ပြောလိုက်တယ်။

“စန်းအာရဲ့ ဆေး အဆင်သင့်ဖြစ်ပြီးလားဆိုတာ သွားကြည့်၊ အဆင်သင့်ဖြစ်ရင် သူ သောက်ဖို့ ယူသွားပေးလိုက်”

ဒီလိုနဲ့ ကုရှင်းယန်လဲ ထွက်သွားတော့တယ်။

“မင်္ဂလာပွဲအတွက် အမှားအယွင်းရှိလို့ မရဘူး” ရင်ညန်ယွင်က လူငယ်လေးတွေ ထွက်သွားတာနဲ့ သူ့မိတ်ဆွေကြီးတွေကို သတိပေးလိုက်တယ်။

“ဒီအရေးက တော်ဝင်မိသားစုနဲ့ သက်ဆိုင်နေတာ၊ ကျောင်းချိုးမင်နဲ့ ကျန်တဲ့သူတို့က တော်ဝင်မျိုးနွယ်ကို မင်းတို့ မလေးမစား ပြုတယ်ဆိုပြီး စွပ်စွဲဖို့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာ အာမမခံနိုင်ဘူး”

“မလေးမစား ပြုတာ” ကုချန်းက အေးတိအေးစက် ပြုံးပြီး “ဒါက နောက်ထပ် ရာဇဝတ်မှုပေါ့”

“မင်းအသက်ရှင်နေမှပဲ စီရင်ချက်ကို ပြန်လှန်နိုင်မှာ” ရင်ညန်ယွင်က “ အခု ကျောင်းသားအဖက သူတို့ရဲ့ ပြဿနာတွေကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းဖို့ စဉ်းစားနေမှာ၊ သူတို့နည်းအတိုင်း လွှတ်ထားလို့မရဘူး”

ကုချန်းက ခေါင်းညိတ်လိုက်တယ်။ ကျောင်းသားအဖလို အဆိပ်ရှိတဲ့သူတွေကို ဆန့်ကျင်ရင် သူက သစ္စာတရားကို လက်ကိုင်ထားနေလို့ မရဘူး။ ဒါပေမဲ့ အခု ရွေးချယ်စရာ မရှိဘဲ သူတို့ကို ရင်ဆိုင်ရမှာပဲ။

“ရှင်းလန်က တော်တဲ့ကလေးတစ်ယောက်ပါ” ရင်ညန်ယွင်က ထပ်ပြောတယ်။ “အရှင့်သမီးတော်ကလဲ တော်တဲ့ကလေးတစ်ယောက်၊ ဆိုးရွားတဲ့တွဲဖက်မှုတော့ မဖြစ်လောက်ပါဘူး”

သူ့စကားကြောင့် တစ်ဖွဲ့လုံး သက်ပြင်းချကုန်တယ်။ မိန်းမငယ်လေးက အချစ်အကြောင်း မသိရသေးဘူး။ အခု သူမထက် အဆင့်နိမ့်တဲ့ မသန်စွမ်းသူတစ်ယောက်နဲ့ လက်ထပ်ရတော့မယ်။ သူတို့ရဲ့ မင်္ဂလာပွဲက မျှတတာလား၊ ဒဏ်ခတ်တာလားဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။

—

ကုရှင်းနော့က ကုရှင်းလန်ကို သူ့အခန်းထဲ ခေါ်သွားပြီး ခုတင်ပေါ် ညင်ညင်သာသာ တင်ပေးလိုက်တယ်။ သူ့ညီလေးကို ကြည့်တဲ့အချိန် နှုတ်ခမ်းထောင့်မှာ သွေးစ တွေ့လိုက်ရတယ်။ သူက သတိဝင်သွားပြီး အော်လိုက်တာ။

“ ရှင်းလန် ဘာဖြစ်တာလဲ”

ကုရှင်းလန်က အစက ဇဝေဇဝါ ဖြစ်နေတာ။ ကုရှင်းနော့က သွေးတွေကို လက်ညှိုးထိုးပြချိန် အဲဒါရဲ့ ကြေးနီအရသာက သူ့ပါးစပ်ထဲ ပြည့်နေတာကို သဘောပေါက်သွားတယ်။ သူက စကားပြောချင်ပေမဲ့ သူ့အစ်ကိုရဲ့ လက်ထဲပဲ သွေးအန်မိသွားတာ။

…

All Chapters