← Chapters

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အခန်း (၁၁) အသည်းနှလုံးမရှိ၊ သစ္စာမရှိသော တော်ဝင် မင်းမျိုးမင်းနွယ်

ကုရှင်းလန် သွေးထအန်လိုက်တာက အိမ်တော်တစ်ခုလုံးကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားရစေတယ်။ ကုရှင်းယန်က သမားတော် ကပျာကသီ သွားရှာလေတယ်။ ကုရှင်းနော့ကတော့ သူ့ညီငယ်ကို ရင်ခွင်ထဲ ပွေ့ထိန်းထားလိုက်တယ်။ သူ့ကို လှဲလျက် ဆက်ထားလိုက်ရင် သွေးတွေနဲ့ နင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားမှာစိုးလို့။ ကုမျိုးနွယ်က အမျိုးသမီး အိမ်သူတွေလဲ အခန်းတွင်း ပြေးဝင်လာကာ ငိုယိုနေကြတော့တာပဲ။ အတွင်းဝန်ကြီး ရင်ညန်ယွင်နဲ့ ကျန်တဲ့လူတွေလဲ ဒီလိုအချိန်မျိုးမှာမှ ထွက်မသွားရက်တော့ဘူး။ ဒီလိုနဲ့ ခြံဝန်းထဲမှာပဲ လူနာ သတင်းထူးများ ရလာလေမလားလို့ ရပ်စောင့်နေဖြစ်ကြတော့တယ်။

အချိန်ခဏတွင်းချင်းမှာကို ကုအိမ်တော်အတွင်း ဖရိုဖရဲကမောက်ကမတွေ ဖြစ်ကုန်တယ်။ ကုစစ်သေနာပတိချုပ်ကြီး တစ်ယောက်သာ သူ့မြေးငယ်ရဲ့ ခုတင်ဘေးမှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရပ်စောင့်ပေးနိုင်လေတယ်။ လေသံ တင်းတင်းမာမာနဲ့ပဲ သူက ပြောလာတယ်။

"ငါ့ကုမျိုးနွယ်က သားတွေဟာ စစ်မြေပြင်မှာပဲ သေကြရမယ်၊ အရှက်ခွဲခံရတာလောက်နဲ့ ဒေါသထွက်ပြီး အသက်ထွက်စရာအကြောင်း မရှိဘူး၊ မင်း အခု သေမယ်ဆိုရင် ငါ့ကုမျိုးနွယ်က သားတစ်ယောက် မဟုတ်တော့ဘူး"

"အဘိုး" ကုရှင်းနော့ သူ့ညီငယ်အတွက် စိတ်မကောင်းဖြစ်ရလေတယ်။ "ဒီစကားတွေကို နောက်မှပဲ ပြောပါတော့"

ကုရှင်းလန်က မူးဝေနေလျက်ကပဲ ခေါင်းထောင်ထလာကာ သူ့ခုတင်ရှေ့က လူတွေကို ကြည့်လိုက်တယ်။ အသံအက်အက်နဲ့ သူက ဆိုလေတယ်။ "ရပါတယ်၊ ကျွန်တော် ပင်ပန်းနေရုံလောက်ပါပဲ"

ဘေးမှ လောင်ဖူးရန်ကတော့ မျက်ရည်အိုင်ထဲ နစ်လုမတတ်ဘဲ။

ကုချန်းက သူ့မြေးရဲ့ သွေးဆုတ်ဖြူရော်နေတဲ့ မျက်နှာကို ကြည့်ရင်း သူ့စိတ်ထဲက သံမဏိတံတိုင်းကြီး ပြိုလဲတော့မလို ခံစားနေရတယ်။ သူ ကုရှင်းလန်ရဲ့ ပခုံးကို အသာပုတ်ရင်း ပြောလိုက်လေရဲ့။

"ဘာမှ မစဉ်းစားနဲ့တော့၊ အဘိုးတို့ ကံပြန်သာလာတော့မှာပါ"

ကုရှင်းလန် သူ့အစ်ကို လက်ထဲမှာပဲ မေ့မြောမသွားခင် ပြုံးတော့ ပြုံးပြခဲ့လိုက်တယ်။ သူ တကယ်ကို ပင်ပန်းနွမ်းနယ်နေတာ။

"သူက ခေါင်းမာတတ်တာ" ရင်ညန်ယွင်က သူ့မိတ်ဆွေကြီး အခန်းထဲက ထွက်လာတာကို တွေ့တာနဲ့ ပြောလိုက်တော့တယ်။

"အခု သူ အသက်ဆက်ရှင်ချင်စိတ် ပျောက်သွားပြီ၊ ဒီကလေး ဘယ်လို ဆက်နေနိုင်ပါတော့မလဲ"

ကုချန်း ခေါင်းခါလိုက်တော့တယ်။ သူ ဘာမှ ပြန်မဖြေနိုင်တော့ဘူး။

ကုမျိုးနွယ် အိမ်သားတွေ ခေါင်းပေါ်မှာ တိမ်မည်းကြီးတွေ အုံ့ဆိုင်းနေပေမဲ့ နန်းတော် အရှင်သခင်ကတော့ ဘယ်လိုမှ မနေပါဘူး။ သူ့သမက်က သွေးတွေ အန်ပြီး သတိလစ်မေ့မြောနေတဲ့ အချိန်မှာ ရှန်းကျုံးဘုရင်က သူ လုပ်ခဲ့တဲ့ အရာတွေကို ယွီးရှောင်ရှောင်ကို ပြန်ပြောပြပြီး မျက်နှာလုပ်နေလေရဲ့။

"ဖခမည်းတော်ကလေ ကုအိမ်တော်ကို အိမ်ဆောင်ကြီးတစ်လုံး ချီးမြှင့်ထားပြီး ကုရှင်းလန်ဖို့ အမတ်ရာထူးတစ်ခုပါ ပေးထားသေးတာနော်၊ နောင်ဆို လင်းလုံက သူနဲ့ နေရင် တင့်တောင့်တင့်တယ်လေး ဖြစ်အောင် များမကြာမီပဲ သားလေးဖြစ်ဖြစ် သမီးလေး ဖြစ်ဖြစ် မွေးပေးဦး... ဖခမည်းတော် မြေးရမဲ့ သတင်းကောင်းကို စောင့်နေမယ်နော်"

ယွီးရှောင်ရှောင်က သူမရဲ့ ပိန်သွယ်သေးသိမ်တဲ့ ခန္ဓာကိုယ်လေးကို ပြန်ငုံ့ကြည့်လိုက်မိတယ်။ 'ငါကဖြင့် အရွယ်တောင် မရောက်သေးဘူး၊ အဖေက မြေးချီချင်နေပြီပေါ့၊ ဒီ ဘုရင်အဖေက ဦးနှောက်ရော ရှိသေးရဲ့လား'

ရှန်းကျုံးက ပြောတယ်။

"လင်းလုံ၊ ဖခမည်းတော်ကလေ သမီးရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးဖို့ ကျောင်းမိဖုရားကို အပ်ထားလိုက်တယ်၊ သူက နေမကောင်းဖြစ်နေတယ်ဆိုပေမဲ့ သမီး မယ်တော်နဲ့ သင့်သင့်မြတ်မြတ် ရှိခဲ့ဖူးသူလေ... သူ့လက်ထဲ မင်္ဂလာကိစ္စ လွှဲအပ်ထားလိုက်ရင် ဖခမည်းတော် စိုးရိမ်စရာ မလိုတော့ဘူး၊ သမီးတော် လိုအပ်တာရှိသေးရင် ကျောင်းမိဖုရားဆီကသာ တောင်း"

ယွီးရှောင်ရှောင် ရှန်းကျုံးဘုရင်ရဲ့ စကားကို သေချာ မှတ်သားစဉ်းစားလိုက်ပြီးနောက် မေးလိုက်တော့တယ်။ "သူ ကျွန်မကို ဘာမဆို ပေးနိုင်မှာလား"

ရှန်းကျုံး လန့်သွားလေတယ်။ ဟိုတလောကမှ သူ့သမီးတော်က ကျောင်းမိဖုရားကို သတ်ဖို့ ကြိုးစားခဲ့သေးတာဆိုတော့ သူ သတိကြီးကြီးထားပြီး မေးကြည့်လိုက်တော့တယ်။ "သမီးက ဘာလိုချင်သေးလို့တုံး"

"ငွေ" ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

ရှန်းကျုံး ခေါင်းညိတ်လိုက်တော့တယ်။ "ဒါများ"

"သြော်" ယွီးရှောင်ရှောင်က ပြန်ပြောလေတယ်။ "ငွေရမယ်ဆို သမီး ဘာမှ ထပ်မလိုချင်တော့ဘူး"

ယွီးရှောင်ရှောင် အမြင်မှာ "ငွေ" ဆိုတာဟာ ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်မျက်တွေတင် မကဘူး၊ သန္တာ ကျောက်စိမ်းတွေ အပြင် လက်ရေးလှ စာပန်းချီတွေ၊ အနုပညာလက်ရာမြောက်တဲ့ ပန်းချီကားချပ်တွေပါ ပါတယ်ဆိုတာကို ရှန်းကျုံး သိတော့ မသိသေးဘူးပေါ့။

"ငတုံးမလေး လင်းလုံရာ" ရှန်းကျုံးက သူ့သမီးတော် စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရတယ်။

"ဖခမည်းတော်ရှေ့မှာ ရှက်နေ အားနာနေစရာ မလိုပါဘူး၊ ဖခမည်းတော် သမီးတော်ကို ဘာမဆို ပေးနိုင်ပါတယ်"

ယွီးရှောင်ရှောင်ကတော့ နားမလည်နိုင်ဘူး။ စည်းစိမ်ဥစ္စာတွေကလွဲရင် ဒီအဘိုးကြီး သူမကို ဘာများ ပေးနိုင်မှာမို့လဲ။ ထီးနန်းလား။

"ဒါဆို အဖေ- ဖခမည်းတော်၊ သမီးတော်ကို ဘာများ ပေးနိုင်သေးလို့လဲ"

ရှန်းကျုံး ခဏလောက်တော့ စဉ်းစားကြည့်နေလိုက်တယ်။ သူ့သမီးတော်ရဲ့ သိုင်းပညာတတ်ကျွမ်းမှုဟာ မိဖုရားခေါင်ကြီး ဖိတ်ခေါ်သင်ကြားစေတဲ့ အဆင့်မြင့် သိုင်းဆရာကြီးတစ်ယောက်ကြောင့်လို့ ဝမ်မောမောက ရှင်းပြထားပြီး ဖြစ်ပေမဲ့ ယွီးရှောင်ရှောင် နန်းတွင်းကိုယ်ရံတော်တွေကို အလဲထိုးခဲ့တုန်းက စွမ်းရည်အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးပေမဲ့ ကုအိမ်တော်ကို ရံရွှေတော်လေးနည်းနည်း ကုန်းကုန်းလေး နှစ်ယောက် သုံးယောက်လောက်နဲ့ သွားရင် ဟိုရောက်တဲ့အခါ ကု အိမ်သားတွေနဲ့ ကုစစ်သည်တွေ အထင်ကြီး မခံရမှာကို စိုးတယ်။ ဒါကြောင့် ရှန်းကျုံး အခိုင်အမာ ဆိုလိုက်လေတယ်။

"ဖခမည်းတော်က သမီးတော်ဖို့ နန်းတွင်းကိုယ်ရံတော်တွေ ထပ်ထည့်ပေးလိုက်ဦးမှာ၊ ကုအိမ်တော်မှာ ကိုယ်တော့်သမီးလေး အနိုင်ကျင့်ခံနေရလို့ မဖြစ်ဘူး"

အမှောင်ရိပ်အကွယ်ကနေ ရှန်းကျုံး ဘုရင်ကို ကာကွယ်ပေးနေရတဲ့ အရိပ်ကိုယ်ရံတော်တွေခမျာမှာ သူတို့ရဲ့ သခင်အပေါ်မှာ မျှော်လင့်ချက်မဲ့သလို ခံစားရမိတော့တယ်။ ပထမမင်းသမီးက ကိုယ်ရံတော် တစ်အုပ်လိုက်ကြီးကိုတောင် ဆော်ပလော်တီးနိုင်တာ။ အနိုင်ကျင့်ခံရမှာကို စိုးရိမ်ဖို့ လိုဦးမလား။ ပြီးတော့ ကုမျိုးနွယ်တွေ အသက်ရှင်ရတာကို ငြီးငွေ့နေလို့လား။ အားအားယားယား ဘုရင့်သမီးတော်ကို ညှဉ်းပန်းရဲပါ့မလား။

ရှန်းကျုံးဘုရင်ကတော့ သမီးတော်ရဲ့ အဖြေကို ပြန်မစောင့်ဘဲ စာကြည့်ဆောင်ထဲကနေ အပြင်ဘက်ကို လှမ်းအော်ပစ်လိုက်တယ်။ "နန်းတွင်းကိုယ်ရံတော်တွေကို ဝင်လာခိုင်းလိုက်"

ကိုယ်ရံတော် အုပ်စုလိုက်ကြီး တော်ဝင်စာကြည့်ဆောင်ထဲ ဝင်လာကြပြီး သားအဖနှစ်ယောက်ရှေ့ ဒူးထောက်ကာ ဂါရဝပြုလိုက်လေတယ်။

"ထကြတော့" ရှန်းကျုံးက ဆိုတယ်။ "ပြီးရင် ခေါင်းလေးတွေ မော့ကြပါဦး"

ကိုယ်ရံတော်တွေ အကုန်လုံး မော့လိုက်ပြီး ယွီးရှောင်ရှောင်နဲ့ အကြည့်ချင်းဆိုင်လိုက်တယ်။ တစ်ခဏလောက်ကြာတော့ သူတို့တွေအကုန် စိတ်ထဲက အောင့်သက်စွာ ရယ်မိကြလေတယ်။ ဘယ်လိုတောင် တိုက်ဆိုင်နိုင်ရတာလဲ။ သူတို့တွေက ဟိုတစ်နေ့က ယွီးရှောင်ရှောင် ရိုက်တာ ခံထားရတဲ့ အဖွဲ့တွေပဲ။

"သမီး ကြိုက်တဲ့ လူရွေး" ရှန်းကျုံးက သဘောထားကြီး ရက်ရောစွာ ပြောတယ်။

ယွီးရှောင်ရှောင် သူ့ကို မျက်နှာသေနဲ့ပဲ ကြည့်လိုက်ပြီး အမှန်တရားတွေကို ပြောပြလိုက်လေတယ်။

"သူတို့ထဲက ဘယ်သူမှ သမီးကို နိုင်အောင် တိုက်နိုင်တာမှ မဟုတ်တာ"

ရှန်းကျုံး ပါးစပ်ကို ပိတ်ချည်ဟချည်လုပ်နေမိတော့တယ်။ ဘာပြောရမှန်း မသိတော့ဘူး။

"ထားလိုက်ပါတော့" ယွီးရှောင်ရှောင် ပြောလိုက်တယ်။ သူမလဲ အသုံးမဝင်မဲ့ဟာတွေကို အလကား တင်ကျွေးထားရမှာကို မလိုလားဘူး။

ဒါပေမဲ့ ရှန်းကျုံးဘုရင်ကတော့ သမီးတော်ကိုတစ်ခုခု မပေးလိုက်ရရင် ကျေနပ်နိုင်မှာ မဟုတ်တော့ စာကြည့်ဆောင်ထောင့်တစ်နေရာဘက်ကို လှမ်းပြောလိုက်တော့တယ်။

"မင်းတို့ကောင်တွေ ထွက်လာခဲ့ကြတော့"

မျက်နှာဖုံးကိုယ်စီနဲ့ အရိပ်ကိုယ်ရံတော်တချို့ အလျိုလျို ပေါ်လာကြပြီး ဘုရင့်ခြေတော်ရင်းမှာ ဒူးတုပ်နေကြတော့တယ်။

"ဒါတွေက ဖခမည်းတော်ရဲ့ အရိပ်ကိုယ်ရံတော်တွေပဲ" ရှန်းကျုံးက မိန့်တယ်။

"သမီးတော် နှစ်ယောက် ခေါ်သွားလိုက်"

ချီး...

…

အခန်း (၁၂) မင်းသမီး၏ ထိမ်းမြားမင်္ဂလာ

ဧကရာဇ်ရှန်းကျုံးက အရိပ်ကိုယ်ရံတော် လူငယ်လေးနှစ်ယောက်ကို လက်မထပ်ရသေးတဲ့ သမီးတော်ဘေးထားတာက ဘယ်လောက်တောင် နာမည်ပျက်မလဲ သဘောပေါက်မှာ မဟုတ်ဘူး။ သူတောင် သတိမထားမိဘူးဆို ယွီးရှောင်ရှောင်က နားလည်ဖို့ ပိုတောင်မဖြစ်နိုင်ဘူးပေါ့။ တစ်ယောက်က "ရွှေပါးစပ်နဲ့ ပုလဲသွယ် စကားလုံးတွေ" ရှိပြီး လက်ဆောင်ပေးမယ် အတင်းပြောနေတယ်။ နောက်တစ်ယောက်ကတော့ အမိန့်ကို ဖီဆန်ပြီးနေရာမှာတင် အပြစ်ဒဏ်မခံချင်တဲ့သူ။ ရလဒ်ကတော့ သားအဖနှစ်ယောက်ကြားက စကားအပြန်အလှန်ပြောဆိုမှုဟာ အတော်လေး ကျေနပ်စရာကောင်းသွားခဲ့တယ်။

လှကျက်သရေနန်းတော်ဆောင်မှာတော့ အရပ်ရှည်ရှည်၊ သန်သန်မာမာ အရိပ်ကိုယ်ရံတော်နှစ်ယောက် တစ်ဖက်တစ်ချပ်စီ ခြံရံထားတဲ့ ယွီးရှောင်ရှောင်က ဝမ်မောမောကို စကားပြောနေလေတယ်။

"ငါ့ ခမည်းတော်ပြောတာတော့ ငါတို့ လိုချင်သလောက် ငွေကို ကျောင်းမိဖုရားဆီမှာ တောင်းလို့ရတယ်တဲ့"

ဝမ်မောမောက ဒီစကားလုံးတွေ မကြားခင်ထိ ကိုယ်ရံတော်တွေ မင်းသမီးလေးအပေါ် အရိပ်ကျမှာကို ဗျာများနေတာ။ ကျောင်းမိဖုရားကို စိတ်အနှောင့်အယှက်ပေးရမယ်ဆိုတော့ သူမက ရှေ့တန်းမှာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေလေပြီ။ သူမတက်ကြွလာပြီး အရိပ်ကိုယ်ရံတော်တွေက ရုတ်တရက် အရေးမပါဖြစ်ကုန်တယ်။ သူမ ရင်ဘတ်စည်တီးကာ ကတိပြုလိုက်တယ်။

"မစိုးရိမ်ပါနဲ့ မင်းသမီးလေး၊ ဒီကျွန်မ ကျောင်းမိဖုရားကို မနက်ဖြန်ချက်ချင်း သွားရှာပါ့မယ်"

ဒီလိုနဲ့ဆို ယွီးရှောင်ရှောင်လည်း စိတ်ပူရတာရပ်နိုင်ပြီ။ နောက်ရက်တွေကတော့ ဝမ်မောမောရဲ့ ကျောင်းမိဖုရားနန်းတော်ဆီ နေ့စဉ်အလည်အပတ်သွားမှုနဲ့ ပြည့်နေတော့တယ်။ ဒီလိုနှုန်းနဲ့ဆို နန်းဆောင်ထဲက တန်ဖိုးရှိတာမှန်သမျှ ယူဖြစ်တော့မယ်။ ကျောင်းမိဖုရားက အားလုံးကို သည်းခံရုံရှိတော့တယ်။ ကုမျိုးနွယ်ကို နဂါးဝတ်ရုံတော် သိမ်း‌စည်းထားပြီး ထီးနန်းကိုသိမ်းပိုက်ချင်နေတဲ့ ရည်မှန်းချက်အတွက် အပြစ်ရှိကြောင်းတွေ့တာနဲ့ သူတို့ ပစ္စည်းဥစ္စာအကုန်လုံးက နန်းတော်ဆီ ပြန်ရောက်လာမှာပဲ။ ဒီဝတုတ် နို့ထိန်းယူသွားတဲ့ ဟာတွေပါ အပါအဝင်ပေါ့။

"အဲဒါတွေကို သူ့ပေးလိုက်" ကျောင်းမိဖုရား သူမနောက်လိုက်တွေကို ညွှန်ကြားထားလိုက်တယ်။

"အရှင်မင်းကြီးမှာ သမီးတော်ဆိုလို့ မင်းသမီး‌တစ်ပါးပဲရှိတာ၊ သူ လိုချင်တာဘာမဆို ယူလို့ရတယ်"

ဒီလိုနဲ့ အကြိမ်ရေတစ်ချို့သွားလိုက်ပြန်လိုက်ဖြစ်နေတာက ကျောင်းမိဖုရား အိပ်ရာထဲ ထထိုင်နိုင်တဲ့အထိပဲ။ အခုဆို မင်းသမီးလင်းလုံရဲ့ ထိမ်းမြားမင်္ဂလာနေ့တောင် ရောက်လာချေပြီ။ အေးစိမ့်စိမ့် ဆောင်းဦးမနက်ခင်းမှာ ယွီးရှောင်ရှောင်က တောက်ပတဲ့ မင်္ဂလာဝတ်ရုံနီကို ဝတ်ဆင်ထားတယ်။ ရှန်းကျုံးရဲ့ ညီတော်ဖြစ်တဲ့ ပထမအဆင့် မင်းသားကြီးလွေ့က မင်းသမီးကို ထုံးတမ်းအရ ကုန်းပိုးကာ နန်းတော်တံခါးကနေထွက်ပြီး ဝေါယာဉ်လှည်းစီးပို့ဖို့ သူ့သားကြီးကို စေခိုင်းခဲ့တယ်။

သတို့သမီးအုပ်စုကို လာကြိုဖို့ ရောက်လာကြတဲ့ ကုမျိုးနွယ်ဝင်တွေကိုတော့ မြင်းခွလျက်စီးထားတဲ့ ဒုတိယသခင်လေး ကုရှင်းယန်က ဦးဆောင်လာခဲ့တယ်။ သူက အင်မတန်ကို တလေးတစားရှိပေမဲ့ ပြုံးမနေဘူး။

"ကုရှင်းလန်ဒဏ်ရာတွေက သက်သာမှု မရှိဘူးလား"

ရှန်းကျုံး နန်းတော်ဝန်းထဲမှာရှိတဲ့ မျှော်စင်နန်းမြင့်တစ်ခုကနေ အပေါ်စီးကကြည့်နေတယ်။ ဒီနေရာကနေ ကုရှင်းယန် သူ့သမီးကို ပိုးဖဲနီကြိုးရှည်နဲ့ ဦးဆောင်ခေါ်သွားတာ မြင်ရတယ်။

"သမားတော်တွေက သူသက်သာလာပြီ ပြောတယ်မဟုတ်လား"

သူ့နောက်မှာတော့ ကျင်းကျုံးက ပြန်‌ဖြေတယ်။

"အရှင်မင်းကြီးကို ပြန်ဖြေရရင်တော့ တော်ဝင်သမက်တော်က အိပ်ရာထဲကနေတော့ ခက်ခက်ခဲခဲ ထနိုင်ပြီထင်ပါတယ်၊ ဒါပေမဲ့ မြင်းစီးလို့မရသေးတာမို့ ဒုတိယသခင်လေးကုက သတို့သမီးကိုလာကြိုတာပါ"

ရှန်းကျုံးက ခေါင်းညိတ်လိုက်တယ်။ သူ့စိုးရိမ်မှုတွေ အခုတော့ အေးဆေးသွားခဲ့ပြီ။

"အရှင်မင်းကြီး၊ ဒီအစေခံက အရှင်မင်းသမီးကို ကုအိမ်တော်ဆီ ပို့ဆောင်လိုက်ပါဦးမယ်၊ ထပ်ပြီးမိန့်ချင်တာ ရှိပါသေးလား"

ရှန်းကျုံးက လက်သာယမ်းပြလိုက်တယ်။ သမီးကို လက်ထပ်ဖို့စေလွှတ်လိုက်ရတဲ့ ဖခင်တိုင်းက ခံစား‌ချက်တွေ ရောပြွမ်းနေမှာပဲ။ သူက စည်းစိမ်မှာမွေ့လျော်တတ်တဲ့ အုပ်ချုပ်သူဆိုရင်တောင် ဖခင်တစ်ယောက် ဖြစ်သေးတယ်။ သတို့သမီးဝေါယာဉ်ကို မြူးကြွတဲ့ဂီ‌တခြံရံလျက် နန်းတော်ကနေ ဝေးသထက်ဝေး ရောက်သွားတာမြင်တော့ ရှန်းကျုံးရင်ထဲ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုရောနေလေတယ်။ သူ သက်ပြင်းသာချလိုက်တော့တယ်။

"မိဖုရားခေါင်ကြီး အခုဆို ငြိမ်းချမ်းနိုင်ပြီထင်ပါတယ်"

ဧကရာဇ်ကိုခြံရံထားတဲ့ ကုန်းကုန်းတွေနဲ့ အစေအပါးတွေကတော့ အနောက်က ကိုယ်ရံတော်တွေနဲ့အတူ ပါးစပ်တွေ တွန့်သွားကြတော့တယ်။ ဒါက ပြောဖို့ခက်တယ်နော်။

အကြီးဆုံးမင်းသမီးရဲ့ လက်ထပ်ပွဲနေ့မှာ ဆယ်မိုင်လောက် ရှည်တဲ့ ပိုင်ဆိုင်မှု လိုက်ပါလာခဲ့ပြီး လမ်းတစ်လျှောက်က မြို့သူမြို့သားအားလုံးကို ဆွဲဆောင်နေခဲ့တယ်။ သူတို့တွေ တော်ဝင်မိသားစုရဲ့ ချီးမြှင့်မှုနဲ့ ဂုဏ်သရေရှိမှုတို့အပေါ် သက်ပြင်းချမိပေမဲ့ မင်းသမီးရဲ့ထိမ်းမြားမှုအတွက် မနာလိုသူကတော့ မရှိသလောက်ပဲ။ ရွှေရောင်ဇာမဏီတွေ ထွင်းထားတဲ့ မင်္ဂလာဝေါယာဉ် ကုအိမ်တော်တံခါးရှေ့ ရပ်သွားချိန် သူတို့ကိုကြိုဆိုဖို့ မီးရှူးမီးပန်းတွေ ဖောက်ကြတော့တယ်။ ကလေးတွေက ခုန်ပေါက် အားပေးကြပြီး လူကြီးတွေကတော့ လက်ခုပ်တီး လေချွန်ကြ‌တယ်။ သတို့သမီးက တော်ဝင်မင်းသမီးတစ်ပါးဆိုပေမဲ့ ရဲတင်းတဲ့ယောက်ျားတချို့က မိန်းကလေးကို ဇာပဝါဖယ်ဖို့နဲ့ သူမရုပ်ရည်ကိုပြဖို့ ပြောကြတာတွေရှိသေးတယ်။

ကုရှင်းယန်က ယွီးရှောင်ရှောင်ကို ပိုးဖဲနီကြိုးနဲ့ မင်္ဂလာဝေါယာဉ်ပေါ်ကဆင်းဖို့ ခေါ်ငင်လိုက်တယ်။ သူမခြေဖဝါးက မြေကြီးနဲ့ထိတဲ့အချိန် ပျို့အန်ချင်နေတာ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့တယ်။ ဘယ်သူ စဉ်းစားမိမှာလဲ။ သူမ ကားမမူး၊ လေယာဉ်မမူး၊ သင်္ဘောလည်း မမူးဖူးပေမဲ့ ဒီမှာ တကယ်ကြီးကို ဝေါယာဉ်မူးနေတယ်

"မင်းသမီးလေး" ဝမ်မောမောက သူမကို အထောက်အကန်ပြုပေးထားရင်း တီးတိုးပြောလိုက်တယ်။

"အိမ်တော်က အဲလောက်ဆိုးပုံမပေါ်ပါဘူး၊ နည်းနည်းလေး သေးရုံပါ"

ယွီးရှောင်ရှောင် ပြန်မဖြေဖြစ်ဘူး။ သူမက သတို့သားနဲ့ ပတ်သက်ပြီးတောင် အတွေးမရှိတာ။ အိမ်ဆို ပိုတောင်မရှိသေးတယ်။ အဲချိန် ကုရှင်းလန်ကို အိမ်တော်အနောက်ဘက်က မင်္ဂလာအိပ်ခန်းထဲ ထည့်ပေးပြီးပြီ။ အပြင်ဘက်က ပွဲကျင်းပသံတွေကြားချိန် အမူအရာက မပြောင်းမလဲရှိနေဆဲပဲ။ လောင်ဖူးရန်က အိပ်ရာဘေးထိုင်ကာ တီးတိုးရေရွတ်လိုက်တယ်။

"မင်းသမီးလေး အိမ်တော်ထဲ ဝင်လာပြီ"

"အင်း"

"ဒါမင်းမင်္ဂလာပွဲနေ့ပဲ၊ လက်ထပ်ပြီးတာနဲ့ အရွယ်ရောက်ပြီး မင်းသမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေ့ရက်တွေကို ဖြတ်သန်းသွားရမယ်၊ သူမင်းကိုလက်ထပ်မှတော့ တာဝန်ယူရမယ်"

ကုရှင်းလန်ရဲ့မျက်ဝန်းတွေ ညွှတ်ကျသွားခဲ့တယ်။

"အဘွား ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်ကသာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်ရမယ်"

လောင်ဖူးရန် သူ့စကားတွေကြောင့် မျက်ရည်ကျလုနီးပါးဖြစ်သွားတယ်။ ကုရှင်းလန်က ရက်တချို့ အိပ်ရာပေါ်လှဲနေခဲ့ပြီး နည်းနည်း သက်သာလာတဲ့ပုံပေါ်ပေမဲ့ ခြေထောက်ဒဏ်ရာတွေကတော့ အချိန်နဲ့အမျှ ပိုဆိုးလာခဲ့တယ်။ အခု ဒဏ်ရာတွေက မသက်သာရုံတင်မကဘူး ပြည်တည်စပါ ပြုလာခဲ့တယ်။ သူတို့ပင့်ဖိတ်တဲ့ သမားတော်တွေကလည်း အကုန်ခေါင်းသာယမ်းကြကာ ကုဖို့နည်းလမ်းမရှိဘူး ပြောကြတယ်။ လောင်ဖူးရန် တစ်ယောက်တည်းကြိတ်ငိုခဲ့တာ မရေမတွက်နိုင်ပေမဲ့ သူမမြေးရှေ့ မျက်ရည်ကောင်းကောင်းမကျနိုင်ဘူး။ အားတင်းပြုံးရင်း သူမ ပြောလိုက်တယ်။

"ငါ့မြေးက ဒီလောက်ကောင်းတာကို ဘယ်လိုလုပ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာလဲကွယ်၊ မတိုက်ခိုက်နိုင်ဘူး၊ မြင်းမစီးနိုင်ဘူးဆိုတာနဲ့ ပျော်ပျော်ရွှင်ရွှင် မနေနိုင်တော့ဘူးလို့ ဘယ်သူပြောလဲ အရူးလေး"

ကုရှင်းလန် သူ့အဘွားစကားတွေကြောင့် ရယ်သာရယ်နေတော့တယ်။ လောင်ဖူးရန် သူ့ကို ဆက်မနှစ်သိမ့်နိုင်ခင် အောင်သွယ်တော်ရဲ့ အသံ အပြင်ကနေ ထွက်လာခဲ့တယ်။

"သတို့သမီး ဒီကိုရောက်ပါပြီ"

လောင်ဖူးရန် အလျင်အမြန် မတ်တတ်ရပ်လိုက်တယ်။ မင်္ဂလာဇာပဝါနီလွှမ်းထားတဲ့ ယွီးရှောင်ရှောင် မင်္ဂလာအိပ်ဆောင်ထဲ ခြေချပြီး အထဲကနေ ပြင်းထန်လှတဲ့ဆေးရနံ့နဲ့ အမွှေးတိုင်ရနံ့ကို ရလိုက်တယ်။ ဝမ်မောမော သူမကို အိပ်ရာဘေးဆီ ခေါ်လာခဲ့ပြီး ခုတင်ခေါင်းရင်းကိုမှီထားတဲ့ သတို့သားကို မြင်သွားခဲ့တယ်။ အဲဒီမြင်ကွင်းကြောင့် သူမရင်ထဲ အေးစိမ့်သွားခဲ့တယ်။ အမျိုးသားက မင်္ဂလာဝတ်စုံနီ ဝတ်ထားပေမဲ့ အသားအရေကတော့ လူသေလိုဖြစ်နေလေတယ်။

သူ သေတော့မှာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား။

…

All Chapters