← Chapters

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

အခန်း (၁၃) အမျိုးသားနှင့် အမျိုးသမီးကြား ထိတွေ့ခြင်းက မသင့်တော်

ဝမ်မောမောရဲ့ သေချင်စမ်းလှပါဘိဆိုတဲ့ မျက်နှာပေးကို သခင်မကြီးက မြင်ဖြစ်အောင် မြင်လိုက်သေးတာကြောင့် သူမရင်ထဲ ပိုပြီးတော့တောင် မချိမဆံ့ ဖြစ်ရလေတယ်။ ဒါကြောင့် သူမက အားတင်းပြုံးရင်း ဆိုလိုက်ရတယ်။

"အရှင်မင်းသမီးလည်း မင်္ဂလာခန်းဆောင်ထဲ ရောက်ပြီဆိုတော့ တို့တွေ အပြင်ထွက်ပေးကြရအောင်လေ"

ဝမ်မောမော ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ၊ သူမရဲ့ မင်းသမီးလေးကတော့ မိုးမြေကန်တော့ပြီးလို့ မင်္ဂလာခန်းဆောင်ထဲတောင် ရောက်နေပြီပဲ။ ဝမ်မောမော ဘာတတ်နိုင်ဦးမှာလဲ။ ကျောင်းမိဖုရားရဲ့ ဘိုးဘေးဘီဘင် ရှစ်ဆက်လုံးကိုပဲ စိတ်ထဲကနေ တဝကြီး ကျိန်ဆဲရင်း ခြေလှမ်းတိုင်းမှာ နောက်ကို တစ်လှည့်စီ ပြန်ပြန်ကြည့်ရင်း သခင်မကြီးနောက်ကနေ အပြင်ကို လိုက်ထွက်သွားပါတော့တယ်။

ယွီးရှောင်ရှောင် ခုတင်ရှေ့မှာ ခဏရပ်စောင့်နေပေမဲ့ အခန်းထဲက ဘာသံမှ ထွက်မလာတာနဲ့ သူမက မေးလိုက်တယ်။

"ကျွန်မက ဒီအတိုင်းကြီးပဲ ရပ်နေရမှာလား"

အဲဒီတော့မှ ကုရှင်းလန်က မင်္ဂလာတုတ်တံကို ယူပြီး ယွီးရှောင်ရှောင်ရဲ့ ခေါင်းပေါ်က မင်္ဂလာဇာပဝါနီကို လှန်ပေးလိုက်တယ်။

ယွီးရှောင်ရှောင် မျက်လုံးတွေက မှောင်မည်းနေတာ ကြာပြီမို့ ရုတ်တရက် အလင်းရောင် မြင်ရတော့ နည်းနည်းတော့ နေရခက်သွားတယ်။ သူမ လက်နဲ့ မျက်လုံးကို ပွတ်လိုက်ပြီး သူမရဲ့ သတို့သားလောင်းကို သေသေချာချာ ကြည့်လိုက်တော့တယ်။ ဖုန်းထျန်းမင်းဆက်ရဲ့ အချောဆုံးစာရင်းမှာ ထိပ်ဆုံး ၅ ယောက်ထဲ ဝင်တဲ့ ကုရှင်းလန်ဟာ ယွီးရှောင်ရှောင်ရဲ့ "ပုံမှန်လူသားဖြစ်ရင်ပဲ တော်ပါပြီ" ဆိုတဲ့ အလှအပ စံနှုန်းအရတော့ "အင်း... အတော်လေး ကြည့်ကောင်းသားပဲ" ဆိုတဲ့ မှတ်ချက်ကို ရသွားလေရဲ့။

ကုရှင်းလန်ကလည်း ယွီးရှောင်ရှောင်ကို အကဲခတ်နေမိတယ်။ သူ ကြားဖူးထားတဲ့အတိုင်းပဲ လင်းလုံမင်းသမီးက တကယ့်အလှလေးပဲ။ နုနယ်ပျိုမြစ်တဲ့ အလှတရားတွေက အပြည့်အစုံ မပွင့်လန်းသေးပေမဲ့ ဒီမင်းသမီးလေး အရွယ်ရောက်လာရင်တော့ အရပ်ရှည်ရှည်နဲ့ အချိုးအစားကျတဲ့ အလှပိုင်ရှင် ဖြစ်လာမှာ သေချာတယ်။ ဒါပေမဲ့ ကုရှင်းလန် စိတ်ထဲကနေ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ မင်းသမီးလေးရဲ့ မျက်နှာထားက အေးစက်ပြီး အမူအရာက ထုံထိုင်းနေတာကို ကြည့်ရင် သူ့အပေါ် စိတ်ပျက်နေတာပဲ ဖြစ်ရမယ်။

ယွီးရှောင်ရှောင် ဒီအချိန်မှာ တစ်ခုခု ပြောသင့်တယ်လို့ ခံစားမိတာကြောင့် "ရှင်..." လို့ စပြောလိုက်ပေမဲ့ ကုရှင်းလန်ကလည်း တစ်ချိန်တည်းမှာပဲ စကားစလာတယ်။

ကုရှင်းလန်က ဆိုတယ်။

"အခွင့်အရေးရရင် မင်း အမြန်ဆုံး ထွက်သွားတော့"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ စကားကို နားမလည်တာနဲ့ မေးလိုက်တယ်။

"ဘာ... ဘာကို ဆိုလိုတာလဲ"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"မင်း ငါ့ကုမိသားစု တစ်မျိုးနွယ်လုံးကို ကယ်ခဲ့တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါက အခုတော့ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားပြီ။ မင်းသမီးအနေနဲ့ ဒီလက်ထပ်ပွဲကို ငါ့မိသားစုကို ကယ်ဖို့အတွက် လုပ်ခဲ့တဲ့ ယာယီအစီအစဉ်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ အတည်ယူနေဖို့ မလိုပါဘူး။ မင်းသမီး... ကုရှင်းလန်သာ နောက်ဘဝရှိမယ်ဆိုရင် ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်"

ယွီးရှောင်ရှောင် ကုရှင်းလန်ရဲ့ စကားကို အကြာကြီး စဉ်းစားကြည့်ပြီး နောက်ဆုံးမှာတော့ မေးလိုက်တယ်။

"ဆိုလိုတာက... တို့တွေ ကွဲကြရအောင်ပေါ့ ဟုတ်လား"

ကုတတိယသခင်လေး ကြောင်သွားတော့တယ်။

"ဗျာ..."

ဒီစကားလုံးက တစ်ခုခုတော့ လွဲနေသလိုပဲ။

ယွီးရှောင်ရှောင်က ထပ်ပြောတယ်။

"ရှင် ခံစားနေရတာတွေက ကျောင်းမိဖုရားရဲ့ အဖေကြောင့်ဆိုတာ ကျွန်မ သိတယ်။ ရှင် ကျောင်းမိဖုရားကို ကြောက်မနေနဲ့။ ကျွန်မ သူ့ကို မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်"

မိ... မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်တဲ့လား။ ကုရှင်းလန် အလန့်တကြား ဖြစ်သွားရပြီ။ ဒီစကားက အသက် ၁၃ နှစ်အရွယ် မင်းသမီးတစ်ပါးရဲ့ ပါးစပ်က ထွက်လာတာ တကယ်ပဲ ဟုတ်ရဲ့လား။ မင်းသမီးကြီးက ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်တယ်လို့ ကြားထားတာ မဟုတ်ဘူးလား။ ယဉ်ကျေးတဲ့သူက ဒီလို စကားမျိုး ပြောတတ်လို့လား။

ယွီးရှောင်ရှောင် ကုရှင်းလန်ရဲ့ ခြေထောက်ကို လက်ညှိုးထိုးပြီး မေးလိုက်တယ်။

"ရှင့်ဒဏ်ရာကို သမားတော်တွေက ဘယ်လိုပြောလဲ"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်တယ်။

"ကုလို့ မရတော့ဘူးတဲ့"

ယွီးရှောင်ရှောင်က ပြန်ပြောတယ်။

"နန်းတွင်းသမားတော်ကတော့ ရှင့်ခြေထောက်ဒဏ်ရာက သက်သာလာပြီလို့ ကျွန်မကို ပြောတာပဲ"

ကုရှင်းလန် ခါးခါးသီးသီး ပြုံးလိုက်မိတယ်။

'ကြည့်ရတာ နန်းတွင်းသမားတော်လည်း ကျောင်းမိဖုရားရဲ့ သိမ်းသွင်းမှုကို ခံလိုက်ရပြီထင်တယ်။ ငါ အဲဒီမိန်းမကို ကန်သတ်ပစ်ခဲ့သင့်တာ' ယွီးရှောင်ရှောင် လူတစ်ဖက်သားရဲ့ လှည့်စားမှုကို ခံရတာကို မနှစ်မြို့တဲ့အတွက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။

အဲဒီအချိန်မှာပဲ မင်္ဂလာခန်းဆောင်ရဲ့ ဘယ်ဘက်ပြတင်းပေါက်ကနေ လူတစ်ယောက် တွန်းဖွင့်လိုက်သလို ဟသွားပြီး ကလေးနှစ်ယောက် လိမ့်ဝင်လာတယ်။ သူတို့တွေ မြေပြင်ကနေ ပြန်ထလာပြီး သူတို့ရဲ့ ခြေတံတိုလေးတွေနဲ့ ခုတင်ဘေးကို အပြေးလေး ရောက်လာကြတယ်။

အကြီးဆုံးကောင်လေးက မျက်ရည်ဝိုင်းဝိုင်းနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"တတိယဒေါ်လေး... တတိယဦးလေးက လူကောင်းပါ"

ယွီးရှောင်ရှောင် ကုရှင်းလန်ကို လှည့်ကြည့်လိုက်တယ်။ 'ဒါက ဘယ်လို အခြေအနေလဲ'

ကုရှင်းလန်က သူ့တူလေးနှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချကာ ယွီးရှောင်ရှောင်ကို ရှင်းပြလိုက်တယ်။

"သူတို့က ကျွန်တော့်အစ်ကိုကြီးရဲ့ သားတွေပါ"

နောက်တော့ ကလေးတွေကို ကြည့်ပြီး မေးလိုက်တယ်။

"ရွှင်အာ၊ ကျင့်အာ... မင်းတို့ ဘာလို့ ဒီကို ရောက်လာတာလဲ"

အသက် ၆ နှစ်အရွယ် ကုရွှင်က ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆွဲပြီး ပြောလာတယ်။

"တတိယဒေါ်လေး... ဒေါ်လေး ဒီမှာပဲ နေမှာ မဟုတ်လားဟင်။ ကျွန်တော့်ဦးလေးက လူကောင်းပါ။ ကျွန်... ကျွန်တော်တို့အိမ်မှာ ပိုက်ဆံတွေ ရှိပါတယ်။ ကျွန်တော်တို့ နောက်တစ်ခါ ထောင်ထဲ ထပ်မသွားရတော့ဘူးလေ"

အသားလုံးလေးလို ကောင်လေးနှစ်ယောက်က သူမရှေ့မှာ မျက်ရည်ဝိုင်းဝိုင်းနဲ့ ဖြစ်နေတာကို ယွီးရှောင်ရှောင် မခံစားနိုင်တော့ဘူး။ သူမက ထွက်သွားမယ်လို့တောင် မပြောရသေးဘူး၊ ဒီအသားလုံးလေးတွေက သူမ ထွက်ပြေးဖို့ ကြံနေတာကို ဘယ်လိုများ သိနေကြတာလဲ။

ကုရှင်းလန် သက်ပြင်းချလိုက်မိတယ်။ 'ဒီကလေးနှစ်ယောက်က အစ်ကိုကြီးနဲ့ မရီးတို့ ပြောတာကို ကြားခဲ့တာ ဖြစ်ရမယ်။ ကြည့်ရတာ အစ်ကိုကြီးတို့လည်း ရိပ်မိနေကြပြီပဲ။ ငါ့အခြေအနေနဲ့ မင်းသမီးကို ငါ့ဘေးမှာ တစ်သက်လုံး နေခိုင်းဖို့ဆိုတာကလည်း တကယ်ကို အနိုင်ကျင့်ရာ ကျလွန်းပါတယ်'

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ဆုံးမစကား ပြောလိုက်တယ်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ သက်ပြင်းတွေ ခဏခဏ ချနေတာလဲ"

ပြောပြောဆိုဆိုနဲ့ ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပုဆိုးစကို ဒူးဆစ်အထိ လှန်တင်လိုက်တယ်။ ဒီလူ့ခြေထောက်က ဘယ်လောက်တောင် ပျက်စီးသွားပြီလဲဆိုတာ သူမ ကိုယ်တိုင် ကြည့်ချင်တာကိုး။ တစ်ဖက်ကလည်း ကုရှင်းလန်ကို ပညာပေးလိုက်သေးတယ်။

"ဒီမှာ ဇွန်ဘီတွေ မရှိတာနဲ့တင် ရှင်တို့တွေ သိပ်ကံကောင်းနေပြီဆိုတာ သိထား"

ကုရှင်းလန်နဲ့ အသားလုံးလေးနှစ်ယောက်စလုံး ကြောင်သွားကြတော့တယ်။ 'ဇွန်ဘီဆိုတာ ဘာကြီးလဲ'

ကုရှင်းလန်ရဲ့ ဘောင်းဘီစကို ဒူးဆစ်အထိ လှန်တင်လိုက်တဲ့အခါ ယွီးရှောင်ရှောင်က ပတ်တီးဖြူပေါ်မှာ ပြည်ရည်တွေ စိုနေတာကို မြင်လိုက်ရတယ်။ သူမ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

"ဒဏ်ရာက ပြည်တည်နေတာလား"

ကုရှင်းလန်က သူ့ခြေထောက်ပေါ် ရောက်နေတဲ့ ယွီးရှောင်ရှောင်ရဲ့ လက်ကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ချက်ချင်း နီမြန်းသွားတော့တယ်။ ကုရှင်းလန်က ထစ်ထစ်အအနဲ့ ဆိုလေတယ်။

"မင်း... မင်း ဒီလို မလုပ်သင့်ဘူးလေ။ အမျိုးသားနဲ့ အမျိုးသမီးကြားမှာ... ထိတွေ့ဆက်ဆံမှုက မသင့်တော်ဘူး"

စစ်တပ်ထဲက လာတဲ့ ကုတတိယသခင်လေးတောင်မှ ယွီးရှောင်ရှောင်လို ပွင့်လင်းလွန်းတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ။ ယောက်ျားတစ်ယောက်ရဲ့ ခြေထောက်ကို ဒီတိုင်းကြီး ကိုင်လို့ ရပါ့မလား။

ယွီးရှောင်ရှောင်ကတော့ ကုရှင်းလန်ရဲ့ စကားကို လုံးဝ နားမထောင်ဘဲ ကုရှင်းလန်ရဲ့ ခြေချင်းဝတ်က ပတ်တီးတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖြည်ချလိုက်ပြီး ပြောလိုက်တယ်။

"ပြည်တည်နေရင် ပတ်တီးတွေ ပတ်မထားနဲ့တော့။ ဒဏ်ရာကို အုပ်ထားရင် ပိုဆိုးလိမ့်မယ်"

ကုရှင်းလန်ရဲ့ ခြေချင်းဝတ်က ဒဏ်ရာတွေက ညီညာနေတယ်။ အသားတွေက ချွန်ထက်တဲ့ ဓားနဲ့ အလှီးခံထားရသလိုပဲ။ အခုတော့ နီမြဲပြီး ပြည်တည်နေတာကြောင့် ဒဏ်ရာက ကြောက်စရာကောင်းနေတယ်။ ယွီးရှောင်ရှောင် ဓားရာရဲ့ အနက်ကို ကြည့်ပြီး သံသယဖြစ်သွားမိတယ်။ ဒီအနက်က ခြေဖဝါးကြောကို ပြတ်သွားစေဖို့ မလုံလောက်ဘူးပဲ။

…

အခန်း (၁၄) ကျောင်းချိုးမင် တစ်ဖန် ရောက်ရှိလာခြင်း

“ဒါက အဖြတ်ခံထားရတာ မဟုတ်ဘူးပဲ၊ ဘယ်လိုဖြစ်တာလဲ”

ယွီးရှောင်ရှောင်က ဒဏ်ရာနှစ်ခုလုံးကို ကြည့်ပြီးနောက် မှင်တက်နေတဲ့ ကုရှင်းလန်ရဲ့ မျက်နှာကို ဂရုမစိုက်ဘဲ မေးလိုက်တယ်။

“နှိပ်စက်ခံရတုန်းက ဖြစ်သွားတာပါ”

ကုရှင်းလန်က ငရဲခန်းလို ထောင်ထဲမှာ ခံခဲ့ရတဲ့ နှိပ်စက်မှုတွေကို ပြန်မတွေးချင်တော့တာကြောင့် ယွီးရှောင်ရှောင်ရဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း ခပ်တိုတိုပဲ ဖြေလိုက်တယ်။

“ကျွန်တော် မြင်တယ်”

ကုရွှင်က လက်ထောင်ပြလိုက်ပြီး သူ့ရဲ့ လက်ဖောင်းဖောင်းလေးကို ယွီးရှောင်ရှောင်ရဲ့ မျက်စိရှေ့မှာ ဝေ့ယမ်းရင်း ပြောလာတယ်။

“တတိယဦးလေးကို ကျင်းကျုံးဆိုတဲ့ မိန်းမစိုးယုတ်က နှိပ်စက်တာ”

“ရွှင်အာ”

ကုရှင်းလန်က သူ့တူလေးကို ဆက်မပြောဖို့ အသံကို ခပ်မာမာနဲ့ တားလိုက်တယ်။

“ဆက်ပြောစမ်းပါဦး”

ယွီးရှောင်ရှောင်က အသားလုံးလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ မပြီး ခုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်ကာ မေးလိုက်တယ်။

“ဘယ်လို အခြေအနေမျိုးလဲ”

“သူတို့က တတိယဦးလေးကို နှိပ်စက်တဲ့ ခုတင်ပေါ်မှာ ချည်ထားတာ”

ကုရွှင်က အသက် ၆ နှစ်ပဲ ရှိသေးပေမဲ့ မှတ်ဉာဏ်ကတော့ သိပ်ကောင်းတာပဲ။ ကုရှင်းလန် နှိပ်စက်ခံရပုံကို သူ အကုန်မှတ်မိနေပြီး နှိပ်စက်တဲ့ ခုတင်ပုံစံကို လက်ဟန်ခြေဟန်နဲ့ ပြရင်း ယွီးရှောင်ရှောင်ကို ပြောပြနေတယ်။

“သူတို့က ကြိုးတွေနဲ့ တတိယဦးလေးရဲ့ ခြေထောက်တွေကို ချည်ပြီးတော့ ကြိုးကို အတင်းဆွဲကြတာ”

ကလေးပြောတဲ့ စကားကို ပုံဖော်ကြည့်ရင်း ယွီးရှောင်ရှောင်က ဆိုတယ်။

“မြင်းငါးကောင်နဲ့ ခန္ဓာကိုယ်ကို ဆွဲဖြဲသတ်သလိုမျိုးလား”

ကုရွှင်က မေးတယ်။

“တတိယဒေါ်လေး... မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်တယ်ဆိုတာ ဘာလဲဟင်”

“ကျွန်တော့်ဦးလေးက နာတယ်လို့ တစ်ချက်တောင် မအော်ဘူးနော်”

အသက် ၄ နှစ်အရွယ် ကုကျင့်က သူ့လက်ချောင်းလေးကို ငုံရင်း ဝင်ပြောတယ်။

“တတိယဦးလေးက ယောက်ျားကောင်းပဲ”

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ခြေထောက်ကို လက်နဲ့ တစ်ချက် တို့ကြည့်လိုက်တယ်။ ကုရှင်းလန်က မမျှော်လင့်ဘဲ အတို့ခံလိုက်ရတာကြောင့် အင့်ခနဲ ညည်းသံ ထွက်သွားတယ်။

“နာလို့လား” ယွီးရှောင်ရှောင်က မေးတယ်။

ကုရှင်းလန် ခေါင်းညိတ်ပြလိုက်တယ်။

နာတယ်ဆိုတာက ခြေထောက်က အကြောတွေ သေမသွားသေးဘူးလို့ ဆိုလိုတာပဲ။ ယွီးရှောင်ရှောင် ကုရှင်းလန်ရဲ့ ခြေထောက်တွေကို ကြည့်ရင်း တွေးနေမိတယ်။ 'ဒါက ခွဲစိတ်ပြုပြင်ရုံတင်ပဲဟာ၊ ဘာလို့ ဒီလောကက သမားတော်တွေက ကုလို့မရတော့ဘူးလို့ အသေသတ်မှတ်ထားကြတာလဲ။ ဒီလောကက လူတွေက သိုင်းပညာတင် ညံ့တာမဟုတ်ဘဲ ဆေးပညာပါ ညံ့တာလား။ ဟူး... တကယ်ကို အဆင်မပြေလိုက်တာ'

မင်းသမီးလေးရဲ့ စိတ်ထဲမှာတော့ အတွေးတွေ ရှုပ်ထွေးနေပေမဲ့ ဘေးက လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် မြင်ရတာကတော့ အမူအရာကင်းမဲ့တဲ့ ကျောက်ရုပ်မျက်နှာကြီးပဲ ဖြစ်နေတာကြောင့် သူမ ဘာတွေတွေးနေမှန်း လုံးဝကို ခန့်မှန်းလို့ မရဘူး။

“ကျွန်မ ထင်တာကတော့...”

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ခြေထောက်က မျှော်လင့်ချက် လုံးဝ မရှိတာ မဟုတ်ဘူးလို့ ပြောဖို့ ပြင်လိုက်စဉ်မှာပဲ မင်္ဂလာဦးခန်းရဲ့ တံခါးကြီးက ဝုန်းခနဲ ပွင့်သွားပြီး ဝမ်မောမော ပြာပြာသလဲ ပြေးဝင်လာတော့တယ်။

“မကောင်းတော့ဘူး”

ဝမ်မောမောက ခုတင်နားတောင် မရောက်သေးခင်မှာပဲ အော်ဟစ်လိုက်တယ်။

“မင်းသမီးလေး... ကုအိမ်တော်တော့ သွားပြီ”

အသားလုံးလေးနှစ်ယောက်ကတော့ အခြေအနေကို နားမလည်သေးပေမဲ့ ကုရှင်းလန်ကတော့ ကိုယ်ကို အားတင်းကာ ထလိုက်ရင်း အလန့်တကြား မေးလိုက်တယ်။

“ဘာဖြစ်တာလဲ”

“နန်းတွင်းကိုယ်ရံတော်တွေ... အမတ်ချုပ်ကြီးကျောင်းက နန်းတွင်းကိုယ်ရံတော်တွေကို ခေါ်ပြီး ရောက်လာပြီ”

ဝမ်မောမောက ကုရှင်းလန်ကို အဖက်မလုပ်ဘဲ မိုးပြိုတော့မဲ့ မျက်နှာထားနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ကာ ပြောလိုက်တယ်။

“သူတို့... သူတို့တွေ ကုအိမ်တော်ကို ဝင်ရှာတော့မယ်တဲ့”

“ရှင့်အိမ်မှာ ဘာတွေ ဖုံးကွယ်ထားတာ ရှိလို့လဲ” ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။

ကုရှင်းလန် မဖြေရသေးခင်မှာပဲ ဝမ်မောမောက ကြားဖြတ်ဖြေလိုက်တယ်။

“အမတ်ချုပ်ကြီးကျောင်းကတော့ သတင်းရထားတယ်တဲ့၊ ကုအိမ်တော်မှာ တိုင်းပြည်သစ္စာဖောက်တဲ့ သက်သေတွေ ရှိနေတယ်လို့ ပြောနေတာပဲ”

ကုရှင်းလန်ရဲ့ မျက်ဝန်းတွေက ဒေါသကြောင့် နီရဲလာတော့တယ်။ တိုင်းပြည်သစ္စာဖောက်တယ် ဟုတ်လား၊ ကျောင်းချိုးမင်ဆိုတဲ့ လူယုတ်မာက ဒီလို လှည့်ကွက်မျိုးနဲ့ ထပ်ပြီး နှိပ်စက်ဦးမှာလား။

“ကျွန်မ သွားကြည့်လိုက်ဦးမယ်”

ယွီးရှောင်ရှောင် ခုတင်ပေါ်ကနေ ထရပ်လိုက်တယ်။ ကုအိမ်တော်က တိုင်းပြည်ကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ဘူး။ သူမ ဝိညာဉ်ဘဝနဲ့ ကြည့်ခဲ့တုန်းကလည်း ဒါမျိုး မတွေ့ခဲ့ဘူးလေ။

“ရှင့်မှာ အပြစ်မရှိဘူးဆိုတာ ကျွန်မ ယုံတယ်။ မကြောက်နဲ့၊ ကျွန်မ ရှိတယ်”

မင်းသမီးလေးက သူမရဲ့ သတို့သားကို စိတ်ချဖို့ ထပ်ပြီး မှာကြားလိုက်သေးတယ်။

ကုရှင်းလန် စိတ်ထဲမှာတော့ ဒီစကားတွေက ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲလို့ တွေးနေမိတယ်။

ဝမ်မောမောက ဆိုတယ်။

“မင်းသမီးလေး... အဲဒါ အမတ်ချုပ်ကြီးကျောင်းလေ”

ယွီးရှောင်ရှောင်က ခန်းဆောင်အပြင်ဘက်ကို ထွက်လှမ်းလိုက်တယ်။ ကျောင်းမိဖုရားကိုတောင် သူမ သတ်ပစ်နိုင်တာပဲ၊ ကျောင်းမိဖုရားရဲ့ အဖေကို ဘာလို့ ကြောက်နေရမှာလဲ။

“နန်းတွင်းကိုယ်ရံတော် တစ်ထောင်ကျော်တောင် ပါတာနော်”

ဝမ်မောမောက သူမရဲ့ မင်းသမီးနောက်ကနေ အော်ပြောလိုက်တယ်။

လူသား တစ်ထောင်ကျော်ဆိုတာ မိုးကြိုး နှစ်ချက် သုံးချက်လောက် ပစ်လိုက်ရင် ပြာဖြစ်သွားမဲ့ဟာတွေပဲ။ ယွီးရှောင်ရှောင်အတွက်တော့ ဒါက ကိစ္စမဟုတ်ဘူး။

ဝမ်မောမောက ယွီးရှောင်ရှောင်ရဲ့ ရှေ့ကို ပိတ်ရပ်လိုက်ပြီး အကြံပေးပြန်တယ်။

“မင်းသမီး... ဒီကိစ္စမှာ ကျောင်းမိဖုရား သေချာပေါက် ပါနေမှာပဲ။ ကျောင်းမိဖုရား ပါနေပြီဆိုရင် ဘုရင်မင်းမြတ်ကို အားကိုးလို့ မရတော့ဘူး။ တို့တွေ ထွက်ပြေးကြရအောင်၊ ကျွန်တော်မျိုးမဆီမှာ ငွေအသပြာတွေ အများကြီး ပါပါတယ်”

“ဒါဆို သူတို့ကော” ယွီးရှောင်ရှောင်က ခုတင်ပေါ်က လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

ဝမ်မောမော စကားဆွံ့သွားတော့တယ်။ ဟုတ်သားပဲ၊ သူတို့ ထွက်ပြေးသွားရင် ကုမိသားစုက ဘယ်လိုလုပ်မလဲ။

“ဒါဆို...” ဝမ်မောမောက စိတ်ကို တင်းလိုက်ပြီး ပြောလိုက်တယ်။

“သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားကြတာပေါ့”

“ရှင်းလန်”

ဝမ်မောမောရဲ့ စကားမဆုံးခင်မှာပဲ အရှေ့ဘက် ဧည့်ခန်းဆောင်မှာ ဧည့်ခံနေတဲ့ ကုရှင်းယန်က ပြေးဝင်လာတယ်။ သူက ယွီးရှောင်ရှောင်နဲ့ ဝမ်မောမောကို မြင်တော့ ခဏလောက် ကြောင်သွားပြီးမှ ချက်ချင်း ပြောလိုက်တယ်။

“မင်းသမီးလေး... ကျွန်တော် မင်းသမီးနဲ့ ရှင်းလန်ကို အရင်ဆုံး လွှတ်ပေးပါ့မယ်”

“ဒုတိယအစ်ကို၊ ဘာဖြစ်တာလဲ”

ကုရှင်းယန်ရဲ့ မျက်နှာထားက ပျာယာခတ်နေတာကို မြင်တော့ ကုရှင်းလန်လည်း အခြေအနေ မကောင်းမှန်း ရိပ်မိသွားတယ်။ အလန့်တကြားနဲ့ သူ့ခြေထောက်တွေ လှုပ်ရှားလို့ မရတာကို မေ့သွားပြီး ကိုယ်ကို ရုန်းလိုက်တာကြောင့် ခုတင်ပေါ်ကနေ မြေပြင်ပေါ်ကို လိမ့်ကျသွားတော့တယ်။

ကုရှင်းယန်က ချက်ချင်း ပြေးသွားပြီး ကုရှင်းလန်ကို ပွေ့ဖက်ကာ စိုးရိမ်တကြီး မေးလိုက်တယ်။

“အဆင်ပြေရဲ့လား”

ဝမ်မောမောကလည်း ယွီးရှောင်ရှောင်ကို ဇောကပ်နေပြီ။

“မင်းသမီးလေး... တို့တွေ အမြန် ထွက်ပြေးမှ ဖြစ်မယ်”

အသားလုံးလေးနှစ်ယောက်ကလည်း လူကြီးတွေ ဒီလောက် ပျာယာခတ်နေတာကို မြင်တော့ ကြောက်ပြီး အော်ငိုကြတော့တယ်။ ကုကျင့်က ငိုရင်းနဲ့ အော်ပြောတယ်။

“ဘယ်လိုလုပ်မလဲ... ကျောင်းချိုးမင် ပြန်လာပြီ”

မင်္ဂလာဖယောင်းတိုင်တွေ ထွန်းညှိထားပြီး မင်္ဂလာကားလိပ်တွေ ချိတ်ထားတဲ့ အခန်းလေးထဲမှာ လူကြီးတွေက အော်ဟစ်၊ ကလေးတွေက ငိုယိုနဲ့ တစ်ခဏအတွင်းမှာတင် အကုန် ဖရိုဖရဲ ဖြစ်သွားတော့တယ်။

ယွီးရှောင်ရှောင် ခေါင်းခါလိုက်ပြီး အပြင်ဘက်ကို ထွက်လှမ်းလိုက်တယ်။ အဲဒီ ကျောင်းချိုးမင်ဆိုတဲ့ လူက ဘယ်လိုပုံစံမျိုးမို့လို့ ကုအိမ်တော်က ကလေးတွေကို ဒီလောက်တောင် ကြောက်အောင် လုပ်ထားတာလဲဆိုတာ သူမ ကြည့်ချင်သေးတယ်။

“သေချာ ရှာစမ်း”

အမတ်ချုပ်ကြီးကျောင်းက ကုအိမ်တော်ရဲ့ အရှေ့ဘက် ခြံဝင်းထဲမှာ ရပ်နေရင်း နန်းတွင်းကိုယ်ရံတော်တွေကို အမိန့်ပေးနေတယ်။

“နေရာလပ် တစ်ခုတောင် မကျန်စေနဲ့၊ ပေါ့ဆတဲ့သူရှိရင် ငါကိုယ်တိုင် သတ်ပစ်မယ်”

ကျင်းကျုံးကတော့ ဒီအချိန်မှာ လူကောင်းယောင်ဆောင်ပြီး ကျောင်းချိုးမင်ကို ပြောလိုက်တယ်။

“အမတ်ချုပ်ကြီး... ဒီနေ့က မင်းသမီးကြီးရဲ့ မင်္ဂလာနေ့လေ၊ ဒီလိုမျိုး ဇွတ်အတင်း ဝင်ရှာတာက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား”

ကျောင်းချိုးမင်ကတော့ တရားမျှတဟန်နဲ့ ပြန်ပြောတယ်။

“နိုင်ငံတော်ရဲ့ အရေးက ပိုအရေးကြီးပါတယ်၊ ကျုပ်တို့အနေနဲ့ မင်းသမီးကိုပဲ အားနာနေပြီး ဘုရင်မင်းမြတ်ရဲ့ ယုံကြည်မှုကိုတော့ သစ္စာမဖောက်နိုင်ဘူး”

ကုချန်းကတော့ ဒီလူယုတ်မာ အမတ်ချုပ်ကြီးကို ကန်သတ်ပစ်ချင်တဲ့ စိတ်ကို မနည်း ထိန်းထားရလေတော့သတည်း။

…

All Chapters