← Chapters

အခန်း (၁၅-၁၆)

Vol. 1 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 1 Ch. 15-16

အခန်း (၁၅) အမတ်ချုပ်ကြီးနှင့် မင်းသမီး ထိပ်တိုက်တွေ့ခြင်း

“ဘယ်သူမဆို လှုပ်ရှားတာနဲ့ ကုမိသားစုဝင်တွေနဲ့ တစ်တန်းတည်း ရာဇဝတ်မှု ကျူးလွန်သူလို့ သတ်မှတ်မယ်”

ကုမိသားစုရဲ့ လက်အောက်ခံဟောင်း တော်တော်များများက ပြန်လည်ခုခံဖို့ ပြင်နေတာကို မြင်တော့ ကျောင်းချိုးမင်က အသံကျယ်ကြီးနဲ့ ခြိမ်းခြောက်လိုက်တယ်။

“သွားသေလိုက်”

သန်သန်မာမာနဲ့ စစ်ဘက်အရာရှိတစ်ယောက်က လက်သီးကို ဝှေ့ယမ်းရင်း ကျောင်းချိုးမင်ဆီ ပြေးဝင်ဖို့ ပြင်လိုက်တယ်။

“ချင်းဇီ၊ ရပ်လိုက်စမ်း”

ကုချန်းက သူ့လူဟောင်းကို အော်တားလိုက်တယ်။ ကုမိသားစုရဲ့ ဘေးဒုက္ခထဲမှာ သူ့ရဲ့ လက်အောက်ခံဟောင်းတွေကိုပါ ဆွဲမထည့်ချင်ဘူးလေ။

စစ်သေနာပတိချုပ်ကြီးရဲ့ လက်အောက်ခံ စစ်သည်အချို့ကတော့ ဒေါသတွေ ထိပ်ဆုံးရောက်နေပြီမို့ ရှေ့ကို တိုးချင်နေကြတုန်းပဲ။

“မင်းတို့မျက်လုံးထဲမှာ ငါဆိုတဲ့ အဘိုးကြီး ရှိသေးရင် အခုချက်ချင်း ရပ်လိုက်ကြစမ်း”

ကုချန်းက ဒေါသတကြီး ဟောက်လိုက်ပြန်တယ်။

စစ်သေနာပတိချုပ်ကြီးရဲ့ မျက်နှာက ဒေါသကြောင့် စိမ်းဖန့်နေပြီး ဟိန်းဟောက်လိုက်တဲ့ အသံက စစ်သည်တွေကို ငြိမ်ကျသွားစေတော့တယ်။

“ရှာစမ်း”

ကျောင်းချိုးမင်က အရှေ့ဘက်ခြံထဲမှာ တင့်တောင့်တင့်တယ် ချထားတဲ့ မင်းသမီးရဲ့ ခန်းဝင်ပစ္စည်းတွေကို လက်ညှိုးထိုးပြလိုက်တယ်။

“ဒီနေရာကနေပဲ အရင်စပြီး ရှာကြ”

ရင်ညန်ယွင်က ချက်ချင်း ကန့်ကွက်တော့တယ်။

“ကျောင်းအမတ်... ဒါက မင်းသမီးကြီးရဲ့ ခန်းဝင်ပစ္စည်းတွေလေ၊ တော်ဝင်ပစ္စည်းတွေကို ရှာရဲတယ်ပေါ့လေ”

ကျောင်းချိုးမင်က အေးစက်စက် ဆိုတယ်။

“ကုမိသားစုက သစ္စာဖောက်တဲ့ သက်သေတွေကို ဒီထဲမှာ ဝှက်ထားမထား ဘယ်သူသိမှာလဲ”

“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ”

စစ်ဘက်အရာရှိတစ်ယောက်က ဒေါသထွက်နေတယ်။

“ကျုပ်တို့တွေ အကုန်လုံး ဒီမှာ ရှိနေတာကို၊ စစ်သေနာပတိချုပ်ကြီးက ခန်းဝင်ပစ္စည်းတွေထဲ ဘယ်လိုလုပ်ပြီး ပစ္စည်းတွေ ဝှက်နိုင်မှာလဲ”

ကျောင်းချိုးမင်က ပြန်ပြောတယ်။

“စစ်သေနာပတိချုပ်ကြီးရဲ့ စိတ်ထဲမှာ ဘာမှ မရှိဘူးဆိုရင် ကျုပ်တို့ ရှာတာကို ဘာလို့ ကြောက်နေရမှာလဲ”

“တကယ်လို့ မင်း ဘာမှ ရှာမတွေ့ရင်ကော ဘယ်လိုလုပ်မလဲ” ကုချန်းက မေးလိုက်တယ်။

ကျောင်းချိုးမင်က ဆိုတယ်။

“ဒါဆိုရင်တော့ ကျုပ်ကိုယ်တိုင် ဒူးထောက်ပြီး မင်းသမီးကြီးနဲ့ စစ်သေနာပတိချုပ်ကြီးကို အမှားဝန်ခံ တောင်းပန်ပါ့မယ်”

“တစ်ခုခုတော့ မှားနေပြီ”

ရင်ညန်ယွင်က အခြေအနေကို ခဏလောက် စဉ်းစားကြည့်ပြီးနောက် ကုချန်းရဲ့ ဘေးကို တိုးသွားကာ တိုးတိုးလေး ပြောလိုက်တယ်။

“ခန်းဝင်ပစ္စည်းတွေကို ကျင်းကျုံးက ပို့ပေးခဲ့တာ။ သူတို့က ကြိုတင်ပြီး ပစ္စည်းတစ်ခုခုကို ဒီထဲမှာ ထည့်ထားပုံရတယ်။ ဒါက သူခိုးက လူဟစ်တာပဲ”

“ရှာစမ်း” ကျောင်းချိုးမင်က နန်းတွင်းကိုယ်ရံတော်တွေကို အတင်းခိုင်းတော့တယ်။

ခန်းဝင်ပစ္စည်းတွေဆီ ပြေးသွားတဲ့ ကိုယ်ရံတော်တွေကို ကြည့်ရင်း ကုချန်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ ကင်းမဲ့သွားရတယ်။ လက်ရှိ ဘုရင်မင်းမြတ်က လူယုတ်မာကို ယုံပြီး လူကောင်းကို ဝေးစေတာလေ။ ဒီကိစ္စကို နောင်မှ ရှင်ဘုရင်ကို သွားပြီး ရှင်းပြရင်တောင် ကုမိသားစု တိုင်းပြည်သစ္စာဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တုန်းကလိုပဲ ရှန်းကျုံးဘုရင်က ကျောင်းချိုးမင်နဲ့ ကျင်းကျုံးကိုပဲ ယုံမှာပဲ။ ငယ်စဉ်ကတည်းက သစ္စာရှိဖို့ပဲ သင်ယူခဲ့ရပေမဲ့ တကယ်လို့ ရှင်ဘုရင်က အမြော်အမြင်မရှိခဲ့ရင် အမှုထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ကုချန်းကို ဘယ်သူမှ မသင်ပေးခဲ့ဘူးလေ။

ကျင်းကျုံးက ခန်းဝင်ပစ္စည်းတွေကို ရှာဖို့ ဦးဆောင်နေတဲ့ ကိုယ်ရံတော်တပ်မှူးကို မျက်ရိပ်ပြလိုက်တယ်။ တပ်မှူးက သဘောပေါက်သွားပြီး နီညိုရောင် သစ်သားသေတ္တာကြီး တစ်လုံးရဲ့ ရှေ့ကို သွားကာ တံဆိပ်ခတ်ထားတာကို ဖြုတ်ပြီး ဖွင့်ဖို့ ပြင်လိုက်တယ်။

လာရောက် ချီးမြှင့်ကြတဲ့ ဧည့်သည်တွေ အကုန်လုံးလည်း ရင်တထိတ်ထိတ်နဲ့ ဖြစ်နေကြရပြီ။

အဲဒီ သစ်သားသေတ္တာကြီး ပွင့်တော့မဲ့ အချိန်မှာပဲ လူအုပ်ကြီးရဲ့ နောက်ကနေ ကောင်းကင်ကို တိုးဖောက်သွားလောက်တဲ့ အသံကြီး တစ်ခု ထွက်လာတယ်။

“မင်းသမီးကြီး ကြွလာပါပြီ”

လူတွေ အကုန်လုံး လှည့်ကြည့်လိုက်တဲ့အခါ မင်္ဂလာဝတ်စုံနီကို ဆင်ယင်ထားတဲ့ လင်းလုံမင်းသမီးက အဆောင်ထဲကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။ မျက်နှာက တည်ငြိမ်ပြီး အမူအရာက အေးစက်နေတယ်။ ဝမ်မောမောက လမ်းရှင်းပေးစရာတောင် မလိုဘဲ လူတွေက အလိုလို လမ်းဖယ်ပေးလိုက်ကြတယ်။

ကုချန်းအပါအဝင် အမတ်ဟောင်းကြီးတွေကတော့ ယွီးရှောင်ရှောင်အပေါ် သိပ်ပြီး မျှော်လင့်ချက် မထားကြဘူး။ ကျောင်းချိုးမင်က ကုအိမ်တော်ကို နန်းတွင်းကိုယ်ရံတော်တွေနဲ့ ဝင်ရှာရဲတယ်ဆိုကတည်းက သူက ဒီမင်းသမီးကို ကြောက်မှာ မဟုတ်ဘူးလေ။

“သူက အဲဒီ ကျောင်း... ဘာဆိုလားဆိုတဲ့ လူလား”

ယွီးရှောင်ရှောင်က အခင်းဖြစ်ပွားရာ အလယ်ဗဟိုကို ရောက်တာနဲ့ ကျောင်းချိုးမင်ကို လက်ညှိုးထိုးပြီး ဝမ်မောမောကို မေးလိုက်တယ်။

ဝမ်မောမောက ချက်ချင်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“သူက အမတ်ချုပ်ကြီးကျောင်းပါ”

“ဒီအမှုထမ်းက မင်းသမီးကြီးကို ဂါရဝပြုပါတယ်” ကျောင်းချိုးမင်က ယွီးရှောင်ရှောင်ကို အရိုအသေပေးလိုက်တယ်။

ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို အဖက်မလုပ်ဘဲ သူမရဲ့ ခန်းဝင်ပစ္စည်းတွေ ရှေ့မှာ ရပ်နေတဲ့ ကိုယ်ရံတော်တွေကို ကြည့်ပြီး မေးလိုက်တယ်။

“မင်းတို့ ဘာလုပ်နေတာလဲ။ ပိုက်ဆံ လုနေကြတာလား”

နန်းတွင်းကိုယ်ရံတော်တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ မင်းသမီးကြီးက ဘယ်လို မျက်စိမျိုးနဲ့ ကြည့်နေတာလဲ နေ့ခင်းကြောင်တောင် လူအများကြီးရှေ့မှာ ပိုက်ဆံလုတာမျိုး ရှိလို့လား ပြီးတော့ လုနေတာက ရှင်ဘုရင်ကိုယ်တိုင် မင်းသမီးကို ပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းတွေလေ။

“မင်းသမီးလေး...”

ကျောင်းချိုးမင်က ယွီးရှောင်ရှောင်ကို ရှင်းပြဖို့ ကြိုးစားတယ်။

“ဒီအမှုထမ်းကလည်း တာဝန်အရ လုပ်ဆောင်နေရတာမို့ မင်းသမီးလေးအနေနဲ့ စိတ်မရှိပါနဲ့”

ကျင်းကျုံးကတော့ နန်းတွင်းကိုယ်ရံတော် တပ်မှူးကို မျက်ရိပ်တွေ အပြင်းအထန် ပြနေတယ်။ 'မြန်မြန် ဖွင့်စမ်း၊ သေတ္တာပွင့်တာနဲ့ ကုမိသားစု တစ်မျိုးနွယ်လုံးအတွက် အသက်ရှင်လမ်း မရှိတော့ဘူး'

တပ်မှူးက သေတ္တာအဖုံးကို အပေါ်ကို လှန်လိုက်တယ်။

ကျောင်းချိုးမင်ကလည်း ယွီးရှောင်ရှောင်ကို အမူအရာ အကောင်းဆုံးနဲ့ ရှင်းပြနေတုန်းပဲ။

“မင်းသမီးလေး... ဒီအမှုထမ်းက...”

နောက်ထပ် စကားလုံးတွေကတော့ အမတ်ချုပ်ကြီးရဲ့ ပါးစပ်ထဲက ထွက်မလာတော့ဘူး။ သူ့မျက်စိရှေ့မှာ လေပြင်းတစ်ချက် တိုက်သွားသလို ခံစားလိုက်ရပြီး သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ သေတ္တာဖွင့်ဖို့ လုပ်နေတဲ့ တပ်မှူးကြီးက ကုအိမ်တော်ရဲ့ တံတိုင်းကို ကျော်ပြီး အပြင်ကို လွင့်ထွက်သွားပြီ။

ကျင်းကျုံးကတော့ မျက်လုံးကို မှိတ်လိုက်မိတယ်။ 'လာပြန်ပြီ'

“လစ်ကြစမ်း”

ယွီးရှောင်ရှောင်က အဲဒီ သစ်သားသေတ္တာကြီးရဲ့ ရှေ့မှာ ရပ်လိုက်ပြီး နန်းတွင်းကိုယ်ရံတော်တွေကို အေးစက်စက် အကြည့်နဲ့ ကြည့်ကာ တစ်လုံးတည်းသော စကားကို ပြောလိုက်တယ်။

အဲဒီနေရာမှာ ရှိနေတဲ့ လူကောင်းတွေရော လူဆိုးတွေရော အကုန်လုံး ခဏလောက် ဆွံ့အသွားကြတယ်။ သန်သန်မာမာနဲ့ ဝက်ဝံကြီးတစ်ကောင်လို ထွားကြိုင်းတဲ့ ကိုယ်ရံတော်တပ်မှူးကြီးက ဘယ်လိုလုပ်ပြီး တံတိုင်းအပြင်ကို လွင့်ထွက်သွားတာလဲဆိုတာ သူတို့တွေ စဉ်းစားလို့ မရနိုင်တော့ဘူး။

ဝမ်မောမောကတော့ သူမရဲ့ ပေါင်ကို အားနဲ့ တစ်ချက် ဆွဲလိမ်လိုက်ပြီးမှ သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်တော့တယ်။

“မြန်မြန်... မင်းသမီးလေးရဲ့ ခန်းဝင်ပစ္စည်းတွေကို အနောက်ဘက်ခြံထဲ သယ်သွားကြစမ်း တစ်ယောက်ယောက် လုသွားဦးမယ်”

မင်းသမီးနောက် လိုက်ပါလာကြတဲ့ ဖုန်းဟွာနန်းဆောင်က လူတွေက ဝမ်မောမောရဲ့ အမိန့်ကို နာခံတတ်နေပြီမို့ ဦးနှောက်က မစဉ်းစားရသေးခင်မှာတင် ခန္ဓာကိုယ်က လှုပ်ရှားလိုက်ပြီး ဝိုင်းအုံလာကာ ခန်းဝင်ပစ္စည်းတွေကို အနောက်ဘက်ခြံထဲ အလုအယက် သယ်သွားကြတော့တယ်။

ဝမ်မောမောကလည်း အဲဒီ သစ်သားသေတ္တာကြီးကို မပြီး အနောက်ဘက်ခြံကို ပြေးဖို့ ပြင်လိုက်တယ်။

ကျောင်းချိုးမင်က ဒီဝတုတ်မကြီးက သက်သေတွေကို ယူပြီး ပြေးတော့မယ်ဆိုတာ မြင်တော့ ဒေါသတကြီး အော်လိုက်တယ်။

“မင်း ရိုင်းလှချေလား၊ သေတ္တာကို အောက်ချစမ်း”

ဝမ်မောမောကတော့ ခွေးဟောင်သံလို့ပဲ သဘောထားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးတော့တာပဲ။

“သူတို့ကို တားကြစမ်း” ကျောင်းချိုးမင် စိတ်ပူသွားပြီး ကိုယ်ရံတော်တွေကို အမိန့်ပေးလိုက်တယ်။

ယွီးရှောင်ရှောင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောင်းချိုးမင်ရဲ့ ပခုံးကို ခပ်ပြင်းပြင်း တစ်ချက် ပုတ်လိုက်တယ်။ တစ်ချက်တည်းနဲ့တင် အမတ်ချုပ်ကြီးကျောင်းက မြေပြင်ပေါ်ကို ပြားပြားဝပ် ကျသွားတော့တယ်။ ပြီးတော့ သူမက မေးလိုက်တယ်။

“ရှင်က သေချင်နေတာလား”

…

အခန်း (၁၆) မင်္ဂလာဦးခန်း မီးလောင်ခြင်း

အခုလေးတင် စစ်သူကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ကျောင်းပေချန်က ကျောင်းချိုးမင်ရဲ့ နောက်မှာ ရပ်နေတာ။ သူ့အဖေကို ယွီးရှောင်ရှောင်က တစ်ချက်တည်းနဲ့ ရိုက်ချလိုက်တာကို မြင်တော့ သူလည်း ဇောကပ်သွားပြီး ယွီးရှောင်ရှောင်ကို အော်ဟောက်တော့တယ်။

“မင်းသမီးလေး... မင်း... မင်းက အမတ်ကြီးကို ရိုက်နှက်ရဲတယ်ပေါ့လေ”

ယွီးရှောင်ရှောင်က ကျောင်းချိုးမင် မြေပြင်ကနေ ပြန်ထလာတာကို ကြည့်ပြီး နောက်ထပ် တစ်ချက် ထပ်ပုတ်လိုက်ပြန်တယ်။ အမတ်ချုပ်ကြီးကျောင်း မြေပြင်ပေါ်ကို ဒုတိယအကြိမ် ပြားပြားဝပ် ကျသွားပြန်ပြီ။ ပြီးတော့ သူမက ပြောလိုက်တယ်။

“အေး... ငါ ရိုက်တယ်၊ မင်းက ဘာလုပ်ချင်လို့လဲ”

ကျောင်းချိုးမင်က ဒီတစ်ခါတော့ မျက်နှာနဲ့ မြေကြီးနဲ့ စောင့်မိသွားပြီး နှာခေါင်းက သွေးတွေ တောက်တောက်ကျလာတော့တယ်။

ကျောင်းပေချန်ကတော့ ယွီးရှောင်ရှောင်က မင်းသမီးဆိုတာကို မေ့သွားပြီး လက်သီးနဲ့ ရွယ်ကာ ယွီးရှောင်ရှောင်ကို ထိုးဖို့ ပြင်လိုက်တယ်။

ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို လက်ဖျားနဲ့ ထိဖို့ လုပ်နေတာ မြင်တော့ လူအုပ်ထဲက အမျိုးသမီးဧည့်သည်တွေက လန့်ပြီး အော်ဟစ်ကြတော့တယ်။

ကုရှင်းနော့က ဖျတ်ခနဲ ရှေ့ကို ရောက်လာပြီး ယွီးရှောင်ရှောင်အတွက် ကျောင်းပေချန်ရဲ့ လက်သီးကို ကာကွယ်ပေးလိုက်တယ်။

“မင်းတို့ ကုမိသားစုက တကယ်ပဲ ပုန်ကန်ချင်နေတာလား”

နောက်ထပ် ကိုယ်ရံတော်တပ်မှူး တစ်ယောက်က ကုရှင်းနော့ပါ ပါဝင်လာတာကို မြင်တော့ အော်ပြောလိုက်တယ်။

“လာကြစမ်း... ကုမိသားစု တစ်မျိုးနွယ်လုံးကို ဖမ်းဆီးကြစမ်း”

ယွီးရှောင်ရှောင်ရဲ့ ကိုယ်က တစ်ချက် လှုပ်သွားပြီး လူတွေရဲ့ မျက်စိထဲမှာ ဝေဝါးသွားကာ မင်းသမီးလေးက အဲဒီ တပ်မှူးရဲ့ ရှေ့ကို ရောက်သွားတော့တယ်။ တပ်မှူးက သတိမဝင်သေးခင်မှာတင် ယွီးရှောင်ရှောင်က သူ့ပါးစပ်ကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်တယ်။

နန်းတွင်းကိုယ်ရံတော် တပ်မှူးက မြေပြင်ပေါ်ကို လဲကျသွားပြီး ပါးစပ်ဟလိုက်တဲ့အခါ သွားတွေ အကုန်လုံးနီးပါး မြေပေါ်ကို ကျလာတော့တယ်။

ယွီးရှောင်ရှောင်က ခြေထောက်ကို မြှောက်လိုက်ပြီး အဲဒီ တပ်မှူးကိုလည်း တံတိုင်းအပြင်ဘက်ကို ကန်ထုတ်လိုက်ပြန်တယ်။

နန်းတွင်းကိုယ်ရံတော်တွေက ဒီတစ်ခါ တပ်မှူး သုံးယောက် ပါလာတာ။ ကျန်နေတဲ့ တပ်မှူးက သူ့လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လုံး လွင့်ထွက်သွားတာကို မြင်တော့ နောက်ဆုတ်ချင်နေပြီ။ ဒါပေမဲ့ ကျောင်းမိဖုရားကို သတိရလိုက်တဲ့အခါ သူက လူတွေကို ပြန်ခေါ်ပြီး ဆုတ်ခွာဖို့ သတ္တိမရှိတော့ဘူး။

“တက်ကြစမ်း” အဲဒီ တပ်မှူးက အားတင်းပြီး အမိန့်ပေးလိုက်တယ်။

စစ်သည်တွေရဲ့ တာဝန်က အမိန့်ကို နာခံဖို့ပဲလေ။ ကိုယ်ရံတော်တွေလည်း ရှေ့ကို ဇွတ်တိုးလာကြတော့တယ်။

ယွီးရှောင်ရှောင်ကို ကာကွယ်ပေးနေတဲ့ အရိပ်ကိုယ်ရံတော် နှစ်ယောက်ကလည်း ယွီးရှောင်ရှောင်ရဲ့ ဘေးကို ရောက်လာပြီး နန်းတွင်းကိုယ်ရံတော်တွေနဲ့ စတင် တိုက်ခိုက်ကြတော့တယ်။

ကုရှင်းလန်ရဲ့ မင်္ဂလာပွဲကို လာကြတဲ့ စစ်ဘက်အရာရှိတွေကလည်း ဒီအချိန်မှာ ဘေးကနေ ထိုင်ကြည့်မနေနိုင်တော့ဘူး။ အားလုံးက ဝိုင်းကူကြတော့တယ်။

အုပ်စုလိုက် ရန်ပွဲကြီးတစ်ခုကတော့ ဒီလိုနဲ့ စတင်သွားပါတော့တယ်။

နန်းတွင်းကိုယ်ရံတော် တစ်ထောင်ကျော် ပါလာပေမဲ့ အိမ်ထဲကို ဝင်လာတာက လူ ၂၀၀ ကျော်ပဲ ရှိသေးတယ်။ ကျန်တဲ့ လူ ၈၀၀ က အပြင်မှာ စောင့်နေကြတာ။ အပြင်က လူတွေက အထဲကို ဝင်ဖို့ ကြိုးစား၊ ယွီးရှောင်ရှောင်တို့ အုပ်စုက အပြင်ကို ထွက်ပြီး ရိုက်နဲ့ ဒီရန်ပွဲကြီးက ကုအိမ်တော်ရဲ့ အပြင်ဘက် လမ်းမကြီးပေါ်အထိ ရောက်သွားတော့တယ်။ ဒါကို ကြည့်ဖို့ လာကြတဲ့ လူအုပ်ကြီးက မင်းသမီး မင်္ဂလာဆောင်တုန်းကထက်တောင် ပိုများနေသေးတယ်။

“လက်နက်တွေ ယူကြစမ်း”

စစ်ဘက်အရာရှိ တစ်ယောက်က ရန်သူက များပြီး ကိုယ့်လူက နည်းနေတာကို မြင်တော့ အော်ပြောလိုက်တယ်။

ယွီးရှောင်ရှောင်ရဲ့ လက်ထဲကိုလည်း ချက်ချင်းဆိုသလို ဓားကြီး တစ်လက် ရောက်လာတော့တယ်။

ကျောင်းပေချန်က ဒီအချိန်မှာ သူ့ရဲ့ ဝံပုလွေအစွယ်လှံကို ဝှေ့ယမ်းပြီး ကုရှင်းနော့ရဲ့ ခေါင်းကို ရိုက်ဖို့ ပြင်လိုက်တယ်။

“သေပေတော့”

ယွီးရှောင်ရှောင်က လက်ထဲက ဓားကို ဝှေ့ယမ်းပြီး ကျောင်းပေချန်ဆီကို ခုတ်လိုက်တယ်။

ဓားက ပေါင် ၁၀၀ ကျော်လေးတဲ့ လှံကို ထိသွားတဲ့အခါ ဓားက ဘာမှ မဖြစ်ဘဲ လှံကတော့ အမှုန့်ဖြစ်သွားတော့တယ်။

ကျောင်းပေချန်ရော ကုရှင်းနော့ပါ ကြောင်သွားကြတယ်။ ဒါက ပုံမှန်လူသားတစ်ယောက် လုပ်နိုင်တဲ့ အလုပ်မျိုးလား

“မင်းက အဲဒီ ကျောင်း... ဘာဆိုလားရဲ့ သားလား” ယွီးရှောင်ရှောင်က ဓားကြီးကို ပခုံးပေါ် ထမ်းထားရင်း ကျောင်းပေချန်ကို မေးလိုက်တယ်။

ကျောင်းပေချန်ကတော့ ဒီအချိန်မှာ သူသာ ကျောင်းချိုးမင်ရဲ့ သားဖြစ်ကြောင်း ဝန်ခံလိုက်ရင် သူ့အတွက် အခြေအနေက ဆိုးရွားသွားမယ်ဆိုတာ သိတာကြောင့် မင်းသမီးလေးကို ကြည့်ပြီး ခေါင်းခါပြလိုက်တယ်။

ကုရှင်းနော့ကတော့ ကျောင်းပေချန်ရဲ့ အရှက်မရှိပုံကို ကြည့်ပြီး အံ့သြသွားရတယ်။ အရိုက်မခံရဖို့အတွက် ကိုယ့်အဖေကိုတောင် မသိဘူးလို့ ငြင်းရဲတယ်ပေါ့လေ

ကျောင်းချိုးမင်က ဒီအချိန်မှာ ကုအိမ်တော်ထဲကနေ ပြေးထွက်လာပြီး သူ့ရှေ့က ရန်ပွဲကြီးကို ကြည့်ကာ နှာခေါင်းသွေးတွေကို သုတ်ရင်း အော်ဟစ်လိုက်တယ်။

“ကုချန်း... မင်းက တကယ်ပဲ ပုန်ကန်နေတာပဲ”

ကျောင်းပေချန်က ယွီးရှောင်ရှောင်က သူ့အဖေဘက်ကို လှည့်ကြည့်လိုက်တာ မြင်တော့ သူ့အဖေ အသတ်ခံရမှာကို မလိုလားတာကြောင့် 'အဖေ... မြန်မြန်ပြေး၊ ဒီမှာ မိစ္ဆာကောင် ရှိနေတယ်' လို့ အော်ပြောချင်ပေမဲ့ စကားမထွက်ခင်မှာတင် ယွီးရှောင်ရှောင်ရဲ့ ကန်ချက်ကြောင့် လွင့်ထွက်သွားတော့တယ်။

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ကန်ထုတ်လိုက်ပြီးနောက် ဓားကြီးကို ထမ်းကာ ကျောင်းချိုးမင်ဆီကို လျှောက်သွားတော့တယ်။ လမ်းမှာ တားတဲ့သူ မှန်သမျှကိုတော့ သူမက ရိုက်ချပစ်လိုက်တာပဲ။

လမ်းမပေါ်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်နေပေမဲ့ အမြဲတမ်း ရန်ပွဲတွေ့ရင် ရှေ့ဆုံးက ပါတတ်တဲ့ ကုရှင်းယန်ကတော့ ဒီအချိန်မှာ သူ့ညီလေးရဲ့ မင်္ဂလာဦးခန်းထဲမှာ ရှိနေတုန်းပဲ။

ခန်းဆောင်ထဲက မြေပြင်ပေါ်မှာတော့ နီညိုရောင် သစ်သားသေတ္တာကြီး တစ်လုံးရဲ့ အဖုံးက ပွင့်နေပြီး အထဲမှာတော့ တောက်ပတဲ့ အဝါရောင် နဂါးဝတ်ရုံတော်ကြီးကို တွေ့လိုက်ရတာကြောင့် အခန်းထဲက လူကြီး သုံးယောက်စလုံး မျက်လုံးပြူးသွားကြတော့တယ်။

ဝမ်မောမောက အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ပြီး တုန်တုန်ရင်ရင်နဲ့ မေးလိုက်တယ်။

“ဒါ... ဒါက နဂါး... နဂါးဝတ်ရုံလား”

ကုညီအစ်ကို နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြတယ်။

ဝမ်မောမောက ပတ်ပတ်လည်ကို တစ်ချက် ကြည့်ပြီး မေးတယ်။

“အခု ဘယ်လိုလုပ်ကြမလဲ”

သေတ္တာကိုတော့ သူမက သယ်လာခဲ့ပြီ။ ဒါပေမဲ့ အပြင်မှာ နန်းတွင်းကိုယ်ရံတော် တစ်ထောင်ကျော် ရှိနေတာလေ။ သူတို့တွေ ခန်းဆောင်ထဲအထိ ဝင်ရှာရင် ဘယ်လိုလုပ်မလဲ

ကုရှင်းလန်က ပြောတယ်။ “မီးရှို့ပစ်လိုက်”

ကုရှင်းယန်ကတော့ ပြောတယ်။ “ဒါက လုပ်ကြံတာပဲ။ ဒါကို ယူပြီး ဘုရင်မင်းမြတ်ဆီ သွားပြကြမယ်”

ဝမ်မောမောကတော့ ဒုတိယသခင်လေးရဲ့ စကားကို အဖက်မလုပ်ဘဲ အင်္ကျီအိတ်ထဲက မီးခတ်ကျောက်ကို ထုတ်ပြီး မီးညှိကာ သစ်သားသေတ္တာကြီးထဲကို ပစ်ထည့်လိုက်တယ်။ ရှန်းကျုံးဘုရင်ဆီကနေ တရားမျှတမှုကို မျှော်လင့်ရမယ်ဟုတ်လား ဝမ်မောမောကတော့ နှာခေါင်းရှုံ့လိုက်တယ်။ 'ဝက်ထီးကြီး သားမွေးမှာကို မျှော်လင့်နေတာကမှ ပိုဖြစ်နိုင်ဦးမယ်'

သစ်သားသေတ္တာကြီးက စားပွဲတစ်လုံးရဲ့ ဘေးမှာ ရှိနေတာ။ စားပွဲပေါ်က ပန်းထိုးစားပွဲခင်းက မြေပြင်အထိ တွဲကျနေတာမို့ သေတ္တာထဲက မီးပွားတွေက စားပွဲခင်းကို ကူးစက်သွားပြီး မီးစလောင်တော့တယ်။

လူကြီး သုံးယောက်စလုံးက နဂါးဝတ်ရုံ လောင်နေတာကိုပဲ စိုက်ကြည့်နေကြတာမို့ စားပွဲက မီးစွဲနေတာကို သတိမထားမိလိုက်ကြဘူး။

ကုရွှင်နဲ့ ကုကျင့်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ကုကျင့်က လက်ချောင်းလေးကို ကိုက်ရင်း ကလေးသံလေးနဲ့ ပြောလိုက်တယ်။

“ဒုတိယဦးလေး... စားပွဲမှာ မီးလောင်နေတယ်”

ကုရှင်းယန် စားပွဲကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ မီးတောက်တွေက သစ်သားပြတင်းပေါက်ကနေတစ်ဆင့် အိမ်ခေါင်မိုးအထိ ကူးစက်သွားပြီ။

“အနောက်ဘက်ခြံမှာ မီးလောင်နေပြီ”

အိမ်ရှေ့တံခါးဝမှာတော့ လူတွေက ကုအိမ်တော်ရဲ့ အနောက်ဘက်ကနေ မည်းမှောင်နေတဲ့ မီးခိုးတွေ တက်လာတာကို မြင်ပြီး အော်ဟစ်လိုက်ကြပြန်တယ်။

ယွီးရှောင်ရှောင်က မီးလောင်နေတဲ့ ဘက်ကို လှည့်ကြည့်လိုက်ပြီး သူမရဲ့ ဘယ်ဘက်ခြေထောက်နဲ့ အမတ်ချုပ်ကြီးကျောင်းရဲ့ ရင်ဘတ်ကို နင်းကာ ပြောလိုက်တယ်။

“ရှင်က ကျွန်မရဲ့ မင်္ဂလာဦးခန်းကိုတောင် မီးရှို့ဖို့ လူလွှတ်ရဲတယ်ပေါ့လေ”

…

All Chapters