← Chapters

အခန်း (၁၇-၁၈)

Vol. 1 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 1 Ch. 17-18

အခန်း (၁၇) အမတ်ချုပ်ကြီးကျောင်းကို သတ်လို့မဖြစ်သေး

ကျောင်းချိုးမင် ဘာမှမပြောရသေးခင်မှာတင် ဝမ်မောမောက ကုရွှင်ကို တစ်ဖက်၊ ကုကျင့်ကို တစ်ဖက် ချီထားရင်း အနောက်ဘက်ခြံထဲကနေ ပြေးထွက်လာတယ်။ သူမက ကောင်းကင်ကို တိုးဖောက်သွားမတတ် အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်လေရဲ့။

"မင်းသမီးလေးရေ... မကောင်းတော့ဘူး အမတ်ချုပ်ကြီးကျောင်းက လူလွှတ်ပြီး မင်းသမီးရဲ့ မင်္ဂလာဦးခန်းကို မီးရှို့ပစ်လိုက်ပြီ"

ကျောင်းချိုးမင်လည်း အဲဒီစကားကြားတော့ သွေးတစ်လုတ်တောင် အန်သွားတော့တယ်။ ဒီသခင်မနဲ့ ကျွန်မကတော့ ကြိုတင်တိုင်ပင်ထားကြတာ သေချာနေပြီ။

ဝမ်မောမောက အော်ဟစ်ရင်း အိမ်ရှေ့တံခါးဝကို ပြေးလာခဲ့တယ်။ တံခါးအပြင်ဘက်မှာ နန်းတွင်းကိုယ်ရံတော်တွေ အတုံးအရုန်း လဲနေတာကို မြင်တော့ ခဏလောက် ကြောင်သွားပေမဲ့ ချက်ချင်းပဲ သူမရဲ့ မင်းသမီးလေးကို စိုးရိမ်တကြီး မေးလိုက်တယ်။

"မင်းသမီးလေး... မင်း... မင်းသမီးလေး ဘာမှမဖြစ်ဘူး မဟုတ်လားဟင်"

ဘေးကလူတွေလည်း အကုန်လုံး ငြိမ်ကျသွားကြတယ်။ 'အဒေါ်ကြီးရယ်... ရှင့်မင်းသမီးက အမတ်ချုပ်ကြီးကျောင်းကို ခြေထောက်နဲ့ နင်းထားတာတောင် မမြင်ဘူးလား'

ယွီးရှောင်ရှောင်က ဝမ်မောမော ချီထားတဲ့ ကလေးနှစ်ယောက် ဘာမှမဖြစ်တာကို မြင်တော့ မေးလိုက်တယ်။

"ကုရှင်းလန်ရော"

ဝမ်မောမောက ပြန်ဖြေတယ်။

"သမက်တော်နဲ့ ဒုတိယသခင်လေးတို့ ဘာမှမဖြစ်ပါဘူး။ မင်းသမီးလေးရယ်... ဒီအမတ်ချုပ်ကြီးကျောင်းကတော့ တကယ့်ကို အမြစ်ဖြတ်သတ်ချင်နေတာပဲ။ ဒီလောက်ကောင်းတဲ့ မင်္ဂလာဦးခန်းလေးကို သူ မီးရှို့ရက်တယ်နော်။ အဲ... ဒါနဲ့..." ဝမ်မောမောက ဘေးဘီဝဲယာကို ကြည့်ရင်း မေးလိုက်တယ်။

"အမတ်ချုပ်ကြီးကျောင်းက ဘယ်မှာလဲ"

ဘေးကလူတစ်ယောက်က ဝမ်မောမောကို သတိပေးလိုက်တယ်။

"အောက်ကို ငုံ့ကြည့်လိုက်ပါဦး"

ဝမ်မောမောက သူမရဲ့ မင်းသမီးလေး လူတစ်ယောက်ကို နင်းထားတာ သိပေမဲ့ အဲဒီလူရဲ့ မျက်နှာက သွေးတွေနဲ့ ရဲနေတာကြောင့် ဘယ်သူမှန်း သေချာမမြင်ရဘူးလေ။ လူတွေ သတိပေးလို့ သေသေချာချာ ငုံ့ကြည့်လိုက်တော့မှ မျက်နှာတစ်ခုလုံး သွေးတွေ ရဲနေရုံတင်မကဘဲ ဝက်ခေါင်းလို ဖူးယောင်နေတာကြောင့် အမတ်ချုပ်ကြီးကျောင်းမှန်း မှတ်မိဖို့တောင် ခက်ခဲနေတော့တယ်။

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"မီးရှို့ပြီး လူသတ်ဖို့ ကြံစည်တာက ဘာပြစ်ဒဏ်လဲ"

ဝမ်မောမောက ပြန်ဖြေတယ်။

"သေဒဏ်ပေါ့ မင်းသမီးလေးရဲ့"

ယွီးရှောင်ရှောင်က ဘာမှထပ်မပြောတော့ဘဲ လက်ထဲကဓားကို ဝှေ့ယမ်းကာ ကျောင်းချိုးမင်ရဲ့ လည်ပင်းကို ခုတ်ဖို့ ပြင်လိုက်တယ်။ ကျောင်းချိုးမင်က ဓားရိပ်ကို မြင်လိုက်တာနဲ့ အားခနဲ တစ်ချက်အော်ပြီး သတိလစ်သွားတော့တယ်။

"နေဦး"

လင်းလုံမင်းသမီးက ကျောင်းချိုးမင်ကို တကယ်သတ်တော့မယ်ဆိုတာ မြင်တော့ ရင်ညန်ယွင်က အလန့်တကြား အော်တားလိုက်တယ်။

ဓားသွားက ကျောင်းချိုးမင်ရဲ့ လည်ပင်းနဲ့ တစ်စင်တီမီတာလောက်ပဲ ကွာတော့တဲ့အချိန်မှာ ယွီးရှောင်ရှောင်က လက်ကို ရပ်လိုက်ပြီး အတွင်းဝန်ကြီးရင်ကို မော့ကြည့်ကာ မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ"

ရင်ညန်ယွင်က ဆိုတယ်။

"မင်းသမီးကြီး... သူ့ကို ဒီအတိုင်း သတ်ပစ်လို့ မဖြစ်ဘူးလေ"

ယွီးရှောင်ရှောင်ကတော့ ဒီလောကက လူသားတွေကို တကယ်နားမလည်နိုင်တော့ဘူး။ ရန်သူပဲလေ၊ ဘာလို့ သတ်လို့မရရမှာလဲ

ရင်ညန်ယွင်က ထပ်ပြောတယ်။

"မင်းသမီးလေး... ကျောင်းချိုးမင်ရဲ့ အသေအပျောက်ကို ဘုရင်မင်းမြတ်ကပဲ ဆုံးဖြတ်ရမှာပါ"

ယွီးရှောင်ရှောင်က ပါးစပ်ကနေ "အဲဒီ ငတုံး..." လို့ ပြောဖို့ ပြင်လိုက်စဉ်မှာပဲ... 'အဲဒီ ငတုံးမင်းကြီးက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ' လို့ ပြောမဲ့အပြောကို ဝမ်မောမောက ချောင်းနှစ်ချက်ဟန့်ပြီး လူပုံလယ်မှာ ဘုရင်မင်းမြတ်ကို စော်ကားမဲ့စကားကို ဝင်တားလိုက်တယ်။

"အဖေ"

ဒီအချိန်မှာ ကျောင်းပေချန်က သွေးတွေရွှဲနေတဲ့ ကိုယ်နဲ့ ပြေးရောက်လာတယ်။ ယွီးရှောင်ရှောင်ရဲ့ ကန်ချက်ကို မိထားဖူးတာကြောင့် သူလည်း ရှေ့ကိုတိုးပြီး ယွီးရှောင်ရှောင်နဲ့ မယှဉ်ရဲတော့ဘဲ အဝေးကနေပဲ အော်ဟစ်လိုက်တယ်။

"အဖေ... အဆင်ပြေရဲ့လားဟင်"

ကုရှင်းနော့ကတော့ နှာခေါင်းရှုံ့လိုက်မိတယ်။ ဒီလို သတ္တိကြောင်တဲ့ကောင်ကများ သူတစ်ယောက်တည်းနဲ့ ပိုင်ဟူတိုင်းက စစ်သည် သောင်းချီကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ပြောရဲတယ်ပေါ့လေ

ဝမ်မောမောကလည်း ကျောင်းမိဖုရားရဲ့ အဖေ သေတာကို မြင်ချင်ပေမဲ့ အဆင့်မြင့်အရာရှိတွေကို စစ်ဆေးစီရင်မှုမရှိဘဲ လူပုံလယ်မှာ သတ်ပစ်လိုက်ရင် အမှန်တရားရှိနေတဲ့ သူတို့ဘက်က အမှားဖြစ်သွားမှာကို သိတာကြောင့် ယွီးရှောင်ရှောင်ကို ခေါင်းခါပြလိုက်တယ်။

ယွီးရှောင်ရှောင်က နားမလည်နိုင်စွာ ပြောလိုက်တယ်။

"သူ့ကိုသတ်ရတာက ဘာမှ မခက်ခဲပါဘူး"

လူအုပ်ထဲက လူတွေကတော့ ပိုပြီး ချောင်းဆိုးလာကြတော့တယ်။ အားလုံးက စိတ်ထဲကနေ ပြောချင်နေကြတာက 'မင်းသမီးလေးရယ်... အဲဒါက တိုင်းပြည်ရဲ့ အမတ်ချုပ်ကြီးလေ၊ ခွေးတစ်ကောင် မဟုတ်ပါဘူး။ လူသတ်တာကို ခွေးသတ်သလိုမျိုး အေးအေးဆေးဆေး ပြောနေတာက တကယ်ပဲ အဆင်ပြေရဲ့လား'

ယွီးရှောင်ရှောင်က လူတွေရဲ့ မျက်နှာထားကို ကြည့်ပြီး နောက်ဆုံးမှာတော့ ဓားကို မြေပေါ် ပစ်ချလိုက်တယ်။ ဒီလိုမှန်းသိရင် သူမက လူမရှိတဲ့နေရာမှာ ခေါ်ပြီး ရိုက်နှက်ခဲ့မှာပေါ့။

ကျောင်းပေချန်က ယွီးရှောင်ရှောင် ဓားပစ်ချလိုက်တာ မြင်တော့ သူ့အဖေကို ကယ်ဖို့ ပြေးဝင်လာတယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်က ပိုမြန်ပြီး သတိလစ်နေတဲ့ ကျောင်းချိုးမင်ကို လက်တစ်ဖက်တည်းနဲ့ မပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ သူ့ကို ကျွန်မအဖေဆီ ခေါ်သွားပေးမယ်။ ခမည်းတော်ဘုရင်ပဲ ဆုံးဖြတ်ပါစေ"

"ဝေါယာဉ် ပြင်ကြစမ်း"

ဝမ်မောမောက ချက်ချင်း အော်ဟစ်လိုက်တယ်။ ဒါက ပိုကောင်းတယ်၊ ကိစ္စကို နန်းတော်အထိ ရောက်အောင်လုပ်ပြီး ဘုရင်မင်းမြတ်ကိုပဲ ရှင်းခိုင်းလိုက်မယ်လေ။

ယွီးရှောင်ရှောင်က တံခါးအပြင်ဘက်မှာ ရပ်ထားတဲ့ မြင်းတစ်ကောင်ကို မြင်တော့ ကျောင်းချိုးမင်ကို ဆွဲမပြီး မြင်းပေါ်ကို တစ်ချက်တည်းနဲ့ ခုန်တက်လိုက်တယ်။ ယွီးရှောင်ရှောင်က ကားမောင်းတတ်တယ်၊ လေယာဉ်တောင် မောင်းဖူးတယ်၊ ဒါပေမဲ့ မြင်းတော့ မစီးဖူးဘူး။ မြင်းပေါ် ရောက်တာနဲ့ မြင်းရဲ့ လည်ဆံမွှေးကို အားနဲ့ ဆွဲလိုက်တော့တယ်။

မြင်းဖြူကြီးက နာကျင်တာကြောင့် တစ်ချက် ဟီလိုက်ပြီး ခြေလေးဖက်လုံးနဲ့ အားကုန်ပြေးထွက်သွားတော့တယ်။

"မြေကြီးပေါ်မှာ လူတွေ ရှိသေးတယ်" ကိုယ်ရံတော်တွေက အော်ပြောတယ်။

"မြင်းက လန့်သွားပြီ" ကုမိသားစုရဲ့ ဆွေမျိုးတွေက အော်ကြတယ်။

"မင်းသမီး... ကျွန်တော်မျိုးမကို စောင့်ပါဦး" ဝမ်မောမောက ပြေးလိုက်ရင်း အော်တယ်။

"မင်းက ငါ့အဖေကို သတ်ချင်နေတုန်းလား" ကျောင်းပေချန်က အော်ဟစ်လိုက်တယ်။

ကျောင်းပေချန်ရဲ့ အော်သံကြားတော့ အားလုံးက တစ်ပြိုင်နက်တည်း ငြိမ်ကျသွားကြတယ်။ မင်းသမီးကြီးက မြင်းပေါ်မှာတော့ တည်တည်ငြိမ်ငြိမ် ထိုင်နေပေမဲ့ လက်တစ်ဖက်က ကျောင်းချိုးမင်ကို ဆွဲထားတာကြောင့် မြင်းပြေးတဲ့အရှိန်နဲ့ ကျောင်းချိုးမင်ရဲ့ ခန္ဓာကိုယ်က စွန်လွှတ်ထားသလိုမျိုး အပေါ်အောက် ခုန်ပေါက်နေတော့တယ်။ အမတ်ချုပ်ကြီးကျောင်းဟာ နန်းတော်တံခါးဝကို အသက်ရှင်လျက် ရောက်နိုင်ပါဦးမလား

"အဲဒါ ဘယ်သူ့မြင်းလဲ" တစ်ယောက်က မေးလိုက်တယ်။

ကျောင်းပေချန်က တံခါးဝက မြင်းတွေကို ကြည့်ရင်း ရင်ထဲမှာ စို့တက်သွားရပြန်တယ်။ 'အဲဒါ ငါ့ရဲ့ စစ်မြင်းလေ'

ဒီအချိန်မှာ ကုရှင်းယန်က ကုရှင်းလန်ကို ကျောပိုးပြီး အနောက်ဘက်ခြံထဲက ပြေးထွက်လာတယ်။ အပြင်က အခြေအနေကိုတောင် သေချာမကြည့်နိုင်ဘဲ မေးလိုက်တယ်။

"ဘယ်လိုဖြစ်သွားပြီလဲ"

ကုရှင်းလန်က လူအုပ်ထဲမှာ မင်္ဂလာဝတ်စုံနီနဲ့ မိန်းကလေးကို မတွေ့တာကြောင့် ရင်ထဲမှာ ထိတ်လန့်သွားပြီး မေးလိုက်တယ်။

"မင်းသမီးလေးရော"

လူတိုင်းက သမက်တော်ကို လှည့်ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေက ဖော်ပြလို့မရနိုင်လောက်အောင် ရှုပ်ထွေးနေကြတယ်။ ဒီလောက် သန်မာလှတဲ့ ဇနီးမျိုးကို ယူထားရတဲ့ ကုတတိယသခင်လေးရဲ့ အနာဂတ်ကတော့... ဟဲဟဲ... အားလုံးက စိတ်ထဲကနေပဲ ဟဲဟဲလို့ ရယ်မိကြလေတော့တယ်။

…

အခန်း (၁၈) ဒီလူကို သတ်ပစ်လိုက်ကြရအောင်

ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို ဆွဲပြီး နန်းတော်ဆီ ဦးတည်နေတဲ့အချိန်မှာ ရှန်းကျုံးဘုရင်ကတော့ ကျောင်းမိဖုရားရဲ့ ချူချင်းနန်းဆောင်မှာ ထိုင်ပြီး မင်းသမီးလေးရဲ့ ငယ်စဉ်ကအကြောင်းတွေကို ပြောပြနေလေရဲ့။ သမီးတော် ဒီနေ့ပဲ အိမ်ထောင်ကျသွားတာမို့ ရှန်းကျုံးဘုရင်က စိတ်မကောင်းဖြစ်နေပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ကျောင်းမိဖုရားကို သက်ပြင်းချရင်း ပြောနေတယ်။

"မိဖုရားခေါင်ကြီးလည်း ထွက်သွားပြီ၊ လင်းလုံလည်း အိမ်ထောင်ကျသွားပြီ... ဟူး..."

ကျောင်းမိဖုရားက မိဖုရားခေါင်ကြီးအကြောင်း ကြားတော့ စိတ်ထဲကနေ လှောင်ပြုံးပြုံးလိုက်ပေမဲ့ မျက်နှာမှာတော့ ဝမ်းနည်းတဲ့ အမူအရာပြရင်း ပြောလိုက်တယ်။

"ဟုတ်ပါတယ်... အချိန်တွေက သိပ်မြန်တာပဲ။ ကျွန်တော်မျိုးမ နန်းတော်ထဲ စဝင်တုန်းက မင်းသမီးကြီးက ကလေးလေးပဲ ရှိသေးတာ"

ရှန်းကျုံးက ဆိုတယ်။

"လင်းလုံက အခုထိလည်း ကလေးပါပဲ"

ကျောင်းမိဖုရားက ရှန်းကျုံးကို နူးညံ့စွာ ပြုံးပြရင်း မေးလိုက်တယ်။

"အရှင်မင်းကြီး... ဒါဆိုရင် ကျွန်တော်မျိုးမကလည်း မအိုသေးဘူးပေါ့ ဟုတ်လား"

ရှန်းကျုံးက နေမကောင်းဖြစ်နေတဲ့ သူ့အချစ်တော် မိဖုရားကို ငုံ့ကြည့်လိုက်တယ်။ ကျောင်းမိဖုရားက သေသေချာချာ ပြင်ဆင်ထားတာကြောင့် လှလှပပနဲ့ ရှိနေဆဲပဲ။ ရှန်းကျုံးက ကျောင်းမိဖုရားရဲ့ ပါးကို တစ်ချက်နမ်းလိုက်ပြီး ပြောလိုက်တယ်။

"ယင်းရှန်းရယ်... မင်း ရှိနေသေးတာ တော်ပါသေးတယ်"

ကျောင်းမိဖုရားက ညုတုတု အသံလေးနဲ့ "အရှင်မင်းကြီး..." လို့ ခေါ်လိုက်တယ်။ သူမ တွက်ချက်ထားတာကတော့ အခုချိန်ဆို သူမအဖေတို့က ကုအိမ်တော်က ကိစ္စတွေကို ရှင်းပြီးလောက်ပြီ။ သူမကတော့ ကုအိမ်တော် ပျက်စီးသွားမဲ့ ပြဇာတ်ကိုပဲ စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီလေ။

ကျောင်းမိဖုရားရဲ့ ညုတုတု အမူအရာကို မြင်တော့ ရှန်းကျုံးက သူမ ဒဏ်ရာရထားတာကိုသာ ထည့်မတွက်ရင် အခုချက်ချင်းပဲ သိမ်းပိုက်လိုက်ချင်နေပြီ။

"ဒီလောက် ဒဏ်ရာရထားတာတောင် ငါကိုယ်တော့်ကို မသွားနိုင်အောင် ဆွဲဆောင်နေတာလား"

ရှန်းကျုံးက ကျောင်းမိဖုရားရဲ့ နားနားမှာ တိုးတိုးလေး မေးလိုက်တယ်။ စောစောကမှ မိဖုရားခေါင်ကြီးနဲ့ သမီးတော်အတွက် စိတ်မကောင်းဖြစ်နေတဲ့လူက အခုတော့ ကာမရာဂဘက်ကို ရောက်သွားပြန်ပြီ။

ကျောင်းမိဖုရားက တိုးတိုးလေး ရယ်ရင်း ပြောလိုက်တယ်။

"ကျွန်တော်မျိုးမက အရှင်မင်းကြီး စိတ်မကောင်းဖြစ်မှာ စိုးလို့ပါ"

ရှန်းကျုံးရဲ့ လက်က ကျောင်းမိဖုရားရဲ့ ရင်ဘတ်ဆီကို လှမ်းလိုက်တဲ့အချိန်မှာပဲ... အခန်းအပြင်ဘက်ကနေ မိန်းမစိုးငယ်လေးတစ်ယောက်ရဲ့ တုန်ရီနေတဲ့ အော်ဟစ်သံ ထွက်လာတယ်။

"အရှင်မင်းကြီး"

ရှန်းကျုံး လန့်သွားပြီး လက်က ကျောင်းမိဖုရားရဲ့ ရင်ဘတ်ပေါ်ကို ရောက်သွားတော့တယ်။

"ဘာဖြစ်တာလဲ" ရှန်းကျုံးက အသံမာမာနဲ့ မေးလိုက်တယ်။ ဒီလောက်အော်နေတာ... တိုင်းပြည်များ ပျက်ပြီလား

မိန်းမစိုးလေးက ပြောတယ်။

"အရှင်မင်းကြီး... မင်းသမီးကြီး နန်းတော်ကို ပြန်ရောက်လာပါပြီ"

ရှန်းကျုံးက ဝုန်းခနဲ ထရပ်လိုက်တယ်။ သမီးတော်က အခုမှ လက်ထပ်ပြီးတာကို အိမ်ကို ချက်ချင်း ပြန်ရောက်လာတာလား။

"ဘယ်လိုဖြစ်တာလဲ" ရှန်းကျုံးက ပြောရင်းဆိုရင်း အပြင်ကို ထွက်လှမ်းလိုက်တယ်။

ကျောင်းမိဖုရားရဲ့ နှုတ်ခမ်းထောင့်မှာတော့ လှောင်ပြုံးတစ်ခု ပေါ်လာတယ်။ 'ခင်ပွန်းသည်အိမ် ဒုက္ခရောက်နေလို့ နန်းတော်ကို အကူအညီလာတောင်းတာနေမှာပေါ့။ ဒါပေမဲ့ ထီးနန်းနဲ့ဆိုရင် သမီးအရင်းကော အရေးပါပါ့မလား'

မိန်းမစိုးလေးက အခန်းအပြင်ကနေ ထပ်ပြောလိုက်ပြန်တယ်။

"အမတ်ချုပ်ကြီးကျောင်း... အမတ်ကြီး သေ... သေသွားပြီ ထင်ပါတယ်"

ရှန်းကျုံးက အခန်းတံခါးနဲ့ ခေါင်းနဲ့ စောင့်မိသွားတော့တယ်။ ကျောင်းချိုးမင် သေသွားပြီ။ သမီးတော် ပြန်လာတာနဲ့ ကျောင်းချိုးမင် သေတာနဲ့ ဘယ်လိုများ ဆက်စပ်နေတာလဲ။

"ဘာပြောလိုက်တာလဲ" ကျောင်းမိဖုရားလည်း အိပ်ရာပေါ်ကနေ အလန့်တကြား အော်မေးလိုက်တယ်။

မိန်းမစိုးလေးက ကျောင်းမိဖုရားကို ပြန်ဖြေတယ်။

"ကျောင်းမယ်မယ်... အမတ်ချုပ်ကြီးကျောင်း ဆုံးပါးသွားပြီ ထင်ပါတယ်"

'ကုမိသားစုက သေခါနီးမှာ ငါ့အဖေကိုပါ သတ်သွားတာလား' ကျောင်းမိဖုရား တစ်ကိုယ်လုံး တုန်ရီနေပြီ။ သူမက ကုမိသားစုကို သတ်ချင်တာ၊ သူမအဖေကို သေစေချင်တာ မဟုတ်ဘူးလေ။

"ကုမိသားစုက ပုန်ကန်တာလား" ကျောင်းမိဖုရားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အိပ်ရာပေါ်ကနေ မြေပြင်ပေါ်ကို လိမ့်ကျသွားတော့တယ်။

ရှန်းကျုံးရဲ့ ဦးနှောက်ထဲမှာလည်း အကုန်ရှုပ်ထွေးနေပြီး ကျောင်းမိဖုရားကို လှည့်မေးလိုက်တယ်။

"ကျောင်းအမတ်က ကုအိမ်တော်ကို ဘာသွားလုပ်တာလဲ"

ကျောင်းမိဖုရားက ရှန်းကျုံးရဲ့ အမေးကြောင့် ရင်ထိတ်သွားပြီး မျက်ရည်တွေနဲ့ ပြောလိုက်တယ်။

"ကျွန်တော်မျိုးမ မသိပါဘူးဘုရား"

ရှန်းကျုံးက အခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး အပြင်က မိန်းမစိုးကို မေးလိုက်တယ်။

"မင်းသမီးရော ဘယ်မှာလဲ"

မိန်းမစိုး မဖြေရသေးခင်မှာပဲ ကျောင်းချိုးမင်ရဲ့ အော်သံက ရှန်းကျုံးရဲ့ နားထဲကို ရောက်လာတယ်။

"အရှင်မင်းကြီး... ဒီအမှုထမ်းကို ကယ်ပါဦး"

ရှန်းကျုံး ခြံဝင်းထဲကို လှည့်ကြည့်လိုက်တဲ့အခါ ကျောင်းချိုးမင်က သူ့သမီးရဲ့ လက်ထဲမှာ ဖလံကောင်လေးတစ်ကောင်လို ရုန်းကန်နေတာကို တွေ့လိုက်ရတယ်။ ဒီမြင်ကွင်းက လှပလွန်းတာကြောင့် ရှန်းကျုံးအပါအဝင် ခြံဝင်းထဲက လူတွေအားလုံး မျက်စိကိုတောင် မလွှဲနိုင်တော့ဘူး။

ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို ဆွဲပြီး ရှန်းကျုံးရဲ့ ရှေ့မှာ ရပ်လိုက်ကာ ကျောင်းအမတ်ကြီးကို မြေပေါ်ကို ပစ်ချလိုက်တယ်။

ရှန်းကျုံးက အဲဒီအသံကြားတော့ ကိုယ်တိုင် နာသွားသလိုမျိုး မျက်လုံးကို မှိတ်လိုက်မိပြီး မေးလိုက်တယ်။

"လင်းလုံ... ဒါ... ဒါက ဘာတွေလဲ" သူ သိထားတာက သမီးတော်က သိုင်းတတ်တယ်ဆိုပေမဲ့ ကုအိမ်တော်ကို ရောက်သွားတဲ့ သမီးက ဘာလို့ ကျောင်းမျိုးနွယ်နဲ့ ရန်ဖြစ်လာရတာလဲ ကျောင်းချိုးမင်ရဲ့ ပုံစံကိုကြည့်ရတာ အတော်လေး အရိုက်ခံထားရပုံပဲ။

ကျောင်းချိုးမင် စကားမပြောရသေးခင်မှာတင် ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"သူက ကျွန်မရဲ့ မင်္ဂလာဦးခန်းကို မီးရှို့ဖို့ လူလွှတ်လိုက်တာ"

ရှန်းကျုံးက နားကို တစ်ချက် နှိုက်လိုက်ပြီး မေးလိုက်တယ်။

"မင်း ဘာပြောလိုက်တာလဲ"

"အရှင်မင်းကြီး... ဒီအမှုထမ်း မတရား စွပ်စွဲခံရတာပါ" ကျောင်းချိုးမင်က ဝမ်းနည်းပက်လက်ပုံစံ မဖမ်းနိုင်တော့ဘဲ အော်ဟစ်လိုက်တယ်။

"ဒီအမှုထမ်းက မင်းသမီးလေးရဲ့ မင်္ဂလာဦးခန်းကို ဘာလို့ ရှို့ရမှာလဲ"

ရှန်းကျုံးက ယွီးရှောင်ရှောင်ကို မေးတယ်။

"သူက မင်းရဲ့ အခန်းကို ဘာလို့ ရှို့မှာလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"မသိဘူးလေ... သူက နန်းတွင်းကိုယ်ရံတော် တစ်ထောင်ကျော်ကို ခေါ်ပြီး ကုအိမ်တော်မှာ သတ်ဖြတ်၊ မီးရှို့ဖို့ လုပ်တာပဲ"

"ဒီအမှုထမ်း မတရား စွပ်စွဲခံရတာပါ အရှင်မင်းကြီး" ကျောင်းချိုးမင်က မြေပေါ်မှာ ဒူးထောက်ပြီး ရှန်းကျုံးကို ဦးတိုက်ကာ ပြောလိုက်တယ်။

"ဒီအမှုထမ်းက သတင်းရထားလို့ပါ၊ ကုမိသားစုက မင်းသမီးကို လက်ထပ်တာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ သစ္စာဖောက်သက်သေတွေကို ဖျောက်ပစ်မယ်ဆိုလို့ သွားစစ်ဆေးတာပါ၊ ကျွန်တော်မျိုး..."

ကျောင်းအမတ်ကြီးရဲ့ စကားမဆုံးခင်မှာပဲ ယွီးရှောင်ရှောင်က သူ့ခေါင်းကို နောက်ထပ် တစ်ချက် ထပ်ပုတ်လိုက်တာကြောင့် ချက်ချင်းပဲ ပြန်ပြီး သတိလစ်သွားတော့တယ်။

"ဒီလူကို ကျွန်မတို့တွေ သတ်ပစ်လိုက်ကြရအောင်" ယွီးရှောင်ရှောင်က မှင်တက်ပြီး ကြည့်နေတဲ့ ရှန်းကျုံးကို ပြောလိုက်လေတော့တယ်။

…

All Chapters