အခန်း (၁၉-၂၀)
Vol. 1 Ch. 19-20
အခန်း (၁၉) သက်သေက ဘယ်မှာလဲ
ရှန်းကျုံးက သူ့ခြေရင်းမှာ လဲနေပြီး ခေါင်းကနေ သွေးတွေထွက် သတိလစ်နေတဲ့ ကျောင်းချိုးမင်ကို ကြည့်ရင်း နားထင်က အကြောတွေ တလှုပ်လှုပ် ဖြစ်လာတော့တယ်။ သူ့သမီးကို ဘာမှ ထပ်မပြောချင်တော့ဘူး။
"သတ်လိုက်ရအောင်" ယွီးရှောင်ရှောင်က ရှန်းကျုံးကို အတည်ပေါက်နဲ့ အကြံပေးပြန်တယ်။
"အမတ်ကြီးတွေကို သတ်ချင်တိုင်း သတ်လို့မရဘူးလေ။ ဒီအတိုင်း ရိုက်သတ်လိုက်တာက ဘယ်လိုလုပ် အဆင်ပြေမှာလဲ" ရှန်းကျုံးက သူ့သမီးကို ကျိုးကြောင်းပြဖို့ ကြိုးစားတယ်။
ယွီးရှောင်ရှောင်က ခေါင်းလေးစောင်းပြီး စဉ်းစားလိုက်ကာ ပြောလိုက်တယ်။
"ဒါဆိုရင်တော့ ရိုက်မသတ်တော့ဘူး... သူ့ကို မီးရှို့သတ်ကြမလား"
'ဆက်သွယ်လို့ကို မရတော့ဘူးလား' ရှန်းကျုံးက နားထင်ကို ပွတ်လိုက်မိတယ်။ စောစောကမှ ကြင်နာတတ်ပြီး ကြက်တစ်ကောင်တောင် မသတ်ရဲတဲ့ သမီးလေးက ဘယ်ပျောက်သွားတာလဲ
"အရှင်မင်းကြီး..." ခြံဝင်းအပြင်ဘက်ကနေ မိန်းမစိုးချုပ်ကြီးတစ်ယောက်ရဲ့ အသံ ထွက်လာတယ်။
"ရင်ညန်ယွင်၊ ကျောင်းပေချန်တို့ ရောက်လာကြပါတယ်..."
"ဘာကိစ္စလဲ" ရှန်းကျုံးက နာမည်တွေ အကုန်နားမထောင်ချင်တော့ဘဲ ဖြတ်မေးလိုက်တယ်။
မိန်းမစိုးချုပ်က ပြောတယ်။
"အမတ်မင်းတို့က နန်းတော်အပြင်မှာ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေကြပါတယ်"
"ဝင်လာခိုင်းလိုက်" ရှန်းကျုံးက ဆိုတယ်။
မိန်းမစိုးချုပ်က ထပ်ပြောတယ်။
"အရှင်မင်းကြီး... ကုချန်းနဲ့ သူ့ရဲ့သားကြီး ကုရှင်းနော့တို့လည်း နန်းတော်အပြင်မှာ ရှိနေကြပါတယ်"
"ဝင်လာခိုင်းလိုက်ပါ" ယွီးရှောင်ရှောင်က ကြားဖြတ်ပြောလိုက်တယ်။
ရှန်းကျုံးက စိတ်မရှည်စွာနဲ့ သမီးတော်ကို ပြောလိုက်တယ်။
"သူတို့က အခုတော့ သာမန်အရပ်သားတွေလေ၊ အရပ်သားက နန်းတော်ထဲ ဘယ်လိုဝင်မှာလဲ"
"သူတို့က ခမည်းတော်ရဲ့ ခမည်းခမက်တွေပဲလေ" ယွီးရှောင်ရှောင်က ဆိုတယ်။
"တော်ဝင်မိသားစုက ဆွေမျိုးတွေဆီ အလည်မသွားရဘူးလား"
'ဒါက ဆွေမျိုးအလည်သွားရမဲ့ အချိန်လား' ရှန်းကျုံးက ပါးစပ်လှုပ်ရုံပဲ ရှိသေးပေမဲ့ နောက်ဆုံးမှာတော့ သမီးကို ကျိုးကြောင်းသင့် ပြောဖို့ လက်လျှော့လိုက်ပြီး အပြင်ကို လှမ်းအော်လိုက်တယ်။
"ကုမိသားစု သားအဖကိုလည်း ဝင်ခွင့်ပေးလိုက်"
အမတ်တွေ ခြံဝင်းထဲကို ဝင်လာတဲ့အချိန်မှာ ကျောင်းအမတ်ကြီးလည်း သမားတော်ရဲ့ ကုသမှုကြောင့် သတိပြန်လည်လာပြီ။ ယွီးရှောင်ရှောင်ကို မြင်လိုက်တာနဲ့ သူက အသည်းနှလုံးကွဲအက်မတတ် ခံစားလိုက်ရတယ်။ တိုင်းပြည်ရဲ့ အမတ်ချုပ်ကြီး တစ်ယောက်ဖြစ်တဲ့သူက ကြက်ကလေးတစ်ကောင်လို ဆွဲခေါ်ခံရပြီး နန်းတော်အထိ ရောက်လာရတာကို မြို့သူမြို့သားတွေ အကုန်မြင်ကုန်ကြပြီ။ သူ ဘယ်လိုမျက်နှာနဲ့ ဆက်နေရတော့မှာလဲ
"အဖေ" ကျောင်းပေချန်က ရှန်းကျုံးကို ဂါရဝပြုပြီးတာနဲ့ ကျောင်းချိုးမင်ဆီ ပြေးသွားတယ်။
ရှန်းကျုံးက ကျောင်းပေချန်ကို ကြည့်လိုက်တော့လည်း တစ်ကိုယ်လုံး သွေးတွေနဲ့မို့ ကြည့်လို့တောင် မရတော့ဘူး။
"အရှင်မင်းကြီး" ကျောင်းချိုးမင်က သားဖြစ်သူရဲ့ အကူအညီနဲ့ ထရပ်ပြီး ဒူးထောက်ကာ ရှန်းကျုံးကို ငိုယိုလျှောက်တင်တော့တယ်။ "ဒီအမှုထမ်းက တိုင်းပြည်အတွက် စိတ်စေတနာအမှန်နဲ့ လုပ်တာပါ"
"ဟန့်" ရင်ညန်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး ရှန်းကျုံးကို လျှောက်တင်တယ်။
"အရှင်မင်းကြီး... အမတ်ချုပ်ကြီးကျောင်းက နန်းတွင်းကိုယ်ရံတော်တွေကိုခေါ်ပြီး ကုအိမ်တော်ကို ဇွတ်ဝင်စီးရုံတင်မကဘဲ မင်းသမီးကြီးရဲ့ မင်္ဂလာဦးခန်းကိုပါ မီးရှို့ခဲ့တာပါ။ ဒီလို ရဲတင်းလွန်းတာက သေဒဏ်ပေးသင့်တဲ့ ပြစ်မှုပါ"
ကျောင်းချိုးမင်က ပြန်ပြောတယ်။
"အရှင်မင်းကြီး... မင်္ဂလာဦးခန်း မီးလောင်တဲ့ကိစ္စကို ဒီအမှုထမ်း လုံးဝ မသိပါဘူး။ ဒါက ကုမိသားစုက သူတို့ရဲ့ ပြစ်မှုတွေကနေ လွတ်အောင်လို့ လုပ်တဲ့ ကောက်ကျစ်တဲ့ ပရိယာယ်ပါ"
ခြံဝင်းထဲမှာတော့ စကားစစ်ထိုးပွဲက ပြင်းထန်နေတော့တယ်။ တိုင်းပြည် သစ္စာဖောက်တယ်ဆိုတဲ့ဘက်ကလည်း သက်သေမရှိ၊ မီးရှို့လူသတ်တယ်ဆိုတဲ့ဘက်ကလည်း သက်သေမရှိတာကြောင့် နှစ်ဖက်စလုံးက အလျှော့မပေးဘဲ ငြင်းခုံနေကြတယ်။ စာပေတတ်တဲ့ အမတ်တွေကတော့ ဆဲဆိုတာကို ယဉ်ယဉ်ကျေးကျေး လုပ်နေကြပေမဲ့ စစ်ဘက်အရာရှိတွေကတော့ ရန်ပွဲဖြစ်တော့မဲ့အတိုင်း အော်ဟစ်နေကြတော့တယ်။
ယွီးရှောင်ရှောင်ကတော့ သေသေချာချာ နားထောင်နေတယ်။ စစ်ဘက်အရာရှိတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် သူတို့ မိခင်တွေကို မေးမြန်းနေကြတာ သိပေမဲ့ စာပေတတ်အမတ်တွေရဲ့ စကားကိုတော့ သူမ တစ်လုံးမှ နားမလည်ဘူး။
ကုရှင်းနော့က ဖြည်းဖြည်းချင်း ယွီးရှောင်ရှောင်ရဲ့ ဘေးကို တိုးလာပြီး မေးလိုက်တယ်။
"မင်းသမီးလေး... အဆင်ပြေရဲ့လားဟင်"
ယွီးရှောင်ရှောင်က ခေါင်းခါပြပြီး မေးလိုက်တယ်။
"အစ်ကိုကြီး... သူတို့ ဘာတွေ ပြောနေကြတာလဲ"
ယွီးရှောင်ရှောင်က "အစ်ကိုကြီး" လို့ ခေါ်လိုက်တာကြောင့် ကုရှင်းနော့ ရင်ထဲမှာ နွေးထွေးသွားရတယ်။ ဒီညီမလေးက မင်းသမီးဆိုပေမဲ့ မင်းသမီးအရှိန်အဝါ တစ်စက်မှ မပြဘူးလေ။
"သူတို့က မင်းသမီးရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ နဂါးဝတ်ရုံတော်ကြီးကို ဝှက်ထားကြတာ" ကုရှင်းနော့က လူတွေ မမြင်အောင် ယွီးရှောင်ရှောင်ကို တိုးတိုးလေး ပြောလိုက်တယ်။
"ဟင်" ယွီးရှောင်ရှောင်က တိုးတိုးလေး မေးတယ်။ "နဂါးဝတ်ရုံဝှက်ထားတော့ ဘာဖြစ်လဲ"
ကုရှင်းနော့က အသက်ရှူမှားသွားပြီး တစ်ချက် ချောင်းဆိုးလိုက်မိတယ်။ ယွီးရှောင်ရှောင်ရဲ့ ပုံစံက သူ့ကို နောက်နေတာ မဟုတ်မှန်း သိတာကြောင့် တိုးတိုးလေး ထပ်ရှင်းပြရတယ်။
"ဒါက အရှင်မင်းကြီး တစ်ဦးတည်းသာ ဝတ်ဆင်ရတာလေ။ အမှုထမ်းတွေ ဒါမှမဟုတ် အရပ်သားတွေ အိမ်မှာ ဒါမျိုးရှိနေရင် သေဒဏ်ပဲ"
အခုတော့ ယွီးရှောင်ရှောင် သဘောပေါက်သွားပြီ။ သူမက ရှန်းကျုံးရဲ့ အနောက်မှာ ရပ်နေတဲ့ ကျင်းကျုံးကို လှည့်ကြည့်လိုက်တယ်။
"အဲဒီ မိန်းမစိုးယုတ် လုပ်တာပေါ့" ယွီးရှောင်ရှောင်က ကျင်းကျုံးကို လက်ညှိုးထိုးပြီး ကုရှင်းနော့ကို မေးလိုက်တယ်။
ကုရှင်းနော့က ဆိုတယ်။
"ခန်းဝင်ပစ္စည်းတွေကို သူက ပို့ပေးခဲ့တာဆိုတော့ သူပဲ လုပ်မှာပေါ့"
ကျင်းကျုံးက မင်းသမီးကြီးက သူ့ကို စိုက်ကြည့်နေတာ မြင်တော့ ရှန်းကျုံးရဲ့ အနားကို ပိုတိုးသွားလိုက်တယ်။ အမတ်တွေကို သတ်ဖို့ကတော့ လုပ်ထုံးလုပ်နည်းတွေ ရှိပေမဲ့ သူ့လို မိန်းမစိုးကို သတ်ဖို့ကတော့ ယွီးရှောင်ရှောင်အတွက် အချိန်မရွေးပဲလေ။ မိန်းမစိုးအသက်က တန်ဖိုးရှိတယ်လို့ ဘယ်သူမှ မကြားဖူးဘူး မဟုတ်လား။
"တော်စမ်း တော်စမ်း။ အကုန်လုံး ပါးစပ်ပိတ်စမ်း" ရှန်းကျုံးက အမတ်တွေ ငြင်းနေတာကို နားညည်းလာတာကြောင့် ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ဆက်ပြီး ငြင်းနေဦးမယ်ဆိုရင် အကုန်လုံးကို ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး သတ်ပစ်မယ်"
ခြံဝင်းတစ်ခုလုံး ငြိမ်ကျသွားတော့တယ်။
ယွီးရှောင်ရှောင်က ဖျတ်ခနဲ ကျောင်းချိုးမင်ရဲ့ ရှေ့ကို ရောက်သွားပြီး သူ့ခေါင်းကို လက်နဲ့ တစ်ချက် ထပ်ရိုက်လိုက်ပြန်တယ်။
ကျောင်းချိုးမင်က အားခနဲ တစ်ချက် အော်ဟစ်လိုက်ရပြန်တယ်။
ယွီးရှောင်ရှောင်က ရှန်းကျုံးကို ပြောလိုက်တယ်။
"ခမည်းတော်... သူ စကားပြောလိုက်ပြီ။ သူ့ကို ဆွေမျိုး ကိုးဆက်လုံး သတ်ပစ်လိုက်တော့"
ခြံဝင်းထဲမှာတော့ ပိုပြီး တိတ်ဆိတ်သွားတော့တယ်။ အားလုံးက ရှန်းကျုံးကိုပဲ ကြည့်နေကြတယ်။ ဒီအခြေအနေကို ဘယ်လို ရှင်းမှာလဲ။ သူတို့အားလုံးက ဒီမှာ မင်းသမီးကြီး ကစားနေတာကို လိုက်ကစားပေးနေရတာလား
ရှန်းကျုံးက လက်ကို အနောက်ပစ်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေတယ်။ သူလည်း ဘာမှ မပြောချင်တော့ဘူး။
"အရှင်မင်းကြီး..." ပိတ်ထားတဲ့ အိပ်ဆောင်ထဲကနေ ကျောင်းမိဖုရားရဲ့ အားနည်းနေတဲ့ အသံ ထွက်လာတယ်။ "ကျွန်တော်မျိုးမရဲ့ ဖခင်က ဒါမျိုး တကယ်လုပ်ခဲ့တယ်ဆိုရင်တော့ သတ်သင့်ပါတယ်"
အင်း ယွီးရှောင်ရှောင် အံ့သြသွားတယ်။ ဒီမိန်းမယုတ်က စိတ်ပြောင်းသွားတာလား။
"မိဖုရားက ဘာကို ဆိုလိုတာလဲ" ရှန်းကျုံးက အခန်းထဲက ကျောင်းမိဖုရားကို မေးလိုက်တယ်။
ကျောင်းမိဖုရားက ပြောတယ်။
"အဖေ... ကုမိသားစုက သစ္စာဖောက်သက်သေတွေကို ဝှက်ထားတယ်လို့ အဖေကို ဘယ်သူက ပြောတာလဲ"
…
အခန်း (၂၀) တို့တွေ ရန်ကြွေးပြန်ဆပ်ကြမယ်
ကျောင်းမိဖုရားက ကျောင်းချိုးမင် အဖြေကို မစောင့်ဘဲ ဆက်ပြောတယ်။
"ဘာသက်သေမှ မရှိဘဲ သတင်းတစ်ခုတည်းနဲ့တင် အဖေက စစ်သည်တွေကို ခေါ်ပြီး ကုအိမ်တော်ကို ဝင်ရှာရဲတယ်ပေါ့လေ။ ဒီနေ့က မင်းသမီးကြီးရဲ့ မင်္ဂလာနေ့လေ၊ အဖေရဲ့ မျက်စိထဲမှာ တော်ဝင်မိသားစုဆိုတာ မရှိတော့ဘူးလား။ ကျွန်တော်မျိုးမက အိမ်ကို ဘာတွေ မှာကြားခဲ့ဖူးလဲ အရှင်မင်းကြီးက မိုးကောင်းကင်ပဲ၊ အဖေတို့က သစ္စာရှိရမယ်၊ တာဝန်ကျေရမယ်လို့ မှာခဲ့တာတွေကို အဖေ မှတ်မိသေးရဲ့လား"
ကျောင်းချိုးမင်တို့ သားအဖနှစ်ယောက်က ကျောင်းမိဖုရားရဲ့ စကားကို ကြားတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ကျောင်းအမတ်ကြီးက ချက်ချင်းပဲ လူနာမည်တစ်ခုကို ပြောလိုက်တယ်။
ရှန်းကျုံးက ဆိုတယ်။
"လာကြစမ်း... အဲဒီ ကျန်းခယ်ကျိ ဆိုတဲ့လူကို ဖမ်းခဲ့ကြစမ်း"
ကုရှင်းနော့က အံကြိတ်ရင်း ပြောလိုက်တယ်။ "ကျန်းခယ်ကျိ"
ယွီးရှောင်ရှောင်က မေးတယ်။ "ဘာဖြစ်လို့လဲ"
ကုရှင်းနော့က ခါးခါးသီးသီး ပြုံးရင်း တိုးတိုးလေး ပြောပြတယ်။
"သူက အရင်က ကုမိသားစုရဲ့ လူယုံပဲ၊ အခုတော့ ကျောင်းမိသားစုဆီ ရောက်သွားပြီ"
"ကျန်းခယ်ကျိ..." ရင်ညန်ယွင်က ကုချန်းကို တိုးတိုးလေး ပြောလိုက်တယ်။ "သူတို့ကတော့ အပြစ်ဖို့မဲ့လူကို ရွေးပြီးသားပဲ"
စစ်သေနာပတိချုပ်ကြီးက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအချိန်မှာ ကျောင်းမိဖုရားက ကျောင်းချိုးမင်ကို လမ်းကြောင်းပေးနေတာ သူတို့ သိပေမဲ့ ဒါကို ဖွင့်ပြောရင် ရှန်းကျုံးက သူတို့ကို ယုံပါ့မလား။
ရှန်းကျုံးက အခန်းတံခါးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"မိဖုရားကတော့ တကယ့်ကို စိတ်စေတနာကောင်း ရှိရှာပါပေတယ်"
ကုချန်းတို့ကတော့ ရှန်းကျုံးရဲ့ စကားကြောင့် မျှော်လင့်ချက်တွေ ကင်းမဲ့သွားကြရပြန်တယ်။
ကျန်းခယ်ကျိကို သွားဖမ်းတဲ့လူတွေက သိပ်မကြာခင်မှာပဲ ပြန်ရောက်လာပြီး ရှန်းကျုံးကို တင်ပြကြတယ်။
"အရှင်မင်းကြီး... ကျန်းခယ်ကျိက အဆိပ်သောက်ပြီး သတ်သေသွားပါပြီ"
"သေပြီ" ရှန်းကျုံးနဲ့ ယွီးရှောင်ရှောင်က တစ်ပြိုင်နက်တည်း အော်လိုက်ကြတယ်။
ကိုယ်ရံတော်ချုပ်က ခေါင်းမော့မကြည့်ရဲဘဲ တင်ပြတယ်။
"ဟုတ်ပါတယ်... ကျွန်တော်မျိုးတို့က အလောင်းကို သေသေချာချာ စောင့်ကြပ်ခိုင်းထားပါတယ်။ အရှင်မင်းကြီး ဘယ်လို အမိန့်ချမလဲခင်ဗျာ"
"အပြစ်လုပ်ထားလို့ ကြောက်ပြီး သတ်သေသွားတာလား" ကျောင်းမိဖုရားက အခန်းထဲကနေ လှမ်းပြောလိုက်တယ်။
ရှန်းကျုံးက ခြံဝင်းထဲမှာ ဘယ်ညာ ခွဲရပ်နေကြတဲ့ အမတ်တွေကို ကြည့်ပြီး ဝေခွဲမရစွာနဲ့ ပြောလိုက်တယ်။
"ဒါက အထင်လွဲတာလား။ ကျောင်းအမတ်က လူလိမ်စကားကို ယုံလိုက်မိတာလား"
"အရှင်မင်းကြီး အမြော်အမြင်ကြီးမားလှပါတယ်" ကျောင်းအမတ်ကြီးရဲ့ အုပ်စုက ရှန်းကျုံးကို တစ်ပြိုင်နက်တည်း ချီးကျူးလိုက်ကြတယ်။
ကုချန်းတို့ဘက်ကတော့ ရှန်းကျုံးကို ကြည့်ပြီး စကားမထွက်နိုင်တော့ဘူး။ ဒီလောက် အမြော်အမြင်ရှိလွန်းတဲ့ ဘုရင်မျိုးနဲ့မှ ဘာလို့ လာတိုးနေရတာလဲ ကျန်းခယ်ကျိ သေသွားပြီဆိုတော့ ဒါက သက်သေမရှိဘဲ ပြီးသွားမဲ့ ကိစ္စပဲလေ။
"အဖေ... ဘာလို့ ဒီလောက်တောင် ဉာဏ်နည်းရတာလဲ" ကျောင်းမိဖုရားက အခန်းအပြင်ကနေ သူ့အဖေကို ဆူပူလိုက်တယ်။
"အရှင်မင်းကြီးက အဖေကို နန်းတွင်းကိုယ်ရံတော်တွေ စီမံခွင့်ပေးတာက နန်းတော်ကို ကာကွယ်ဖို့လေ၊ လူလိမ်စကားကို ယုံပြီး မင်းသမီးကြီးရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ မဟုတ်ဘူး"
ကျောင်းချိုးမင်က ရှန်းကျုံးကို အားပါးတရ ဦးတိုက်လိုက်တာကြောင့် မြေပြင်ပေါ်မှာ သွေးကွက်တွေတောင် ထွက်လာတော့တယ်။
"အရှင်မင်းကြီး... ဒီအမှုထမ်းက တိုင်းပြည်အတွက် စိုးရိမ်လွန်းလို့ပါ။ ဒီအမှုထမ်းက ဉာဏ်နည်းသွားပါတယ်။ သတ်သင့်ပါတယ်"
"အရှင်မင်းကြီး..." ကျောင်းမိဖုရားကလည်း အခန်းထဲကနေ ပြောလာတယ်။ "ကျွန်တော်မျိုးမလည်း အပြစ်ရှိပါတယ်"
ရှန်းကျုံးက သက်ပြင်းချလိုက်ပြီး ကျောင်းသားအဖကို လက်ကာပြလိုက်တယ်။
"တော်ပြီ... တစ်နှစ်စာ လစာကို ဖြတ်မယ်၊ ဒါကို သင်ခန်းစာယူကြ။ ကျောင်းချိုးမင်... နောက်တစ်ခါ ဒီလို မိုက်မဲတာမျိုး ထပ်လုပ်ရင် ငါကိုယ်တော် အပြစ်မပေးဘဲ မနေဘူးနော်"
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်" ကျောင်းချိုးမင်က ရှန်းကျုံးကို အမြန် ကျေးဇူးတင်စကား ဆိုလိုက်တယ်။ "အရှင်မင်းကြီးရဲ့ စကားကို အမြဲ မှတ်သားထားပါ့မယ်"
"လစ်ကြတော့" ရှန်းကျုံးက ကျောင်းသားအဖကို မောင်းထုတ်လိုက်တယ်။
ယွီးရှောင်ရှောင်က ကျောင်းပေချန်က ကျောင်းချိုးမင်ကို တွဲပြီး ထွက်သွားတော့မဲ့အချိန်ကျမှ ပြောလိုက်တယ်။
"ဒါနဲ့ပဲ ပြီးသွားပြီလား။ ဒါက မတရားဘူးလေ"
အမတ်တော်တော်များများကတော့ သက်ပြင်းချလိုက်မိကြတယ်။ ကျောင်းမိသားစု သုံးယောက်က ပြဇာတ် ကနေကြတာကို မင်းသမီးလေးက မရိပ်မိသေးဘူးပဲ။
ကျောင်းမိဖုရားက ငိုယိုရင်း ပြောတယ်။
"မင်းသမီးလေး... ကျွန်တော်မျိုးမ မင်းသမီးကို အားနာပါတယ်။ မိဖုရားခေါင်ကြီးကိုလည်း အားနာပါတယ်။ အရှင်မင်းကြီးရယ်... ကျွန်တော်မျိုးမ တကယ်ပဲ သေသင့်ပါတယ်"
ယွီးရှောင်ရှောင်က ဆိုတယ်။
"ဒါဆိုရင်လည်း အခုချက်ချင်း သွားသေလိုက်လေ"
ကျောင်းမိဖုရားရဲ့ ငိုသံက ချက်ချင်း ရပ်သွားတော့တယ်။
ရှန်းကျုံးက ယွီးရှောင်ရှောင်ကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"လင်းလုံ... လူတစ်ဖက်သားက အမှားဝန်ခံနေတာကို အနိုင်မကျင့်နဲ့လေ။ အဖေက မင်းကို ဘယ်လို သင်ပေးထားလဲ"
ယွီးရှောင်ရှောင်က သူမရဲ့ ဖခင်ကို မျက်နှာသေနဲ့ ကြည့်လိုက်တယ်။ ဒီငတုံးမင်းကြီးက အပျော်အပါးကလွဲရင် သူမကို ဘာသင်ပေးဖူးလို့လဲ
သမီးဖြစ်သူရဲ့ အကြည့်က အထင်သေးလွန်းတာကြောင့် ရှန်းကျုံးက မေးလိုက်မိတယ်။
"မင်းက ဘယ်လို မျက်စိနဲ့ ကြည့်နေတာလဲ"
"သူက ကျွန်မရဲ့ အခန်းကို မီးရှို့လိုက်တာလေ" ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"စစ်သည်တွေအများကြီးကို ခေါ်ပြီး ကျွန်မအိမ်ကို လာဖျက်ဆီးတာကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်မှာလား"
အမတ်တွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ 'ဒီစကားက ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ'
ကျောင်းအမတ်ကြီးနောက် လိုက်သွားတဲ့ တပ်မှူး သုံးယောက်ကတော့ အခုချိန်မှာ မျက်နှာတွေ ဖူးယောင်နေပြီး အိမ်ပြန်ရင် သူတို့ မိသားစုတွေတောင် မှတ်မိမှာ မဟုတ်တော့ဘူး။ သူတို့က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ငိုချင်နေကြပြီ။ 'မင်းသမီးက ငါတို့လူ တစ်ထောင်ကျော်လုံးကို ရိုက်နှက်ခဲ့တာလေ၊ အခုထိ ဘာလိုချင်သေးတာလဲ'
ရှန်းကျုံးက သူ့ခေါင်းကို ရိုက်လိုက်မိတယ်။ ကျောင်းမိဖုရား ငိုနေတာက သူ့ကို စိတ်ပူစေပြီး သမီးဖြစ်သူကတော့ သူ့ကို ခေါင်းကိုက်စေတယ်လေ။
"ဒါဆို မင်းက ဘာဖြစ်စေချင်တာလဲ" ရှန်းကျုံးက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ "သတ်မယ်ဆိုတဲ့ စကားကိုတော့ ထပ်မပြောနဲ့တော့"
"ကွပ်မျက်" ယွီးရှောင်ရှောင်က စကားလုံး နှစ်လုံးကို ပြောလိုက်တယ်။ စာပေစကားကို နားမလည်ပေမဲ့ အဓိပ္ပာယ်တူတဲ့ စကားလုံးကိုတော့ သူမ သိတာပေါ့။
ရှန်းကျုံးလည်း ဘာမှ ထပ်မပြောနိုင်တော့ဘူး။
ကျောင်းမိဖုရားက ငိုရင်း ပြောပြန်တယ်။
"မင်းသမီးကြီးက အခုတော့ အိမ်ထောင်ကျသွားပြီဆိုတော့ ခင်ပွန်းဘက်ကပဲ ပါနေတော့တာပဲ။ မင်းသမီးလေးရယ်... လောကမှာ ဘယ်အရာကမှ တိုင်းပြည်အရေးထက် မကြီးမြတ်ပါဘူး။ ဒီအမှန်တရားကို မင်းသမီး သိသင့်ပါတယ်"
ကျောင်းမိဖုရားက မင်းသမီးက အိမ်ထောင်ကျပြီးတာနဲ့ ဖခင်ကို မငဲ့တော့ဘဲ ခင်ပွန်းဘက်ကပဲ ပါနေတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ။ ဒါကို ရှန်းကျုံးရော အမတ်တွေပါ နားလည်ကြပေမဲ့ ယွီးရှောင်ရှောင်ကတော့ ကျောင်းမိဖုရားရဲ့ လှည့်ကွက်ကို နားမလည်ဘဲ ပြန်ပြောလိုက်တယ်။
"ဒါဆိုရင်တော့ ရှင့်အဖေက ကျွန်မကို သတ်လိုက်တာကတောင် ဖြစ်သင့်တယ်လို့ ပြောချင်တာလား"
ကျောင်းချိုးမင်က အမြန် ဝင်ပြောတယ်။
"ဒီအမှုထမ်းက မင်းသမီးကို တစ်စက်ကလေးတောင် ထိခိုက်အောင် မလုပ်ရဲပါဘူး"
"ဒါဆို ကျွန်မရဲ့ အခန်းကိစ္စကို ဘယ်လို ရှင်းမလဲ" ယွီးရှောင်ရှောင်က ဆိုတယ်။ "အဲဒါက သူ့အလိုလို မီးလောင်သွားတာလား"
"သက်သေကော" ရှန်းကျုံးက ကုချန်းကို မေးလိုက်တယ်။
ကုချန်းက ဘာသက်သေမှ မပြနိုင်ဘူးလေ။ အခန်းမီးလောင်တဲ့အချိန်မှာ ကျောင်းသားအဖက အရှေ့လမ်းမှာ အရိုက်ခံနေရတာကိုး။ အနောက်ဘက်ခြံမှာလည်း ကျောင်းချိုးမင်ရဲ့ လူတစ်ယောက်မှ ဖမ်းမမိခဲ့ဘူးလေ။
ရှန်းကျုံးက ကုချန်း စကားမပြောနိုင်တာ မြင်တော့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ဘာသက်သေမှ မရှိဘဲနဲ့ အဖေက ကျောင်းအမတ်ကို ဘယ်လို အပြစ်ပေးရမှာလဲ"
"ဒါဆို ကျွန်မ အိမ် မရှိတော့တာကို ဒီအတိုင်းပဲ လွှတ်ထားမှာလား" ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်လိုက်တယ်။
ရှန်းကျုံးက အံကြိတ်ပြီး ပြောလိုက်တယ်။
"ကောင်းပြီလေ... အရင်က သိမ်းဆည်းထားတဲ့ ကျန်းကော်ဟို့ အိမ်တော်ကို ကုမိသားစုကို ပြန်ပေးမယ်။ လင်းလုံ... အခုရော မင်း ကျေနပ်ပြီလား"
ယွီးရှောင်ရှောင်က ကုရှင်းနော့ကို မေးလိုက်တယ်။
"အဲဒီ အိမ်တော်က အခု ကျွန်မတို့တွေ နေတဲ့ အိမ်ထက် ပိုကြီးလား"
ကုရှင်းနော့က ခဏလောက် ကြောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်တယ်။
"အစ်ကိုကြီး..." ယွီးရှောင်ရှောင်က ဆိုတယ်။ "သေချာ တွက်ချက်ပေးစမ်းပါ။ ဒီနေ့ ကျောင်းမိသားစု တစ်မျိုးနွယ်လုံးကို သတ်လို့ မရတော့ဘူးလား"
ကုရှင်းနော့က ခက်ခက်ခဲခဲနဲ့ ပြန်ဖြေရတယ်။
"သက်သေမရှိဘဲနဲ့ ကျွန်တော်တို့က ကျောင်းချိုးမင်ကို အပြစ်ပေးလို့ မရဘူးလေ။ သတ်ဖို့ဆိုတာကတော့ ပိုတောင် မဖြစ်နိုင်ဘူး"
'တောက်'
ယွီးရှောင်ရှောင်က ကျောင်းသားအဖကို ကြည့်လိုက်တဲ့ အကြည့်က သိပ်ကို ကြောက်စရာကောင်းလှတယ်။ မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်တဲ့ လူတွေကို ဒီအချိန်မှာ လက်ဖျားနဲ့တောင် ထိလို့မရဘူးတဲ့လား ဒီကမ္ဘာကတော့ တကယ့်ကို အဆင်မပြေလိုက်တာ။
ကျောင်းပေချန်က သူ့အဖေကို တွဲပြီး ရှန်းကျုံးရဲ့ နောက်ကို ဝင်ပုန်းလိုက်တယ်။ လင်းလုံမင်းသမီး ရုတ်တရက် ထသတ်မှာကို ကြောက်နေတာလေ။
"အားလုံး ပြန်ကြတော့" ရှန်းကျုံးက လူစုခွဲလိုက်တယ်။
ယွီးရှောင်ရှောင်က ပထမဆုံးအနေနဲ့ လှည့်ထွက်သွားတော့တယ်။
ရှန်းကျုံးက သမီးကို ခေါ်ချင်ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ မပြောဖြစ်လိုက်ဘူး။ ကိစ္စတော်တော်များများက မျှတအောင် လုပ်ဖို့ မလွယ်ဘူးလေ။ သမီးဖြစ်သူက မတရားခံရတာ မှန်ပေမဲ့ ကျောင်းမိဖုရားကလည်း ဒဏ်ရာနဲ့ ငိုနေတာဆိုတော့ ရှန်းကျုံးရဲ့ စိတ်က အလိုလိုနေရင်း သနားစရာကောင်းတဲ့ ကျောင်းမိဖုရားဘက်ကို ယိုင်သွားမိတာပဲ။
အမတ်တွေလည်း ရှန်းကျုံးကို ဂါရဝပြုပြီး ပြန်သွားကြတယ်။
ရှန်းကျုံးက မိန်းမစိုးချုပ်ကို ညွှန်ကြားလိုက်တယ်။
"မင်း လူတွေကို ခေါ်ပြီး ကုချန်းနောက်ကို လိုက်သွား။ ဒီနေ့အတွင်းမှာတင် သူတို့ကို ကျန်းကော်ဟို့ အိမ်တော်ကို ရွှေ့ပေးလိုက်။ တကယ်လို့ မင်းသမီးလေးဆီမှာ တစ်ခုခု လိုအပ်တာရှိရင် ကျန်းရဲ့ ဘဏ္ဍာတိုက်ထဲကနေ ဖြည့်ဆည်းပေးလိုက်ပါ"
"အမိန့်တော်အတိုင်းပါ ဘုရား" မိန်းမစိုးချုပ်က ချက်ချင်း နာခံလိုက်တယ်။
'ယွီးလင်းလုံ' ကျောင်းမိဖုရားက အခန်းထဲမှာ သူမရဲ့ နှုတ်ခမ်းကို သွေးထွက်အောင်အထိ ကိုက်ထားမိတယ်။ 'မိဖုရားခေါင်ကြီး မွေးထားတဲ့ ဒီကောင်မလေးက ငါတို့ကျောင်းမိသားစုကို ဒီလောက်အထိ အရှက်ခွဲရဲတယ်ပေါ့။ နင့်ကို အသေဆိုးနဲ့ သေအောင် မလုပ်နိုင်ရင် ငါ လူမဟုတ်တော့ဘူး'
…