← Chapters

အခန်း (၂၆၈၁-၂၆၈၂)

Vol. 209 Ch. 2681-2682

အခန်း (၂၆၈၁-၂၆၈၂)

Vol. 209 Ch. 2681-2682

အခန်း(၂၆၈၁)

“ကောင်လေး မင်းဘယ်သူလဲ...ငါတို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ ကိစ္စကို ဘာလို့ ဝင်စွက်ဖက်နေရတာလဲ”

လော့ကိုင်ရန်က လက်အောက်ငယ်သား တစ်စုကို ဦးဆောင်ကာ ကျန်းချန်နှင့် လော့ချင်းအာကို အလယ်တွင် ထား၍ အလျင်အမြန် ဝိုင်းထားလိုက်သည်။

ထို့နောက် သူက အေးစက်သောအကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ အော်ငေါက်လာ၏။

“ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး”

ကျန်းချန်က လော့ကိုင်ရန်ကို စေ့စေ့ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ငါ ဒီမှာရှိနေသရွေ့ လော့ချင်အာရဲ့ ဆံချည်တစ်မျှင်ကိုတောင် မင်းတို့ ထိလို့ရမှာမဟုတ်ဘူး ဆိုတာပဲ မင်းသိထားဖို့လိုတယ်”

“ကောင်လေး.. မင်းရဲ့ကျင့်ကြံခြင်းအဆင့်လောက်နဲ့ တော်တော် လေလုံးထွားပါလား”

လော့ကိုင်ရန်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။

“ပကတိအင်မော်တယ် စတုတ္ထအဆင့်လေးနဲ့ လော့ချင်းအာကို မင်း ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

စကားဆုံးသည်နှင့် လော့ကိုင်ရန်၏ လက်ထဲတွင် ရွှေရောင်ဓားရှည်တစ်လက် ပေါ်လာခဲ့ပြီး နေမင်းကဲ့သို့ တောက်ပသော ဓားအလင်းသည် မီတာထောင်ချီ ဧရိယာကို တစ်ခဏအတွင်း ထိုးဖောက်ကာ ကျန်းချန်၏ ဦးခေါင်းအထက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။

ကျန်းချန်၏ အမူအရာက တည်ငြိမ်နေခဲ့ပြီး လော့ကိုင်ရန်၏ ဓားချက်ကြောင့် တုန်လှုပ်ခြင်းအလျဥ်း မရှိခဲ့ပေ။

သူ့လက်ထဲမှ လူသားဧကရာဇ်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ရွှေရောင်ဓားအလင်းကို ရင်ဆိုင်လိုက်၏။

ရွှေရောင်ဓားအလင်းက ချက်ချင်းဆိုသလိုပင် ချေဖျက်ခံလိုက်ရသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်ကို ကြည့်နေသော လော့ကိုင်ရန်၏ အကြည့်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူက ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရာ သူ၏ သာမန်ကာလျှံကာ တိုက်ကွက် တစ်ကွက်ကိုပင် သာမန် ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးက အလွယ်တကူ ခုခံနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း သူ၏ ရှေ့မှ ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကမူ သူ၏ တိုက်ကွက်ကို အလွယ်တကူပင် ချေဖျက်နိုင်ခဲ့၏။

“ဒီကောင်က တကယ်ပဲ ပကတိအင်မော်တယ် စတုတ္ထအဆင့်မှ ဟုတ်ရဲ့လား”

ပကတိအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ရှိနိုင်ပါသလော။

ကောင်းကင်ယံထက်တွင် လော့လီနှင့် ရင်ဆိုင်နေသော လော့အန်းသည် ကျန်းချန်တို့၏ တိုက်ပွဲကို သတိပြုမိလိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုခဏဝယ် သူ၏ စိတ်ထဲတွင် မကောင်းသော အတိနိမိတ်တစ်ခုကို ခံစားလိုက်ရ၏။

လော့ချင်းအာ နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသည်ကို သူအသေအချာ သိထားခဲ့သည်။

သို့သော်လည်း ထိုလူငယ်သည် ပကတိအင်မော်တယ် နဝမအဆင့်ထက် မနိမ့်ကျသည့် တိုက်ခိုက်‌ရေးစွမ်းရည်ကို ပိုင်ဆိုင်နေခဲ့သည်။

လော့အန်းအနေဖြင့် ဤကဲ့သို့သော ပါရမီရှင်မျိုးကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း မကြားဖူးသည်တော့ မဟုတ်ပေ။

သူသိထားသလောက် ဆိုလျှင် စန်းယွင်ပြည်နယ်ရှိ တလော့အင်အားစုကြီး အချို့တွင် ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့် အဆင့်ငါးဆင့် ကျော်ဖြတ်တိုက်ခိုက်နိုင်သော ထိပ်တန်းပါရမီရှင်များ ရှိကြသည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှအထိ ထူးချွန်နေသည် ဖြစ်ရာ တလော့အင်အားစုမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေနိုင်ပါသလော။

ယင်းသို့ တွေးမိသည်နှင့် လော့အန်း၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

အကယ်၍သာ ထိုလူငယ်က အမှန်တကယ်ပင် တလော့အင်အားစုမှ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်နေခဲ့လျှင် ယနေ့တွင် သူတို့သည် ဒုက္ခရောက်ရပေတော့မည်။

“မင်းက အရည်အချင်းတချို့ ရှိသားပဲ.. ငါ့ရှေ့မှ လေလုံးထွားရဲတာ အံ့ဩစရာ မဟုတ်တော့ဘူး”

လော့ကိုင်ရန်က သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ပြောလိုက်သည်။

ကျန်းချန်ကို သူ၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် ပိုမို၍ လေးနက်လာခဲ့သည်။

ဤလူငယ်သည် သူ၏ တိုက်ကွက်ကို အလွယ်တကူပင် ချေဖျက်နိုင်ခဲ့၍ ပကတိအင်မော်တယ် နဝမအဆင့်ထက် မနိမ့်သည့် ခွန်အားရှိကြောင်း သက်သေပြနေခဲ့သည် ဖြစ်ရာ လော့ကိုင်ရန် မပေါ့ဆရဲတော့ပေ။

ကျန်းချန်က လော့ကိုင်ရန်ကို အေးစက်စက်ကြည့်ကာ အော်ငေါက်လိုက်သည်။

“မင်း မသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ အခုချက်ချင်း ဖယ်စမ်း”

ထိုစကားကိုကြားလျှင် လော့ကိုင်ရန်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်လိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“သေရမယ်ဟုတ်လား.. ဒီနေ့ ဘယ်သူသေရမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

လော့ကိုင်ရန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အင်မော်တယ် အဆီအနှစ်စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ချက်ချင်းဆိုသလိုပင် တောက်ပသော ဓားစွမ်းအား အဖြစ်သို့ စုစည်းသွားခဲ့သည်။

ယင်းနောက်တွင် ဓားစွမ်းအားသည် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ ဦးတည်ကာ ပျံသန်းလာခဲ့သည်။

“ကိုယ့်အခြေအနေ ကိုယ်မသိတဲ့ကောင်ပဲ”

ကျန်းချန်က ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းတွင် အေးစက်၍ ကရုဏာကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

ထို့နောက်တွင် သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ကျောဘက်ရှိ ကောင်းကင်ယံတွင် ပျက်စီးခြင်းဓားတစ်လက် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

“နတ်ခန္ဓာပုံရိပ် ပျက်စီးခြင်းဓား”

ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် သူ၏ ကျောဘက်ရှိ ပျက်စီးခြင်းဓားကို ထိန်းချုပ်ကာ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော ခြေသုံးချောင်းရွှေကျီးကန်းသည် ပျက်စီးခြင်း ဓားစွမ်းအားအောက်တွင် တိုက်ရိုက်ပင် ကြေမွသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ကွဲအက်သွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေတစ်ရာကျော် ရှိသော ခြေသုံးချောင်း ရွှေကျီးကန်းသည် ပျက်စီးခြင်းဓားစွမ်းအားအောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

လော့ကိုင်ရန်ပင်လျှင် ပျက်စီးခြင်းဓားစွမ်းအား၏ လက်ကျန်စွမ်းအားများ သက်ရောက်မှုကြောင့် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်လိုက်ရကာ ခန္ဓာကိုယ်ထဲတွင် ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့၏။

ထိုလူငယ်လေးသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသော်လည်း ခန္ဓာကိုယ်ထဲရှိ အင်မော်တယ် အဆီအနှစ်အဆင့်အတန်းကမူ သူ့ထက်ပင် သာလွန်နေခဲ့သည်။

အစောပိုင်းတွင် သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ခဲ့သော်လည်း ထိုကောင်‌လေး၏ ဖိနှိပ်ခြင်းကိုသာ ခံလိုက်ရ၏။

“ပကတိအင်မော်တယ် နဝမအဆင့်ရဲ့ စွမ်းရည်က ဒီလောက်ပဲလား.. ငါမင်းကို ခုနက အခွင့်အရေးပေးပြီးပြီ.. မင်းက ဒီလောက်အထိ သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားသည် သူ၏ ကျောဘက်ရှိ ပျက်စီးခြင်းဓားပုံရိပ် ထဲသို့ ဝင်ရောက်ကာ တစ်သားတည်း ဖြစ်သွားခဲ့သည်။

“ခုတ်ပိုင်းစမ်း”

နတ်ခန္ဓာပုံရိပ်ပျက်စီးခြင်းဓားသည် လူသားဧကရာဇ်ဓားနှင့် ပေါင်းစပ်ပြီးနောက်တွင် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လော့ကိုင်ရန်ကို ခုတ်ပိုင်းချလိုက်သည်။

လော့ကိုင်ရန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူက သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် အဆီအနှစ်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို ရင်ဆိုင်ရန်အတွက် ယခင်ထက် ပို၍ ကြီးမားသော ခြေသုံးချောင်း‌ရွှေကျီးကန်းကို ထပ်မံ စုစည်းလိုက်သည်။

“ဝုန်း..”

ဓားအလင်းက ခြေသုံးချောင်း‌ ရွှေကျီးကန်းနှင့် ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက်တွင် ရွှေကျီးကန်ကို ချက်ချင်းပင် ပြိုကွဲစေခဲ့ကာ ရွှေရောင်အလင်းစက်ကလေးများ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

“ဝေ့ါ”

တစ်ချိန်တည်းမှာပင် လော့ကိုင်ရန်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး အလွန်အမင်း အားနည်းသွားပုံရသည်။

“ဒီကောင်နဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး.. ငါပြေးမှ ဖြစ်မယ်”

လော့ကိုင်ရန်က ထိတ်လန့်သွားခဲ့ပြီး ချာခနဲလှည့်ကာ ထွက်ပြေးတော့သည်။

လော့ချန်ချိုးဆီ မသွားနိုင်အောင် တားမြစ်မည့် အစီအစဥ်က ယ‌နေ့တွင် လုံးဝ ကျရှုံးသွားပြီဟု ဆိုနိုင်၏။

ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ဖြစ်သည့် လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖြစ်သည့် လော့ချန်ခုန်းကို အသာစီးကနေ ဖိနှိပ်ထားနိုင်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကမှ ကောင်းကင်အင်မော်တယ် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့သည့် လော့အန်းသည်လည်း ဝါရင့် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့် လော့လီ၏ ပြိုင်ဘက် ဖြစ်နိုင်ခြေမရှိပေ။

ထို့အပြင် သူသည်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

ရှင်းလင်းစွာဆိုရလျှင် လော့ချင်းအာက လော့ချန်ချိုး အတွက် ဆေးဝါးသွားပို့မည် ကိစ္စကို သူတို့ မတားဆီးနိုင်တော့ပေ။

အကယ်၍ ဤအတိုင်းသာ ဆက်သွားမည် ဆိုလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် မသေဆုံးလျှင်ပင် လော့ချန်ချိုး၏ ဒဏ်ရာများ ပြန်လည် သက်သာလာသည်နှင့် လော့‌ရွှေကုန်သည်အဖွဲ့တွင် သူတို့အတွက် နေစရာနေရာ ရှိတော့မည် မဟုတ်ချေ။

“မင်းကို အခွင့်အရေးပေးတုန်းက မသွားဘဲနဲ့ အခုမှ သွားလို့ ရမယ်များ ထင်နေလား”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် အလင်းတံခါး တစ်ချပ် ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတံခါးကနေ အဆုံးမဲ့အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသည့် အပြာရောင်ပုံရိပ်တစ်ခုသည် ထိတ်လန့်တကြား ထွက်ပြေးနေသော လော့ကိုင်ရန်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။

ထိုအချိန်တွင် ထိတ်လန့်တကြား ထွက်ပြေးနေသော လော့ကိုင်ရန်၏ အလွန်လျင်မြန်သော အရှိန်အဟုန်သည် ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကောင်းကင်ယံထက်တွင် ပေါက်ကွဲသွားခဲ့သည်။

လေထုထဲတွင် ရွှေရောင် အင်မော်တယ် ခရစ္စတယ်တစ်ခုသာ ကျန်ရစ်ခဲ့၏။

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုအင်မော်တယ် ခရစ္စတယ်ကို ဖမ်းယူလိုက်သည်။

ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်တွင် ပါဝင်သော စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။

အကယ်၍ ထိုအင်မော်တယ် ခရစ္စတယ်ကို စုပ်ယူနိုင်မည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းဆုံး အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်မည် ဖြစ်ရာ ကျန်းချန်သည် ဖြုန်းတီးပစ်ရန် အစီအစဥ်မရှိခဲ့ပေ။

“သခင်လေး.. ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

အင်မော်တယ်ခရစ္စတယ် ထဲတွင် ရှိနေသည့် လော့ကိုင်ရန်၏ နတ်အသိစိတ်သည် ထိတ်လန့်တကြားဖြင့် ကျန်းချန်ကို အသနားခံကာ တောင်းပန်တိုးလျှိုးနေခဲ့သည်။

ပကတိအင်မော်တယ်များ၏ ခန္ဓာကိုယ်ထဲတွင် အင်‌မော်တယ်ခရစ္စတယ်များ ရှိသော်လည်း ထိုခရစ္စတယ်ထဲမှ နတ်အသိစိတ်အာရုံသည် အလွန်တရာပင် နုနယ်၏။

ထူးခြားသော ပကတိအင်မော်တယ် အချို့မှ လွဲ၍ လော့ကိုင်ရန် ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးပင်ဖြစ်နေပါစေ၊ အင်မော်တယ်ခရစ္စတယ်ထဲမှ နတ်အသိစိတ်အာရုံသည် မွေးကင်းစ ကလေးငယ် တစ်ဦးနှင့် မခြားပေ။

ကျန်းချန်က လော့ကိုင်ရန်၏ အသနားခံ တိုးလျှိုးနေသည်ကို ဂရုမစိုက်ဘဲ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လော့ကိုင်ရန်၏ နတ်အသိစိတ်အာရုံကို ဖျက်ဆီးပစ်လိုက်ကာ အင်မော်တယ်ခရစ္စတယ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

အခန်း(၂၆၈၁)ပြီး၏။

အခန်း(၂၆၈၂)

“ပကတိအင်မော်တယ် နဝမအဆင့်ကျင့်ကြံသူ လော့ကိုင်ရန်က ဒီလိုပဲ သေသွားပြီလား”

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အားလုံးက ဤမြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ ပြန်လည် သတိမဝင်လာခဲ့ကြပေ။

ကျန်းချန်က သာမန်ထက် ထူးခြားမှန်း သိထားကြသည့် လော့ချင်းအာနှင့် လော့လီတို့ ပင်လျှင် ကျန်းချန်က ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

“ဘယ်လောက်‌တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ပါရမီရှင်လဲ.. ချင်းအာက ဒီလို ကောင်းကင်သားတော်တွေနဲ့ ဘယ်လိုလုပ်ပြီး သိကျွမ်းခဲ့တာလည်း မသိဘူး”

ကောင်းကင်ယံတွင် လော့ချန်ခုန်းနှင့် တိုက်ခိုက်နေသော လော့ဝူကျိသည် အောက်ဘက်ရှိ အခြေအနေအရပ်ရပ်ကို အကုန်မြင်တွေ့နေခဲ့ရသည်။

သူ၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့် ပကတိအင်မော်တယ်နဝမအဆင့်ကို အနိုင်ယူနိုင်သော ပါရမီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သူ့ကို စန်းယွင်ပြည်နယ်၏ ပါရမီရှင် အနည်းငယ် ထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ပကတိအင်မော်တယ်အဆင့်တွင် ရှိစဥ်က သူ့အနေဖြင့် အဆင့်နှစ်ဆင့် သို့မဟုတ် သုံးဆင့်ကိုသာ ကျော်လွန်၍ တိုက်ခိုက်နိုင်ခဲ့သည်။

သို့ရာတွင် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ အဆင့်ငါးဆင့်ကိုပင် ကျော်လွန်၍ တိုက်ခိုက်နိုင်ခဲ့သည်။

လော့ဝူကျိသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသို့ လှည့်လည်ခဲ့ဖူးပြီး တလော့အင်အားစုများမှ ပါရမီရှင်များစွာကိုလည်း မြင်တွေ့ခဲ့ဖူးသည်။

သို့သော်လည်း ထိုတလော့အင်အားစုကြီးများမှ ပါရမီရှင်များထဲတွင်ပင် ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့် နဝမအဆင့်ကို ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်သည်အထိ နည်းပါး၏။

သူသိထားသလောက် ဆိုလျှင် စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် ယင်းကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်သည် သုံးဦးထက် မပိုပေ။

ထို့အပြင် တလော့အင်အားစုကြီးများမှ ထိုပါရမီရှင်များသည် ပကတိအင်မော်တယ် နဝမအဆင့်နှင့် ယှဥ်ပြိုင်နိုင်ရန် အတွက် ဝှက်ဖဲတချို့ကို အားကိုးရ၏။

၎င်းတို့အနေဖြင့် ကျန်းချန် ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့်ကို ဝှက်ဖဲမသုံးဘဲ သတ်ဖြတ်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ရှင်းလင်းစွာဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီသည် တလော့အင်အားစုများမှ ထိပ်တန်းပါရမီရှင်များထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

လော့ဝူကျိသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ နာမည်ကျော်ပါရမီရှင်တစ်ဦး ထံမှသာလျှင် ဤကဲ့သို့ ပါရမီမျိုးကို မြင်တွေ့ဖူး၏။

“ချီးပဲ.. လော့ချင်းအာက ဒီလို မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုးကို ဘယ်နေရာကနေ သွားရှာလာခဲ့တာလဲ”

လော့ဝူကျိ၏ ဆန့်ကျင်ဘက်ရှိ လော့ချန်ခုန်း၏ အမူအရာက အလွန်တရာ သုန်မှုန်နေခဲ့သည်။

လော့ဝူကျိက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို ထိုးဖောက်သွားခြင်းသည် သူစိတ်ကူးထားသည်ထက်ကိုပင် ကျော်လွန်နေခဲ့သည်။

ထို့ကြောင့် သူက လော့ကိုင်ရန် အပေါ်တွင်သာ မျှော်လင့်ချက်ထားရှိခဲ့ပြီး လော့ကိုင်ရန်က လော့ချင်းအာကို အမြန်ဆုံး ဖမ်းဆီးကာ လော့ဝူကျိကို အကျပ်ကိုင်နိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော်လည်း လော့ချင်းအာ၏ နံဘေးတွင် ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့် နဝမအဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယနေ့တွင် သူက လော့ချန်ချိုး ထံသို့ လော့ချင်းအာ ဆေးသွားပို့မည်ကို တားဆီးရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

“လော့ဝူကျိ မင်းငါ့ကို စောင့်နေလိုက်.. မင်းနဲ့ငါ့ကြားက ကိစ္စက ဒီအတိုင်း ပြီးသွားမှာမဟုတ်ဘူး”

လော့ချန်ခုန်းက သုန်မှုန်နေသော မျက်နှာထားဖြင့် လော့ဝူကျိကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် နောက်လှည့်ကာ လော့ရွှေကုန်သည်အဖွဲ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် လော့အန်းသည်လည်း တစ်စက္ကန့်မျှပင် ဤနေရာရှိ မနေရဲတော့ဘဲ အမြန်လိုက်ပါသွားခဲ့၏။

လော့ဝူကျိက ထွက်ခွာသွားသော လော့ချန်ခုန်းတို့ နှစ်ယောက်ကို ကြည့်နေခဲ့သော်လည်း မတားဆီးခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ လော့ချန်ခုန်းသည် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့တွင် ထူးခြားသော တိုက်ခိုက်‌ရေးစွမ်းရည်ရှိနေပါစေ၊ လော့ချန်ခုန်းကို သတ်ဖြတ်ချင်သည်ဆိုလျှင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရပေလိမ့်မည်။

လက်ရှိအချိန်တွင် လော့ဝူကျိ၏ စိတ်ထဲ၌ အရေးကြီးဆုံးအရာမှာ သူ၏ အစ်ကို လော့ချန်ချိုး၏ ဒဏ်ရာကို ကုသရန်ပင် ဖြစ်သည်။

သူ့အစ်ကို၏ ဒဏ်ရာ ပြန်လည်သက်သာလာသည်နှင့် လော့ချန်ခုန်းကို ရှင်းလင်းရန်မှာ အလွယ်လေးပင် မဟုတ်ပါလား။

“သခင်မလေးချင်းအာ.. ကျွန်တော်တို့ တစ်ခဏတာ ဝေခွဲမရဖြစ်သွားလို့ လော့ကိုင်ရန်ရဲ့ စကားကို နားယောင်မိတာပါ.. သခင်မလေး အနေနဲ့ သဘောထားကြီးကြီးထားပြီး ကျွန်တော်တို့ အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”

လော့ကိုင်ရန်က ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီး လော့ချန်ခုန်းတို့ နှစ်ယောက်သည်လည်း ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်ကို မြင်လျှင် ကျန်ရှိနေသော ပကတိအင်မော်တယ်များသည် ချက်ချင်းဆိုသလိုပင် မျက်နှာဖြူဖျော့သွားကြပြီး လော့ချင်းအာ၏ ရှေ့တွင် ဒူးထောက်လိုက်ကြကာ အသက်ချမ်းသာပေးရန် အလျင်အမြန် တောင်းပန်ခဲ့ကြသည်။

လော့ချင်းအာ ဘာစကားမျှ မပြောရသေးမီမှာပင် လော့ဝူကျိ၏ ပုံရိပ်သည် လော့ချင်းအာ၏ နံဘေးသို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့၏။

“ချင်းအာ.. အစ်ကိုကြီး ခင်းကျင်းထားတဲ့ ရွှေအင်မော်တယ် အကာအကွယ် အတားအဆီးကို မင်းတစ်ယောက်ပဲ ဝင်လို့ရတယ် ဆိုတော့ မြန်မြန် ဆေးသွားပို့လိုက်တော့”

“ဟုတ်ကဲ့ ဦးလေးဝူကျိ”

လော့ချင်းအာက ခေါင်းညိတ်ပြလိုက်ပြီး လော့ချန်ချိုး၏ နေအိမ်ဆီသို့ အလျင်အမြန်ပင် လျှောက်လှမ်းသွားခဲ့သည်။

လော့ချင်းအာက ရွှေအင်မော်တယ် အကာအကွယ် အတားအဆီးကို ဖြတ်ကျော်ပြီး လော့ချန်ချိုး၏ နေအိမ်ထဲသို့ ဝင်ရောက်သည်ကို မြင်ပြီးနောက်တွင် လော့ဝူကျိ၏ အေးစက်သော အကြည့်သည် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည့် ပကတိအင်မော်တယ် အုပ်စုပေါ်သို့ ကျရောက်သွားခဲ့သည်။

“မင်းတို့တွေသိလား.. ငါ လော့ဝူကျိ အမုန်းဆုံးအရာက လော့ရွှေကုန်သည်အဖွဲ့ကို သစ္စာဖောက်တဲ့သူတွေပဲ.. မင်းတို့ လော့ချန်ခုန်းနဲ့ လက်တွဲပြီး လော့ရွှေကုန်သည်အဖွဲ့ကို သစ္စာဖောက်လိုက်တဲ့ အချိန်ကစပြီး မင်းတို့ရဲ့တစ်ခုတည်းသော လမ်းက သေခြင်းတရားပဲ”

စကားဆုံးသည်နှင့် လော့ဝူကျိ၏ လက်ဖဝါးမှ ကောင်းကင်အင်မော်တယ်စွမ်းအင်များသည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး ပကတိအင်မော်တယ် ဆယ်ယောက်ကျော်၏ ပုံရိပ်များကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်က အလျင်အမြန်ပင် အော်ဟစ်ပြောဆိုလိုက်သည်။

“စီနီယာ ခဏလေးနေပါဦး”

လော့ဝူကျိက သူ၏ လက်ဖဝါးကို ရပ်တန့်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဘာလဲ မင်းက ဒီလိုကောင်တွေအတွက် အသနားခံပေးချင်လို့လား”

“မဟုတ်ပါဘူး”

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်က သူတို့ရဲ့ အင်မော်တယ်ခရစ္စတယ်တွေကို ကျွန်တော့်အတွက် ချန်ထားပေးဖို့ စီနီယာကို တောင်းဆိုမလို့ပါ”

အင်မော်တယ်ခရစ္စတယ် ဆိုသည်မှာ ကျန်းချန်အတွက် သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရန် ဖြတ်လမ်းတစ်ခုဖြစ်သည်။

ဤ ပကတိအင်မော်တယ် ဆယ်ယောက်ကျော်၏ အဆင့်အတန်းက မမြင့်မားသော်လည်း ခြင်သေးသေးလေး ဖြစ်နေစေကာမူ အသားရှိသည် ဟူသော ဆိုရိုး ရှိသည် မဟုတ်ပါလော။

ရှင်းလင်းစွာဆိုရလျှင် အင်မော်တယ်ခရစ္စတယ် ဆယ်ခုကျော်သည် အနည်းဆုံး သူ၏ အချိန်ကို လပေါင်းများစွာ ချွေတာနိုင်ပေလိမ့်မည်။

လော့ဝူကျိက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် သူ၏ လက်ဖဝါးမှ ကောင်းကင်အင်မော်တယ် စွမ်းအားများကို ထုတ်လွှတ်၍ ပကတိအင်မော်တယ် ဆယ်ယောက်ကျော်၏ ခန္ဓာကိုယ်များကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

လေထဲတွင် အရောင်အမျိုးမျိုးရှိသည့် အင်မော်တယ်ခရစ္စတယ်ဆယ်ခုကျော်သာ လွင့်မျော၍ ကျန်ရစ်နေခဲ့၏။

လော့ဝူကျိက အင်မော်တယ်ခရစ္စတယ်များ ထဲမှ နတ်အသိစိတ်အာရုံများကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်ပြီး အင်မော်တယ်ခရစ္စတယ် ဆယ်ခုကျော်ကို ကျန်းချန်ဆီ ပို့ပေးလိုက်သည်။

ယနေ့တွင် သူတို့က လော့ချန်ခုန်းတို့ လူစုကို ချောချောမွေ့မွေ့ အနိုင်ယူနိုင်ခဲ့ခြင်းမှာ ကျန်းချန်၏ ကြီးမားသော အကူအညီကြောင့် ဖြစ်သည်။

ထို့ကြောင့် လော့ဝူကျိက အင်မော်တယ်ခရစ္စတယ် ဆယ်ခုကျော်ကို ကျေးဇူးတုံ့ပြန်မှု တစ်ခုအဖြစ် ပေးလိုက်ခြင်းပင်။

ကျန်းချန်က အင်မော်တယ် ခရစ္စတယ်များကို သိမ်းဆည်းလိုက်ပြီးနောက်တွင် လော့ဝူကျိကို ကျေးဇူးတင်စကားပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ.. အထွေအထူး ကိစ္စမရှိတော့ဘူးဆိုရင် ကျင့်ကြံဖို့အတွက် ကျွန်တော့်ကို ပြန်သွားခွင့်ပြုပါဦး”

ဤတစ်ကြိမ်တွင် သူက ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ် တစ်ခုအပါအဝင် ပထမအဆင့်မှ တတိယအဆင့်ရှိ အင်မော်တယ် ခရစ္စတယ် ဆယ်ခုကျော်ကို ရရှိခဲ့သည်။

ထိုအရာများကို လုံးဝ စုပ်ယူပြီးသွားလျှင် သူ၏ အဆင့်သည် တစ်ဆင့် မြင့်တက်လာနိုင်ပြီး ပကတိအင်မော်တယ် ပဉ္စမအဆင့်သို့ ရောက်ရှိရန်ပင် ပြဿနာကြီးကြီးမားမား မရှိလောက်ပေ။

လော့ရွှေကုန်သည်အဖွဲ့၏ အပြင်ဘက်ရှိ လေထုထဲတွင် လော့ချန်ခုန်းနှင့် လော့အန်း တို့သည် မတ်တတ်ရပ်နေခဲ့ကြသည်။

သူတို့က လော့ရွှေကုန်သည်အဖွဲ့ ဆီသို့ အလွန်တရာ သုန်မှုန်သော အမူအရာများဖြင့် လှမ်းကြည့်နေခဲ့ကြ၏။

“အကြီးအကဲချုပ်.. လော့ဝူကျိတို့က လော့ချန်ချိုးရဲ့ ဒဏ်ရာကို သေချာပေါက် ကုသပေးကြမှာပဲ.. လော့ချန်ချိုးက ဒဏ်ရာ ပြန်လည် သက်သာလာတာနဲ့ ကျွန်တော်တို့ကို အလွယ်တကူ အလွှတ်ပေးမှာမဟုတ်ဘူး.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”

လော့အန်းက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လော့ချန်ခုန်း၏ မျက်ဝန်းထဲတွင် ရူးသွပ်စွာ ဆုံးဖြတ်လိုက်သည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ငါတို့အနေနဲ့ လော့ချန်ချိုး ဒဏ်ရာ ပြန်လည်မသက်သာလာခင် ရှင်းပစ်ဖို့ တစ်လမ်းပဲရှိတော့တယ်.. လော့ချန်ချိုးကို ရှင်းပစ်ဖို့အတွက် ငါတို့ လုမိသားစုနဲ့ သွားပူးပေါင်းရအောင်”

ထိုစကားကိုကြားလျှင် လော့အန်းက ထိတ်လန့်သွားခဲ့သည်။

“အကြီးအကဲချုပ်က လုမိသားစုဆီကနေ အကူအညီတောင်းမလို့လား.. လုမိသားစုက လော့ရွှေကုန်သည်အဖွဲ့ကို သိမ်းပိုက်ချင်နေတာကြာပြီ.. တကယ်လို့ ကျွန်တော်တို့သာ လုမိသားစုနဲ့ ပူးပေါင်းမယ်ဆိုရင် ဒါက ကျားကို အသား သွားကျွေးသလို ဖြစ်သွားလိမ့်မယ်”

“အဲဒီတော့ရော ဘာဖြစ်လဲ”

လော့ချန်ခုန်းက ဘာကိုမျှ အမှုမထားသော လေသံဖြင့် ပြောလိုက်သည်။

“ဒါက ငါတို့အတွက် တစ်ခုတည်းသော‌ ရွေးချယ်စရာပဲ.. လော့ချန်ချိုး ပြန်လည် သက်သာလာတာနဲ့ ငါတို့ ဘာဖြစ်သွားမလဲဆိုတာ မင်းသိသင့်တယ်”

ထိုစကားကိုကြားလျှင် လော့အန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဘာစကားမျှ ထပ်မပြောတော့ပေ။

သူတို့အနေဖြင့် အသက်ရှင်ချင်လျှင် လက်ဦးအောင် လှုပ်ရှားရလိမ့်မည် မဟုတ်ပါလော။

လုမိသားစုနှင့် ပူး‌ပေါင်းပြီး လော့ချန်ချိုးနှင့် အခြားသူများကို ရှင်းပစ်လိုက်မှသာ သူတို့အတွက် အသက်ရှင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

သို့မဟုတ်လျှင် လော့ချန်ချိုး ပြန်လည် သက်သာလာသည်နှင့် သူတို့အတွက် မြေမြှုပ်စရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။

အခန်း(၂၆၈၂)ပြီး၏။

All Chapters