အခန်း (၂၆၈၃-၂၆၈၄)
Vol. 209 Ch. 2683-2684
အခန်း(၂၆၈၃)
ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ်အင်အားစုသုံးစုထဲတွင် လုမိသားသည် တစ်ခုအပါအဝင် ဖြစ်ပြီး အဆိုပါ အင်အားစုသုံးစု အနက် နံပါတ်တစ် နေရာတွင် ရှိကာ ရွှေအင်မော်တယ် သုံးဦးကို ပိုင်ဆိုင်ထား၏။
လုမိသားသည် ရွှေအင်မော်တယ် အင်အားစုများ ဖြစ်ကြသည့် နင်မိသားစု၊ လော့မိသားစုနှင့် နှိုင်းယှဥ်လျှင် ပိုမို၍ အင်အားတောင့်တင်းသည်။
ထျန်းရွှေအင်မော်တယ်မြို့တော်၏ နံပါတ်တစ်မိသားစု ဖြစ်သည့် အလျောက် လုမိသားစုသည် မြို့၏ အရှေ့ဘက်အခြမ်းရှိ စည်ကားသော မြေနေရာ အကျယ်အဝန်းကြီးကို သိမ်းပိုက် အခြေစိုက်ထားသည်။
လော့ချန်ခုန်းတို့ နှစ်ဦးသည် လော့ရွှေကုန်သည်အဖွဲ့က ထွက်ခွာလာပြီးနောက်တွင် လော့မိသားစု ဆီသို့ တန်းတန်းမတ်မတ်ပင် သွားရောက်ခဲ့ကြသည်။
“ဒါက လုမိသားစုရဲ့နယ်မြေပဲ.. အနားကပ်ဖို့ မစဥ်းစားနဲ့”
ထိုအချိန်မှာပင် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးသည် နောက်လိုက် ဆယ်ကျော်ဦးနှင့်အတူ လုမိသားစု အတွင်းကနေ ပျံသန်းကာ ထွက်ပေါ်လာခဲ့ပြီး အပြင်ဘက်သို့ ရောက်ရှိလာသော လော့ချန်ခုန်းတို့ နှစ်ဦးကို အော်ငေါက်လိုက်သည်။
ကောင်းကင်အင်မော်တယ် ပထမအဆင့်သည် လော့ရွှေကုန်သည်အဖွဲ့ ကဲ့သို့ ရွှေအင်မော်တယ် အင်အားစုတွင် အကြီးအကဲအဖြစ် သတ်မှတ်ခံရသော်လည်း လုမိသားစုတွင်မူ တံခါးစောင့်ကြပ်ရန်သာ စေလွှတ်ထားခဲ့သည်။
ဤအချက်ကပင် လုမိသားစု၏ အင်အားက မည်မျှအထိ ကြီးမားသည်ကို ဖော်ပြနေခဲ့၏။
လော့ချန်းခုန်းက ကောင်းကင်အင်မော်တယ် ပထမအဆင့်ကျင့်ကြံသူကို အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။
“ငါက လော့ရွှေကုန်သည်အဖွဲ့က လော့ချန်ခုန်းပါ.. လုမိသားစုဆီကို အထူးတလှယ် လာရောက်လည်ပတ်တာပါ.. ငါ့အတွက် သတင်းစကားပါးပေးဖို့ မျှော်လင့်ပါတယ်”
“လော့ချန်ခုန်း လက်စသတ်တော့ မင်းကိုး”
ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူသည် လော့ချန်ခုန်းကို မှတ်မိသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် ဖြစ်ပြီး ထျန်းရွှေအင်မော်တယ်မြို့တော်တွင် ရှားပါးသည့် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ လော့ချန်ခုန်းကာ ရွှေအင်မော်တယ် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၍ မသိသူ မရှိသလောက်ပင်။
ထို့အပြင် လော့ရွှေကုန်သည်အဖွဲ့သည် နင်မိသားစုနှင့် မဟာမိတ် ဆက်ဆံရေး ရှိပြီး လုမိသားစုကို ပူးပေါင်း၍ ဆန့်ကျင်နေကြဖြစ်သည်။
လော့ရွှေကုန်သည်အဖွဲ့မှ လော့ချန်ခုန်းသည် အဘယ်ကြောင့် လုမိသားစုထံ ရုတ်တရက် လာရောက် လည်ပတ်ရပါသနည်း။
လော့ချန်ခုန်းထံတွင် တစ်စုံတစ်ရာ အကြံအစည် ရှိနေပါသလော။
ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လော့ချန်ခုန်းကို ကြည့်ကာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး လော့ချန်ခုန်း.. ကိစ္စတချို့ကြောင့် အခုတလော လုမိသားစုက ပြင်ပဧည့်သည်တွေကို လက်မခံသေးဘူး.. နောက်မှပဲ ပြန်လာခဲ့ပါ”
ထိုစကားကိုကြားလျှင် လော့ချန်ခုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ငါ့မှာ မင်းတို့ လုမိသားစုနဲ့ အရေးကြီးကိစ္စ တစ်ခုကို ဆွေးနွေးစရာရှိလို့ပါ.. ကျေးဇူးပြုပြီး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”
သူက လုမိသားစုထံ ဤမျှအထိ အပြေးအလွှား လာရောက်ခဲ့ရခြင်းမှာ လော့ရွှေကုန်သည်အဖွဲ့ကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန် အတွက် လုမိသားစုကို တိုက်တွန်းဖို့ ဖြစ်သည်။
သို့မဟုတ်လျှင် လော့ချန်ချိုး၏ ဒဏ်ရာများ ပြန်လည် သက်သာလာသည်နှင့် အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။
“ငါနောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. လုမိသားစုက လောလောဆယ် ပြင်ပဧည့်သည်တွေကို လက်မခံသေးဘူး”
လုမိသားစုမှ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူက စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းတို့ ထွက်မသွားသေးဘူး ဆိုရင်တော့ ငါတို့ လုမိသားစုက မင်းတို့ကို ယဥ်ကျေးနေမှာ မဟုတ်ဘူး”
လော့ချန်ခုန်း၏ မျက်နှာက ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
လော့ချန်ခုန်းက ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း လုမိသားစုသည် အင်အားကြီးမားသော မိသားစု ဖြစ်၍ လော့ချန်ခုန်းသည် လုမိသားစုထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် မဝံ့ရဲပေ။
ယခု သူလုပ်နိုင်သည်မှာ ဤနေရာမှ ဦးစွာ ထွက်ခွာသွားပြီး လုမိသားစုမှ အကြီးအကဲများနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းကို စဥ်းစားရန်သာ ဖြစ်သည်။
“အကြီးအကဲချုပ်.. လုမိသားစုရဲ့အခြေအနေက တစ်ခုခုထူးဆန်းနေပုံပဲ”
လော့အန်းက သူ့ရှေ့မှ အခြေအနေကို အကဲခတ်မိပြီးနောက်တွင် လော့ချန်ခုန်း၏ အနားသို့ ကပ်ပြောလိုက်သည်။
လော့ရွှေကုန်သည်အဖွဲ့နှင့် လုမိသားစုတို့၏ ဆက်ဆံရေးက သိပ်မကောင်းသော်လည်း လော့ချန်ခုန်းသည် လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် ဖြစ်သလို ထျန်းရွှေအင်မော်တယ် မြို့တော်၏ ရှားပါးသော ကောင်းကင်အင်မော်တယ် နဝမအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ လုမိသားစု အနေဖြင့် လော့ချန်ခုန်းကို နှင်ထုတ်စရာအကြောင်း မရှိပေ။
“ငါတို့ သွားကြစို့.. လုမိသားစုမှာ ဘာတွေဖြစ်နေလဲဆိုတာ အရင် စုံစမ်းကြည့်ရမယ်”
လော့ချန်ခုန်းက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် လှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည် ကောင်းကင်ယံကနေ ပျံသန်းလာခဲ့ပြီး လုမိသားစု၏ တံခါးဝ ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် ထိုသူမှာ အင်မော်တယ် လမ်းကြောင်းကို ကြီးကြပ်နေသည့် လုဟယ် ဖြစ်မှန်း တစ်ချက် ကြည့်ရုံဖြင့်ပင် မှတ်မိပေလိမ့်မည်။
သိပ်မကြာခင်က အင်မော်တယ် လမ်းကြောင်းကို ကြီးကြပ်နေစဥ်တွင် လုဟယ်သည် အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသည့် ကျင့်ကြံသူ ခြောက်ဦးကို လက်ခံခဲ့ရပြီး ရလဒ်အနေဖြင့် ကျန်းချန် အမည်ရှိ လူငယ်တစ်ဦးသည် အကောင်းအဆိုး မခွဲခြားနိုင်၍ ထိုလူငယ်ကို လိုက်လံသတ်ဖြတ်ရန် လုဖုန်းကို စေလွှတ်ခဲ့သည်။
လုဟယ် မမျှော်လင့်ထားခဲ့သည်မှာ ပကတိအင်မော်တယ် တတိယအဆင့် ဖြစ်သော လုဖုန်းထံမှ မည်သည့် သတင်းမှ ပြန်မလာတော့ခြင်းဖြစ်ပြီး လုဖုန်းသည် ကျန်းချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ဟန် ရှိ၏။
ဤဖြစ်ရပ်သည် လုဟယ်ကို သဘာဝကျစွာပင် ဒေါသထွက်စေခဲ့သည်။
ယင်းကြောင့် သူက အင်မော်တယ်လမ်းကြောင်းကို ကြီးကြပ်ရန်အတွက် လက်အောက်ငယ်သား တစ်ဦးကို ခိုင်းစေကာ ကျန်းချန်၏ သဲလွန်စကို လိုက်လံ စုံစမ်းနေခဲ့၏။
သို့သော်လည်း မည်မျှပင် စုံစမ်းပါစေ၊ လုဟယ်သည် ကျန်းချန်နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။
ထို့ကြောင့် လုဟယ်က စိတ်ထဲတွင် မကျေမနပ် ဖြစ်လာခဲ့ပြီး လုမိသားစုသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။
ဆိုရလျှင် သူက ကျန်းချန်၏ သဲလွန်စကို ရှာဖွေရန်အတွက် လုမိသားစု၏ အင်အားကို အသုံးပြုရန် ကြံရွယ်ထားခဲ့၏။
“အကြီးအကဲချုပ်လော့ပါလား.. ဘယ်လိုဖြစ်ပြီး ငါတို့ လုမိသားစုဆီ ရောက်လာရတာလဲ”
လုဟယ်က လုမိသားစု၏ တံခါးဝတွင် လော့ချန်ခုန်းတို့ နှစ်ဦးကို ရုတ်တရက် မြင်လိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။
သူက လော့ချန်ခုန်းနှင့် အရောင်းအဝယ် တချို့ ပြုလုပ်ခဲ့ဖူးသဖြင့် လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ်သည် သူနှင့် မစိမ်းပေ။
လော့ချန်ခုန်းက အလျင်အမြန်ပင် ရှေ့သို့ တိုးလာခဲ့ပြီး ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“သခင်လေးလု.. ငါက မင်းတို့ လုမိသားစုနဲ့ ကိစ္စတစ်ခု ဆွေးနွေးဖို့အတွက် ရောက်လာခဲ့တာပါ.. သခင်လေးလုအနေနဲ့ ငါ့အတွက် သတင်းစကားပါးပေးဖို့ မျှော်လင့်ပါတယ်”
လုဟယ်သည် ပကတိအင်မော်တယ် သတ္တမအဆင့်သာ ဖြစ်သော်လည်း လုမိသားစုတွင် သူ၏ အဆင့်အတန်းသည် အလွန်တရာပင် ထူးခြား၏။
အဘယ်ကြောင့်ဆိုသော် လုဟယ်၏ အစ်ကို လုမင်သည် လုမိသားစု၏ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
လုဟယ်၏ အကူအညီကို ရယူနိုင်သရွေ့ သူ၏ ရည်ရွယ်ချက် သေချာပေါက် အောင်မြင်ပေလိမ့်မည်။
လုဟယ်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
“ငါတို့ လုမိသားစုမှာ အခုတလော ဖြေရှင်းရမဲ့ အရေးကြီးကိစ္စတချို့ ရှိနေတယ်.. ဒါကြောင့် လောလောဆယ် ပြင်ပဧည့်သည်တွေကို လက်မခံသေးတာပဲ.. အကြီးအကဲချုပ်လော့ အနေနဲ့ ဘာကိစ္စ အတွက် ရောက်လာတာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား”
လုဟယ်၏ စကားကိုကြားလျှင် လော့ချန်ခုန်းသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ သူ လာရောက်ရသည့် အကြောင်းရင်းကို လုဟယ်အား အလျင်အမြန်ပင် ပြောပြလိုက်သည်။
“အကြီးအကဲချုပ်လော့က လော့ရွှေကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင် လော့ချန်ချိုးကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ လုမိသားစုနဲ့ ပူးပေါင်းချင်တာလား”
လုဟယ်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့သည် လုမိသားစုအတွက် အမြဲတစေ သွားရည်ကျခဲ့ရသော ဆီပူးထောပတ်ခဲကြီး ဖြစ်သည်။
သို့သော်လည်း လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုသည် မဟာမိတ်များ ဖြစ်ကြပြီး ထိုမိသားစုနှစ်စု ပူးပေါင်းလိုက်လျှင် လုမိသားစုပင် အနည်းငယ် ကြောက်ရွံ့ရသဖြင့် လုမိသားစုသည် လော့ရွှေကုန်သည်အဖွဲ့ကို တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ဖူးချေ။
ယခုအခါတွင်မူ လော့ချန်ခုန်းသည် သူတို့၏ အိမ်တံခါးဝသို့ လာရောက် အကူအညီတောင်းခံနေခြင်း ဖြစ်ရာ ယင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းမွန်ဆုံး အခွင့်အလမ်းပင် ဖြစ်၏။
သူတို့ လုမိသားစုအနေဖြင့် လော့ချန်ခုန်းနှင့် ပူးပေါင်းပြီး လော့ချန်ချုံးကို ရှင်းပစ်ကာ လော့ရွှေကုန်သည်အဖွဲ့၏ အင်အားကို တဖြည်းဖြည်း ဝါးမျိုပစ်မည် ဆိုလျှင် လုမိသားစု၏ အင်အားသည် သေချာပေါက် တိုးတက်လာလိမ့်မည် ဖြစ်သည်။
ထို့အပြင် လော့ရွှေကုန်သည်အဖွဲ့ ကဲ့သို့ မဟာမိတ်ကို ဆုံးရှုံးလိုက်ရသည့် နင်မိသားစုသည်လည်း လုမိသားစု၏ ပြိုင်ဘက် ဖြစ်လာနိုင်ခြေ ပို၍ပင် နည်းပါးသွားပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူတို့ လုမိသားစုသည် ထျန်းရွှေအင်မော်တယ် မြို့တော်၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပေလိမ့်မည်။
“ဟုတ်တယ်.. ငါတို့က မင်းတို့ လုမိသားနဲ့ ပူးပေါင်းဖို့ စိတ်ရင်းနဲ့လာခဲ့တာပါ”
လော့ချန်ခုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
လုဟယ်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လော့ချန်ခုန်းကို မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“အကြီးအကဲချုပ်လော့ အနေနဲ့ လော့ရွှေကုန်သည်အဖွဲ့ကို ထိန်းချုပ်ဖို့ အချိန်အကြာကြီးကတည်းက ကြိုတင်စီစဥ်ထားခဲ့မှာပဲ.. အခု လော့ချန်ချိုး ဒဏ်ရာရနေပြီ ဆိုတော့ လော့ရွှေကုန်သည်အဖွဲ့မှာ အကြီးအကဲချုပ်လော့ကို ယှဥ်နိုင်တဲ့သူလည်း မရှိတော့ဘူး.. ဘာလို့ ငါတို့ လုမိသားစုဆီ အကူအညီ လာတောင်းရတာလဲ”
လော့ချန်ခုန်း၏ စကားတွင် ဟာကွက် အလွန်များပြားနေသဖြင့် လုဟယ် သဘာဝကျစွာပင် မျက်စိမှိတ် မယုံကြည်ခဲ့ပေ။
သူ့အနေဖြင့် မတော်တဆ ဖြစ်လာနိုင်သည်ကို ကြိုတင်သတိထားရလိမ့်မည် မဟုတ်ပါလော။
အကယ်၍ လော့ချန်ခုန်း ရောက်ရှိလာရသည့် အကြောင်းရင်းသည် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုတို့ ပူးပေါင်း၍ ထောင်ထားသည့် ထောင်ချောက် တစ်ခုသာ ဖြစ်နေခဲ့ပြီး သူတို့ လုမိသားစုက အဆင်အခြင်မဲ့ လှုပ်ရှားလိုက်မိလျှင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ရပေလိမ့်မည်။
“ဘာလို့လဲဆိုတော့ လော့ဝူကျိက လော့ရွှေကုန်သည်အဖွဲ့ကို ပြန်ရောက်လာလို့ပဲ.. သူက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို ထိုးဖောက်သွားပြီ ဆိုတော့ သူ့ရဲ့ခွန်အားက ငါ့ထက်မနိမ့်တော့ဘူး”
လော့ချန်ခုန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါ့အပြင် လော့ချင်းအာကလည်း ကျန်းချန်လို့ ခေါ်တဲ့ ဆန်းကြယ်တဲ့ ပါရမီရှင် တစ်ယောက်ကို ဘယ်နေရာကနေ ရှာလာမှန်းမသိဘူး.. အဲဒီပါရမီရှင်က ပကတိအင်မော်တယ် စတုတ္ထအဆင့်နဲ့တင် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုတောင် သတ်ပစ်နိုင်စွမ်းရှိတယ်.. သူ့ကြောင့် င့ါရဲ့ အစီအစဥ်တွေက အဟောသိကံ ဖြစ်သွားရတာပဲ”
“ကျန်းချန်လား”
အလွန်ရင်းနှီးသော အမည်ကို ကြားလိုက်ရလျှင် လုဟယ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
“အကြီးအကဲချုပ်လော့.. ခင်ဗျား ဘာပြောလိုက်တာလဲ.. လော့ချင်းအာရဲ့ နံဘေးမှာ ကျန်းချန်လို့ ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ရှိနေတယ်.. ဟုတ်လား”
အခန်း(၂၆၈၃)ပြီး၏။
အခန်း(၂၆၈၄)
လုဟယ်၏ အမူအရာကြောင့် လော့ချန်ခုန်း တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
မကြာမီမှာပင် သူက ခေါင်းညိတ်လိုက်ပြီး သူက လုဟယ်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် အဲဒီကောင်လေးနာမည်က ကျန်းချန်ပါ.. သခင်လေးလုဟယ်က အဲဒီ ကျန်းချန် ဆိုတဲ့ကောင်ကို သိလို့လား”
“ငါ ကျန်းချန်ဆိုတဲ့ လူတစ်ယောက်ကို ရှာနေတာ အတော်ကြာပြီ.. ဒါပေမဲ့ မင်းပြောတဲ့ ကျန်းချန် ဟုတ် မဟုတ်တော့ မသေချာဘူး”
လုဟယ်က လေးနက်စွာ ပြောလိုက်သည်။
“အကြီးအကဲချုပ်လော့.. ငါ့ကို ကျန်းချန်ရဲ့ရုပ်ပုံ ပြပေးလို့ရမလား”
လော့ချန်ခုန်းက သူ၏ လက်ဖဝါးကို ချက်ချင်းဆိုသလိုဝှေ့ယမ်းလိုက်ရာ အင်မော်တယ်စွမ်းအားများက ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လော့ဟယ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်မှာ ကျန်းချန်မှလွဲ၍ အခြားသူ မဟုတ်ပေ။
“တကယ်ပဲ ဒီကောင်လေး ဖြစ်နေတာကိုး”
သူနှင့် အလွန်ရင်းနှီးသော ထိုပုံရိပ်ကို စိုက်ကြည့်ရင်း လုဟယ်၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သွားခဲ့သည်။
လော့ချန်ခုန်း ပြောသည့် ကျန်းချန်သည် သူရှာဖွေနေသည့်ကျန်းချန်နှင့် တစ်ဦးတည်း ဖြစ်နေလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မထားခဲ့ပေ။
သို့သော်လည်း ထိုကောင်လေးသည် အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသည်မှာ တစ်လပင် မပြည့်သေးပေ။
သို့ဖြစ်ရာ ထိုကောင်လေးသည် အတုအယောင် အင်မော်တယ်အဆင့်ကနေ ပကတိအင်မော်တယ် စတုတ္ထအဆင့်ကို မည်ကဲ့သို့ ရောက်ရှိသွားပါသနည်း။
ထို့အပြင် ပကတိအင်မော်တယ် နဝမအဆင့်ကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားမျိုးကို မည်ကဲ့သို့ ပိုင်ဆိုင်နေပါသနည်း။
အကယ်၍ ထိုအရာအားလုံးသာ အမှန်ဆိုလျှင် ကျန်းချန်ဟုခေါ်သော ကောင်လေး၏ ပါရမီသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ဤအချိန်တွင် လုဟယ်သည် ကျန်းချန်ကို လိုက်လံဖမ်းဆီးရန်အတွက် သူစေလွှတ်လိုက်သော လုဖုန်းထံမှ အဘယ်ကြောင့် သတင်းမကြားတော့သည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ထိုကောင်လေးသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့်ပင် ပကတိအင်မော်တယ် နဝမအဆင့်ကို သတ်ဖြတ်နိုင်သည် ဆိုလျှင် ထိုကဲ့သို့ မွန်းစတားဆန်သော ပုဂ္ဂိုလ်မျိုးကို အတုအယောင် အင်မော်တယ်အဆင့်မှာပင် လုဖုန်းကဲ့သို့ ပကတိအင်မော်တယ် တတိယအဆင့်သည် ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
“ဒီကောင်လေးကို အမြန်ဆုံးရှင်းပစ်မှ ဖြစ်မယ်”
ကျန်းချန်၏ ကြောက်မက်ဖွယ်တိုးတက်မှု အရှိန်အဟုန်ကို တွေးမိလျှင် လုဟယ်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
ထိုကောင်လေးသည် တစ်လမပြည့်မီ အချိန်အတွင်းမှာပင် အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ် စတုတ္ထအဆင့် အထိ တက်လှမ်းလာခဲ့ပြီး သာမန် ပကတိအင်မော်တယ် နဝမအဆင့်ထက်ပင် သာလွန်နေခဲ့သည်။
ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီမျိုးသည် စန်းယွင်ပြည်နယ်ရှိ တလော့အင်အားစုကြီးများမှ ထိပ်တန်းပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ သာလွန်နေခဲ့၏။
မည်သို့ပင် ဆိုစေကာမူ ထိုစဥ်က သူ၏ လုပ်ဆောင်ချက်သည် ကျန်းချန်နှင့် ရန်သူ ဖြစ်သွားစေခဲ့ချေပြီ။
ထိုကောင်လေးသာ ကြီးထွားလာမည်ဆိုလျှင် သူတို့လုမိသားစု အတွက် မှန်းဆ၍ မရနိုင်သည့် ဘေးဒုက္ခများကို သေချာပေါက် ယူဆောင်လာပေလိမ့်မည်။
ယင်းသို့ တွေးမိသည်နှင့် လုဟယ်သည် လော့ချန်ခုန်းကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲချုပ်လော့.. ငါဒီကိစ္စကို ငါ့အစ်ကိုဆီ တင်ပြလိုက်မယ်.. အကြီးအကဲချုပ်လော့ အရင်ပြန်နှင့်ပြီး ကျွန်တော့်ဆီက သတင်းကို စောင့်နေပါ”
လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ် အင်အားစု သုံးစုထဲမှ တစ်စု ဖြစ်သည်။
လော့ချန်ချိုးက ဒဏ်ရာအပြင်းအထန် ရနေလျှင်ပင် ပိန်နေသောကုလားအုပ်သည် မြင်းထက်ကြီးသည် ဟူသော ဆိုရိုး ရှိသေးသည် မဟုတ်ပါလော။
ထို့အပြင် သူတို့က လော့ရွှေကုန်သည်အဖွဲ့ကို ပြဿနာရှာလျှင် လော့ရွှေကုန်သည်အဖွဲ့၏ မဟာမိတ် ဖြစ်သည့် နင်မိသားစုသည် ဒီအတိုင်း ငြိမ်နေလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူတို့ လုမိသားစုအနေဖြင့် အမှန်တကယ် လှုပ်ရှားမည် ဆိုလျှင် ရေရှည်အတွက် သေချာစဥ်းစားရလိမ့်မည်မဟုတ်ပါလော။
“ဒါဆိုရင်လည်း သခင်လေးလုဟယ်ကိုပဲ အားကိုးလိုက်တော့မယ်”
လော့ချန်ခုန်းက လုဟယ်ကို ဂါဝရပြုကာ ပြောလိုက်သည်။
“လုမိသားစုအနေနဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချနိုင်ဖို့ မျှော်လင့်ပါတယ်.. ဒီလိုမှမဟုတ်ရင် လော့ချန်ချိုးရဲ့ဒဏ်ရာ ပြန်လည် သက်သာသွားတာနဲ့ ကိုင်တွယ်ရ ခက်ခဲသွားလိမ့်မယ်”
ထိုစကားကို ပြောပြီးသည်နှင့် လော့ချန်ခုန်းသည် ချာခနဲ လှည့်ကာ ထွက်ခွာသွားခဲ့သည်။
လုမိသားစုတွင် အရေးကြီးကိစ္စများ ရှိနေပုံရသည်ဟု သူခပ်ရေးရေး ခံစားမိခဲ့သည်။
ထို့ကြောင့် သူနှင့် ပူးပေါင်း၍ လော့ရွှေကုန်သည်အဖွဲ့ကို ကိုင်တွယ်ရန် ကိစ္စကို လုမိသားစုသည် သိပ်ပြီး စိတ်အားထက်သန်ပုံ မရပေ။
အကယ်၍ အပြောင်းအလဲ မတိုင်မီကသာ လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် ဖြစ်သော သူက လုမိသားစုနှင့် ဆက်သွယ်ခဲ့မည် ဆိုလျှင် လုမိသားစုသည် ဤကဲ့သို့ အခွင့်အရေးမျိုးကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ချေ။
ထွက်ခွာသွားသော လော့ချန်ခုန်းကို ငေးကြည့်ရင်း လုဟယ်၏ မျက်ဝန်းများတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို လုမိသားစု၏ နေအိမ်ဘက်သို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် လုဟယ်သည် လုမိသားစုထဲရှိ ခြံဝန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ဤခြံဝန်းသည် လုမိသားစု၏ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦး ဖြစ်သည့် လုဟယ်၏ အစ်ကို လုမင်၏ နေအိမ် ဖြစ်သည်။
“အစ်ကို ရှိနေလား”
လုဟယ်က ခြံဝန်းထဲသို့ ရောက်သည်နှင့် တိုက်ရိုက်ပင် အော်ခေါ်လိုက်သည်။
လုဟယ်၏ စကားဆုံးသည်နှင့် လုဟယ်နှင့် ရုပ်ချင်းဆင်တူသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လုဟယ်၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုအမျိုးသားသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်ဝန်းများရှိကာ ဆံပင်များက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေခဲ့ပြီး မျက်ခုံးနှစ်ခုကြားတွင် ဆန်းကြယ်သော သင်္ကေတတစ်ခု တောက်ပနေခဲ့သည်။
ထိုလူက တခြားသူ မဟုတ်ဘဲ လုမိသားစု၏ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦး ဖြစ်သော လုမင်ပင်ဖြစ်သည်။
“လုဟယ်.. မင်းက အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်နေရမှာ မဟုတ်ဘူးလား.. ဘာလို့ ငါ့ဆီကို အားအားယားယား လာလည်ရတာလဲ”
လုမင်က သူ၏ ရှေ့မှ လုဟယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“အစ်ကိုလုမင်.. သိပ်မကြာခင်ကပဲ ကျွန်တော် အဆင့်နိမ့်စကြဝဠာက တက်လှမ်းလာတဲ့ အုပ်စိုးသူတစ်စုကို လက်ခံခဲ့တာ မတော်တဆမှု တချို့ ဖြစ်သွားခဲ့တယ်”
လုဟယ်က သူ့အစ်ကိုရှေ့တွင် အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန်ပင် ပြောပြလိုက်သည်။
အဆင့်နိမ့် စကြဝဠာမှ ပါရမီရှင်တစ်ဦးက တစ်လ မပြည့်မီ အချိန်အတွင်းမှာပင် အတုအယောင် အင်မော်တယ်အဆင့်ကနေ ပကတိအင်မော်တယ် စတုတ္ထအဆင့်အထိ ရောက်ရှိသွားပြီး ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည့် ခွန်အားရှိသည် ဟူသော စကားကို ကြားလျှင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် လုမင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“အစ်ကိုလုမင်.. ကျန်းချန်ရဲ့ပါရမီက အရမ်းကို မွန်းစတားဆန်လွန်းတယ်.. ကျွန်တော်တို့ သူ့ကို မရှင်းပစ်လို့ မဖြစ်တော့ဘူး”
ထိုစကားကိုပြောရင်း လုဟယ်၏ မျက်ဝန်းများကတောက်ပနေခဲ့သည်။
“အခု လော့ရွှေကုန်သည်အဖွဲ့ရဲ့ အကြီးအကဲချုပ်က ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ လာကမ်းလှမ်းနေတယ်.. ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီး လော့ရွှေကုန်သည်အဖွဲ့ကို ဝင်စီးလိုက်မယ် ဆိုရင် အဲဒီကောင်ကိုပါ တစ်ခါတည်း ရှင်းပစ်လို့ရတယ်.. ဒါက တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ”
လုဟယ်၏ စကားကိုကြားလျှင် လုမင်က ခေါင်းခါရမ်းကာ ပြောဆိုလိုက်သည်။
“အခု မိသားစုခေါင်းဆောင်နဲ့ အခြားသူတွေ ပြန်ရောက်မလာသေးဘူး.. လက်ရှိ လုမိသားမှာ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူဆိုလို့ ငါတစ်ယောက်တည်းပဲ ရှိတယ်.. လောလောဆယ်တော့ အဆင်အခြင်မဲ့ မလှုပ်ရှားပါနဲ့ဦး”
လော့ချန်ခုန်း ပူးပေါင်းရန် လာသည်က အမှန်တကယ် ဟုတ်မဟုတ် အသာထား၊ အကယ်၍ အမှန်တကယ် ဆိုလျှင်ပင် လုမင် အနေဖြင့် အဆင်အခြင်မဲ့ လှုပ်ရှားမည်မဟုတ်ပေ။
ဆိုရလျှင် လော့ချန်ချိုး၏ ဒဏ်ရာ မည်မျှပြင်းထန်သည်ကို သူတို့ အတိအကျ မသိကြပေ။
လော့ချန်ချိုးက ဒဏ်ရာ အပြင်းအထန် ရရှိပြီး သေခါနီးဆဲဆဲ ဖြစ်နေလျှင်ပင် သူတို့ လုမိသားစုက လော့ရွှေကုန်သည်အဖွဲ့ကို တိုက်ခိုက်လျှင် နင်မိသားစုသည် ဒီအတိုင်း ထိုင်ကြည့်နေမည်မဟုတ်ပေ။
အကယ်၍ အလျင်စလို လှုပ်ရှားမိလျှင် လော့ရွှေကုန်သည်အဖွဲ့ကို မကိုင်တွယ်နိုင်ရုံသာမက လုမိသားစု အတွက် မလိုလားအပ်သော ပြဿနာများကိုပါ သယ်လာမိမည်ကို သူစိုးရိမ်နေမိသည်။
လုမင်၏ စကားကိုကြားလျှင် လုဟယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အစ်ကိုလုမင်.. အခု လော့ချန်ချိုးက ဒဏ်ရာရနေပြီး လော့ချန်ခုန်းကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတယ်.. ဒါက ကျွန်တော်တို့ အတွက် အကောင်းဆုံး အခွင့်အရေးပဲ.. ဒီလို အခွင့်အရေးမျိုးက လက်လွှတ်သွားရင် နောက်တစ်ခါ ပြန်ရဖို့ မလွယ်ဘူး”
“လော့ရွှေကုန်သည်အဖွဲ့ကို အဲလောက်အထိ အထင်မသေးပါနဲ့.. လော့ရွှေကုန်သည်အဖွဲ့ကို ဖျက်ဆီးရတာ အဲဒီလောက်ထိ လွယ်ကူနေမယ်ဆိုရင် လော့ရွှေကုန်သည်အဖွဲ့က အခုအချိန်အထိ တည်တံ့နေမှာတောင် မဟုတ်ဘူး”
လုမင်က လုဟယ်ကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပြီ.. ဒီကိစ္စအတွက် ငါ့မှာ ကိုယ်ပိုင်အမြင် ရှိပြီးသားပါ.. မင်းက အင်မော်တယ်လမ်းကြောင်းကိုပဲ ပြန်သွားပြီး စောင့်ကြပ်နေလိုက်”
လုမင်၏ ဆုံးဖြတ်ချက်ကို လုဟယ်က မကျေနပ်သော်လည်း အထွန့်မတက်ရဲဘဲ ခြံဝန်းထဲကနေ ထွက်ခွာလာခဲ့သည်။
ထွက်ခွာသွားသော လုဟယ်၏ ကျောပြင်ကို ကြည့်ရင်း လုမင်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
မကြာမီမှာပင် သူက လက်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်ကာ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
သူက သတိကြီးသူတစ်ဦး ဖြစ်ပြီး လုဟယ်၏ တစ်ဖက်သက်စကားကြောင့် အဆင်အခြင်မဲ့ မလှုပ်ရှားသော်လည်း လော့ရွှေကုန်သည်အဖွဲ့၏ လက်ရှိအခြေအနေကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် လုမင်သည် လုဟယ် ပြောသည့် အဆင့်နိမ့်စကြဝဠာမှ ပါရမီရှင်ကို အမှန်တကယ်ပင် စိတ်ဝင်စားနေခဲ့သည်။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် တလော့အင်အားစုကြီးများမှ ထိပ်တန်း ပါရမီရှင်များထက်ပင် ပိုမို၍ မွန်းစတားဆန်နေခဲ့သည်။
မတော်တဆမှုများ မရှိသရွေ့ အနာဂတ်တွင် ထိုလူငယ်၏ အောင်မြင်မှုသည် အလွန်တရာပင် ထိတ်လန့်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
အနည်းဆုံးတော့ လုဟယ် ပြောသွားသည့် အချက်များထဲတွင် အချက်တစ်ချက်သည် မှန်ကန်၏။
ယင်းမှာ ဤကဲ့သို့ ပါရမီရှင်မျိုးကို သူတို့ လုမိသားစုက အသုံးမချနိုင်လျှင် ကြီးထွားမလာခင် ရှင်းပစ်ရမည် ဟူသော အချက်ပင်။
ထို့ကြောင့် လုမင်သည် လော့ရွှေကုန်သည်အဖွဲ့၏ အခြေအနေကို စမ်းသပ်ရန် အတွက် လူတစ်ယောက် စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
လော့ရွှေကုန်သည်အဖွဲ့သည် ကျန်းချန် ဟူသော ကောင်လေး အတွက်ဖြင့် သူတို့ လုမိသားစုကို ရန်သူအဖြစ် ရွေးချယ်မလား ဆိုသည်ကိုလည်း သူ သိချင်နေမိသည်။
အခန်း(၂၆၈၄)ပြီး၏။