အခန်း (၂၆၈၅-၂၆၈၆)
Vol. 209 Ch. 2685-2686
အခန်း(၂၆၈၅)
ကျန်းချန်က လော့ချင်းအာ တို့ကို ကူညီ၍ လော့ချန်ခုန်းတို့ အုပ်စုကို အနိုင်ယူပြီးနောက်တွင် ဆက်လက် ကျင့်ကြံရန်အတွက် အချိန်မျှော်စင်ထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားခဲ့သည်။
သူက မကြာသေးမီက ရရှိထားသည့် အင်မော်တယ်ခရစ္စတယ် ဆယ်ခုကျော်ကို သူ၏ရှေ့တွင် စီတန်းထားလိုက်သည်။
ထိုအင်မော်တယ် ခရစ္စတယ်များ ထဲတွင် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ် တစ်ခုလည်း ပါဝင်၏။
အကယ်၍ ဤအင်မော်တယ်ခရစ္စတယ် အားလုံးကိုသာ စုပ်ယူနိုင်မည် ဆိုလျှင် အနည်းဆုံး ပကတိအင်မော်တယ် ပဉ္စမအဆင့်သို့ ထိုးဖောက်နိုင်မည် ဖြစ်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်ခရစ္စတယ် တစ်ခုကို ကောက်ယူကာ စတင် ကျင့်ကြံလိုက်သည်။
“ဒင်.. သင်က ပကတိအင်မော်တယ် တတိယအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ်အဆီအနှစ်စွမ်းအား အတွေ့အကြုံရမှတ် သုံးရာကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပကတိအင်မော်တယ် တတိယအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ်အဆီအနှစ်စွမ်းအား အတွေ့အကြုံရမှတ် သုံးရာကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
ကျန်းချန် တစ်ယောက် အပြင်းအထန် ကျင့်ကြံနေသော အချိန်တွင် လော့ရွှေကုန်သည်အဖွဲ့သို့ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည် တစ်စု ရောက်ရှိလာခဲ့သည်။
“လုရန်ကျဲ.. မင်းဘာလို့ ငါတို့ လော့ရွှေကုန်သည်အဖွဲ့ကို လူအင်အားအလုံးအရင်းနဲ့ ဒီလောက် ဟိတ်ဟန်ထုတ်ပြီး လာခဲ့တာလဲ”
ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ကောင်းကင်အင်မော်တယ် နဝမအဆင့် အဘိုးအိုကို ကြည့်ကာ လော့ဝူကျိ အေးစက်စက် ပြောလိုက်သည်။
လုရန်ကျဲက တည်ငြိမ်စွာပင် ပြောလိုက်၏။
“လော့ဝူကျိ.. ငါက မင်းတို့ လော့ရွှေကုန်သည်အဖွဲ့မှာ ရှိနေတဲ့ ကျန်းချန် ဆိုတဲ့လူငယ်လေးနဲ့ ပတ်သက်ပြီး လာခဲ့တာပါ.. ကျန်းချန်ကို ငါတို့ဆီ လွှဲပေးဖို့ တောင်းဆိုချင်ပါတယ်”
ထိုစကားကိုကြားလျှင် လော့ဝူကျိ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“မိတ်ဆွေလေးကျန်ချန်က ငါတို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ.. သူကိုယ်တိုင် ထွက်သွားဖို့ဆန္ဒမရှိသရွေ့ ဘယ်သူကမှ လော့ရွှေကုန်သည်အဖွဲ့ကနေ သူ့ကို ခေါ်သွားလို့မရဘူး”
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် လုမိသားစုသည် လော့ချန်ခုန်းဆီမှ တစ်ဆင့် ကျန်းချန်၏ အကြောင်းကို သိရှိသွားပုံရ၏။
ကျန်းချန်၏ ကြောက်မက်ဖွယ် ပါရမီဖြင့်သာဆိုလျှင် လုမိသားစု၏ အာရုံစိုက်မှုကို ခံရသည်မှာ မဆန်းပေ။
သို့သော်လည်း လုမိသားစုသည် ကျန်းချန် အတွက် သီးသန့်လာခြင်းလည်း ဖြစ်နိုင်သလို လော့ရွှေကုန်သည်အဖွဲ့ကို ကိုင်တွယ်ရန် လော့ချန်ခုန်းနှင့် ပူးပေါင်းလာခြင်းလည်း ဖြစ်နိုင်၏။
လုမိသားစုတွင် မည်သည့် ရည်ရွယ်ချက်ရှိနေပါစေ၊ လော့ဝူကျိသည် ယခုအချိန်တွင် လုရန်ကျဲကို ကျန်းချန်အား ခေါ်သွားခွင့် မပြုနိုင်ပေ။
“လော့ဝူကျိ.. ကျန်းချန်က လွန်ခဲ့တဲ့ လဝက်ကျော်ကမှ အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာတဲ့ သူတစ်ယောက်ပဲ.. သူက ငါ့တို့ လုမိသားစုရဲ့ ပကတိအင်မော်တယ် တတိယအဆင့် တမန်တော် တစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်.. သူက ငါတို့လုမိသားစုရဲ့ အပြစ်သားဖြစ်နေပြီ.. မင်းတို့ လော့ရွှေကုန်သည်အဖွဲ့က တကယ်ပဲ အဲဒီကောင်လေးကို ကာကွယ်ပေးချင်နေတာလား”
လုရန်ကျဲက လော့ဝူကျိကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“အဆင့်နိမ့်စကြဝဠာက တက်လှမ်းလာတဲ့ လူတစ်ယောက်အတွက်နဲ့ ငါတို့ လုမိသားစုကို ရန်သူအဖြစ် သတ်မှတ်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှုမဟုတ်ဘူး ဆိုတာ မင်း မမေ့နဲ့ဦး”
ကျန်းချန်သည် အမှန်တကယ်ပင် အဆင့်နိမ့် စကြဝဠာမှ တက်လှမ်းလာသူဖြစ်ပြီး အင်မော်တယ်လောကသို့ ရောက်သည်မှာ လဝက်ကျော်သာ ရှိသေးပါသလော။
လုရန်ကျဲ၏ စကားကိုကြားလျှင် လော့ဝူကျိ အပြင် လော့လီပါ အံ့အားသင့်သွားခဲ့သည်။
ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ အင်မော်တယ်လမ်းကြောင်းကို မြို့တော်၏ ရွှေအင်မော်တယ် အင်အားစု သုံးစုက အလှည့်ကျ စောင့်ကြပ်ရသည်။
ထို့ကြောင့် လော့ရွှေကုန်သည်အဖွဲ့သည် အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသူများက အတုအယောင် အင်မော်တယ်များသာ ဖြစ်ကြပြီး ပကတိအင်မော်တယ်အဆင့်ကို ထိုးဖောက်ရန်အတွက် ခန္ဓာကိုယ်မှ စွမ်းအားများကို အင်မော်တယ်အဆီအနှစ် စွမ်းအား အဖြစ် ပြောင်းလဲရန် လိုအပ်မှန်း သိရှိထားကြသည်။
အတုအယောင် အင်မော်တယ် အများစုသည် တစ်နှစ်သို့မဟုတ် နှစ်ဝက် အချိန်မပေးဘဲ အင်မော်တယ်အဆီအနှစ်စွမ်းအား အသွင်ပြောင်းခြင်းကို မပြီးမြောက်နိုင်ကြချေ။
တစ်လအတွင်း အင်မော်တယ်အဆီအနှစ် စွမ်းအား အသွင်ပြောင်းခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သူကို အလွန် ရှားပါးသော ပါရမီရှင်ဟု သတ်မှတ်၍ ရ၏။
ကျန်းချန်ကမူ အင်မော်တယ်လောကသို့ တက်လှမ်းလာခဲ့သည်မှာ လဝက်ကျော်ခန့်သာ ရှိသေးသော်လည်း အင်မော်တယ် အဆီအနှစ်စွမ်းအား အသွင်ပြောင်းခြင်းကို ပြီးမြောက်ရုံသာမက ပကတိအင်မော်တယ် စတုတ္ထအဆင့်သို့ပါ ရောက်ရှိနေ၍ မယုံကြည်နိုင်စရာပင် ဖြစ်နေခဲ့သည်။
လော့ဝူကျိက အေးစက်စက် ပြုံးလိုက်ပြီး လုရန်ကျဲကို ခက်ထန်စွာ ကြည့်၍ ပြောလိုက်သည်။
“ငါ နောက်ဆုံး တစ်ခေါက်ထပ်ပြောမယ်.. ကျန်းချန်က ငါတို့လော့ရွှေကုန်သည်အဖွဲ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ. သူက လော့ရွှေကုန်သည်အဖွဲ့ကနေ ထွက်သွားဖို့ ဆန္ဒမရှိသရွေ့ မင်းတို့ လုမိသားစုအနေနဲ့ သူ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိဖို့ စိတ်တောင်မကူးနဲ့”
“ကောင်းတယ် သိပ်ကောင်းတယ် လော့ဝူကျိ”
လုရန်ကျဲက လှောင်ရယ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကောင်းကင်အင်မော်တယ် နဝမအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဒီလိုဆိုမှတော့ ငါလုရန်ကျဲက မင်းကို သင်ခန်းစာပေးရသေးတာပေါ့”
လုရန်ကျဲ၏ စကားကိုကြားလျှင် လော့ဝူကျိသည် စကားများစွာ ပြောမနေတော့ဘဲ ကောင်းကင်အင်မော်တယ် စွမ်းအားများဖြင့် ပြောင်းလဲထားသော ဓားအလင်းတန်းဖြင့် လုရန်ကျဲကို တိုက်ခိုက်လိုက်သည်။
ထိုဓားအလင်းတန်းတွင် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေပုံ ရ၏။
ကောင်းကင်အင်မော်တယ် နဝမအဆင့် လုရန်ကျဲသည်ပင် ထိုဓားအလင်းတန်းကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
လုရန်ကျဲက ကောင်းကင်အင်မော်တယ် စွမ်းအားများကို ရူးသွပ်စွာ ထုတ်ဖော်၍ ရွှေနဂါးနှင့် ကျောက်စိမ်းကျား အဖြစ်သို့ ပြောင်းလဲလိုက်ကာ ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်းတန်းသည် ရွှေနဂါးနဲ့ ကျောက်စိမ်းကျား တို့ကို ထိတွေ့သွားခဲ့သည်။
လေထုထဲတွင် ဓားစွမ်းအားများသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေနဂါးနှင့်ကျောက်စိမ်းကျား တို့ကို ပျက်စီးသွားစေခဲ့ကာ လုရန်ကျဲကိုလည်း နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းညှိလိုက်ပြီးနောက်တွင် လော့ဝူကျိကို ကြည့်နေသော လော့ရန်ကျဲ၏ အကြည့်သည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။
လော့ဝူကျိသည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွယ်တူများထဲတွင် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်၍ အလွန်တရာပင် အစွမ်းထက်သည်။
လက်ရှိတွင် လော့ဝူကျီသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ နဝမအဆင့် ဖြစ်သည့် သူ့ထက်ပင် သုံးပုံတစ်ပုံခန့် ပိုမို သာလွန်နေခဲ့၏။
“လုရန်ကျဲ...မင်းရဲ့ ကောင်းကင်အင်မော်တယ် နဝမအဆင့် ခွန်အားလောက်နဲ့တော့ ငါတို့ လော့ရွှေကုန်သည်အဖွဲ့မှာ လာရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး.. နောက်တစ်ခါကျရင် မင်းတို့ လုမိသားစုရဲ့ ရွှေအင်မော်တယ်ကိုပဲ လာခိုင်းလိုက်ပါ”
လော့ဝူကျိက လုရန်ကျဲကို မထီမဲ့မြင်ကြည့်ကာ ရေရွတ်လိုက်သည်။
ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွယ်တူများအကြားတွင် တစ်ချိန်က လွှမ်းမိုးနိုင်ခဲ့သည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်၍ လော့ဝူကျိ၏ ပါရမီသည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ သမိုင်းတစ်လျှောက်တွင် လက်ချိုးရေတွက်၍ရလောက်သည့် ပါရမီရှင်များထဲ တစ်ဦးဖြစ်သည်။
သူက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို မကြာသေးမီကမှ ထိုးဖောက်နိုင်ခဲ့သော်လည်း ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် လော့ချန်ခုန်းကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
ဤလော့ရန်ကျဲသည် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ကောင်းကင်အင်မော်တယ် အဆင့်ရှိ လော့ချန်ခုန်း ထက်ပင် များစွာ နိမ့်ကျနေသည် ဖြစ်ရာ လော့ဝူကျိသည် လုရန်ကျဲကို မည်ကဲ့သို့ အရေးလုပ်စရာ လိုပါမည်နည်း။
လော့ဝူကျိက သူ့ကို ဤမျှအထိ အထင်သေးနေသည်ကို မြင်လျှင် လုရန်ကျဲ၏ မျက်နှာအမူအရာက ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။
“လော့ဝူကျိ.. မင်းက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိတယ် ဆိုတာကို ငါဝန်ခံပါတယ်.. ဒါပေမဲ့ ကျန်းချန်ကိုတော့ ငါတို့ လုမိသားစုဆီ မရရအောင် ခေါ်သွားရမှာပဲ”
လုရန်ကျဲက လော့ဝူကျိကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
ထို့နောက် သူက အင်မော်တယ်အလင်းများ တောက်ပနေသည့် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ခြေမွလိုက်သည်။
ကျောက်စိမ်းပြား ကြေမွသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဆန်းကြယ်သော စွမ်းအားလှိုင်းတစ်ခု ရုတ်တရက် ပျံ့လွင့်သွားခဲ့၏။
မကြာမီမှာပင် ဓားကဲ့သို့ မျက်ခုံးနှင့် ကြယ်ကဲ့သို့တောက်ပသော မျက်ဝန်းများရှိသည့် အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်ယောင် တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လုရန်ကျဲ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။
ထိုအဖြူရောင်ပုံရိပ်ယောင် ပေါ်လာသည်နှင့်အမျှ ထိတ်လန့်စရာကောင်းသော ရွှေအင်မော်တယ် အရှိန်အဝါဖိအားသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
“လုမိသားစုရဲ့ ရွှေအင်မော်တယ် ရောက်လာခဲ့ပြီ"
"လုမိသားစုရဲ့ ရွှေအင်မော်တယ် လုမင်ပါလား”
လော့ဝူကျိက ခေါင်းမော့လိုက်ပြီး လေထဲကနေ ဆင်းသက်လာသည့် အဖြူရောင်ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်က အနည်းငယ် ပို၍ လေးနက်သွားခဲ့၏။
အင်မော်တယ်လောကတွင် ကျင့်ကြံခြင်းနယ်ပယ်အဆင့် တစ်ဆင့်နှင့် တစ်ဆင့် ကြား၌ ကောင်းကင်နှင့်မြေကြီး ကဲ့သို့ ကွာခြားသည်။
ထို့ကြောင့် လုမင်က ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူသာ ဖြစ်နေလျှင်ပင် သာမန် ကောင်းကင် အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်ရသလောက်ပင် လွယ်ကူ၏။
လုမင်က သူ၏ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လော့ဝူကျိကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“လော့ဝူကျိ.. မင်းက တလော့ အင်အားစုတွေကတောင် အထင်ကြီးရတဲ့ ပါရမီရှင်တစ်ယောက် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းရဲ့ ပါရမီကြောင့် သိပ်မကြာခင် လော့ရွှေကုန်သည်အဖွဲ့မှာ ရွှေအင်မော်တယ် နောက်တစ်ယောက် ထပ်တိုးလာတော့မှာတောင်ကို ငါစိုးရိမ်မိတယ်”
လော့ဝူကျိက အေးစက်စက် ပြောလိုက်သည်။
“လုမင်.. မင်းရဲ့ နတ်အသိစိတ်ကိုယ်ပွားက လော့ရွှေကုန်သည်အဖွဲ့ဆီ ရောက်လာတာ ငါ့ကို မြှောက်ပင့်ချီးကျူးဖို့လောက်တော့ မဟုတ်လောက်ဘူးထင်တယ်”
လုမင်က လော့ဝူကျိကို တစ်ချက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ဒီနေ့ ငါ ဒီကို ရောက်လာတာက ကျန်းချန် အတွက်ပဲ.. ကျန်းချန်ကိုသာ ငါ့ဆီ လွှဲပေးပါ.. ဒါဆို မင်းအသက်ကို ငါ ချမ်းသာပေးမယ်”
“ဟားဟား လုမင်.. မင်းကိုယ်တိုင်သာ လာခဲ့မယ် ဆိုရင်တော့ ငါ လော့ဝူကျိက မင်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရလိမ့်မယ်.. ဒါပေမဲ့ နတ်အသိစိတ်ကိုယ်ပွားလောက်နဲ့တော့ မင်းငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
လော့ဝူကျိက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်ကို ခေါ်သွားချင်တယ် ဆိုရင်တော့ မင်းကိုယ်တိုင်ပဲ လာခဲ့လိုက်ပါ”
အခန်း(၂၆၈၅)ပြီး၏။
အခန်း(၂၆၈၆)
“လော့ဝူကျိ.. မင်းက ရွှေအင်မော်တယ် အဆင့်ကို မရောက်သေးသရွေ့ ကောင်းကင်အင်မော်တယ် အဆင့်နဲ့ ရွှေအင်မော်တယ် အဆင့်ကြားက ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာကို မင်းဘယ်တော့မှ မသိဘူး.. မင်း အဲဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
လော့ဝူကျိက သူ့ကို ဂရုမစိုက်သည်အား မြင်လျှင် လုမင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နတ်ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
မကြာမီမှာပင် သူ၏ကျောဘက်တွင် ဖီးနစ်သစ်ပင်နှင့် ဆင်တူသည့် ကောင်းကင်အံ့ဖွယ်ပုံရိပ် ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ်လောကတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ မဟုတ်လျှင် ကောင်းကင်အံ့ဖွယ်ပုံရိပ်ကို မထုတ်ဖော်နိုင်ကြချေ။
တစ်နည်းအားဖြင့် ကောင်းကင်အံ့ဖွယ်ပုံရိပ်ကို ထုတ်ဖော်နိုင်ခြင်းသည် ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိသွားသည့် သင်္ကေတပင် ဖြစ်သည်။
“လော့ဝူကျိ.. ဒီနေ့တော့ ကောင်းကင်အင်မော်တယ်နဲ့ရွှေအင်မော်တယ်အဆင့်ကြားက ကွာဟချက်ကို မင်းသိအောင် ပြရသေးတာပေါ့”
လုမင်က လော့ဝူကျိကို အထင်သေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး သူ၏လက်ထဲရှိ နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။
ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ လုမင်သည် လော့ဝူကျိကို တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။
လုမင်၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်လျှင် လော့ဝူကျိ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက လုမင်၏ နတ်အသိစိတ်ကိုယ်ပွားကို အထင်မကြီးသော်လည်း အနည်းငယ်မှ ပေါ့ဆရဲခြင်းမရှိပေ။
သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာလာခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ရွှေအင်မော်တယ်အဆင့်ရှိ တိုက်ပွဲများစွာကို မြင်တွေ့ခဲ့ဖူးသည် ဖြစ်ရာ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ၏ ခွန်အားက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမှန်း သဘာဝကျစွာပင် သိရှိထားခဲ့သည်။
ဤသည်က လုမင်၏ နတ်အသိစိတ် ကိုယ်ပွားတစ်ခုသာ ဖြစ်နေစေကာမူ သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ချေမှုန်းနိုင်၏။
လော့ဝူကျိက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် လော့ရွှေကုန်သည်အဖွဲ့၏ အတွင်းပိုင်းကနေ ရွှေရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။
မကြာမီမှာပင် ရွှေအင်မော်တယ် စွမ်းအားများ ကိန်းအောင်းနေသော အလင်းတန်းသည် လော့ရွှေကုန်သည် အဖွဲ့ကနေ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်၏ ဓားချက်ကို ချေမှုန်းပစ်လိုက်သည်။
“အစ်ကိုကြီးရဲ့ ရွှေအလင်း ဓားချက်ပါလား”
သူနှင့် အလွန်ရင်းနှီးနေသော ဓားချက်ကိုမြင်လျှင် လော့ဝူကျိ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လုမင်၏ နတ်အသိစိတ် ကိုယ်ပွားက ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားခဲ့ပြီး လော့ရွှေကုန်သည်အဖွဲ့၏ အတွင်းပိုင်းကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
အပြာရောင်ဝတ်စုံဝတ် အမျိုးသားက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထဲတွင် လမ်းလျှောက်လာသော ခဏဝယ် လူအများသည် တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ခံစားလိုက်ရသည်။
“လော့ရွှေကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင် လော့ချန်ချိုးပါလား”
လေထဲကနေ လမ်းလျှောက်လာသည့် အပြာရောင်ဝတ်စုံဝတ် ပုံရိပ်ကို မြင်လျှင် လုမင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
လော့ချန်ချိုးသည် ထျန်းရွှေ အင်မော်တယ်မြို့တွင် နာမည်ကျော်ကြားသည့် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ရွှေအင်မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထျန်းရွှေမြိုတော်ရှိ ရွှေအင်မော်တယ် အနည်းငယ်ထဲတွင် အ သန်မာဆုံးများထဲမှ တစ်ဦး ဖြစ်သည်။
သူတို့ လုမိသားစုတွင်ပင် မိသားစုခေါင်းဆောင် တစ်ဦးတည်းသာ လော့ချန်ချိုးကို ယှဥ်ပြိုင်နိုင်၏။
ယခု သူက နတ်အသိစိတ်ကိုယ်ပွား တစ်ခုသာ ဖြစ်နေသည်ကို အသာထား၊ လူကိုယ်တိုင် လာလျှင်ပင် လော့ချန်ချိုး၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
“လော့ချန်ချိုးက ဒဏ်ရာအပြင်းအထန် ရနေတာ မဟုတ်ဘူးလား.. မေဘေး လော့ချန်ခုန်းက ငါ့ကို အချက်အလက်အမှားတွေ ပေးခဲ့တာပဲ”
လုမင်က စိတ်ထဲကနေ လော့ချန်ခုန်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
သူ့ရှေ့ရှိ လော့ချန်ချိုး၏ အသွင်အပြင်သည် ဒဏ်ရာအပြင်းအထန် ရရှိနေသည့် အသွင်အပြင်မျိုး လုံးဝမရှိပေ။
လုမင်သည် လော့ချန်ချိုးကို ထိတ်လန့်နေသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် ကံကောင်းသွားသည်ဟု ခံစားလိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် သူက သတိကြီးသူတစ်ဦး ဖြစ်၍ နတ်အသိစိတ် ကိုယ်ပွားကိုသာ စေလွှတ်မိခဲ့သည်။
သို့မဟုတ်လျှင် ရလဒ်မှာ မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်သွားပေလိမ့်မည်။
“လုမင်.. မင်းက နတ်အသိစိတ်ကိုယ်ပွားလေးနဲ့ ငါ့ရဲ့ လောရွှေကုန်သည်အဖွဲ့မှာ လာရမ်းကားရဲတယ်.. မင်းကို ဒီလိုသတ္တိတွေ ဘယ်သူပေးလိုက်တာလဲ”
လော့ချန်ချိုးက အေးစက်စက် ကြုံးဝါးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ကောင်းကင်ယံက ပြောင်းလဲသွားခဲ့ပြီး လှိုင်းလုံးများကြီးကဲ့သို့ အလွန်အေးစက်သော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လုမင်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ နတ်အသိစိတ်ကိုယ်ပွားသည် ကမ္ဘာကြီးကိုပင် အေးခဲသွားစေနိုင်လောက်သည့် လော့ချန်ချိုး၏ တိုက်ခိုက်မှုအောက်တွင် ပျက်စီး ပျောက်ကွယ်သွားခဲ့သည်။
လုမင်၏ နတ်အသိစိတ်ကိုယ်ပွားကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက်တွင် လော့ချန်ချိုးသည် အောက်ဘက်ရှိ လုရန်ကျဲနှင့် အခြားသူများကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ပြန်သွားပြီး လုမင်ကို ပြောလိုက်.. ကျန်းချန်က ငါတို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ..ညကျန်းချန်ကို ထပ်ပြီး ရန်ပြုဖို့ ကြံစည်ဦးမယ် ဆိုရင် လူကိုယ်တိုင်ကိုပါ သတ်ပစ်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး”
လုရန်ကျဲတို့ လူစုသည် ထိတ်လန့် တုန်လှုပ်သွားကြပြီး တစ်ခဏမျှ တွေဝေသွားသော်လည်း မကြာမီမှာပင် ခြောက်လှန့်ခံလိုက်ရသော ငှက်အုပ် ကဲ့သို့ လော့ရွှေကုန်သည်အဖွဲ့ ထံကနေ အလျင်အမြန် ထွက်ပြေးသွားကြသည်။
လုရန်ကျဲတို့ ထွက်သွားသည်ကို မြင်ပြီးနောက်တွင် လော့ချန်ချိုးက လော့ဝူကျိ ဘက်သို့ အကြည့်လွှဲလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“ဝူကျိ မတွေ့ရတာတောင် အတော်ကြာပြီ...မင်းရဲ့ခွန်အားတွေ အများကြီး တိုးတက်လာပုံပဲ”
“အစ်ကိုကြီး.. ချင်းအာပြောတော့ လျှို့ဝှက်နယ်မြေကို စူးစမ်းရင်း ဒဏ်ရာအပြင်းအထန် ရခဲ့တာဆို.. အဆင်ပြေရဲ့လား”
လော့ဝူကျိက စိုးရိမ်တကြီး အမူအရာဖြင့် လော့ချန်ချိုးကို ကြည့်ကာ မေးလိုက်သည်။
“င့ါပုံစံက တစ်ခုခု ဖြစ်နေတဲ့ပုံစံ ပေါက်နေလို့လား”
လော့ချန်ချိုးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ပျက်စီးမှုမရှိဘူးဆိုရင် အသစ်တည်ဆောက်လို့ မရဘူးလေ.. ငါ လျှို့ဝှက်နယ်မြေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမဲ့ အကျိုးကျေးဇူးတွေလည်း အများကြီးရခဲ့ပါတယ်.. ဒီကာလက င့ါအတွက် အဆင့်ချိုးဖျက်တဲ့ ကာလတစ်ခုပဲ”
လော့ဝူကျိ၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး ဝမ်းသာစွာ မေးလိုက်သည်။
“အစ်ကိုကြီးက ရွှေအင်မော်တယ် တတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီလား”
ရွှေအင်မော်တယ် တတိယအဆင့်သည် ထျန်းရွှေအင်မော်တယ် မြို့တော်တွင် အသန်မာဆုံး ဖြစ်တည်မှု ဖြစ်သည်။
သိထားရမည့်အချက်မှာ ထျန်းရွှေအင်မော်တယ်မြို့တော်၏ အင်အားအကြီးမားဆုံး ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သည့် လုမိသားစုခေါင်းဆောင်သည်ပင် ရွှေအင်မော်တယ် တတိယအဆင့်ထက် မပိုပေ။
“ရွှေအင်မော်တယ်အဆင့်မှာ အဆင့်တစ်ဆင့်ကို ထိုးဖောက်ဖို့က အဲဒီလောက်ထိ မလွယ်ကူပါဘူး”
လော့ချန်ချိုးက ခေါင်းခါရမ်းလိုက်ပြီး လော့ဝူကျိကို ကြည့်ကာ ပြောလိုက်သည်။
“ဝူကျိ.. ငါ အဆင့်ထိုးဖောက်ဖို့ အတွက် ထပ်ပြီး တံခါးပိတ် ကျင့်ကြံရဦးမယ်.. ဒီအတောအတွင်း လော့ရွှေကုန်သည်အဖွဲ့ကနေ မင်းမထွက်သွားနဲ့ဦး
လော့ဝူကျိက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး စိတ်ချပါ.. ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူလာမတိုက်သရွေ့ ဘယ်သူကမှ လော့ရွှေကုန်သည်အဖွဲ့ကို ပြဿနာရှာလို့ မရစေရဘူး”
“ကျန်းချန် ဆိုတဲ့ ကောင်လေးအကြောင်းကို ချင်းအာ ပြောတာ ငါကြားဖူးတယ်.. တကယ်လို့ သူသာ လော့ရွှေကုန်သည်အဖွဲ့ထဲ ဝင်လာနိုင်ရင် အကောင်းဆုံးပဲ.. တကယ်လို့ သူက မဝင်ချင်ဘူး ဆိုရင်လည်း သူ့ကို အတင်းအကျပ် မလုပ်ပါနဲ့.. သူနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်အောင်ပဲ ကြိုးစားပါ”
လော့ချန်ချိုးက လော့ရွှေကုန်သည်အဖွဲ့တွင် နေရာတစ်ခုကို လှမ်းကြည့်ရင်း လော့ဝူကျိကို လှမ်းကြည့်ရင်း အကြံပေးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
ကျန်းချန်၏ ပါရမီက မည်မျှပင် ထိတ်လန့်စရာကောင်းကြောင်း လော့ဝူကျိ သဘာဝကျစွာပင် နားလည်ထားခဲ့သည်။
ကျန်းချန်သည် မတော်တဆမှု မရှိဘဲ ကြီးပြင်းလာနိုင်သရွေ့ အနာဂတ်တွင် အနည်းဆုံး တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
သူတို့ လော့ရွှေကုန်သည်အဖွဲ့ အနေဖြင့် ဤကဲ့သို့ ပုဂ္ဂိုလ်နှင့် မိတ်ဆွေကောင်း ဖြစ်နိုင်မည်ဆိုလျှင် သေချာပေါက် အကျိုးရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လော့ချန်ချိုးက စကားများစွာ ပြောမနေတော့ဘဲ လေထုထဲတွင် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့၏ ဆိတ်ငြိမ်သော လျှို့ဝှက်အခန်း တစ်ခန်းထဲရှိ ကျန်းချန်သည် လော့ရွှေကုန်သည်အဖွဲ့၏ အပြင်ဘက်တွင် သူ့ကြောင့် ထိတ်လန့်စရာကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်ကို မသိရှိခဲ့ပေ။
သူက အချိန်မျှော်စင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး သူ၏ ခွန်အားများကို မြှင့်တင်ရန်အတွက် အင်မော်တယ် ခရစ္စတယ်များ၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
ကျန်းချန်၏ ရူးသွပ်စွာ စုပ်ယူမှုအောက်တွင် အချိန်မျှော်စင်အတွင်း၌ အချိန်သုံးလကျော်ခန့် ကုန်လွန်သွားခဲ့သည်။
ကျန်းချန်သည်လည်း သူ့ရှေ့ရှိ အင်မော်တယ်ခရစ္စတယ်ဆယ်ခုကျော်ကို စုပ်ယူပြီးစီးခဲ့ချေပြီ။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ပဉ္စမအဆင့်သို့ ထိုးဖောက်ရန် အလွန်တရာ နီးစပ်နေခဲ့၏။
“ဒင်.. သင်က ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ရဲ့ စွမ်းရည်ကို စုပ်ယူပြီး အင်မော်တယ်အဆီအနှစ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပကတိအင်မော်တယ်နဝမအဆင့် ခရစ္စတယ်ရဲ့စွမ်းရည်ကို စုပ်ယူပြီး အင်မော်တယ်အဆီအနှစ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
နောက်ဆုံး ကျန်ရှိသော ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ကို စုပ်ယူနေသည့် အချိန်တွင် ကျန်းချန်သည် သူ၏ စိတ်ထဲ၌ ရင်းနှီးသော သတိပေးချက်ကို ကြားလိုက်ရသည်။
“ဒင်.. သင်က ပကတိအင်မော်တယ် ပဉ္စမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ”
အချိန်မျှော်စင်အတွင်း ရက်ပေါင်းတစ်ရာသည် အပြင်လောကတွင် ဆယ်ရက်နှင့်ညီမျှ၏။
ယခုအခါတွင် ကျန်းချန်သည် အင်မော်တယ် ခရစ္စတယ် ဆယ်ခုကျော်၏ အကူအညီဖြင့် နောက်ထပ် အဆင့်တစ်ဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီး ပကတိအင်မော်တယ် ပဉ္စမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ချေပြီ။
အခန်း(၂၆၈၆)ပြီး၏။