အခန်း (၇၁-၇၂)
Vol. 6 Ch. 71-72
အခန်း(၇၁)
သူ့အမေရဲ့ မွေးနေ့အတွက် ဗန်ဒါဘစ်စံအိမ်ကို သွားရောက်ခဲ့ပြီး တစ်ပတ်အကြာမှာတော့ မိုက်ကယ်ဟာ ကင်းစ်ဘရစ်ချ်မှာရှိတဲ့ ရီနေးတားကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို သွားကြည့်ချင်လာပါတယ်။
ကက်စတယ်လာတစ်ယောက် သူမရဲ့ရုံးခန်းထဲမှာ ကုမ္ပဏီအစီရင်ခံစာတွေ ရေးနေတုန်းမှာပဲ ဖယောင်းတိုင်မီးက ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး သူမရဲ့အရိပ်က လုံးဝခြားနားတဲ့ ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။
"ကက်စတယ်လာ... ငါ လူကိုယ်တိုင် လာလည်တာပါ"
မိုက်ကယ်ရဲ့အသံက ရုံးခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး သူရောက်နေကြောင်း အသိပေးလိုက်ပါတယ်။ သူမဟာ ချက်ချင်းပဲ ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး သခင်လေးကို ကြိုဆိုဖို့ လှည့်ကြည့်လိုက်ပါတယ်။
မိုက်ကယ်က ဘယ်ကနေမှန်းမသိ မှော်ဆန်ဆန် ပေါ်လာတဲ့ အခန်းထောင့်လေးဆီကို သူမ ဦးညွှတ်လိုက်ပြီး "မတွေ့ရတာ ကြာပြီနော် သခင်လေး" လို့ နှုတ်ဆက်လိုက်ပါတယ်။
"ဆော်ရီးပဲ... ခြောက်သွေ့လွင်ပြင်မှာ အလုပ်တွေ နည်းနည်းများနေလို့ပါ။ အခုတော့ ကူညီမယ့်သူတွေ ပိုရလာပြီဆိုတော့ ကင်းစ်ဘရစ်ချ်ကို အရင်ကထက် ပိုလာနိုင်ဖို့ ကြိုးစားပါ့မယ်"
မိုက်ကယ်ဟာ မထွက်ခွာခင်မှာ သူသိတဲ့သူတိုင်းရဲ့ အရိပ်ထဲမှာ သူ့ရဲ့ ကိုယ်ပွားတစ်ခုစီ ချန်ထားခဲ့တာပါ။ ဒါက ဖာ့ဂျ်ရဲ့ စွမ်းရည်ထက် သာလွန်တဲ့ အဆင့်မြင့်ဗားရှင်းဖြစ်ပြီး မိုက်ကယ်အနေနဲ့ ဘယ်လောက်ပဲ ဝေးဝေး သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို အဲဒီကိုယ်ပွားတွေရှိရာဆီ ချက်ချင်း ပြောင်းရွှေ့နိုင်စေပါတယ်။
ဒါက ကင်းစ်ဘရစ်ချ်နဲ့ ခြောက်သွေ့လွင်ပြင်ကို အသွားအပြန်လုပ်ရတာ အင်မတန် လွယ်ကူသွားစေတာပေါ့။
"တို့ကုမ္ပဏီ အခြေအနေ ဘယ်လိုရှိလဲ"
မိုက်ကယ်က ကုမ္ပဏီရဲ့ ရုံးခန်းအလွှာကို လှမ်းမြင်နေရတဲ့ ပြတင်းပေါက်ကနေ ငုံ့ကြည့်ရင်း မေးလိုက်ပါတယ်။
သူ နောက်ဆုံးလာခဲ့တုန်းကထက်စာရင် အဆောက်အဦထဲမှာ အလုပ်သမားတွေ အများကြီး ပိုစည်ကားနေတာပါ။ ရီနေးတားရဲ့ ကြီးထွားလာတဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့အတွက် ကက်စတယ်လာအနေနဲ့ လူတွေ အများကြီး ထပ်ငှားလိုက်ရပုံရပါတယ်။
"ကုမ္ပဏီက တကယ့်ကို ကောင်းကောင်း လည်ပတ်နေပါတယ် သခင်လေး။ အခုဆိုရင် ကင်းစ်ဘရစ်ချ် တစ်မြို့လုံးမှာ ကျွန်မတို့ရဲ့ ရေပိုက်စနစ်တွေ သွယ်တန်းပြီးသွားပြီဆိုတော့ လူတွေ ရေရဖို့ အရမ်းလွယ်သွားပါပြီ။ အဲဒီ တပ်ဆင်ခ တစ်ခုတည်းကတင် တို့တွေ ရွှေဒင်္ဂါး ဆယ်သန်းကျော် အသားတင် အမြတ်ရခဲ့ပါတယ်။
ပြီးတော့ သခင်လေး စိတ်ကူးထားတဲ့အတိုင်း လစဉ်ကြေးပေးသွင်းရတဲ့ ရေစစ်စနစ်ကိုလည်း အကောင်အထည်ဖော်ပြီးပါပြီ။ ဘုံဘိုင်ကနေ ရေကို တိုက်ရိုက်သောက်ချင်ကြတဲ့ မြို့သူမြို့သားတွေဆီကနေ လတိုင်း ရွှေဒင်္ဂါး သိန်းနဲ့ချီပြီး တို့တွေ ရနေပါတယ်"
မိုက်ကယ် ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်မိပါတယ်။
ကင်းစ်ဘရစ်ချ်ဟာ သူ့အရင်ဘဝက လူနေမှုအဆင့်အတန်းမျိုးဆီကို တဖြည်းဖြည်း နီးကပ်လာနေပါပြီ။ လူတွေအနေနဲ့ လစဉ် ရေဖိုးပေးဆောင်ရပေမဲ့လည်း သေစေနိုင်တဲ့ ရောဂါဘယတွေနဲ့ ကပ်ရောဂါတွေကနေ ကင်းဝေးသွားတာကြောင့် ဒါက ပေးရကျိုးနပ်ပါတယ်။
"မိလ္လာစနစ်ရော ဘယ်လိုလဲ" လို့ မိုက်ကယ်က မေးလိုက်ပါတယ်။
"အဲဒီဘက်မှာလည်း မျှော်လင့်ထားသလိုပါပဲ သခင်လေး။ ဘာအတားအဆီးမှမရှိဘဲ တည်ဆောက်ရေးလုပ်ငန်းတွေ အားလုံး ပြီးစီးသွားပါပြီ"
ကက်စတယ်လာက စီမံကိန်းတစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို မိုက်ကယ်ကို ပြလိုက်ပါတယ်။ သူက နိုဗာ့အကူအညီနဲ့ အသေးစိတ် စစ်ဆေးကြည့်တဲ့အခါ အရာအားလုံးဟာ သူတို့ စီစဉ်ထားတဲ့အတိုင်း အဆင်ပြေနေတာကို တွေ့ရပါတယ်။ ဆီဘက်စတီယန်နဲ့ မှော်မျှော်စင်ရဲ့ အကူအညီကြောင့် အစကတည်းက အလုပ်ရဲ့ အရည်အသွေးက စိတ်ချရပြီးသားပါ။
"တို့တွေရဲ့ ကြိုးပမ်းမှုကြောင့် မြို့ထဲမှာ ရောဂါဖြစ်ပွားနှုန်းက သိသိသာသာကို ကျဆင်းသွားပါတယ်" လို့ ကက်စတယ်လာက တက်တက်ကြွကြွ ပြောပြပါတယ်။
ဖာ့ဂျ်က မိုက်ကယ်ရဲ့ အရိပ်ထဲကနေ ခဏလေး ထွက်လာပြီး "ကျွန်ုပ်ရဲ့ ကိုယ်ပွားတွေ စစ်ဆေးကြည့်သလောက်လည်း မြို့ထဲမှာ ဘာကပ်ရောဂါမှ ပျံ့နှံ့တာမျိုး မရှိတော့ပါဘူး သခင်" လို့ ဝိုင်းပြောပေးပါတယ်။
နတ်ဘုရားမရဲ့ အချိန်မီ သတိပေးချက်ကြောင့် မြို့ထဲက လူသားတွေ အစုလိုက်အပြုံလိုက် သေဆုံးရမယ့် ဘေးကနေ အပြည့်အဝ တားဆီးနိုင်ခဲ့တာပါ။
"ဒါတင်မကသေးဘူးနော် သခင်လေး။ ကင်းစ်ဘရစ်ချ် ပတ်ပတ်လည်က နယ်မြေတွေကလည်း သူတို့ဆီမှာ အလားတူ မိလ္လာစနစ်နဲ့ ရေပိုက်စနစ်တွေ လာလုပ်ပေးဖို့ တို့ကို ဆက်သွယ်လာကြတယ်"
ကက်စတယ်လာက သူမရဲ့ စားပွဲပေါ်မှာ ပုံနေတဲ့ အဲဒီနယ်မြေတွေက နယ်စားတွေ၊ မြို့စားတွေဆီက ပေးစာပုံကြီးကို လက်ညွှန်ပြရင်း ပြောလိုက်ပါတယ်။
"အမှန်တိုင်းဝန်ခံရရင်၊ ဒီလို လစဉ်ကြေးကောက်တဲ့စနစ်က တကယ့်ကို ပါရမီရှင်ဆန်တဲ့ အတွေးအခေါ်ပါပဲ။ ကုမ္ပဏီက အိမ်တွေမှာ ပိုပိုပြီး ရေပိုက်စနစ် တပ်ဆင်ပေးနိုင်လေလေ၊ နှစ်စဉ်ရရှိမယ့် လစဉ်ကြေး ဝင်ငွေကလည်း ဆက်တိုက် တိုးလာနေမှာပဲ။ ဒီလို ငွေတွေ အများကြီး ဝင်လာတာက ရီနေးတားကို ကင်းစ်ဒေသတစ်ခုလုံးဆီ ချဲ့ထွင်နိုင်အောင် အထောက်အကူပြုမှာဖြစ်သလို၊ မျှော်လင့်ချက်အတိုင်းဆိုရင် ကွင်းစ်ဒေသဆီကိုပါ ထိုးဖောက်နိုင်မှာပါ"
သူတို့ရှိနေတဲ့ နိုင်ငံကို ဒေသအသီးသီးနဲ့ ပိုင်းခြားထားတာပါ။ ကင်းစ်ဘရစ်ချ်မြို့နဲ့ မိုက်ကယ်ရဲ့ နေအိမ်စံအိမ် နှစ်ခုလုံးဟာ ကင်းစ်ဒေသထဲမှာ တည်ရှိပါတယ်။ ကင်းစ်ဒေသရဲ့ အောက်ဘက်မှာတော့ ခြောက်သွေ့လွင်ပြင်ပဲ ရှိပြီး၊ ဘယ်ဘက်နဲ့ ညာဘက်မှာတော့ သမုဒ္ဒရာတွေ ဝန်းရံထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အထက်ဘက်မှာတော့ ကွင်းစ်ဒေသလို့ ခေါ်တဲ့ နယ်မြေ ရှိနေတာပါ။
သူတို့အနေနဲ့ ရီနေးတားကုမ္ပဏီကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အောင် ဆက်ပြီး ကြီးထွားစေချင်တယ်ဆိုရင်တော့ အရင်ဆုံး ဒီနိုင်ငံတစ်ခုလုံးကို လွှမ်းမိုးနိုင်ရပါမယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် နိုင်ငံရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို သွားလာနိုင်ဖို့ ကွင်းစ်ဒေသဆီကို အရင်ဆုံး ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။
"အခြေအနေ ဘယ်လိုလဲ" လို့ မိုက်ကယ်က မေးလိုက်တယ် "ကွင်းစ်ဒေသဆီကို သွားနိုင်ဖို့ အခြေအနေ ကောင်းလား"
သူ ဒီလိုမေးရတာက ကွင်းစ်ဒေသဟာ သွားရလာရ ခက်ခဲလို့ပါပဲ။ အဓိက အကြောင်းရင်းကတော့ ဒေသနှစ်ခုကြားမှာ ခြားထားတဲ့ တောင်တန်းကြီးတွေကြောင့် ဖြစ်ပါတယ်။ ကုန်သည်တွေဟာ ကွင်းစ်ဒေသကို ရောက်ဖို့အတွက် အန္တရာယ်များတဲ့ ချိုင့်ဝှမ်းတွေနဲ့ မြေပြိုတတ်တဲ့ နေရာတွေကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရတာပါ။
"အဲဒီမှာ ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေ ပျံ့နှံ့ဖို့တော့ အောင်မြင်မှုတွေ ရှိနေပါတယ်" လို့ ကက်စတယ်လာက ပြန်ဖြေပါတယ်။
"တစ်ခုတည်းသော ပြဿနာက ကျွမ်မတို့ရဲ့ ချဲ့ထွင်မှု အရှိန်ပါပဲ။ လမ်းခရီး ကြမ်းတမ်းတာကြောင့် လောလောဆယ်မှာ အဲဒီဒေသကို ဆပ်ပြာနဲ့ မီးခြစ်ဆံတွေကိုပဲ သယ်ယူပို့ဆောင်နိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းအားလုံးကို ဒီ ကင်းစ်ဘရစ်ချ်မှာပဲ ထုတ်လုပ်ပြီး ဟိုးအဝေးကြီးအထိ သယ်နေရတာကိုး။
ဘုံဘိုင်ခေါင်းတွေနဲ့ ပိုက်တွေကို သယ်ယူဖို့က တော်တော်လေး ခက်ခဲတာကြောင့် အဲဒီမှာ ရေပိုက်စနစ်ကို အကောင်အထည် မဖော်နိုင်သေးတာပါ။ ရထားတဲ့ အမြတ်ငွေတွေနဲ့ ကွင်းစ်ဒေသမှာ ရုံးခွဲအကြီးကြီး တစ်ခု တည်ဆောက်ပြီးသွားရင်တော့ အရာအားလုံးက အများကြီး ပိုလွယ်ကူသွားမှာပါ"
ကက်စတယ်လာ ကြုံတွေ့နေရတဲ့ ပြဿနာကို မိုက်ကယ် အသေအချာ စဉ်းစားလိုက်ပါတယ်။ သူက အခြေအနေကို ပိုပြီး ကောင်းကောင်း မြင်နိုင်ဖို့အတွက် နိုင်ငံရဲ့ မြေပုံကို စိတ်ထဲမှာ ပုံဖော်ပြဖို့ နိုဗာကို ခိုင်းလိုက်ပါတယ်။
ကြည့်ရသလောက်တော့ သူတို့ရဲ့ ချဲ့ထွင်မှုကို တားဆီးနေတဲ့ တစ်ခုတည်းသော အရာက တောင်တန်းဒေသတွေရဲ့ ကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်ပါပဲ။
အဲဒီနောက်မှာတော့ သူ့ရဲ့ မျက်လုံးတွေက တောင်တန်းတွေ ဘေးက ဘာအတားအဆီးမှ မရှိတဲ့ ကွက်လပ်နေရာလွတ်တစ်ခုဆီကို ရောက်သွားခဲ့ပါတယ်။
"ဒါကို ကြည့်စမ်း"
သူက နိုင်ငံမြေပုံကို လေထဲမှာ ပုံရိပ်ယောင်အဖြစ် ပြသရင်း ကက်စတယ်လာကို ပြောလိုက်ပါတယ်။
"တို့တွေ ဒီတောင်တန်းတွေ ဘေးကနေ ဘာလို့ ဖြတ်မသွားနိုင်ရမှာလဲ"
ကက်စတယ်လာက မြေပုံကို သေချာကြည့်ပြီး ခေါင်းခါလိုက်ပါတယ်။
"ဒါက မဖြစ်နိုင်ဘူး သခင်လေး။ အဲဒီနေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူပုနိုင်ငံတော် ရှိနေတာပါ။ သူတို့က လူသားတွေအပေါ် ရန်လိုကြသလို သူတို့နယ်မြေထဲ ဝင်ဖို့ ကြိုးစားတဲ့ လူသားမှန်သမျှကို အမြဲတမ်း ငြင်းပယ်လေ့ရှိတယ်"
မိုက်ကယ်လည်း ဒါကို ကြားလိုက်ရတော့ လူပုနိုင်ငံတော်ကို ရီနေးတားကုမ္ပဏီအတွက် တံခါးဖွင့်ပေးဖို့ အတင်းအကျပ် လုပ်လို့မရနိုင်ဘူးဆိုတာကို သိလိုက်ပါတယ်။
လောလောဆယ်တော့ တခြားနည်းလမ်းပဲ ရှာရတော့မှာပေါ့။
"ဪ... ကက်စတယ်လာ... ငါ မေ့တော့မလို့။ အခုတစ်ခါ လာလည်ရတဲ့ အကြောင်းရင်းက မင်းကို ရောင်းခိုင်းချင်တဲ့ တခြား ထုတ်ကုန်တစ်ခု ရှိသေးလို့ပါ။ အဲဒါကို ကွန်ကရစ် လို့ ခေါ်တယ်..."
* * * * * * * * *
စာစဉ်(၆)
အခန်း(၇၂)
မိုက်ကယ်က ရီနေးတားကုမ္ပဏီရဲ့ နောက်ထပ်စီမံကိန်းတွေအကြောင်း ကက်စတယ်လာနဲ့ ဆွေးနွေးပြီးနောက် ခြောက်သွေ့လွင်ပြင်ဆီ ပြန်လာခဲ့ပါတယ်။ ကွန်ကရစ်ရဲ့ အသုံးဝင်ပုံတွေကို ပြောပြလိုက်တဲ့အခါ ကက်စတယ်လာက ချက်ချင်းဆိုသလို သဘောပေါက်သွားပြီး ဒါဟာ လူကြိုက်အများဆုံး ပစ္စည်းတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို သိလိုက်ပါတယ်။
ဒါပေမဲ့ ကက်စတယ်လာက ကွန်ကရစ်တွေကို စတင်မရောင်းချခင်မှာ လက်ကျန်အလုံအလောက် အမြဲရှိနေစေဖို့ အရင်ဆုံး အသေအချာ ပြင်ဆင်ထားသင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ရေပိုက်စနစ်အကြောင်း ကြေညာပြီးတဲ့နောက် ရုံးခန်းထဲမှာ ရှုပ်ယှက်ခတ်သွားခဲ့တာကို သူမ သင်ခန်းစာ ရသွားခဲ့တာပါ။
ကင်းစ်ဘရစ်ချ်မှာ ဘုံဘိုင်ခေါင်းတွေနဲ့ ရေပန်းတွေအပေါ် ဝယ်လိုအား ဘယ်လောက်အထိ များလာမလဲဆိုတာကို သူမ အထင်သေးခဲ့မိတာကြောင့် ဝယ်လိုအားကို အမီလိုက်နိုင်ဖို့ ရီနေးတားရုံးခန်းတွေမှာ အလွန်အမင်း အလုပ်ရှုပ်သွားခဲ့ရပါတယ်။ အဲဒီတုန်းက အလုပ်သမားတွေ အပူတပြင်း ထပ်ငှားလိုက်ရတာကြောင့် မျှော်လင့်ထားတာထက် ငွေတွေ အများကြီး ပိုကုန်ခဲ့ရတာကိုး။
ကွန်ကရစ်အပေါ် ဝယ်လိုအားဟာ ရေပိုက်စနစ်တုန်းကထက်စာရင် မလျော့ရင်တောင် ပိုလာနိုင်တယ်လို့ ကက်စတယ်လာက ခန့်မှန်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကွန်ကရစ်ကို သုံးမယ်ဆိုရင် ကင်းစ်ဘရစ်ချ် တစ်မြို့လုံးကို ပတ်ထားတဲ့ ၁၀ ပေမြင့်တဲ့ နံရံကြီးကိုတောင် ရက်ပိုင်းအတွင်း ဆောက်နိုင်တာ မဟုတ်လား။ အဲဒီလောက် မြန်ဆန်တဲ့ အချိန်ကာလကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ။
ဒါတင်မကဘဲ တခြားပစ္စည်းတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီး ခိုင်ခံ့တာ၊ ကြာရှည်ခံတာနဲ့ ဈေးသက်သာတာတွေကြောင့် လူတိုင်းက သူတို့ရဲ့ အဆောက်အဦတွေကို ကွန်ကရစ်နဲ့ပဲ ဆောက်ချင်ကြမှာပါ။
ဒါကြောင့် မိုက်ကယ်နဲ့ ကက်စတယ်လာတို့ နှစ်ယောက်စလုံးဟာ မိုက်ကယ်ရဲ့ရွာက ထုတ်လုပ်မယ့် ကွန်ကရစ်တွေကို အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ဖို့ ခြောက်သွေ့လွင်ပြင်ကနေ ဗန်ဒါဘစ်စံအိမ်အထိ လမ်းကောင်းကောင်းတစ်ခု အရင်ဖောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
နေရာနှစ်ခုကို တိုက်ရိုက်ချိတ်ဆက်ပေးမယ့် အဝေးပြေးလမ်းမကြီး ရှိနေမယ်ဆိုရင် ကက်စတယ်လာအနေနဲ့ ကွန်ကရစ်တွေကို ထုတ်လုပ်ပြီး တစ်ပတ်အတွင်းမှာတင် လိုအပ်သမျှ အကုန်လက်ခံရရှိနိုင်မှာပါ။
ဒါဟာ မိုက်ကယ်အနေနဲ့ ဒီလိုသယ်ယူပို့ဆောင်ရေးအတွက် ထရပ်ကားအကြီးစားတစ်စီးကို အထူးဖန်တီးပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရပါတယ်။ ဒီကားအသစ်ကို ဖန်တီးဖို့အတွက် ခုန်းရဲ့ အကူအညီကို ယူဖို့ သူ အစီအစဉ်ဆွဲထားပြီးသားပါ၊ ဒါက ကားဖန်တီးမှု လုပ်ငန်းစဉ်ကို ပိုပြီး မြန်ဆန်စေမှာပါ။
အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ ရွာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကက်စတယ်လာဆီကနေ အလွယ်တကူ မှာယူနိုင်တာပါပဲ။ ခြောက်သွေ့လွင်ပြင်မှာ သဘာဝအတိုင်း မရနိုင်ဘဲ မိုက်ကယ်နဲ့ ရွာသားတွေအတွက် လိုအပ်နေတဲ့ အရာတွေ အများကြီး ရှိပါတယ်။
ဟင်းချက်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေ၊ စိုက်ခင်းအတွက် မျိုးစေ့တွေနဲ့ လူသားတွေနေထိုင်ရာ ဒေသမှာရှိတဲ့ ရီနေးတားရဲ့ ကြီးမားတဲ့ ဝယ်ယူနိုင်စွမ်းအားကို သုံးမှရနိုင်မယ့် တခြား ရှားပါးပစ္စည်းတွေပေါ့။
ဒါကြောင့် သူက ရွာအတွက် ကုန်ပစ္စည်းတွေ ဖလှယ်ဖို့ ကက်စတယ်လာကို လော့လိုနဲ့ ညှိနှိုင်းခိုင်းလိုက်ပါတယ်။ နှစ်ပတ်တစ်ခါမှာ မျောက်လူတစ်အုပ်က ဗန်ဒါဘစ်စံအိမ်ကို သွားပြီး ကက်စတယ်လာ ပို့ပေးလိုက်တဲ့ ပစ္စည်းတွေကို သွားယူဖို့ သူတို့ သဘောတူလိုက်ကြတယ်။ ဒါက အသစ်ရောက်လာတဲ့ ဟော့ဘ်မျောက်လူတွေနဲ့အတူ တိုးချဲ့နေတဲ့ ရွာအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
ဒီလိုနဲ့ ကက်စတယ်လာနဲ့ စကားပြောပြီးနောက် မိုက်ကယ်ဟာ လောလောဆယ် သူ လုပ်ဆောင်ပေးနိုင်တာမှန်သမျှကို အားလုံး စီစဉ်ပြီးသွားခဲ့ပါပြီ။
* * * * * * * * *
ဟိုးအဝေးတစ်နေရာမှာ...
ကင်းစ်ဒေသနဲ့ ကွင်းစ်ဒေသကို ပိုင်းခြားထားတဲ့ တောင်တန်းကြီးတွေရဲ့ ချိုင့်ဝှမ်းကြားမှာ မြေပြင်ဟာ အင်မတန် ပြင်းထန်တဲ့ အရှိန်နဲ့ စတင်တုန်ခါလာပါတော့တယ်။
သစ်ပင်တွေဟာ မြေကြီးထဲကနေ အမြစ်ကအစ ကျွတ်ထွက်ကုန်ကြပါတယ်။ ငှက်တွေနဲ့ တိရစ္ဆာန်တွေလည်း ပိုပြီး ခိုင်ခံ့တဲ့ မြေနေရာကို ရှာဖို့ သူတို့ရဲ့ နေရင်းဒေသတွေကနေ ထွက်ပြေးကုန်ကြတယ်။ ကုန်သည်တွေ အမြဲသွားလာနေကျ လမ်းကြောင်းတွေတောင်မှ မြေပျော့တွေ စုနေတဲ့ နေရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒီငလျင်ရဲ့ ပြင်းအားကြောင့် တောင်တန်းတွေပေါ်က ကျောက်တုံးကြီးတွေ ပြုတ်ထွက်လာပြီး အောက်ခြေမြေပြင်ဆီကို တလိမ့်ခေါက်ကွေး အရှိန်နဲ့ ကျဆင်းလာပါတယ်။ နာရီတွေ ကုန်ဆုံးသွားတာတောင် ငလျင်က အရှိန်လျော့မသွားဘဲ အရင်ကထက် ပိုပြီးတော့တောင် ပြင်းထန်လာတာကြောင့် တောင်တန်းကြီးတွေဟာ နေရာကနေ ပြုတ်ထွက်ကုန်ပါတော့တယ်။
ကင်းစ်ဒေသနဲ့ ကွင်းစ်ဒေသကြားက နယ်နိမိတ် အတော်များများကို မကြုံစဖူး ပြင်းထန်လှတဲ့ မြေပြိုမှုကြီးက ဖုံးလွှမ်းသွားခဲ့ပြီး လောလောဆယ် သွားလာလို့ မရအောင် ဖြစ်သွားခဲ့ရပါတယ်။
ဒါပေမဲ့ ဒါတင်မကသေးပါဘူး။
ပန်းပဲပညာမှာ ထိပ်တန်းလို့ ကျော်ကြားတဲ့ လူပုနိုင်ငံတော်ဟာလည်း မမျှော်လင့်ဘဲ ရောက်လာတဲ့ ဆူနာမီလို မြေပြိုမှုကြီးကို မခုခံနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေ အားလုံးက ညဉ့်နက်ပိုင်း လူပုအများစု အိပ်ပျော်နေချိန် ဒါမှမဟုတ် အရက်တွေ သောက်ပြီး မူးနေချိန်မှာ ဖြစ်ပျက်ခဲ့တာကလည်း ပိုပြီး ဆိုးသွားစေခဲ့တာပါ။
ဒါပေမဲ့ သူတို့ရဲ့ ခိုင်ခံ့တဲ့ ဆောက်လုပ်ရေး နည်းစနစ်တွေကြောင့် သူတို့ရဲ့ အဆောက်အဦတွေဟာ မြေပြိုမှုရဲ့ ပထမလှိုင်းကိုတော့ တောင့်ခံနိုင်ခဲ့ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အချိန်ရခဲ့ပါတယ်။ လူပုတွေဟာ သူတို့ရဲ့ အိမ်တွေနဲ့ ဖိုခုံလောက်တွေ မြေပြိုမှုအောက်မှာ အမှိုက်ပုံလို ဖြစ်သွားတာကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရရုံပါပဲ။
တောင်ပေါ်ကနေ ကျလာတဲ့ ရွှံ့ညွန်တွေနဲ့ ကျောက်ခဲတွေပဲ ဖြစ်ပေမဲ့လည်း သူတို့နယ်မြေထဲကို စီးဝင်လာတဲ့ အရှိန်ကတော့ လူပုတို့ရဲ့ အဆောက်အဦး အတော်များများကို မိနစ်ပိုင်းအတွင်းမှာတင် ဖျက်ဆီးပစ်ဖို့ လုံလောက်နေခဲ့ပါတယ်။
တစ်ဖက်မှာလည်း လူပုဘုရင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်းကနေ အနှိုးခံလိုက်ရပြီး လက်ရှိ အခြေအနေကို အသိပေးခံလိုက်ရပါတယ်။ သူဟာ သူ့နိုင်ငံရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးဖို့အတွက် အတော်ဆုံး အင်ဂျင်နီယာတွေနဲ့ ပန်းပဲဆရာတွေကို ချက်ချင်း စုရုံးလိုက်ပါတယ်။
အချိန်အတော်ကြာ အစည်းအဝေးလုပ်ပြီးနောက်မှာတော့ လူပုတွေရဲ့ ဘုံသဘောတူညီချက်အရ မြေပြိုမှုကြောင့် ပြိုကျသွားတဲ့ မြို့ရိုးရဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်ဆောက်ဖို့တင် အနည်းဆုံး တစ်လလောက် ကြာလိမ့်မယ်လို့ သိရပါတယ်။ ဒီကံဆိုးမိုးမှောင်ကျမှုထဲမှာ ပါသွားတဲ့ လူပုတွေရဲ့ အိမ်တွေနဲ့ ဖိုခုံလောက်တွေကို ပြန်လည်တည်ဆောက်ဖို့ဆိုရင်တော့ လပေါင်းများစွာ ကြာဦးမှာပါ။
ဒီဘေးအန္တရာယ်ကြောင့် လူပုတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့ လူပုဘုရင်ကတော့ စိုးရိမ်စိတ်နဲ့ သူရဲ့ ကျစ်ထားတဲ့ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်နေမိပါတယ်။ ဘာပဲဖြစ်ဖြစ် မြို့ရိုးက ပျက်စီးနေပြီဖြစ်သလို ထောင်နဲ့ချီတဲ့ လူပုတွေလည်း အိမ်မဲ့ရာမဲ့ ဖြစ်နေတာကြောင့် သူတို့နိုင်ငံတော်ဟာ အပြင်လောကရဲ့ အန္တရာယ်တွေအတွက် အားနည်းတဲ့ အခြေအနေကို ရောက်နေပါပြီ။
ဒါဟာ သူတို့ရဲ့ လက်ရှိ လက်မှုပညာ အဆင့်မြင့်နေတာနဲ့တင် ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် လူပုဘုရင်ဟာ လက်ရှိပြဿနာအတွက် အဖြေတစ်ခုကို ရှာဖို့ ကြိုးစားရင်း သူရဲ့ ရာဇပလ္လင်ပေါ်မှာ အလေးအနက် အတွေးပွားနေခဲ့ပါတယ်။
ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ဒီသတင်းဟာ လူပုနိုင်ငံတော်ရဲ့ အနီးအနားက နယ်မြေတွေဆီကို လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ အထူးသဖြင့်၊ အခုခေတ် ကမ္ဘာ့အကြီးကျယ်ဆုံး စီးပွားရေးသမားကြီး ဖြစ်တဲ့ အိုင်းဇ် ဗန်ဒါဘစ် ရဲ့ နားထဲကိုလည်း ဒီသတင်း ရောက်သွားခဲ့တာပေါ့။
အတိုင်ပင်ခံတွေက အခြေအနေကို လာပြောပြတဲ့အခါ အဘိုးကြီးက ပြုံးလိုက်ပါတယ်။
"လူပုဘုရင်ဆီကို ကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်ပါ" လို့ သူက ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ "သူ့ရဲ့ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေ၊ ပစ္စည်းတွေနဲ့ လူအင်အား အားလုံးကို ကူညီပေးဖို့ တို့တွေ အသင့်ရှိနေကြောင်း သွားပြောလိုက်ပါ"
ဒီခေါင်းမာတဲ့ လူပုဘုရင်ကြီးဆီကို ထိုးဖောက်နိုင်ဖို့အတွက် ဒါဟာ တစ်သက်မှာ တစ်ခါမှ မရနိုင်တဲ့ အခွင့်အရေးဆိုတာကို အိုင်းဇ်က ချက်ချင်း သိလိုက်ပါတယ်။
ကမ္ဘာ့အကြီးကျယ်ဆုံး စီးပွားရေးသမားကြီး၊ ဗန်ဒါဘစ် ခြင်္သေ့ကြီး အဖြစ် အောင်မြင်မှုတွေ အများကြီး ရခဲ့ပေမဲ့လည်း အိုင်းဇ်ဟာ လူပုနိုင်ငံတော်ဆီကို သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ အမြဲတမ်း ကျရှုံးခဲ့ရတာပါ။ သူတို့နယ်မြေထဲကို ကုမ္ပဏီတွေ ယူဆောင်လာဖို့ ကြိုးစားတဲ့ လူသားမှန်သမျှကို သူတို့က အမြဲတမ်း ငြင်းပယ်ခဲ့တာကိုး။
ဒါပေမဲ့ အခုတော့ သူ အခွင့်အရေးတစ်ခု မြင်နေရပါပြီ။ အကယ်၍သာ လူပုဘုရင်ရဲ့ မျက်နှာသာပေးမှုကို သူ ရရှိခဲ့မယ်ဆိုရင် အိုင်းဇ်အနေနဲ့ လူပုတွေနဲ့ စီးပွားရေး ဖလှယ်ခွင့် ရလာမှာဖြစ်သလို သူတို့ဆီက သီးသန့်ထုတ်ကုန်တွေကိုလည်း ရနိုင်တော့မှာပါ။
ဖြစ်နိုင်ခြေ နည်းပေမဲ့လည်း သူ ဒီအခွင့်အရေးကို ဆုပ်ကိုင်ရမှာပါပဲ။ အောင်မြင်သွားမယ်ဆိုရင်တော့ သူဟာ သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး ပထမဆုံး လုပ်နိုင်ခဲ့တဲ့သူအဖြစ် မှတ်တမ်းတင်ခံရမှာပဲ မဟုတ်လား။
* * * * * * * * *