← Chapters

အခန်း (၆၁-၆၁)

Vol. 6 Ch. 61-62

အခန်း (၆၁-၆၁)

Vol. 6 Ch. 61-62

အခန်း(၆၁)

မိုက်ကယ် စိတ်လှုပ်ရှားသွားပါတယ်။ သူ ခြောက်သွေ့လွင်ပြင်ဆီ ပြောင်းရွှေ့ချင်ရတဲ့ အကြောင်းရင်းတစ်ခုကလည်း အလားအလာရှိတဲ့ ပါရမီပါတဲ့ မိစ္ဆာတွေကို တွေ့နိုင်ခြေရှိလို့ပါပဲ။ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို သူ နိုးထစေနိုင်ကြောင်း သိရှိခဲ့ပြီးကတည်းက သူ့စိတ်ထဲမှာ ဖြစ်နိုင်ခြေအသစ်တွေ အများကြီး ပေါ်ပေါက်လာခဲ့တယ်။

လူအများစုက မိစ္ဆာတွေနဲ့ မှော်သားရဲတွေကို ပါရမီမရှိဘဲ ဗီဇအတိုင်းပဲ နေထိုင်တတ်တဲ့ သတ္တဝါတွေအဖြစ် လျစ်လျူရှုထားတတ်ကြတယ်။ ဒါပေမဲ့ ဖာ့ဂျ်နဲ့ တွေ့ပြီးကတည်းက မိစ္ဆာတွေကလည်း လူသားတွေလိုပဲ ပါရမီပါနိုင်တာကို သူ သဘောပေါက်ခဲ့တာပါ။

ဒါကြောင့်မို့လည်း အခုလို မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ အခြေအနေကို သူ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါတယ်။ သူက ကားကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ဖို့ ချက်ချင်းပဲ အပြင်ကို ထွက်လိုက်တယ်။

သူ့အမြင်မှာတော့ ဘယ်သက်ရှိမှ ရှိမနေဘဲ အဆုံးမရှိတဲ့ မြေကွဲအက်နေတဲ့ လွင်ပြင်ကြီးနဲ့ အဝေးမှာ လေတိုက်ရာ ပါသွားတတ်တဲ့ ခြောက်သွေ့အပင်အနည်းငယ်ကိုပဲ တွေ့ရတယ်။ စွမ်းရည်တွေက မမှားနိုင်ကြောင့် တစ်နေရာရာမှာ သက်ရှိတစ်ခုခု ရှိနေမယ်ဆိုတာကို မိုက်ကယ် သိပေမဲ့ သာမန်မျက်စိနဲ့တော့ မမြင်နိုင်ခဲ့ပါဘူး။

သူက မြေပြင်မှာရှိတဲ့ မှော်စွမ်းအင်တွေကို မြင်နိုင်ခံစားနိုင်ဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်း ကို အသုံးပြုပြီး အာရုံခံစားမှုကို အမြင့်ဆုံး မြှင့်တင်လိုက်ပါတယ်။ မြေဓာတ်မှော်စွမ်းအင်က အပေါများဆုံးဖြစ်ပြီး လေဓာတ်နဲ့ မီးဓာတ်တို့က နောက်ကလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ကောင်းကင်က တိမ်တိုက်လေးတွေကလွဲရင် မြေပြင်မှာ ရေဓာတ်မှော်စွမ်းအင်ကို လုံးဝ ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ သူ မျက်မှောင်ကြုတ်ပြီး သဲပုံလေးတွေနဲ့ မြေပုံလေးတွေကို သေချာကြည့်လိုက်တဲ့အခါ သက်ရှိတွေဆီကပဲ ထွက်ပေါ်တတ်တဲ့ အလင်းဓာတ်မှော်စွမ်းအင် စုစည်းမှုကို တွေ့လိုက်ရတယ်။ ထူးဆန်းတာက အဲဒီအလင်းတန်းလေးတွေက တဖြည်းဖြည်း မှိန်ဖျော့လာပြီး သေဆုံးသွားသူတွေဆီကပဲ ထွက်ပေါ်တတ်တဲ့ အမှောင်ဓာတ်မှော်စွမ်းအင်အဖြစ် ပြောင်းလဲတော့မယ့်ပုံစံနဲ့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာပါ။

သူတို့မှာ အချိန် သိပ်မကျန်တော့ပါဘူး။ သူ အခုချက်ချင်း လှုပ်ရှားမှ ဖြစ်တော့မယ်။

မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကနေ ငွေရောင်အလင်းတန်းတွေ ချက်ချင်း ထွက်ပေါ်လာပြီး လေဓာတ်မှော်စွမ်းအင်တွေက သူ့ခြေထောက်မှာ စုစည်းလာကာ သူ့ကို ကောင်းကင်ယံထဲ ပျံတက်စေလိုက်ပါတယ်။ အဲဒီအရှိန်က သူ့ကားထက်တောင် ပိုမြန်နေပါသေးတယ်။

ဒီ ကြယ်သုံးပွင့်မန္တန်ဖြစ်တဲ့ လေဟုန်စီးခြင်းနဲ့ သူဟာ သေလုမျောပါး ဖြစ်နေတဲ့ သတ္တဝါတွေဆီကို အချိန်မီ ရောက်ရှိသွားခဲ့တယ်။

မြေပြင်ပေါ် ဆင်းသက်လိုက်တဲ့အခါ မိုက်ကယ်ရဲ့ မျက်စိထဲမှာ သူ့အရင်ဘဝက မျောက်မျိုးနွယ်တွေနဲ့ တူတဲ့ တိရစ္ဆာန်အုပ်လေးကို တွေ့လိုက်ရတယ်။ သူတို့က မြေပြင်ပေါ်မှာ တစ်ကောင်နဲ့တစ်ကောင် ကပ်ပြီး လဲလျောင်းနေကြပြီး အသက်ရှူဖို့ အလုအယက် ကြိုးစားနေကြတယ်။ သူတို့ရဲ့ အသက်ရှူသံက တစ်ချက်ပြီးတစ်ချက် ပိုပြီး တိုတောင်းလာနေပါတယ်။

မိုက်ကယ်က လက်ကိုမြှောက်ပြီး ကောင်းကင်ယံကို ကြည့်လိုက်ပါတယ်။ အခုအချိန်မှာ သူတို့ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အလင်းဓာတ်မှော်စွမ်းအင်တွေ ထည့်သွင်းပေးဖို့ပါပဲ။

ပုံမှန်ဆိုရင် သစ်ပင်တွေ၊ မြက်ပင်တွေနဲ့ ပတ်ဝန်းကျင် သဘာဝတရားတွေဆီကနေ အလင်းဓာတ်မှော်စွမ်းအင်ကို နေရာတိုင်းမှာ အလျှံပယ် တွေ့နိုင်ပေမဲ့ ဒီနေရာမှာတော့ ဘာမှ ရှိမနေဘူး။ ဒါကြောင့် သူ့ရဲ့ တစ်ခုတည်းသော အလင်းဓာတ် အရင်းအမြစ်က နေမင်းကြီးပဲ ဖြစ်ပါတယ်။

သူက ကြီးမားလှတဲ့ နေလုံးကြီးကို စိုက်ကြည့်ပြီး လက်နဲ့ ဆုပ်ကိုင်ဖမ်းယူလိုက်ပါတယ်။ အဲဒီအခါ ကောင်းကင်ကနေ မြင်သာတဲ့ အလင်းလုံးလေးတွေ လွင့်ပျံကျလာပြီး သူ့လက်ဖဝါးထဲမှာ စုစည်းသွားတာပါ။

ပြီးတော့ သူက အဲဒီအလင်းဓာတ်မှော်စွမ်းအင်တွေကို သေလုဆဲဆဲ သတ္တဝါတွေဆီ ထည့်သွင်းပေးလိုက်ပြီး သက်စောင့်အားကို ဖြည့်တင်းပေးလိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ သတ္တဝါတွေရဲ့ အသက်ရှူသံက ပိုကောင်းလာပြီး မျက်နှာပေါ်က နာကျင်နေတဲ့ အမူအရာတွေလည်း ပျောက်ကွယ်သွားကာ သက်သာရာရသွားခဲ့တယ်။

အခုလောလောဆယ်တော့ အဆင်ပြေသွားပြီ ဖြစ်ပေမဲ့ ဒါက ယာယီဖြေရှင်းချက်ပါပဲ။ ကြယ်သုံးပွင့်မန္တန်ဖြစ်တဲ့ ဆေးပညာဆိုင်ရာ စစ်ဆေးခြင်း နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီသတ္တဝါတွေဟာ ရေနဲ့ အစားအစာ လိုအပ်နေတာကို သူ သိလိုက်ရတယ်။ ဒါနဲ့ သူတို့ကို ကားပေါ်တင်ပြီး သူ့အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။

မိုက်ကယ်က သတိပြန်လည်လာတဲ့ သတ္တဝါတွေကို အကဲခတ်ကြည့်လိုက်တယ်။

'နိုဗာ... ဒါတွေက ဘယ်လိုသတ္တဝါမျိုးတွေလဲ'

မိုက်ကယ် မထွက်ခွာခင်ကတည်းက သူ့ဖခင်က ခြောက်သွေ့လွင်ပြင်မှာ နေထိုင်ကြတဲ့ သိသမျှ မှော်သားရဲတွေ၊ မိစ္ဆာတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေအကြောင်း အပြည့်အစုံပါတဲ့ မှတ်တမ်းစာအုပ်ကို ပေးခဲ့တာပါ။ ဒါကြောင့် နိုဗာအတွက်တော့ ခွဲခြားရတာ မခက်ခဲခဲ့ပါဘူး။

[ကျွန်ုပ် လေ့လာကြည့်သလောက်ဆိုရင် သူတို့က မျောက်လူလို့ခေါ်တဲ့ မျိုးစိတ်တွေပါ။ သူတို့က ခြောက်သွေ့လွင်ပြင် တစ်နယ်လုံးမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ အားအနည်းဆုံး မျိုးစိတ်တွေ ဖြစ်ပါတယ်။

ခြောက်သွေ့လွင်ပြင်ရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ သူတို့မှာ ထူးခြားတဲ့ စွမ်းရည် ဒါမှမဟုတ် စရိုက်လက္ခဏာမျိုး မရှိကြပါဘူး။ သူတို့မျိုးနွယ် ဒီနေ့အထိ ရှင်သန်နေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူတို့အချင်းချင်းကြားက စည်းလုံးမှုကြောင့်ပါပဲ]

- - မျိုးစိတ်: အဝါရောင်မျောက်လူ

မိုက်ကယ်က မန်ကီတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ မျက်နှာက သူ့အရင်ဘဝက နီယန်ဒါသယ်လ်ထဲ မျောက်လူတွေနဲ့ ခပ်ဆင်ဆင် တူနေတာကို တွေ့ရတယ်။

မျက်နှာရဲ့ အစိတ်အပိုင်းအချို့ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို စွန်းထင်းနေတဲ့ အဝါရောင် အမွှေးအမျှင်တွေက ဖုံးလွှမ်းထားတာပါ။ ကျောဘက်မှာလည်း အမြီးတစ်ခု ပါနေတာကြောင့် မိုက်ကယ်က သူတို့ကို စတွေ့ကတည်းက မျောက်မျိုးနွယ်လို့ ထင်ခဲ့တာပါ။

မိုက်ကယ်က အဝါရောင်မျောက်လူတွေ သတိပြန်ရလာတဲ့အထိ စောင့်နေလိုက်ပါတယ်။ သူတို့ကို ရေနဲ့ အစားအစာ ကျွေးထားတာလည်း ကြာပြီဆိုတော့ သူတို့ နိုးလာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ မျောက်လူငါးကောင်စလုံး တစ်ကောင်ပြီးတစ်ကောင် မျက်လုံးတွေ ဖြည်းဖြည်းချင်း ပွင့်လာပါတော့တယ်။

သူတို့ရဲ့ လက်ရှိအခြေအနေကို သဘောပေါက်ဖို့ ကြိုးစားနေစဉ်မှာ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ဝေခွဲမရဖြစ်တာတွေ ပေါ်လွင်နေတယ်။ ပြင်းထန်လှတဲ့ နေပူရှိန်အောက်မှာ သူတို့ ဘယ်လို ရှင်သန်ခဲ့လဲဆိုတာကို အံ့သြပြီး ကိုယ့်ခန္ဓာကိုယ်ကိုယ် ပြန်စမ်းကြည့်နေကြတာပါ။

အဲဒီနောက် သူတို့ရဲ့ ထူးဆန်းတဲ့ ပတ်ဝန်းကျင်သစ်ကို လှည့်ပတ်ကြည့်ရင်း သူတို့ကို စိုက်ကြည့်နေတဲ့ မိုက်ကယ်ကို မြင်သွားပါတော့တယ်။ ဒီသတ္တဝါတွေက မိုက်မဲတဲ့သတ္တဝါတွေ မဟုတ်ပါဘူး။ သဲကန္တာရရဲ့ အပူရှိန်အောက်မှာ သူတို့ သေသွားသင့်ပြီ ဖြစ်ပေမဲ့ အခု ဒီစေတနာရှင်ကြောင့် တစ်နည်းနည်းနဲ့ အသက်ဘေးက လွတ်ခဲ့ရတာကို သူတို့ နားလည်ကြတယ်။

မျောက်လူ ငါးကောင်စလုံးက သူ့ကို ကယ်တင်ခဲ့သူအပေါ် ရိုသေမှုပြတဲ့အနေနဲ့ ချက်ချင်းပဲ ဦးညွှတ်လိုက်ကြပါတယ်။

"ကျေးဇူး... ကြီးလှပါတယ်... အရှင်"

သူတို့က လူတစ်ပိုင်းသတ္တဝါတွေ ဖြစ်တာကြောင့် လူသားစကားကို ပြောနိုင်စွမ်း ရှိကြတယ်။ ငါးနှစ်သား ကလေးတွေထက် ပိုနှေးပြီး ရိုးရှင်းပေမဲ့ ဆက်သွယ်ပြောဆိုဖို့ကတော့ ပိုလွယ်ကူသွားခဲ့တာပေါ့။

"ရပါတယ်။ ငါ မင်းတို့ကို နေပူထဲမှာ ဒီအတိုင်း ပစ်မထားနိုင်လို့ပါ။ ဒါနဲ့ မင်းတို့ သဲကန္တာရ အလယ်ခေါင်မှာ ဘာလုပ်နေကြတာလဲ"

သူက မေးလိုက်ပါတယ်။ မျောက်လူငါးကောင်စလုံး မိုက်ကယ်ရှေ့မှာ ဒူးထောက်လိုက်ပြီး သူတို့ သေလုမျောပါး ဖြစ်ခဲ့ရတဲ့ အခြေအနေတွေကို စကားလုံး အနည်းငယ်နဲ့ ရှင်းပြကြတယ်။ မိုက်ကယ် နားလည်လိုက်သလောက်တော့ သူတို့က စားစရာနဲ့ ရေကို ရှာဖို့အတွက် သူတို့ရွာကနေ သဲကန္တာရထဲ ခရီးထွက်လာခဲ့ကြတာပါ။

ဒါပေမဲ့ ကံဆိုးစွာနဲ့ နေပူရှိန်နဲ့ ရေငတ်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ အင်အားကုန်ပြီး သဲကန္တာရထဲမှာ လမ်းပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့က ဟိုဟိုဒီဒီ လျှောက်သွားနေရင်း နောက်ဆုံးမှာတော့ အခြေအနေတွေကို အရှုံးပေးပြီး လဲကျသွားခဲ့ရတာပေါ့။

"ငါတို့... ကျေးဇူးတင်ပါတယ်... စေတနာရှင်ကြီး... ဒါပေမဲ့... ငါတို့... သွားရပါမယ်"

"ဟုတ်တယ်... ဟုတ်တယ်... ရွာအတွက်... ရေ ရှာရပါဦးမယ်"

မိုက်ကယ်က မီးဖိုချောင်က စင်ဆီ လျှောက်သွားပြီး ဘေစင်က ရေဘုံဘိုင်ခေါင်းကို လှည့်လိုက်ပါတယ်။ ရေတွေက သူ့လက်ထဲက သစ်သားခွက်ထဲကို အရှိန်နဲ့ စီးကျလာတာပါ။

"မင်းတို့လိုချင်တာ ရေဆိုရင်တော့ ဒါကို ယူသွားလို့ ရပါတယ်"

သူက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။ ထိုထူးဆန်းတဲ့ သတ္တုပစ္စည်းထဲကနေ မိုးရေလို စီးကျလာတဲ့ အဖိုးတန်တဲ့ အသက်ကယ်ရေကို ကြည့်ပြီး မန်ကီငါးကောင်စလုံး မျက်လုံးအဝိုင်းသား ဖြစ်သွားကြပါတယ်။

"အိုး... အိုး... ရေတွေ"

မန်ကီတွေရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာပါတယ်။ သူတို့က ရေရှာဖို့ သဲကန္တာရအနှံ့ အဝေးကြီးအထိ ရှာခဲ့ရတာပါ။ အခုလို ထူးဆန်းတဲ့ သတ္တုပစ္စည်းထဲကနေ ရေတွေ အများကြီး ထွက်လာလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။

"အရှင်... စေတနာရှင်ကြီး... ဒီရေအတွက်... ငါတို့ အသက်ကို... ပေးပါရစေ"

"ငါတို့... ရေအတွက်ဆိုရင်... အသက်ကိုတောင်... စတေးဝံ့ပါတယ်"

မိုက်ကယ်က သူတို့ရဲ့ တည်ကြည်လွန်းတဲ့ အမူအရာကို လက်ကာပြလိုက်ပါတယ်။

"နေပါဦး... အဲဒီလောက်အထိ မလိုပါဘူး။ မင်းတို့ လိုချင်သလောက် ရေကို အလကား ယူသွားနိုင်ပါတယ်။ ပြီးတော့ ငါ့ဆီမှာ သစ်သီးတွေနဲ့ အသားခြောက်တွေလည်း ရှိသေးတယ်၊ မင်းတို့ အဲဒါတွေရော ယူဦးမလား"

* * * * * * * * *

စာစဉ်(၆)

အခန်း(၆၂)

မျောက်လူတွေ အားလုံးက မိုက်ကယ်ကို ကြည့်ပြီး သူတို့မျက်နှာပေါ်မှာ ဝေခွဲမရတဲ့ အမူအရာတွေ ယှဉ်တွဲနေပါတယ်။ သူတို့အတွက်တော့ ရေဆိုတာ ရွှေထက်တောင် အဖိုးတန်တာပါ။ ဒီသဲကန္တာရထဲမှာ မိသားစုအတွက် ရေအနည်းငယ်ရဖို့နဲ့တင် အသက်စတေးခဲ့ရတဲ့သူတွေ အများကြီးရှိခဲ့တာကိုး။

ဒါပေမဲ့ အခုတော့ မိုက်ကယ်က သူတို့လိုအပ်သမျှ ရေတွေကို အလကား ပေးချင်နေပါတယ်။ ဘာမှပြန်မတောင်းဘဲ ရွှေစင်တစ်တုံး အလကားပေးမယ်ဆိုရင် ဘယ်သူမဆို ဝေခွဲမရ ဖြစ်သွားကြမှာပါပဲ။

"ကျွန်တော်တို့... အသက်နဲ့... ရေအတွက်... ပြန်ပေးဆပ်ပါ့မယ်..."

မိုက်ကယ်က ရေတွေကို အများကြီး သိုလှောင်ထားနိုင်တဲ့သူလို့ သူတို့ ထင်နေကြတာပါ။ ကံကောင်းလို့ မိုးရွာတာကို ကြုံခဲ့ရပြီး ရေတွေကို သိမ်းထားနိုင်တဲ့သူလို့ပဲ သူတို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

"စိတ်မပူပါနဲ့။ ငါ့မှာ လိုသလောက် ရေတွေ ရှိပါတယ်"

မိုက်ကယ်က ပြောပြောဆိုဆိုနဲ့ လက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲမှာ ရေလုံးလေးတစ်ခု ဖန်တီးပြလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့အခါ အဝါရောင် မျောက်လူတွေက ရှေးကထက်တောင် ပိုပြီး ပြပ်ဝပ်ဦးညွှတ်လိုက်ကြပါတော့တယ်။

"မှော်ပညာပဲ.. ရေဖန်တီးရှင်"

"ကျွန်တော်တို့... ရေဖန်တီးရှင်ရဲ့... ကျွန်တွေ... အဖြစ်... အမှုထမ်းပါ့မယ်"

မိုက်ကယ်ကတော့ ဒီမျောက်လူတွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ မျိုးစိတ်တစ်ခုအနေနဲ့ သူတို့ဟာ အစာကွင်းဆက်ရဲ့ အောက်ဆုံးအဆင့်မှာ ရှင်သန်နေရတာပါ။ သူတို့ အသက်ကို ပေးတာကလွဲလို့ မိုက်ကယ်ကို ဘာမှ ပြန်မပေးနိုင်ဘူးလို့ သူတို့ ခံစားနေရတာကိုး။

တခြား မိစ္ဆာတွေ ဒါမှမဟုတ် လူတစ်ပိုင်း သတ္တဝါတွေနဲ့မတူဘဲ သူတို့မှာ မှော်ပါရမီ မရှိကြပါဘူး။ ဒါဟာ သူတို့မျိုးနွယ်စုအနေနဲ့ ဒြပ်စင်မှော်စွမ်းအင်တွေကို အသုံးချနိုင်ဖို့ လုံးဝ အခွင့်အရေးမရှိဘူးဆိုတဲ့ သဘောပါပဲ။

ဒါပေမဲ့ မိုက်ကယ်ကတော့ သူတို့ကို အသုံးမကျဘူးလို့ မထင်ပါဘူး။ သူ့အရင်ဘဝက မှော်ပညာ မရှိပေမဲ့လည်း အသိဉာဏ်နဲ့ တီထွင်ဖန်တီးမှုတွေကို အသုံးပြုပြီး ကမ္ဘာ့အထက်တန်းလွှာ မျိုးစိတ်ဖြစ်လာခဲ့တဲ့ လူသားတွေအကြောင်းကို သူ ကြားဖူးခဲ့တာကိုး။

မျောက်လူတွေမှာလည်း အဲဒီလို အလားအလာမျိုး ရှိတယ်ဆိုတာ မိုက်ကယ် သိပါတယ်။ သူက သူတို့ကို အခွင့်အရေးပဲ ပေးဖို့ လိုတာပါ။

"စေတနာရှင်ကြီး... ကျွန်တော်တို့... အစေခံပါ့မယ်..."

"ဟုတ်ကဲ့... ဘာမဆို... လုပ်ပါ့မယ်..."

နေပူရှိန်အောက်မှာ ကျွန်ခံရမယ်ဆိုရင်တောင် ရေအတွက် ပြန်ပေးဆပ်နိုင်ဖို့ သူတို့က ဘာမဆို လုပ်ချင်နေကြတာပါ။ အဲဒီလို မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ မျောက်လူတစ်ယောက်က မိုက်ကယ်နားကို လျှောက်လာပြီး သူ့ခြေရင်းမှာ ဦးညွှတ်လိုက်တယ်။

အဲဒီလို ထိတွေ့လိုက်တဲ့ အခိုက်အတန့်မှာပဲ နိုဗာရဲ့ အသံက မိုက်ကယ်ရဲ့ ခေါင်းထဲမှာ မြည်ဟည်းလာပါတော့တယ်။

[အဆင့်မြင့်စွမ်းရည်: ဆုလာဘ် အပ်နှင်းခြင်း စတင် အသက်ဝင်ပါပြီ]

- - S-အဆင့် ပါရမီရှင် အင်ဂျင်နီယာ

- - ဗိသုကာပုံစံများပုံဖော်ခြင်း

- - အသုံးပြုသူဟာ သူ့စိတ်ထဲမှာရှိတဲ့ ဒီဇိုင်းပုံစံတွေကို အပြင်လောကမှာ သုံးဖက်မြင် ပုံရိပ်ယောင်အဖြစ် ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အလုပ်သမားတွေအနေနဲ့ စီမံကိန်းကို အမှားအယွင်းမရှိ တိတိကျကျ တည်ဆောက်နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။

မိုက်ကယ်ကတော့ ဝမ်းသာသွားပါတယ်။ သူ အာရုံခံမိခဲ့တဲ့ ထူးခြားတဲ့ ပါရမီရှင်က ဒီမျောက်လူပဲ ဖြစ်နေတာကိုး။ ကံကောင်းချင်တော့ ဒီမျောက်လူရဲ့ ပါရမီက သူ့ရဲ့ အနာဂတ် စီမံကိန်းတွေအတွက် အင်မတန်မှ အံကိုက် ဖြစ်နေခဲ့တာပါ။

"မင်းတို့ တကယ်ပဲ ရေအတွက် ပြန်ပေးဆပ်ချင်တယ်ဆိုရင် ငါ အကူအညီ လိုနေတာ တစ်ခုရှိတယ်"

မျောက်လူတွေက မျှော်လင့်ချက်အပြည့်နဲ့ မိုက်ကယ်ကို မော့ကြည့်လိုက်ကြတယ်။ နောက်ဆုံးတော့ သူတို့ အသုံးဝင်နိုင်ပြီလေ။ နောက်ဆုံးတော့ သူတို့ရွာက မိသားစုတွေကို ကယ်တင်ဖို့ သူတို့ အသက်ကို ပေးဆပ်နိုင်ပြီပေါ့။

"ငါက မင်းတို့ကို ပါရမီ နိုးထစေချင်တာ"

သူက ပြုံးပြီး ပြောလိုက်ပါတယ်။ မျောက်လူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မိုက်ကယ် ဘာပြောနေတာလဲဆိုတာကို ဝေခွဲမရ ဖြစ်နေကြတယ်။ သူတို့က မျောက်လူတွေပဲလေ။ ပါရမီတွေ နိုးထပြီး အစွမ်းထက်တဲ့ သတ္တဝါတွေ ဖြစ်လာနိုင်တဲ့ လူသားတွေ မဟုတ်ဘူးလေ။

"တောင်းပန်ပါတယ်... ကျွန်တော်တို့က အသုံးမကျပါဘူး"

"ကျွန်တော်တို့... ပါရမီ... မနိုးထနိုင်ပါဘူး... ကျွန်တော်တို့မှာ... ဘာမှ... မရှိလို့ပါ"

မိုက်ကယ်က ခေါင်းခါလိုက်တယ်။

"ငါ့ကိုပဲ ယုံလိုက်ပါ။ ငါ မင်းတို့ရဲ့ ပါရမီတွေကို နိုးထစေပြီး မင်းတို့မှာ အလားအလာရှိတယ်ဆိုတာကို ပြပေးမယ်။ မင်းတို့က ဒီထက်မက ပိုကောင်းတဲ့အရာတွေကို လုပ်နိုင်တယ်ဆိုတာ ငါ ပြပေးမှာပါ"

သူ့ရဲ့စကားတွေက မျောက်လူတွေကို အံ့သြတုန်လှုပ်သွားစေပါတယ်။ မိုက်ကယ်က သူတို့ကို ကြည့်တဲ့ အကြည့်က တခြားသူတွေနဲ့ မတူပါဘူး။ မျောက်လူတွေဟာ အသက်ရှင်သန်ဖို့အတွက် အစာတောင်းရမ်းတာထက် ပိုကောင်းတဲ့အရာတွေကို လုပ်နိုင်တယ်လို့ သူက တကယ်ကို ယုံကြည်နေသလိုပါပဲ။

"အရင်ဆုံး၊ မင်းတို့ နာမည်တွေက ဘယ်လိုခေါ်လဲ" မိုက်ကယ်က မေးလိုက်တယ်။

အလယ်က မျောက်လူက မိုက်ကယ်ကို မော့ကြည့်ပြီး "တောင်းပန်ပါတယ်... ကျွန်တော်တို့မှာ... နာမည်... မရှိပါဘူး..."

မျောက်လူတွေလို လူတစ်ပိုင်း သတ္တဝါတွေဟာ ရိုးရိုးရှင်းရှင်းပဲ နေထိုင်ကြတာကြောင့် တစ်ဦးနဲ့တစ်ဦး ခေါ်ဖို့ နာမည်တောင် မလိုအပ်ကြပါဘူး။

"ဒါဆို ငါကပဲ မင်းတို့ကို နာမည်ပေးရမှာပေါ့"

မိုက်ကယ်က ပြောပြောဆိုဆိုနဲ့ လက်ကို မြှောက်လိုက်တယ်။ 'နိုဗာ... သူ့ရဲ့ ပါရမီကို နိုးထစေလိုက်ပါ'

[ပါရမီများကို နိုးထစေနေပါပြီ...]

သူ့လက်ထဲကနေ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး မျောက်လူအတွက်တော့ အေးမြလန်းဆန်းစေတဲ့ စွမ်းအင်တွေကို ပေးစွမ်းလိုက်ပါတယ်။ အဲဒီသတ္တဝါလေးဟာ မိုးရေထဲမှာ ရေချိုးနေရသလို ခံစားလိုက်ရပြီး ရေဓာတ်တွေက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းအပြင်ကို ဖြည့်တင်းပေးလိုက်သလိုပါပဲ။

ရုတ်တရက် သူ့ရဲ့ ခန္ဓာကိုယ်ကနေ ဖြူဖွေးတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပါတော့တယ်။ စူးရှတောက်ပတဲ့ အလင်းတန်းတွေကြားမှာ သူ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ အလင်းတန်းတွေ ငြိမ်သက်သွားခဲ့တယ်။

အလယ်က မျောက်လူဟာ အရင်က ခါးကုန်းကုန်းနဲ့ လက်တွေက မြေပြင်ကို ထိလုနီးပါး ဖြစ်နေတဲ့ မျောက်တစ်ကောင်နဲ့ တူခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူက မိုက်ကယ်ထက်တောင် အရပ်ရှည်ပြီး မတ်မတ်ရပ်နေနိုင်ပြီ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေ ဖုံးလွှမ်းနေတုန်းပဲ ဖြစ်ပေမဲ့ အခုတော့ သူ့တစ်ကိုယ်လုံးမှာ ဂျီသြမေတြီ ပုံစံတွေနဲ့ ဆင်တူတဲ့ အစင်းကြောင်းတွေ ပေါ်နေပါတယ်။ အရင်က စွန်းထင်းနေတဲ့ အဝါရောင် အမွှေးတွေဟာ အခုတော့ နေမင်းကြီးလို တောက်ပတဲ့ အဝါရောင်အဖြစ် ပြောင်းလဲသွားပြီး အစင်းကြောင်းတွေက နေရောင်အောက်မှာ ရွှေရောင်အလင်းတန်းတွေလို တောက်ပနေပါတယ်။

မျက်နှာကလည်း လူသားနဲ့ ပိုတူလာပြီး မျက်နှာသွင်ပြင်တွေက ပိုပြီး ပေါ်လွင်ထင်ရှားလာတာကြောင့် တခြားလူတွေနဲ့တောင် ခွဲမရနိုင်လောက်အောင်ပါပဲ။ ဒါပေမဲ့ မျက်နှာဘေးက အမွှေးအမျှင်တွေကတော့ သူတို့ဟာ လူသားတွေနဲ့ မတူတဲ့ မျိုးစိတ်တစ်ခုဆိုတာကို သိသာစေပါတယ်။

[ဒီမျောက်လူကို ဘယ်လို နာမည်ပေးချင်ပါသလဲ] လို့ နိုဗာက မေးလိုက်တယ်။

မိုက်ကယ်က သူ့အရင်ဘဝက အင်မတန် ကျော်ကြားခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဝူးခုန်း ကို သတိရသွားတယ်။

"ခုန်း... သူ့နာမည်က ခုန်း ပဲ"

[စက်မှုအင်ဂျင်နီယာ ဘာသာရပ်တစ်ခုလုံးကို ခုန်း ထံသို့ ဒေါင်းလုဒ် ဆွဲနေပါပြီ...]

ခုန်း က သူ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး သူ့ရဲ့ ရုပ်သွင်အသစ်ကြောင့် အံ့သြနေပါတယ်။ သူ့ရဲ့ စိတ်က အရင်ကထက် ပိုပြီး ပွင့်လင်းလာသလို ခံစားနေရပြီး ကမ္ဘာကြီးအပေါ် အမြင်သစ်တွေက သူ့ဦးနှောက်ထဲမှာ ပေါ်ပေါက်လာနေပါတယ်။

သူဟာ အရင်ကထက် ပိုပြီး သတိဝီရိယရှိလာသလို ပတ်ဝန်းကျင်ကိုလည်း ပိုပြီး သိမြင်လာခဲ့တယ်။ သူဟာ လက်တွေ့ကမ္ဘာရဲ့ အဆင့်သစ်တစ်ခုကို တက်လှမ်းလိုက်ရသလိုပါပဲ။

[ဒြပ်စင်ကျွမ်းကျင်မှု: သဟဇာတ ဒြပ်စင်]

[မျိုးစိတ်: အသိဉာဏ်ရှိ အဝါရောင် မျောက်လူ]

[အမျိုးအစား: စက်မှုပညာရှင် မျောက်လူ]

[ပါရမီ: S-အဆင့် ပါရမီရှင် အင်ဂျင်နီယာ]

[အဆင့်: ကြယ်တစ်ပွင့် အင်ဂျင်နီယာ]

- - ဗိသုကာပုံစံများပုံဖော်ခြင်း

- - အခြေခံ သဟဇာတ စုစည်းခြင်း

- - အခြေခံ သဟဇာတ အကာအကွယ်

ခုန်းက သူ့လက်ကို ကြည့်လိုက်ပါတယ်။ အခုဆိုရင် သူဟာ အရင်ကထက် အများကြီး ပိုပြီး လုပ်ဆောင်နိုင်တယ်ဆိုတာကို သူ ကောင်းကောင်း သိနေပါပြီ။ သူ ဘာမဆို လုပ်နိုင်တယ်လို့ ခံစားနေရတာပါ။

သူက ချက်ချင်းပဲ မိုက်ကယ်ကို ကြည့်ပြီး သူ့ခြေရင်းမှာ ဦးညွှတ်လိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ် စေတနာရှင်ကြီး။ အရှင်က ကျွန်တော့်ကို ကယ်တင်ခဲ့ပြီး ဘဝသစ်တစ်ခု ပေးခဲ့တာပါ။ ကျွန်တော့်နာမည်ကို ခုန်း အဖြစ် လက်ခံပါ့မယ်၊ ပြီးတော့ အရှင့်ရဲ့ သစ္စာရှိတဲ့ အစေခံအဖြစ် အမှုထမ်းဖို့ ကျိန်ဆိုပါတယ်"

* * * * * * * * *

All Chapters