အခန်း (၆၅-၆၆)
Vol. 6 Ch. 65-66
အခန်း(၆၅)
မိုက်ကယ်ဟာ ရွာထဲမှာရှိတဲ့ မျောက်လူတိုင်းရဲ့ ပါရမီတွေကို တစ်ယောက်ပြီးတစ်ယောက် နိုးထပေးလိုက်ပါတယ်။
အရင်က အားအနည်းဆုံးမျိုးနွယ်ဟာ အခုဆိုရင် အဆင့်မြင့်မျိုးနွယ်စု အများစုထက်တောင် ပိုပြီး မှော်စွမ်းအားကြီးမားလာခဲ့ပါပြီ။ အသက်ရှင်ဖို့ ခက်ခဲခဲ့ရတဲ့ အားအနည်းဆုံးမျိုးနွယ်ဟာ အခုတော့ လက်ရှိကမ္ဘာရဲ့ အသိပညာအခြေခံထက် အဆပေါင်းများစွာ သာလွန်တဲ့ အလုပ်အကိုင် ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေကို ပိုင်ဆိုင်သွားခဲ့တာပါ။
သူတို့အများစုဟာ C ကနေ A အဆင့်အထိ ပါရမီတွေ ရှိကြပေမဲ့ အံ့သြစရာအကောင်းဆုံးအပိုင်းက ဒါမဟုတ်ပါသေးဘူး။
အဝါရောင်မျောက်လူတွေဟာ ထုတ်လုပ်ရေးပိုင်းဆိုင်ရာ အလုပ်တစ်ခုခုမှာ ပါရမီပါပုံရတာပဲ။ စိုက်ပျိုးရေး၊ လက်သမား၊ သစ်တောလုပ်ငန်းကနေ ဟင်းချက်တဲ့အထိ အစုံပါပဲ။
ပုံမှန်ဆိုရင် မိုက်ကယ်ဟာ အုပ်စုတစ်ခုထဲမှာ မတူညီတဲ့ ပါရမီအမျိုးအစားတွေကိုပဲ မြင်တွေ့ရတတ်တာပါ။ ကင်းစ်ဘရစ်ချ်မှာ ပါရမီတွေကို စစ်ဆေးတုန်းက ဓားသိုင်း၊ ထုတ်လုပ်ရေး၊ သီချင်းဆိုတာနဲ့ တခြား မတူညီတဲ့ အလုပ်အကိုင် ပါရမီတွေကို အမျိုးမျိုး တွေ့ခဲ့ရတာပါ။
ဒါပေမဲ့ ဒီမျောက်လူရွာကသူတွေ အားလုံးကတော့ တစ်ခုခုကို ထုတ်လုပ်တဲ့နေရာမှာပဲ ပါရမီပါနေကြပုံရပါတယ်။
'နိုဗာ... ဒါက ဘာကြောင့်လဲဆိုတာ ငါ့ကို ရှင်းပြနိုင်မလား'
[သူတို့ရဲ့ DNA ကို စစ်ဆေးကြည့်တဲ့အခါမှာ အထူးသဖြင့် အဝါရောင်မျောက်လူတွေဟာ ထုတ်လုပ်သူတွေဖြစ်လာဖို့ သဘာဝအလျောက် ပါရမီပါတဲ့ လားရာရှိတယ်လို့ ကျွန်ုပ် ယူဆပါတယ်]
မျိုးစိတ်တစ်ခုတည်းကနေ မျိုးဆက်အားလုံးမှာ ပါရမီအမျိုးအစား တစ်မျိုးတည်းကိုပဲ ထုတ်လုပ်နိုင်လိမ့်မယ်လို့ မိုက်ကယ် တစ်ခါမှ မမျှော်လင့်ထားခဲ့ပါဘူး။
မိုက်ကယ်ကတော့ ဒါကို သဘောမကျတာမျိုး မရှိပါဘူး။ တကယ်တော့ ဒီအဝါရောင်မျောက်လူတွေနဲ့ တွေ့ခဲ့ရတာဟာ သူ့အတွက်ရော၊ ခြောက်သွေ့လွင်ပြင်မှာရှိတဲ့ လူတိုင်းရဲ့ဘဝကိုပါ ပိုပြီး သက်သောင့်သက်သာဖြစ်စေဖို့ ကံကောင်းမှုတစ်ခုပဲ ဖြစ်ပါတယ်။
သူတို့ထဲက တစ်ယောက်ချင်းစီမှာ သူ့နေရာနဲ့သူ အသုံးဝင်တဲ့ ပါရမီတွေ ရှိနေကြတာပါ။
သူတို့ ပါရမီနိုးထပြီးတဲ့နောက် မိုက်ကယ်ရဲ့ နယ်မြေထဲကို ပြောင်းရွှေ့လာကြပါတယ်။ ပထမဆုံးနေ့မှာတင် အဆင့်မြင့်ပြောင်းလဲလာတဲ့ မျောက်လူတွေဟာ သူတို့ရဲ့ ရွာဟောင်းမှာရှိခဲ့တဲ့ အိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ စတင်ကြပါတော့တယ်။
သူတို့က အိမ်နံရံတွေဆောက်ဖို့ ရွှံ့တွေ၊ သဲတွေကို စုဆောင်းနေတုန်းမှာပဲ မိုက်ကယ်က သူတို့ကို ချက်ချင်း တားလိုက်တယ်။ သူတို့ရဲ့အိမ်တွေက သူ့ရဲ့စံနှုန်းနဲ့ လုံးဝမကိုက်ညီသလို ရာသီဥတုဒဏ်ကိုလည်း ခံနိုင်မှာမဟုတ်လို့ပါပဲ။
သူတို့မှာ ထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ စွမ်းရည်တွေနဲ့ အခြေခံဗဟုသုတတွေ ရလာပြီဆိုပေမဲ့ အဲဒါတွေကို အကောင်းဆုံးအသုံးချဖို့ နည်းလမ်းကိုတော့ မသိကြသေးပါဘူး။
ဥပမာအားဖြင့် သူတို့ထဲက တစ်ယောက်မှာ ထုံးကျောက်ရှာဖွေသူဆိုတဲ့ အသုံးမကျလှဘူးလို့ ထင်ရတဲ့ စွမ်းရည်ရှိနေပါတယ်။ အဲဒါက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ထုံးကျောက်တွေကို ရှာဖွေနိုင်တာပါ။
အဲဒါကို မြင်လိုက်တာနဲ့ မိုက်ကယ်က အကြံကောင်းတစ်ခု ရသွားပါတယ်။ သူက ထုံးကျောက်တွေကို တတ်နိုင်သလောက် များများရှာဖို့ မျောက်လူကို ခိုင်းလိုက်ရာမှာ သူက အလွယ်တကူပဲ ရှာပေးနိုင်ခဲ့တယ်။
ထုံးကျောက်တွေ ရလာတာနဲ့ မိုက်ကယ်က အလုပ်စပါတော့တယ်။ ကြယ်တစ်ပွင့်မန္တန် အမျိုးမျိုးကို အသုံးပြုပြီး ထုံးကျောက်တွေကို အမှုန့်ဖြစ်အောင် ထောင်းလိုက်ပြီး ရွှံ့စေး၊ သဲနဲ့ တခြားသော အနည်အနှစ်တွေနဲ့ ရောစပ်လိုက်ပါတယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ သူဟာ မီးခိုးရောင် အရည်ပျစ်ပျစ် အရာဝတ္ထုတစ်ခုကို ရရှိသွားခဲ့တယ်။
သူ့အရင်ဘဝက လူတွေသာဆိုရင် ဒီပစ္စည်းကို မြင်တာနဲ့ ချက်ချင်း သိကြမှာပါ။
မိုက်ကယ်က အဲဒီ ကွန်ကရစ်တွေကို အတုံးလိုက် စီလိုက်ပြီး အပူပေးမန္တန်တစ်ခုကို အသုံးပြုကာ ကွန်ကရစ်ထဲက ရေဓာတ်တွေကို မြန်မြန်ခြောက်သွေ့သွားအောင် လုပ်လိုက်ပါတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကွန်ကရစ်တွေဟာ စတင်မာခဲလာတာကြောင့် မျောက်လူတွေ အားလုံး အံ့သြသွားကြတယ်။ သူတို့က အဲဒီမာကျောတဲ့ အတုံးကြီးကို ဝိုင်းအုံပြီး လက်နဲ့ ကိုင်ကြည့်တာ၊ ခေါက်ကြည့်တာတွေ လုပ်ပြီး ခံနိုင်ရည်ကို စမ်းသပ်ကြပါတော့တယ်။
သူတို့ထဲက တစ်ယောက်က ကွန်ကရစ်တုံးကို လက်သီးနဲ့ ထိုးကြည့်ရာမှာ သူ့လက်ဆစ်တွေပဲ နာသွားခဲ့ရတယ်။
သူတို့ ဒါကို မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ ဒီထူးဆန်းတဲ့ ကွန်ကရစ်ဟာ ရွှံ့နံရံတွေ၊ ကျောက်နံရံတွေထက်တောင် ပိုပြီး ခိုင်မာနေတာကိုး။
မိုက်ကယ်က ကွန်ကရစ် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးလိုက်တဲ့အခါမှာတော့ သခင်ခုန်းလိုမျိုး ပါရမီရှင် အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေး မျောက်လူတွေဟာ သူတို့အိမ်တွေမှာ စတင်အသုံးပြုကြပါတော့တယ်။
နေ့ကုန်ခါနီးမှာတော့ မျောက်လူတွေဟာ သူတို့အိမ်က ရေဘုံဘိုင်ခေါင်းတွေနဲ့ ရေပန်းတွေကနေ ရေတွေ ထွက်လာတာကို ကြည့်ပြီး အံ့သြဝမ်းသာ ဖြစ်နေကြပါတယ်။
"ဝိုး ရေတွေဟ ငါ ရေချိုးရင်းနဲ့ ရေပါ သောက်လို့ရနေပြီ"
"မယုံနိုင်စရာပဲ။ ငါ့အိမ်ထဲမှာ တကယ်ပဲ အကုန်အစင်မရှိတဲ့ ရေအရင်းအမြစ် ရှိနေတာလား"
"ဒါဟာ အံ့ဖွယ်ပဲ တို့ရဲ့ သခင် မိုက်ကယ် အောင်ပါစေ"
"အောင်ပါစေ" လို့ သူတို့အားလုံးက အော်ဟစ်အောင်ပွဲခံကြပါတယ်။
မိုက်ကယ်က ခုန်းကို ရေပိုက်စနစ် အခြေခံတွေကို သင်ပေးခဲ့ရာမှာ သူက တစ်နာရီလောက် သင်လိုက်တာနဲ့တင် ချက်ချင်း နားလည်သွားခဲ့တယ်။ အဲဒီနောက် ခုန်းက တခြားမျောက်လူတွေကို ပြန်သင်ပေးပြီး အားလုံး ဝိုင်းဝန်းလုပ်ကိုင်ကြတာကြောင့် အိမ်ဆောက်တာကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့ကြတယ်။
ခုန်းက အုပ်စုထဲမှာ ပါရမီအရှိဆုံး အင်ဂျင်နီယာ ဖြစ်တာကြောင့် ရွာရဲ့ ထုတ်လုပ်ရေးပိုင်းမှာ အလိုအလျောက် ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ မိုက်ကယ် တစ်ခုခု လုပ်ချင်တယ်ဆိုရင် ခုန်းကိုပဲ အမြဲ အပ်နှံလေ့ရှိပါတယ်။
တစ်ဖက်မှာလည်း အန်းက သူမရဲ့ အုပ်စုမှာ ခေါင်းဆောင် ဖြစ်နေပါတယ်။ SS-အဆင့် ပါရမီရှင်တစ်ယောက်အနေနဲ့ သူမဟာ စိုက်ပျိုးရေးနဲ့ ပတ်သက်သမျှ အရာအားလုံးမှာ အင်မတန် ကျွမ်းကျင်လာခဲ့တယ်။
နယ်မြေရဲ့ သစ်တောဘက်ခြမ်းမှာ သူမနဲ့ တခြား စိုက်ပျိုးရေးပါရမီပါတဲ့ မျောက်လူအချို့ဟာ စိုက်ပျိုးရေးစနစ်ကို စတင်ခဲ့ကြပါတယ်။
သူမဟာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သင်ယူခဲ့သမျှ အရာအားလုံးကို ဒီစီမံကိန်းမှာ ထည့်သွင်းအသုံးပြုခဲ့တယ်။ သီးနှံအမျိုးမျိုး ရှင်သန်ဖို့ လိုအပ်တဲ့ အခြေအနေအားလုံး ပါဝင်တာပေါ့။
အခုလောလောဆယ်မှာတော့ သူမဟာ သစ်တောထဲမှာ တွေ့သမျှ သီးနှံတွေကို စိုက်ထားပါတယ်။ အာလူး၊ ဟင်းရွက်စိမ်းတွေ၊ မုန်လာဥနီနဲ့ လူတိုင်း စားသုံးနိုင်တဲ့ တခြားသီးနှံတွေ ပါဝင်ပါတယ်။
ခုန်းနဲ့ သူ့အင်ဂျင်နီယာအဖွဲ့ရဲ့ အကူအညီနဲ့ သူတို့ဟာ ရေသွင်းစနစ်တစ်ခုကိုပါ ထည့်သွင်းနိုင်ခဲ့တာကြောင့် အပင်တွေကို ရေလောင်းရတာ ပိုပြီး လွယ်ကူသွားခဲ့တယ်။
ပြောင်းလဲလာတဲ့ မျောက်လူတွေ အလုပ်လုပ်နေတာကို ကြည့်ပြီး မိုက်ကယ် တော်တော်လေး အံ့သြသွားပါတယ်။
တစ်ရက်ပဲ ရှိသေးပေမဲ့ တစ်နေရာလုံးက လုံးဝကို ပြောင်းလဲသွားခဲ့တာကိုး။ အရင်က သူ့နယ်မြေမှာ သူ့အိမ်တစ်လုံးပဲ ရှိခဲ့တာဖြစ်ပေမဲ့ အခုတော့ သူ့အနားမှာ ဆောက်လုပ်ဆဲ ကွန်ကရစ်အိမ်တွေ အများကြီးရှိနေပြီး စိုက်ခင်းနဲ့ ကျောက်ထုတ်လုပ်ရေး စခန်းတွေပါ ဝန်းရံနေပါပြီ။
ဒါဟာ အဝါရောင်မျောက်လူတွေရဲ့ စစ်မှန်တဲ့ စွမ်းအားပါပဲ။ သူတို့ဟာ ထုတ်လုပ်ရေးပိုင်းမှာ အင်မတန် ပါရမီပါကြပါတယ်။ သူတို့ကို စီမံခန့်ခွဲဖို့အတွက် သူ လုံးဝ ပူစရာမလိုတော့ပါဘူး။
ဒါနဲ့ သူက သူ့ခြေရင်းနားက ကွန်ကရစ်တုံးကို ကြည့်လိုက်ပါတယ်။
ဒီမှော်ကမ္ဘာမှာ ကွန်ကရစ်ရဲ့ အစွမ်းအစက ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို အခုမှ သူ သဘောပေါက်သွားတာပါ။
သူ့အရင်ဘဝမှာ ကွန်ကရစ်ဟာ ခိုင်ခံ့မှုနဲ့ ရရှိနိုင်မှုတွေကြောင့် ဆောက်လုပ်ရေးမှာ စံပြပစ္စည်း ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကွန်ကရစ်မှာ အားနည်းချက်တစ်ခု ရှိတယ်ဆိုရင် အဲဒါကတော့ အင်္ဂတေတွေ မာခဲဖို့ အချိန်ယူရတာပါပဲ။
အဲဒါက သူ့အရင်ဘဝမှာပါ။ ဒီကမ္ဘာမှာတော့ မဟုတ်တော့ပါဘူး။ မှော်ပညာရဲ့ အကူအညီနဲ့ဆိုရင် အင်္ဂတေတွေဟာ စက္ကန့်ပိုင်းအတွင်းမှာတင် မာခဲသွားနိုင်တာကိုး။
ဒါဟာ ဒီကမ္ဘာရဲ့ ဆောက်လုပ်ရေးပိုင်းကို တော်လှန်ပြောင်းလဲပစ်နိုင်မယ့်အရာပါပဲ။ မိုက်ကယ်ဟာ ကမ္ဘာအနှံ့ကို ကွန်ကရစ်တွေ ရောင်းချနိုင်ဖို့ ကက်စတယ်လာကို ချက်ချင်း ဆက်သွယ်ချင်သွားပါတော့တယ်။
* * * * * * * * *
စာစဉ်(၆)
အခန်း(၆၆)
မိုက်ကယ်ဟာ ကွန်ကရစ်တွေကို စတင်မရောင်းချခင်မှာ အများအပြား အရင်စုဆောင်းထားချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီရွာမှာ ဆောက်လက်စ အိမ်တွေနဲ့ အဆောက်အဦးတွေကို အပြီးသတ်ဖို့ ကွန်ကရစ်တွေ အများကြီး အသုံးပြုရမှာဖြစ်လို့ပါ။
ဒါကြောင့် သူဟာ မျောက်လူတချို့ကို သဲကန္တာရထဲမှာ အသုံးချလို့ရမယ့် ထုံးကျောက်ကျင်း အကောင်းစားတစ်ခု ရှာဖို့ စေခိုင်းလိုက်ပါတယ်။ ကံကောင်းချင်တော့ သူတို့တွေ ကင်းထောက်ပြီး ပြန်လာတဲ့အခါမှာ လက်ရှိနေရာနဲ့ အင်မတန်နီးတဲ့ နေရာမှာတင် အကြီးကြီးတစ်ခုကို တွေ့ခဲ့ကြတယ်။
သူဟာ သူတို့ရနိုင်သမျှ ထုံးကျောက်တွေကို စတင်တူးဖော်ဖို့ ညွှန်ကြားလိုက်ပါတယ်။ သူတို့အလုပ်တွေ ပိုလွယ်သွားအောင်လို့ တစ်နေ့တာ တူးဖော်ရရှိတဲ့ ထုံးကျောက်တွေကို သယ်ယူဖို့အတွက် ကားကိုပါ ငှားပေးလိုက်တယ်။
ဒါပေမဲ့ အရင်ဆုံးတော့ သူတို့ကို ကားမောင်းတတ်အောင် သင်ပေးရတာပေါ့။ ကံကောင်းထောက်မစွာနဲ့ သူတို့ထဲက တစ်ယောက်မှာ ကားမောင်းတာကို အလွယ်တကူ သင်ယူနိုင်တဲ့ ပါရမီ ပါနေပါတယ်။
လောလောဆယ်မှာတော့ တစ်နေ့ကို တူးဖော်ရရှိတဲ့ ထုံးကျောက် ပမာဏဟာ ရွာရဲ့ ဆောက်လုပ်ရေး စီမံကိန်းတစ်ခုလုံးကို ထောက်ပံ့ဖို့အတွက်ပဲ လုံလောက်ပါသေးတယ်။ ဒါပေမဲ့ မိုက်ကယ်အနေနဲ့ ကွန်ကရစ်တွေကို တစ်ကမ္ဘာလုံးကို တင်ပို့ချင်တယ်ဆိုရင်တော့ အလုပ်သမားတွေ ဒီထက်အများကြီး ပိုလိုမှာပါ။
"လော့လို... ကျွန်တော်တို့ကို ကူညီနိုင်မယ့် တခြား မျောက်လူတွေအကြောင်း ခင်ဗျား သိသလား"
မိုက်ကယ်က သူ့ရှေ့မှာရှိတဲ့ လူလတ်ပိုင်းအရွယ် မျောက်လူ ကို မေးလိုက်ပါတယ်။
သူဟာ မျောက်လူအိုကြီးကို 'လော့လို' လို့ နာမည်ပေးခဲ့တာ ဖြစ်ပြီး ပါရမီနိုးထပြီးတဲ့နောက်မှာတော့ သူဟာ နှစ်အနည်းငယ်လောက် ပြန်ငယ်သွားသလိုမျိုး ဖြစ်သွားပြီး သူ့ဘဝရဲ့ အကောင်းဆုံးအရွယ် လူတစ်ယောက်လို ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတဲ့ အမွှေးတွေကတော့ အဖြူရောင်အတိုင်း ကျန်နေခဲ့တာကြောင့် ဆွတ်ဆွတ်ဖြူတဲ့ မျောက်လူတစ်ကောင်လို ဖြစ်နေပါတယ်။
ပြီးတော့ မိုက်ကယ်က ပြောင်းလဲလာတဲ့ မျောက်လူတွေကို 'ဟော့ဘ်မျောက်လူ' လို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူ့အရင်ဘဝက ဖန်တစီဇာတ်လမ်းတွေထဲက ဂေါ့ဘလင် တွေနဲ့ ဆင်တူနေလို့ပါပဲ။
ဘာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးဟာ ကမ္ဘာပေါ်မှာ အဆင့်အနိမ့်ဆုံးနဲ့ အားအနည်းဆုံး မျိုးစိတ်တွေအဖြစ် သတ်မှတ်ခံထားရတာ မဟုတ်လား။ ဒါကြောင့် ဂေါ့ဘလင်တွေကနေ ဟော့ဘ်ဂေါ့ဘလင်တွေအဖြစ် ပြောင်းလဲသလိုမျိုး သူတို့ရဲ့ ပြောင်းလဲမှုကိုလည်း အဲဒီလိုပဲ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
"ဟုတ်ကဲ့ သခင်"
လော့လိုက တည်ငြိမ်တဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ လေသံနဲ့ ပြန်ဖြေပါတယ်။
"ခြောက်သွေ့လွင်ပြင် အနှံ့အပြားမှာ တခြား အဝါရောင် မျောက်လူ မျိုးနွယ်စုတွေ ပျံ့နှံ့နေထိုင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အချင်းချင်းရဲ့ တိကျတဲ့ တည်နေရာတွေကိုတော့ မသိကြဘူး" လို့ လော့လိုက ပြန်ဖြေလိုက်တယ်။
မိုက်ကယ်ကတော့ မျောက်လူတွေ ပိုပြီး ပါရမီနိုးထလာပြီး သူ့နယ်မြေထဲမှာ လာနေကြရင် ကောင်းမယ်လို့ တွေးနေမိတယ်။ ဒီရွာက အလုပ်တွေကို ကူညီပေးနိုင်မယ့် ပါရမီပါတဲ့ ဟော့ဘ်မျောက်လူတွေ အများကြီး သူ လိုအပ်နေတာပါ။
သတ္တုတွင်းတူးတဲ့ အဖွဲ့က အလုပ်သမား ပိုလိုနေသလို ခုန်းကလည်း ပါရမီပါတဲ့ အင်ဂျင်နီယာတွေ ပိုတောင်းဆိုနေပါတယ်၊ အန်းဆိုရင်လည်း စိုက်ခင်းကို ချဲ့ထွင်ဖို့ အကူအညီ လိုနေတာပါ။
အဝါရောင် မျောက်လူတွေဟာ ထုတ်လုပ်သူတွေဖြစ်လာဖို့ ပင်ကိုယ်ပါရမီ ပါနေကြတာက အင်မတန် ကံကောင်းတာပါပဲ၊ ဒါကြောင့် အနည်းဆုံးတော့ သူတို့အများစုဟာ ရွာမှာ လုပ်စရာ အလုပ်တစ်ခုခု ရှိနေမယ်ဆိုတာ သေချာပါတယ်။
ဒါကြောင့် မိုက်ကယ်က သဲကန္တာရထဲမှာ ပုန်းအောင်းနေတဲ့ တခြားမျိုးနွယ်စုတွေကို ရှာဖို့ ဟော့ဘ်မျောက်လူ တချို့ကို တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က အလုပ်သမားတွေ ပိုရဖို့တင်မကဘဲ သူတို့ရဲ့ လက်ရှိအခြေအနေကို ကူညီပေးဖို့လည်း ပါဝင်ပါတယ်။ လော့လိုတို့ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခမျိုးတွေကို တခြား မျောက်လူတွေလည်း ကြုံတွေ့နေရမှာကို သူ စိုးရိမ်မိလို့ပါ။
ဒီနယ်မြေမှာ နေရာလွတ်တွေ၊ အစားအစာနဲ့ ရေတွေ အလျှံပယ် ရှိပါတယ်။ သူတို့တွေ အပြင်မှာ ဆင်းရဲဒုက္ခ ခံနေစရာ မလိုပါဘူး။
သူကတော့ ရွာလေး ပိုပြီး စည်စည်ကားကား ဖြစ်နေတာကို ပိုသဘောကျပါတယ်။ လူများလေ ပျော်စရာကောင်းလေ မဟုတ်လား။
"လော့လို... ကျန်နေတဲ့ မျိုးနွယ်စုတွေကို သွားရောက်ဆက်သွယ်ဖို့ ခြောက်သွေ့လွင်ပြင်ကို ဖြတ်ပြီး ခရီးသွားနိုင်မယ့် သန်သန်မာမာ ဟော့ဘ်မျောက်လူ တချို့ကို ရှာပေးပါ" လို့ မိုက်ကယ်က ပြောလိုက်တယ်။
သူဟာ ဒီအလုပ်ကို လော့လိုကိုပဲ ယုံယုံကြည်ကြည် အပ်နှံလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဘိုးကြီးမှာ လက်ရှိရွာကို စီမံခန့်ခွဲဖို့ သင့်တော်တဲ့ စွမ်းရည်တွေနဲ့ အသိပညာတွေကို ပေးစွမ်းတဲ့ [A-အဆင့် လူမှုအသိုက်အဝန်း ခေါင်းဆောင်] ဆိုတဲ့ ပါရမီ ရှိနေလို့ပါ။
လော့လိုက ရွာထဲမှာရှိတဲ့ ဟော့ဘ်မျောက်လူ အားလုံးရဲ့ အလုပ်တွေနဲ့ ပါရမီတွေကို တိတိကျကျ မှတ်သားထားတာကြောင့် ဘယ်သူက ဘယ်အလုပ်မှာ အတော်ဆုံးလဲဆိုတာကို အလွယ်တကူ ခွဲခြားပေးနိုင်ပါတယ်။
"ဒီအလုပ်အတွက် အသင့်တော်ဆုံးသူ အနည်းငယ် ကျွန်တော့်မှာ ရှိပါတယ် သခင်။ တခြား မျောက်လူ မျိုးနွယ်စုတွေကို ရှာဖို့ သူတို့ကို တာဝန်ပေးလိုက်ပါ့မယ်။ ဒီအလုပ် ပြီးမြောက်သွားမယ်ဆိုတာ ယုံကြည်လိုက်ပါ" လို့ လော့လိုက မိုက်ကယ်ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။
အဲဒီနောက် မိုက်ကယ်က မြေပြင်ပေါ်က သူ့ရဲ့ အရိပ်ကို လှမ်းပြောလိုက်ပါတယ်။ "ဖာ့ဂျ်... မင်းရဲ့ ကိုယ်ပွားတွေကို သူတို့နဲ့အတူ ထည့်ပေးလိုက်မှာ မဟုတ်လား"
စူပါဟီးရိုး စိတ်ကူးယဉ်ရောဂါရနေတဲ့ စလိုင်းမ်လေးဟာ သူ့အရိပ်ထဲကနေ နင်ဂျာတစ်ယောက်လို မြေပြင်ပေါ်ကို ဘွားခနဲ ခုန်ထွက်လာခဲ့တယ်။
"ဟုတ်ကဲ့ပါ သခင် ကျွန်ုပ်ရဲ့ ကိုယ်ပွားတွေကို တစ်ရွာလုံးမှာ ပျံ့နှံ့နေအောင် လုပ်ထားပြီးပါပြီ။ သူတို့သာ 'ဘီးတဲလ်ဂျုစ်'ဆိုတဲ့ လျှို့ဝှက်စကားလုံးကို သုံးကြိမ် ပြောလိုက်တာနဲ့ ကျွန်ုပ်က သူတို့ရဲ့ အရိပ်ထဲမှာ ပေါ်လာမှာပါ။ အဲဒီအခါ သူတို့ ကြုံတွေ့ရတဲ့ အရေးပေါ် အခြေအနေမှန်သမျှကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်"
မိုက်ကယ်ကတော့ စိတ်ထဲကနေ ခေါင်းခါမိပါတော့တယ်။ နိုဗာဟာ ဒီကောင်လေးကို အန်နီမေး ဇာတ်လမ်းတွေတင်မကဘဲ ရုပ်ရှင်ထဲက အရာတွေကိုပါ ရိုက်သွင်းပေးထားပုံရပါတယ်။
ဒါပေမဲ့ ဒါက အရေးမကြီးတာကြောင့် မိုက်ကယ်က လျစ်လျူရှုထားလိုက်ပါတယ်။
ဖာ့ဂျ်က လော့လိုရဲ့ ခေါင်းပေါ်ကို ခုန်တက်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ခေါင်းမော့လိုက်တယ်။
"အာ… နောက်တစ်ခါကျရင် ပါရမီပါတဲ့ လူသစ်တွေ ပါလာဖို့ မျှော်လင့်ရတာပဲ။ ပြောရမှာတော့အားနာမယ် ဒီရွာက မျောက်လူတွေရဲ့ ပါရမီတွေက ပျင်းစရာကြီးတွေပါ။ ဘယ်သူမှ ကျွန်ုပ်ရဲ့ အရိပ်စစ်သည်တော် အဖွဲ့ထဲကို နင်ဂျာအဖြစ် ဝင်ချင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
"ဆရာဖာ့ဂျ်... ကျွန်တော်တို့ရွာက ဘယ်သူမဆို ဆရာ့ရဲ့ နင်ဂျာ ဖြစ်ချင်တဲ့ ဆန္ဒရှိလာတယ်ဆိုရင် ကျွန်တော် ချက်ချင်း အသိပေးပါ့မယ်" လို့ လော့လိုက စလိုင်းမ်လေး စိတ်ကျေနပ်အောင် ဝိုင်းပြောပေးလိုက်ရပါတယ်။
"တကယ်လား.. ကောင်းပြီ ငါ မျှော်လင့်နေမယ်နော်"
ရွာထဲက အရာအားလုံး အဆင်ပြေပြေ ဖြစ်နေတာကို မိုက်ကယ် ဝမ်းသာမိပါတယ်။ လော့လိုရဲ့ ပြောပြချက်အရ အားလုံးက လက်ရှိဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတယ်လို့ ဆိုပါတယ်။
ရေဘုံဘိုင်ခေါင်းလေး တစ်ချက်လှည့်လိုက်ရုံနဲ့ ရေကို သောက်နိုင်ကြတယ်၊ နေပူရှိန်ကနေ ကာကွယ်ပေးတဲ့ အမိုးအကာတွေ ရှိနေပြီ၊ ပြီးတော့ နေ့တိုင်း အစားအစာနဲ့ သစ်သီးတွေကို စားနေရပြီ။ ဒါဟာ သူတို့ လိုအပ်ခဲ့သမျှ အရာအားလုံးပါပဲ။
ဟော့ဘ်မျောက်လူတိုင်းဟာ မိုက်ကယ်နဲ့ ဒီရွာအတွက် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးဖို့ စိတ်ထဲကနေ ဆုံးဖြတ်ထားကြတယ်။ သူတို့ဟာ ရွာသူရွာသားတွေ စားဝတ်နေရေး အဆင်ပြေပြီး ဘေးကင်းဖို့အတွက် သူတို့ရဲ့ ပါရမီတွေကို အရင်ကထက် ပိုပြီး ကြိုးကြိုးစားစား အသုံးချနေကြပါတယ်။
ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ မျောက်လူတိုင်းဟာ ရွာထဲက ကိုယ်စီစီအလုပ်တာဝန်တွေမှာ အလုပ်ရှုပ်နေကြပါတယ်။
သူတို့ထဲမှာ မိုက်ကယ်က အထူးတာဝန်တစ်ခု ပေးထားတဲ့ မျောက်လူ တစ်ယောက် ရှိပါတယ်။
သူကတော့ ခုန်းပါပဲ။ အခုတော့ ဒီဟော့ဘ်မျောက်လူဟာ စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ ရွာထဲမှာ ပြေးလွှားနေပါတယ်။ သူဟာ အန်းရဲ့ စိုက်ခင်းတွေကို ရှောင်ကွင်းပြေးတယ်၊ ထုံးကျောက်တွေ အပြည့် တင်ထားတဲ့ သစ်သားလှည်းကို ကျော်ခွတယ်၊ ပြီးတော့ ရွာထဲမှာ ကောင်းကောင်းမွန်မွန်နေဖို့ လော့လိုရဲ့ သတိပေးချက်တွေကိုလည်း လျစ်လျူရှုထားလိုက်တယ်။
ခုန်းကတော့ ဘာကိုမှ ဂရုမစိုက်အားပါဘူး။ သူက မိုက်ကယ်ကို သတင်းကောင်းတစ်ခု သွားပြောချင်နေတာပါ။
သူဟာ မိုက်ကယ်ရဲ့ အိမ်ထဲကို ဝင်လာပြီး မီးဖိုချောင်ဘေးမှာ နင်ဂျာကွက်တွေ ကျင့်နေတဲ့ ဖာ့ဂျ်ကို အလေးပြုလိုက်တယ်။
အဲဒီနောက် ဒုတိယထပ်ကို ချက်ချင်း ခုန်တက်သွားပြီး အိပ်ခန်းမကြီးရဲ့ တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ပါတော့တယ်။
"သခင် အလုပ်ဖြစ်နေပြီ"
ခုန်းက စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်ပါတော့တယ်။
* * * * * * * * *