အခန်း (၆၇-၆၈)
Vol. 6 Ch. 67-68
အခန်း(၆၇)
မိုက်ကယ်က ခုတင်ပေါ်ကနေ ချက်ချင်းထလိုက်ပြီး ခုန်းကို ကြည့်လိုက်တယ်။ စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ လှမ်းမေးလိုက်တယ်။ "အလုပ်ဖြစ်နေပြီလား"
"အလုပ်ဖြစ်နေပြီ သခင်" ခုန်းက ပြန်ဖြေပါတယ်။
သူတို့နှစ်ယောက်စလုံး ချက်ချင်းပဲ အိမ်ပြင်ကို ပြေးထွက်သွားကြပြီး ရွာထဲက ဆောက်လက်စ အိမ်တွေကြားထဲကနေ ပြေးသွားကြတယ်။
ခုန်းကတော့ အရင်လိုပဲ အတားအဆီးတွေကို ကျော်ဖြတ်သွားရပေမဲ့ မိုက်ကယ်ကတော့ လေထဲကနေ ပျံသန်းပြီး အဝေးမှာရှိတဲ့ စတုရန်းပုံ အဆောက်အဦကြီးဆီကို တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ပါတယ်။
အဆောက်အဦက ကွန်ကရစ်နဲ့ ဆောက်ထားတာဖြစ်ပြီး အမိုးပေါ်က မီးခိုးခေါင်းတိုင်တွေကနေ အငွေ့ဖြူဖြူတွေ ထွက်နေပါတယ်။
ဒါက မိုက်ကယ်နဲ့ ခုန်းတို့ရဲ့ အကြီးကျယ်ဆုံး စီမံကိန်းဖြစ်တဲ့ ရေနွေးငွေ့တာဘိုင် ပဲ ဖြစ်ပါတယ်။
သူတို့ဟာ အပူစွမ်းအင်ကို ရယူပြီး အသုံးချလို့ရတဲ့ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်မယ့် ဂျင်နရေတာတစ်ခုကို အတူတူ တည်ဆောက်ခဲ့ကြတာပါ။
အရာအားလုံး မှန်ကန်မှုရှိစေဖို့ သူတို့တွေ အကြိမ်ကြိမ် စမ်းသပ်ပြီး အစီအစဉ်ဆွဲခဲ့ကြရတယ်။ မနေ့ကမှ တခြား ဟော့ဘ်မျောက်လူ အင်ဂျင်နီယာတွေရဲ့ အကူအညီနဲ့ နောက်ဆုံးလိုအပ်တဲ့ အစိတ်အပိုင်းတွေကို အပြီးသတ် တည်ဆောက်နိုင်ခဲ့တာပါ။
မနက်စောစောမှာ ခုန်းက နောက်ဆုံး ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ပြီး ရေနွေးငွေ့တာဘိုင်ကို စတင်လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ မိုက်ကယ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံး ထိန်းချုပ်ခန်းထဲကို အပြေးအလွှား ဝင်သွားကြတဲ့အခါ မိုက်ကယ်နဲ့ ခုန်း ရောက်လာတာကို စောင့်နေကြတဲ့ တခြား အင်ဂျင်နီယာ ဟော့ဘ်မျောက်လူ အနည်းငယ်က ဟိုဟိုဒီဒီ လမ်းလျှောက်နေကြတာကို တွေ့လိုက်ရတယ်။
နောက်ဆုံးတော့ သူတို့ရဲ့ ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေကို မြင်တွေ့ရမယ့် အချိန်ရောက်လာပါပြီ။
"သခင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သခင်ကပဲ အစပြုပေးပါ" ခုန်းက မောင်းတံကို မိုက်ကယ်ဆီ ကမ်းပေးရင်း ပြောလိုက်တယ်။
မိုက်ကယ်က ခေါင်းညိတ်ပြပြီး မောင်းတံကို မြှောက်လိုက်တယ်။ အဲဒါကို တွန်းဖို့အတွက် အင်အားတော်တော် စိုက်ထုတ်လိုက်ရပါတယ်။ ကံကောင်းတာက သူက အသက်ဆယ်နှစ်အရွယ် ကလေးဆိုပေမဲ့ တော်တော်လေး သန်မာနေပြီ ဖြစ်လို့ပါပဲ။
သူက မောင်းတံကို ဖွင့် ဆိုတဲ့ နေရာရောက်အောင် တွန်းလိုက်တဲ့အခါ ထိန်းချုပ်ခန်းတစ်ခုလုံးမှာ ကျေနပ်စရာကောင်းတဲ့ ဖြောက် ဆိုတဲ့ အသံကြီး မြည်ဟည်းသွားပါတယ်။ အဲဒီအသံက အခန်းတွေထဲမှာရှိတဲ့ လောင်စာတွေကို စတင်လောင်ကျွမ်းစေဖို့အတွက် မီးခတ်ကျောက်ကနေ မီးစတင်ကူးသွားပြီဆိုတာကို အသိပေးလိုက်တာပါ။
မိုက်ကယ်က သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်း ကို အသုံးပြုပြီး စက်ပစ္စည်းထဲက သတ္တုအလွှာအထပ်ထပ်ကို ဖြတ်ကျော်ကြည့်လိုက်ပါတယ်။
မီးစတင်လောင်ကျွမ်းပြီးတာနဲ့ ရေတွေက ပွက်ပွက်ဆူလာပါတော့တယ်။ အပူချိန် ၁၀၀ ဒီဂရီစဲလ်စီးယပ်စ် ဒါမှမဟုတ် ရေဆူမှတ်ကို ရောက်တဲ့အခါမှာတော့ ရေနွေးငွေ့တွေက တာဘိုင်ဆီကို အရာအားလုံး ဦးတည်ပေးတဲ့ ပြွန်ခေါင်းတစ်ခုထဲကို စတင်တက်လာပါတယ်။
ဒီလို သေးငယ်တဲ့ ပြွန်ခေါင်းထဲကို ရေနွေးငွေ့တွေ အများကြီး စီးဝင်သွားတဲ့အတွက် အဲဒီရေနွေးငွေ့တွေရဲ့ အရှိန်နဲ့ ဖိအားဟာ တာဘိုင်ကို အင်မတန် မြန်တဲ့အရှိန်နဲ့ လည်ပတ်စေဖို့ လုံလောက်ပါတယ်။
ဒီနေရာမှာပဲ အံ့ဖွယ်တွေ စတင်တာပါပဲ။
တာဘိုင်နဲ့ ချိတ်ဆက်ထားတဲ့ ဂျင်နရေတာကနေ လျှပ်စီးမှော်စွမ်းအင်တွေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ဒါဟာ ရေနွေးငွေ့တာဘိုင်ကနေ အပူကို လျှပ်စစ်အဖြစ် ပြောင်းလဲပေးနိုင်တာ အောင်မြင်သွားပြီဆိုတဲ့ အချက်ပြမှုပါပဲ။
ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ ရေနွေးငွေ့တာဘိုင် ကောင်းကောင်း အလုပ်လုပ်နေတာကို သိနိုင်ဖို့အတွက် သူတို့အားလုံးက ထိန်းချုပ်ခန်း အလယ်မှာရှိတဲ့ မီးသီးလေး တစ်လုံးကို စိုက်ကြည့်နေကြပါတယ်။
မီးသီးလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတဲ့အခါ သူတို့အားလုံး အသက်ရှူဖို့တောင် မေ့ပြီး စောင့်ကြည့်နေကြတာပါ။ နောက်ဆုံးမှာတော့ မီးသီးလေးက လင်းထိန်သွားပြီး အခန်းတစ်ခုလုံးကို အလင်းရောင်တွေ ပေးစွမ်းလိုက်ပါတော့တယ်။
"တို့တွေ လုပ်နိုင်ခဲ့ပြီ"
အခန်းထဲက လူအားလုံးဟာ ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတွေကြောင့် အောင်ပွဲခံ အော်ဟစ်လိုက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဖက်ကြ ခုန်ကြနဲ့ အားလုံးဟာ ဆူညံပွက်လောရိုက်သွားခဲ့တာပါ။
"သခင်.. ကျတော်တို့တွေ အောင်မြင်ပြီ သခင်..ပြောတာ မှန်တယ်"
လျှပ်စစ်စွမ်းအားကို ရယူနိုင်မယ်ဆိုတဲ့ မိုက်ကယ်ရဲ့ ကတိစကား တကယ်ဖြစ်လာတာကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြတယ်။ ဒီလုပ်ငန်းစဉ် တစ်ခုလုံးမှာ မှော်ပညာ မလိုအပ်ဘဲ သူတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝအရင်းအမြစ်တွေကိုပဲ လိုအပ်တာပါ။
ဒီရေနွေးငွေ့တာဘိုင် ရှိနေပြီဆိုတော့ သူတို့မှာ သန်းခေါင်ယံအချိန်မှာတောင် တစ်ရွာလုံးကို လင်းထိန်စေမယ့် မီးသီးတွေ ရှိလာနိုင်ပြီပေါ့။
မိုက်ကယ်လည်း စိတ်လှုပ်ရှားသွားပါတယ်။ ဆယ်နှစ်တောင် ကြာခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့ဘဝမှာ လျှပ်စစ်မီးကို ပြန်ရခဲ့ပါပြီ။ ဒီကမ္ဘာက ဘဝကို အရင်ကထက် ပိုပြီး သက်သောင့်သက်သာဖြစ်အောင် လုပ်နိုင်ဖို့ သူ ခြေလှမ်းအကြီးကြီး လှမ်းနိုင်ခဲ့တာပါ။ လျှပ်စစ်မီးနဲ့မှ အလုပ်လုပ်နိုင်မယ့် တီထွင်မှုတွေ အများကြီး သူ့မှာ ရှိနေပါသေးတယ်။ ဒီနေ့ပြီးရင်တော့ အဲဒါတွေကို သူ စတင်လုပ်ဆောင်နိုင်တော့မှာပါ။
"ကျေးဇူးတင်ပါတယ် အားလုံးပဲ တို့တွေ အားလုံး အတူတူ ကြိုးစားခဲ့ကြတာပါ" လို့ သူက ခုန်းနဲ့ တခြား အင်ဂျင်နီယာတွေကို ပြောလိုက်တယ်။
"ဒါပေမဲ့ တို့အလုပ်က မပြီးသေးဘူး"
ပြီးတော့ သူက အခန်းဘေးက ပြတင်းပေါက်ကို လက်ညွှန်ပြပြီး တစ်ရွာလုံးကို လှမ်းကြည့်လိုက်တယ်။
"တို့တွေ အိမ်တိုင်းကို လျှပ်စစ်မီး သွယ်တန်းပေးဖို့ စရဦးမယ်။ ခုန်း တို့မှာ လျှပ်စစ်ကြိုးတွေ အဆင်သင့်ရှိတယ် မဟုတ်လား"
အင်ဂျင်နီယာချုပ်က ခေါင်းညိတ်ပြတယ်။
"ဟုတ်ကဲ့ပါ သခင် အိမ်တွေကို ကြိုးတွေသွယ်ဖို့ တခြား အင်ဂျင်နီယာတွေကို ကျွန်တော် ညွှန်ကြားထားပြီးပါပြီ။ တို့တွေ အဲဒါတွေကို စွမ်းအင်အရင်းအမြစ်နဲ့ ချိတ်ဆက်ပေးဖို့ပဲ လိုတာပါ"
မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။ အခုကတော့ လူတိုင်းကို လျှပ်စစ်ရဲ့ စွမ်းအားကို ပြသရမယ့် အချိန်ပါပဲ။ မွန်းလွဲပိုင်းမှာ မိုက်ကယ်က လျှပ်စစ်မီးအကြောင်း တင်ဆက်ပြသဖို့အတွက် ရွာသားအားလုံးကို စုရုံးပေးဖို့ လော့လိုကို ခိုင်းလိုက်ပါတယ်။
ဟော့ဘ်မျောက်လူ အားလုံးဟာ ရွာလယ်က ကွင်းပြင်မှာ စုရုံးရောက်ရှိလာကြတယ်။ သူတို့အားလုံးဟာ နေဝင်ပြီး ညက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်နေကြတာပါ။ လူတိုင်းကို သူတို့အိမ်က ဖယောင်းတိုင်မီးတွေကို ငြှိမ်းထားဖို့ ညွှန်ကြားထားတာကြောင့် တစ်ရွာလုံးဟာ မှောင်အတိ ကျနေခဲ့ပါတယ်။
"ဘာဖြစ်နေတာလဲ" လို့ ဟော့ဘ်မျောက်လူ ကလေးတစ်ယောက်က မေးပါတယ်။
"တိုးတိုးနေ ကလေး တို့သခင်က တို့ကို အံ့သြစရာ တစ်ခုခု ပြစရာရှိတယ်လို့ ပြောထားတယ်" လို့ သူ့မိဘတွေက ပြောလိုက်ကြတယ်။
ဒါပေမဲ့လည်း အမှောင်ထဲမှာ စောင့်နေရတဲ့ မျောက်လူ တချို့ကတော့ နည်းနည်းလေး ဂဏာမငြိမ် ဖြစ်လာကြပါတယ်။ အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ တည်ငြိမ်တဲ့ အသံက ကွင်းပြင်မှာ ပဲ့တင်ထပ်သွားတာကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြတယ်။
"အားလုံးကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒါက စောင့်ရကျိုးနပ်မယ်လို့ ငါ ကတိပေးပါတယ်။ အချိန်ဆွဲမနေတော့ဘဲ တို့တွေ အတူတူ ကြိုးစားထားတဲ့ ရလဒ်တွေကို ငါ အခု ပြပါ့မယ်။ ခုန်း ဖွင့်လိုက်တော့"
ဖြောက် ဆိုတဲ့ အသံတစ်ချက်နဲ့အတူ စူးရှတဲ့ အလင်းရောင်ကြီးက ဟော့ဘ်မျောက်လူတွေကို လွှမ်းမိုးသွားပါတော့တယ်။
ဟော့ဘ်မျောက်လူ ကလေးလေးဟာ မျက်မှောင်ကြုတ်ပြီး မျက်လုံးတွေကို ပိတ်လိုက်တယ်။ နေဝင်ပြီး နာရီအနည်းငယ် ကြာနေပြီဖြစ်တဲ့ အချိန်မှာ ဒီလောက်တောက်ပတဲ့ အလင်းရောင်မျိုးကို သူ မမျှော်လင့်ထားတာကြောင့် နည်းနည်းလေး ကြောက်သွားတာပါ။
ဒါပေမဲ့ အဲဒီနောက်မှာတော့ အံ့သြတုန်လှုပ်သွားတဲ့ အသံတွေကို သူ စတင်ကြားလိုက်ရပါတယ်။
"မယုံနိုင်စရာပဲ"
"လှလိုက်တာ နီကိုလာ အဲဒါကို ကြည့်ဦး"
ကလေးလေးဟာ သူ့မိဘတွေရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံတွေကို ကြားလိုက်ရတဲ့အခါ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်။ သူ့အမြင်အာရုံက အလင်းရောင်နဲ့ နေသားကျသွားတဲ့အခါမှာတော့ နေရာတိုင်းမှာ ကြယ်တွေနဲ့ လင်းထိန်နေတဲ့ သူတို့ရွာရဲ့ လှပတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတော့တယ်။ သူတို့ဟာ ဒီအံ့သြစရာကောင်းတဲ့ မြင်ကွင်းကို ကြည့်ပြီး အသက်ရှူဖို့တောင် မေ့သွားခဲ့ပါတယ်။
မိုက်ကယ်က သူ့အရင်ဘဝက ခရစ္စမတ်မီးတွေလိုမျိုး မီးသီးလေးတွေကို ကြိုးတွေမှာ တပ်ဆင်ပြီး အိမ်တွေကို ပတ်ထားဖို့ ညွှန်ကြားထားခဲ့တာပါ။ ဒါက သူတို့ရွာလေးဟာ ညဘက် ကောင်းကင်ယံက ကြယ်တွေရဲ့ ကောင်းချီးကို ရရှိထားသလိုမျိုး ဖြစ်နေစေပါတော့တယ်။
* * * * * * * * *
စာစဉ်(၆)
အခန်း(၆၈)
ရွာထဲက လူတိုင်းဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ လျှပ်စစ်မီးကို အသုံးချရတာကို အချိန်တိုအတွင်းမှာတင် အစွဲအလမ်းကြီး စွဲလန်းသွားကြပါတော့တယ်။
အခုဆိုရင် သူတို့ဆီမှာ ဒီစွမ်းအင်အရင်းအမြစ်သစ် ရှိနေပြီဖြစ်လို့ တစ်ရွာလုံးအတွက် ရေကန်ကြီးထဲကို လက်နဲ့မောင်းပြီး ရေတင်နေစရာ မလိုတော့ပါဘူး။ အရာအားလုံးကို ရေပိုက်စနစ်ထဲ ရေဖြည့်ပေးမယ့် လျှပ်စစ်ရေမော်တာနဲ့ မောင်းနှင်နေပြီး ရေကုန်သွားတိုင်းလည်း အလိုအလျောက် ပြန်ဖြည့်ပေးနေတာပါ။
အရင်က သူတို့ဘဝမှာ အင်မတန် ရှားပါးလှတဲ့ ရေဟာ အခုတော့ ဘယ်လောက်တောင် ပေါများသွားသလဲဆိုရင် ရွာလယ်ကွင်းပြင်မှာ ဟော့ဘ်မျောက်လူတွေကို အမြဲတမ်း ပျော်ရွှင်စေမယ့် ရေပန်းကြီးတစ်ခုတောင် ရှိနေပါပြီ။ ကလေးတွေက ရေပန်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ရေပက်ပြီး ဆော့ကစားနေကြတာ၊ ရေစိုရွှဲနေတာတွေကို လော့လိုက နွေးထွေးတဲ့ အကြည့်နဲ့ ငေးကြည့်နေခဲ့တယ်။
မိုက်ကယ်ကြောင့်ပဲ ကလေးတွေဟာ သူတို့ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခမျိုးတွေကို ထပ်ပြီး ခံစားစရာ မလိုတော့ပါဘူး။ သူတို့မှာ လိုအပ်တာထက် ပိုတဲ့ ရေတွေ ရှိနေပြီဖြစ်လို့ နေ့တိုင်း ရေချိုးနိုင်တဲ့အထိတောင် ချမ်းသာကြွယ်ဝနေကြတာပါ။ သူက သက်ပြင်းတစ်ချက်ချရင်း ခြောက်သွေ့လွင်ပြင်ရဲ့ မိုးကုတ်စက်ဝိုင်းကို လှမ်းကြည့်လိုက်တယ်။
သူ့ရင်ထဲမှာ အပြစ်မကင်းသလို ခံစားချက်မျိုး စတင်ဝင်ရောက်လာပါတယ်။ သူကတော့ ဒီမှာ ဘာပူပင်စရာမှမရှိဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပေမဲ့ အပြင်က သဲကန္တာရထဲမှာတော့ သောက်ဖို့ ရေတစ်စက်တောင် မရှိဘဲ ဒုက္ခရောက်နေကြတဲ့ အဝါရောင်မျောက်လူတွေ အများကြီး ရှိနေဦးမှာပါ။
သူတို့တွေလည်း ဒီသုခဘုံကို အမြန်ဆုံး ရှာတွေ့ပြီး မိုက်ကယ်ရဲ့ ကောင်းချီးတွေကို ခံစားရပါစေလို့ပဲ သူ ဆုတောင်းနေမိတော့တယ်။
* * * * * * * * *
ဘယ်သူမှမရှိတဲ့ သဲကန္တာရ အလယ်ခေါင်မှာတော့ အဝါရောင်မျောက်လူ တစ်ကောင်ဟာ ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ အားအင်ကုန်ခမ်းစွာနဲ့ လျှောက်လှမ်းနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပိန်လှီခြောက်ကပ်နေပြီး အရေပြားတွေကလည်း ခြောက်သွေ့လွန်းလို့ ကွာကျနေပါပြီ။
ရေနဲ့ သက်ရှိတွေ အလျှံပယ်ရှိတဲ့ ဒဏ္ဍာရီလာ အိုအေစစ်ကို ရှာဖို့ သူ့ရွာကနေ ထွက်လာခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ စိတ်ကူးယဉ် အိပ်မက်တစ်ခုထက် မပိုဘူးဆိုတာကို သူ မကြာခင်မှာပဲ သိလိုက်ရတယ်။ အပြင်မှာတော့ သူ့လိုပဲ အချည်းနှီး အိပ်မက်တွေနဲ့ သဲကန္တာရထဲ ထွက်လာခဲ့ကြတဲ့ မျောက်လူတွေရဲ့ အရိုးစုတွေကိုပဲ တွေ့ရတာပါ။ သူဟာ အရှုံးပေးပြီး သူ့ရွာကိုပဲ ပြန်တော့မယ်လို့ ကြံရွယ်လိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အဝေးမှာ တစ်ခုခုကို သူ လှမ်းမြင်လိုက်ရတယ်။ နေပူရှိန်ကြောင့် မျောက်လူရဲ့ အမြင်အာရုံတွေ ဝေဝါးနေပေမဲ့ သဲကန္တာရထဲမှာ တခြား သတ္တဝါတွေ လမ်းလျှောက်နေတာကို သူ သေချာပေါက် မြင်လိုက်တာပါ။
နေရောင်အောက်မှာ အမွှေးတွေက တောက်ပပြောင်လက်နေတဲ့ ထူးဆန်းတဲ့ မျိုးစိတ်သစ်တစ်ခုဆီကို သူ နီးနီးကပ်ကပ် လျှောက်သွားလိုက်ပါတယ်။ မျောက်လူကတော့ သူ့ရဲ့ မျိုးနွယ်စုဝင်တွေနဲ့ တွေ့ပြီလို့ ထင်ခဲ့ပေမဲ့ သူတို့ရဲ့ မတ်မတ်ရပ်နေတဲ့ ပုံစံနဲ့ လူသားနဲ့တူတဲ့ မျက်နှာတွေက သူနဲ့ မတူဘူးဆိုတာကို ပြောပြနေပါတယ်။ သူတို့က ပိုပြီး အစွမ်းထက်ကြတယ်။
ဒါတင်မကဘဲ သူတို့က တော်တော်လေး စိတ်လက်ပေါ့ပါးနေပုံရပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတဲ့ ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ထားတာတောင်မှ ပြင်းထန်လှတဲ့ နေပူရှိန်အောက်မှာ ချွေးတစ်စက်တောင် ထွက်မနေကြပါဘူး။ သူတို့ရဲ့ ပုံစံက ကြမ်းတမ်းပြီး ခြောက်သွေ့တဲ့ သဲကန္တာရထဲမှာ လမ်းလျှောက်နေရတာက စိန်ခေါ်မှုတစ်ခု မဟုတ်ဘဲ မနက်ခင်း လမ်းလျှောက်ထွက်နေသလိုမျိုး အေးအေးဆေးဆေး ဖြစ်နေကြတာပါ။
မျောက်လူနဲ့ ယှဉ်လိုက်ရင် ဒီသတ္တဝါတွေက ရယ်မောပျော်ရွှင်နေကြပါတယ်။ သူတို့က အသက်ရှင်ဖို့အတွက် အလုအယက် ကြိုးစားနေရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ အဲဒီနောက်မှာတော့ မျောက်လူဟာ အဲဒီသတ္တဝါတွေထဲက တစ်ယောက်က သူ့အိတ်ကပ်ထဲကနေ ပုလင်းတစ်လုံး ထုတ်လိုက်တာကို တွေ့လိုက်ရတယ်။
အဝေးကနေတောင်မှ မျောက်လူဟာ အဲဒီအသံကို မှတ်မိနေပါတယ်။ အဲဒါ ရေပဲ ဖြစ်ပါတယ်။ အဲဒီသတ္တဝါက ပုလင်းထဲက ရေတွေကို တစ်ကျိုက်တည်းနဲ့ သူ သောက်ချင်သလောက် ဝဝလင်လင် သောက်လိုက်ပါတယ်။ မျောက်လူဟာ သူ့ရဲ့ ရေငတ်နေတာကို ဖြေဖျောက်နေတဲ့ အဲဒီသတ္တဝါကို ကြည့်ရင်း ခြောက်သွေ့နေတဲ့ လည်ချောင်းကြီးနဲ့ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိတယ်။
အဲဒီနောက်မှာတော့ မယုံနိုင်စရာ တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီသတ္တဝါက ရေတွေကို သူ့ကိုယ်ပေါ် လောင်းချလိုက်ပြီး သူ့မျက်နှာကနေ မြေပြင်ပေါ် စီးကျအောင် လုပ်လိုက်တာပါ။ အသက်ကယ်ပေးနိုင်တဲ့ ဒီအဖိုးတန် အရင်းအမြစ်ကို သူကတော့ အလဟဿ ဖြုန်းတီးပစ်နေတာ ဖြစ်ပါတယ်။
မျောက်လူဟာ ဒါကို မယုံနိုင်အောင် ဖြစ်နေရတယ်။ အကယ်၍သာ သူ့လည်ချောင်းက ခြောက်မနေဘူးဆိုရင် ရေတွေကို အလဟဿ ဖြုန်းတီးနေတဲ့ အဲဒီသတ္တဝါကို သူ အော်ဟစ်ဆဲဆိုမိမှာပါ။ သူကိုယ်တိုင် ဝဝလင်လင် သောက်ပြီးပြီဆိုရင်တောင်မှ ဒီရေကို သူ့ရဲ့ တခြား ရဲဘော်တွေအတွက် သိမ်းထားပေးလို့ ရတာပဲ မဟုတ်လား။
မျောက်လူ အဲဒီလို တွေးနေတုန်းမှာပဲ တခြား သတ္တဝါတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် ရေပုလင်းတွေကို ထုတ်လိုက်ကြပြီး အပူဒဏ်ကို အန်တုဖို့အတွက် ရေတွေကို ကိုယ်ပေါ် ပက်လိုက်ကြပါတော့တယ်။ နောက်ဆုံးမှာတော့ မျောက်လူဟာ သတ္တဝါတွေဆီကို ချဉ်းကပ်ဖို့ သတ္တိမွေးလိုက်ပါတယ်။
"မြင့်မြတ်တဲ့ အရှင်တို့... ကျေးဇူးပြုပြီး... ကျွန်တော့်ကို... ရေလေး နည်းနည်းလောက်... ပေးသနားပါ..." မျောက်လူက သူ့ခေါင်းကို မြေကြီးထဲ နစ်မတတ် ဦးညွှတ်ပြီး တောင်းပန်လိုက်ပါတယ်။
ဟော့ဘ်မျောက်လူတွေ အားလုံးက သူ့ကို ကြည့်လိုက်ကြပြီး သူ ဘယ်လောက်အထိ သနားစရာကောင်းတဲ့ အခြေအနေ ရောက်နေလဲဆိုတာကို မြင်လိုက်ရပါတယ်။
"ရေအတွက်ဆိုရင်... ကျွန်တော်... ကျွန်အဖြစ်... အမှုထမ်းဖို့... အဆင်သင့်ပါပဲ... ကျေးဇူးပြုပြီး..."
သူ ဆက်ပြီး တောင်းပန် ဦးညွှတ်မနေရသေးခင်မှာပဲ သူ့ခေါင်းပေါ်မှာ အေးမြတဲ့ ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ သူ မော့ကြည့်လိုက်တဲ့အခါ သူ့နဖူးနားမှာ ရေတွေပါတဲ့ သစ်သားပုလင်းတစ်လုံးကို တွေ့လိုက်ရတယ်။
"မင်း ပုံစံကြည့်ရတာ အခြေအနေသိပ်မကောင်းဘူးပဲ။ ရော့၊ မင်း လိုသလောက် ရေတွေကို သောက်လိုက်ပါ" လို့ ဟော့ဘ်မျောက်လူက ပြောလိုက်ပါတယ်။
မျောက်လူဟာ ပုလင်းကို ဂရုတစိုက် ယူလိုက်ပြီး ပထမဆုံး တစ်ငုံ သောက်လိုက်ပါတယ်။ ဒါဟာ တကယ်ကို ရေအစစ်ပါပဲ။ ပြီးတော့ သူတို့က ဘာမှ ပြန်မတောင်းဘဲ သူ့ကို ပေးခဲ့တာပါ။ မျောက်လူဟာ ရေတွေကို အငမ်းမရ သောက်ပါတော့တယ်။ ပုလင်းထဲက နောက်ဆုံး လက်ကျန်ရေစက်တွေကိုတောင် မကျန်အောင် သောက်လိုက်ပြီးတဲ့နောက်မှ သက်ပြင်းတစ်ချက်ကို ဝဝလင်လင် ချလိုက်နိုင်ပါတော့တယ်။
"ဟား..."
မျောက်လူက ရေဝသွားပြီး မြေပြင်ပေါ်မှာ လှဲချရင်း ရေရွတ်လိုက်တယ်။
"စေတနာရှင်ကြီးတို့... ကျွန်တော် ကျေးဇူးတင်ပါတယ်"
ဟော့ဘ်မျောက်လူတွေက သူတို့ရဲ့ ပုခုံးကို တွန့်ပြလိုက်ကြတယ်။ ဒါဟာ မိုက်ကယ်ဆီကနေ အတုခိုးထားတဲ့ 'ရပါတယ်' လို့ အဓိပ္ပာယ်ရတဲ့ အမူအရာတစ်ခု ဖြစ်ပုံရပါတယ်။
"ကျွန်တော်... မြင့်မြတ်တဲ့ အရှင်တို့ကို အစေခံဖို့... အသက်ကိုတောင် ပေးပါ့မယ်..." လို့ မျောက်လူက ပြောလိုက်တယ်။
ဒါပေမဲ့ ဟော့ဘ်မျောက်လူတွေက ခေါင်းခါလိုက်ကြပါတယ်။
"အဲဒီလို လုပ်စရာ မလိုပါဘူး။ တို့ဆီမှာ ပိုလျှံနေတဲ့ ရေတွေ အများကြီး ရှိပါတယ်"
ဒါကို ကြားလိုက်တဲ့အခါမှာတော့ မျောက်လူဟာ ကောက်ချက်တစ်ခုပဲ ချလိုက်ပါတော့တယ်။ သူတို့တွေဟာ သဲကန္တာရ အလယ်ခေါင်မှာရှိတဲ့ ဒဏ္ဍာရီလာ အိုအေစစ်ကို ရှာတွေ့သွားကြတာပဲ ဖြစ်ရမယ်။ အကယ်၍ သူသာ သူ့ရွာသားတွေကို ဒီနေရာကို လမ်းပြပေးနိုင်မယ်ဆိုရင် သူတို့အားလုံး သေဘေးက လွတ်ကြမှာပါ။
"ကျေးဇူးပြုပြီး... ကျွန်တော့်ကို ပြောပြပါ... ဒီရေကို ဘယ်လိုရတာလဲ... ကျွန်တော့်ရွာကို... ကယ်ဖို့ လိုအပ်လို့ပါ... ကျေးဇူးပြုပြီး ပြောပြပါ... အိုအေစစ်က... ဘယ်မှာလဲ"
မျောက်လူဟာ ဒါက ဖြစ်နိုင်ခြေ သိပ်မရှိဘူးဆိုတာကို သိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသတ္တဝါတွေသာ အိုအေစစ်ကို ရှာတွေ့ခဲ့တယ်ဆိုရင် တခြားသူတွေနဲ့ မျှဝေချင်မှာ မဟုတ်ပါဘူး။ သူတို့ဘာသာပဲ အပိုင်သိမ်းထားကြမှာပါ။ ဒါတောင်မှ သူကတော့ ကြိုးစားကြည့်ရမှာပါပဲ။
အဲဒီအခါမှာတော့ ဟော့ဘ်မျောက်လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေက သဲကန္တာရထဲမှာ ထုံးကျောက်ရှာဖို့ လာခဲ့တာဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့ မျောက်လူ တစ်ယောက်ယောက်ကို တွေ့ရင် ရွာထဲကို ခေါ်လာဖို့ လော့လိုက ညွှန်ကြားထားခဲ့တာကိုး။
"တို့တွေ အိုအေစစ်အကြောင်းတော့ မသိဘူး၊ ဒါပေမဲ့ တို့ဆီမှာတော့ သုခဘုံတစ်ခု ရှိတယ်။ အဲဒီမှာ ရေတွေက မိုးရွာသလို စီးကျနေပြီး အစားအစာတွေကလည်း အလျှံပယ်ပဲ၊ ညဘက်ဆိုရင်လည်း ကြယ်တွေက မြေပြင်ပေါ်ကို ဆင်းလာကြတာ။ တို့တွေ မင်းနဲ့ မင်းရဲ့ တစ်ရွာလုံးကို အဲ့ဒီကို ခေါ်သွားနိုင်ပါတယ်။ မင်း အဲဒါကို မြင်ချင်သလား"
* * * * * * * * *