အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း။ ၂၂၇
သူသည် ပြုံးလိုက်ပြီး လီဟွိုက်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
"အဲဒါကြောင့် ငါတို့ကမှ တကယ့် လူကောင်းတွေလို့ ပြောတာပေါ့"
လီဟွိုက်က သူ့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"အကောင်းက အကောင်းပဲ အဆိုးက အဆိုးပဲ။ ဒီမြို့ထဲမှာ ကျွန်တော့်လို လူတွေ ဘယ်လောက်တောင် များမလဲ။ ခင်ဗျားတို့ သူတို့ကို သတ်တုန်းက သူတို့ရဲ့ ခံစားချက်ကိုရော ထည့်စဉ်းစားခဲ့ဖူးလို့လား။
အကယ်၍ ဦးလေးလီသာ မရှိခဲ့ရင် ကျွန်တော်ဟာ ခင်ဗျားတို့ စိတ်ကြိုက် နင်းခြေလို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေမှာပဲ။
ဒါပေမဲ့ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေတာနဲ့ပဲ သေတိုက်တယ်လို့ ဆိုလိုတာလား။
ကျွန်တော်က နိမ့်ကျတဲ့သူ ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အကောင်းအဆိုးကို ခွဲခြားနိုင်တဲ့ ကိုယ်ပိုင် ချိန်ခွင်လျှာရှိပါတယ်။
ခင်ဗျားတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော် လီဟွိုက်ကတော့ ခင်ဗျားတို့နဲ့ ပူးပေါင်းမယ့်အစား အသေပဲ ခံလိုက်မယ်"
ဤရက်အနည်းငယ်အတွင်း သူတို့၏ ကျင့်ကြံခြင်း အလားအလာကို စမ်းသပ်မှုမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စမ်းသပ်မှု ရလဒ်များအရ လီဟွိုက်တွင် အဆင့်နိမ့် မြေဓာတ် အခြေခံအမြစ် ရှိနေပြီး ကျန်ခြောက်ဦးတွင်မူ မရှိချေ။
ထိုအချိန်တွင် လီဟွိုက်သည် ဖန်းချင်းရွှယ်၏ ရှေ့၌ ရုတ်တရက် ဒူးထောက်လိုက်ပြီး ရိုရိုသေသေ ပြောလိုက်သည်။
"ဆရာမ ချင်းမုန်း... ကျွန်တော့်ရဲ့ အရည်အချင်းက ညံ့ဖျင်းပါတယ်။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိပါသေးသလား"
ဖန်းချင်းရွှယ်မှာ တကယ်ပင် အံ့အားသင့်သွားရသည်။ သူမရှေ့ရှိ သာမန်လူတစ်ယောက်တွင် ဤမျှ ကြံ့ခိုင်သော စိတ်ဓာတ် ရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ထို့နောက် သူမက ပြုံးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဒါပေါ့... ငါ အလိုရှိတာပေါ့"
သူမ ပြောရင်းနှင့် ဝတ်လုံကြားမှ ဝတ်လုံအိတ်တစ်အိတ်နှင့် ပျံသန်းနိုင်သော ဓားတစ်စင်းကို ထုတ်ကာ ကမ်းပေးလိုက်သည်။
"ဒါတွေက ငါတို့ ပထမဆုံး တွေ့ဆုံခြင်းအတွက် ဆရာ့ဆီက လက်ဆောင်တွေပါ"
လီဟွိုက်က ခိုင်မာသော လေသံဖြင့် "ကျေးဇူးတင်ပါတယ် ဆရာမ"
စီကုန်းရင်သည် ဤမြင်ကွင်းကို မနာလိုဝန်တိုမှုများဖြင့် ကြည့်ကာ ထူးထူးဆန်းဆန်း ပြောလိုက်သည်။
"လီဟွိုက်... ဟုတ်လား"
"ဟုတ်တယ်"
လီဟွိုက်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ထူးသည်။
စီကုန်းရင်က ပြောသည်။
"မင်းက ငါ့ကို လူဆိုးလို့ ခဏခဏ ပြောနေတယ်။ ဒါပေမဲ့... မင်းပြောနေတဲ့ အဲဒီ ဦးလေးလီဆိုတဲ့ လူအကြောင်းကိုရော မင်း တကယ် နားလည်လို့လား"
လီဟွိုက်၏ အဖြေကို မစောင့်ဘဲ စီကုန်းရင်က ဆက်ပြောသည်။
"ငါတို့က လူဆိုးတွေဆိုရင်တောင် ငါတို့က အသေးအဖွဲ လူဆိုးတွေပဲရှိသေးတယ်။ မင်းရဲ့ အဲဒီ ဦးလေးလီကမှ တကယ့် လူဆိုးကြီးကွ... ဟား... ဟားဟား..."
လီဟွိုက်သည် တိတ်ဆိတ်နေခဲ့သည်။ အကြောင်းမှာ ထိုနေ့က ဦးလေးလီ ပေါ်လာသည်နှင့် မိစ္ဆာတွေကို ခုခံနေသည့် ရွှေရောင်ချပ်ဝတ် နတ်ဘုရားစစ်သည်တော်ကို ဖျက်ဆီးလိုက်သည်ကို သူ အမှန်တကယ် မြင်တွေ့ခဲ့ရသောကြောင့်ပင်။
စီကုန်းရင်က လက်ကို ဆန့်ထုတ်ရင်း ပြုံးလိုက်သည်။
"ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ လာပါ ကလေးရာ... ငါ့ဆီကို လာခဲ့ပါ"
လီဟွိုက်က ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်သည်။
စီကုန်းရင်၏ မျက်နှာမှာ အေးစက်သွားပြီး သူ၏ သည်းခံနိုင်စွမ်းမှာ လုံးဝ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် မှတ်ဉာဏ်ကျောက်စိမ်းပြားကို ချေမွပစ်ကာ မျက်လုံးမှိတ်လျက် နောက်လှည့်ကာ အော်ဟစ်လိုက်သည်။
"သန့်စင်တဲ့ အစီအရင်ကို အမြန်ဆုံး အရှိန်မြှင့်ကြစမ်း"
ဖန်းချင်းရွှယ်က လီဟွိုက်ကို ကြင်နာစွာ ကြည့်ကာ ပြောလိုက်သည်။
"လိမ္မာတဲ့ ကလေး... ငါ့နောက်မှာပဲ နေပါ။ သူတို့ ငါတို့ကို အလွယ်တကူ သန့်စင်နိုင်မှာ မဟုတ်ပါဘူး"
"ဟုတ်ကဲ့ပါ ဆရာမ"
လီဟွိုက်၏ လေသံမှာ သူ၏ ဆရာအပေါ် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
တြိဂံပုံစံ အနေအထားတွင် ရှိနေကြသော အခြား ကျင့်ကြံသူ သုံးဦးမှာလည်း ထိုစိတ်ဓာတ်များ ကူးစက်သွားပုံရပြီး ခေါင်းများကို တဖျတ်ဖျတ် ညိတ်ကာ ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ၏ တိုက်စားမှုကို ခုခံရန် ပိုမို ပြတ်သားလာကြသည်။
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
စီကုန်းရင်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုစိတ်မရှည် ဖြစ်လာခဲ့သည်။
သူသည် သန့်စင်ခြင်းလုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရန်အတွက် သန့်စင်ခြင်းအစီအရင်ဗျူဟာအတွင်း၌ ကိုယ်တိုင်ဝင်ထိုင်နေခဲ့သည်။
သို့သော် အတွင်းဘက်တွင် သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူ လေးဦးရှိနေပြီး ၎င်းတို့အနက် သုံးဦးမှာ အလယ်အလတ်အဆင့်ဖြစ်ကာ တစ်ဦးမှာ အစောပိုင်းအဆင့်ဖြစ်သည်။ သူတို့ဘက်၏ စုစုပေါင်းအင်အားမှာ စီကုန်းရင်တို့ဘက်ထက် သာလွန်နေသည်။
ထိုကဲ့သို့ ခက်ခဲသော အရိုးကို ကိုက်ဖြတ်ရန်မှာ သဘာဝအတိုင်းပင် လွယ်ကူလှသည်မဟုတ်။ အတွင်းဘက်ရှိ ကျင့်ကြံသူများသည် လွန်ဆွဲပွဲတစ်ခုကဲ့သို့ပင် တစ်ဖက်မှ သန့်စင်ရန် ကြိုးစားနေစဉ် အခြားတစ်ဖက်မှ ပြန်လည်ခုခံနေကြသည်။
ဖန်းချင်းရွှယ်သည် အပြင်ဘက်ကို အသေအချာ စိုက်ကြည့်နေပြီး အားတင်းကာ တောင့်ခံထားရသည်။ စိတ်ဓာတ်များ ပြိုကွဲသွားမည်ကို စိုးရိမ်သဖြင့် ပင်ပန်းနွမ်းနယ်သည့် အမူအရာကိုပင် မပြဝံ့ချေ။
သို့သော် သူမ သိသည်မှာ သူမ ကြာကြာ တောင့်မခံနိုင်တော့ပေ။
သုံးရက်အတွင်း သူမသည် သေချာပေါက် သန့်စင်ခံရမည်ဖြစ်ပြီး ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိမ့်မည်။
ထို့နောက် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရပြီး အငြိုးအတေး ဝိညာဉ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်အတွင်း သူမသည် သူမ၏ ဝိညာဉ်အာရုံကို ကိုယ်တိုင်ဖျက်ဆီးရန်ပင် မတတ်နိုင်တော့ချေ။ ဤသည်မှာ ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းဗျူဟာ၏ ကြောက်မက်ဖွယ်ကောင်းမှုပင်။
စီကုန်းရင်သည် စွမ်းအားကို မြှင့်တင်ရန် လက်ကို မြှောက်လိုက်ပြီး လူများကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ရသည့် လုပ်ငန်းစဉ်ကို သဘောကျနေသည်။
သူတို့မျက်နှာပေါ်ရှိ မျှော်လင့်ချက်များ တဖြည်းဖြည်းနှင့် မျှော်လင့်ချက်မဲ့ခြင်းသို့ ကူးပြောင်းသွားသည်ကို သူ ကြည့်နေ၏။
သူ၏ မျက်လုံးများသည် အကာအကွယ်ဒိုင်းပေါ်သို့ စူးစိုက်လျက်ရှိပြီး ထိုဒိုင်းမှာ တဖြည်းဖြည်း ပါးလွှာလာကာ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်ကို စောင့်ကြည့်နေသည်။ စီကုန်းရင်၏ နှုတ်ခမ်းများမှာ ယုတ်မာသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
ထိုအချိန်တွင်ပင် မည်သည့်သတိပေးချက်မျှမရှိဘဲ အရေးကြီးသော အချိန်ပင် မဟုတ်ပါဘဲလျက် မိုးကုပ်စက်ဝိုင်းမှ လေတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။
ဝေးလံသော အရပ်မှ လေပြင်းတစ်ချက်မှာ ယခုအချိန်တွင် သန့်စင်ခြင်းဗျူဟာအတွင်းသို့ လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာခဲ့သည်။
အလယ်ဗဟိုတွင် ချိတ်ဆွဲထားသော အနက်ရောင်အလံကြီးမှာလည်း ပြင်းထန်စွာ လွင့်ခါသွားတော့သည်။
စီကုန်းရင်၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားပြီး ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြတ်ခနဲ ပေါ်လာကာ ဝေးလံသော အရပ်သို့ စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
သွေးရောင်လွှမ်းသော မိစ္ဆာသက်တံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် လျှံထွက်နေသော သွေးရောင်မီးခိုးတန်းကြီးမှာ ကောင်းကင်ယံမှ ချဉ်းကပ်လာသည်။
ထိုသို့ လာရာတွင် လောဘဇောတက်နေသော ရယ်မောသံကြီးလည်း ပါလာ၏။
"ပစ္စည်းကောင်းပဲ တကယ်ကို ပစ္စည်းကောင်းပဲဟေ့"
"ထောင်ကရိန်းဂိုဏ်းကို တိတ်တဆိတ် ဝါးမြိုနေတယ်ဆိုကတည်းက ရတနာတစ်ခုခု ရှိရမယ်လို့ ငါ သိနေသားပဲ"
"ဒီရတနာက တကယ်တော့ ဝိညာဉ်အမျိုးအစား လက်နက်တစ်ခု ဖြစ်နေတာပဲ"
"ကံတရားက ငါတို့ကို မိုင်ပေါင်းထောင်ချီကျော်ပြီး ဆုံတွေ့စေတာပဲ။ ကံမပါဘဲနဲ့ ငါတို့ ဘယ်လို ဆုံနိုင်ပါ့မလဲ။ ဒီရတနာက ကံတရားအရ ငါ့ပစ္စည်း ဖြစ်ရမယ်"
"ဒါ ငါ့ပစ္စည်းပဲ"
စီကုန်းရင်၏ ရင်ခုန်သံမှာ မြန်ဆန်လာပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်မိသည်။ သူသည် တံတွေးတစ်ချက် မျိုချကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝေးရာမှ လျှံတက်လာသော သွေးရောင်မီးခိုးများကို ရင်ဆိုင်ရန် ပြင်လိုက်သည်။
သွေးရောင်မီးခိုးများကြားတွင် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တူသော ကြောက်မက်ဖွယ် ပုံရိပ်
တစ်ခုမှာ ဝေဝါးစွာ ပေါ်လွင်နေသည်။
သူသည် အလောတကြီး အော်ပြောလိုက်သည်။
"စီနီယာ"
သို့သော် ထိုစီနီယာမှာ သူ့ကို လုံးဝဂရုမစိုက်ဘဲ ရုတ်တရက် လက်ကို မြှောက်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် သွေးရောင်လက်ဝါးကြီးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ၎င်းမှာ မိစ္ဆာသန္ဓေသားကျမ်းထဲတွင် မှတ်တမ်းတင်ထားသော ရိုးရှင်းသည့် စွမ်းအားအသုံးချပုံ နည်းလမ်းတစ်ခုဖြစ်ပြီး အမှန်အတိုင်းပြောရလျှင် ခရမ်းရောင်နန်းတော်အဆင့်၏ မှော်အတတ်ဟုပင် မသတ်မှတ်နိုင်ချေ။
ဤစွမ်းအားသည် အတွေးများကို အဓိကဗဟိုချက်အဖြစ် သုံးကာ ထူးကဲချီကို မျက်နှာပြင်အဖြစ် သုံးထားခြင်းပင်။
သီးခြားစီရှိသော အတွေးတစ်ခုချင်းစီက ထူးကဲချီကို စုပ်ယူပြီး သွေးနီရောင်နန်းတော်အဆင့် နောက်ဆုံးကာလအထိ မြှင့်တင်ကာ အချင်းချင်း ချိတ်ဆက်လျက် သွေးနီရောင်နန်းတော်အဆင့် နောက်ဆုံးကာလ ကျင့်ကြံသူ အများအပြား တစ်ပြိုင်နက် တိုက်ခိုက်ခြင်းနှင့် ညီမျှသော မိစ္ဆာလက်ဝါးကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
ဤလက်ဝါးတွင် မည်သည့် နည်းစနစ်မှ မပါဝင်သော်လည်း ပြင်းထန်သော စွမ်းအားအင်အားစုဖြင့် တစ်ဖက်လူကို ဖိနှိပ်သည့် အလှတရား ပါရှိနေသည်။
သွေးရောင်လက်ဝါးကြီးမှာ တိမ်တိုက်များကြားတွင် ရုတ်တရက် ပေါ်ထွက်လာပြီး အလယ်ဗဟိုရှိ အနက်ရောင်အလံကို အားမနာတမ်း ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
စီကုန်းရင်က အလောတကြီး ပြောလိုက်သည်ာ
"စီနီယာ... ခင်ဗျားမှာ လူခြောက်ယောက်နဲ့ ပတ်သက်တဲ့ အကျိုးဆက်တစ်ခု ရှိနေ..."
ဖျတ်…
သွေးရောင်လက်ဝါးကြီးက မြဲမြံစွာ ဖမ်းဆုပ်လိုက်သည်။
စုန်ယန်၏ မျက်နှာတွင် ဝမ်းသာအားရသည့် အမူအရာ ချက်ချင်း ပေါ်လာတော့သည်။
တကယ့်ကို ပစ္စည်းကောင်းပဲ။
ဒါက ရေခဲငရဲလက်ပတ်ရဲ့ အဆင့်မြှင့်ထားတဲ့ ပုံစံပဲ။ လက်ပတ်အသေး သုံးခုနဲ့ သန့်စင်ထားတဲ့ နည်းလမ်းအချို့ လိုအပ်နေသေးပေမဲ့ ဒီထဲမှာ ရှိနေတဲ့ အငြိုးအတေးဝိညာဉ် အရေအတွက်နဲ့ သူ့ရဲ့ စွမ်းအားကတော့ "ရေခဲငရဲလက်ပတ်" နဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်လောက်ဘူး။
အခန်း။ ၂၂၈
သို့သော် ဤအလံသည် သန့်စင်ခြင်းလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် အချို့သော အစိတ်အပိုင်းများ လိုအပ်နေသေးသည်မှာ သိသာလှသည်။
သူသည် တစ်ချိန်က ရုပ်သေးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသလို ထောင်ကရိန်းဂိုဏ်း၏ ကျမ်းစာအတော်များများကိုလည်း ဖတ်ရှုဖူးသဖြင့် အခြေခံနည်းစနစ် အမျိုးမျိုးကို ကျွမ်းကျင်သည်။ ရတနာသန့်စင်ခြင်းအတတ်မှာ ရှုပ်ထွေးသော်လည်း သူသည် အခြေခံသဘောတရားများကို နားလည်ထားသူဖြစ်သည်။
သူ့ရှေ့မှ အလံသန့်စင်ခြင်းလုပ်ငန်းစဉ်မှာ အလွန်ထူးကဲ်လည်း ယခုအခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် ဘာဆက်လုပ်ရမည်ကို စဉ်းစားရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
မကြာမီပင် သူသဘောပေါက်သွားသည်မှာ ဤအလံအတွက် သွေးနီရောင်နန်းတော်အဆင့်ရှိသော ဝိညာဉ်အချို့ လိုအပ်နေခြင်းပင်။
စီကုန်းရင်သည် သူတိတ်ဆိတ်သွားသည်ကို မြင်သောအခါ သူ့စကားများ အာနိသင်ရှိသည်ဟု ထင်မှတ်ကာ အလောတကြီး ပြောလိုက်ပြန်သည်။
"စီနီယာ... အဲဒီသာမန်လူခြောက်ယောက်က အခု အစီအရင်ဗျူဟာထဲမှာ ရှိနေပါတယ်..."
စကားပင် မဆုံးသေးမီ စုန်ယန်က လက်ကိုဝှေ့ယမ်းလိုက်ရာ သွေးရောင်လက်ဝါးကြီးမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ရုတ်တရက် ရောက်ရှိလာသည်။
ယခုတစ်ကြိမ် ပစ်မှတ်မှာ စီကုန်းရင်ပင်။
စီကုန်းရင်သည် အောက်ဘက်ရှိ အကာအကွယ်ဒိုင်းဆီသို့ အမြန်ရှောင်တိမ်းလိုက်ရင်း စိတ်ထဲမှ တွေးနေမိသည်။
အကာအကွယ်ဒိုင်းထဲမှာ ထောင်ကရိန်းဂိုဏ်း ကျင့်ကြံသူတွေအပြင် ဒီခရမ်းရောင်နန်းတော်အဆင့် အဘိုးကြီး ဂရုစိုက်တဲ့ သာမန်လူ ခြောက်ယောက်လည်း ရှိနေတာပဲ။ တစ်ဖက်လူက သူ့ရဲ့တိုက်ကွက်ကို အနည်းငယ် ထိန်းချုပ်ထားမှာပဲ။
ငါက သာမန်လူတွေကို သုံးပြီး ခရမ်းရောင်နန်းတော်အဆင့် အဘိုးကြီးကို ခြိမ်းခြောက်ခဲ့တာမှန်ပေမဲ့ တခြားရွေးချယ်စရာမှ မရှိတာ။
သို့သော် သွေးရောင်လက်ဝါးကြီးမှာ အရှိန်လျော့သွားသည့် လက္ခဏာ အလျဉ်းမရှိပေ။
၎င်း၏ အရှိန်အဟုန်မှာ ပြင်းထန်လှပြီး စီကုန်းရင်ကို ဖမ်းဆုပ်လိုက်စဉ်တွင် လက်ဖမိုးမှာ အကာအကွယ်ဒိုင်းကိုပါ ပွတ်တိုက်သွားခဲ့သည်။
ဒိုင်း၏ မျက်နှာပြင်မှာ ရှည်လျားသော အက်ကြောင်းကြီးများဖြင့် အက်ကွဲသွားတော့သည်။
ဖန်းချင်းရွှယ်၊ ဆံပင်ဖြူအဘိုးအိုနှင့် အခြားသူများမှာ သွေးအန်ထုတ်လိုက်ရပြီး မျက်နှာများ နီမြန်းကာ အတင်းအကျပ် အားတင်းလျက် ဒိုင်းကို အမြန်ပြန်ပြင်ရန် ကြိုးစားကြရသည်။
ထိုစဉ် အပြင်ဘက်မှ ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ၏ မိစ္ဆာဝိညာဉ်များက အက်ကြောင်းထဲသို့ ချက်ချင်း တိုးဝင်လာကြသည်။
အက်ကြောင်းနှင့် နီးစပ်ရာရှိ ထောင်ကရိန်းဂိုဏ်း ကျင့်ကြံသူ ဆယ်ဂဏန်းခန့်မှာ ဝိညာဉ်တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ခေါင်းကိုကိုင်ကာ နာကျင်စွာ အော်ဟစ်ကြတော့သည်။ မကြာမီပင် သူတို့၏ ဝိညာဉ်အာရုံများမှာ ချေမွခံလိုက်ရပြီး တိုက်ခိုက်လာသော မိစ္ဆာဝိညာဉ်များ၏ ဆွဲထုတ်သွားခြင်းကို ခံလိုက်ရကာ သတိလစ်မေ့မြောသွားကြသည်။
ကံကောင်းထောက်မစွာဖြင့် အကာအကွယ်ဒိုင်းကို အချိန်မီ ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
အထက်ကောင်းကင်တွင်မူ စုန်ယန်သည် အောက်ဘက်မှ အဖြစ်အပျက်များကို သတိမထားမိဟန်ဖြင့် စီကုန်းရင်ကိုသာ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
စီကုန်းရင်မှာ ထိတ်လန့်တုန်လှုပ်လျက် ရုန်းကန်ရင်း စကားပြောရန် ထပ်မံကြိုးစားလိုက်သည်။
သို့သော် သူ၏ နှုတ်ခမ်းများ လှုပ်လိုက်ရုံရှိသေး...
ဘုန်း..
မဟာချူးနိုင်ငံ တောင်ဘက်ပိုင်း၏ အရှင်သခင်ဖြစ်ရန် အချိန်အတော်ကြာ ကြံစည်ခဲ့သော ဤကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ချေမွခြင်း ခံလိုက်ရသည်။
သူ၏ သွေးနီရောင်နန်းတော်အဆင့် ဝိညာဉ်မှာ ပြင်းထန်သော စုပ်ယူမှုစွမ်းအားဖြင့် ဆွဲငင်ခံလိုက်ရပြီး အနက်ရောင်အလံကြီးဆီသို့ လွင့်စင်သွားတော့သည်။
ဤအချိန်ရောက်မှသာ သူ တစ်ခုကို သဘောပေါက်သွားတော့သည်။
"ဘယ်အကြီးအကဲကမှ ခြိမ်းခြောက်တာတွေကို ကြောက်နေမှာမဟုတ်ဘူး။ ဘယ်အကြီးအကဲကမှလည်း သာမန်လူတွေကို တကယ် ဂရုစိုက်နေမှာမဟုတ်သလို ဘယ်အကြီးအကဲကမှ မင်းနဲ့အတူ စကားအရှည်ကြီး ပြောနေမှာ မဟုတ်ဘူး။ တစ်ချိန်လုံး ငါ တစ်ယောက်တည်း ကစားပွဲဆင်နေခဲ့တာပဲ ဖြစ်ပြီး အဲဒီအကြီးအကဲကတော့ ငါ့စကားတွေကို နားထဲတောင် ထည့်တာမဟုတ်ဘူး"
ယခုအချိန်တွင် သူ အမုန်းဆုံးလူမှာ စုန်ယန်မဟုတ်ဘဲ ဖန်းချင်းရွှယ် ဖြစ်နေသည်။
သူ၏ ရင်ထဲတွင် ဒေါသတကြီး ဟောက်လိုက်မိသည်။
'ဒီလူလိမ်မ နင်သာ ငါ့ကို မလှည့်စားခဲ့ရင် ဒီသာမန်လူ ခြောက်ယောက်က ခရမ်းရောင်နန်းတော်အဆင့် အဘိုးကြီးနဲ့ ပတ်သက်နေတယ်လို့ ငါ တကယ်ယုံပြီး နောက်ဆုံးအချိန်မှာ သူတို့ကို အကာအကွယ်အဖြစ် သုံးမိပါ့မလား'
သူ၏ ဝိညာဉ်သည် အနက်ရောင်အလံနှင့် ထိတွေ့လိုက်သည်နှင့် ပြင်းထန်စွာ တုန်ခါသွားပြီး လျှပ်စစ်စီးသကဲ့သို့ နာကျင်မှုမျိုး ခံစားလိုက်ရသည်။
အဆုံးမရှိသော ဒေါသများက လွှမ်းမိုးလာပြီး အသိစိတ်များ ပျောက်ကွယ်ကာ မှတ်ဉာဏ်များ ဝေဝါးသွားတော့သည်။
သူ၏ ဝိညာဉ်မှာ ရက်စက်ကြမ်းကြုတ်လာပြီး မြင်သမျှ အသက်ရှိသတ္တဝါတိုင်းကို ကိုက်ဖြတ်ပစ်လိုစိတ်များ ပြင်းပြလာ၏။
သူ နောက်ဆုံး မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သွေးရောင်မီးခိုးများအထက်တွင် ပျံလွင့်နေသော ဝတ်လုံနက်နှင့်လူ ဖြစ်သည်။
ထိုလူသည် မြို့အတွင်းရှိ လှိုင်းထနေသော အနက်ရောင်မီးခိုးများကို အေးစက်သော မျက်နှာထား၊ လောဘဇောတက်နေသော အကြည့်များဖြင့် ငုံ့ကြည့်နေ၏။
ထို့နောက် ဟင်းလင်းပြင်ထဲမှ ခေါင်းတလားတစ်ခုကို ထုတ်ယူကာ စီကုန်းရင်၏ခန္ဓာကိုယ်ကို အဖိုးတန် ကုန်ကြမ်းတစ်ခုကို သိမ်းဆည်းသကဲ့သို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။
ထို့နောက်တွင်မူ ထိုအဘိုးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံကြီးနှင့်အတူ ကောင်းကင်ယံမှ ဝှေ့ဆင်းလာတော့သည်။
အောက်ဘက်တွင်မူ အားတက်သရော သန့်စင်နေကြသော ပိချွမ်းဖေးနှင့် မိစ္ဆာဂိုဏ်းချုပ် နှစ်ဦးတို့သည် သိမ်းငှက်အောက်မှ ကြက်ကလေးများကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် ကြောက်လန့်တကြား ခုန်ထကာ အရပ်ရပ်သို့ အသည်းအသန် ထွက်ပြေးကြတော့၏။ သန့်စင်ခြင်း အခမ်းအနားကို ကူညီပေးနေကြသော ဂိုဏ်းသားများမှာမူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ခြေဖျားလက်ဖျားများ မလှုပ်နိုင်တော့ချေ။
ပိချွမ်းဖေး ထွက်ပြေးရန် ကြိုးစားသော်လည်း လက်ဝါးကြီးတစ်ချက်က ချေမွလိုက်ရာ သေဆုံးသွားတော့၏။
ခန္ဓာကိုယ်ကို ခေါင်းတလားထဲ ထည့်၍ ဝတ်လုံအိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
သွေးအလောင်းကောင်ဂိုဏ်းချုပ်သည် အနက်ရောင်မီးခိုးများကြားထဲသို့ ကိုယ်ယောင်ဖျောက်၍ ဝင်ရောက်သွားသည်။
လက်ဝါးကြီးတစ်ချက်နှင့် ရိုက်ချလိုက်ရာ သေဆုံးသွားပြန်သည်။
ခန္ဓာကိုယ်ကို ခေါင်းတလားထဲ ထည့်၍ ဝတ်လုံအိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
အရိုးစုချပ်ဝတ်နှင့် သန်မာသောလူသည် ရတနာတစ်ခုကို အသုံးပြုလိုက်ရာ မိစ္ဆာအငွေ့အသက်များ ရစ်ပတ်လာပြီး အရိုးနှင့် အရေပြားသာရှိသော တစ္ဆေဝိညာဉ်ပေါင်းများစွာ ပျံလွင့်လာကာ အမြင်ကို ပိတ်ဆို့လိုက်သည်။
လက်ဝါးကြီးတစ်ချက်က ထိုးဖောက်ဝင်ရောက်ကာ ပုရွက်ဆိတ်တစ်ကောင်ကို ဆွဲမလိုက်သကဲ့သို့ ထိုလူကို ဆွဲယူလိုက်သည်။
ထိုလူသည် နာကျင်စွာ အော်ဟစ်လျက် "စီနီယာ... အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ" ဟု တောင်းပန်တော့သည်။
စုန်ယန်က သူ၏ပတ်ဝန်းကျင်ရှိ မိစ္ဆာအငွေ့အသက်များကို ကြည့်ကာ မေးလိုက်သည်။
"မင်းက ဘယ်ဂိုဏ်းကလဲ"
"ဝိညာဉ်... ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းကပါ"
"ရာထူးက ဘာလဲ"
"ဂိုဏ်းချုပ်ပါ"
"ဝိညာဉ်သတ်ဖြတ်ရေး..."
စုန်ယန်က စဉ်းစားဟန်ပြလိုက်ပြီး အလံကို တစ်ချက်ကြည့်ကာ အာရုံခံလိုက်သည်။
သွေးနီရောင်နန်းတော်အဆင့် ဝိညာဉ်သုံးခု ရောက်ရှိသွားသဖြင့် အလံမှာ တင်းတိမ်သွားပြီဖြစ်ရာ ထပ်ထည့်လျှင်လည်း အခြေခံအားဖြင့် ထူးခြားလာမည် မဟုတ်တော့ပေ။
သူက ခေတ္တစဉ်းစားပြီးနောက် "ဝိညာဉ်ကျင့်ကြံသူပေါ့ ဟုတ်လား" ဟု မေးသည်။
"ဟုတ်ကဲ့... ဟုတ် ကျွန်တော်မျိုးက ဝိညာဉ်ကျင့်ကြံသူပါ"
"ငါနဲ့ ဒီနေရာက ကံပါလာတာပဲ"
စုန်ယန်က နူးညံ့သော အပြုံးတစ်ခု ပြလိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။
"မကြောက်ပါနဲ့ ငါကလည်း ဝိညာဉ်ကျင့်ကြံသူ တစ်ယောက်ပါပဲ"
အရိုးစုချပ်ဝတ်နှင့်လူမှာ ဝမ်းသာအားရ ဖြစ်သွားပြီး တုန်တုန်ရင်ရင်ဖြင့် "ဘိုးဘေး... ကျွန်တော်မျိုး နောက်ဆုံးတော့ ဘိုးဘေးကို တွေ့ရပြီ။ ဘိုးဘေးရှိနေရင် ကောင်းကင်ကြီးက လင်းထိန်သွားပါပြီ။ ဘိုးဘေးရှိနေရင် ကျွန်တော်တို့ ဝိညာဉ်ကျင့်ကြံသူ မျိုးနွယ်စုတွေ နောက်ဆုံးတော့ အေးချမ်းပြီး သန်မာလာနိုင်တော့မှာပါ"
ဝိညာဉ်ကျင့်ကြံသူမှာ ကြောက်စိတ်ကြောင့်လား ဟန်ဆောင်တာလား ဒါမှမဟုတ် ဝမ်းသာတာလား မခွဲခြားနိုင်ဘဲ စိတ်လှုပ်ရှားစွာ ငိုကြွေးနေတော့သည်။
စုန်ယန်သည် ကောင်းကင်မှ မြေပြင်သို့ ဆင်းသက်လိုက်ပြီး ထိုလူ၏ ချပ်ဝတ်ပေါ်မှ ဖုန်များကို ခါပေးကာ အင်္ကျီကော်လာကို သေသေချာချာ ပြင်ပေးလိုက်သည်။
ထို့နောက် ကြင်နာစွာ ပြုံးလျက် "ကလေး... မကြောက်ပါနဲ့ ငါက လူသတ်ရတာ ဝါသနာပါတဲ့လူ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ဘိုးဘေး"
ထိုလူ၏ အသံမှာ တုန်ရီနေပြီး စုန်ယန်၏ နောက်မှ ရိုရိုသေသေ အမြန်လိုက်ပါသွားတော့သည်။
ထန်းဖန်သည် ဤမြင်ကွင်းကို ကြောင်ကြည့်နေပြီးမှ တစ်ခုခုကို သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။ ဤအဘိုးကြီးက ရတနာကို လုယူရန်အတွက်သာ ရောက်လာခြင်းပင်။
စုန်ယန်သည် မျက်လုံးကို အသာအယာ လှုပ်ရှားလိုက်ပြီး အခြားတစ်ဖက်ရှိ အကာအကွယ်ဒိုင်းကို ကြည့်လိုက်သည်။ ရှေ့ဆုံးမှ ဖန်းချင်းရွှယ်နှင့် အကြည့်ချင်းဆုံပြီးနောက် ပေါ့ပေါ့ပါးပါးပင် "ထွက်သွားကြတော့" ဟု ပြောလိုက်သည်။
ဖန်းချင်းရွှယ်နှင့် အခြားသူများသည် အကာအကွယ်ဒိုင်းကို အမြန်ရုပ်သိမ်းကာ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။
အစမှ အဆုံးအထိ စုန်ယန်သည် ခေါင်းကို မော့လျက် သူ၏ မျက်လုံးများတွင် ဉာဏ်နီဉာဏ်နက်များနှင့် အေးစက်မှုများ ပြည့်နှက်နေသည်။
သူသည် လီရွှမ်းယွန်း၊ လီဟွိုက် သို့မဟုတ် ရှောင်ဟွမ်တို့ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပေ။