အခန်း (၃၉၄-၃၉၅)
Vol. 36 Ch. 394-395
အခန်း ၃၉၄ - နင်ကယ်တာမဟုတ်ဘူး ဗုဒ္ဓကကယ်တာ
လျူဖုန်းနယ်မြေတွင်ဖြစ်သည်။
တောအုပ်တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်နေပြီး လောကတစ်ခုလုံးမှာ စိမ်းညို့နေသော အလှတရားများဖြင့် ဖုံးလွှမ်းနေ၏။ မနေ့ကအထိ အနီရောင်မေပယ်ရွက်များဖြင့် ဆောင်းဦးအငွေ့အသက် ရှိခဲ့သော်လည်း ယနေ့တွင်မူ နွေဦးရာသီသို့ ရောက်ရှိနေလေပြီ ။
နင်းထောင်သည် တောင်ပတ်လမ်းပေါ်တွင် ရပ်နေပြီး သူမ၏ မျက်ဝန်းများမှာ အမှတ်တရများဖြင့် ပြည့်နှက်နေသည် ။
"ဒီနေရာဟာ တစ်ချိန်က ဂူတွေအများကြီးရှိတဲ့ တောင်ထိပ်တစ်ခုဖြစ်ခဲ့ဖူးတယ်၊ ကျွန်မ ကလေးဘဝတုန်းက လူသတ်သမားတွေလက်ကလွတ်အောင် ဒီမှာ တစ်နှစ်လောက် ပုန်းနေခဲ့ဖူးတယ်"
သူမက အတိတ်ကိုသတိရသလို ဆိုသည် ။သို့သော် ထိုအတိတ်မျိုးကို ပြန်လိုချင်သည့်ဆန္ဒတော့ ရှိဟန်မတူပါ။
ကျူးယန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောသည် ။
"ဒီမှာ အရမ်းစားလို့ကောင်းတဲ့ အနီရောင်အသီးတွေရှိတာ မှတ်မိသေးတယ်၊ အဲ့ဒီနောက်ပိုင်း မစားရတော့ဘူး"
ဂူများအကြောင်းကို စဥ်းစားမိသောအခါ ကျိယွမ်သည် ကျူးယန်နှင့်နင်းထောင်တို့၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏ ။
မိစ္ဆာတစ်သောင်းတံခါး အတွင်း၌ သူသည် သူ၏ မူလစွမ်းအားကို ထွင်းထုခဲ့ပြီး မဟာမိစ္ဆာ၏ သံသရာကို တွေ့ကြုံခဲ့ရသည် ။ ထိုစဥ်က လှည့်စားခံရမည့် မိစ္ဆာမနေရာတွင် မမျှော်လင့်ဘဲ ကျူးယန်က အစားထိုးဝင်ရောက်လာခဲ့သည် ။
ကျူးယန်သည် သူ့နောက်သို့ အူကြောင်ကြောင်ဖြင့် လိုက်ပါလာခဲ့ပြီး ထူးဆန်းသော မိစ္ဆာမတစ်ဦးအဖြစ် သရုပ်ဆောင်ကာ သူ့ကို ဂူတစ်ခုအတွင်း၌ အတူတူ နေထိုင်ရန် ခေါ်ဆောင်သွားခဲ့ဖူး၏ ။
"အချိန်ကို နောက်ပြန်ဆုတ်ပြီး အဲ့ဒီအသီးကို ပြန်ရှာချင်လား"
ကျိယွမ်က သူမတို့အားငုံ့ကြည့်ကာမေးသည် ။
နင်းတောင်၏ နတ်ဘုရားစွမ်းအားနယ်ပယ်မှာ အချိန်နှင့် ဆက်စပ်နေသည် ။ သူမသည် အချိန်ကို နောက်ပြန်လှည့်ခြင်း သို့မဟုတ် လူသေကို အသက်သွင်းခြင်း မပြုနိုင်သော်လည်း အတိတ်က သစ်ပင်တစ်ပင်ကို ပြန်လည်ဖန်တီးပြီး အလားတူ အသီးကို သီးပွင့်စေနိုင်ရန်တော့ ပြဿနာမရှိပါ ။
"မလိုပါဘူး၊ အဲ့ဒါက အမှတ်တရတစ်ခုမို့လို့ စားကောင်းခဲ့တာဖြစ်မှာပါ၊ အခုပြန်စားရင် အရင်လို အရသာရှိချင်မှ ရှိတော့မှာ"
နင်းတောင်က အေးအေးဆေးဆေးပင် ဖြေပြီး သူမ၏ အကြည့်မှာ တောင်ထိပ်ရှိ ခန့်ညားထည်ဝါသော ဗုဒ္ဓဘာသာ စေတီပုထိုးဆီသို့ ရောက်ရှိသွားသည် ။
စေတီတော်၏ ရှေးဟောင်းအမိုးစွန်းများတွင် ကြေးခေါင်းလောင်းငယ်များ ချိတ်ဆွဲထားပြီး ခေါင်းလောင်းသံ မြည်လာတိုင်း ကြေးခေါင်းလောင်းလေးများမှာ လေထဲတွင် လှုပ်ခတ်မြည်ဟီးနေကြသည် ။
"လျူဖုန်းနယ်မြေကို အခု ဗုဒ္ဓဘာသာက အုပ်ချုပ်နေမယ်လို့ မထင်ထားခဲ့ဘူး"
နင်းထောင်က ဝမ်းနည်းရိပ်သန်းသော မျက်ဝန်းများဖြင့် တီးတိုးမှတ်ချက်ချသည် ။
သွေးနန်းတော်သည် တစ်ချိန်က လျူဖုန်းနယ်မြေတွင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်ခဲ့၏ ။ ကျိယွမ်သည် မိစ္ဆာတစ်သောင်းတံခါး၏ ရန်သူတော်ကြီးဖြစ်ခဲ့ပြီး မိစ္ဆာများကို သတ်ဖြတ်ကာ မူလစွမ်းအားကို ယူဆောင်သွားခဲ့သည် ။
သို့သော် သွေးသခင်ပျောက်ကွယ်သွားပြီးနောက် သွေးနန်းတော်သည် နှစ်ပေါင်းတစ်ရာခန့်သာ ခက်ခဲစွာ ရပ်တည်နိုင်ခဲ့ပြီး ပျက်စီးသွားခဲ့သည် ။
သွေးသခင်၏ အောင်မြင်မှုများကို ယခုအခါ မည်သူမျှပင် မမှတ်မိကြတော့ပေ ။
ကျိယွမ်သည် နင်းတောင် ဘာတွေးနေသည်ကို သိသဖြင့် ပြုံးလိုက်သည် ။
"တခြားလူတွေ ဘာတွေးမလဲဆိုတာကို ဘာလို့ စိတ်ပူနေတာလဲ"
နင်းထောင်က ခေါင်းညိတ်ပြီး တိုးတိုးလေး ပြော၏ ။
"အခု လျူဖုန်းနယ်မြေမှာ ဗုဒ္ဓဘုရားကျောင်းတွေနဲ့ ပြည့်နေပြီ၊ ဗုဒ္ဓပွဲတော်ကြီး ကျင်းပတော့မယ်၊ အထက်လောကက ဗုဒ္ဓသားတော်တွေလည်း တက်ရောက်ကြလိမ့်မယ်"
နင်းထောင်၏ စကားကိုကြားသောအခါယွမ်က အနည်းငယ်စဥ်းစားသွား၏။
"အနန္တအသွင်ကူးပြောင်းတံခါးရဲ့ သဘောသဘာဝအရ အဲ့ဒီပွဲတော်ကြီးမှာ ပေါ်လာလိမ့်မယ်လို့ မင်းထင်လား"
ကျိယွမ်တွင် ထိုတံခါး ပေါ်လာနိုင်မည့် အချိန်နှင့် ပတ်သက်၍ သီအိုရီတစ်ခု ရှိသည်၊ ၎င်းမှာ လောကတစ်ခုလုံး၏ စွမ်းအင်များ စုဆုံရာ အဖြစ်အပျက်ကြီးများ ပေါ်ပေါက်လာချိန်တွင် ဖြစ်သည် ။
"ဖြစ်နိုင်တယ်"
နင်းတောင်ကလည်း သဘောတူသည် ။
ကျူးယန်မှာ တံခါးအကြောင်းတွေးမိသောအခါ စိတ်မထိန်းနိုင်ဘဲ ရုတ်တရက် ရယ်မောလိုက်သည် ။
"ဟင်း... အဲ့ဒီ အချိန်ကျရင် အဲ့ဒီတံခါးစုတ်က ငါ့တံခါး ဖြစ်လာတော့မှာ"
သူမသည် ထိုတံခါးအပေါ် အငြိုးရှိ၏။
အတိတ်တုန်းက သွေးပုလဲသည် ထိုတံခါးကိုသာ အမြဲတမ်း စိုက်ကြည့်နေခဲ့သဖြင့် သူမ နားမလည်နိုင် ဖြစ်ခဲ့ရသည် ။
တံခါးက ငါ့ထက် ပိုဆွဲဆောင်မှု ရှိနေလို့လား။
ထိုအတွေးက သူမအား တော်တော်လေးနှိပ်စက်ခဲ့ဖူး၏။
ယခု ထိုတံခါးက သူမ၏ အိမ်ဖြစ်လာတော့မည် ဖြစ်သဖြင့် သူမ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည် ။
"ဒီက ဗုဒ္ဓဘာသာက စိတ်ဝင်စားဖို့ ကောင်းတယ်၊ အထက်လောကက လာတာဆိုတော့ ဒီခေါင်းပြောင်တွေ အားလုံးက ငါ့ရဲ့... မျှော်လင့်ခြင်းလမင်းတွေ ဖြစ်တော့မှာလား"
ကျိယွမ်က ထုံးစံအတိုင်း ကိစ္စတစ်ခုရသည်နှင့် သူ၏သဘာဝအတိုင်း လျှောက်တွေးတော့သည် ။
အထက်လောကမှ လူများတွင် ထူးခြားသော နတ်ဘုရားအဆင့်နည်းစနစ်များ ရှိကြမည်မှာ သေချာ၏။
ကျိယွမ်အတွက်မူ ထိုနည်းစနစ်များမှာ သူ၏ ကျိယွမ်ကျမ်းအတွက် အစာများသာ ဖြစ်သည် ။
"ဒီလောကကို လှည့်လည်ရင်း ဆွမ်းခံထွက်ကြရင် ဘယ်လိုလဲ"
ကျိယွမ်က တောင်ပေါ်က ဘုရားကျောင်းကို ကြည့်ရင်း အကြံပြု၏ ။
"အင်း..ငါက ဗုဒ္ဓနဲ့ ရေစက်ရှိပုံပဲ"
သူ၏ထိုစကားကို အဘိုးကြီးရှန်းလဲ့သာ ကြားလျှင် နှာခေါင်းရှံ့မှာအသေအချာပင်။
ကျိယွမ်ဆိုသည်မှာ သူသဘောကျသောအရာကိုတွေ့လျှင် ဆိုင်ဆိုင် မဆိုင်ဆိုင် ရေစက်ပါသွားတတ်သည် မဟုတ်ပါလား။
သို့သော် ကျိယွမ်ကတော့ ယခုက တကယ့်ရေစက်ဟု ထင်၏။
အဘယ်ကြောင့်ဆိုသော် အထက်လောက၏ နည်းစနစ်များသည် သူ၏ ကံကြမ္မာနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသောကြောင့်ပင် ။ ဗုဒ္ဓကျမ်းစာများ ပေးနိုင်သော ထိုရဟန်းများမှာ သူ၏ မျှော်လင့်ခြင်းလမင်းလေးများ ဖြစ်လာနိုင်သည်။
ရဟန်းများကို ထိုသို့ခေါ်ခြင်းမှာ ထူးဆန်းနေသော်လည်း စစ်မှန်သော ချစ်ခြင်းမေတ္တာမှာ လောကအမြင်များကို ဂရုမစိုက်ပေ ။
ကျူးယန်၏ မျက်ဝန်းများမှာလည်း ရယ်မောလိုစိတ်များဖြင့် တောက်ပနေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည် ။
"သွားကြစို့ .. ငါလည်း တစ်ခါမှ ဆွမ်းမခံဖူးသေးဘူး ၊ ဒါ ပျော်စရာကောင်းမှာပဲ"
"သေချာတာပေါ့ ...လာကြ"
ကျိယွမ်က မိန်းမနှစ်ယောက်ကို ဘယ်ညာဆွဲကာ ထွက်ခွာရန်ပြင်လိုက်၏။
ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်တကြီးဖြင့် အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာသည် ။
"အောင်မလေး...ကယ်ကြပါဦး ..သေရပါတော့မယ် .."
"ဟင်.."
ကျိယွမ် ကြည့်လိုက်သောအခါ အဘွားအိုတစ်ဦးသည် ချောက်ကမ်းပါးတွင် တွဲလောင်းကျနေပြီး ထင်းရှူးပင်မြစ်ကို အသည်းအသန် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည် ။
သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နေပြီး သစ်မြစ်မှာလည်း ကျွတ်ထွက်တော့မည့် အခြေအနေတွင် ရှိနေ၏ ။
မလှမ်းမကမ်းတွင် မိန်းကလေးတစ်ဦးက စိုးရိမ်တကြီးဖြင့် ကြည့်နေသည် ။
"တစ်ယောက်ယောက် ကူညီကြပါဦး ၊ သူ့ကို ကယ်ပေးကြပါ"
သူမက အသည်းအသန် အော်ဟစ်သည် ။
ထိုမိန်းကလေး၏ နာမည်မှာ ပိုင်ပိုင်ရှန်း ဖြစ်၏ ။
သူမသည် ချစ်စရာကောင်းပြီး အစွမ်းထက်သော်လည်း ပြဿနာများစွာ ရှာခဲ့ဖူးသဖြင့် သူမ၏ ဆရာက သူမ၏ စွမ်းအားများကို ချိပ်ပိတ်ထားခဲ့သည် ။ထို့ကြောင့် သာမန်လူလိုဖြစ်နေပြီး ယခုအခါ သူမ လုပ်နိုင်သည်မှာ ထိတ်လန့်ကာ အော်ဟစ်နေရုံသာ တတ်နိုင်၏ ။
ရုတ်တရက် သာယာသော အသံတစ်ခု ထွက်ပေါ်လာသည် ။
"ဒီနေ့ရဲ့ ကောင်းမှုကုသိုလ်ကို မင်းနဲ့ပဲ စလိုက်ကြတာပေါ့"
အနီရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အဘွားအိုမှာ ချောက်ကမ်းပါးဆီမှ လမ်းပေါ်သို့ ဘေးကင်းစွာ ရောက်ရှိသွား၏ ။
ပိုင်ပိုင်ရှန်းသည် ဝမ်းသာအားရသက်ပြင်းချလိုက်ပြီး အဘွားအိုကို ကယ်တင်ပေးခဲ့သူကို ကျေးဇူးတင်ရန် လှည့်ကြည့်လိုက်သည် ။
သို့သော် သူမ အံ့သြသွားကာ မှင်တက်သွားမိ၏ ။
သွေးနီရောင် ဝတ်ရုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်လား ..။
ဒါက သွေးသခင်ရဲ့ ဝတ်ရုံကို တုပထားတာပဲ ..ဒီလူက သွေးသခင်ကို အထင်ကြီးအားကျသူ ဖြစ်ရမယ် ။
ဒါပေမဲ့ ဒီဘက်ခေတ်မှာ သွေးသခင်ကို အားကျတာက လူနည်းစုပဲ ရှိတော့တာလေ .. ခေါင်းပြောင်ရဟန်းတွေကို ကိုးကွယ်တာလောက် ခေတ်မစားတော့ဘူး ။
ထိုလူ၏ ချောမောသော မျက်နှာကို မြင်သောအခါ ပိုင်ပိုင်ရှန်း ပို၍ သဘောကျသွားသည် ။
သွေးသခင်ကို အားပေးသူများသည် ချောမောလှပသူများသာ ဖြစ်သည်ဟု သူမ ထင်မှတ်နေသည် ။
သို့သော် ထိုလူ၏ ဘေးတွင် ရပ်နေသော အမျိုးသမီးနှစ်ဦးကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်သွားမိပြန်၏ ။
ထိုအမျိုးသမီးများမှာ အလွန်အမင်း လှပပြီး ကျက်သရေရှိကြလွန်းသည် ။
သူတို့ထဲက တစ်ယောက်ယောက်ကို ပိုင်ဆိုင်ရရုံနှင့်ပင် ယောက်ျားတစ်ယောက်အဖို့ ကံကောင်းလှပြီဟု ဆိုနိုင်သည် ။
သို့သော် ထိုလူချောကတော့ နှစ်ယောက်တောင် ပိုင်ထား၏။
အေးလေ..သူရုပ်ရည်နဲ့ဆို ဒါက ထိုက်တန်ပါတယ် ၊ ဟီး..နည်းတောင်နည်းသေးသလိုပဲ ။
တွန့်ဆုတ်မနေဘဲ ပိုင်ပိုင်ရှန်းသည် သွေးသခင်ကို အားပေးသူ အချင်းချင်း နှုတ်ဆက်ရန် ပြေးသွားလိုက်သည် ။
ထိုအချိန်အတွင်း သွေးနီရောင်ဝတ်ရုံနှင့် ကျိယွမ်သည် အဘွားအိုကို ကြင်နာစွာကြည့်ပြီး စကားဆို၏။
"ဟေး၊ ထုံးစံအတိုင်းဆိုရင် အခု ခင်ဗျ ကျုပ်ကို ကျေးဇူးတင်ရမယ်လေ"
ကောင်းမှုတစ်ခု လုပ်ပြီးနောက် ကျေးဇူးတင်စကား ကြားရခြင်းမှာ သဘာဝပင် ။
ထိုအခါ ကြောင်တောင်တောင် ဖြစ်နေသော အဘွားအိုသည် သတိပြန်ဝင်လာသည် ။
သူမသည် ပြာပြာသလဲဖြင့် တောင်ပေါ်က စေတီတော်ကို လှည့်ကြည့်ပြီး ကြည်ညိုစွာဖြင့် ဦးသုံးကြိမ်ချလိုက်၏ ။
"ကျေးဇူးတင်ပါတယ် ဗုဒ္ဓဘုရား၊ ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကျွန်မ ဘေးကင်းခဲ့ရတာပါ၊ အခုကစပြီး သတ်သတ်လွတ်ပဲ စားပြီး ဘုရားရှင်ကိုပဲ ဆည်းကပ်ပါတော့မယ်"
"တိန်...."
ကျိယွမ် ဆွံ့အသွားသည် ။
သူက အနည်းငယ်လည်း ဒေါသထွက်သွား၏။
"ခင်ဗျားက ဗုဒ္ဓကို ကျေးဇူးတင်နေတာလား ၊ကျုပ်ကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား"
အဘွားအိုက ပြန်ဖြေသည် ။
"နင်က ဗုဒ္ဓက လွှတ်လိုက်တဲ့သူပဲ၊ ဒါကြောင့် ငါက ဗုဒ္ဓကိုပဲ ကျေးဇူးတင်ရမှာပေါ့"
သူမ၏ မျက်ဝန်းများတွင် ကျိယွမ်အတွက် ကျေးဇူးတင်ရိပ် အနည်းငယ်မျှပင် မရှိပေ ။
ပိုအရေးကြီးသည်မှာ သူမ အန္တရာယ်ဖြစ်နေချိန်တွင် ဘုရားကျောင်းက ဗုဒ္ဓကို အကူအညီတောင်း ဆုတောင်းခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် ၎င်းမှာ ဗုဒ္ဓ၏ ကရုဏာတော်ကြောင့် တစ်စုံတစ်ဦးကို လွှတ်၍ ကယ်တင်ခိုင်းခြင်းဖြစ်သည်ဟု သူမ ယုံကြည်နေ၏ ။
ထိုအချိန်တွင် ပိုင်ပိုင်ရှန်း ရောက်လာပြီး ဒေါသတကြီးမှတ်ချက်ချသည်။
"ဒီရဟန်းနောက်လိုက်တွေက အဆိုးဆုံးပဲ"
ကျိယွမ်က ရယ်မောလိုက်သည် ။ သူသည် ယခင်ကလည်း ထိုကဲ့သို့ ဘာသာရေး အယူသည်းသူများနှင့် တွေ့ဖူး၏ ။
သင်က သူတို့ကို ကူညီသော်လည်း သူတို့က သူတို့၏ နတ်ဘုရားကိုသာ ကျေးဇူးတင်တတ်ကြသည် ။
"ဒါက ဗုဒ္ဓရဲ့ လမ်းညွှန်မှုဆိုတာ သေချာလား"
ကျိယွမ်က အဘွားအိုကို အေးအေးဆေးဆေး မေးသည် ။
ကျိယွမ်က ကျင့်ကြံသူတစ်ဦးမှန်း သိသော်လည်း အဘွားအိုမှာ မကြောက်ရွံ့ပါ ။ သူမ၏ ယုံကြည်ချက်မှာ ခိုင်မာနေသည် ။
"ဒီဘုရားကျောင်းမှာ စစ်မှန်တဲ့ ဗုဒ္ဓတစ်ပါး ရှိနေတာ၊ ဒါကြောင့် ဒါက ဗုဒ္ဓရဲ့ လမ်းညွှန်မှုပဲပေါ့"
အဘွားအိုက အခိုင်အမာပင် ။
သူမတွင် ကျိယွမ်အပေါ် ကျေးဇူးတင်စိတ် လုံးဝမရှိပေ ။
ဘေးက မိန်းကလေးက ကျိယွမ်၏ မျက်နှာ ပျက်သွားသည်ကို သတိပြုမိသဖြင့် အချိန်မီသတိဝင်ပေးလိုက်သည်။
"အဲ့ဒီ စေတီထဲမှာ ဆဋ္ဌမအဆင့်ရှိတဲ့ ဗုဒ္ဓတစ်ပိုင်း ရှိနေတယ်၊ မဆင်မခြင် မလုပ်ပါနဲ့"
ဆဋ္ဌမအဆင့် ဗုဒ္ဓတစ်ပိုင်း ဆိုသည်မှာ ယင်နတ်ဘုရားနှင့် ညီမျှ၏ ။
ပိုင်ပိုင်ရှန်းသည် ကျိယွမ်က အဘွားအိုကို ရန်ပြုမည်စိုးသဖြင့် ဝင်တားခြင်းပင် ။
ကျိယွမ်က ရယ်မောရင်း တောင်ပေါ်က စေတီကို ကြည့်လိုက်သည် ။
သူက လက်ညှိုးတစ်ချောင်း ထောင်ပြီး
စေတီဆိုသို့ လှမ်းအော်လေသည်။
"ဟေး.. အပေါ်မှာ ဂူအောင်းပြီးကျင့်နေတဲ့ကောင် . ဒီကို လာခဲ့စမ်း၊ မင်းကို ငါ မေးစရာရှိတယ်"
သူ၏ အသံမှာ မိုးကြိုးသံကဲ့သို့ တောင်တစ်ခုလုံးကို ဟိန်းထွက်သွားသည် ။
စေတီတော်အတွင်းရှိ ရှေးဟောင်းခေါင်းလောင်းမှာ ကျယ်လောင်စွာ မြည်လာပြီး ရွှေရောင်အလင်းတန်းများ စတင်ဖြာထွက်လာ၏ ။
ပိုင်ပိုင်ရှန်းမှာ ၄င်းမြင်သောအခါ ကြောင်အသွားသည် ။
"ဒါက ဆဋ္ဌမအဆင့် ဗုဒ္ဓတစ်ပိုင်းလေ ရှင် ဘယ်လိုများ ဒီလိုလုပ်ရဲတာလဲ" ဟု
သူမက ကြောက်လန့်တကြားဆို၏။
သူမ၏ ဆရာသည်ပင် ထိုရဟန်းများကို ရှောင်ရှားတတ်သည် ။
ထိုရဟန်းများသည် အစွမ်းထက်ရုံသာမက နောက်ခံအင်အားလည်း ကြီးမားကြ၏ ။
သို့သော် ဤသွေးနီရောင်ဝတ်ရုံနှင့် လူကမူ သူတို့ကို ပေါ့ပေါ့ပါးပါးပင် လှမ်းခေါ်နေသည် ။
ကျိယွမ်၏ အသံကြောင့် စေတီအတွင်းရှိ ရဟန်းရာပေါင်းများစွာမှာ ဒေါသထွက်ကုန်ကြသည် ။
"ဘယ်သူက စေတီတော်ရှေ့မှာ အော်ဟစ်နေတာလဲ"
"ဗုဒ္ဓတစ်ပိုင်းရှေ့မှာ ဘယ်လိုတောင် မရိုမသေ လုပ်ရဲတာလဲကွ"
သို့သော် စေတီတော်၏ အတွင်းပိုင်းတွင်မူ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော ဗုဒ္ဓတစ်ပိုင်းကတော့ ချွေးစေးများ ထွက်နေသည်ကို သူတို့မသိကြပေ ။
ဒီဖိအားက...
စေတီတော်မှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး ဗုဒ္ဓတစ်ပိုင်း၏ ကြီးမားသော ပုံရိပ် ပေါ်လာ၏။
ရဟန်းများနှင့် နောက်လိုက်များမှာ ချက်ချင်းပင် ဒူးထောက် ရှိခိုးကြသည် ။
"ဒီဒါယိကာက ငါတို့ရဲ့ ကျောင်းတော်ကို ဘာကိစ္စများ ရှိလို့လဲ"
ထိုသူက တည်ငြိမ်စွာ မေးလိုက်သည် ။
သို့သော် အသံက တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည် ။
"ဒီကို အရင်လာခဲ့"
ကျိယွမ်က လက်ညှိုးနှင့် လှမ်းခေါ်သည် ။
ရုတ်တရက် လောက၏ စွမ်းအင်များ ချိပ်ပိတ်ခံလိုက်ရ၏ ။
ဗုဒ္ဓတစ်ပိုင်း၏ မျက်နှာမှာ ထိတ်လန့်မှုဖြင့် ပျက်ယွင်းသွားသည် ။ သူ၏ ရွှေရောင်အလင်းများနှင့် စွမ်းအားများ မည်မျှပင် ထုတ်သုံးပါစေ ရုန်းမထွက်နိုင် ဖြစ်နေသည် ။
ဒါက... ယန်နတ်ဘုရားလား. သာမန်နတ်ဘုရားတော့ မဟုတ်တာသေချာတယ် ။
ကြည်ညိုဖွယ် ဗုဒ္ဓတစ်ပိုင်းကြီးမှာ ကြက်ကလေးတစ်ကောင်လို တောင်ပေါ်မှ ဆွဲချခံလိုက်ရ၏ ။
ရဟန်းများ အားလုံးမှာ သူတို့၏ လောကအမြင်များ ပျက်စီးသွားသလို ထိတ်လန့်ကုန်ကြ၏ ။
အဘွားအိုမှာလည်း မျက်နှာဖြူလျော့သွားသည် ။
စောစောက ခန့်ညားနေသော ဗုဒ္ဓတစ်ပိုင်းမှာ အခုတော့ ကျိယွမ်ရှေ့တွင် ခါးကိုင်းပြီး ရိုသေစွာမေးလိုက်၏။
"ဆရာကြီး၊ ကျွန်တော် ဘာများ ပြစ်မှားမိလို့လဲခင်ဗျာ"
သူက ကြောက်ရွံ့လွန်း၍ တုန်ယင်နေသည်။
သူ့အတွက်မူ ကျိယွမ်မှာ သေချာပေါက် နတ်ဘုရားတစ်ပါး ဖြစ်သည် ။
"စောစောက ငါ ဒီအမျိုးသမီးကို ကယ်ခဲ့တယ်၊ ဒါပေမဲ့ သူက ဗုဒ္ဓရဲ့ လမ်းညွှန်မှုကြောင့် ကယ်တင်ခံရတာလို့ ပြောတယ်၊ အဲ့ဒါ တကယ်ပဲ မင်းရဲ့ လမ်းညွှန်မှုလား"
ကျိယွမ်က အဘွားအိုကို ညွှန်ပြရင်း မေးလိုက်သည် ။
အခု ဗုဒ္ဓကို ရှေ့ကို ဆွဲခေါ်လာပြီဆိုတော့ မျက်နှာချင်းဆိုင် မေးရမည့် အချိန်ပင် ။
ကျိယွမ်သည် ဤကိစ္စကို အလွန်အလေးအနက် ထားနေသည် ။
အကြောင်းမှာ သူသည် အသေးအဖွဲကိစ္စလေးများကိုပင် သေချာလုပ်ဆောင်တတ်သူ ဖြစ်၏ ။
လမ်းပေါ်က ခွေးတစ်ကောင်က သူ့ကို ဟောင်လျှင်ပင် ထိုခွေး တောင်းပန်လာသည်အထိ နာရီဝက်လောက် ထိုင်ရှင်းပြမည့်သူမျိုး ဖြစ်သည် ။
ဗုဒ္ဓတစ်ပိုင်းမှာ မျက်နှာပျက်သွားသည် ။ သူက အဘွားအိုကို တစ်ချက်ကြည့်ပြီး စိတ်ပျက်သွားသည် ။
အကျိုးနည်းတယ်မှပဲ....။
ဒီလို အသေးအဖွဲကိစ္စလေးနဲ့ ငါ့ကို ဒီလို ဆွဲချတာလား..။
"ကျွန်တော်က ဆရာကြီးကို ဘယ်လိုလုပ် လမ်းညွှန်ရဲမှာလဲ ၊ ဆရာကြီးကသာ ကျွန်တော်တို့ကို လမ်းညွှန်ရမှာပါ"
ဗုဒ္ဓတစ်ပိုင်းက အဘွားအိုကို ဒေါသတကြီး ကြည့်ရင်း ရိုသေစွာဖြေသည် ။
ကျိယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်၏ ။
"တွေ့လား .. ခင်ဗျားရဲ့ ဗုဒ္ဓကတောင် သူ လမ်းညွှန်တာ မဟုတ်ဘူးလို့ ပြောနေပြီ၊ အခု ကျေးဇူးတင်စကား ပြောသင့်ပြီ မဟုတ်လား"
အဘွားအိုမှာ သူမ၏ ယုံကြည်ချက်များ ပြိုလဲသွားသဖြင့် ဘာမှ ပြန်မပြောနိုင် ဖြစ်နေပြီး ကျေးဇူးတင်စကားပြောရန်ပင် မထွက်နိုင်ဖြစ်နေ၏။
ထိုအချိန်တွင် နင်းထောင်၏ မျက်ဝန်းများတွင် စိတ်မရှည်တော့သလို အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
"စောစောက ဗုဒ္ဓလမ်းညွှန်မှုလို့ ပြောခဲ့ပြီး အခု ဗုဒ္ဓလည်း ရှိနေပြီဆိုတော့ သူ နောက်တစ်ခါ လမ်းညွှန်နိုင်မလား ကြည့်ကြတာပေါ့"
စကားဆုံးသည်နှင့် သူမ၏ အကြည့်တစ်ချက်ကြောင့် အဘွားအိုသည် ချောက်ကမ်းပါးရှိ သစ်မြစ်ကို ပြန်လည် ဆုပ်ကိုင်ထားရသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည် ။
"အောင်မလေး...ကယ်ကြပါဦး "
အဘွားအိုမှာ မထင်မှတ်ထားသဖြင့် ထိတ်လန့်တကြီး အော်ဟစ်နေသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမအား မည်သည့် ဗုဒ္ဓမှ ကယ်တင်ခြင်း မပြုတော့ပေ ။
…...........
"ဆရာကြီး၊ ဒါတွေက ကျွန်တော့်မှာရှိတဲ့ နည်းစနစ်တွေ အားလုံးပါပဲ"
စေတီတော်အတွင်း၌ ဗုဒ္ဓတစ်ပိုင်းသည် ကျိယွမ်ကို အလွန်ရိုသေစွာ ဆက်ဆံနေသည် ။
ကျိယွမ်က နည်းစနစ်များကို ကျေနပ်စွာယူပြီး ဗုဒ္ဓတစ်ဝက်အား ငခူးပြုံးပြုံးပြလိုက်၏ ။
"အထက်ဘုံကနေ ဒီကို ဆင်းလာတဲ့ ခေါင်းပြောင်တွေ ဘယ်လောက်ရှိသေးလဲ ၊ အားလုံးက မင်းလိုပဲ ချမ်းသာကြလား"
ဗုဒ္ဓတစ်ပိုင်းမှာ မလိမ်ဝံ့သဖြင့် အမှန်အတိုင်း ဖြေလိုက်ရသည် ။
"ဆင်းလာတဲ့ ဗုဒ္ဓတစ်ပိုင်းနှစ်ထောင်နီးပါး ရှိပါတယ်"
ကျိယွမ်၏ မျက်ဝန်းများ တောက်ပသွားသည် ။
"မင်းတို့က ခေါင်းပြောင်တွေနဲ့ဆိုပေမဲ့ ကြည့်ရတာ မဆိုးပါဘူး ၊ ငါ တကယ် သဘောကျတယ်"
အဲဒီရဟန်းတွေကိုသာ အကုန်ဖမ်းနိုင်ရင် နည်းစနစ်တွေ ဘယ်လောက်တောင် ရလိုက်မလဲ။
နည်းစနစ်တစ်ခုသည် အမြုတေတစ်ခုနှင့် ညီမျှ၏ ။
ကျိယွမ် အလွန်စိတ်လှုပ်ရှားသွားသည် ။
ကျိယွမ်က ဗုဒ္ဓတစ်ပိုင်းအား အမိန့်ပေးလိုက်သည်။
"ငါ့ကို လူတချို့ ရှာပေးစမ်းပါ၊ အဲ့ဒါဆို စောစောက ကိစ္စကို ကျေအေးပေးမယ်"
"ဘယ်သူ့ကို ရှာရမှာလဲ ခင်ဗျာ"
ဗုဒ္ဓတစ်ဝက်မှာ မငြင်းဆန်ဝံ့ပေ ။
"ပိုင်ကျိ ၊လူမိုက်တာအို ၊ နန်းကုန်းခွေး..အဲ မဟုတ်ဘူး လင်းယာယီ .."
ကျိယွမ်သည် သူကိုယ်တိုင်မရှာချင်ပေ၊ သူကိုယ်တိုင်ပိုက်စိပ်တိုက်ရှာလျှင် လျူဖုန်းလောကကြီး ပျက်စီးသွားနိုင်သောကြောင့်ဖြစ်၏။
ထို့ကြောင့် ဤဗုဒ္ဓတစ်ပိုင်းကို ခိုင်းလိုက်ခြင်းက ပိုကောင်းသည် ။
"ပိုင်ကျဲလား.."
"ပိုင်ကျဲဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ တပည့် ပိုင်ကျဲကို ပြောတာလား"
ဗုဒ္ဓတစ်ပိုင်း၏ မျက်နှာရိပ်မျက်နှာကဲ မှာ သိသိသာသာပြောင်းလဲသွားသည် ။
အနားတွင်ရှိသော ပိုင်ပိုင်ရှန်းမှာလည်း ထိုနာမည်များကို ကြားသောအခါ အံ့သြသွား၏ ။
သူမ၏ ဆရာမှာ ပိုင်ဟဲ (ကြိုးကြားဖြူ)ဖြစ်ပြီး သူမလိုက်နာနေသူမှာ အဖြူရောင်ဧကရာဇ် ဖြစ်သည် ။
ထို့အပြင် ထိုလူပြောသော နာမည်များမှာလည်း မြောက်ပိုင်းစုန်း ဆယ့်သုံးပါးထဲက နာမည်များ ဖြစ်နေ၏ ။
ရုတ်တရက် သူမ၏ အကြည့်မှာ နင်းထောင်ဆီသို့ ရောက်သွားပြီး ရင်ခုန်သံများ မြန်လာသည် ။
ကျိယွမ်ကတော့ ပိုင်ပိုင်ရှန်း၏ အမူအရာကို သတိမထားမိပါ ။
"ဟုတ်တယ်၊ သူ ဘယ်မှာလဲ သိလား၊ သူက ငါ့ရဲ့ တပည့်တစ်ဝက်လောက် ဖြစ်နေတော့ ငါတို့ကြားမှာ ဆက်နွယ်မှု ရှိတယ်"
ဗုဒ္ဓတစ်ပိုင်း မျက်နှာပျက်နေသည်ကို မြင်သောအခါ ကျိယွမ်က နားမလည်သလိုကြည့်၏။
"ဘာဖြစ်လို့လဲ ၊ သူ အဆင်မပြေဘူးလား"
ဗုဒ္ဓတစ်ပိုင်း၏ နှလုံးသားမှာ သိသိသာသာတုန်လှုပ်လာသည် ။
သို့သော် သူသည် ဤနတ်ဘုရားက မည်သူမည်ဝါဖြစ်မှန်းကို မခန့်မှန်းနိုင် ဖြစ်နေ၏ ။
ပိုင်ကျိသည် ဗုဒ္ဓနိုင်ငံတော်ကို စည်းလုံးစေပြီး ဗုဒ္ဓဖြစ်လာမည့် မြင့်မြတ်သူ ဖြစ်သည် ။
သို့သော် သူကတော့ မြင့်မြတ်သောပိုင်ကျိကို သူ၏တပည့်ဟု ပေါ့ပေါ့ပါးပါး ပြောနေ၏ ။
သူက ကံကြမ္မာရဲ့ ဝဋ်ကြွေးကို မကြောက်ဘူးလား..။
ဒါမှမဟုတ်... ဒီလူက နတ်ဘုရား မဟုတ်လို့လား..။
--------------
အခန်း ၃၉၅ - မင်းက ဗုဒ္ဓတစ်ဆူကို ရှာဖွေနေတုန်းပဲလား..
ပိုင်ပိုင်ရှန်းသည်လည်း အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
ဗုဒ္ဓတစ်ပိုင်း၏ နှလုံးခုန်သံမှာလည်း ပိုမိုမြန်ဆန်လာ၏။
ဗုဒ္ဓသားတော်ပိုင်ကျိရဲ့ ဆရာတဲ့လား။
"စီနီယာကလည်း ဗုဒ္ဓနိုင်ငံတော်က လာတာလား"
သူက အကဲစမ်းကာ မေးလိုက်သည်။
သူသည် စကားပြောရင်း ကျိယွမ်၏ဘေးရှိ အမျိုးသမီးနှစ်ဦးဖြစ်သော ကျူးယန်နှင့် နင်းထောင်တို့ကို လည်း တစ်ချက်ကြည့်လိုက်မိသည်။
ဤစီနီယာသည် ဗုဒ္ဓနိုင်ငံတော်မှ ဖြစ်ရမည်ဖြစ်ပြီး လောကီအာရုံများကို တွယ်တာမှုကြောင့် ထွက်ခွာလာသူ ဖြစ်ပေလိမ့်မည်။
သို့သော် ပိုင်ကျိသည် သူ၏တပည့်ဝက်ဖြစ်သည်ဟု ပြောဆိုခြင်းကိုမူ ဗုဒ္ဓတစ်ပိုင်းက သိပ်မယုံကြည်ပေ။
ပိုင်ကျိသည် မဟာနေမင်း အလင်းဗုဒ္ဓ၏ တပည့်ဖြစ်ပြီး သာမန် အစစ်အမှန်ဗုဒ္ဓများပင်လျှင် ပိုင်ကျိ၏ဆရာဖြစ်သည်ဟု ပြောဆိုရန် မဝံ့ရဲကြပါ။
ဤလူကတော့ အတော်လေး သတ္တိရှိလှ၏။
"ငါက ဗုဒ္ဓနိုင်ငံတော်ကလူနဲ့ တူလို့လား"
ကျိယွမ်က ဂုဏ်ယူစွာဖြင့် မိန်းမလှလေးနှစ်ဦးကို ဘယ်ညာခါးမှပွေ့ကာ ပိုမိုနီးကပ်စွာ ဖက်ထားရင်း ကြွားလုံးထုတ်သကဲ့သို့ မေးလိုက်သည်။
သေချာပေါက် ဤဗုဒ္ဓတစ်ပိုင်သည် ဂေါ်မစွံသော လူပျိုကြီးတစ်ဦး ဖြစ်၏။
ကျိယွမ်သည် မိမိကိုယ်ကိုယ် အလွန်အမင်း သာလွန်သည်ဟု ခံစားနေရသည်။
ဗုဒ္ဓတစ်ပိုင်းသည် ကျိယွမ်၏ အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်သွားရ၏။
ဗုဒ္ဓနိုင်ငံတော်က မဟုတ်ဘူးလား။
သို့သော် မဟာနေမင်း အလင်းဗုဒ္ဓ၏ တပည့်သည် အောက်လောကသို့ မဆင်းသက်မီက ဗုဒ္ဓနိုင်ငံတော်မှ တစ်ခါမျှ ထွက်ခွာဖူးခြင်း မရှိပေ။
သူတို့ချင်းတွေ့စရာနေရာမရှိပါ ။ ထို့ကြောင့် သူသည် ယခုလူ၏တပည့်ဝက် မည်သို့ဖြစ်နိုင်မည်နည်း။
သူက လိမ်နေတာများလား။
အကယ်၍ ထိုသို့ဆိုလျှင်တော့ ဖြစ်နိုင်ခြေရှိသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဗုဒ္ဓတစ်ပိုင်းသည် လူတို့၏နှလုံးသားကို ဖုံးလွှမ်းထားသော ကိလေသာများစွာကို နားလည်ထားသည်။ သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော ခံစားချက်များမှ ကင်းလွတ်ခြင်း မရှိပေ။
အဆုံးတွင် အစစ်အမှန်ဗုဒ္ဓ ဖြစ်လာရန် ကြိုးပမ်းခြင်းသည်ပင်လျှင် တွယ်တာမှုတစ်မျိုးပင်။
ထိုအချိန်တွင် အတွေးနက်နေသော ပိုင်ပိုင်ရှန်းသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွား၏။
သူက ကျိယွမ်အား ထိတ်လန့်စွာကြည့်ကာ စိတ်လှုပ်လွန်း၍ တုန်ရင်နေသော အသံဖြင့် မေးလိုက်သည်။
"စီနီယာက... သွေးသခင်လား"
သူမက သတ္တိမွေးကာ မေးမြန်းလိုက်ခြင်းပင် ။ သူမ၏အသံမှာ သိသိသာသာတုန်ယင်နေပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။
အကယ်၍ သူသာ သွေးသခင်ဖြစ်ပါက အရာအားလုံးသည် အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။
ကျိယွမ်က ပိုင်ပိုင်ရှန်းကို အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်၏။
"ဒီလောကမှာ သွေးသခင်ကို မှတ်မိသေးတဲ့ လူငယ်တွေ ရှိသေးတာပဲလား"
ကျိယွမ်အနေဖြင့် ဤဂိမ်းထဲတွင် သူ၏ အထောက်အထားအမှန်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ရိုးသားမှုသည် အကောင်းဆုံး နည်းဗျူဟာ ဖြစ်၏။
"ရှင် ...ရှင်က ..တကယ်ပဲ သွေးသခင်ပဲ... အဖေကြီး"
ပိုင်ပိုင်ရှန်းက ဝမ်းသာအားရအော်ဟစ်ကာ အရာရာကိုမေ့သွားပြီး ကျိယွမ်ထံသို့ ပြေးကပ်ရန် ကြိုးစားလိုက်သည်။
သို့သော် လမ်းခုလတ်တွင်ပင် သူမကို နင်းထောင်က လေထဲ၌ ရပ်တန့်ထားလိုက်၏။
နင်းထောင်က မျက်မှောင်ကြုတ်ကာ သူမအား တားမြစ်သည်။
"နင်က ချွေးတွေနဲ့၊ ပြီးတော့ ငါ့ယောင်္ကျားက ငယ်သေးတယ်"
အနားတွင် ရပ်နေသော ဗုဒ္ဓတစ်ပိုင်းမှာလည်း အံ့အားသင့်နေပြီး သူ၏မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
သွေးသခင်လား...။
ထိုပုဂ္ဂိုလ်၏ အကြောင်းကို သူကြားဖူး၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က လျူဖုန်းနယ်မြေတွင် ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်နိုင်ခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပင်။
သို့သော် မည်မျှပင် အစွမ်းထက်စေကာမူ သူသည် ပဉ္စမအဆင့်ဖြစ်သော ခရမ်းရောင်နန်းဆောင်အဆင့်သာ မဟုတ်ပါလော။
သူသည် မည်သို့ကြောင့် ရုတ်တရက်... ဤမျှ အစွမ်းထက်လာရသနည်း။
ယင်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ပြီး နတ်ဘုရားအပေါက်များကို ဖွင့်လှစ်ရန် အချိန်များစွာ လိုအပ်သည်မှာ လူတိုင်းသိသော ကိစ္စဖြစ်၏။
ပူဇော်သက္ကာ၏အစွမ်းဖြင့် အဆင့်တက်ရန် ကူညီပေးနိုင်သည့် ဗုဒ္ဓနိုင်ငံတော်တွင်ပင် ဗုဒ္ဓတစ်ပိုင်းတစ်ဦးသည် နှစ်ပေါင်းတစ်သောင်းအတွင်း ကောင်းကင်အဆင့် တစ်ဆင့်မှ နှစ်ဆင့်သို့သာ တိုးတက်နိုင်သည်။
ကျိယွမ်က ပိုင်ပိုင်ရှန်းကို စူးစမ်းသလို ကြည့်၏။
"နေပါဦး ..ငါ့မှာ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး သမီးတစ်ယောက် ရလာတာလဲ"
"အဖေကြီး..သမီးရဲ့ဆရာက ကြိုးကြာဖြူလေ။ သူက အဖေကြီးရဲ့ သမီးတော်လေ၊ မမှတ်မိတော့ဘူးလား"
ပိုင်ပိုင်ရှန်းက စိတ်လှုပ်ရှားစွာ ရှင်းပြသည်။
ကျိယွမ်၏ မှတ်ဉာဏ်ထဲတွင် ဖြူစင်သော ကြိုးကြာတစ်ကောင်ကို မြင်ယောင်သွားမိ၏။
ထိုကြိုးကြာမလေးသည် အဖြူရောင်ဧကရာဇ်နန်းတော်မှ ဖြစ်သည်။
ကျိယွမ်သည် ပြန်မလာရာမြို့တော်တွင် အာဏာရရှိပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားစဉ်က ထိုကြိုးကြာဖြူသည် အရှက်မရှိဘဲ သူ့ကို ဖေဖေဟု ခေါ်ဆိုခဲ့သည်။
သို့မဟုတ် သူမသည် လူတိုင်းကို ကျိယွမ်က သူမ၏အဖေဖြစ်သည်ဟု လိုက်ပြောနေ၏။
သို့သော် ကျိယွမ်သည် သူမကို တစ်ခါမျှ အသိအမှတ်မပြုခဲ့ပေ။
သူက ပိုင်ပိုင်ရှန်းကို ဇဝေဇဝါမျက်နှာဖြင့် ကြည့်ကာ ခေါင်းယမ်း၏။
"ငါက လူသားလေ၊ နင့်ဆရာက ငှက်။ လူသားက ငှက်ကို မွေးနိုင်လို့လား။ ဒါကြောင့် သူက ငါ့သမီး မဟုတ်ဘူး။ ငါ့မှာ သမီးနှစ်ယောက်ပဲ ရှိတယ်"
ပိုင်ပိုင်ရှန်းသည် မျက်တောင်ခတ်ရင်း သူ၏စကားများတွင် ယုတ္တိရှိသည်ကို သိမြင်သွားသော်လည်း လက်ခံချင်ပုံမရပေ။
"မဟုတ်ဘူး၊ သမီးဆရာက အဖေကြီးရဲ့သမီးတော်ပဲ"
"နင်က ဘာလို့ နင့်ဆရာလိုပဲ အရှက်မရှိရတာလဲ "
ကျိယွမ်က စိတ်ပျက်သလိုညည်းညူလိုက်သော်လည်း ဆက်လက်ငြင်းခုံခြင်းမပြုတော့ပါ။
"နင့်ဆရာက ပိုင်ကျိနဲ့ အတူရှိနေတုန်းပဲလား"
ပိုင်ပိုင်ရှန်းက သူမလည်း မသေချာကြောင်း ခေါင်းခါပြသည်။
ထိုအချိန်တွင် ဗုဒ္ဓတစ်ပိုင်းက ဝင်ပြောလိုက်သည်။
"နောက်သုံးလနေရင် ဗုဒ္ဓညီလာခံကြီး ကျင်းပတော့မယ်။ အဲ့ဒီအချိန်ကျရင် ဗုဒ္ဓသားတော် ပိုင်ကျိ တက်ရောက်မှာပါ"
"အိုး...လူပျိုကြီးတွေ စုဝေးပွဲလား"
ကျိယွမ်က စိတ်လှုပ်ရှားစွာ ရေရွတ်ပြီး ရင်ခုန်သွားသည်။
ထိုသို့ဆိုလျှင် သူသွားရောက်ပြီး အလှူခံနိုင်သည်ဟု ဆိုလိုခြင်းလော။
ဗုဒ္ဓတစ်ပိုင်းမှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွား၏။
ဤသွေးသခင်သည် ယခင်က အစွမ်းမည်မျှထက်သည်ကို မသိသော်လည်း လျှာစွမ်းကတော့ အလွန်စူးလှသည်။
"ကျေးဇူးပြုပြီး သွေးသခင်၊ ပေါ့ပေါ့တန်တန် မပြောပါနဲ့။ ဗုဒ္ဓညီလာခံအတွင်းမှာ အထက်ဘုံက အစစ်အမှန်ဗုဒ္ဓတွေက တရားနာဖို့ လာနိုင်ပြီး သန့်စင်သော ဗုဒ္ဓသားတော်တစ်ပါးကို ရွေးချယ်ပါလိမ့်မယ်"
ထိုသို့ပြောသောအခါ ဗုဒ္ဓတစ်ပိုင်း၏ မျက်နှာသည် ရိုသေမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
အထက်ဘုံရှိ ဗုဒ္ဓနိုင်ငံတော်သည် စစ်မက်များစွာ ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းသာယာခြင်းမရှိခဲ့သည်မှာ ကြာခဲ့လေပြီ။
ယခုအခါ စည်းလုံးညီညွတ်ပြီး ပဋိပက္ခများကို အဆုံးသတ်ရန် အခွင့်အရေး ရရှိလာပြီဖြစ်၏။
ဗုဒ္ဓတစ်ပိုင်းသည် သဘာဝကျစွာပင် စိတ်အားထက်သန်နေသည်။
"သန့်စင်သောဗုဒ္ဓသားတော်ဖြစ်ရင် ဘာထူးမှာလဲ။ နတ်ဘုရားနိုင်ငံတော်ကနေ နည်းစနစ်တွေကို အလကားရမှာလား"
ကျိယွမ်က ချက်ကောင်းကို ကောက်ကာငင်ကာ မေးလိုက်၏။
ထို့သို့မေးရင်း သူသည် ရုတ်တရက် အစီအစဉ်တစ်ခု ရရှိသွားခဲ့သည်။
အလှူခံနေရခြင်းမှာ အလကားရသော်လည်း အတော်လေး ဒုက္ခများ၏။
ပိုင်ကျိကို ကူညီပြီး သန့်စင်သောဗုဒ္ဓသားတော် ဖြစ်လာအောင် လုပ်ပေးလျှင် မကောင်းပေဘူးလား။
အကယ်၍ ပိုင်ကျိသာ အနိုင်ရပါက အကန့်အသတ်မရှိသော နတ်ဘုရားနည်းစနစ်ကို ရရှိလာမည် မဟုတ်ပါလော။
အလွန်တွက်ချေကိုက်၏။
"ရနိုင်ပါတယ်"
ဗုဒ္ဓတစ်ပိုင်းက ခေါင်းညိတ်ပြကာ အတည်ပြုသည်။
"ပိုင်ကျိမှာ သန့်စင်သော ဗုဒ္ဓသားတော်ဖြစ်ဖို့ အလားအလာရှိတယ်လို့ မင်းထင်လား။ မင်းတို့အားလုံး ဘာလို့ သူ့ကို မထောက်ပံ့တာလဲ"
ကျိယွမ်က စိတ်အားထက်သန်စွာ မေးလိုက်ပြီး သူက ပိုင်ကျိကို မဲပေးရန်အလွန်စိတ်အားဖက်သန်နေ၏။
ဗုဒ္ဓတစ်ပိုင်း၏ အမူအရာမှာ ထူးဆန်းလာခဲ့သည်။
"ဗုဒ္ဓသားတော်ပိုင်ကျိမှာ အခွင့်အရေးရှိပေမယ့် သူက မဟာနေမင်းရွှေကြာပန်းကို ဆုံးရှုံးခဲ့လို့ အပြစ်ပေးခံရနိုင်ပါတယ်။ အဲ့ဒါကို သူပြန်ရှာမပေးနိုင်သရွေ့ပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ ကျိယွမ်ရဲ့ မျက်နှာကလည်း ဗုဒ္ဓတစ်ပိုင်းလိုပင် ထူးဆန်းသွားခဲ့သည်။
ဒီပုံဆို ပိုင်ကျိက သန့်စင်သောဗုဒ္ဓသားတော်ဖြစ်လာဖို့ ခက်ခဲသွားပြီလား။
အမှန်တကယ်တွင် ကျိယွမ်သည် သူ၏အပြစ်ကင်းစင်သော ရွှေကိုယ်ထည်ကို တည်ဆောက်ရန် မဟာနေမင်း ရွှေကြာပန်းကို ဝါးမြိုခဲ့ပြီးဖြစ်သည်။
၎င်းကို ပြန်ပေးရန် လမ်းစမရှိပေ။
သို့သော် ရုတ်တရက် သူက အကြံတစ်ခုရသွားပြီး ဗုဒ္ဓတစ်ပိုင်းကို ကြည့်၏။
"မင်းတို့ကရော ကိုးကွယ်ဖို့ ဗုဒ္ဓတစ်ဆူကို ရှာဖွေနေတုန်းပဲလား"
သူက တိုးတိုးလေး မေးလိုက်သည်။
ဗုဒ္ဓတစ်ပိုင်းက ပြန်မဖြေခဲ့ပါ။
ဤမေးခွန်းသည် သူဖြေဆိုနိုင်သည့် စွမ်းရည်ထက် ကျော်လွန်နေပြီး သူသည် စဉ်းစားရန်ပင် မဝံ့ရဲပေ။
မဟာနေမင်းအလင်းဗုဒ္ဓ ပျံလွန်တော်မူပြီးနောက် ပဉ္စမမြောက် ကောင်းကင်ဘုံရှိ စစ်မှန်ဗုဒ္ဓများသည် တစ်ဦး၏အောက်ကို တစ်ဦးက လက်အောက်ခံရန် ငြင်းဆန်ခဲ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓနိုင်ငံတော်တွင် ဗုဒ္ဓ မရှိတော့ပေ။
ယခုအခါ သူတို့သည် ဗုဒ္ဓနိုင်ငံတော်ကို ခေတ္တစည်းလုံးစေပြီး တိုက်ပွဲများကို ရပ်တန့်ရန် သန့်စင်သော ဗုဒ္ဓသားတော်တစ်ဦးကိုသာ ရွေးချယ်နေကြခြင်း ဖြစ်သည်။
သို့သော် သန့်စင်သောဗုဒ္ဓသားတော်ဖြစ်လာရန်ကတော့...။
ထိုအရာမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
"ဟုတ်.. ဟုတ်ကဲ့၊ ကျွန်တော်တို့ ရှာဖွေနေပါတယ်လို့ ထင်ပါတယ်"
ဗုဒ္ဓတစ်ပိုင်းက တုန်တုန်ရင်ရင်ဖြင့် တိုးညင်းစွာဖြေလိုက်သည်။
ဤကဲ့သို့သော ကိစ္စရပ်သည် ပေါ့ပေါ့တန်တန် ပြောဆိုရန် အလွန်ပင် ကြီးလေးလှ၏။
အကယ်၍ စစ်မှန်ဗုဒ္ဓတစ်ပါးက သူ၏စကားကို အာရုံခံမိပါက သူသည် ကြီးလေးသော ဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။
"ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက အရမ်းချောပြီး ဗုဒ္ဓဘာသာနဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိတယ်။ သူ့ကို မင်းတို့ရဲ့ ဗုဒ္ဓဖြစ်ဖို့ ငါအကြံပြုရင် ဘယ်လိုလဲ။ မင်း ဘယ်လိုထင်လဲ"
ကျိယွမ်က စိတ်အားထက်သန်စွာ အဆိုပြုလေ၏။
ဗုဒ္ဓတစ်ပိုင်းသည် ကျောပြင်တစ်လျောက် ချွေးများစီးကျလာလေသည်။။
ယခုအချိန်တွင် ဤလူသည် သာမန်နတ်ဘုရားတစ်ပါး မဟုတ်ကြောင်း သူသေချာသွားလေပြီ။
သာမန်နတ်ဘုရားတစ်ပါးသည် ဤမျှအထိ မရဲတင်းကြပါ။
သူသည် ယန်နတ်ဘုရားကောင်းကင်အရှင်သခင် ဖြစ်ရမည်။
သို့သော် ယန်နတ်ဘုရားတစ်ပါးသည်ပင် အောက်လောကသို့ တစ်ပါးတည်း ဆင်းသက်လာခြင်းမှာ အလွန်ပင် ရဲတင်းလွန်းလှလေပြီ။
"စီနီယာ၊ ဗုဒ္ဓရဲ့ ရာထူးနဲ့ ပတ်သက်ပြီး ကျွန်တော် ပေါ့ပေါ့တန်တန် မပြောဝံ့ပါဘူး။ ဗုဒ္ဓဖြစ်လာဖို့ ချောရုံနဲ့ မလုံလောက်ပါဘူး။ ဗုဒ္ဓတရားတော်တွေကို နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ရမယ်၊ ဗုဒ္ဓပေါင်းတစ်သောင်းရဲ့ ယုံကြည်မှုကို ရရပါမယ်၊ ပြီးတော့ ဗုဒ္ဓနိုင်ငံတော် တစ်ခုလုံးကို တုန်လှုပ်စေပြီး ဗုဒ္ဓရဲ့ အလင်းရောင်တွေကို ဖြာထွက်စေရမယ်"
ဗုဒ္ဓတစ်ပိုင်းက သတိထားကာ အတက်နိုင်ဆုံး အဂတိကင်းစွာရှင်းပြခဲ့သည်။
ဗုဒ္ဓဖြစ်လာရန်မှာ အမှန်တကယ်ပင် ရိုးရှင်းသော အလုပ်မဟုတ်ပေ။
ဗုဒ္ဓနိုင်ငံတော်ရှိ မူလနယ်ပယ်မှ စစ်မှန်ဗုဒ္ဓများသည်ပင် မဟာနေမင်း အလင်းဗုဒ္ဓကဲ့သို့ ဗုဒ္ဓပေါင်းတစ်သောင်းကို စည်းလုံးအောင် မလုပ်နိုင်ခဲ့ကြပေ။
အဓိက အကြောင်းရင်းတစ်ခုမှာ ဗုဒ္ဓဖြစ်လာရန်အတွက် ဖန်တီးမှုပစ္စည်း ဖြစ်သော ဗုဒ္ဓနိုင်ငံတော်ကိုယ်တိုင်၏ အသိအမှတ်ပြုမှု လိုအပ်ခြင်းကြောင့် ဖြစ်သည်။
ဗုဒ္ဓနိုင်ငံတော် တစ်ခုလုံးသည် ဖန်တီးမှုပစ္စည်းတစ်ခု ဖြစ်၏။
သမိုင်းတွက် မူလဗုဒ္ဓသာလျှင် ဗုဒ္ဓနိုင်ငံတော် ပစ္စည်း၏ အသိအမှတ်ပြုမှုကို ခံခဲ့ရဖူးသည်။
"မင်းပြောတာကို အခြေခံပြီး စဉ်းစားကြည့်ရင် ငါ့သူငယ်ချင်း ..အင်း ..အမှန်တော့ ငါ့သူငယ်ချင်း အတော်များများက သင့်တော်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ ငါ့ကိုယ်စား သူတို့ထဲက တစ်ယောက်ကို အကြံပြုပေးရင်ရော ဘယ်လိုလဲ"
ကျိယွမ်ကတော့ လက်မလျှော့သေးပေ ၊ ပို၍ စိတ်အားထက်သန်စွာ ဆိုပြန်သည်။
ကျိယွမ်သည် မိမိကိုယ်ကိုယ် အများအကျိုးကို ကူညီတတ်သောလူကောင်းတစ်ဦးအဖြစ် ဂုဏ်ယူမိ၏။
ဗုဒ္ဓနိုင်ငံတော်တွင် ခေါင်းဆောင်မရှိသည်ကို တွေ့ရသဖြင့် သူသည် ဗုဒ္ဓရာထူးကို ဖြည့်ဆည်းပေးရန် သင့်တော်သော ကိုယ်စားလှယ်အချို့ကို အခမဲ့ ကမ်းလှမ်းနေခြင်း ဖြစ်သည်။
ဗုဒ္ဓတစ်ပိုင်းအား အခက်မတွေ့စေရန်အတွက် ကျိယွမ်သည် အဆင့်မြင့် "အရောင်းနည်းဗျူဟာ" ကိုပင် အသုံးပြုခဲ့ပြီး ရွေးချယ်စရာ အများအပြားကို ကမ်းလှမ်းခဲ့၏။
၎င်းသည် စားသောက်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်မလား သို့မဟုတ် နို့သောက်မလားဟု အမေးခံရသကဲ့သို့ပင်။
လူအများစုသည် တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။
သို့သော် တစ်မျိုးတည်းပြကာ ဒါလေးသောက်မလားဟု အမေးခံရပါက မည်သူမဆို ခေါင်းခါပြတတ်၏။
ထို့ကြောင့် ကျိယွမ်သည် ရွေးချယ်ရန် ရွေးချယ်စရာ အတော်များများကို ပေးခဲ့ခြင်းပင်။
"ကောင်းပါပြီ... ကျွန်တော် မေးမြန်းကြည့်ပေးပါ့မယ်"
ဗုဒ္ဓတစ်ပိုင်းသည် အပြတ်ငြင်းဆန်ရန် တော့ မဝံ့ရဲပေ။
စိတ်နည်းနည်း လွတ်နေပုံရသော ဤသွေးသခင်သည် သူ့ကို သတ်ပစ်မည်ကို သူစိုးရိမ်နေ၏။
သွေးသခင်သည် အစောပိုင်းက ထိုအရေးမပါသော အဘွားအိုအား အချိန်အကြာကြီး ရှင်းပြနေခဲ့သည့် ပုံစံမှာ အလွန်ပင်ထူးဆန်းပြီး မည်သူမှလည်း နားမလည်နိုင်သော အမူအကျင့်မျိုးပင်။
မသေမျိုးလောကတွင် မည်သူက သာမန်လူသားများကို ယခုလို သေချာရှင်းပြနေမည်နည်း။
မေးမည် ၊ ဖြေမည် ၊ သဘောမကျလျှင် သတ်ပစ်မည်။
ဘာမှရှင်းပြနေစရာမရှိပေ။
"ဒါပေမယ့် ကျွန်တော်က ရာထူးနိမ့်တော့ စစ်မှန်ဗုဒ္ဓဆီ စကားရောက်အောင် သေချာပေါက်လုပ်နိုင်မယ်လို့တော့ အာမ မခံရဲပါဘူး"
"စိတ်မပူပါနဲ့၊ ငါ့အတွက် မေးပေးရုံပါပဲ"
ကျိယွမ်က စိတ်မပူစေရန် နားချ၏။
အကယ်၍ သူသည် တုံ့ပြန်မှု မရရှိခဲ့လျှင်ပင် ဗုဒ္ဓညီလာခံကြီးအတွင်း တိုက်ရိုက် မေးမြန်းနိုင်လေသည်။
ထိုအချိန်တွင် ဗုဒ္ဓအားလုံးသည် သူ၏ ရည်ရွယ်ချက်ကို သေချာပေါက် မကြားချင်လည်း ကြားသွားပါလိမ့်မည်။
................
တစ်ခေတ်တစ်ခါက အလွန် ကြီးကျယ်ခမ်းနားခဲ့သော ဝူကွေ့မြို့တော်သည် ယခုအခါ ပျက်စီးယိုယွင်းနေပြီး လူသူကင်းမဲ့သော မြေရိုင်းတစ်ခု ဖြစ်နေခဲ့လေပြီ။
အရပ်ရှည်ရှည်အမျိုးသားတစ်ဦးသည် ထိုနေရာတွင် ရပ်နေပြီး ထိုမြင်ကွင်းကို ဝမ်းနည်းမှုများဖြင့် ကြည့်ရှုနေခဲ့သည်။
"ငါ တစ်ခါက ချမ်းသာကြွယ်ဝမှုတွေ ၊ ဂုဏ်သိက္ခာတွေနဲ့ အိမ်ပြန်လာဖို့ အိပ်မက်မက်ခဲ့ဖူးတယ်၊ ဒါပေမယ့် ငါ့မွေးရပ်မြေက လူတွေ အခု ဘယ်မှာလဲ"
လွန်ခဲ့သော နှစ်ပေါင်းခုနစ်ထောင်ခန့်က ဤအမျိုးသားသည် ပဉ္စမအဆင့်ကို ကျော်ဖြတ်ကာ ဆဌမအဆင့်သို့ ရောက်ရှိပြီး အထက်ဘုံသို့ တက်လှမ်းခဲ့သည်။
အထက်လောကတွင် နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက် သူသည် တိုးတက်မှုအချို့ ရရှိခဲ့၏။
နောက်ပိုင်းတွင် သူ၏မွေးရပ်မြေဖြစ်သော လျူဖုန်းနယ်မြေတွင် ဗုဒ္ဓနိုင်ငံတော်၏ ပဋိပက္ခများအကြောင်း ကြားသိရသောအခါ သူသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပြန်လာခဲ့သည်။
အဆုံးတွင် လျူဖုန်းနယ်မြေသည် ဗုဒ္ဓဘာသာဝင်များကြားက ပဋိပက္ခကို ခံနိုင်ရည်ရှိရန် အလွန်ပင် သေးငယ်လွန်းလှသဖြင့် ထိုနယ်မြေသည် ပျက်စီးသွားနိုင်၏။သူက ထိုအဖြစ်မျိုး အရောက်မခံနိုင်ပါ။
ငါ့မွေးရပ်မြေကို ငါကာကွယ်မယ် ။
သို့သော် ပြန်ရောက်လာသောအခါမှာတော့ သူသည် မည်မျှပင် အားနည်းကြောင်း သိလိုက်ရသည်။
ကျပန်း ဗုဒ္ဓတစ်ပိုင်းတစ်ဦးကပင် သူ့ကို ချေမှုန်းနိုင်၏။
ချန်းဟွမ်သည် စိတ်ပျက်မှုနှင့်အတူ ကူရာကယ်မဲ့သောခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
သွေးသခင်နောက်သို့ လိုက်နေခဲ့စဉ်က ဘဝသည် ပိုမိုကောင်းမွန်ခဲ့၏။
ပူပင်သောကမရှိဘဲ လွတ်လပ်ခဲ့သည်။
သွေးသခင်သည် အမြဲတမ်း အံ့ဖွယ်အမှုများကို ဖန်တီးခဲ့ပြီး
ချန်းဟွမ် လုပ်ဆောင်ခဲ့ရသမျှမှာ ဆိုနာနှင့်ဗုံတီးအဖွဲ့ကို စီမံခန့်ခွဲရန်သာ ဖြစ်သည်။
"ငါ့မိတ်ဟောင်းတွေ အားလုံးလည်း မရှိတော့သလို ၊ ဆိုနာအဖွဲ့ရဲ့ အနီရောင်ဝတ်စုံတွေကိုလည်း မဝတ်ဆင်ကြတော့ပါလား"
ချန်းဟွမ်သည် သက်ပြင်းချကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး သူ၏အသံမှာ အထီးကျန်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ဘေးတွင်ရပ်နေသော အဘိုးအို ကွန်းရှတာအို၏ မျက်လုံးများကတော့ ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်။
"ဒီသွေးသခင်က စိတ်ဝင်စားဖို့ကောင်းပုံရတယ် ၊ သူ့မှာ ကံကောင်းမှုတွေ ရှိနေတာပဲ"
အောက်လောကသို့ ဆင်းသက်ပြီးနောက် ကွန်းရှတာအိုသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့၏။
ချန်းဟွမ်နှင့် တွေ့ဆုံသောအခါ သူသည် တမင်တကာ မိတ်ဖွဲ့ခဲ့ပြီး အောက်ဘုံသို့ ရောယောင်ဆင်းလာခဲ့သည်။
သူသည် လူမသိသူမသိ နေထိုင်ရန် လိုအပ်ပြီး အချက်အလက်များကို ပေါ်တင်ရှာဖွေရန် စွန့်စား၍မရပေ။
"ပွင့်ပွင့်လင်းလင်း ပြောရရင် သွေးသခင်ကသာ ငါ့ကို သူ့ရဲ့ မွေးစားသားအဖြစ် မွေးစားချင်တယ်ဆိုရင် ငါ ဒူးထောက်ပြီး သူ့ကို ဖေဖေလို့ ခေါ်မိမှာပဲ"
ချန်းဟွမ်က နောင်တရသော အသံဖြင့် ပြောလိုက်သည်။
ထိုအချိန်က အခွင့်အရေးကို သူဆုပ်ကိုင်မထားနိုင်ခဲ့ခြင်းမှာ နှမြောစရာ ပင်။
လမ်းတစ်လျှောက်တွင် ချန်ဟွမ်သည် သွေးသခင်အကြောင်း ပုံပြင်များကို ကွန်းရှအား ပြောပြခဲ့သော်လည်း အချို့သော အသေးစိတ်အချက်အလက်များကိုမူ ချန်လှပ်ထားခဲ့သည်။
ရုတ်တရက် ချန်းဟွမ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အနီးရှိ စွန့်ပစ်ထားသော အရက်ဆိုင်တစ်ခုမှ စကားဝိုင်းတစ်ခုကို ကြားလိုက်ရသည်။
"မင်း ဘာပြောလိုက်တာလဲ"
စွမ်းအားကြီးသော အရှိန်အဝါတစ်ခုသည် အရက်ဆိုင်အတွင်းသို့ လွှမ်းမိုးသွားပြီး အတွင်းရှိ ကျင့်ကြံသူများ၏ မျက်နှာမှာ ဖြူဖျော့သွားကြ၏။
"စီနီယာ၊ ကျွန်တော်တို့ ပြောနေတာက သွေးသခင်က လောကထဲကို ပြန်ရောက်လာပြီလို့..."
"ဒီကမ္ဘာကြီးက ပိုရူးသွပ်လာပြီ။ သွေးသခင်လို ရှေးဟောင်းပုဂ္ဂိုလ်တွေတောင် ပြန်လာနေကြပြီတဲ့"
"ဟုတ်တယ်၊ ဒါပေမယ့် အခုက သွေးသခင်ရဲ့ခေတ်မဟုတ်တော့တာ နှမြောစရာပဲ"
အရက်ဆိုင်ရှိ သက်ကြီးပိုင်းကျင့်ကြံသူအချို့သည် တစ်ခါက သူရဲကောင်းကြီးတစ်ဦး ကွယ်ပျောက်သွားခြင်းအတွက် သက်ပြင်းချကာ ညည်းတွားနေကြ၏။
ချန်းဟွမ်က သူတို့၏ခံစားချက်ကို လေးမထားပါ။
ယင်းအစား သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။
"သွေးသခင် အခု ဘယ်မှာလဲ"
သူ၏နှလုံးခုန်သံမှာလည်း မျှော်လင့်ချက်များဖြင့် မြန်ဆန်နေသည်။
ထိုအချိန်က သွေးသခင်သည် ဖျက်ဆီးခြင်း၏အရင်းအမြစ်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး သူရှင်သန်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
သို့သော် ယခု သွေးသခင် အသက်ရှင်နေသေးသည်ဟု ကြားသိရသောအခါ ချန်ဟွမ် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
၎င်းသည် လိမ်ညာမှုဖြစ်လျှင်ပင် သူကိုယ်တိုင် သွားရောက်ကြည့်ရှုရန်လို၏။
ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရမှဖြစ်မယ်။
"သွေးသခင်မှာ အတည်တကျ နေရပ်မရှိဘူး၊ ဒါပေမယ့် နောက်သုံးလမှာ ကျင်းပမယ့် ဗုဒ္ဓညီလာခံကြီးကို တက်ရောက်မယ်လို့ သူပြောခဲ့တယ်"
သွေးသခင် ပြန်လည်ရောက်ရှိလာခြင်း သတင်းသည် ကန်ရေပြင်ထဲသို့ ပစ်ချလိုက်သော ကျောက်ခဲကလေးတစ်ခုကဲ့သို့ လှိုင်းအနည်းငယ်သာ ထွက်ပေါ်စေခဲ့သည်။
ယနေ့ခေတ် လျူဖုန်းနယ်မြေတွင် ဗုဒ္ဓဘာသာကသာ လွှမ်းမိုးထား၏။
ထို့ကြောင် ခေတ်သစ်လူသားများက သွေးနန်းတော် သို့မဟုတ် သွေးသခင်ကို သိပ်ပြီးအလေးမထားကြပေ။
အချို့သောသူများသာ အာရုံစိုက်နေကြဆဲ ဖြစ်သည်။
သွေးသခင် ပြန်လည်ရောက်ရှိလာခြင်း သတင်းကို ကျိယွမ်ကိုယ်တိုင်က တိတ်တဆိတ် ဖြန့်ဝေခဲ့ခြင်း ဖြစ်၏။
မိတ်ဆွေဟောင်း တစ်စုံတစ်ယောက်က သူ့ကို တွေ့လိုပါက ဗုဒ္ဓညီလာခံသို့ လာရောက်နိုင်သည်ဟု သူယူဆခဲ့သည်။
အခြားသူများအတွက်ကတော့ သူ့အား အလေးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ကျိယွမ်က ဂရုမစိုက်ပါ။
ယခုအချိန်တွင် ကျိယွမ်သည် ကျူးယန် ၊ နင်းထောင်တို့နှင့်အတူ သူတို့တစ်ခါမျှ အတူမသွားဖူးသော လမ်းများကို ပျော်ရွှင်စွာလျှောက်လှမ်းရင်း လည်ပတ်နေခဲ့သည်။
ထိုအတောအတွင်း သူသည် ထွက်ပြေးသွားသော တံခါးကိုလည်း ရှာဖွေနေခဲ့၏။
ကျိယွမ်သည် လူများ မွေးရပ်မြေမှ ထွက်ခွာသွားခြင်းကို ကြားဖူးသော်လည်း တံခါးတစ်ချပ် ထွက်ပြေးသွားခြင်းမှာမူ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။
"နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း။ ငါ သွေးသခင်နဲ့ တွေ့ဖို့ ဗုဒ္ဓညီလာခံကို သွားတော့မယ်"
ချန်းဟွမ်က စိတ်လှုပ်ရှားစွာဖြင့် ကွန်းရှတာအိုကို နှုတ်ဆက်လိုက်သည်။
သူသည် သူ၏ နတ်ဘုရားအပေါက်များကို သွေးသခင်၏ ရှေ့တွင် ကြွားဝါရန် မစောင့်နိုင်တော့ပေ။
သို့သော် ထိုအရာထက် ပိုသည်မှာ သွေးသခင် အသက်ရှင်နေသေးသည့်အတွက် သူသည် အလွန့်အလွန်ကို ဝမ်းသာနေ၏။
ထိုအချိန်တွင် ကွန်းရှတာအိုသည် သူ၏မျက်လုံးများကို မှေးလိုက်သည်။
"ငါလည်း ဒီသွေးသခင်ကို အတော်လေး စိတ်ဝင်စားတယ်။ ငါလည်း မင်းနဲ့ အတူလိုက်ခဲ့ရင် ဘယ်လိုလဲ။ ငါတို့ ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ်နဲ့ အတူတူ တွေ့ကြတာပေါ့၊ ပြီးတော့ ငါလည်း ဗုဒ္ဓညီလာခံကြီးကို ကြည့်ချင်တယ်"
ကွန်းရှ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။
သူသည် အောက်ဘုံတွင် ပုန်းအောင်းနေသော်လည်း ထာဝရ ဖုံးကွယ်မနေနိုင်ပေ။
သူသည် အလွန်အမင်း ရဲတင်းစွာ လုပ်ဆောင်ရန် သို့မဟုတ် မိမိ၏ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ရန်လည်း မဝံ့ရဲပေ။
၄င်းသည် အန္တရာယ် များလွန်းလှသည်။
အကယ်၍ ထိုက်ဟွမ်နန်းတော်က သူ့ကို ဤနေရာတွင် တွေ့သွားပါက အရာအားလုံးသည် ရှုပ်ထွေးသွားပေလိမ့်မည်။
အကောင်းဆုံး ရွေးချယ်မှုမှာ ရှိနှင့်ပြီးသား ဒေသတွင်း အင်အားစုတစ်ခုကို သိမ်းပိုက်ရန်ပင်။
သို့သော် သူသည် သတိကြီးကြီးထားရမည်ဖြစ်သည်။
ဗုဒ္ဓနိုင်ငံတော်နှင့် ပတ်သက်သည့် အရာမှန်သမျှသည် ကန့်သတ်ချက်အတွင်း ရှိနေပြီး သူတတ်နိုင်သောအရာမဟုတ်ပါ။
သို့သော် သွေးနန်းတော်ဆိုတာကတော့...။
၎င်းသည် ဆွဲဆောင်မှုရှိသော ပစ်မှတ်တစ်ခု ဖြစ်သည်။
၎င်းတွင် အင်အား၊ အကြီးအကဲများနှင့် သင့်တင့်သော ဂုဏ်သတင်းလည်းရှိ၏။
နည်းလမ်းအချို့ကို အသုံးပြုပြီး ကွန်းရှသည် သွေးသခင်ကို သူ၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲကာ သူ့မှတစ်ဆင့် အုပ်ချုပ်နိုင်မည် ဖြစ်သည်။
ချန်းဟွမ်အတွက်မူ ကွန်းရှသည် လောလောဆယ်တွင် ဘာမှမလုပ်လိုသေးပါ။
ချန်းဟွမ်တွင် အထက်ဘုံနှင့် ဆက်သွယ်မှုများ ရှိနေသေးသည်။
အကယ်၍ သူပျောက်ဆုံးသွားပါက ပြဿနာများ ဖြစ်လာနိုင်၏။
ကွန်ရှတာအိုသည် အတွေးနှင့်အတူ နွေးထွေးစွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများသည် တောက်ပနေသည်။
အောက်ဘုံသို့ ဆင်းသက်မှုသည် ချောမွေ့စွာ လည်ပတ်နေ၏။ကံကြမ္မာသည် သူ့ကို မျက်နှာသာပေးနေသည်မှာ ထင်ရှားပေသည်။
.............
" အရမ်းဝမ်းနည်းစရာကောင်းတယ်... အရမ်းဝမ်းနည်းစရာပဲ"
"ငါ ထိပ်ပြောင်ဘုန်းကြီး မဖြစ်ချင်ဘူး ၊ ငါ အိမ်ထောင်ပြုချင်သေးတယ်"
လင်းယာယီသည် ဝမ်းနည်းမှုများဖြင့် အော်ဟစ်ငိုယိုနေခဲ့သည်။
အလင်းဗုဒ္ဓက သူ့ကို တည်ငြိမ်စွာ ကြည့်ပြီး စကားဆို၏။
"မင်းက နှစ်ပေါင်းတစ်သောင်းလောက် နေလာခဲ့ပြီးပြီ၊ အခုထိ အိမ်ထောင်မပြုရသေးဘူး။ အခုမှ ဖြစ်လာလိမ့်မယ်လို့ မင်းတကယ် ထင်နေတာလား။ မင်း အိမ်ထောင်ပြုပြု မပြုပြု အရေးမကြီးတော့ပါဘူး။ မင်း... ငါတို့ရဲ့ ဗုဒ္ဓဘာသာဂိုဏ်းထဲကို ဝင်လိုက်ရင် ကောင်းမယ်"
လင်းယာယီ၏ မျက်နှာသည် လှုပ်ခါသွားပြီး အနေခက်စွာဖြင့် ငြိမ်သက်သွားခဲ့သည်။
အလင်းဗုဒ္ဓ၏ စကားမှာ ယုတ္တိရှိသည်။
သူသည် လူပျိုကြီးအဖြစ် နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဘာထူးခြားမည်နည်း။
သူသည် နှစ်ပေါင်းတစ်သောင်းကျော် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း မည်သူနှင့်မျှ အတူမရှိခဲ့ဖူးပေ။
သူတွေ့ခဲ့သော အမျိုးသမီးများအားလုံးမှာ သူ၏အကြိုက်နှင့် ကိုက်ညီရန် ထူးဆန်းလွန်းနေသည်ဟု သူအပြစ်တင်သင့်ပါသလား။
ဖြစ်နိုင်သည်မှာ... သူ လက်လျှော့သင့်လေပြီ။
"အော်၊ ဒါနဲ့ မင်းအတွက် သတင်းအချို့ ရှိသေးတယ်"
အလင်းဗုဒ္ဓ၏ မျက်လုံးများသည် ရှုပ်ထွေးသော ခံစားချက်များပေါ်လာသည်။
"ဘာသတင်းမို့လို့လဲ"
လင်းယာယီက အရေးမစိုက်သလိုမေး
လိုက်၏။သူ၏ဘဝက မျှော်လင့်ချက်မဲ့နေပြီးဖြစ်သောကြောင့် ထူးပြီးရင်ခုန်တော့မည် မဟုတ်ပေ။
"တချို့ စစ်မှန်ဗုဒ္ဓတွေက မဟာနေမင်း ရွှေကြာပန်းဟာ သွေးသခင်ဆီမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ရရှိထားကြတယ်"
ဤသတင်းသည် အလင်းဗုဒ္ဓထံသို့ ယခုလေးတင်မှ ရောက်ရှိလာခြင်း ဖြစ်သည်။
နတ်ဆိုးတစ်သောင်းတံခါးတွင် ဖြစ်ပျက်ခဲ့သည်များကို ဖုံးကွယ်ထား၍ မရတော့ဘဲ အချို့သော စစ်မှန်ဗုဒ္ဓများသည် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ကြ၏။
"အဲ့ဒါက ငါ့ဆရာဆီမှာ ရှိနေရင်ရော ဘာဖြစ်လဲ။ မင်းတို့ သူ့ကို တကယ်ရှာတွေ့နိုင်မယ်လို့ ထင်နေတာလား"
လင်းယာယီက လှောင်ချင်သလို မဲ့လိုက်သည်။
သူ၏ဆရာသည် ဖျက်ဆီးခြင်း အရင်းအမြစ်ကို ဝါးမြိုပြီး ထွက်ခွာသွားခဲ့သည်။
အကောင်းဆုံးအခြေအနေမှာ အကြွင်းအကျန်အချို့ ကျန်ရှိနေနိုင်ခြင်းသာ ဖြစ်သည်။
ဤဗုဒ္ဓများသည် ဆရာသခင်၏ အလောင်းကို ရှာတွေ့ပြီး ဝိညာဉ်ကို ဆင့်ခေါ်နိုင်မည်ဟု ထင်နေကြတာလား။
"မကြာသေးခင်က ထွက်ပေါ်လာတဲ့ ကောလာဟလအရ သွေးသခင်က ပြန်လည်ပေါ်ထွက်လာပြီး ဗုဒ္ဓညီလာခံကြီးကို တက်ရောက်မယ်လို့ သိရတယ်။ ဖြစ်နိုင်တာက သူက အခမ်းအနားမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံချင်လို့ ဖြစ်လိမ့်မယ်"
"ဘာ..."
ရင်မခုန်တော့ပါဟု ဆုံးဖြတ်ထားသောလင်းယာယီသည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး သူ၏ကိုယ်ခန္ဓာသည် ဝမ်းသာအားရ တုန်ယင်သွားသည်။
ထို့နောက် သူ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့၏။
"တကယ်လို့ ငါ့ဆရာပေါ်လာရင် အဲ့ဒီ စစ်မှန်ဗုဒ္ဓတွေက သူ့ကို ဘာလုပ်ကြမှာလဲ"
အကယ်၍ သူ၏ဆရာသည် အသက်ရှင်နေသေးပြီး မဟာနေမင်း ရွှေကြာပန်းနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပါက ဖြစ်လာမည့် အကျိုးဆက်များကို လင်းယာယီ စဉ်းစားပင် မဝံ့ရဲပေ။
အလင်းဗုဒ္ဓက ခေါင်းခါပြလိုက်ပြီး သူ၏အမူအရာမှာ လေးလံနေသည်။
"ငါလည်း အသေအချာ မပြောနိုင်ဘူး"
သတင်းစကားမှာ ရှင်းလင်းပါသည်။
သွေးသခင်အား မဟာနေမင်း ရွှေကြာပန်းကို ဆက်လက်သိမ်းဆည်းထားရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
အကယ်၍ ၎င်းကို သူ့ထံမှ လုယူသွားပါက သွေးသခင်၏ ကံကြမ္မာမှာ ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။
လင်းယာယီ၏ အကြည့်သည် တုန်လှုပ်နေပြီး အတန်ကြာအထိ တိတ်ဆိတ်နေပြီးမှ ..
"တကယ်လို့ ငါဟာ သန့်စင်သော ဗုဒ္ဓသားတော် ဖြစ်လာရင် ငါ့ဆရာကို ကယ်နိုင်မလား"
သူက ယခုအခါမှာတော့ လေးနက်စွာမေးမြန်းလိုက်သည်။
"ကယ်နိုင်တယ်"
လင်းယာယီ၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲသွား၏။
"အလင်းဗုဒ္ဓ၊..ငါ့ခေါင်းကို အခု ရိတ်ပေး.. အမြန်သာလုပ်"
"ပြီးတော့ ငါ့ကို လှပတဲ့ မိန်းမလှလေးတွေ ခေါ်လာပေး ၊ အရင်ကထက် ဆယ်ဆလောက် ပိုများရမယ်"
"ဒီနေ့ ငါ့ကိုယ်ငါ အကန့်အသတ်အထိ တွန်းအားပေးတော့မယ်"
...............