အခန်း (၃၈၆-၃၈၇)
Vol. 36 Ch. 386-387
အခန်း ၃၈၆ - မင်းက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ တပည့်ဆိုရင် ငါက ဘယ်သူလဲ...
“ဘယ်... ဘယ်လောက်လို့ပြောလိုက်တာ”
ချုံယွမ်ထင်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားခဲ့သည်။
ကျိယွမ်သည် သူမကို ကြည့်ကာ မျက်မှောင်ကုပ်၏။
“မင်း မနေ့ညက နားမသန့်စင်ခဲ့ဘူးလား။ နားပိတ်နေလို့လား။ ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်လေ ၊ ဝိညာဉ်ကျောက်တုံး ဆယ်ဘီလီယံခွဲလို့။”
ကျိယွမ်သည် သူမတွင် နားဖာချေးများပြည့်နေမည်ကို စိုးရိမ်သဖြင့် အသံကို မြှင့်ကာ ပြောလိုက်သည်။
သူ၏အသံသည် ခန်းမအတွင်း ဟိန်းထွက်သွားပြီး ခပ်လှမ်းလှမ်းမှ လူအများပင် သူတို့ဆီသို့အာရုံစိုက်လာ၏။
ချက်ချင်းပင် လူအများကလည်း ချုံယွမ်ထင်၏ နားများကို စိုက်ကြည့်လာကြသည်။ အချို့မှာ ရယ်မိမလိုဖြစ်ကုန်၍ သူတို့၏ပါးစပ်ကို အမြန်ပြန်ပိတ်ထားကြရ၏။
ကျိယွမ်၏လက်မောင်းကို ဖက်ထားသောကျန်းလင်းစုကတော့ ရယ်လွန်းသဖြင့် သူမမျက်နှာသည် သူ၏လက်မောင်းနှင့် ကပ်လုနီးပါး ဖြစ်နေခဲ့သည်။
သူမသည် ကလဲ့စားချေလိုက်ရသလို ခံစားလိုက်ရ၏။
ချုံယွမ်ထင်၏ မျက်နှာသည် ဒေါသနှင့် အရှက်ကြောင့် နီရဲသွားသည်။
“နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ... ငါ နားသန့်စင်ခဲ့တယ်။”
“မင်း သေချာမသန့်စင်ခဲ့ဘူးနဲ့ တူတယ်။ သိပ်ပြီး မလုပ်တတ်သေးဘူးပဲ။”
ကျိယွမ်က တုံးတိပင် ကောက်ချက်ချလိုက်သည်။
ချုံယွမ်ထင်သည် အလွန်ဒေါသထွက်နေ၏။သူမသည် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဒေါသထွက်လွန်း၍ အသက်ရှူရပင်ခက်ခဲနေ၏။
သူမ နားမသန့်စင်တတ်သည့် သတင်းသည် ယွန့်ထျန်းမြို့တစ်မြို့လုံး ပျံ့နှံ့သွားတော့မည်ကို သူမ မြင်ယောင်နေမိသည်။
“ဟူး... ရှက်မနေပါနဲ့။ အခုပဲ သေချာသန့်စင်လိုက်လို့ ရတာပဲ၊ မဟုတ်ရင် ငါက ဆက်အော်နေရမှာဆိုတော့ ပင်ပန်းတယ်လေ။”
ကျိယွမ်က သူမကို အကြံပေးလိုက်သည်။ သူအနေဖြင့် အမြဲတမ်းအော်ပြောနေရလျှင် အဆင်မပြေပေ။
“နင်”
ချုံယွမ်ထင်၏ မျက်လုံးများ နီရဲလာပြီး ကျိယွမ့်စကားများကြောင့် ငိုတော့မလို ဖြစ်လာသည်။
“ရှက်မနေပါနဲ့ အစ်မရယ်...နားသန့်စင်ရမှာကို ရှက်စရာလို့ မသတ်မှတ်သင့်ဘူး။ ရဲရဲဝံ့ဝံ့နဲ့ အရှိအတိုင်းပေါ့"
" တစ်ခါက နတ်သမီးတစ်ပါးကို ငါသိခဲ့တယ်၊ သူဆို နှာခေါင်းနှိုက်ရတာ ပိုအဆင်ပြေအောင် ကိုယ်ပိုင်တာအိုနည်းစနစ်တောင် တီထွင်ခဲ့သေးတာ။ မင်းလည်း သူ့ဆီက သင်ယူသင့်တယ်၊ သူများတွေ ဘာထင်မလဲဆိုတာ စိတ်မပူနဲ့။”
ကျိယွမ်၏စကားများမှာ ပို၍ သက်ဝင်လှုပ်ရှားလာပြီး သူ၏ လေသံမှာလည်း ပို၍ ဆွဲဆောင်မှုရှိလာခဲ့သည်။
မျက်လုံးများ နီရဲနေသော ချုံယွင်ထင်သည် ကျိယွမ်ကို အရှက်ခွဲရန် သူမ၏ မူလအစီအစဉ်ကိုပင် မေ့သွားသည်။
ထိုအချိန်တွင် ဝတ်ရုံစိမ်းနှင့် ဝမ်ယွန်းထန်က သိက္ခာရှိရှိ စကားပြောလိုက်သည်။
“မိတ်ဆွေ၊ မင်းက ကျန်းမိသားစုရဲ့... သမက်လား။ မင်းက ဝိညာဉ်ကျောက်တုံး လာချေးဖို့အတွက်ပဲ ဂုဏ်ပြုပွဲကို လာခဲ့တာလား။”
ယခုအခါ ကျန်းလင်းစု ရှက်သွေးဖြာရမည့်အလှည့် ရောက်သွားသည်။
“မဟုတ်ပါဘူး၊ ငါက သမက်မဟုတ်သလို၊ ခြေဆေးရေ ခပ်ပေးတဲ့သူလည်း မဟုတ်ဘူး။”
ကျိယွမ်က ခေါင်းခါလိုက်သည်။
“ဒီနေ့ ဒီနားဖာချေးနတ်သမီးက ပြောတယ်၊ သူ့ယောက်ျားမိသားစုက အရမ်းချမ်းသာတယ်၊ ငါသာ ပိုက်ဆံလိုရင် ဂုဏ်ပြုပွဲကို လာခဲ့ပါ၊ သူ့ယောက်ျားက ငါ့ရဲ့ ငွေရေးကြေးရေး ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ် တဲ့။”
ဝမ်ယွန်းထန်သည် ဂုဏ်ယူသော အမူအရာဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။
“ကျန်းမိသားစုက အရှေ့ပိုင်းဒေသက မျိုးနွယ်စုကြီးတစ်ခုပါ။ ဒီ ယွန့်ထျန်းမြို့က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာတချို့ ရှိနေတယ်လို့ ငါကြားမိတယ်။ ငါ ဒီကိစ္စကို နားလည်ပါတယ်။ မင်း ဘယ်လောက် လိုချင်လဲ။”
ဂုဏ်ပြုပွဲမတိုင်မီကပင် ချုံယွမ်ထင်သည် ကျိယွမ်နှင့် ကျန်းလင်းစုအကြောင်းကို သူ့အား ပြောပြထားပြီးဖြစ်သည်။
သူသည် ကျိယွမ်ကို သင်ခန်းစာပေးရန်နှင့် ဖြစ်နိုင်ပါက ယွန့်ထျန်းမြို့ရှိ ကျန်းမိသားစု၏ လုပ်ငန်းများကို သိမ်းပိုက်ရန်စိတ်ကူးရကာ သဘောတူလိုက်၏။
“၁၀ဘီလီယံခွဲလို့ ။”
ကျိယွမ်က ကျယ်ကျယ်ထပ်ပြောလိုက်သည်။
ထိုဇနီးမောင်နှံသည် နားမသန့်စင်ကြဘူးဟု သူ ခံစားနေရသည်၊ ညဘက်အိပ်ခါနီးတွင် တစ်ယောက်နှင့်တစ်ယောက် နားဖာချေး အပြန်အလှန် နှိုက်ပေးနေကြခြင်းမျိုး လုပ်သင့်၏။
ဝမ်ယွန်းထန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဝိညာဉ်ကျောက်တုံး ၁၁ ဘီလီယံခွဲ လား။ မင်း နောက်နေတာလား။ အဲ့ဒီလောက်ဆိုရင် မင်း ယွန့်ထျန်းမြို့တစ်မြို့လုံးကိုတောင် ဝယ်လို့ရတယ်လေ။”
၁၀ဘီလီယံခွဲနှင့် ယွန့်ထျန်းမြို့ကို ဝယ်နိုင်၊ မဝယ်နိုင်တော့ ဝမ်ယွန်းထန် တိတိကျကျ မသိပါ။
သို့သော် ၎င်းသည် ခရမ်းရောင်စံအိမ်အဆင့်ကျင့်ကြံသူတစ်ဦး၏ အသက်ကို ဝယ်ရန် လုံလောက်သည်ကိုတော့ သူသေချာသိသည်။
“ငါ မနောက်ပါဘူး။ ငါ တွက်ချက်ထားပြီးသား။ မင်းတို့ ဝမ်မိသားစုမှာ ဝိညာဉ်မိုင်းတွင်းလေးဆယ့်ငါးတွင်း ရှိတယ်၊ လေလံရုံ ငါးခု ဖွင့်ထားတယ်၊ နောက်ပြီး စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်မှာ အစုရှယ်ယာတွေ ရှိတယ်။ အားလုံးကို ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံလောက် တန်လိမ့်မယ်"
" ဒီနားဖာချေးနတ်သမီးကျတော့ သူ့မိသားစုက ပိုဆင်းရဲတယ်။ လောင်းကစားသမား အဖေ၊ ဖျားနာနေတဲ့အမေနဲ့ အသုံးမကျတဲ့ မောင်လေးရယ် အားလုံးပေါင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး သန်း ၅၀ လောက်ပဲ တန်တယ်။”
ကျိယွမ်က ပြုံးရင်း သေချာရှင်းပြလိုက်သည်။
“ငါ ဒီနေ့ ဒီကိုလာတာ ကတိကို တည်ဖို့ပဲ။ ကဲ... မင်း ငါ့ကို ပိုက်ဆံချေးမှာလား၊ မချေးဘူးလား။”
သူက လက်ကို ဆန့်ထုတ်လိုက်သည်။
ဝမ်ယွန်းထန်၏ အမူအရာက မပြောင်းလဲသော်လည်း ကျိယွမ့်အပေါ် သူ၏ အကြည့်များက ပို၍ အေးစက်လာခဲ့သည်။
အခမ်းအနားသို့ ရောက်ရှိနေသောကျင့်ကြံသူ အများအပြားသည် ကျိယွမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြပြီး အချို့မှာမူ ဤမြင်ကွင်းကို ကြည့်ကာ ဟာသတစ်ခုလို ရယ်မောနေကြ၏။
ဤဝတ်ရုံနီနှင့်ကျင့်ကြံသူသည် ဝမ်မိသားစု၏ ပိုင်ဆိုင်မှုများကို သေချာလေ့လာလာခဲ့သည်မှာ သိသာလှသည်။
သို့သော် ပြဿနာမှာ သူပြောသည့်ပမာဏက ငွေချေးသည့် ကိစ္စမဟုတ်တော့ပေ။
ဝမ်ယွန်းထန်ကလည်း ထိုအချက်ကို သတိပြုမိသလို လှောင်ပြုံး ပြုံးလိုက်သည်။
“ကျိယွမ်...မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလို့ ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံ တောင်းရဲအောင် သတ္တိတွေ ရှိနေတာလဲ။”
သူ၏စကားနှင့်အတူ စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အားကောင်းသော အရှိန်အဝါသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့သည်။
အခြေအနေ တင်းမာမှုကို သတိပြုမိသော ဘေးမှကြည့်နေသူအချို့သည် နောက်သို့ ဆုတ်သွားကြပြီး အချို့မှာမူ ဖြစ်ပျက်လာမည့်ဒရာမာကို ဆက်လက်ကြည့်ရှုရန် ကျန်ရှိနေခဲ့ကြ၏။
ကျန်းလင်းစုသည် ကျိယွမ်အနီးတွင် ရပ်နေသော်လည်း ဝမ်ယွန်းထိန်၏ ဖိအားပေးသော အရှိန်အဝါကို မခံစားရပါ။ သူမ၏ မျက်လုံးများသည် ကျိယွမ့်အပေါ်သို့ စိုက်ကြည့်နေပြီး သူ့အပေါ်ထားရှိသော သူမ၏ခံစားချက်များသည် သိသိသာသာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။
ကျိယွမ်ကတော့ ဂရုမစိုက်ဟန်ဖြင့် ပျင်းရိစွာ အညောင်းဆန့်လိုက်၏။
အမှန်အတိုင်းပြောရလျှင် သူသည် ယခင်ကဆိုလျှင် သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သူတစ်ပါးကို အနိုင်မကျင့်ဖူးပါ။
ယနေ့တွင် သူ၏ညီမလေးနှင့်အတူ ဤပွဲသို့ လိုက်ပါလာသဖြင့် ပျော်စရာကောင်းအောင် စမ်းကြည့်လျှင် ကောင်းမည်ဟု သူ တွေးလိုက်မိသည်။
ထိုသို့ စဉ်းစားမိပြီးနောက် သူက ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ နောက်ကွယ်မှာရှိတဲ့သူလား... ရှိတာပေါ့ ..အဲဒါက သွေးဝတ်စုံမဟာမိတ်အဖွဲ့ပဲ။”
သူသည် သူ၏ ကိုယ်ပိုင်ဂုဏ်သတင်းကို အသုံးချရန် ဆုံးဖြတ်လိုက်၏။
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ကျေနပ်မှုကို ခံစားလိုက်ရသည်။
ချမ်းသာတဲ့ ဒုတိယမျိုးဆက်များက “ငါ့အဖေက ဘယ်သူလဲ သိလား။ ငါ့အဖိုးက ဘယ်သူလဲ သိလား။ ငါ့ဆရာက ဘယ်သူလဲ သိလား” ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်ရတာကို အဘယ့်ကြောင့် နှစ်သက်ကြသလဲဆိုတာ အံ့သြစရာ မရှိတော့ပါ။
ကိုယ့်ရဲ့ အဆက်အသွယ်တွေကို သုံးပြီး တခြားသူတွေအပေါ် ဗိုလ်ကျရသော ထိုခံစားချက်က... တကယ်ကို နည်းနည်းတော့ ရင်ခုန်ဖို့ ကောင်း၏။
“သွေးဝတ်စုံမဟာမိတ်အဖွဲ့လား။”
ဧည့်သည်များ၏ မျက်နှာများ ပြောင်းလဲသွားပြီး အချို့မှာ ကြောက်ရွံ့မှုကို ပြသလာကြသည်။
“သူက တကယ်ပဲ သွေးဝတ်စုံမဟာမိတ်အဖွဲ့ကလား။”
“ပြီးတော့ သွေးလိုနီတဲ့ဝတ်ရုံကိုလည်း ဝတ်ထားသေးတယ်...”
“ဝမ်မိသားစုတော့ ပြဿနာတက်ပြီနဲ့ တူတယ်။ သွေးဝတ်စုံ မဟာမိတ်အဖွဲ့သာ ပါဝင်ပတ်သက်နေရင် သူတို့ သွားပြီပဲ။”
ယနေ့ခေတ်မှာ သွေးဝတ်စုံမဟာမိတ်အဖွဲ့အကြောင်း မသိတဲ့သူ ဘယ်သူရှိမှာလဲ။
သွေးဝတ်စုံဓားနတ်ဘုရား၏ အကြောင်းမှာ ဒဏ္ဍာရီတစ်ခုသပ်သပ်မဟုတ်ပါ။
သူသည် ဘဝ၏နှောင်းပိုင်းအချိန်မှသာ မသေမျိုးလမ်းစဉ်သို့ စတင်ခဲ့ပြီး နောက်ပိုင်းနှစ်များမှသာ ကြီးမြတ်မှုကို ရရှိခဲ့သည်။
အိမ်သို့ ပြန်ရောက်သောအခါ သူ၏ သမီးဖြစ်သူမှာ အလင်းနန်းတော်၏ အရှက်ခွဲခြင်းကိုခံရပြီး ခွေးအိမ်တွင် နေထိုင်နေရသည်ကို သူ တွေ့ရှိခဲ့ရ၏။
ထိုနေ့မှစ၍ ဒေါသများ လောင်မြိုက်လျက် သွေးဝတ်စုံဓားနတ်ဘုရားသည် သူ၏ ဒဏ္ဍာရီဆန်သော ခရီးကို စတင်ခဲ့သည်။
သူသည် တစ်ယောက်တည်းဖြင့် အလင်းနန်းတော်ကို အမြစ်ပြတ် ချေမှုန်းခဲ့သည်၊ ယင်နတ်ဘုရားများကို သတ်ဖြတ်ခဲ့၏၊ ထို့နောက် သွေးဝတ်စုံမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သည်။
နောက်ပိုင်းတွင် သူသည်ရှင်းဟွာအဖွဲ့အစည်းကို ဒေါသထွက်စေခဲ့မိသဖြင့် သူ၏အကောင့်မှာ စကားပြောဆိုခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။
လက်စားချေသည့်အနေဖြင့် သွေးဝတ်စုံဓားနတ်ဘုရားသည် ရှင်းဟွာအဖွဲ့အစည်း၏ ဌာနချုပ်ကို တစ်ကိုယ်တော် ဝင်ရောက်စီးနင်းခဲ့ပြီး သူတို့၏ ခေါင်းဆောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့၏။
ယခုအခါ ရှင်းဟွာအဖွဲ့အစည်းသည် လည်းဓားနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေပြီ။
ထိုအချိန်မှစ၍ အရှေ့ပိုင်းဒေသနှင့် ပတ်ဝန်းကျင် နယ်မြေ ၂၀ ကျော်တွင် သွေးဝတ်စုံဓားနတ်ဘုရားမှာ လူသိအများဆုံးနှင့် အကြောက်ရဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အကယ်၍ ဤဝတ်ရုံနီနှင့် လူသည် သွေးဝတ်စုံမဟာမိတ်အဖွဲ့၏ ကျောထောက်နောက်ခံ ရှိနေသည်မှာ အမှန်ဆိုလျှင် ဝမ်မိသားစုသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေလေပြီ။
ဝမ်မိသားစုသည် ဟယ်လန်တိုက်ကြီးတွင် သြဇာအရှိဆုံး အင်အားစုဖြစ်သော်လည်း သွေးဝတ်စုံမဟာမိတ်အဖွဲ့ကသာ သူတို့အား ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ပါက ယင်နတ်ဘုရားဖြစ်လာနိုင်သည့် အလားအလာရှိသော ပါရမီရှင် ဝမ်ယွန်းထန်ပင်လျှင် အခွင့်အရေး ရှိမည်မဟုတ်တော့ပါ။
လူအများအပြားသည် ဝမ်ယွန်းထန်အတွက် စိုးရိမ်လာကြပြီး စိတ်မကောင်းသလို ကြည့်လိုက်ကြ၏။
သို့သော် သူက မထင်မှတ်ဘဲ လှောင်ပြောင်သံများဖြင့် ရယ်မောလိုက်သည်။
“ဒီဘက်ခေတ်မှာ လိမ်လည်လှည့်ဖြားသူတွေက ငါ့ဝမ်မိသားစု တံခါးဝအထိ လာရဲအောင် သတ္တိတွေ ကောင်းနေကြတာပဲ"
"သွေးဝတ်စုံ ဓားနတ်ဘုရား ကိုယ်တိုင်က ငါ့ကို တပည့်အဖြစ် လက်ခံဖို့ သဘောတူထားတာကို မင်း သိရဲ့လား။”
ဝမ်ယွန်းထန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
ဝမ်မိသားစုမှ ဤ ဂုဏ်ပြုပွဲတွင် ကြေညာရန် စီစဉ်ထားသော အရေးကြီးသော သတင်းမှာ ဝမ်ယွန်းထန်သည် သွေးဝတ်စုံ ဓားနတ်ဘုရား၏ တပည့်အဖြစ် လက်ခံခြင်း ခံရသည်ဟူသော အချက်ကို ကြေညာရန်ပင် ဖြစ်သည်။
“ဘာ... သူက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ တပည့် ဖြစ်တော့မှာလား။”
“ဂုဏ်ယူပါတယ်ဗျာ။ တကယ်ကို အားကျဖို့ ကောင်းလိုက်တာ။”
“ဝမ်မိသားစုကတော့ တကယ်ကို နဂါးတစ်ကောင် ထွက်ပေါ်လာပြီပဲ။”
“သူ့ရဲ့ ထူးကဲတဲ့ပါရမီနဲ့ဆိုရင် ဝမ်ယွန်းထန်က အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ သေချာပေါက်ပါမှာပဲ။ ဓားနတ်ဘုရားက သူ့ကို တပည့်အဖြစ် လက်ခံချင်တာ အဓိပ္ပာယ်ရှိပါတယ်လေ။”
“ဒဏ္ဍာရီလာ ဓားနတ်ဘုရားက တပည့်လက်ခံလိမ့်မယ်လို့ ငါတစ်ခါမှ မမျှော်လင့်ထားဘူး။”
လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်မှုနှင့် အားကျမှုများဖြင့် ဆူညံသွားခဲ့သည်။
“ဒါဆိုရင်တော့ ဒါက မိသားစုချင်း ရန်ဖြစ်သလို ဖြစ်နေပြီ။ ဒီဝတ်ရုံနီနဲ့ ကျင့်ကြံသူကတော့ အခု ပြဿနာတက်တော့မှာပဲ။”
ကြည့်နေသူများသည် ယခုအခါ ကျိယွမ်ကို သနားလာကြသည်။
သူသည် သွေးဝတ်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် ဖြစ်နေဦးတော့၊ ဓားနတ်ဘုရား၏ တပည့်ကို စော်ကားခြင်းသည် ပျက်စီးခြင်းသို့သာ ဦးတည်လိမ့်မည် ဖြစ်သည်။
သို့သော် ကျိယွမ်မှာမူ ဇဝေဇဝါ ဖြစ်သွားပြီး ဆွံ့အသွား၏။
အဖြစ်အပျက်များ ပြောင်းလဲသွားပုံက သူ့ကို အံ့အားသင့်စေသည်။
“ဟေး... ဒါက နည်းနည်းတော့ များသွားပြီ။ ငါက ဒီမှာ အရေးပါတဲ့လူ ဖြစ်ရမှာလေ။”
“မင်းတို့အားလုံးက ဘာလို့ သူ့ကို ဒီလောက် အထင်ကြီးနေကြတာလဲ။”
“ပြီးတော့ ဘာလို့ ငါ့ရဲ့ နာမည်ကြီးရမယ့် အခိုက်အတန့်ကို ပါးစပ်ရွဲ့နေတဲ့ လူယုတ်မာ အက်ရှင်တွေနဲ့ လာလုနေတာလား။”
ကျိယွမ်သည် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူသည် စိတ်အခြေအနေ ကောင်းမွန်နေပြီး သူ၏ ညီမလေးအတွက် အစွမ်းထက်သော နဂါးဘုရင်အဖြစ် သရုပ်ဆောင်ရန် အသင့်ဖြစ်နေသော်လည်း သူ ကျရှုံးသွားပုံရ၏။
သူသည် ဝမ်ယွန်းထန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ တပည့်လို့ ပြောနေတယ်ပေါ့။ မင်းမှာ သက်သေရှိလား"
သူက ဝမ်ယွန်းထိန်အား ကြည့်ကာ ထပ်ပြောလိုက်၏။
"တကယ်လို့ မင်းက တကယ်ပဲ သူရဲ့တပည့်ဆိုရင် ငါ... ငါက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ အဖေပဲ။”
ကျိယွမ်သည် မူလက သူသည် သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်ကြောင်း ပြောရန် စီစဉ်ထားခဲ့သည်။
သို့သော် အခြားတစ်ဖက်မှလူက အမှန်တကယ်ပင် သူ၏ တပည့်မဟုတ်ပါက၊ သွေးဝတ်စုံ ဓားနတ်ဘုရားဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခြင်းသည် ရှေ့နောက်မညီမှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ထိုစကားသည် အဓိပ္ပာယ်ရှိမည် မဟုတ်ပါ။
“မင်းက သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားရဲတယ်ပေါ့။ မင်းတော့ သွားပြီပဲ။ အရှေ့ပိုင်းဒေသမှာ မင်းကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူး။”
ဝမ်ယွန်းထန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လျှပ်ခနဲ ပေါ်လာခဲ့သည်။
သူသည် သူကိုယ်သူ သွေးဝတ်စုံဓားနတ်ဘုရား၏ တပည့်ဖြစ်သည်ဟု အမှန်တကယ် ယုံကြည်နေပုံပင်။
ကျိယွမ်ကတော့ အေးအေးဆေးဆေးပင်။
“မင်းရဲ့ ဆရာ သွေးဝတ်စုံဓားနတ်ဘုရားကို ဒီကို ခေါ်လိုက်ပါလား၊ ငါလည်း တစ်ချက်လောက် ကြည့်ရအောင်။”
သူက လက်ပိုက်ရင်း ပြောလိုက်သည်။
သူနှင့် နာမည်တူသော အခြားတစ်ယောက် ရှိနေသလားဆိုသည်ကို သူ သိချင်လာ၏။
အကယ်၍ ရှိခဲ့လျှင် ၎င်းသည် သူ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး သူသည် လျော်ကြေးတောင်းရမည် ဖြစ်သည်။
“သွေးဝတ်စုံဓားနတ်ဘုရားကတော့ ဒီမှာ မရှိဘူး၊ ဒါပေမဲ့ ငါ ရှိတယ်။”
ထိုခဏတွင် အသက်ကြီး၍ မူးယစ်နေသော အသံတစ်ခု လွင့်ပျံလာခဲ့သည်။
အဖိုးအိုတစ်ဦး ပေါ်လာခဲ့ပြီး လမ်းလျှောက်ရာတွင် ယိမ်းထိုးနေကာ သူ၏ ခါးတွင် ဘူးသီးခြောက်တစ်လုံး ချိတ်ဆွဲထား၏ ။ သူရောက်လာသည်နှင့် ပတ်ဝန်းကျင်တွင် ပြင်းထန်သော အရက်နံ့များ လွှမ်းသွားသည်။
သူ၏ နှာခေါင်းမှာ နီရဲနေပြီး ၎င်းသည် နှစ်ပေါင်းများစွာ အရက်သောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလေ၏။
သူသည် ရုတ်တရက် ပေါ်လာခြင်းဖြစ်သဖြင့် မည်သူမျှ သူ၏ ရှိနေခြင်းကို ကြိုတင်၍ မသိရှိခဲ့ကြပါ။
အခန်းထဲမှကျင့်ကြံသူများသည် စိုးရိမ်တကြီးဖြင့် ထိုအဖိုးအိုကို ကြည့်လိုက်ကြသည်။
သူသည် လေထဲမှ ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ။
“အရက်မူးအင်မော်တယ်ကို ဂါရဝပြုပါတယ်ခင်ဗျာ။”
ဝမ်ယွန်းထန်က နံစော်နေသော အရက်သမားအဖိုးအိုကို အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး လူအုပ်ကြီးအား မိတ်ဆက်ပေးသည်။
“ဒါက ဒဏ္ဍာရီလာ အရက်မူးအင်မော်တယ်ပဲ ၊ နတ်ဘုရားလို ပုဂ္ဂိုလ်တစ်ဦးပေါ့။ ငါ့ရဲ့ ဆရာ သွေးဝတ်စုံ ဓားနတ်ဘုရားတောင်မှ သူ့ကို ‘စီနီယာ’ လို့ ရိုရိုသေသေ ခေါ်ရတယ်။”
ဝမ်ယွန်းထန်က ဧည့်သည်များကို ဂုဏ်ယူစွာ ကြေညာလိုက်သည်။
အရက်သမားအင်မော်တယိဆိုသော အဘိုးအိုက သူ၏ ဘူးသီးခြောက်ထဲမှ သေရည်ကို တစ်ငုံ သောက်လိုက်ရာမွှေးပျံ့သော ရနံ့သည် လေထုထဲတွင် ပျံ့နှံ့သွား၏။
ထိုရနံ့တစ်ခုတည်းနှင့်ပင် ကျင့်ကြံသူများကို အံ့အားသင့်စေရန် လုံလောက်လှသည်၊ အကြောင်းမှာ ထိုသေရည်သည် အဆုံးမရှိသော နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေပုံရသောကြောင့် ဖြစ်သည်။
၎င်းမှာ ယင်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစွမ်းအားဖြင့် ပြုလုပ်ထားသော သေရည်ကဲ့သို့ပင်။
အရက်မူးအင်မော်တယ်သည် ထိုသို့သောသေရည်ကို သောက်နိုင်ရန်အတွက် သူကိုယ်တိုင်ကလည်း ယင်နတ်ဘုရားတစ်ပါး ဖြစ်ရပေမည်။
လူအုပ်ကြီး၏ အရက်သမားအဘိုးကြီးအပေါ် ယုံကြည်မှုမှာ ပိုမိုခိုင်မာလာခဲ့သည်။
အဘိုးအိုက သေရည်ကို တစ်ကျိုက်သောက်ပြီးနောက် အေ့ခနဲ လေချဉ်တက်လိုက်၏။
“ဒီကောင်လေး ဝမ်ယွန်းထန်က တော်တော်လေး ကောင်းပါတယ်။ သူက ပါရမီရှိတယ်၊ ငါ သူ့ကို သဘောကျတယ်"
"ကံမကောင်းတာက ငါက တပည့်လက်ခံဖို့ ပျင်းနေလို့ သူ့ကို သွေးဝတ်စုံဓားနတ်ဘုရားဆီ လွှဲပေးလိုက်တာ။”
ကျိယွမ်သည် အပီအပြင်ဇာတ်လမ်းဆင်နေသော အရက်သမားအဘိုးအိုအား တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ မျက်လုံးများတွင် အရက်မူးအင်မော်တယ်၏ လှုပ်ရှားမှုတိုင်းကို အထင်အရှား မြင်နေရ၏။
ထိုအဘိုးအိုမှာ အမှန်တကယ်ပင် အစွမ်းထက်သော ယင်နတ်ဘုရားတစ်ပါး ဖြစ်ပြီး သာမန် ယင်နတ်ဘုရားမျိုးပင် မဟုတ်ပါ။
“ ခင်ဗျားက သွေးဝတ်စုံဓားနတ်ဘုရားနဲ့ တွေ့ဖူးလို့လား။ ပြီးတော့ သူက ဝမ်ယွန်းထန်ကို တပည့်အဖြစ် လက်ခံဖို့ သဘောတူမှာတဲ့လား။”
ကျိယွမ်က မယုံသလို မေးလိုက်သည်။
“ငါက ဝါဂွမ်းလှည်းပေါ်မှာ မူးပြီး တစ်ဝက်တစ်ပျက် အိပ်မောကျနေခဲ့တာ။ သွေးဝတ်စုံ ဓားနတ်ဘုရားက တော်တော်လေး စာနာတတ်တဲ့ကောင်ပဲ။ သူက ငါ့အတွက် တစ်ညလုံး စောင့်ကြပ်ပေးခဲ့တယ်။”
အဘိုးအိုက ကြွားလုံးထုတ်လိုက်သည်။
“ဝမ်ယွန်းထန်ကို သူ့ဆီ ပေးလိုက်တာက သူ့အတွက် ကောင်းချီးတစ်ခုပဲ။ သူက ဒီကောင်လေးကို လက်ခံရတာ အရမ်း ဝမ်းသာနေမှာ သေချာတယ်။”
ထိုသို့ပြောနေစဉ်တွင် အရက်မူးအင်မော်တယ်၏ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ရှိနေခဲ့သည်။
ကျိယွမ်ကတော့ တည်ငြိမ်နေဆဲပင်။
ပထမတွင် သူ၏ နှာခေါင်းမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး၊ ၎င်းမှာ ဓားနတ်ဘုရားက အဘိုးအိုအတွက် စောင့်ကြပ်ပေးခဲ့သည်ဆိုသော စကားမှာ လိမ်ညာနေခြင်းဖြစ်ကြောင်း ညွှန်ပြနေ၏။
သို့သော် သူ၏ ကျန်ရှိသော စကားများမှာမူ မှန်ကန်ပုံရသည်၊ သို့မဟုတ်ပါက အဘိုးအိုကိုယ်တိုင်က ၎င်းကို အမှန်ဟု ယုံကြည်နေခြင်း ဖြစ်နိုင်သည်။
“ခင်ဗျားက တော်တော်လေး ယုံကြည်ချက်ရှိတာပဲ။ ဒါပေမဲ့ သွေးဝတ်စုံ ဓားနတ်ဘုရားက သူ့ကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူးဆိုတာကို ငါ ၉၉ ရာခိုင်နှုန်းလောက် သေချာတယ်။”
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒီကိစ္စမှာတော့ မင်းက တကယ်ပဲ သွေးဝတ်စုံဓားနတ်ဘုရားရဲ့အဖေ ဖြစ်နေဦးတော့၊ ဓားနတ်ဘုရားက ငါ့စကားကို နားထောင်ရမှာပဲ။”
အရက်မူးအင်မော်တယ်ကလည်း ယုံကြည်မှုအပြည့်ရှိ၏။
“လူတစ်ယောက်က ပိုပြီး အစွမ်းထက်လေလေ၊ ငါ့ကို ပိုပြီး အားကိုးရလေလေပဲ၊ ဘာလို့လဲဆိုတော့ ငါတစ်ယောက်တည်းကသာ သူတို့အတွက် လွတ်မြောက်ရာလမ်းကို ပေးနိုင်လို့ပဲ။”
အဘိုးအိုသည် သူကိုယ်သူ အမြင့်ဆုံးပညာရှင်တစ်ဦးအလား ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ရောက်ရှိနေသော ကျင့်ကြံသူများသည် သူ၏စကားများကြောင့် သိသိသာသာပင် အံ့အားသင့်သွားကြ၏။
ဝမ်ယွန်းထန်၏ မျက်နှာမှာလည်း ဖြူလျော်သွားခဲ့ပြီး၊ အရက်မူးအင်မော်တယ်သည် အလကား ကြွားလုံးထုတ်နေခြင်း မဟုတ်ပါစေနှင့်ဟု သူ၏ စိတ်ထဲတွင် ဆုတောင်းနေမိသည်။
မဟုတ်ပါက ဝမ်မိသားစုမှာ ပျက်စီးသွားပေလိမ့်မည်။
သို့သော်လည်း အရက်မူးအင်မော်တယ်ထူးခြားသော စွမ်းရည်များကို စဉ်းစားမိသောအခါ ဝမ်ယွန်းထန်မှာ အနည်းငယ် စိတ်အေးသွားခဲ့သည်။
ထိအချိန်တွင် ကျိယွမ်က အရက်မူးအင်မော်တယ်ကို ရယ်ချင်လာသလိုကြည့်ကာ စကားဆို၏။
“စကားဟောင်းတစ်ခုကို ငှားပြောရရင် ဒီကမ္ဘာမှာ ငါ့ထက် ပိုပြီး မောက်မာတဲ့သူ ဘယ်သူမှ မရှိစေရဘူး။”
သူသည် အဘိုးအို၏ ကြွားလုံးများကို နားထောင်ရသည်မှာ ငြီးငွေ့လာလေပြီ။
ထိုအဖိုးအိုကို ဆက်ပြီး ကြွားခွင့် မပေးနိုင်တော့ပါ။
ကျိယွမ်သည် တစ်ကိုယ်လုံး ယားယံလာသလို ခံစားနေရပြီး သူ၏ အရေပြားအောက်တွင် ပုရွက်ဆိတ်များ လျှောက်သွားနေသလိုပင် ။
ထိုသို့ ယားယံလာသောအခါတွင် လုပ်စရာတစ်ခုတည်းသာ ကျန်တော့သည်...
၎င်းမှာ သတ်ရန် ၊ သတ်ရန်နှင့် သတ်ရန်သာ ဖြစ်သည်။
---------------
အခန်း ၃၈၇ - ငါ့ ဆရာတူအစ်ကိုကြီးက အရမ်း.. အရမ်းကို သန်မာတာပဲ
{{... အရက်မူးအင်မော်တယ်က ကျိယွမ်၏ သဘောထားကို မသိဘဲ သူပြောချင်ရာဆက်ပြောနေ၏။
"ငါက လက်ခံဆိုရင် သွေးဝတ်စုံဓားနတ်ဘုရားလည်း လက်ခံရမှာပဲ ၊ နားလည်လား "
"ဟုတ်လား..."
ကျိယွမ်က အရက်သမားအဘိုးအိုအား ခနဲ့သလိုကြည့်လိုက်သည်။
ပြောရလျှင် သူစိတ်မရှည်တော့ပါ ။ ဆက်လက်ဟန်ဆောင်ရန်ပင် စိတ်မပါတော့ပေ။
"ပြောရရင် ခင်ဗျားပြောတာကို ကျုပ်ကလည်းလက်ခံမှာ မဟုတ်သလို သွေးဝတ်စုံဓားနတ်ဘုရားကလည်း လက်ခံမှာမဟုတ်ဘူး ၊ ဘာလို့လဲ သိလား..."
"ဘာလို့လဲ..."
အရက်မူးအင်မော်တယ်က ကျိယွမ်အား ဂရုမစိုက်သလိုကြည့်၏။
"ဘာလို့လဲတော့ ငါကိုယ်တိုင်က သွေးဝတ်စုံဓားနတ်ဘုရားဖြစ်နေလို့ပဲ "
စကားဆုံးသည်နှင့် ကျိယွမ်ထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများထွက်ပေါ်လာ၏။
ခန်းမတစ်ခုလုံးရှိ လူများတုန်လှုပ်သွားကြသည်။
"ဒါ...ဒါက..."
"နာမည်ကိုအတုလုပ်လို့ရတယ်..အရှိန်အဝါကို အတုလုပ်လို့မရဘူး "
"ဒါက တကယ်ပဲ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ အရှိန်အဝါပဲ..."
"သူက သွေးဝတ်စုံဓားနတ်ဘုရားပေါ့..."
လုံးဝတိတ်ဆိတ်သွား၏။
ခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။
အားလုံးက ကျိယွမ်နှင့်ဝေးရာသို့ အလိုလိုဆုတ်လိုက်ကြ၏။
ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါ၊ သွေးနံ့များက ထိုသူသည် ဒဏ္ဍာရီထဲကဓားနတ်ဘုရားဖြစ်ကြောင်း သက်သေခံနေသည် မဟုတ်ပါလား ။
မောက်မာနေသော ဝမ်ယွန်းထန်မှာလည်း ကြောက်လန့်မှုကြောင့် တဆက်ဆက်တုန်သွား၏။
ငါတော့ သွားပြီ ...။}}
------------------------------
( တွန့်ကွင်း {{ ..}} နှစ်ခုကြားမှ ဇာတ်ဝင်ခန်းများသည် ဘာသာပြန်သူ ထည့်ရေးထားခြင်းဖြစ်ပါသည် ။ မူရင်း ENG စာဖိုင်တွင် အပိုင်း ၃၈၆ မှ ၃၈၇ သို့အကူးတွင် ဇာတ်လမ်းက တစ်ခုခုကျန်နေခဲ့သလို အဆက်အစပ်မရှိဖြစ်နေပါတယ် ၊ အပိုင်းနှစ်ခုအကူးအပြောင်းမှာမှာ ကျိယွမ်က သူ့ကိုယ်သူ ဓားနတ်ဘုရားဖြစ်ကြောင်း ဖော်ထုတ်ပုံလည်း မပါသလို ၊ မည်သို့ဆက်ဖြစ်ကုန်သည်လည်း မပါဝင်ပါ ၊ ထို့ကြောင့် ဇာတ်လမ်းက လိုအပ်နေသဖြင့် ဘာသာပြန်သူက တက်သလောက်မှတ်သလောက် ဇာတ်လမ်းကိုချိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ၊ ဖတ်ရတာ နည်းနည်းပေါ့သွားရင် ခွင့်လွှတ်ပေးကြပါ)
----------------------
အရက်မူးအင်မော်တယ်ကတော့ မြေပြင်ပေါ်တွင် ဖရိုဖရဲနှင့် ပေါ့ပေါ့ပါးပါး လှဲလျောင်းနေ၏။ သူ၏မျက်လုံးများက လောကီရေးရာများကို ကျော်လွန်သွားသော ကျင့်ကြံသူတစ်ဦး၏ လျစ်လျူရှုမှုမျိုး ထင်ဟပ်နေသည် ။
ခန်းမထဲတွင် ကျင့်ကြံသူအားလုံးကတော့ ဝင်သက်ထွက်သက်ကိုပင် ပြင်းပြင်းမရှုမိအောင် ထိန်းထားကြပြီး၊ တုန်လှုပ်ချောက်ချားဖွယ်ရာ ဤမြင်ကွင်းကို ရင်တမမဖြင့် ကြည့်ရှုနေကြ၏။
ဒီအရက်မူးအင်မော်တယ်က ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ ။
တစ်ဖက်လူသည် ဒဏ္ဍာရီထဲမှအရာများလို ကြောက်မက်ဖွယ်ကောင်းသော၊ တစ်မျိုးနွယ်စုလုံးကိုပင် မျိုးတုန်းအောင် သတ်ဖြတ်တတ်သည်ဟု ကျော်ကြားသော သွေးဝတ်စုံဓားနတ်ဘုရားဖြစ်မှန်း သိသွားစဥ်မှာပင် သူက အရေးမစိုက်ပေ။
အရက်မူးအင်မော်တယ်မှာ တကယ်ပဲ အားကိုးစရာ တစ်ခုခုရှိနေလို့လား ။
သေချာတယ် ..အားကိုးစရာရှိလို့ ဒီလိုနေရဲတာပေါ့။
သူတို့ အတွေးများနေစဉ်မှာပင် ကျိယွမ်သည် အရက်မူးအင်မော်တယ်ဆီသို့ လက်ညှိုးတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်၏။
သူ တိုက်ခိုက်ပြီ။
သွေးဝတ်စုံဓားနတ်ဘုရား တိုက်ခိုက်ပြီ။
ရှိနေကြသော ကျင့်ကြံသူများ တင်းမာသွားကြသည် ။
ကျင့်ကြံသူအချို့သည် ပို၍ဝေးသောနေရာသို့ အမြန်နောက်ဆုတ်သွားကြပြီး၊ အချို့မှာမူ တိုက်ပွဲကြားထဲ ညပ်မည်ကိုစိုးရိမ်သဖြင့် အလျင်အမြန် ထွက်ပြေးသွားကုန်၏ ။
ကျိယွမ်သည် သူ၏ညီမလေး ကျန်းလင်းစုကို လက်တစ်ဖက်ဖြင့် ပွေ့ပိုက်ထားဆဲဖြစ်ပြီး အရက်မူးအင်မော်တယ်ထံသို့ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
သို့သော် မြေပြင်တွင် လှဲလျောင်းနေသော အရက်မူးအင်မော်တယ်ကတော့ ကျိယွမ်၏လက်ညှိုးကို ဂရုမစိုက်ပါ။
"လူငယ်တွေက အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြဘူးပဲ ။ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဆိုတာ အပြင်ပန်းအရာတွေပဲ ။ ယင်နတ်ဘုရားတစ်ပါးရဲ့ စစ်မှန်တဲ့ခွန်အားက သူတို့ရဲ့ နတ်ဘုရားနယ်ပယ်မှာ ရှိတာ ။ ဒီဘက်ခေတ်မှာ ဘယ်သူက လက်သီးနဲ့ ထိုးနေသေးလို့လဲ..."
သူ၏စကားဆုံးသည်နှင့် အားကောင်းသော နတ်ဘုရားနယ်ပယ်တစ်ခု ပြန့်နှံ့သွားသည် ။
သူသည် မဆင်မခြင်နိုင်သော လူငယ်ကို သင်ခန်းစာပေးရန် အဆင်သင့်ဖြစ်နေလေပြီ။
သူ၏သက်တမ်းတစ်လျှောက်တွင် ရုတ်တရက် အောင်မြင်မှုရပြီး လျင်မြန်စွာ ထိပ်တန်းရောက်လာကာ၊ မိမိကိုယ်ကိုယ် ဤကမ္ဘာ၏ ဇာတ်လိုက်ဟု ယုံကြည်နေကြသော၊ ကောင်းကင်ထက်မှာ ကောင်းကင်ရှိသေးမှန်းနှင့် လူထက်မှာ လူရှိသေးမှန်း မသိကြသူ အများအပြားကို မြင်ဖူးသည် ။
သူတို့က ကိုယ့်အခြေအနေကို ကိုယ်မသိကြဘူး။
နတ်ဘုရားနယ်ပယ်က ဟုန်းဟုန်းတောက်သွားပြီး အရက်ဘူးခွံတစ်ခု လေထဲတွင် ပေါ်လာသည် ။
နတ်ဘုရားစွမ်းအင်များ ဝန်းရံလျက်၊ ခရမ်းရောင်နှင့် အစိမ်းရောင် အခိုးအငွေ့များ ဆူပွက်လာပြီး အရက်မြစ်တစ်စင်းသည် ကောင်းကင်မှ ကျဆင်းလာကာ မြေမှုန့်များနှင့် ပေါင်းစပ်သွား၏ ။
၎င်းသည် တာအို၏တေးသံကဲ့သို့ပင်၊ သို့မဟုတ် နတ်ဘုရားနယ်မြေမှ လက်နက်တစ်ခုကဲ့သို့ ဖြစ်သည် ။
"ဒီအရက်တစ်ဘူးတည်းနဲ့တင် ဟယ်လန်တိုက်ကြီးတစ်ခုလုံးကို ငါနစ်မြုပ်ပစ်နိုင်တယ်..."
အရက်မူးအင်မော်တယ်က ရယ်မောလိုက်သည် ။
"လူငယ်လေး... သန်မာသူတွေရဲ့ အဆင့်အတန်းထဲကို ဝင်ရောက်ဖို့ ပထမဆုံးသင်ခန်းစာကို ငါပေးပါရစေ..."
သူ၏ နတ်ဘုရားနယ်ပယ်သည် လျင်မြန်စွာ ကျယ်ပြန့်လာ၏ ။
သူ၏ ကိုယ်ဟန်မှာလည်း အားလုံး၏ အထက်တွင် ရှိနေသကဲ့သို့ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းနေသည် ။
"နတ်ဘုရားနယ်ပယ်ဆိုတာ စစ်မှန်တဲ့ စွမ်းအားရဲ့ အခြေခံပဲ ။ မင်းရဲ့ အဲဒီလက်ညှိုးကို ငါယူလိုက်မယ်..."
နတ်ဘုရားနယ်ပယ်သည် ကျိယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး သူ့ကို လုံးဝလွှမ်းခြုံသွားသည် ။
ကျိယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပါ ။ သူသည် ဘေးရှိ ကျန်းလင်းစုကို ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် ။
"ညီမလေး... ပုရွက်ဆိတ်တစ်ကောင်ကို ဒီလိုမျိုး ဖိသတ်ရတယ်..."
သူသည် လက်ညှိုးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည် ။
၎င်းက အရက်မြစ်ကို ထိုးဖောက်သွားလေသည် ။
အားကောင်းလှသော နတ်ဘုရားနယ်ပယ်သည် ခုခံနိုင်စွမ်းမရှိသကဲ့သို့ သူ၏လက်ညှိုးကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ခွင့် ပေးလိုက်ရ၏။
အထက်စီးဆန်စွာပြုံးနေသော အဘိုးအို အံ့အားသင့်သွားသည် ။
သူက မျက်လုံးများကို မှေးလိုက်၏ ။
"မင်းက နည်းနည်းတော့ ရသားပဲ ။ မင်းရဲ့ နတ်ဘုရားနယ်ပယ်ကို ခန္ဓာကိုယ်ထဲ ထည့်သွင်းထားတာလား ။ ဒါပေမဲ့... ဒါလောက်ပဲဆိုရင်တော့..."
"ငါ့ရဲ့ နတ်ဘုရားနယ်ပယ်ရဲ့ ဆယ်ပုံခြောက်ပုံကို မင်းကို ပြပါရစေ..."
သူက အင်အားခြောက်ဆယ်ရာခိုင်နှုန်းခန့်ထုတ်ကာ ကျိယွမ်၏ လက်ညှိုးအား ဟန်တားလိုက်၏။
သို့သော် လက်ညှိုးက ထိုးဖောက်နေဆဲပင်။
"အထင်ကြီးစရာပဲ လူငယ်လေး... မင်းမှာ အရည်အချင်းရှိတယ် ။ ဒါပေမဲ့ ငါအစွမ်းကုန် မထုတ်ရသေးဘူးကွ..."
"ဆယ်ပုံခုနစ်ပုံကို သွားကြတာပေါ့ ..."
သူက ထပ်မံ၍ အားစိုက်လိုက်၏ သို့သော် လက်ညှိုးကို မတားနိုင်သေးပေ။
"မင်းက ထူးခြားပုံပဲ ၊ ဒါဆိုလည်း ဆယ်ပုံ ဆယ်ပုံ ပေါ့ကွာ..လာခဲ့စမ်း.."
အဘိုးအိုက သူ၏နတ်ဘုရားနယ်ပယ်ကို အားကုန်မြှင့်တင်လိုက်၏။
သို့သော် ကျိယွမ်၏ လက်ညှိုးကတော့ ယခင်အတိုင်းတိုးဝင်လာဆဲပင် ။
"အား... တစ်ခုခုမှားနေပြီ ။ မင်းက တစ်ခုခု မှားနေတာပဲ"
အရက်မူးအင်မော်တယ်၏ အသံသည် ယခင်က ထောင်လွှားသောအမူအရာမှ ထိတ်လန့်တုန်လှုပ်သော အမူအရာသို့ လုံးဝ ပြောင်းလဲသွား၏ ။
ထိုလက်ညှိုးသည် မည်သည့်နိယာမ သို့မဟုတ် အင်အားစုကမျှ ထိတွေ့နိုင်ခြင်း မရှိသကဲ့သို့ဖြစ်နေ၏။
မဟာအုပ်စိုးရှင်းတစ်ပါးကိုပင် လွယ်လွယ်ကူကူ ထောင်ဖမ်းနိုင်သော သူ၏ အားကောင်းလှသည့် ဗူးသီးခြောက် နတ်ဘုရားနယ်ပယ်သည် ထိုလက်ညှိုးရှေ့တွင် လုံးဝထိရောက်မှုမရှိ ဖြစ်နေသည် ။
ထိုလက်ညှိုးသည် တည်ရှိမှုအားလုံးတွင် တစ်ခုတည်းသော အရာကဲ့သို့ ခံစားရ၏ ။
၎င်းသည် သတ္တဝါအားလုံးကို ချေဖျက်ပစ်နိုင်သော နတ်ဘုရားတစ်ပါး၏ လက်ညှိုးကဲ့သို့ပင် ။
ထိုအခိုက်အတန့်တွင် သူသည် လူသားတစ်ဦး၏ လက်ညှိုးအောက်သို့ ကျရောက်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည် ။
လုံးဝကို အကူအညီမဲ့နေပြီး ခုခံနိုင်စွမ်း မရှိတော့ပါ ။
သူ တကယ်ကို ထိတ်လန့်နေလေပြီ ။
"နေပါဦး... ဒါက အထင်မှားတာပါ ။ ပြီးတော့..မင်းငါ့ကို သတ်လို့မရဘူး..."
"ငါမရှိရင် မင်း နောက်ထပ်လာမဲ့ ကပ်ဘေးကြီးကနေ လွတ်မြောက်မှာ မဟုတ်ဘူး..."
သူ၏ ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်လိုက်ပြီး သူ၏ အားကိုးရာအားလုံးကို ထုတ်ပြလိုက်သည် ။
သူ၌ အသာစီးရနိုင်သော အချက်တစ်ခုရှိသေးသည်ဟု သူယုံကြည်ချက်ရှိ၏ ။
ထိုအချက်ကြောင့် သွေးဝတ်စုံဓားနတ်ဘုရားသည် သူ့ကို သတ်ရန် ဝံ့ရဲမည်မဟုတ်ဟု သူထင်သည် ။
သို့သော် ကံမကောင်းစွာဖြင့် ကျိယွမ်က သူ၏စကားများကို တစ်လုံးတစ်ပါဒမျှ နားမထောင်ခဲ့ပါ ။
လက်ညှိုးသည် ကောင်းကင်နှင့် မြေကြီးကြားတွင်၊ နယ်ပယ်အားလုံးတွင် တစ်ခုတည်းသော အရာအဖြစ် ဆင်းသက်လာသည် ။
နတ်ဘုရားနယ်ပယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အရက်မူးအင်မော်ဆယ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရ၏ ။
မထီမဲ့မြင်ပြုသောအသံတစ်ခုက အဘိုးအို၏ နောက်ဆုံးအချိန်တွင် စိတ်ထဲ၌ ပဲ့တင်ထပ်သွားခဲ့သည် ။
"မင်းနဲ့ ပုရွက်ဆိတ်ကြားက အကြီးမားဆုံး ကွာခြားချက်ကတော့... ငါ ပုရွက်ဆိတ်ကို ဖိသတ်တဲ့အခါ သူက မအော်ဘူး ။ ဒါပေမဲ့ မင်းကတော့ ပေါက်ကရတွေ အော်တယ်..."
၎င်းသည် အရက်မူးအင်မော်တယ် နောက်ဆုံးကြားလိုက်ရသော အရာပင် ။
သူ၏ ခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး သူ၏ ဝိညာဉ်သည် ကွယ်ပျောက်သွားတော့သည် ။
သေဆုံးချိန်အထိပင် ကျိယွမ်က ဘာကြောင့် ဤမျှသန်မာနေရသနည်း၊ သို့မဟုတ် ဘာကြောင့်... သူ့ကို ဤမျှပြတ်ပြတ်သားသား သတ်ပစ်ရသနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပါ ။
ကျိယွမ်အနေဖြင့် သူ၏ နောက်ခံ သို့မဟုတ် သူအာမ ခံထားသော အရာများကို အနည်းဆုံးတော့ မေးသင့်သည် မဟုတ်ပါလား ။
သို့သော် ဝမ်းနည်းစရာမှာ သူသည် နောင်တများစွာဖြင့် သေဆုံးသွားခဲ့ရသည် ။
ကြည့်နေသောကျင့်ကြံသူများသည် အသက်ကို ပြင်းပြင်းခိုးကာရှူရှိုက်နေကြပြီး သူတို့၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေကုန်၏။
သူတို့သည် နတ်ဘုရားများအကြား တိုက်ပွဲတစ်ခုကို ယခုလေးတင် မြင်တွေ့ခဲ့ရသည် ။
သို့သော် သူတို့ မျှော်လင့်ထားသလို ကမ္ဘာပျက်မတတ် ကြီးကျယ်ခမ်းနားသော ပျက်စီးမှုများ မရှိခဲ့ပါ ။
အမြုတေကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာတတ်သော ပေါက်ကွဲမှုမျိုး သို့မဟုတ် အခြေတည်အဆင့်များ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်တတ်သော အဆောက်အဦများ ပြိုကျခြင်းမျိုးပင် မရှိခဲ့ပါ ။
ရိုးရှင်းသောလက်ညှိုးတစ်ချောင်းတည်းဖြင့် အားကောင်းသော ရန်သူကို အပြတ်ရှင်းပစ်လိုက်ခြင်းဖြစ်သည် ။
ကျင့်ကြံသူများ တုန်လှုပ်နေကြ၏ ။
ထိုလက်ညှိုးသည် အလွန်ပင် ရိုးရှင်းပုံရသည် ။
သို့သော် ဟယ်လန်တိုက်ကြီးတစ်ခုလုံးကို နစ်မြုပ်စေနိုင်သည်ဟု ခံစားရသော အရက်မူးအင်မော်တယ်၏ နတ်ဘုရားနယ်ပယ်သည် အားစိုက်ထုတ်စရာမလိုဘဲ ထိုတစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည် ။
သွေးဝတ်စုံဓားနတ်ဘုရားသည် ဤကမ္ဘာ၏ စစ်မှန်သော အရှင်သခင်ဖြစ်ကြောင်း ယခုတော့ ရှင်းလင်းသွားပြီဖြစ်သည် ။
ကျန်းလင်းစုသည် ကျိယွမ်ကို သေချာကြည့်နေရင်းမှ မျက်တောင်ခတ်လိုက်ပြီး ကျေနပ်နေ၏ ။
သူမသည် သူမအစ်ကိုကြီး၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်နေသည်မှာ ကြာပြီဖြစ်သည် ။
သို့သော် သူမသည် သူ့ကို အတည်ပြုရန် တစ်ခါမျှ အတင်းအကျပ် မမေးခဲ့ပါ ။
အကယ်၍ သူမ၏အစ်ကိုကြီးက ဘာမှမပြောပါက၊ သူမသည်လည်း မသိချင်ယောင်ဆောင်နေမည်ဖြစ်သည် ။
အမှန်စင်စစ် ဝန်ခံရလျှင် သူမ အနည်းငယ် ကြောက်နေမိ၏ ။
အကယ်၍ သူမ၏အစ်ကိုကြီးသည် တကယ်ပဲ တန်ခိုးကြီးလှသော သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေပါက၊ သူက သူမကို သူ၏ညီမလေးအဖြစ် အသိအမှတ်ပြုပါဦးမည်လား ။
သို့သော် ယခုမူ အစ်ကိုကြီးသည် သူ့ကိုယ်သူ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသပြီးသော်လည်း သူမကို ပွေ့ဖက်ထားကာ အားကောင်းသော ရန်သူကို နှိမ်နင်းလိုက်ခြင်းက သူက သူမကို ယုံကြည်ကြောင်း ပြသနေ၏ ။
သူမ၏ ရင်ဘတ်မှာ...အတော်အတန် ထွားကြိုင်းသော်လည်း၊ သူမ၏ နှလုံးခုန်သံကို ရှင်းလင်းစွာ ကြားနေရသည်အထိ ရင်ခုန်နေမိသည် ။
သူမက တိုးတိုးလေး မေးလိုက်သည် ။
"အစ်ကိုကြီး... ဘာလို့ သူ့ကို စကားအဆုံးအထိ ပြောခွင့်မပေးတာလဲ ။ တကယ်လို့ သူမှာ တကယ်ပဲ အားကောင်းတဲ့ နောက်ခံရှိနေရင် ဘယ်လိုလုပ်မလဲ..."
သူမသည် အဘိုးအို၏ နောက်ဆုံးအသည်းအသန် အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ကျိယွမ်အတွက် စိုးရိမ်မကင်း ဖြစ်နေမိသည် ။
အရက်မူးအင်မော်တယ်မှာ နောက်ခံတစ်ခုခု ရှိပုံရသည်မှာ သိသာ၏။
ကျိယွမ်က ပြုံးလိုက်သည် ။
"ပုရွက်ဆိတ်တစ်ကောင်က သူ့ကို ဖိသတ်ရင် တစ်ယောက်ယောက်က လာပြီး ကလဲ့စားချေပေးမယ်လို့ ပြောရင်... ငါ ဂရုစိုက်ရမယ်လို့ မင်းထင်လို့လား..."
ကျိယွမ်အတွက်မူ ထိုအဘိုးအိုသည် ထည့်သွင်းစဉ်းစားစရာပင် မလိုပါ ။
သာမန်လူတစ်ယောက်သာဖြစ်သည် ။ သူ့ကို သတ်လိုက်ခြင်းက ဘာမှမဖြစ်နိုင်ပါ ။
ကျန်းလင်စုက တောက်ပစွာ ပြုံးလိုက်သည် ။
"ဆရာတူအစ်ကိုကြီး... အစ်ကိုကြီးက အရမ်း သန်မာတာပဲ..."
သူမ၏ ဂုဏ်ယူစကားကို ကျိယွမ်က လက်ခံသော်လည်း စိတ်ဓာတ်ကျသလို ညည်းညူ၏။
"ငါက တော်တော်တော့ သန်မာပါတယ်... ဒါပေမဲ့... ငါက တကယ်လည်း ဆင်းရဲတယ်..."
ကျိယွမ်သည် သူ၏အကြည့်ကို လူသေမျက်ခွက်လိုဖြူဖျော့နေသော ဝမ်ယွန်းထန်ထံသို့ လွှဲလိုက်သည် ။
"ကဲ... ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံခွဲကို အခုပဲ လွှဲပေးတော့..."
ချုံးယွမ်ထင်မှာလည်း ငုတ်တုပ်မေ့နေသလို တုန်လှုပ်နေပြီး မလှုပ်ဝံ့ပေ ။
သူမ အထင်သေးခဲ့သော ထိုလူသည် ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရား ကိုယ်တိုင်ဖြစ်နေလိမ့်မည်ဟု ယခုချိန်ထိ မယုံကြည်နိုင်ဖြစ်နေသည် ။
အလင်းနန်းတော်ကို အလွယ်တကူ ဖျက်ဆီးခဲ့ပြီး ယင်နတ်ဘုရားများကို ဘာမှမဟုတ်သလို သတ်ဖြတ်ခဲ့သော သွေးဝတ်စုံဓားနတ်ဘုရား...။
ယခုလည်း ယွင်ထျန်းမြို့၏ အင်အားအကြီးဆုံး မိသားစုဖြစ်သော ဖုန်းမိသားစုပင် သူ၏လက်ချက်ဖြင့် မျိုးတုန်းသွားခဲ့ပြီဖြစ်သည် ။
"စီနီယာ... ကျွန်တော် အဲဒီလူယုတ်မာရဲ့ လှည့်စားမှုကို ခံလိုက်ရတာပါ ။ သူက စီနီယာရဲ့ သူငယ်ချင်းလို့ ကျွန်တော် တကယ်ယုံကြည်ခဲ့လို့ပါ... ဒါကြောင့်..."
တစ်ချိန်က ထောင်လွှားခဲ့သော စိတ်ဝိညာဥ်အဆင့်သခင်လေးသည် ကျိယွမ်ရှေ့တွင် ဒူးထောက်လိုက်၏ ။
ချုံယွမ်ထင်ကလည်း ဒူးထောက်လိုက်ပြီး ကရုဏာသက်ရန် တောင်းပန်နေသကဲ့သို့ပင် ။
သူမသည် တောင်းပန်စကားပြောချင်သော်လည်း တကယ်ကို ကြောက်လန့်နေပြီး အသံကထွက်မလာပေ ။
"မင်း သိသည်ဖြစ်စေ၊ လှည့်စားခံရသည်ဖြစ်စေ ငါနဲ့မဆိုင်ဘူး ။ ငါ ဒီနေ့ ဒီကိုလာတာ ပိုက်ဆံချေးဖို့ပဲ..."
ကျိယွမ်က အဓိကရည်ရွယ်ချက်ကိုသာ အေးအေးဆေးဆေး ပြောလိုက်သည် ။
သူ၏ စကားလုံးများက ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေသည် ။
ဝမ်ယွန်းထန်က အလျင်အမြန် တုံ့ပြန်လိုက်၏။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါ စီနီယာ ။ ကျွန်တော် ဝိညာဉ်ကျောက်တုံး ၁၀ ဘီလီယံခွဲကို မရရအောင် စုဆောင်းပေးပါ့မယ်..."
ယခုအချိန်တွင် သူတို့၏ မိသားစုပိုင်ဆိုင်မှုများကို စွန့်လွှတ်ခြင်းသည်သာ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည် ။
သွေးဝတ်စုံဓားနတ်ဘုရား၏ တစ်မျိုးနွယ်လုံးကို သတ်ဖြတ်တတ်သော ကျော်ကြားမှုကို ထည့်သွင်းစဉ်းစားလျှင်၊ သူတို့အား အသက်မသတ်ဘဲ လျော်ကြေးပေးခွင့်ပြုသည်မှာပင် ကံကောင်းလှသည်ဟု သူတို့ ယူဆရပေလိမ့်မည်။
ကျိယွမ်က ခေါင်းညိတ်လိုက်သည် ။
ထို့နောက် ဒူးထောက်နေသော မောင်မယ်နှစ်ဦးကို ကြည့်ရင်း လူကြီးသူမ စကားဆို၏။
"မင်းတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ ။ ထာဝရ အတူတူရှိနေဖို့ သေချာအောင်လုပ်ပါ... လမ်းခွဲဖို့တောင် မစဉ်းစားနဲ့..."
ခန်းမထဲရှိကျင့်ကြံသူများအားလုံး ဇဝေဇဝါဖြစ်သွားကြသည် ။
ကျိယွမ်၏ စကားလုံးများက ထူးဆန်းသော ဆိုလိုရင်းတစ်ခု ရှိနေသကဲ့သို့ သူတို့ ခံစားရသည် ။
ဝမ်ယွန်းထန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော သော့ခလောက်တစ်ခုကို ထုတ်လိုက်သည် ။
သူသည် ထိုသော့ခလောက်ကို အသုံးပြု၍ သူနှင့် ချုံးယွမ်ထင်ကို ချက်ချင်းပင် တွဲချည်လိုက်သည် ။
"စိတ်ချပါ စီနီယာ ။ သော့က ပျောက်သွားပါပြီ ။ ကျွန်တော်တို့ ထာဝရ တွဲလျက်ရှိနေပါတော့မယ်..."
ကျိယွမ် ခဏတာမျှ မှင်တက်သွားသည် ။
ကျင့်ကြံခြင်းလောကက လူတွေက ဟန်ပြဖို့ကိုတော့ တကယ်ကို ကျွမ်းကျင်ကြသည် ။
သူတို့ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် တွဲပြီး သော့ခတ်လိုက်ကြ၏ ။
"ပြီးတော့ မင်းတို့ နားကိုလည်း သန့်ရှင်းအောင်လုပ်ဦး၊ မဟုတ်ရင် မင်းတို့ နားလေးသွားလိမ့်မယ်..."
ကျိယွမ်က သူတို့ကို စေတနာဖြင့် ထပ်မံသတိပေးလိုက်သည် ။
ဤတစ်ကြိမ်တွင် ချုံယွမ်ထင်သည် အရှက်ရဟန် မပြတော့ဘဲ စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည် ။
"ချက်ချင်း သန့်ရှင်းရေး လုပ်ပါ့မယ် ။ အခုချက်ချင်းပါပဲ..."
သွေးဝတ်စုံဓားနတ်ဘုရား၏ စကားက သူမကို သတ်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ဆိုလိုနေ၏ ။
ထိုစဉ်မှာပင် နောင်တရနေသော အသံတစ်ခု ခန်းမထဲတွင် ပဲ့တင်ထပ်လာသည် ။
"နင် အရက်မူးအင်မော်တယ်ကို မသတ်သင့်ဘူး..."
အသံနှင့်အတူ ဝါဂွမ်းဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး တံခါးမှ တည်ငြိမ်စွာ လမ်းလျှောက်ဝင်လာသည်ကို လူတိုင်း မြင်လိုက်ရသည် ။
သူမ၏ကိုယ်ဟန်မှာ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများ ရှိ၏ ။
သို့သော် လူတိုင်းကို သတိပြုမိစေသည်မှာ သူမ၏ မျက်နှာဖြစ်သည် ။
မျက်နှာဟုခေါ်သော်လည်း မျက်နှာ လုံးဝမရှိခြင်းဖြစ်သည် ။ ၎င်းသည် မည်သည့်အင်္ဂါရပ်များမရှိဘဲ စက္ကူချပ်ပေါ်တွင် ဆွဲထားသော ပုံကြမ်းတစ်ခုနှင့် ပိုတူနေ၏ ။
ပြောရလျှင် ပန်းချီကင်းဘက်စ အလွတ်တစ်ခုပေါ်တွင် မျက်နှာပုံတစ်ခုဆွဲထားခြင်းပင်။
ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ ခန်းမထဲရှိ ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည် ။
"ပန်းချီဆရာမ... ရှင်ပဲ..."
ကျန်းလင်းစုက အံ့အားသင့်စွာ ရေရွတ်လိုက်၏ ။
သူမရှေ့တွင် ရှိနေသော အမျိုးသမီးမှာ သူမ၏အစ်ကိုကြီးကို အကြံပြုခဲ့သော "ထူးဆန်းသော ပန်းချီဆရာမ" ပင် ဖြစ်သည် ။
သို့သော် ယခုကြည့်ရသည်မှာ ပန်းချီဆရာမနှင့် အရက်သမားအဘိုးအိုမှာ ဆက်နွှယ်မှုရှိနေပုံရ၏ ။
သူတို့က ငါတို့ရဲ့ရန်သူတွေလား ။
ကျန်းလင်းစုသည် ပန်းချီဆရာမကို ခ သတိထားသော အမူအယာဖြင့် ကြည့်လိုက်မိသည် ။
သူမသည် ပန်းချီဆရာမကို သိသော်လည်း တစ်ခုခုဆိုလျှင်တော့ သူမ၏အစ်ကိုကြီးဘက်မှသာ ရပ်တည်ရပေလိမ့်မည် ။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမတို့သည် တစ်သင်းတည်း ဖြစ်နေရမည် ။
ပန်းချီဆရာမက ကျန်းလင်းစုကို တစ်ချက်ကြည့်လိုက်၏ ။
"ငါတို့ မတွေ့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ ။ မင်းမှာ တကယ်ကို ထူးခြားတဲ့ ကံကောင်းမှုတွေ ရှိခဲ့တာပဲ ။ မျှော်လင့်ထားတဲ့အတိုင်း..."
သူမက စကားကို အဆုံးမသတ်ခဲ့ပါ ။
ကျိယွမ်က ပန်းချီဆရာမကို တည်ငြိမ်စွာစကားဆို၏ ။
"မင်းက ငါ့ညီမလေး အကြံပြုတဲ့ ပန်းချီဆရာမ လား ။ ငါ့အတွက် ပန်းချီတစ်ချပ်ဆွဲပေးဖို့ အချိန်ရှိလား..."
သူက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည် ။
သူသည် ပန်းချီဆရာမအား ပန်းချီဆွဲခိုင်းရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်၏ ။
ပန်းချီဆရာမက ချီယွမ်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်သည် ။
"ငါပြောတာကို နင်မကြားလိုက်ဘူးလား ။ ငါက အရက်မူးအင်မော်ဆယ်နဲ့ ရင်းနှီးတာ..."
"ဪ..."
ကျိယွမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည် ။သို့သော် စိတ်ပူသွားခြင်း စိုးရိမ်သွားခြင်းမျိုးတော့ မဖြစ်ပါ။
"ဒါဆို... မင်းက သူ့အတွက် ကလဲ့စားလာချေတာလား..."
ထိုသို့ဆိုလျှင်လည်း ကျိယွမ်က ကန့်ကွက်မည့်သူ မဟုတ်ပေ။သူက နောက်တစ်ယောက် ထပ်သတ်ပေးရုံသာရှိသည်။
ပန်းချီဆရာမက ခေါင်းခါလိုက်သည် ။
"ငါ သူတို့နဲ့ အဆက်အသွယ်ဖြတ်ထားတာ ကြာပါပြီ..."
"ငါပြောချင်တာက... နင် ငါ့ကို ပန်းချီဆွဲခိုင်းဖို့ထက်၊ အရက်မူးအင်မော်တယ်ကို သတ်လိုက်တဲ့အတွက် ထွက်ပြေးဖို့ပဲ ပိုစိတ်ပူသင့်တယ် ။ နင်က ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာလိုက်ပြီ..."
"ဟုတ်လို့လား..."
ကျိယွမ် စိတ်ဝင်စားသွားသည် ။
"ဘယ်လိုမျိုး ဒုက္ခလဲ..."
ပန်းချီဆရာမက သူမ၏လက်ကို ဝေ့ယမ်းလိုက်ပြီး လေထဲတွင် တံခါးတစ်ချပ်ကို ဆွဲလိုက်၏ ။
"ဒါက ဒီနေရာမှာ ပြောပြလို့မရတဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေ ပါဝင်နေတယ် ။ ငါ့ဆီကို လိုက်ခဲ့မလား၊ အဲဒီကျရင် ငါအကုန်ရှင်းပြမယ်..."
ထိုသို့ပြောပြီးနောက် ပန်းချီဆရာမသည် သူမဆွဲထားသော တံခါးထဲသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွား၏ ။
ကျန်းလင်းစုသည် ကျိယွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည် ။
သူမ၏ ဆရာတူအစ်ကိုကြီးကို ဤပန်းချီဆရာမနှင့် တွေ့ဆုံရန် ခေါ်လာမိခြင်းကို သူမ နောင်တရလာ၏ ။
ပန်းချီဆရာမနှင့်ပတ်သတ်၍ တစ်ခုခုက မမှန်ကန်သလို ခံစားရသည် ။
"လာပါ ညီမလေး... သူ ဘာပြောမလဲဆိုတာ သွားကြည့်ကြရအောင်..."
ကျိယွမ်၏ မျက်ခုံးမှာ အနည်းငယ် လှုပ်သွားပြီး ကျန်းလင်းစု၏ သွယ်လျသော ခါးလေးကို ဖက်ကာ သူမကို အနီးသို့ ဆွဲခေါ်လိုက်သည် ။
ကျန်းလင်းစု၏ အရိုင်းဆန်သောနှလုံးသားလေးများက ခုန်ပေါက်ကာ ရှက်သွေးဖြာသွားသော်လည်း မခုခံဘဲ ပျော်ရွှင်သလို ခံစားနေရ၏ ။
သူမ၏ အစ်ကိုကြီးသည် ယခုကိစ္စတွင် သူမကိုပါ ထည့်သွင်းထားသည်မှာ သူမတို့က အတူတူပဲဆိုသည့် သဘောပင်မဟုတ်ပါလား ။
ကျိယွမ်သည် ကျန်းလင်းစုကို ပွေ့ဖက်ထားလျက် တံခါးထဲသို့ လှမ်းဝင်လိုက်သည် ။
သူတို့ ဝင်သွားသည်နှင့် တံခါးသည် ပျောက်ကွယ်သွားပြီး ခန်းမထဲတွင် မှင်တက်ကာ တုန်လှုပ်နေသော ဧည့်သည်များသာ ကျန်ရစ်ခဲ့၏ ။
သူတို့အတွက် ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည် ။
အမှန်စင်စစ် ယနေ့တစ်ရက်တည်းတွင် ဖြစ်ပျက်ခဲ့သမျှမှာ သူတို့၏ တစ်သက်တာလုံး ဖြစ်ပျက်ခဲ့သမျှထက်ပင် ပိုများနေသကဲ့သို့ ခံစားရ၏ ။
ကျိယွမ်သည် ကျန်းလင်းစုကို ပွေ့လျက် ကောင်းကင်မှ ဆင်းသက်လာသည် ။
မြေပြင်သို့ရောက်သည်နှင့် ကျန်းလင်းစုက သူ၏ ပွေ့ဖက်မှုထဲမှ အမြန်ရုန်းထွက်လိုက်ပြီး သူမ၏ လှပသောမျက်နှာလေးမှာ နီမြန်းနေကာ နှလုံးခုန်သံများကလည်း အရမ်း မြန်နေ၏ ။
သူမသည် စိတ်လှုပ်နေသည့်ကြားမှ ပတ်ဝန်းကျင်ကို စပ်စုစွာ ကြည့်လိုက်သည် ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင် လွင်ပြင်ကြီးတစ်ခုဖြစ်နေ၏ ။
သူမ ကြည့်လိုက်လေရာ အရပ်တိုင်းတွင် စက္ကူချပ်များ ရှိနေသည် ။
အချို့မှာ အခြောက်လှန်းစင်များပေါ်တွင် ချိတ်ဆွဲထားပြီး၊ အချို့မှာမူ လေထဲတွင် ဝဲပျံနေကြ၏ ။
အလယ်ဗဟိုတွင် အခြောက်လှန်းသော နေရာတစ်ခုရှိပြီး၊ ပတ်ပတ်လည်တွင် အရောင်အမျိုးမျိုးရှိသော မြစ်များ စီးဆင်းနေသည် ။
အမည်းရောင်၊ အနီရောင်၊ အစိမ်းရောင်နှင့် လူ့မျက်စိဖြင့် မမြင်နိုင်သော အရောင်များပင် ရှိသည် ။ ထိုမြစ်များသည် ပန်းချီဆေးရည်များ စီးဆင်းနေသည့် စမ်းချောင်းများနှင့် တူလှ၏ ။
ထိုအခိုက်အတန့်တွင် ပန်းချီဆရာမသည် အဖြူရောင်မြစ်ဘေးရှိ ထိုင်ခုံလေးတစ်ခုပေါ်တွင် ထိုင်နေပြီး ပန်းချီတစ်ခုကို အာရုံစိုက် ဆွဲနေပုံရသည် ။
"နင်တို့ ရောက်လာပြီလား..."
သူမ၏ အသံမှာ တည်ငြိမ်နေသည် ။
ကျိယွမ် နှင့် ကျန်းလင်းစုတို့က သူမဆီသို့ လျှောက်သွားလိုက်သည် ။
"ကဲ... ငါ ဘယ်လောက်တောင် များပြားတဲ့ ပုရွက်ဆိတ်တွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ မင်း ပြောပြတော့မလား..."
"ပုရွက်ဆိတ်" ဆိုသည်မှာ အရက်မူးအင်မော်တယ်နှင့် သူနှင့် ဆက်နွှယ်နေသူများကို ဆိုလိုခြင်းဖြစ်သည် ။
ကျိယွမ်၏ ထိုတင်စားချက်ကို ပန်းချီဆရာမက မျက်မှောင်ကြုတ်လိုက်ပြီး၊ သူမ၏ မျက်နှာပြင်ပေါ်တွင် ထိုအမူအရာကို ဆွဲလိုက်သည် ။
"မင်းက ကပ်ဘေးဆိုးကြီးကို ခုခံဖို့ အမြဲတမ်း အားထုတ်နေတဲ့သူဆိုတော့... ဒဏ္ဍာရီမှတ်တမ်းပေါ်မှာ နာမည်ရေးထိုးခံရသူတိုင်းဟာ အာဟာရဖြစ်သွားကြတယ်ဆိုတာတော့ မင်းသိမှာပါ..."
ကျိယွမ်က ခေါင်းညိတ်လိုက်သည် ။
"သိတယ်..."
တစ်စုံတစ်ယောက်သည် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏နာမည်မှာ ဒဏ္ဍာရီမှတ်တမ်းပေါ်တွင် ရေးထိုးခံရမည်ဖြစ်ပြီး၊ သူတို့သည် ကပ်ဘေးကြီးအတွက် အစာဖြစ်သွားကြမည်ဖြစ်သည် ။
"လူတွေက စိုးရိမ်နေကြပေမဲ့..ကပ်ဘေးဆိုးကြီးက ဒဏ္ဍာရီအဆင့်ကို ရောက်တဲ့သူတွေကိုပဲ ရိတ်သိမ်းတာ ။ ကျန်တဲ့သူတွေအတွက်ကတော့... ဒဏ္ဍာရီနယ်ပယ်ကို မရောက်သရွေ့ ရိတ်သိမ်းခံရမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ကပ်ဘေးကြီးက အဲဒီလောက် လည်း မရိုးရှင်းပြန်ဘူး ။ တကယ်တော့ အဲဒါက ထူးထူးခြားခြား ပါရမီရှိတဲ့ 'ဝက်' တွေကိုပဲ အဓိကထားတာ..."
"ဒီ 'ဝက်' တွေက ယင်နတ်ဘုရားအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ထူးခြားတဲ့ ကံကောင်းမှုတွေ ကြုံတွေ့ရပြီး သူတို့ရဲ့ စွမ်းအားတွေက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ် ။ သူတို့က ကိုယ့်ရဲ့ ကျင့်ကြံမှုကို ကိုယ်တိုင် ပြန်နှိမ်ထားချင်ရင်တောင် အဲဒါက မဖြစ်နိုင်ဘူးဆိုတာ တွေ့ရလိမ့်မယ် ။ နောက်ဆုံးမှာတော့ သူတို့က မရည်ရွယ်ဘဲ ဒဏ္ဍာရီနယ်ပယ်ထဲကို ခြေလှမ်းမိသွားပြီး အာဟာရဖြစ်သွားကြတာပဲ..."
ပန်းချီဆရာမကပြောနေရင်းမှ ကျိယွမ်ကို တစ်ချက်ကြည့်လိုက်သည် ။
သူမ၏ မျက်လုံးထဲတွင် သွေးဝတ်စုံဓားနတ်ဘုရားသည် ကပ်ဘေးကြီးကသတ်ဖြတ်စားရန် ဆူဖြိုးအောင် မွေးမြူထားသော "ဝက်" များထဲမှ တစ်ကောင်သာ ဖြစ်သည် ။
"သမိုင်းတစ်လျှောက်မှာ အဲဒီလို ဝက်တွေ အများကြီး ရှိခဲ့ဖူးတယ်..."
"သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ကောင်းကင်က ရွေးချယ်ထားသူတွေ၊ ကောင်းကင်ရဲ့ ကောင်းချီးပေးခြင်းကို ခံရသူတွေ၊ ကပ်ဘေးကြီးကို အံတုဖို့ ကံပါလာသူတွေလို့ ယုံကြည်ခဲ့ကြတာ..."
"ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ကပ်ဘေးကြီးက သတ်ဖြတ်ဖို့ အစာကျွေးထားတဲ့ ဝက်တွေထဲက 'ဝက်ဘုရင်' တွေဖြစ်နေတာကိုတော့ မသိကြဘူး..."
ပန်းချီဆရာမ၏ အသံမှာ အေးစက်နေသည် ။
ကျန်းလင်းစုသည် ပန်းချီဆရာမ ဆိုလိုရင်းကို နားလည်သွားပုံရ၏ ။
သူမသည် ကျိယွမ်အတွက် စိုးရိမ်စိတ်များ ပို၍ပင်တိုးလာသည် ။
သူမအစ်ကိုကြီး၏ အစွမ်းများတိုးလာခြင်းမှာ ပိုကြီးသောဝက်ဖြစ်လာခြင်းဟု ဆိုလိုသည် မဟုတ်ပါလား။
သို့သော် သူမ၏ ကိုယ်ပိုင်အစွမ်းနှင့် ဗဟုသုတ နည်းပါးမှုကို သိသဖြင့်၊ သူမ၏အစ်ကိုကြီးအတွက် မလိုအပ်ဘဲ ဒုက္ခမဖြစ်စေရန် နှုတ်ဆိတ်နေဖို့သာ ပညာရှိစွာ ရွေးချယ်လိုက်သည် ။
"စိတ်ဝင်စားဖို့ကောင်းသားပဲ ။ ဒါဆို ခုခံတဲ့သူတွေက 'ဝက်' တွေပေါ့... ဒါဆို မင်းကရော ဘာလဲ..."
ကျိယွမ်က ရယ်မောလိုက်သည် ။
အရက်မူးအင်မော်တယ်နှင့် ဤပန်းချီဆရာမမှာ သာမန်အုပ်စိုးရှင်များနှင့် မတူကြောင်း သူ သတိပြုမိ၏ ။
"ငါတို့ကတော့... ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝက်တွေပေါ့..."
ပန်းချီဆရာမ၏ မျက်လုံးများထဲတွင် ဆုံးရှုံးမှုတစ်ခုကို ထင်ဟပ်နေသည် ။
"တစ်ချိန်က ငါတို့လည်း မင်းလိုပဲ တက်ကြွခဲ့ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာရဲ့ ဇာတ်လိုက်တွေလို့ ယုံကြည်ခဲ့ကြတယ်..."
"ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကပ်ဘေးကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝကို ငါတို့ သဘောပေါက်လာပြီး အခြေအနေက ဘယ်လောက်တောင် နက်နဲတယ်ဆိုတာ သိလာရတယ် ။ ငါတို့ စိတ်ပျက်ခဲ့ရတယ်..."
"ဘာလို့လဲဆိုတော့ ငါတို့ ကိုယ့်ရဲ့ ကျင့်ကြံမှုကိုတောင် ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘူးဆိုတာ သိလိုက်ရလို့ပဲ ။ ငါတို့ရဲ့ နယ်ပယ်တွေက ဒဏ္ဍာရီနယ်ပယ်ဆီကို မရပ်မနား တိုးတက်နေခဲ့တယ်..."
သူမ ပြောနေစဉ်မှာပင် ပန်းချီဆရာမသည် သူမ၏ မျက်နှာပြင်ပေါ်တွင် လှောင်ပြောင်သောအမူအရာတစ်ခုကို ဆွဲလိုက်သည် ။
"မင်း ကိုယ့်ရဲ့ ကျင့်ကြံမှုကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုရင်၊ ကပ်ဘေးကြီးကို အံတုဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ကံကောင်းတာက ငါတို့ ကျေးဇူးရှင်တစ်ယောက်နဲ့ တွေ့ခဲ့တယ် ။ သူမရဲ့နာမည်က ကျောက်စိမ်းကညာတဲ့၊ သူမက ငါတို့ကို ထူးခြားတဲ့ ဒဏ္ဍာရီလာအဆင့်တစ်ယောက် ဖြစ်လာစေနိုင်တဲ့ နည်းစနစ်တစ်ခုကို လက်ဆင့်ကမ်းပေးခဲ့တယ်..."
ပန်းချီဆရာမ၏ အသံမှာ ဝမ်းနည်းမှုများ ပါဝင်လာသည် ။
ထိုထူးခြားသော ဒဏ္ဍာရီလာအဆင့်သည် ဒဏ္ဍာရီမှတ်တမ်းပေါ်တွင် နာမည်ရေးထိုးခံရခြင်း မရှိသလို၊ ကပ်ဘေးကြီး၏ ရိတ်သိမ်းခြင်းကိုလည်း ခံရမည်မဟုတ်ပါ ။
----------------