← Chapters

အခန်း (၃၈၈-၃၈၉)

Vol. 36 Ch. 388-389

အခန်း (၃၈၈-၃၈၉)

Vol. 36 Ch. 388-389

အခန်း ၃၈၈ - ငါက... မြင့်မြတ်တဲ့ ရတနာတစ်ခုနဲ့ တူနေလို့လား..

"အရက်မူးအင်မော်တယ်က သွေးဝတ်စုံဓားနတ်ဘုရားက သူ့ကို သတ်မှာမဟုတ်သလို၊ သတ်လည်း မသတ်နိုင်ဘူးလို့ ယုံကြည်နေတာလေ။ ဘာလို့လဲဆိုတော့ ကျောက်စိမ်းကညာနဲ့ တွေ့ဆုံဖို့အတွက် သူ့ရဲ့ မိတ်ဆက်ပေးမှု လိုအပ်တယ်လို့ သူက ထင်နေတာကိုး"

ပန်းချီဆရာမက ထိုသို့ပြောရင်းမှ သူမ၏ပုံကြမ်းမျက်နှာပေါ်တွင် ကူကယ်ရာမဲ့သည့် အမူအရာတစ်ခုကို ရေးဆွဲလိုက်သည်။

ကျိယွမ်က ပန်းချီဆရာမ၏ အလေ့အကျင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။

အကယ်၍ သတို့သမီးလေးမှာသာ ဤအရည်အချင်းမျိုး ရှိခဲ့လျှင် အလွန်ကောင်းမည်ဟု တွေးမိ၏။ ထိုသို့ဆိုလျှင် သူသည် သူမ၏ စိတ်ခံစားချက်များကို ပို၍ သိရှိနိုင်မည် ဖြစ်သည်။

"ကပ်ဘေးဆိုးကြီးကို တားဆီးလို့ မရနိုင်ဘူး"

ပန်းချီဆရာမက ဆက်ပြောပြီး ယခုတစ်ကြိမ်တွင်မူ စိတ်ပျက်အားငယ်သည့် အမူအရာကို ဆွဲလိုက်ပြန်သည်။

"ကျောက်စိမ်းကညာ တစ်ခါက ပြောဖူးတယ်၊ ကန်းလန် လောကလိုမျိုး လောကပေါင်း သုံးထောင် ရှိတယ်တဲ့။ အဲဒီလောကတွေထဲက အချို့ဆိုရင် ကန်းလန်လောကထက် ဆယ်ဆ၊ အဆပေါင်း တစ်ရာမက ပိုအစွမ်းထက်ပြီး ကျယ်ပြန့်ကြတယ်။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဘယ်လောကကမှ ကပ်ဘေးကြီးကို အောင်မြင်စွာ ခုခံနိုင်ခဲ့တာ မရှိသေးဘူး"

"ကန်းလန် လောကမှာဆိုရင် ငါတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်အနေနဲ့ ယန်နတ်ဘုရား တစ်ပါးပဲ ရှိခဲ့တာ။ တခြားလောကတစ်ခုမှာတော့ ယန်နတ်ဘုရား သုံးပါးတောင် စုစည်းခဲ့ကြသေးတယ်၊ ဒါပေမဲ့ သူတို့လည်း ကပ်ဘေးကြီးကို အနိုင်မယူနိုင်ခဲ့ကြဘူး။"

ပန်းချီဆရာမသည် သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသော အမူအယာကို တစ်ဖန် ပြန်လည်ရေးဆွဲလိုက်သည်။

"ဒါကြောင့် တစ်စုံတစ်ယောက်က ကပ်ဘေးကြီးကို စိန်ခေါ်ချင်တယ်လို့ ကြားတိုင်း ငါ ဝမ်းနည်းမိတာကို မထိန်းနိုင်တော့ဘူး။ နင်တို့ရဲ့ ကံကြမ္မာဟာ ယန်နတ်ဘုရားတွေထက် ပိုကောင်းလာမှာ မဟုတ်ဘူးလေ။"

"မင်းက ပန်းချီဆရာမ တစ်ယောက်ကို ၊ ကပ်ဘေးကြီးအကြောင်း ဘယ်လိုလုပ် သေချာသိမှာလဲ"

ကျိယွမ်က လက်မခံနိုင်သလို ပြောလိုက်သည်။

"ကပ်ဘေးကြီးအကြောင်းကို ငါ့ထက် ပိုသိတဲ့သူ မရှိဘူး။ ငါက " ကျိယွမ်ကပ်ဘေးကို နှိမ်နင်းခြင်း' ဆိုတဲ့ အသေးစိတ်ကျပြီး အမှားအယွင်းမရှိတဲ့ အစီအစဉ်တစ်ခုကိုတောင် ရေးဆွဲပြီးပြီ။ နောက်ခြောက်လအတွင်းမှာ ကပ်ဘေးဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။"

သူ စိတ်ဝိညာဥ်အဆင့်မှာ ရှိစဉ်တုန်းကတော့ ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရန် လုံးဝ ယုံကြည်မှု မရှိခဲ့ပေ။

သို့သော် ယခု ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် အောင်မြင်မည်ဟု သေချာနေ၏။

သေချာတာမှ အတော်လေးကို သေချာနေခြင်း ဖြစ်သည်။

သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ကပ်ဘေး၏ အမှတ်အသားပင်။

အကယ်၍ သူက ကပ်ဘေးကို ဖျက်ဆီးပစ်လိုက်လျှင် ထိုက်ဟွမ်နန်းတော်ထဲက ပုဂ္ဂိုလ်သည် စိတ်ကူးတစ်ခုတည်းဖြင့် ကန်းလန် လောကရှိ ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်နိုင်သည်။

ထိုအထဲတွင် သူ၏ညီမလေး ကျန်းလင်းစုလည်း ပါဝင်သွားမည်ဖြစ်သလို သူကိုယ်တိုင်ပင်လျှင် သူတို့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။

ပန်းချီဆရာမသည် ယခုတစ်ကြိမ်တွင် ဘာမှ မဆွဲတော့ပေ။

"နင် မသိတာလည်း ဖြစ်နိုင်ပါတယ် ၊ ကန်းလန် လောကက ကျင့်ကြံသူတိုင်းဟာ အမှတ်အသားတစ်ခု အခတ်ခံထားရတာပါ။ အကယ်၍ ကပ်ဘေးကြီးရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်သာ အလိုရှိမယ်ဆိုရင် သက်ရှိအားလုံးဟာ ချက်ချင်း သေဆုံးသွားနိုင်တယ်။ အဲဒီအထဲမှာ ရှင့်ရဲ့ ဂျူနီယာညီမ၊ ရှင့်ရဲ့ မိသားစုနဲ့ ရှင့်ရဲ့ သူငယ်ချင်းတွေလည်း ပါဝင်နေတယ်။"

သူမ၏ လေသံမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။

"တစ်ခါတလေမှာ အထက်မှာ ဘာတွေရှိနေလဲဆိုတာ မစဉ်းစားဘဲ မသိနားမလည်ဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတာဟာ ကောင်းချီးတစ်ခုပါပဲ။"

"မင်းက အဲဒီအမှတ်အသား အကြောင်းကို သိနေတာလား"

ကျိယွမ်က ပန်းချီဆရာမကို ကြည့်ရင်း မေးလိုက်သည်။

"ဒါကို ကျောက်စိမ်းကညာက ပြောပြတာလား။"

ဤအမှတ်အသားကို ယန်နတ်ဘုရား အဆင့်သို့ မရောက်ရှိပါက ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် ပန်းချီဆရာမ ကိုယ်တိုင် ရှာတွေ့နိုင်ရန်တော့ လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် ၎င်းမှာ ကျောက်စိမ်းကညာ ပြောပြထားခြင်းသာ ဖြစ်ရမည်။

"ကျောက်စိမ်းကညာက လျှို့ဝှက်ချက်တွေ သိပ်များတယ်၊ သူမကို အဆင့်မြင့်လောကက လာတယ်လို့ ယူဆရတယ်"

ပန်းချီဆရာမက ထိုမျှသာရှင်းပြသည်။

"အို... ဟုတ်လား။ သူမက ဒီအမှတ်အသားအကြောင်း ပိုသိနေတာလား"

ကျိယွမ်သည် ထိုအကြောင်းအရာကို အတော်လေး စိတ်ဝင်စားသွား၏။

သူသည် နေ့စဉ်နှင့်အမျှ ကျင့်ကြံသူအားလုံး၏ အမှတ်အသားများကို စစ်ဆေးနေပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ရန် နည်းလမ်း ရှာဖွေနေသော်လည်း ယခုအချိန်အထိတော့ တရားဝင်ဖြေရှင်းချက်မျိုး မတွေ့ရသေးပေ။

အချို့သော... လမ်းလွဲသည့် စိတ်ကူးအချို့ကိုသာ တွေ့ရှိထားသည်။

ကျိယွမ်၏ မေးခွန်းကြောင့် ပန်းချီဆရာမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွား၏။

"ဒါဟာ မြင့်မြတ်တဲ့ ရတနာတစ်ခုနဲ့ ဆက်စပ်နေတယ်။ ကျောက်စိမ်းကညာ တစ်ခါက ပြောဖူးတယ်၊ အထက်လောကက ယန်နတ်ဘုရားတွေတောင် ဒီလိုရတနာမျိုးကို တောင့်တကြသတဲ့။ တကယ်လို့ အောက်ပိုင်း ကောင်းကင်သုံးဘုံက ယန်နတ်ဘုရားတစ်ပါးသာ မြင့်မြတ်တဲ့ ရတနာတစ်ခု ရခဲ့မယ်ဆိုရင် သူတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို အလယ်ပိုင်း ကောင်းကင်သုံးဘုံအထိ မြှင့်တင်ပေးနိုင်တယ်။

"တကယ်လို့ ကန်းလန် လောကမှာသာ ဒီလိုရတနာမျိုး ရှိခဲ့ရင် ငါတို့ ကပ်ဘေးကြီးကနေ တကယ် လွတ်မြောက်နိုင်မှာပဲ"

ပန်းချီဆရာမ၏ အသံမှာ ထိန်းချုပ်ထားသော်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ လေသံထဲတွင် တက်ကြွမှုနှင့် မျှော်လင့်ချက်များထင်ရှားနေသည်။

၄င်းသည် သူမ လက်လျှော့ထားခဲ့သော နှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်ပြီး ကပ်ဘေးကြီးမှ လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။

ကျိယွမ်က စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပန်းချီဆရာမကို အလေးအနက် ကြည့်လိုက်သည်။

"မင်းပြောသလိုဆို ..ငါက... မြင့်မြတ်တဲ့ ရတနာတစ်ခုနဲ့ တူနေလို့လား။"

ပန်းချီဆရာမသည် ဆွံ့အသွား၏။ သူမ၏ မျက်နှာပြင်ပေါ်တွင် အမူအယူဆွဲရန်ပင် မေ့သွားရှာသည်။

ငါပြောတာက တစ်မျိုး ၊ သူပြောတာက တလွဲ ။

ကျိယွမ်က ဆက်ပြော၏။

"မင်းရဲ့ အမူအရာက ငါ့ကို အတည်ပေါက်နေဖို့ ခက်အောင် လုပ်နေတာပဲ။ နောက်ကျရင် မင်းရဲ့မျက်နှာကို ဖရဲသီးပုံစံဆွဲ ...အဲဒါကို ဗီဒီယိုရိုက်ပြီး 'ကျင့်ကြံသူအပေါင်းတို့၊ ဒီနေ့တော့ ကျွန်မ လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုနဲ့ တွေ့ခဲ့တယ်...' လို့ ပြောဦးမှာလား။"

ကျိယွမ်၏ အမြင်တွင် ဤပန်းချီဆရာမတွင် မျက်နှာမရှိသော်လည်း သူမ၏ အမူအရာများမှာမူ အလွန်ပင် ထင်ရှားနေသည်။

"နင် ဘာကို ဆိုလိုတာလဲဆိုတာ ငါသိပ်နားမလည်ပေမဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေမှာ ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိတတ်ကြတာပဲလေ"

ပန်းချီဆရာမက အရေးမကြီးသလို ပြန်ဖြေသည်။

"အမှတ်အသားနဲ့ မြင့်မြတ်တဲ့ ရတနာအကြောင်း ပြောရမယ်ဆိုရင်... တကယ်လို့ ငါ့မှာ တခြား မြင့်မြတ်တဲ့ ရတနာတစ်ခု ရှိနေရင် အဲဒီအမှတ်အသား ပြဿနာကို ဖြေရှင်းနိုင်မလားလို့ ငါ စဉ်းစားမိတယ်"

ကျိယွမ်က စဥ်းစဥ်းစားစားပြောလိုက်၏။

ပန်းချီဆရာမက ခေါင်းခါပြသည်။

"ငါ မသိဘူး။ မြင့်မြတ်တဲ့ ရတနာတစ်ခုတောင် ယန်နတ်ဘုရား တစ်ပါးကို သေစေနိုင်တယ်။ ငါလို ငါးပိစိမလေးက ဒါမျိုးတွေကို ဘယ်လိုလုပ် သိမှာလဲ။ ဒါပေမဲ့ မြင့်မြတ်တဲ့ ရတနာတွေမှာ နားမလည်နိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်ဆိုတော့ အဲဒါတွေက အမှတ်အသားကို တကယ်ပဲ ပျက်ပြယ်သွားစေနိုင်တာလည်း ဖြစ်နိုင်တာပဲ"

" ဒါပေမဲ့ မြင့်မြတ်တဲ့ ရတနာတစ်ခုရဲ့ တကယ့်စွမ်းအားဟာ အမှတ်အသားကို ပျက်ပြယ်စေရုံတင် မကလောက်ဘူး..."

ဝန်ခံရလျှင် ပန်းချီဆရာမသည် မြင့်မြတ်သော ရတနာများအကြောင်းကို အမည်တပ်ပြေညနိုင်လောက်အောင်ပင် များများစားစား မသိရှိပေ။

သို့သော် ကန်းလန်လောကနှင့် အခြားသော လောကသုံးထောင်တို့သည် မြင့်မြတ်တနာတစ်ခုကြောင့် ယခုကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကျောက်စိမ်းကညာက ပြောပြဖူးသည်ကိုတော့ သူမ သတိရနေ၏။

"ကောင်းပြီ၊ ငါတို့ ဂိမ်းရဲ့ နောက်ခံသမိုင်းကြောင်းကို သိပြီဆိုတော့ အခုတော့ တာဝန်ကို ဆက်လုပ်ကြရအောင်"

ကျိယွမ်က လွှတ်ခနဲ ပြောလိုက်ပြီးမှ လက်ကာပြ၏။

"ဆောရီး၊ ဂိမ်းတွေ အများကြီး ကစားမိလို့ ခေါင်းထဲ စွဲနေလို့ပါ။ ဒါက ဂိမ်းမဟုတ်သလို မင်းပြောတာကလည်း ဂိမ်းထဲက အကြောင်းအရာ မဟုတ်ပါဘူး"

"ငါ မင်းဆီကို အကူအညီ လာတောင်းတာပါ။ ငါ့အတွက် တစ်ခုခု ဆွဲပေးဖို့ လိုတယ်"

ပန်းချီဆရာမက ကျိယွမ်ကို တစ်ချက်ကြည့်လိုက်၏။

"ငါက တခြားသူတွေအတွက် ပန်းချီဆွဲပေးဖို့ ခဲယဥ်းတယ်၊ ဆွဲပေးရင်တောင် ငါ့မှာ သတ်မှတ်ချက်တွေ ရှိတယ်။ တကယ် စိန်ခေါ်မှု ရှိတာမျိုး မဟုတ်ရင် ငါ မဆွဲဘူး။"

ပန်းချီဆရာမက ငြင်းလိုက်သော်လည်း ကျိယွမ် စိတ်မပျက်သွားပါ။

"အကောင်းဆုံးပဲ ... ငါ ဆွဲခိုင်းချင်တာကလည်း ဆွဲဖို့ တော်တော် ခက်ခဲလိမ့်မယ်"

သူက ရွှင်ပျစွာ ဆက်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ မင်းကို အလကား ခိုင်းမှာ မဟုတ်ပါဘူး။တကယ်လို့ မင်း ကောင်းကောင်း ဆွဲပေးနိုင်ရင်... အင်း... ငါ မင်းကို ပန်းချီကားထဲက မြေကွက်... တစ်စတုရန်းမီတာ အပြည့် ပေးမယ်"

ကျိယွမ်က တစ်စတုရန်းမီတာ အပြည့် ပေးမည်ဟု ရက်ရက်ရောရော ကမ်းလှမ်းလိုက်သည်။

"ခက်ခဲတာလား ...နင် ငါ့ကို ဘာဆွဲခိုင်းချင်တာလဲ"

ပန်းချီဆရာမသည် သူ၏ ဒုတိယစာကြောင်းကို လုံးဝ လျစ်လျူရှုလိုက်သည်။

"ငါ မင်းကို... ငရဲပြည်ကို ဆွဲခိုင်းချင်တာ"

ကျိယွမ်က အလေးအနက် ပြောလိုက်သည်။

ပန်းချီဆရာမက သူမ၏မျက်နှာတွင် အံ့အားသင့်သည့် အမူအရာကို ဆွဲလိုက်၏။

"ငရဲပြည်လား။ ဒါပေမဲ့ အဲဒါက ဒဏ္ဍာရီသက်သက်ပဲလေ။ အဲဒီမှာ ထွေထွေထူးထူး ဆွဲစရာ ဘာမှမရှိပါဘူး။"

ကန်းလန် လောကတွင်လည်း ငရဲပြည် အကြောင်း ဒဏ္ဍာရီများ၊ ဝိညာဉ်ပြန်ဝင်စားခြင်း ပုံပြင်များ ရှိကြသည်။

သို့သော် ကျင့်ကြံသူ အများစုကတော့ ၎င်းတို့ကို အလေးအနက် မထားကြပေ။ အကြောင်းမှာ ကျင့်ကြံသူများ သတ်ဖြတ်သည့်အခါ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ကြသောကြောင့် ဖြစ်သည်။

ဝိညာဥ်ကိုပါသတ်လိုက်သောကြောင့် ငရဲပြည်ဆိုတာလည်း မရောက်နိုင်တော့သလို ပြန်ဝင်စားခြင်းဆိုတာလည်း မဖြစ်နိုင်တော့ပါ။

"ငါ ဆွဲခိုင်းချင်တဲ့ ငရဲပြည်က မင်း စိတ်ကူးထားတာနဲ့ မတူဘူး။ ပြီးတော့ မင်းသုံးဖို့အတွက် အထူးပြုလုပ်ထားတဲ့ စုတ်တံတစ်ခုတောင် ငါ ပေးဦးမှာ"

ကျိယွမ်က ရှင်းပြလိုက်သည်။

"ငါက ပုံမှန်အားဖြင့် ကိုယ်ပိုင်စုတ်တံနဲ့ပဲ ဆွဲတာပါ။ နင်ပေးတဲ့ စုတ်တံက ဘယ်လောက်ပဲ ထူးခြားနေပါစေ၊ အဲဒါက သာမန်ပဲ ဖြစ်နေ...ဟင်..."

သို့သော် သူမ၏ စကားမဆုံးမီမှာပင် သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။

သူမ၏ မျက်လုံးများမှ လေဆာတန်းများ ထွက်ပေါ်လာသကဲ့သို့ဖြစ်လာပြီး သူမမျက်နှာကို ဖုံးအုပ်ထားသော စက္ကူကိုပင် အပေါက်ဖောက်မိမတတ် ဖြစ်သွား၏။

သူမသည်ကျိယွမ်၏ လက်ထဲက စုတ်တံကို ကြောင်စီစီဖြင့် စိုက်ကြည့်နေပြီး သူမ၏ အသက်ရှူသံများမှာ ရုတ်တရက် မြန်ဆန်လာသည်။

"ဒီစုတ်တံ... ဒီစုတ်တံက... ကမ္ဘာပေါ်မှာ ဒီလိုစုတ်တံမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဒါက ဘယ်လိုစုတ်တံမျိုးလဲ။ ဒါက မှော်လက်နက်လား။ မဟုတ်ဘူး၊ ဒါက ရတနာပဲ.. မဟုတ်ဘူး... အဲဒါလည်း မဟုတ်သေးဘူး"

တောင်တန်းနှင့် မြစ်အင်ပါယာစုတ်တံ ပေါ်လာသည့် အခိုက်အတန့်တွင် သူမ၏ အာရုံအားလုံးမှာ ထိုစုတ်တံဆီသို့ ရောက်ရှိသွားသည်။

သူမ၏ မျက်လုံးများထဲတွင် ထိုစုတ်တံမှလွဲ၍ ဘာမှ မရှိတော့ပါ။

ဤကဲ့သို့သော စုတ်တံမျိုး ကမ္ဘာပေါ်တွင် ရှိနေနိုင်သည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေ၏။

ကျိယွမ်က စုတ်တံကို ကိုင်ထားရင်းမှ ပြုံးစစနှင့် မေးသည်။

"ငါ့ရဲ့ စုတ်တံက သာမန်ပဲလား "

ပန်းချီဆရာမသည် ခဏမျှ တုံ့ဆိုင်းသွားပြီး သူမ၏ စကားကို ပြန်ရုပ်သိမ်းရန် ကြိုးစားရင်း မျက်နှာပေါ်တွင် ရှက်သွေးရောင် အနည်းငယ်ချယ်လိုက်သည်။

"သာမန်ဆိုတာထက် .. ရိုးရှင်းတယ်လို့ ပြောတာပါ"

သူမသည် "သာမန်" နှင့် အနည်းငယ် ဆက်စပ်နေသော်လည်း ချီးမွမ်းစကားဟု ယူဆနိုင်မည့် စကားလုံးတစ်လုံးကို ရှာဖွေရန် အတော်လေး ရုန်းကန်လိုက်ရသည်။

"ရိုးရှင်းတာလား"

"မင်းသိလား၊ ဒီလိုစုတ်တံမျိုးကို အဲဒီလို ချီးမွမ်းတာဟာ နည်းနည်းတော့ မလေးစားရာ ရောက်တယ်နော်"

ကျိယွမ်က စိတ်ထဲမထားဘဲ ရယ်မောလိုက်သည်။

ပန်းချီဆရာမကတော့ စုတ်တံဆီမှအကြည့်မခွာနိုင်ဘဲ မျက်တောင်မခတ်တမ်းကြည့်နေပြီး သူမ၏ အမူအရာမှာလည်း တောက်လျှောက် ပြောင်းလဲနေသည်။

"ဒါက ဘာလဲ။ ဒါက... မြင့်မြတ်တဲ့ ရတနာတစ်ခု ဖြစ်နိုင်မလား။ မဟုတ်ဘူး၊ အဲဒါ မဖြစ်နိုင်ဘူး။ မြင့်မြတ်တဲ့ ရတနာတွေက ဒဏ္ဍာရီတွေပဲ၊ ယန်နတ်ဘုရားတွေတောင် ရဖို့ ခဲယဉ်းတာ။ ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။"

ပန်းချီဆရာမ၏ အတွေးများမှာ ဗရုတ်ဗရက် ဖြစ်နေသည်။ တောင်တန်းနှင့်မြစ်အင်ပါယာစုတ်တံနှင့် နှိုင်းယှဉ်လျှင် သူမ ပုံမှန်သုံးနေသည့် စုတ်တံမှာ အလွန်ပင် သနားစရာ ကောင်းနေတော့သည်။

"မြင့်မြတ်တဲ့ ရတနာလား"

ကျိယွမ် ခဏမျှ တွေးသွားသည်။

"ဒါကိုတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒါက တော်တော်တော့ အစွမ်းထက်တယ်လေ။"

အရှေ့ဘက်အရှင်သည် တစ်ခါက ဤစုတ်တံကို အသုံးပြု၍ ပုံရိပ်ယောင်များကို လက်တွေ့အဖြစ် ပြောင်းလဲခဲ့ပြီး ပန်းချီကားများထဲမှ မြေပြင်များနှင့် ပင်လယ်ပြင်များကို ဖန်တီးခဲ့ဖူးသည်။

၎င်း၏ ဖော်ပြချက်များအရ ဆိုလျှင်တော့ ၎င်းကို မြင့်မြတ်သော ရတနာဟု ခေါ်ဆိုနိုင်ပေသည်။

သို့သော် ထိုက်ဟွမ်နန်းတော် သို့မဟုတ် အမှတ်အသား၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်များ ပိုင်ဆိုင်ထားသော မြင့်မြတ်သည့် ရတနာများ၏ တကယ့်အဆင့်အတန်းကိုတော့ ကျိယွမ်လည်း အပြည့်အဝ နားမလည်သေးပါ။

သူတို့ရတနာတွေကို ငါမှမမြင်ဖူးသေးတာ ၊ ဘယ်အဆင့်ရှိလဲ မသိတာ သဘာဝကျပါတယ်။

"စုတ်တံက အဆင်သင့်ဖြစ်ပြီ။ အခုတော့ မင်းကို ငရဲပြည်အကြောင်း ရှင်းပြမယ်"

ကျိယွမ်က ထိုသို့ပြောလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ရှေ့တွင် ပါဝါပွိုင့် ပုံကြမ်းခုနစ်ခု ပေါ်လာသည်။

ထို့နောကိ တစ်ခုခုကို သတိရသွားသလို သူ၏ အမူအရာမှာ တည်ကြည်သွား၏။

"ကောင်းကင်ဧကရာဇ်နဲ့ မြေကမ္ဘာမယ်တော်၊ တိကျန်းဝမ်၊ ယမမင်း ဆယ်ပါး၊ တစ္ဆေဧကရာဇ် ငါးပါး၊ အခုချက်ချင်း ကိုယ်ထင်ပြကြစမ်း"

ကျိယွမ်၏ အသံသည် ဧကရာဇ်တစ်ပါး၏ အမိန့်တော်ကဲ့သို့ ဟိန်းထွက်သွား၏။

ကျွမ်းကျင်သူ လမ်းပြများ မပါဘဲ ငရဲပြည်၏ တည်ဆောက်ပုံကို သူက မည်သို့ ရှင်းပြနိုင်မည်နည်း။

ကျိယွမ်သည် ငရဲပြည်တွင် တာဝန်ရှိသည့် နတ်ဘုရားများနှင့် တိုင်ပင်ဆွေးနွေးကာ ငရဲပြည်၏ ပုံစံထုတ်မှုကို ကြာမြင့်စွာကတည်းက စီစဉ်ထားပြီး အသေးစိတ် အစီအစဉ်တစ်ခုကိုလည်း ရေးဆွဲထားပြီး ဖြစ်သည်။

ကျိယွမ်၏ အသံ ဟိန်းထွက်သွားသည်နှင့်အမျှ ချမ်းစိမ့်သော လေညင်းတစ်ခုသည် ပန်းချီခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါသော အမျိုးသား၊ အမျိုးသမီး တစ်စု ပေါ်လာသည်။

တစ်ဦးချင်းစီတွင် ကျယ်ပြောပြီး နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ရှိနေကြပြီး နတ်ဘုရားဆန်သလို ကြောက်မက်ဖွယ်လည်းကောင်းသည့် တည်ရှိမှုမျိုးကို ထုတ်လွှတ်နေကြ၏။

ပန်းချီဆရာမ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူမ တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ ကျောက်စိမ်းကညာ ဖြစ်သည်။ ကျောက်စိမ်းကညာသည် ကောင်းကင်ဘုံကိုပင် လွှမ်းမိုးထားနိုင်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော် သူမရှေ့ရှိ ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးစီတိုင်းမှာ ကျောက်စိမ်းကညာထက်ပင် ပို၍ နက်နဲပြီး နားမလည်နိုင်လောက်သော အရှိန်အဝါများ ရှိနေကြ၏။

တစ်စုံတစ်ယောက်ကသာ သူတို့သည် ယန်နတ်ဘုရားများ ဖြစ်သည်ဟု ပြောလျှင် သူမ ယုံကြည်မိပေလိမ့်မည်။

သူမကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ နောက်ထပ် ဖြစ်ပျက်လာမည့် အရာပင် ဖြစ်သည်။

ဤခန့်ညားထည်ဝါလှသော ပုဂ္ဂိုလ်အားလုံးသည် သွေးဝတ်စုံဓားနတ်ဘုရားကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြခြင်းပင်။

"ဂါရဝပြုပါတယ်၊ အရှင်"

ပန်းချီဆရာမ၏ နှလုံးသားမှာ တုန်ယင်သွားသည်။ ဤလူများက သွေးဝတ်စုံဓားနတ်ဘုရားကို သူတို့၏ အရှင်အဖြစ် ခေါ်ဝေါ်နေကြ၏။

ဒါဆိုရင်... ဒါဆိုရင် သွေးဝတ်စုံဓားနတ်ဘုရားဟာ တကယ်ပဲ... မြင့်မြတ်တဲ့ ရတနာတစ်ခု ဖြစ်နေတာလား။

ထိုအခိုက်အတန့်တွင် ချီချီ၏ အကြည့်သည် ကျန်းလင်းစုပေါ်သို့ ကျရောက်သွားပြီး သူမက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"ဖေဖေ.. ဒါက မေမေလား။ သူမက သိပ်လှတာပဲ၊ ဖေဖေနဲ့လည်း သိပ်လိုက်ဖက်တယ်"

ချီချီသည် တော်ဝင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သည့် ဟို့ထူ၏ ပုံရိပ်ကို ဖန်တီးထားခြင်းဖြစ်ပြီး သူမသည် ငရဲပြည်ဖန်တီးမှုအတွက် အဓိက ဗိသုကာပညာရှင်လည်း ဖြစ်သည်။

ကျန်းလင်းစု၏ မျက်နှာမှာ နီမြန်းသွားပြီး လှပကာ အရှိန်အဝါများပြင်းထန်နေသော နတ်သမီးကို ကြည့်ကာ အံ့အားသင့်နေတော့သည်။

"အဟမ်း... အဲဒီလို လျှောက်မပြောနဲ့။ သူမက ငါ့ရဲ့ ဂျူနီယာညီမလေးပဲ"

ကျိယွမ်က ချောင်းတစ်ချက် ဟန့်လိုက်သည်။

ချီချီက နောက်ပြောင်သည့် အမူအရာဖြင့် ပြုံးလိုက်၏။

"ဒီလောက်လှတဲ့ ဂျူနီယာညီမလေးကို တခြားသူနဲ့ လက်ထပ်ပေးလိုက်ရင် နှမြောစရာကြီး ဖြစ်မှာပေါ့။"

ကျိယွမ်၏မျက်နှာမှာ ထားစရာမရှိအောင်ဖြစ်သွားသည်။

ဒီကောင်မလေးကတော့...။

"ဟေး ချီချီ.. မိန်းကလေးတွေအကြောင်း လျှောက်ပြီး မှန်းဆမနေနဲ့။ ဘာလို့ မိန်းကလေးတိုင်း လက်ထပ်ရမှာလဲ"

ကျိယွမ်က အမြန်ခေါင်းစဥ်းပြောင်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ မင်းအတွက် အလုပ်တစ်ခု ရှိတယ်။ သူမကို ငရဲပြည်အကြောင်း ရှင်းပြပေးလိုက်၊ ပြီးတော့ ငါ သင့်တော်တဲ့ မြေနေရာ ရှာတွေ့တဲ့အခါ သူမကို ငါ့အတွက် ပန်းချီဆွဲဖို့ ကူညီပေးလိုက်ဦး"

"မစိုးရိမ်ပါနဲ့ ဖေဖေ.. အကုန်လုံးကို သမီး တာဝန်ယူပါတယ်"

ချီချီက တက်ကြွစွာ ပြန်ဖြေသည်။

ထို့နောက် ကျိယွမ်က ပန်းချီဆရာမဘက်သို့ လှည့်လိုက်သည်။

"ငါ့ကို ငရဲပြည်ဆွဲဖို့ ကူညီပေးပါ၊ အဲဒါဆိုရင် မင်းကို မြေကွက် တစ်စတုရန်းမီတာ ပေးမယ်"

" ဪ... ဒါနဲ့ မင်းလုပ်နိုင်မယ်ဆိုရင် ကျောက်စိမ်းကညာ၊ ကပ်ဘေးကြီး၊ မြင့်မြတ်တဲ့ ရတနာတွေနဲ့ ထိုက်ဟွမ်နန်းတော်အကြောင်း သိသမျှ အချက်အလက်အားလုံးကိုလည်း ငါ့အတွက် စုစည်းပေးပါဦး။"

" 'ကျိယွမ် ကပ်ဘေးကို နှိမ်နင်းခြင်း' အစီအစဉ်ကြီးဟာ ပြီးပြည့်စုံပြီး အမှားအယွင်းမရှိဖို့ လိုတယ်လေ"

"အင်း... ဒါဟာ ကန်းလန်လောကရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး အစီအစဉ် ဖြစ်လာမှာပါ။ သမိုင်းမှတ်တမ်းတွေမှာ ကျန်ရစ်ခဲ့မှာဖြစ်သလို နောင်မှာ ရုပ်ရှင်တွေတောင် ပြန်ရိုက်ကြဦးမှာ"

"ဒါပေမဲ့ ငါစိတ်ပူတာက ..ငါ့နေရာမှာ သရုပ်ဆောင်မယ့်သူက ငါ့ရဲ့ အနှစ်သာရကို ဖော်ဆောင်နိုင်လောက်အောင် ချောမောဖို့ပဲ မျှော်လင့်ရတာပါပဲ။"

ပန်းချီဆရာမသည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

ကျိယွမ် ပြောသည့် ပထမပိုင်းကိုတော့ သူမ နားလည်ပါသည်။ သို့သော် ကျန်တဲ့ အပိုင်းတွေကတော့... လုံးဝ အဓိပ္ပာယ်မရှိသလို ဖြစ်နေ၏။

သို့သော် သူမက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်မ အကုန်လုံးကို စုစည်းပေးပါ့မယ်။"

သူမသည် သူ့ကို ရိုသေသော စကားလုံးများဖြင့်ပင် စတင် သုံးနှုန်းလာခဲ့မိသည်။

အစပိုင်းတွင် သွေးဝတ်စုံဓားနတ်ဘုရားက ကပ်ဘေးကြီးကို ဖျက်ဆီးပစ်မည်ဟု ပြောခဲ့စဉ်က သူမသည် သူ့ကို မဖြစ်နိုင်မှန်းသိသော်လည်း တိုက်ခိုက်ရန် ရွေးချယ်သည့် သတ္တိရှိသော လူမိုက်တစ်ဦးအဖြစ်သာ မြင်ခဲ့သည်။

သို့သော် ယခု တောင်တန်းနှင့်မြစ်အင်ပါယာစုတ်တံနှင့် ကျိယွမ်၏ ဘေးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များကို မြင်ပြီးနောက်တွင်မူ...

အကြောင်းပြချက် တစ်ခုခုကြောင့် သူမ၏ သေဆုံးနေခဲ့သော နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းရောင်လေးတစ်ခု စတင် တောက်ပလာခဲ့သည်။

သူ တကယ်ပဲ အောင်မြင်နိုင်မှာလား။

ထိုအတွေးကြောင့် သူမ၏ နှလုံးသား တုန်ယင်သွားသော်လည်း ချက်ချင်းပင် ဘေးဖယ်လိုက်သည်။

သူမသည် အရက်မူးအင်မော်တယ်၏ လျှို့ဝှက်အဖွဲ့အစည်းထံသို့ စာရေးရန် ဆုံးဖြတ်လိုက်ပြီး သွေးဝတ်စုံဓားနတ်ဘုရားနှင့် ပြဿနာ မရှာကြရန် တိုက်တွန်းရပေမည်။

မဟုတ်လျှင်တော့... ။

အေးလေ...သူတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေရင်တော့ ငါလည်း မတတ်နိုင်ဘူးပေါ့ ။

........

မိုးစက်လေးများ တဖွဲဖွဲ ကျနေစဉ် ကျိယွမ်သည် မျှော်စင်တစ်ခုထဲတွင် တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည်။

နေ့စဉ်နှင့်အမျှ သူသည် ဟယ်လန်တိုက်ကြီးရှိ ကျင့်ကြံသူများသာမက ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများကို စောင့်ကြည့်လေ့လာနေ၏။ သို့သော် ကံမကောင်းစွာဖြင့် သူ ရှာဖွေတွေ့ရှိမှုများမှာ အလွန်နည်းပါးနေဆဲပင်။

အမှတ်အသားအကြောင်း ပန်းချီဆရာမ ပေးသည့် အချက်အလက်များမှာလည်း ကန့်သတ်ချက် ရှိနေ၏။

ထိုစဉ်မှာပင် ခြေသံအချို့ ချဉ်းကပ်လာသည်။

"တာအိုရောင်ရင်းကျိ ၊ မတွေ့တာ ကြာပြီပဲ..မင်း ပန်းခရမ်းရောင် နန်းတော် အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ ကြားတယ်၊ ဂုဏ်ယူပါတယ်"

အသံပိုင်ရှင်အား ကျိယွမ် မော့ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာတစ်ခု ပေါ်လာသည်။

"စစ်မှန်မဟာဉာဏ်ပညာရှိအရှင်...ငါ့ရဲ့ မိတ်ဆွေကောင်းကြီး ..မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"

မဟာဉာဏ်ပညာရှိအရှင်ကို မြင်လိုက်ရခြင်းက ကျိယွမ်ကို စိတ်အေးချမ်းမှု ပေးစွမ်း၏။

အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ရတိုင်း မဟာဉာဏ်ပညာရှိအရှင်၏ ထက်မြက်သော ဦးနှောက်က အမြဲတမ်း အဖိုးတန်သည့် ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းလေ့ရှိသည် မဟုတ်ပါလား။

"မင်းဆီက သတင်းစကား ရရချင်း ငါ လာခဲ့တာ"

မဟာဉာဏ်ပညာရှိ၏ ပုံစံက သိပ်မရွှင်လန်းပေ။

"ဒါပေမဲ့ ငါတော်တော်ပင်ပန်းပြီး ဆာနေပြီကွ ။ တစ်ခုခု အရင် စားပါရစေဦး။"

ပြောရင်းနှင့် သူ၏လည်ပင်းတွင် ကြိုးနှင့်ဆွဲထားသော အရိုးတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ထို့နောက် ၎င်းကို စတင် ကိုက်ဝါးတော့သည်။

ကိုက်ရုံနှင့်အားမရဘဲ တစ်ခါတစ်ခါလျှာနှင့်ပင် အားရပါးရလျက်နေသေးသည်။

ကျိယွမ် ကြောင်အသွား၏။

"အဲဒါက ဘယ်လိုခွန်အားဖြည့် ရတနာမျိုးလဲ။"

မဟာဉာဏ်ပညာရှိသည် အနေရခက်သွားဟန်ဖြင့် အရိုးကို ချက်ချင်း ပြန်သိမ်းလိုက်၏။

"အဟမ်း...မင်း မှတ်မိသေးလား၊ ပြီးခဲ့တဲ့ တစ်ခါက မင်းကို ခွေးရူးပြန်နေတဲ့ ငှက်တစ်ကောင်နဲ့ ကျိန်စာတိုက်ဖို့ ကြိုးစားခဲ့ကြတာလေ၊ မင်းကို ဖျားအောင် လုပ်ဖို့ပေါ့"

"အဲဒီငှက်က ကျွမ်းသွားလို့ ငါ မစားခဲ့ဘူး၊ ငါ့မှာက အစားအသောက်နဲ့ပတ်သတ်ရင် မြင့်မားတဲ့စံနှုန်းတွေ ရှိတယ်လေ။ မင်းက အားနာကြီး တူးနေတဲ့ငှက်သားကို စားပြီး အရိုးတွေကိုတော့ ငါ့ကို ပေးမလို့ မဟုတ်လား..."

"မှတ်မိတာပေါ့။ ငှက်က ဖျားနေလို့ ငါ အရိုးတွေကို လွှင့်ပစ်လိုက်တာလေ"

ကျိယွမ်က ထိုအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

ထိုစဉ်က ကံကြမ္မာတောင်ကုန်းမှ ကျင့်ကြံသူတစ်ဦးက သူ့ကို ခွေးရူးပြန်နေသော ငှက်ဖြင့် ကျိန်စာတိုက်ရန် ကြိုးစားခဲ့၏။ နောက်ပိုင်းတွင် ကျိယွမ်က သူတို့ကို သတ်ပစ်လိုက်ပြီး ကံကြမ္မာတောင်ကုန်းကိုလည်း ကျိန်စာဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

"အဟမ်း...ဒါပေမဲ့ မင်းက ဖျားပုံမရတာကို ငါ သတိထားမိတယ်၊ ဆိုလိုတာက ငှက်က အဆိပ်မရှိဘူးပေါ့ ဟုတ်တယ်မလား"

" ငါကြည့်လိုက်တော့ အရိုးတွေက မလောင်သေးဘူး၊ ဒါနဲ့ပဲ မြည်းကြည့်ဖို့ ကောက်ခဲ့တာ။ ဒါပေမဲ့... ဒီအရိုးတွေက တော်တော်မာတယ်၊ ဝါးလို့ကို မရဘူး"

စစ်မှန်ပညာရှိက သူ့လည်ပင်းမှ အရိုး၏ရာဇဝင်ကို ရှင်းပြသည်။

"အော်... ဟုတ်ပြီ"

ကျိယွမ် ခေါင်းညိတ်လိုက်သည်။

ထိုစဉ်မှာပင် ဗိုက်ဆာသက်သာသွားပုံရသော စစ်မှန်မဟာဉာဏ်ပညာရှိက ထပ်ပြောသည်။

"မင်းပြောတဲ့ အမှတ်အသား အကြောင်းကို ငါ စဉ်းစားနေတာ။ စိတ်ကူးအချို့ ရထားတယ်။"

"ဟေ.. ဟုတ်လား"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

ပညာရှိဆိုတဲ့အတိုင်း ရောက်လာတာနဲ့ ရလဒ်ကောင်းကို ပေးနိုင်တော့တာပဲ။

"ငါ အိပ်မက်ထဲမှာ တစ်ခါက မြင်ခဲ့တဲ့ စာအုပ်အကြောင်း မင်း မှတ်မိသေးလား"

မဟာဉာဏ်ပညာရှိက ကျိယွမ်အား မေးလိုက်သည်။

"အဲဒီစာအုပ်ထဲမှာ အမှတ်အသားကို ဖျက်ဆီးမယ့် နည်းလမ်း တွေ့ခဲ့တာလား"

ကျိယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။

သူ၏ ယန်နတ်ဘုရား အဆင့်အကြောင်း နားလည်မှု အတော်များများမှာ မဟာဉာဏ်ပညာရှိ၏ အိပ်မက်ထဲတွင် မြင်ခဲ့သော စာအုပ်မှ လာခြင်းဖြစ်သည်။

မဟာဉာဏ်ပညာရှိက ခေါင်းညိတ်၏။

"ဟုတ်လည်း ဟုတ်တယ်... မဟုတ်လည်း မဟုတ်ဘူးကွ။"

သူက ခေါင်းခါပြပြန်သည်။

"မဟာဉာဏ်ပညာရှိ.. စကားဝှက်တွေ ပြောမနေပါနဲ့တော့။ မင်းရဲ့ လှည့်ကွက်တွေကို ငါ သိပါတယ်"

ကျိယွမ်က စနောက်လိုက်သည်။

"အဲဒီခွေးရူးပြန်နေတဲ့ငှက်က ဘယ်ကလာတာလဲဆိုတာ မင်း မှတ်မိလား"

မဟာဉာဏ်ပညာရှိက ကျိယွမ်ကို အစပြန်ဖော်မေးသည်။

"ဒီတံခါးကလေ"

ကျိယွမ်က လက်ကို ဝေ့ယမ်းလိုက်ရာ သစ်သားတံခါးလေး တစ်ခု ပေါ်လာသည်။

ဤတံခါးမှာ သူ့ကို ကျိန်စာတိုက်ရန် ကြိုးစားခဲ့သော ကံကြမ္မာတောင်ကုန်းမှ ကျင့်ကြံသူထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ကျိယွမ် လျူဖုန်းနယ်မြေလောကတွင် တွေ့ခဲ့ရသော အနန္တအသွင်ကူးပြောင်းတံခါးနှင့် ဆင်တူနေ၏။

"အတိအကျပဲ။ ဒီတံခါးဟာ ဒဏ္ဍာရီလာ မူလသဘောတရားတံခါးနဲ့ ဆင်တူနေတာ.. ၊ မူလသဘောတရား တံခါးဆိုတာ အထူးခြားဆုံး ရတနာတွေထဲမှာ အကြီးကျယ်ဆုံး မြင့်မြတ်တဲ့ ရတနာလို့ ဆိုကြတယ်"

"မူလသဘောတရား အဆင့်ကို တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူတိုင်းဟာ သူတို့ရဲ့ နားလည်မှုကို သဘောတရား တံခါးပေါ်မှာ အမှတ်အသား ချန်ထားခဲ့ကြရတယ်လို့ ဆိုကြတယ်"

"မူလသဘောတရား ဥပဒေသတွေနဲ့ ကာကွယ်ထားတဲ့ ဒီတံခါးဟာ အမှတ်အသားတွေနဲ့ ကံကြမ္မာ အနှောင်အဖွဲ့ အားလုံးကို တားဆီးပေးနိုင်တယ်"

ကျိယွမ် ခဏမျှ ကြောင်သွားသည်။

လျူဖုန်းလောကမှာ ရှိစဉ်တုန်းက သူ ၏မူလနတ်ဘုရား စွမ်းရည်ဖြစ်သော မဟာ မေ့လျော့ခြင်း စိတ်ကျမ်းကို နားလည်ခဲ့စဉ်က အနန္တအသွင်ကူးပြောင်းတံခါးပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့တာကို သူ သတိရသွားသည်။

ငါက သဘောတရားလား။ ငါကိုယ်တိုင်တောင် ဘယ်လိုလုပ် မသိရတာလဲ။

မဟာပညာရှိကို ကြည့်ရင်း ကျိယွမ်၏ မျက်နှာမှာ သံသယများဖြင့် ပြည့်နှက်နေသည်။

"မင်းက တော်တော်များများ သိတာပဲ။ တကယ်လို့ ဒီကမ္ဘာကြီးက ဂိမ်းတစ်ခုသာ ဆိုရင် မင်းဟာ ဂိမ်းထုတ်လုပ်သူတွေနဲ့ အခင်ဆုံးသူငယ်ချင်း ဖြစ်နေမှာ သေချာတယ်။"

မဟာဉာဏ်ပညာရှိသည် မြူနှင်းများ ဝန်းရံထားသကဲ့သို့ ပို၍ ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ကျိယွမ် ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်မှာ ထိုမြူနှင်းများတွင် အမည်တစ်ခု ရှိနေနိုင်၏။

နာမည်က " ပညာရှိခြင်း၏အရောင်အဝါ" များဆိုတာဖြစ်မယ်။

---------------

အခန်း ၃၈၉ - မူလသဘောတရားတံခါးလား၊ ဒါမှမဟုတ် ငါ့ရဲ့ ငရဲဘုံတံခါးလား..

"မူလသဘောတရားတံခါးက အမှတ်အသားတွေကို တားဆီးပေးနိုင်တာ အမှန်ပဲ၊ ဒါပေမဲ့... "

"ဟူး....မူလသဘောတရားတံခါးကို ရှာဖွေဖို့က ခက်ခဲလွန်းတယ်။ ဒီတံခါးက ထူးခြားဆန်းပြားတဲ့ ရတနာအားလုံးရဲ့ ထိပ်သီးဖြစ်ပြီး ယန်နတ်ဘုရားအမြောက်အမြားက လိုက်လံရှာဖွေနေကြတာ "

မဟာပညာရှိက စိတ်ဓာတ်ကျသလို ညည်းညူသည်။

ထက်မြက်လှသော ဉာဏ်ရည်ရှိသော်လည်း သူသည် ထိုတံခါးကို မည်သည့်နေရာတွင် ရှာရမည်ကို မသိနိုင်ပါ။

၎င်းက ထိုတံခါးသည် မည်မျှအထိ ဖမ်းဆုပ်ရခက်ခဲကြောင်း ပြသနေခြင်းပင်။

ကျိယွမ်က မျက်မှောင်ကြုတ်လိုက်၏။

မဟာပညာရှိပြောနေသော မူလသဘောတရားတံခါးသည် လျူဖုန်းနယ်မြေတွင် သူတွေ့ကြုံခဲ့ရသော အနန္တအသွင်ကူးပြောင်းတံခါးနှင့် အတူတူပင် ဖြစ်နိုင်သည်ဟု သူတွေးမိသည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို ထိုင်ပြီးကြည့်နေစဥ်က ထိုတံခါးနှင့် ပတ်သက်သော ဖုံးကွယ်နေသည့် အချက်အလက်အချို့ကို မြင်တွေ့ခဲ့ရသည်။

၎င်းသည် မည်သည့်တံခါးမဆို ဖြစ်သွားနိုင်သည်ဟု ဆိုထား၏။

ထို့ကြောင့် မူလသဘောတရားတံခါးဟု ခေါ်ဝေါ်နေကြသည်မှာ သူ၏ ဇာတ်ကောင်သရုပ်ဆောင်မှုတစ်ခုမျှသာ ဖြစ်နိုင်သည်ဟု သူယူဆလိုက်သည်။

"အဲဒါကို ဂိမ်းတစ်ခုထဲမှာ ငါမြင်ဖူးသလိုပဲ"

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဂိမ်းတစ်ခုလား"

မဟာပညာရှိ ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ်အား ကြည့်လိုက်သည်။

"အင်း...ငါ အဲဒီဂိမ်းထဲကို ပြန်သွားရင်ကော။ အဲဒါက ဂိမ်းထဲက ပစ္စည်းတစ်ခုအနေနဲ့ ပြန်ပေါ်လာနိုင်တယ်။ မဟုတ်သေးဘူး၊ အဲဒီမှာ ရှိနေတုန်းလည်း ဖြစ်နိုင်တယ်"

ကျိယွမ်က စဥ်းစားသလိုပြောလိုက်သည်။

သူသည် ထိုဂိမ်း၏ ဇာတ်သိမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။

ပိုင်ကျိသည် ကံကြမ္မာကျောက်တုံး၏ ကြိုးကိုင်မှုကို ခံခဲ့ရပြီး မဟာနေမင်းကြာပန်းက အရာအားလုံးကို လောင်ကျွမ်းစေခဲ့သည်။

မဟာနေမင်းကြာပန်းသည် ယန်နတ်ဘုရားအဆင့်ရှိသော ဗောဓိသတ္တ ချန်ထားခဲ့သော အကြွင်းအကျန် ပစ္စည်းတစ်ခု ဖြစ်၏။

ကြာပန်းသည် လျုဖုန်းနယ်မြေ တစ်ခုလုံးကိုပင် ပြာဖြစ်အောင် လောင်ကျွမ်းစေနိုင်သည်။

နောက်ဆုံးတွင် ကျိယွမ်သည် ထိုကြာပန်းကို ဝါးမျိုလိုက်ပြီး ဂိမ်းဆုလာဘ်ကို အသုံးပြု၍ အနန္တအသွင်ကူးပြောင်းတံခါးအတွက် သော့ကို ဖန်တီးခဲ့သည်။

ထို့နောက် တံခါးကို ဖွင့်ကာ ကျူးယန်နှင့်အတူ အမည်မသိ စကြဝဠာတစ်ခုဆီသို့ လျူဖုန်းနယ်မြေမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

မဟာပညာရှိက စဉ်းစားသလို ခေတ္တတွေးလိုက်ပြီးမှ မေးသည်။

"ဂိမ်းထဲက ပစ္စည်းတစ်ခုက တကယ်ပဲ အစစ်အမှန် ဖြစ်နိုင်ပါ့မလား"

"ဖြစ်နိုင်တာပေါ့... ဘယ်သူသိမှာလဲ။ ငါတို့ရဲ့ တကယ့်ကမ္ဘာကြီးကလည်း ကြီးမားတဲ့ ဂိမ်းတစ်ခု ဖြစ်မနေနိုင်ဘူးလား။ ငါတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကလည်း အွန်လိုင်းဂိမ်းကြီးတစ်ခု ဖြစ်နေနိုင်တာပဲ။"

"ငါတို့က ကျောက်စိမ်းပြားတွေပေါ်မှာ အခြားကမ္ဘာတွေကို ဂိမ်းဆော့နေတဲ့အချိန်မှာ ငါတို့ကမ္ဘာကြီးကလည်း တခြားကျောက်စိမ်းပြားအကြီးကြီးတစ်ခုထဲက ဂိမ်း ဖြစ်နေနိုင်တာပေါ့"

ကျိယွမ်က အတည်အပေါက် ပြောလိုက်သည်။

မဟာပညာရှိက ငြိမ်သက်ကာ တွေးနေ၏။

သို့သော် ခေတ္တကြာသောအခါ သူ၏ဦးခေါင်းကို သူပြန်ကိုင်လိုက်ပြီး

ဖိလိုက်သည်။

"တော်ပါတော့၊ ငါ့ဦးနှောက် ပေါက်ထွက်တော့မလို ခံစားနေရပြီ"

သူ၏ ဦးနှောက်သည် စိတ်ကူးထဲတွင်သာ ကြီးထွားနေခြင်း မဟုတ်ဘဲ သူ၏ ဦးခေါင်းခွံကို ဖောက်ထွက်ရန် အမှန်တကယ် ကြိုးစားနေသကဲ့သို့ပင် ခံစားလာရ၏။

"မင်းပြောတာ မှန်တယ်၊ ငါတို့လို ပါရမီရှင်တွေက အများကြီး မတွေးသင့်ဘူး။ ကာဗွန်အခြေခံ လူသားခန္ဓာကိုယ်တွေက ဒါကို မခံနိုင်ဘူး"

ကျိယွမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ၎င်းသည် ဘလူးစတားကမ္ဘာတွင် လူသားများက စကြဝဠာ၊ ဂလက်ဆီ သို့မဟုတ် တွင်းနက်ကြီးများအကြောင်း စတင်စဉ်းစားသည့်အခါ ခေါင်းကိုက်လာတတ်သည်နှင့် အတူတူပင်။

အချို့က သူတို့လက်လှမ်းမမှီသည်များကို သိသည့်အရာအနည်းငယ်နှင့်ယှဥ်ထိုးကြည့်ပြီး ယခုလိုပင် စဥ်းစားကာ ပုံဖော်ပြောကြ၏ ။ မသိသူများကလည်း ထိုအရာများကို တကယ်ဟု ယုံကြသည်။

"မင်း အဲဒီဂိမ်းထဲကို ပြန်သွားလို့ရလား"

မဟာပညာရှိက ကျိယွမ်အားမေးသည်။

"မင်းသာ ပြန်သွားနိုင်ရင်တောင် မူလသဘောတရားတံခါးကို ထိန်းချုပ်နိုင်မှာလား။"

"ဒါပေမဲ့ အဲဒီတံခါးက ခေတ်အဆက်ဆက်မှာ အကြိမ်ကြိမ် ပေါ်လာဖူးပေမဲ့ ဘယ်ယန်နတ်ဘုရားကမှ ပိုင်ဆိုင်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုကြတယ်။ မူလသဘောတရားတံခါးကို ရတဲ့သူက အထက်ဘုံတွေရဲ့ အုပ်စိုးရှင် ဖြစ်လာနိုင်တယ်လို့တောင် သတင်းထွက်နေတာ"

မူလသဘောတရားတံခါးသည် ထူးခြားဆန်းပြားသော ရတနာအားလုံးထဲတွင် အကြီးမြတ်ဆုံးဟု ဆိုကြ၏။

မူလသဘောတရားအဆင့်သို့ ရောက်ရှိသော ယန်နတ်ဘုရားတိုင်းသည် သူတို့၏ ထိုးထွင်းသိမြင်မှုများကို နိယာမတံခါးပေါ်တွင် ချန်ထားခဲ့ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုတံခါးကို ရရှိပါက ယန်နတ်ဘုရားအားလုံး၏ နိယာမလမ်းစဉ်များကို နားလည်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ယန်နတ်ဘုရားအားလုံးက ၎င်းကို ထိပ်တန်းရတနာအဖြစ် သတ်မှတ်ပြီး ပိုင်ဆိုင်လိုကြ၏။

သူတို့ မပိုင်ဆိုင်နိုင်လျှင်ပင် ဖျက်ဆီးပစ်ချင်ကြသည်။ မဟုတ်ပါက အခြားယန်နတ်ဘုရားတစ်ပါးက ရရှိသွားပြီး နှစ်ပေါင်းသောင်းချီ၍ လေ့လာလိုက်ပါက သူတို့၏ ကိုယ်ပိုင်နိယာမများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ကျိယွမ်က တစ်ခုခုကို သဘောပေါက်သွားသလို ထပြောသည်။

"မူလသဘောတရား တံခါးလား၊ အဲဒါက ဘာလို့ ငါ့ရဲ့ ငရဲဘုံတံခါး မဟုတ်ရမှာလဲ"

သူသည် ပါရမီရှင်များထဲက ပါရမီရှင်တစ်ဦး အမှန်တကယ်ဖြစ်ကြောင်း သူကိုယ်သူ သဘောပေါက်သွားလေပြီ။

မိန်းကလေးတွေ အတူတူနေတဲ့အခါ တစ်ယောက်က ရာသီလာလျှင် တခြားသူတွေပါ လိုက်ဖြစ်တတ်သလိုမျိုးပင်။

မဟာပညာရှိနှင့်အတူ ရှိနေခြင်းကြောင့် ကျိယွမ်၏ စိတ်ထဲတွင် ပါရမီရှင် အတွေးအမြင်များ ရုတ်တရက် စီးဆင်းလာပြီး အရာအားလုံး ရှင်းလင်းသွားခြင်း ဖြစ်နိုင်သည်။

အချိန်ကိုက်ပဲ ..ငါ့ရဲ့ ငရဲဘုံမှာလည်း လူရှိန်လောက်တဲ့ တော်ဝင်တံခါးတစ်ခု မရှိသေးဘူး။

မည်သည့်တံခါးမဆို ဖြစ်လာနိုင်သည်ဟုဆိုသော အနန္တအသွင်ကူးပြောင်းတံခါးသည် သူ၏ ငရဲဘုံဝင်ပေါက်အဖြစ် အလွယ်တကူ အသုံးတော်ခံနိုင်သည် မဟုတ်ပါလား။

၎င်းသည် မည်သည့်တံခါးမဆို ဖြစ်နိုင်သည်ဟု ကြေညာထားခဲ့ခြင်းက သက်သေပင် ။

သူလုပ်ရန် လိုအပ်သည်မှာ အနန္တအသွင်ကူးပြောင်းတံခါးကို သူ၏ ငရဲဘုံတံခါးအဖြစ် သတ်မှတ်လိုက်ပြီး တံခါးပတ်ပတ်လည်တွင် ခရမ်းရောင်ချီအချို့ ဖြန်းလိုက်ရုံသာ ဖြစ်သည်။

ထိုအခါ ယန်နတ်ဘုရားများသည် မြစ်ထဲက ငါးများကဲ့သို့ အုပ်စုလိုက် ရောက်လာကြပေလိမ့်မည်။

သူက ရန်သူကို လှည့်စားလိုပါက အလွယ်ကူဆုံးနည်းလမ်းမှာ တံခါးကို သူတို့၏ အိမ်ရှေ့တွင် သွားထားလိုက်ရုံသာ...။

ထိုအခါ မည်သည့် ယန်နတ်ဘုရားမဆို ၎င်းကို မြင်သည်နှင့် "အို၊ ခရမ်းရောင်ချီတွေနဲ့ မူလသဘောတရားတံခါးပဲ၊ ကြည့်စမ်း တံခါးကတင် အနှိုင်းမဲ့ဖြစ်နေပါပြီဆို ခရမ်းရောင်ချီတွေလည်း ရဦးမယ် ...ငါတော့ ကံထူးပြီ" ဟု တွေးမိကြလိမ့်မည် ။

သူတို့သည် ဝမ်းသာအားရ ပြေးဝင်သွားကြမှာ သေချာ၏ ။ သို့သော်လည်း အဆုံးတွင် အေးစိမ့်ပြီး ကြောက်မက်ဖွယ်ကောင်းသော ငရဲဘုံကြီးထဲသို့ ရောက်သွားကြမည် ဖြစ်သည်။

သို့မဟုတ်လျှင်လည်း ကျိယွမ်က ထိုတံခါးကို သူ၏ အမြုတေကြယ်များရှိရာ စကြဝဠာဆီသို့ ဦးတည်သွားအောင် ပြုလုပ်နိုင်သည်။

သူတို့ ဝင်လာသောအခါ သူ၏အမြုတေအားလုံးက သူတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ကြလိမ့်မည်။

၎င်းသည် မည်မျှ ပျော်စရာကောင်းသော မြင်ကွင်းဖြစ်လာမည်ကို သူတွေးကြည့်လိုက်သည်။

"အဲဒါက နည်းနည်းတော့... ပိုမနေဘူးလား"

မဟာပညာရှိက ကျိယွမ်၏ ဉာဏ်ရည်ကို ပထမဆုံးအကြိမ် သံသယဝင်သွားသည်။

အဆုံးတွင်တော့ သူတို့ ပြောနေကြသည်မှာ မူလသဘောတရားတံခါးအကြောင်း ဖြစ်သည်။

သို့သော် သူ ခဏမျှ ပြန်စဉ်းစားကြည့်လိုက်၏။

"တကယ်တော့ မင်းပြောတာက အဓိပ္ပာယ်ရှိတယ်။ မင်းသာ အဲဒါကို ဖမ်းနိုင်ရင် မင်းရဲ့ ငရဲဘုံတံခါး အမှန်တကယ် ဖြစ်လာနိုင်တာပဲ။"

"ဒါပေမဲ့ တကယ့်အခက်အခဲက... မင်း အဲဒါကို ဘယ်လိုဖမ်းမလဲ ဆိုတာပဲ။"

ထိုတံခါးသည် ကမ္ဘာဦးကတည်းက တည်ရှိခဲ့ပြီး အထက်ဘုံများတွင် အကြိမ်ကြိမ် ပေါ်လာခဲ့ဖူးသည်။ အထက်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ရှိသော်လည်း မည်သူကမျှ ၄င်းကို မဖမ်းဆုပ်နိုင်ခဲ့ကြပါ။

"ဘာလို့ ဖမ်းရမှာလဲ၊ အဲဒါက ငါ့တံခါး ဖြစ်နေပြီးသားပဲကို"

ကျိယွမ်ကတော့ အပိုင်ပြောနေ၏။

သူ့တွင် အနန္တအသွင်းကူးပြောင်းတံခါး၏သော့ ရှိနေသည်။ ထိုတံခါးကို ထိုသော့နှင့်သာဖွင့်နိုင်၏။

တံခါးကိုဖွင့်နိုင်သည့် သော့ရှိသူက တံခါးပိုင်ရှင်မဟုတ်လျှင် မည်သူကို ပိုင်ရှင်ခေါ်ရမည်နည်း။

" အဲဒါက အမြဲတမ်း ငါ့ဟာ ဖြစ်နေတာပါ။ သူက အပြင်မှာ ခဏလေး လျှောက်လည်နေတာပဲ ရှိတာ"

ကျိယွမ်က သူကိုယ်သူ ယုံကြည်သွားအောင် အလေးအနက် ပြောလိုက်သည်။

မဟာပညာရှိ၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူသည် တစ်ဖက်လူကိုပါ ယုံကြည်အောင် လုပ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

မဟာပညာရှိက ကျိယွမ်ကို သံသယဖြင့် ကြည့်၏။

"အဲဒါက တကယ်ပဲ မင်းရဲ့ တံခါးလား"

"ဒါပေါ့"

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါ ဘယ်တော့ မင်းဆီ အလည်လာလို့ ရမလဲ"

မဟာပညာရှိက မစောင့်နိုင်တော့သလိုမေးသည်။

"အဲ...အဟမ်း....ငါ့အိမ်က ပြင်ဆင်နေတုန်းပဲ။နောက်မှပေါ့"

ကျိယွမ် အနည်းငယ် အနေခက်သွား၏။

သူ့အိမ်၏တံခါးက ပျောက်နေသေးသည် မဟုတ်ပါလား။

............

"မင်းကလည်း မြင့်မြတ်တဲ့ ရတနာတစ်ခု ဖြစ်နေတာလား"

သူ၏ အခန်းထဲတွင် ကျိယွမ်သည် ဂိမ်းကျောက်ပြားကို ထုတ်ယူကာ ဂရုတစိုက် စစ်ဆေးနေသည်။

ထို့နောက် သူက ခေါင်းယမ်းလိုက်၏။

"ဒါက ပျက်စီးနေတဲ့ ဂိမ်းစက်တစ်ခုပဲ။ ဒါက ဘယ်လိုလုပ် မြင့်မြတ်တဲ့ ရတနာ ဖြစ်နိုင်မှာလဲ"

အကယ်၍ ဂိမ်းစက်တစ်ခုကို မြင့်မြတ်သော ရတနာအဖြစ် သတ်မှတ်လိုက်လျှင် ထိုအယူအဆက အပေါစားဆန်နေပေလိမ့်မည်။

ပန်းချီဆရာမနှင့် မဟာပညာရှိတို့၏ အဆိုအရ မြင့်မြတ်သော ရတနာတစ်ခုသည် မူလသဘောတရားအဆင့်ရှိသော ယန်နတ်ဘုရားတစ်ပါးနှင့် တန်ဖိုးတူညီသည်။

အောက်ပိုင်းကောင်းကင်သုံးဘုံမှ ယန်နတ်ဘုရားတစ်ပါးသည် မြင့်မြတ်ရတနာတစ်ခုကို အသုံးပြု၍ မြင့်မြတ်နယ် မြေတစ်ခုလုံးကို အလယ်ကောင်းကင်သုံးဘုံသို့ မြှင့်တင်ပေးနိုင်၏။

ထို့ကြောင့် ထို့ယွမ်၏ စိတ်ကူးထဲတွင်မြင့်မြတ်ရတနာများသည် စိတ်ကူးယဉ်ဆန်သော ခန့်ညားထည်ဝါမှုမျိုး ရှိရမည် ဖြစ်သည်။

အထက်ဘုံရှိ နတ်သမီးလေးများသည် အပေါ့အလေး မသွားကြသလိုမျိုး ခံစားချက်မျိုးပင်။

ဒါပေမဲ့ သူတို့ပြောပုံအရဆို ဒီဂိမ်းကျောက်ပြားက မြင့်မြတ်ရတနာလား ။

ဂိမ်းကျောက်စိမ်းပြားကို ကြည့်ရင်း ကျိယွမ်၏ အကြည့်များက ရှုပ်ထွေးလာသည်။

လျူဖုန်းနယ်မြေ၏ ဂိမ်းအိုင်ကွန်လေးသည် မီးခိုးရောင် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

၎င်းက သူသည် ထိုဂိမ်းကို ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ဂိမ်းကျောက်စိမ်းပြားမှတစ်ဆင့် လျူဖုန်းနယ်မြေသို့ ထပ်မံဝင်ရောက်ရန် နည်းလမ်းမရှိတော့ကြောင်း အဓိပ္ပာယ်ရ၏။

"ပင်လယ်ထဲမှာ အပ်ရှာသလိုမျိုး ရှာရတော့မယ့်ပုံပဲ။"

လျူဖုန်းနယ်မြေကို ရှာဖွေရန် အခြားနည်းလမ်းတစ်ခုတော့ ရှိသေးသည်။

၎င်းမှာ သူ၏ ကြယ်များကို ကောင်းကင်ဘုံအားလုံးတွင် ဖြန့်ကြက်ကာ အနန္တနယ်မြေများကို အလင်းပေးရန် ဖြစ်သည်။ ထိုအခါ သူ၏ အလင်းရောင်ရောက်ရှိရာ နေရာတိုင်းကို သူ မြင်တွေ့နိုင်မည် ဖြစ်သည်။

လက်ရှိတွင် ကျိယွမ်၏ ကြယ်စင်ရောင်ပြန်ဟပ်မှုသည် ကန်းလန်နယ်မြေအထိသာ ရောက်ရှိသေးသည်။

သူ၏ နေမင်းဆယ်စင်းသည် အခြားနယ်မြေများသို့ မရောက်ရှိသေးပါ။

သို့သော် တစ်ဖက်မှတွေးလျှင် သူ၏နေမင်းများကို အခြားနယ်မြေများသို့ စေလွှတ်ခြင်းမှာ ရန်စခြင်းတစ်မျိုးဟု ယူဆနိုင်၏။

အဘယ်ကြောင့်ဆိုသော် အနန္တနယ်မြေများကို အလင်းပေးနေသော ကြယ်များသည် ကြာမြင့်စွာကတည်းက သတ်မှတ်ထားသော စည်းမျဉ်းများ ရှိသောကြောင့် ဖြစ်သည်။

နေသည် နေဖြစ်ပြီး၊ လသည် လဖြစ်ကာ၊ ကြယ်တံခွန်သည် ကြယ်တံခွန် ဖြစ်၏။

ယခုအခါ ကျိယွမ်သည် ကြယ်ဆယ်စင်းကို လွှတ်လိုက်မည်ဖြစ်ပြီး အားလုံးမှာ နေမင်းများဖြစ်သည်။

၎င်းက ဘာကို ဆိုလိုသနည်း။

နေမင်းကြီးကို စိန်ခေါ်ခြင်းလား။

ဒါပေမဲ့ ကျိယွမ်က ဂရုမစိုက်ပါ။

ယခုအချိန်တွင် နေမင်းကြီးသည် ကပ်ဘေးကြီး၏ နောက်ကွယ်တွင် ရှိနေသော ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်နှင့် ဆက်နွှယ်နေကြောင်း သူနားလည်သွားပြီ ဖြစ်သည်။

မကြာမီ သူတို့နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ရာ ကြိုတင်၍ အနည်းငယ် ရန်စထားခြင်းက ဘာအန္တရာယ် ရှိနိုင်မည်နည်း။

သို့သော် ကြယ်များကို အနန္တနယ်မြေများသို့ ဖြန့်ကြက်ရုံဖြင့် ကမ္ဘာအားလုံး၏ တည်နေရာကို အလိုအလျောက် သိရှိစေမည်တော့ မဟုတ်ပါ။

၎င်းသည် ယန်နတ်ဘုရားတစ်ပါးက ထိုကမ္ဘာသို့ သွားရောက်ဖူးမှသာ အလုပ်လုပ်မည် ဖြစ်သည်။

"အနန္တနယ်မြေက လူသားတွေအတွက်တော့ ကောင်းချီးတစ်ခုရတော့မှာပဲ။"

"ကောင်းကင်မှာ နေဆယ်စင်း ထပ်တိုးလာတာက ကောင်းချီးဆယ်ခု ထပ်တိုးလာတာပေါ့။"

"ဒါက ပူလွန်းလို့ လူတွေ စည်းကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး မျိုးပွားဖို့အတွက်တောင် အထောက်အကူ ဖြစ်ဦးမယ်။"

"ဒါက ကောင်းကင်တာအို အနှစ်သက်ဆုံးအရာ မဟုတ်ဘူးလား။ မျိုးပွားခြင်းလေ။"

"စည်းကန့်သတ်ချက်တွေကို ကျော်ဖြတ်တဲ့ လုပ်ရပ်တွေကို အပြစ်တင်တာမျိုး ငါတို့ ရပ်တန့်သင့်တယ်"

ကျိယွမ်သည် ကြယ်ပေါင်းများစွာကို မော့ကြည့်လိုက်သည်။

အခြားကြယ်များနှင့် ယှဉ်လျှင် မှိန်ဖျော့နေသော ထူးခြားမှုမရှိသည့် ကြယ်တစ်စင်းကို သူ သတိထားမိလိုက်၏။

သူ၏ မျက်ဝန်းထဲတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

ကုံရှင်းတွင်ရှိစဥ်က အထက်ဘုံမှလာသော ယွီမုန့်ရှန်းသည် ထိုကြယ်ကို သူ့အတွက် အမှတ်အသား ပြုလုပ်ပေးခဲ့သည်။

၎င်းမှာ လနတ်သမီး၏ ကြယ်စင် ဖြစ်သည်။

"အတော်ပဲ။ အနန္တနယ်မြေကို အလင်းပေးနေတုန်းမှာ ကျင်းလီရဲ့ ကြယ်ဆီကိုလည်း ငါ သွားလည်ရမယ်။"

"ဝမ်းနည်းစရာ တစ်ခုက ငါ့မှာ ကြယ်တွေ မလုံလောက်သေးတာပဲ၊ ဆယ်စင်းပဲ ရှိသေးတယ်။ ဒရုန်းရှိုးတွေလို ကောင်းကင်မှာ စာလုံးတွေ ပုံစံတွေတောင် ဖော်လို့မရသေးဘူး။"

ကျိယွမ်က သူ့ဘာသာ ရေရွတ်လိုက်သည်။

ထိုအခိုက် ကျူးယန်သည် သူ၏ ဘေးတွင် ပေါ်လာ၏။

ယခုအခါ ကျိယွမ်သည် ကျူးယန်နှင့် နင်းထောင်ကို သူအလိုရှိတိုင်း ခေါ်ယူနိုင်ပြီ ဖြစ်သည်။

ဤအချိန်တွင် ကျူးယန်သည် ချစ်စရာကောင်းသော အဝါရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။

"ဟီးဟီး၊ နောက်ဆုံးတော့ အိုးကိုးလုံး​တောင်ကို ပြန်သွားလို့ ရပြီပေါ့။"

"နင်းထောင်က နင့်ရဲ့အမြုတေပေါ်မှာ နေပြီး လျူဖုန်နယ်မြေကို ရှာဖို့ ကူညီပေးနေတယ်"

"သူက မင်းကိုယ်တိုင်ပဲကို ဘာလို့ သူ့နာမည်အပြည့်အစုံနဲ့ ခေါ်နေရတာလဲ"

ကျိယွမ်က ဇဝေဇဝါဖြင့် မေးပြီး ကျူးယန်ကို ကြည့်လိုက်သည်။

အတိတ်ဘဝခန္ဓာနှင့် လက်ရှိခန္ဓာများသည် နည်းပညာအရ တစ်ခုတည်း သာဖြစ်သည်။

တမင်တကာ ပိတ်ဆို့မထားပါက ဗားရှင်းနှစ်ခုစလုံးသည် တူညီသော အတွေ့အကြုံကို မျှဝေခံစားကြရမည် ဖြစ်၏။

ယခုလည်း အတိတ်ဘဝခန္ဓာနှင့် လက်ရှိခန္ဓာများကို ခွဲခြားပြီးနောက် အတိတ်ဘဝခန္ဓာသည် ကျူးယန်၏ ပုံသဏ္ဌာန်ကို ယူထားခြင်း ဖြစ်သည်။

ကျူးယန်က သူ၏မေးခွန်းကို ပြန်မဖြေပါ။မဖြေသည့်အပြင် မေးခွန်းတစ်ခုကိုပါ ပြန်မေးလိုက်၏။

"နင်က ငါ့ကို ပိုချစ်တာလား၊ ဒါမှမဟုတ် နင်းထောင်ကို ပိုချစ်တာလား"

ကျိယွမ်က ကျူးယန်အား မျက်လုံးပြူးကာကြည့်လိုက်မိသည်။

"ငါနဲ့ ငါ့အမေ မြစ်ထဲကျရင် ဘယ်သူ့ကို အရင်ကယ်မလဲလို့ မေးနေသလိုပဲ"

"ကောင်းပြီလေ၊ ငါ နင့်ကို မနှောင့်ယှက်တော့ပါဘူး။ သွားပါ၊ အနန္တနယ်မြေကို အလင်းသွားပေးပါ။ နင်းထောင်လေးနဲ့ ငါက နင့်ကို အတူတူ ကူညီပေးပါ့မယ်"

ကျူးယန်က ရုတ်တရက် တည်ကြည်သော မျက်နှာထားဖြစ်သွား၏။

"ကောင်းပြီ"

ကျိယွမ်၏ မျက်နှာထားမှာလည်း တည်ကြည်သွားသည်။

အနန္တနယ်မြေများကို အလင်းပေးခြင်းသည် သေးငယ်သော ကိစ္စမဟုတ်ပါ။

၎င်းသည် ယန်နတ်ဘုရားတစ်ပါး၏ ရာဇပလ္လင်ကို စတင်မြှင့်တင်ခြင်း၏ အချက်ပေးသံ ဖြစ်သည်။

ရာဇပလ္လင်ကို မြှင့်တင်ခြင်းနှင့် မမြှင့်တင်ခြင်းကြားတွင် ကြီးမားသော ခြားနားချက် ရှိ၏။

သို့သော်လည်း ကျိယွမ်တွင် ရွေးချယ်စရာမရှိခဲ့ပါ။

လုပ်ရတော့မှာပဲ။

................

အထက်ဘုံတွင်ဖြစ်သည်။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံရှိ

ထိုက်ဟွမ်နန်းတော်...။

အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းကာ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လာ၏။

တောင်ထိပ်တစ်ခုလုံးသည် မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။

သစ်ပင်များသည် မီးဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေပြီး၊ မီးတောက်နေသော မြက်ပင်များ၊ မီးသီးများနှင့် မီးငှက်များ လည်း ပျံသန်းနေကြသည်။

မီးတောက်နေသော တောင်ထိပ်၏ အလယ်တွင် နတ်ဂီတသံများ ပဲ့တင်ထပ်နေ၏။

ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေပြီး သူ၏ အောက်တွင် ရှိနေသော ဒဏ္ဍာရီအဆင့်တစ်ရာနီးပါးကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားနေ​ပုံရသည်။

(ဒဏ္ဍာရီအဆင့်ဆိုသည်မှာ ယင်နတ်ဘုရား၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်ကိုချိုးဖြတ်လျှင် ယန်နတ်ဘုရားဖြစ်နိုင်၏။ထိုအဆင့်သည် သာမန်ယင်နတ်ဘုရားများထက် စွမ်းအားပိုကြီးပြီး ယန်နတ်ဘုရား အလောင်းအလျာဟု ဆိုနိုင်သည်)

"အားလုံးပဲ၊ ဒီနေ့ ထိုက်ဟွမ် စုဝေးပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ တိုးတက်မှုအချို့ကို တင်ပြသွားမှာ ဖြစ်တယ်"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားသည် ထိုက်ဟွမ်နန်းတော်၏ ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။

ယန်နတ်ဘုရားများမှလွဲ၍ ကျန်ရှိနေသော ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်များထဲတွင် သူသည် ထိပ်ဆုံးဆယ်ဦး စာရင်းတွင် ပါဝင်၏။

ယန်နတ်ဘုရားများကတော့ လူမြင်ကွင်းသို့ ထွက်ခဲလှသည်။

ထို့ကြောင့် အဓိက အင်အားစုများ အချင်းချင်း ဆက်သွယ်ပြောဆိုကြသော ဤစုဝေးပွဲများကို ထိုဒဏ္ဍာရီလာ အဆင့်ပုဂ္ဂိုလ်များကသာ ကိုင်တွယ်ကြခြင်း ဖြစ်သည်။

သို့သော် ဤသူများသည် သာမန်ဒဏ္ဍာရီများ မဟုတ်ကြပါ။

တစ်ဦးချင်းစီသည် အနန္တနယ်မြေများကို အလင်းပေးနိုင်စွမ်း ရှိကြပြီး သူတို့၏ အသီးသီးသော အင်အားစုများကို ကိုယ်စားပြုကြသူများ ဖြစ်သည်။

(အနန္တနယ်မြေများဆိုသည်မှာ နယ်မြေအားလုံးကို စုပေါင်းကာ အလွယ်ခေါ်ခြင်းဖြစ်သည်။ ကန်းလန်နယ်မြေ၊ လျူဖုန်းနယ်မြေ ၊ ဖန်ထုန်နယ်မြေ ၊ အမည်မသိ​သေးသော နယ်မြေ ...စသည်တို့အားလုံးကို အနန္တနယ်မြေများဟု အလွယ်ခေါ်၏)

"ဘာသတင်းကောင်းများ ရှိလို့လဲ"

မိစ္ဆာမျိုးနွယ်မှလာသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက ပြုံးလျက် မေးသည်။

"လနတ်သမီးနန်းတော်က ယန်နတ်ဘုရားတစ်ပါးကို သတ်လိုက်နိုင်တာများလား"

မိစ္ဆာမျိုးနွယ်သည် ထိုက်ဟွမ်နန်းတော်ကဲ့သို့ပင် လနတ်သမီးနန်းတော်နှင့် တိုက်ရိုက် ပဋိပက္ခ ဖြစ်နေသူများ ဖြစ်၏။

ထိုရန်ငြိုးသည် အောက်ဘုံရှိ သေးငယ်သော နယ်မြေတစ်ခုမှ စတင်ခဲ့သည်ဟုလည်း ဆိုကြသည်။

ထို့ကြောင့် လနတ်သမီးနန်းတော်နှင့် ပတ်သက်၍ မိစ္ဆာမျိုးနွယ်သည် ပွင့်လင်းစွာ စစ်ကြေညာထား၏။

ထိုက်ဟွမ်နန်းတော်နှင့် လနတ်သမီးနန်းတော်တို့သည်လည်း စစ်မက်ဖြစ်ပွားနေသော အခြေအနေတွင် ရှိနေသည်။

ရောက်ရှိနေသော အခြားဒဏ္ဍာရီလာ ပုဂ္ဂိုလ်များသည် ထိုက်ဟွမ်နန်းတော်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အင်အားစုများကို ကိုယ်စားပြုကြသူများ ဖြစ်သည်။

၎င်းတို့သည် လနတ်သမီးနန်းတော်နှင့် စစ်ပွဲတွင် တိုက်ရိုက် မပါဝင်သော်လည်း နောက်ကွယ်မှနေ၍ အရင်းအမြစ်များနှင့် ထောက်ပံ့မှုများ ပေးအပ်ထားကြသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက ဝင့်ကြွားစွာ ပြုံးလျက် ပြောသည်။

"ဒါပေမဲ့ အဲဒါထက်တောင် ပိုကြီးမားပါတယ်"

"လနတ်သမီးနန်းတော်ရဲ့ အရှင်သခင် ကျဆုံးသွားတာလား"

တစ်စုံတစ်ဦးက ရုတ်တရက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အခြားဒဏ္ဍာရီလာ ပုဂ္ဂိုလ်များက သူ့ကို စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။

ကောင်းကင်ယံရှိ လမင်းကြီးသည် တောက်ပနေဆဲ မဟုတ်ပါလား။

လမင်းကြီးဒီလောက်သာနေတာကို သူတို့အရှင်သခင်က ဘယ်လိုလုပ် ကျဆုံးနိုင်မှာလဲ။

ထို့အပြင် ထိုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် လွယ်လွယ်နှင့် ကျဆုံးမည် မဟုတ်ပါ။

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားသည် မေးခွန်းထုတ်သူကို စိတ်အနှောင့်အယှက် ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

သူ၏ သတင်းက ကြီးမားသော်လည်း လနတ်သမီးနန်းတော် အရှင်သခင် ကျဆုံးမှုနှင့် နှိုင်းယှဉ်လိုက်ပါက အားနည်းသွားသလို ခံစားရစေသည်။

"သူ ကျဆုံးသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်အရှင်သခင်က ပြောတာကတော့ သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက သူ၏ မီးတောက်ပလ္လင်ပေါ်တွင် ဂုဏ်ယူစွာ ထိုင်ရင်း ကြေညာလိုက်သည်။

"ဘာ၊ သူတို့ ဒဏ်ရာရသွားတယ် ဟုတ်လား"

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ အားလုံး တုန်လှုပ်သွားကြသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကမ္ဘာပေါ်တွင် တွေ့ရခဲလှပြီး ဒဏ်ရာရရန်မှာလည်း မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သာမန် ယန်နတ်ဘုရားတစ်ပါး သေဆုံးခြင်းကပင် ထိုပုဂ္ဂိုလ်ကြီး ဒဏ်ရာရရှိမှုလောက် အရေးမကြီးဟု ပြောနိုင်သည်။

"သူတို့ ဘယ်လို ဒဏ်ရာရခဲ့လဲဆိုတဲ့ အသေးစိတ်ကို ငါမသိပေမဲ့ သတင်းကတော့ အမှန်ပဲ။"

"နှစ်ပေါင်းသန်းချီပြီး ထိုက်ဟွမ်နန်းတော်က လနတ်သမီးနန်းတော်နဲ့ စစ်ဖြစ်ခဲ့တယ်။ အခုအချိန်မှာ ထိုက်ဟွမ်နန်းတော်က အသာစီး ရနေပြီ။"

"ပြီးတော့ အဲဒီပုဂ္ဂိုလ်ကလည်း အခု ဒဏ်ရာရနေပြီ။"

"ဒါကြောင့် လနတ်သမီးနန်းတော်ကို တိုက်ခိုက်ဖို့ ထိုက်ဟွမ်နန်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ မင်းတို့ စဉ်းစားသင့်တယ်။"

"ဒါပေါ့၊ ဒီသတင်းကို မင်းတို့ရဲ့ ကောင်းကင်အရှင်သခင်တွေဆီကို လက်ဆင့်ကမ်းနိုင်ပါတယ်"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက ကျေနပ်စွာ ခွင့်ပြုလိုက်သည်။

ဤထိုက်ဟွမ် စုဝေးပွဲ၏ ရည်ရွယ်ချက်မှာ မဟာမိတ်များ ဖွဲ့စည်းရန်၊ အရင်းအမြစ်များ စုဆောင်းရန်နှင့် လနတ်သမီးနန်းတော်ကို ပူးပေါင်းတိုက်ခိုက်ရန်ပင်။

အဓိက ရည်ရွယ်ချက်မှာ အခြားအင်အားစုများမှ ယန်နတ်ဘုရားများကို စစ်ပွဲထဲတွင် ပါဝင်လာစေရန် ဖြစ်သည်။

ယခုအခါ လနတ်သမီးနန်းတော်၏ အရှင်သခင် ဒဏ်ရာရနေချိန်သည် ဝိုင်းအုံတိုက်ရန် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလား။

"ဖန်ဆင်းရှင်ရတနာကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်တောင် ဒဏ်ရာရသွားတယ်.. ဟုတ်လား"

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက မယုံကြည်နိုင်စွာ ရေရွတ်မိသည်။

ဖန်ဆင်းရှင်ရတနာများမှာ ပန်းချီဆရာ မခေါ်ဆိုသော မြင့်မြတ်ရတနာများ ဖြစ်၏။

ရေတွက်၍မရသော နှစ်ပေါင်းများစွာတိုင်အောင် ထိုက်ဟွမ်နန်းတော်နှင့် လနတ်သမီးနန်းတော်တို့သည် စစ်ဖြစ်ခဲ့ကြသော်လည်း ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်များအတွက်မူ ထိုစစ်ပွဲများသည် ကလေးကစားသလိုသာ ရှိသေးသည်။

ထိုက်ဟွမ်နန်းတော်တွင် ဖန်ဆင်းရှင်ရတနာတစ်ခုရှိပြီး လနတ်သမီးနန်းတော်တွင်လည်း တစ်ခုရှိ၏။

ထို့ကြောင့် မည်သည့်ဘက်ကမျှ အပြတ်အသတ် အသာစီး မရနိုင်ခဲ့ကြပါ။

သို့သော် ယခုအခါ ဖန်ဆင်းရှင်ရတနာကို ပိုင်ဆိုင်ထားသော လနတ်သမီးနန်းတော် အရှင်သခင်သည် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။

၎င်း၏ သက်ရောက်မှုများသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။

"သူတို့ ဘယ်လို ဒဏ်ရာရခဲ့လဲဆိုတာ ငါတို့ မသိပေမဲ့ သတင်းအချက်အလက်ကတော့ ယုံကြည်စိတ်ချရပါတယ်။"

"အခုက ငါတို့ ရင်းနှီးတဲ့ မဟာမိတ်ဖွဲ့ဖို့ အချိန်ပဲ။"

"မင်းတို့ရဲ့ ကောင်းကင်အရှင်သခင်တွေလည်း ပါဝင်သင့်တယ်။"

"မင်းတို့က လနတ်သမီးနန်းတော်ရဲ့ အဓိက ဗဟိုဒေသတွေထဲအထိ ဝင်တိုက်ဖို့ မလိုပါဘူး။ အပြင်ဘက် ဧရိယာတွေကိုပဲ အာရုံစိုက်ပါ"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားကတော့ အလွန်ဂုဏ်ယူနေပုံရ၏။

ရောက်ရှိနေသော ဒဏ္ဍာရီလာပုဂ္ဂိုလ်များ၏ အသက်ရှူသံများ ပြင်းထန်လာကြသည်။

လနတ်သမီးနန်းတော်၏ နယ်မြေသည် ကျယ်ပြောလှပြီး အတိုင်းအဆမသိနိုင်ပေ ။

အကယ်၍ လနတ်သမီးနန်းတော်၏ အရှင်သခင်သာ အမှန်တကယ် ဒဏ်ရာရနေပါက သူတို့၏ ကောင်းကင်အရှင်သခင်များသည် စစ်ပွဲထဲသို့ ဝင်ရောက်ကာ အကျိုးအမြတ်အချို့ ခွဲဝေယူကြမည်မှာ အသေအချာပင်။

အခွင့်အရေးရလျှင် မည်သူက လက်လွှတ်ခံချင်မည်နည်း။

"ငါ့ရဲ့ ကောင်းကင်အရှင်သခင်ကို ဒါကို တင်ပြလိုက်ပါ့မယ်။ တကယ်သာ အမှန်ဖြစ်ရင်တော့.. ဟဲဟဲ ဟဲဟဲ ငါတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေရမှာပဲ"

"ဗဟိုဒေသတွေအတွက် စိတ်မပူပါနဲ့၊ ထိုက်ဟွမ်နန်းတော်က ကိုင်တွယ်ပါလိမ့်မယ်။ မင်းတို့က အပြင်ဘက် ဒေသတွေကိုပဲ အာရုံစိုက်ရင် ရပါပြီ"

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။

ဤသတင်းသာ ပျံ့နှံ့သွားပါက ယနေ့ထိုက်ဟွမ်စုဝေးပွဲသည် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာရန် အခွင့်အလမ်းများစွာ ရှိ၏။

အကယ်၍ အောင်မြင်ခဲ့ပါက ထိုက်ဟွမ်နန်းတော်သည် ကြီးမားသော ထောက်ခံမှုများ ရရှိမည်ဖြစ်ပြီး လနတ်သမီးနန်းတော်မှာမူ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရကာ အင်အားချိန်ခွင်လျှာ ကြီးမားစွာ ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုစဉ်မှာပင် လနတ်သမီးနန်းတော် အရှင်သခင် ကျဆုံးသွားပြီလားဟု စောစောက မေးခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်က ရုတ်တရက် ထပ်မံပြောလိုက်ပြန်သည်။

"ဘာလို့ ပိုပူလာသလို ခံစားနေရတာလဲ"

"ဒါက ထိုက်ဟွမ်နန်းတော်လေ၊ နည်းနည်း ပူနေတာက ပုံမှန်ပါပဲ"

အခြားတစ်ဦးက အရေးမကြီးသလို ပြန်ဖြေလိုက်၏။

"ဒါပေမဲ့... အခုက နည်းနည်း ပူလွန်းမနေဘူးလား"

"ဟ.....နေဦး....ကောင်းကင်မှာ အဲဒါ ဘာကြီးလဲ"

ထိုအဖိုးအိုက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ မုတ်ဆိတ်မွေးများ တုန်ရင်ကာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

.............

All Chapters