အခန်း (၃၉၂-၃၉၃)
Vol. 36 Ch. 392-393
အခန်း ၃၉၂ - ဝက်မွေးမြူခြင်းအတတ်တွင် ကျွမ်းကျင်လွန်းခြင်း၏ နောက်ဆက်တွဲနှင့် ထွက်ပြေးသွားသော ဒဏ္ဍာရီ
ကျောက်စိမ်းကညာ၏ မျက်နှာထက်မှ အမူအရာကို မြင်လိုက်ရသောအခါ ရှိနေသူများမှာ ဝေခွဲမရ ဖြစ်သွားကြသည်။ သန်မာထွားကြိုင်းသော အမျိုးသားက ရှေ့သို့ အလျင်အမြန် ထွက်လာ၏။
"ကျောက်စိမ်းကညာကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ သွေးဝတ်စုံဓားနတ်ဘုရားကို ကျွန်တော်တို့ဘာသာ ဖြေရှင်းနိုင်ပါတယ်"
ကျောက်စိမ်းကညာကို လှုပ်ရှားခိုင်းခြင်းမှာ သူမကို စော်ကားသလို ဖြစ်သွားသည်ဟု သူက ထင်မြင်သွားသည်။ သူမသည် ကောင်းကင်ယံကို လင်းလက်စေသည့် မြင့်မြတ်သော ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလား။
သာမန် သွေးဝတ်စုံဓားနတ်ဘုရားလို လူတစ်ယောက်ကို ကိုင်တွယ်ရန် သူမအနေဖြင့် မည်သို့နှိမ့်ချနိုင်ပါမည်နည်း။
"ငါကိုယ်တိုင် လှုပ်ရှားရမယ် ဟုတ်လား။"
ကျောက်စိမ်းကညာက လှောင်ပြုံးပြုံးလိုက်သည်။
"ဟုတ်တာပေါ့ ..ငါက ဘာလို့ ကိုယ်တိုင် မလှုပ်ရှားရမှာလဲ။ ငါကိုယ်တိုင်ကို လှုပ်ရှားရမှာပေါ့"
ထိုစကားကို ကြားသောအခါ သန်မာထွားကြိုင်းသော အမျိုးသားမှာ ပို၍ဝမ်းသာသွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက သူ၏ ကျောပြင်ကို အပ်များဖြင့် ထိုးဆွနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သဘာဝအလျောက် သတိကြီးစွာ ထားလိုက်သော်လည်း သူ၏ နတ်ဘုရားစွမ်းအင်ကို မစုစည်းနိုင်မီမှာပင် လွှမ်းမိုးထားသော ဖိအားတစ်ခုက သူ့ကို ဖိခြေလိုက်၏။
သူနှင့်အတူ ဆူညံစွာ အော်ဟစ်နေကြသော အခြားသော အုပ်စိုးရှင်များအပေါ်တွင်လည်း ထိုဖိအားက သက်ရောက်သွားသည်။
"မလုပ်ပါနဲ့"
ကြောက်လန့်စွာအော်ဟစ်သံနှင့်အတူ ကျောက်စိမ်းကညာသည် အဘယ်ကြောင့် သူတို့အား ယခုလိုလုပ်သည်ကိုလည်းကောင်း၊ အကြောင်းရင်းကိုလည်းကောင်း သူတို့ နားမလည်နိုင်ကြချေ။
အစားထိုးဒဏ္ဍာရီအဆင့်များ ဖြစ်ကြသော ထိုမဟာအုပ်စိုးရှင်များသည် ကောင်းကင်ယံကို လင်းလက်စေသော စစ်မှန်ဒဏ္ဍာရီအဆင့်နှင့် နှိုင်းယှဉ်ပါက အလွန်ပင် အားနည်းလွန်းလှ၏။
ခဏချင်းမှာပင် မဟာအုပ်စိုးရှင်ရှစ်ဦးလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ တစ်ခဏအတွင်း ချေမှုန်းခြင်း ခံလိုက်ရသည်။
အထက်ဘုံမှ လာသော ကျောက်စိမ်းကညာသည် သူမ၏ စွမ်းအားကို ထူးခြားသော အဆင့်အတန်းအထိ ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် သူမ၏တိုကိခိုက်မှုက ကောင်းကင်ဘုံတာအို၏ ကြားဝင်မှုကိုပင် မဖြစ်ပေါ်စေသလို ဟင်းလင်းပြင်နေရာလွတ်ထဲသို့ ဝင်ရောက်ခြင်းကိုလည်း မဖြစ်ပေါ်စေခဲ့ပါ။
ကျန်ရှိနေသော ကျင့်ကြံသူများသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ရင်း ကျောက်စိမ်းကညာကို ကြောက်ရွံ့ခြင်း၊ သတိထားခြင်းတို့ ရောယှက်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး လေးလံထိုင်းမှိုင်းသွားသည်။
သူမက လက်ဝါးနှစ်ဖက်ကို ဖုန်ခါသလို တီးလိုက်ပြီး အေးစက်စွာဆိုသည်။
"သူက ဒီလောကရဲ့ အလင်းရောင်ပဲ၊ နင်တို့အားလုံးကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့် တစ်ဦးတည်းသော မျှော်လင့်ချက်ပဲ။ ဒါကို မင်းတို့က ငါ့ကို သတ်ခိုင်းနေတာလား။"
သွေးဝတ်စုံဓားနတ်ဘုရား၏ ကပ်ဘေးကြီးကို ခုခံနိုင်စွမ်းအကြောင်းကိုပင် သူမ မပြောလိုတော့ပါ။ ကောင်းကင်ယံမှ နေမင်းကြီးကို သူက စိန်ခေါ်နိုင်သည်ဆိုသည့် အချက်မှာပင် သူမ မယှဉ်နိုင်သော သူတစ်ဦး ဖြစ်နေလေပြီ။
ထိုသူသည် မဟာနေမင်းကို စိန်ခေါ်နိုင်လောက်အောင် အစွမ်းထက်သော သူတစ်ဦး ဖြစ်၏။
အကယ်၍ သူသည် သူမ၏ဆရာဖြစ်သူ တစ်ချိန်က အားကျခဲ့ရသော သူသာ မှန်ကန်ပါက သူမအနေဖြင့် သူ့ကို မည်သို့ ရန်မူနိုင်မည်နည်း။
သူမ၏ စကားကြောင့် အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
"သူက ကပ်ဘေးကြီးကို ခုခံနိုင်တယ် ဟုတ်လား။"
"ကပ်ဘေးဆိုတာ တားဆီးလို့ မရဘူး မဟုတ်လား။"
"ပြီးတော့ ငါတို့အပေါ်မှာ ရှိနေတဲ့ အမှတ်အသားတွေကကော ဘယ်လိုလုပ်မလဲ။"
ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေကြသလို ဇဝေဇဝါလည်း ဖြစ်နေကြသည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် ကပ်ဘေးကြီးကို မည်သို့ ခုခံနိုင်မည်နည်း။
အထက်ဘုံမှ ယန်နတ်ဘုရားများပင်လျှင် ၎င်းကို မခုခံနိုင်ကြောင်း ကျောက်စိမ်းကညာကိုယ်တိုင် ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ယန်နတ်ဘုရား တစ်ပါးပင် မလုပ်နိုင်သောအရာကြီးကို သာမန်လူသား သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ပါမည်လား။
"လာကြ... သွေးဝတ်စုံဓားနတ်ဘုရားကို သွားပြီး ဂါရဝပြုကြရအောင်"
ကျောက်စိမ်းကညာ၏ မျက်ဝန်းထဲတွင် စူးရှသော အရောင်တစ်ချက် လက်သွားသည်။
အကယ်၍ သွေးဝတ်စုံ ဓားနတ်ဘုရားသည် တကယ်ပင် နေမင်းဆယ်စင်း ကောင်းကင်အရှင်ဖြစ်နေပါက ကန်းလန်နယ်မြေ၏ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားတော့မည် မဟုတ်ပါလား။
သို့သော် သူမ၏ မျက်နှာမှာ အနည်းငယ် မှိုင်တွေသွားသည်။
အကယ်၍ နေမင်းဆယ်စင်း ကောင်းကင်အရှင်သည် မဟာနေမင်းကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ပါက ကန်းလန်နယ်မြေမှ ကပ်ဘေးကို ရှောင်လွှဲနိုင်ကောင်း ရှောင်လွှဲနိုင်မည် ဖြစ်သော်လည်း နယ်မြေတစ်ခုလုံးရှိ သက်ရှိများမှာမူ အကုန်အစင် ဖျက်ဆီးခံရနိုင်သေးသည့်အန္တရာယ်က ရှိနေဆဲပင်။
တစ်ချိန်တည်းမှာပင် အထက်ဘုံရှိ ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် ဖြစ်သည်။
ထိုက်ဟွမ်နန်းတော်၏ နန်းတော်ခွဲတစ်ခုအတွင်းတွင် ကွန်ရှန်းလူသည် သူ၏ ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးနေပြီး ညအမှောင်ကို အကာအကွယ်ယူကာ တိတ်တဆိတ် ထွက်ပြေးရန် ပြင်နေ၏။
ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာ၏။
"ကွန်ရှတာအို... ဒီလောက် ညနက်သန်းခေါင်ကြီး ဘယ်ကို သွားမလို့လဲ။"
ကွန်ရှတာအို၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားသော်လည်း ထိုသူမှာ မည်သူမှန်း မြင်လိုက်ရသောအခါမှ သက်ပြင်းချနိုင်တော့သည်။
"ဟူး... ကျုပ် တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီ။ ပျင်းလာတာနဲ့ လမ်းလျှောက်ရင်း လူ့လောကကို နည်းနည်းလောက် သွားပြီး လေ့လာမလို့ပါ"
ကွန်ရှတာအိုက အလေးအနက် ပြောလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ပင်ပန်းနွမ်းနယ်နေသည့် အမူအရာကို အချိန်ကိုက် ဖော်ပြလိုက်သည်။
"ဒီကာလရဲ့ ကုသိုလ်ပြုစာရင်းမှာ တက်သစ်စကြယ်ပွင့် ဖြစ်နေတာ မဆန်းပါဘူး။ ကွန်ရှ၊ မင်းတော့ ကံထူးသွားပြီ၊ ငါတို့အားလုံး မနာလိုဖြစ်ရတယ်။"
"ငါ စောင့်ကြည့်နေတဲ့ နေရာမှာတော့ နှစ်ပေါင်းများစွာကြာတဲ့အထိ ကောင်းတဲ့ ကံကြမ္မာမျိုးစေ့တစ်ခုမှ မထွက်သေးဘူး။ မင်းရဲ့ ကမ္ဘာကတော့ ယန်နတ်ဘုရားတစ်ပါး ထွက်ပေါ်ရုံတင်မကဘဲ အခုဆိုရင် မဟာလမ်းစဉ်ရဲ့ အငွေ့အသက်တွေ ရှိနေတဲ့ စွမ်းအားရှင်သစ် တစ်ယောက်တောင် ရှိနေပြီ။"
"ဒါက အဆင့်မြင့် အာဟာရပဲ။ တစ်ခါတည်း ရိတ်သိမ်းလိုက်မယ်ဆိုရင် အထက်ကပေးမယ့် ဆုလာဘ်တွေက နှိုင်းယှဉ်လို့တောင် ရမှာ မဟုတ်ဘူး"
ဝတ်ရုံစိမ်းနှင့် အဘိုးအိုက မနာလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူ စောင့်ကြည့်နေသော ကမ္ဘာတွင် ပုန်ကန်သူများစွာ ရှိသော်လည်း သူတို့မှာ အသေးအဖွဲများသာ ဖြစ်သည်။ တကယ့်စိန်ခေါ်မှုတစ်ခု ဖြစ်လာလောက်အောင် ကံကြမ္မာနှင့် အရှိန်အဝါကို စုစည်းနိုင်သူ တစ်ဦးမျှ မရှိချေ။
ကမ္ဘာပေါင်း ၃၀၀၀ ထဲတွင် သူ၏ နယ်မြေသည် အောက်ဆုံးနားတွင် ရှိနေ၏။
ထို့ကြောင့်ပင် သူသည် သူ၏ သူငယ်ချင်း ကွန်ရှထံတွင် အကြံဉာဏ် လာတောင်းခြင်း ဖြစ်သည်။
"အဟမ်း... ဒါက ကံကောင်းလို့ပါ"
ကွန်ရှတာအိုက အနေခက်စွာ ပြောလိုက်သော်လည်း သူ၏ အတွင်းစိတ်မှာမူ စိုးရိမ်ပူပန်နေ၏။
သိပ်မကြာခင်က သူသည် မိမိကိုယ်ကို အတော်ပင် ကျေနပ်နေခဲ့ပြီး အတိုင်းထက်အလွန် ပျော်ရွှင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမှောင် နေမင်း ဖျက်ဆီးခံလိုက်ရသောကြောင့် ဖြစ်၏။
အမှောင်နေမင်းသည် အာဟာရ ရိတ်သိမ်းရန် ရုပ်သေးများအဖြစ် အသုံးပြုသည့် အလောင်းပေါင်းများစွာကို ထိန်းသိမ်းထားသူဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်ရေးစွမ်းရည်အရ အမှောင်နေမင်းသည် ကန်းလန်နယ်မြေတစ်ခုလုံးကို နှိမ့်နှင်းနိုင်သည့်အင်အားစုမျိုး ရှိ၏။
သို့သော် ယခုအခါ အမှောင်နေမင်း ဖျက်ဆီးခံလိုက်ရပြီးနောက် သွေးဝတ်စုံဓားနတ်ဘုရား အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ရေဒါထဲသို့ ရောက်ရှိလာခဲ့သည်။
ကန်းလန်နယ်ပယ်တွင် ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ပြုလုပ်နိုင်သူသည် ကံကြမ္မာနှင့် မဟာလမ်းစဉ်၏ အငွေ့အသက်များကို စုစည်းနေသူ ဖြစ်သည်ဟု မည်သူမဆို သိနိုင်၏။
ဝက်ခြံပေါင်း ၃၀၀၀ ထဲတွင် ယင်းကို "ထိပ်တန်းဝက်" ဟု ခေါ်ဆိုကြသည်။
သူသည် ထို "ထိပ်တန်းဝက်" အကြောင်း သတင်းအချက်အလက်အချို့ကို ပေါ့ပေါ့ပါးပါးပင် ပေါက်ကြားအောင် လုပ်ခဲ့သဖြင့် ချီးကျူးမှုများစွာ ရရှိခဲ့ပြီး အထက်မှ ဂုဏ်ပြုလွှာပင် ရရှိခဲ့သည်။
ခဏတာမျှ သူသည် ထိုဂုဏ်သတင်းထဲတွင် နစ်မြောနေခဲ့ပြီး ရိတ်သိမ်းချိန်ကို စောင့်ရင်း တစ်နှစ်၊ နှစ်နှစ်ခန့် သက်တောင့်သက်သာ နေထိုင်ခဲ့၏။
"ဒါကို ကံကောင်းလို့လို့ ပြောတာလား။ ဘာပဲဖြစ်ဖြစ်၊ မင်းရဲ့ နယ်မြေကို ငါလာလည်ပြီး မင်းဆီကနေ သင်ယူလို့ ရမလားလို့ လာမေးတာ။"
"ငါ့မှာ ဘာအောင်မြင်မှုမှ မရတာ နှစ်တွေ အတော်ကြာပြီ၊ အတော်လေး စိတ်ပျက်နေမိတယ်"
ဝတ်ရုံစိမ်းနှင့် အဘိုးအိုက ပြောရင်း ကွန်ရှတာအိုထံသို့ သိုလှောင်အိတ်တစ်အိတ်ကို ကမ်းပေးလိုက်သည်။
ကွန်ရှတာအိုသည် ထိုအိတ်ကို သတိထားကာ လက်ခံလိုက်သော်လည်း သတိမလွတ်ပါ။
"ရိတ်သိမ်းဖို့က နှစ်ပေါင်း ရာချီ လိုသေးတယ်။ အခု အခြေအနေမှာ သင်ယူစရာ သိပ်မရှိသေးပါဘူး။"
"ဒီလိုလုပ်ရအောင်၊ ရိတ်သိမ်းပြီးရင် မင်းကို ငါ့ရဲ့ နယ်မြေကို ကိုယ်တိုင် လိုက်ပြပါ့မယ်"
ထိုကဲ့သို့သော ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လာလျှင် ကွန်ရှတာအိုသည် အခြေအနေများကို သေချာ သိသည်။
ကပ်ဘေးကြီးတစ်ခုကို ပေါ်ပေါ်ထင်ထင် ဖော်ပြ၍ မရသော်လည်း အမွေအနှစ်အချို့ကို ချန်ထားပေးရပြီး ကပ်ဘေးနှင့် ပတ်သက်သည့် သတင်းများကို ပေါက်ကြားအောင် လုပ်ပေးရသည်မှာ အချို့သောသူများကို သူတို့ ကမ္ဘာကြီးကို ကယ်တင်နိုင်သည်ဟု ယုံကြည်လာစေရန် ဖြစ်သည်။
နောက်ဆုံးတွင် ကံကြမ္မာဆိုသည်မှာ နှင်းလုံးတစ်ခုကဲ့သို့ လိမ့်ရင်းနှင့် ပိုကြီးလာတတ်သည် မဟုတ်ပါလား။
"ကောင်းပြီလေ။ ဒါဆို မင်းကိုပဲ အားကိုးရတော့မယ် ကွန်ရှ"
အဘိုးအိုက ရိုသေစွာ ဦးညွှတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ငါ အုပ်ချုပ်တဲ့ နယ်မြေမှာကော မင်းဆီကလို ပါရမီရှင်မျိုး ဘယ်တော့မှ ထွက်လာမှာပါလိမ့်။"
ဤစကားကို ကြားသောအခါ ကွန်ရှတာအိုသည် မျက်နှာပျက်ချင်သွားသော်လည်း မိမိကိုယ်ကို ထိန်းချုပ်လိုက်၏။
"ငါ အပြင်ကို ခဏသွားဦးမယ်။ နောက်နှစ် ၃၀၀ ကြာရင် ငါပြန်လာခဲ့မယ်၊ အဲဒီကျမှ ရိတ်သိမ်းဖို့ ကိစ္စကို ဆွေးနွေးကြတာပေါ့။ သွားပြီ"
ထိုသို့ပြောပြီးနောက် ကွန်ရှတာအိုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
"သွားပြီ" ဟု သူပြောခဲ့သည်။
သို့သော် နှစ် ၃၀၀ ဆိုသည်က အထွက်ကောင်းစေရန် အကြောင်းပြခဲ့ခြင်းဖြစ်သည်။
တစ်သက်လုံး ပြန်မတွေ့ဖို့က ပိုသေချာတယ်။
သူက သေချာပေါက် ထွက်ပြေးရပေတော့မည်။
သူသည် "ဝက်မွေးမြူခြင်း" တွင် ကျွမ်းကျင်ပြီး ထိပ်တန်းအာဟာရများစွာကို ရိတ်သိမ်းပေးခဲ့သည်မှာ မှန်ပါသည်။
သို့သော် ကျွမ်းကျင်လွန်းခြင်းသည်လည်း ကျိန်စာတစ်ခု ဖြစ်နေ၏။
အထူးသဖြင့် "နေမင်းဆယ်စင်း ကောင်းကင်ယံသို့ တက်လှမ်းခြင်း" ဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ကျိန်စာဖြစ်ကြောင့် ပိုသေချာသွားခဲ့သည်။
ထိုအံ့ဖွယ်ဖြစ်ရပ်ပြီးနောက် ရုတ်တရက် သူ သတိရသွားသည်မှာ လွန်ခဲ့သော အချိန်အတန်ကြာက သူ၏တပည့်တစ်ဦးသည် ကန်းလန်နယ်မြေတွင် နေဆယ်စင်းထွန်းလင်းနေသည်ကို တွေ့ခဲ့ရကြောင်း သတင်းပို့ခဲ့ဖူး၏။
ထိုစဉ်က သူသည် ၎င်းကို အမြင်မှားခြင်း (သို့မဟုတ်) ရှားပါးသော နက္ခတ်ဗေဒ ဖြစ်စဉ်တစ်ခုအဖြစ်သာ သဘောထားပြီး ပယ်ချခဲ့သည်။
ထိုစဥ်က သူသည် ဆေးဖော်စပ်ခြင်း၏ အရေးကြီးသော အခိုက်အတန့်တွင် အလုပ်များနေသဖြင့် နောက်နှစ်အနည်းငယ်ကြာမှ သွားရောက်စစ်ဆေးရန် စီစဉ်ထားခဲ့၏။
ယခုမူ သွားကြည့်စရာကို မလိုတော့ပါ။
သူသည် ထိုတပည့်ကို ချက်ချင်း သတ်ပစ်လိုက်ပြီး ဝိညာဉ်ကို ရှာဖွေစစ်ဆေးပြီးနောက် ကန်းလန်နယ်မြေတွင် နေမင်းဆယ်စင်း ပေါ်ထွန်းခဲ့သည်ကို သူတစ်ဦးတည်းသာ သိရှိကြောင်း အတည်ပြုလိုက်သည်။
အစကတော့ ဝက်မွေးတာပေါ့၊ ဒါပေမဲ့ ပိုင်ရှင်ကို ပြန်စားနိုင်တဲ့ နဂါးကို မွေးမြူမိတာကတော့....။
ဖြစ်ချင်ရာဖြစ် သူကတော့ မပြေးလို့ကို မရတော့ပါ။
အကယ်၍ ထိုက်ဟွမ်နန်းတော်ကသာ နေမင်းဆယ်စင်းကောင်းကင်အရှင်သည် ကွန်ရှန်တာအိုစောင့်ကြည့်နေသော ကန်းလန်နယ်မြေမှ ဆင်းသက်လာသည်ကို သိသွားပါက သူ မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။
ထို့ကြောင့် သူသည် အထုပ်အပိုးပြင်ပြီး တစ်ချိုးတည်းလစ်ရုံသာ ရှိတော့သည်။
"တစ်ခါတလေကျတော့ တော်လွန်းတာကလည်း အပြစ်ပဲ။တော်လွန်းရင်လည်း ထွက်ပြေးရတယ်ဆိုတာ သင်ခန်းစာပေါ့"
နေမင်းဆယ်စင်း ကောင်းကင်အရှင်နှင့် ပတ်သက်သည့် သတင်းကိုတော့ သူ တတ်နိုင်သမျှ ဖုံးကွယ်ထားရပေလိမ့်မည်။
"အထက်ဘုံက မလုံခြုံတော့ဘူး။ အောက်ဘုံကိုပဲ သွားတော့မယ်... ဗုဒ္ဓနိုင်ငံတော်က အငြင်းပွားမှုတွေကြောင့် စွမ်းအားရှင်တွေ အောက်ဘုံကို ဆင်းနေကြတယ်။ ငါလည်း ရောပြီး သွားလိုက်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။"
"ဟူး... ငါ့ရဲ့ ဇာတိမြေ။ အခုကစပြီး တောက်ပြောင်တဲ့ ကွန်ရှတာအို ဆိုတာ မရှိတော့ဘူး ၊ ရေမြောင်းထဲမှာ ပုန်းနေရတဲ့ နာမည်မရှိတဲ့ ရသေ့တစ်ယောက်ပဲ ရှိတော့မယ်။"
အထက်ဘုံတွင် နေသားကျနေသူ၊ အထူးသဖြင့် ဆဋ္ဌမမြောက် ကောင်းကင်ဘုံလိုအဆင့်တွင် နေထိုင်သူတစ်ဦးအတွက် အောက်ဘုံသို့ ထွက်ပြေးရခြင်းမှာ အလွန်ပင် နာကျင်စရာ ကောင်းလှသည်။
၎င်းသည် ကမ္ဘာပေါ်တွင် ဇိမ်ခံအိမ်ကြီးနှင့် နေထိုင်သူတစ်ဦးကို ရေမြောင်းထဲတွင် အသက်ရှင်ရန် အတင်းအကျပ် ခိုင်းစေလိုက်သကဲ့သို့ပင် ။
ကွန်ရှတာအိုသည် ခါးသီးမှုကို ခံစားနေရသော်လည်း သူ ဘာလုပ်နိုင်ပါမည်နည်း။
သူသည် သူ၏ အလုပ်တွင် ကျွမ်းကျင်လွန်းနေသဖြင့် ယခုအခါ အထုပ်အပိုးပြင်ကာ ထွက်ပြေးရတော့မည် ဖြစ်ပြီး အောက်ဘုံသို့သွားကာ အချိန်အတော်ကြာ ပုန်းအောင်းနေရတော့မည် ဖြစ်သည်။
အထက်ဘုံသို့ ပြန်လာဖို့လား။
သေချင်ရင်တော့ ပြန်လာပေါ့....
..............
ကွန်ရှတာအို ထွက်ပြေးနေစဉ်မှာပင် ကျောက်စိမ်းကညာသည် ကျိယွမ်နှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့သည်။
ကျိယွမ်သည် အထက်ဘုံမှလာသော အမျိုးသမီးကို အကဲခတ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် စိတ်ပျက်သည့် အရောင်များ ပေါ်လာ၏။
"မင်းတို့ ငါ့ကို လာပြီး ပြဿနာရှာမယ်လို့ ငါထင်နေတာ။ အားလုံးကို တစ်ခါတည်း သတ်ပစ်လိုက်ရရင် ငါ့အတွက် အချိန်ကုန် သက်သာတာပေါ့"
နောက်ပိုင်းတွင် သူသည် ကောင်းကင်ယံကို လင်းလက်စေရန်နှင့် လျူဖုန်းနယ်မြေ ကို ရှာဖွေရန် အလုပ်များနေသဖြင့် အရက်မူးအင်မော်တယ်၏ ကမ္ဘာ့လျှို့ဝှက်အဖွဲ့အစည်းကို ကိုင်တွယ်ရန် အချိန်မရှိခဲ့ချေ။
မူလက သူသည် အချိန်ရလျှင် သူတို့ဆီကို သွားလည်ပြီး မျှော်လင့်ခြင်းလမင်းများ ကို တွေ့ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ မျှော်လင့်ခြင်းလမင်းလေးက သူ့ဆီကို ကိုယ်တိုင် လာရှာခဲ့၏။
ကျောက်စိမ်းကညာသည် ကျိယွမ်ကို ကြည့်ရင်း အနည်းငယ် ကြောက်လန့်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် ဤမျှ စွမ်းအားကြီးသော သူတစ်ဦးနှင့် ဆုံတွေ့ဖူးခြင်းမှာ ယခုက ပထမဆုံးပင်။
"ရှင့်ကို စော်ကားခဲ့တဲ့ သူတွေကို အားလုံး ရှင်းလင်းပြီးပါပြီ"
ကျောက်စိမ်းကညာက အလျင်အမြန်ရှင်းပြလိုက်သည်။
"အင်း... မင်းက အထက်ဘုံကလား။"
ကျိယွမ်၏ မျက်လုံးများမှာ ကျောက်စိမ်းကညာထံမှ ထူးခြားသော အငွေ့အသက်ကို ခံစားမိနေ၏။
"ဟုတ်ကဲ့ပါ အရှင်"
သူမ၏အဖြေစကားကို ကြားသောအခါ ကျိယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
"မင်းက ရှန်းဝူရှန်ထက် ပိုပြီး အစွမ်းထက်တာပဲ... ဘုံနှစ်ခုကြားမှာ ကုန်သွယ်မှု လုပ်ကြမလား။ မှောင်ခိုကုန်သွယ်တာမျိုးပေါ့။"
"ငါက အောက်ဘုံက ပစ္စည်းတွေကို မင်းအတွက် စုပေးမယ်၊ မင်းက ငါ့ကို အထက်ဘုံက ကျင့်စဉ်တွေကို ပေးပေါ့"
ပုံမှန်အားဖြင့် ဘုံများကြား မှောင်ခိုကုန်သွယ်ခြင်းသည် အလွန်ပင် အကျိုးအမြတ် များလှ၏။
သူ ကမ္ဘာပေါ်တွင် ရှိစဉ်က တီဗွီကြည့်သောအခါ အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် "ရှေးဟောင်းပစ္စည်း" များ မှောင်ခိုကုန်သွယ်ကြသော အချိန်ခရီးသည်ဇာတ်လိုက်များကို အမြဲတမ်း မနာလို ဖြစ်ခဲ့ရသည်။
သူတို့သည် ဆား၊ ဖန် (သို့မဟုတ်) မှန် ကဲ့သို့သော ရိုးရှင်းသည့် အရာလေးများကို အမှိုက်ပုံကကောက်သွားပြီး အတိတ်က တန်ဖိုးကြီးသော ရွှေနှင့် ရတနာများနှင့် လဲလှယ်ကြသည်၊ သို့မဟုတ် အတိတ်က ကျော်ကြားသော ပညာရှင်များကို ကိုယ်တိုင် လက်ရေးမူများပင် ရေးခိုင်းကြ၏။
ထိုအရာများက တကယ့် ရှေးဟောင်းပစ္စည်းအစစ်၊ မူရင်းလက်ရာများ မဟုတ်ပါလား။
တစ်ခုတော့ရှိ၏။
ထိုပစ္စည်းများအားအချိန်တွေကို ဖြတ်ကျော်ပြီး လတ်လတ်ဆတ်ဆတ် မှင်တွေနဲ့ ယူလာတာကို ခေတ်သစ်ပညာရှင်တွေက ဘယ်လိုလုပ် အစစ်လို့ သတ်မှတ်နိုင်မှာလဲလို့ တွေးမိကောင်း တွေးမိပါလိမ့်မည်။
ဒါပေမဲ့လည်း အချိန်ခရီးသွား တံခါးပေါက်တစ်ခု ရှိနေပြီဆိုမှတော့ အရာအားလုံးက ဖြစ်နိုင်သွား၏။
ယခုလည်း ဘုံများကြား ကုန်သွယ်ရန် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်သဖြင့် ကျိယွမ်သည် လက်လွတ်ခံမည် မဟုတ်ပါ။
"တကယ်လို့ အရှင် အလိုရှိတယ်ဆိုရင် ကျွန်မက အစွမ်းကုန် ကြိုးစားပါ့မယ်"
ကျောက်စိမ်းကညာက ချက်ချင်း သဘောတူလိုက်သည်။
ကန်းလန်နယ်မြေသည် အထက်ဘုံမှ ပြုတ်ကျခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေသည်မှာ ကြာပြီ ဖြစ်သဖြင့် အောက်ဘုံတစ်ခု ဖြစ်နေသော်လည်း အထက်ဘုံမှ ဒဏ္ဍာရီဆန်သော သူမကဲ့သို့သော သူအတွက်မူ အောက်ဘုံဆိုသည်မှာ အမှိုက်ပုံထက် မပိုချေ။
ဒီနေရာမှာ ဘယ်လို တန်ဖိုးရှိတဲ့ အရာမျိုး ရှိနိုင်ပါ့မလဲ။
သို့သော် နေမင်းဆယ်စင်း ကောင်းကင်အရှင်က အလိုရှိသည်ဆိုလျှင် သူမ လိုက်နာရမည် ဖြစ်သည်။
"ဒါဆို ငါ့ကို ကျင့်စဉ်နည်းစနစ်တချို့ ပေးပါဦး။ နတ်ဘုရားအဆင့် ကျင့်စဉ်တွေဆိုရင် ပိုကောင်းမယ်။ ငါ့မှာ အဲဒါတွေ လိုနေတာ"
ကျိယွမ်၏ မျက်ဝန်းများ တောက်ပလာသည်။မျှော်လင့်ခြင်းလမင်းများကို သူ မတွေ့ရသည်မှာ ကြာလေပြီ။
"များလေ ကောင်းလေပဲ။ အခြေခံ ကျင့်စဉ်တွေလည်း လိုချင်သေးတယ်။"
သူ၏စွမ်းအားများ ကြီးထွားလာသည်နှင့်အမျှ ကျိယွမ်ကျမ်းကို အဆင့်မြှင့်တင်ရန် ပိုမိုခက်ခဲလာခဲ့သည်။
လောကအနှံ့မှ ကျင့်စဉ်များကို စုဆောင်းခဲ့သော်လည်း လုံလောက်မှု မရှိသေးပါ။
ယခု အထက်ဘုံမှ ဒဏ္ဍာရီအဆင့်ပုဂ္ဂိုလ်တစ်ဦးရှိနေပြီ ဖြစ်သဖြင့် သူ အကောင်းဆုံး အသုံးချရမည် ဖြစ်သည်။
ရှန်းဝူရှန်ပင်လျှင် သူ့ကို နတ်ဘုရားကျင့်စဉ် အနည်းငယ် ပေးခဲ့သေးလျှင် ဤဒဏ္ဍာရီအဆင့်ပုဂ္ဂိုလ်ကလည်း သေချာပေါက် ပေးနိုင်ပေလိမ့်မည်။
ကျောက်စိမ်းကညာသည် တွေဝေခြင်းမရှိဘဲ ကျိယွမ်ထံသို့ ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။
"အရှင်..ဒီထဲမှာ နတ်ဘုရားကျင့်စဉ် ခုနစ်ခုနဲ့ အခြားကျင့်စဥ်အများကြီးကို မှတ်တမ်းတင်ထားပါတယ်။ အကယ်၍ အရှင် ပိုပြီး လိုချင်သေးတယ်ဆိုရင် ကျွန်မ အထက်ဘုံကို ပြန်ပြီး စုဆောင်းပေးပါ့မယ်။"
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ မင်းကို ပြန်ပြီး ဘာပေးရမလဲ။"
ကျိယွမ်က ရက်ရောစွာမေးလိုက်သည်။
ကျောက်စိမ်းကညာက ပြုံးလိုက်၏။
"အရှင် နှစ်သက်ရာ ပေးနိုင်ပါတယ်"
သူမသည် ဆုံးဖြတ်ချက်ကို ကျိယွမ်ထံတွင်သာ ပုံအပ်ထားသည်။
သူမသည် လောင်းကြေးထပ်နေခြင်း ဖြစ်သည်။
အကယ်၍ နေမင်းဆယ်စင်း ကောင်းကင်အရှင်သည် ရက်ရောပါက သူမ အများကြီး အကျိုးအမြတ် ရရှိမည် ဖြစ်ပြီး အကယ်၍ သူက စေးနှဲနေပါက သူမ အရှုံးခံရပါလိမ့်မည်။
သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်းနှီးခွင့်ရခြင်းကပင် သေချာပေါက် မဆိုးသော ကိစ္စတစ်ခု ဖြစ်သည်။
ကျိယွမ်က မျက်တောင်ခတ်လိုက်၏။
"ငါ့မှာ အခုလောလောဆယ် ပြားတစ်ချပ်မှ မရှိဘူး၊ မြေကွက်တစ်ကွက် ဝယ်ဖို့တောင် မလောက်ဘူး။ ဒီလိုလုပ်ရအောင်၊ မင်း ငါ့အတွက် နတ်ဘုရားအဆင့် နည်းစနစ်တွေကို ဆက်ပြီး စုပေးထားပါ၊ နောက်မှ ငါ့မှာ ပိုက်ဆံရှိလာတဲ့အခါ မင်းကို ပြန်ပေးမယ်လေ"
ပိုက်ဆံလား... ၊
ကျိယွမ်ကတော့ ဘာမှ အကုန်အကျ ခံချင်ပုံ မရပါ။
အချိန်တန်လျှင် သူသည် ငရဲပြည် မှ မြေကြီးတစ်ဆုပ်လောက်ကို ယူပြီး အကြွေးဆပ်ဖို့ လုပ်ကောင်း လုပ်ပါလိမ့်မည်။
ကျိယွမ်၏ ကောက်ကျစ်သော အစီအစဉ်မှာ စတင် အသက်ဝင်လာပြီ ဖြစ်၏။
ကျောက်စိမ်းကညာက အပြုံးမပျက်သွားပါ။
"ကျွန်မ မလောပါဘူး"
ဤမျှ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်သွယ်ခွင့်ရခြင်းမှာပင် လုံလောက်သော ကံကောင်းမှု ဖြစ်နေပြီ ဖြစ်သည်၊ သူမအနေဖြင့် အခြားအရာများကို သိပ်ပြီး မမျှော်လင့်ပါ။
ပြောရလျှင် အထက်ဘုံမှာနေသော်လည်း သူမကဲ့သို့သော ဒုတိယအဆင့်ဒဏ္ဍာရီတစ်ဦးသည် ဤကဲ့သို့သော အဆင့်အတန်းရှိသူနှင့် တွေ့ဆုံရန်ပင် အရည်အချင်း မပြည့်မီပါချေ။
ကျိယွမ်က ကျောက်စိမ်းကညာကို သဘောကျစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးခွန်းတစ်ခုမေးလိုက်သည်။
"မင်းမှာ ဖရဲသီးတွေ ရှိလား။"
"ရှင်"
ကျောက်စိမ်းမယ်တော်မှာ ထိုမေးခွန်းကြောင့် ကြောင်သွား၏။
" 'ကျောက်စိမ်းကညာမှာ ဖရဲသီးမရှိ' ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်လား။ ရုတ်တရက် သတိရလာလို့ပါ"
ကျိယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ဘေးနားတွင် တစ်ချိန်လုံးတိတ်နေသော ကျုးယန်မှာ ရယ်သံကို မနည်းအောင့်ထားရ၏။
"သူမက ကျောက်စိမ်းမယ်တော်ပါ၊ မိုးနတ်သမီး မဟုတ်ဘူးလေ"
သူမက သတိပေးလိုက်သည်။
ရှင်းလင်းနေသည်မှာ သူမသည် ကျိယွမ် အရင်က ပြောဖူးသည့် ဟာသကို မှတ်မိနေခြင်း ဖြစ်သည်။
"အော်.. ဟုတ်သားပဲ။ ငါ ရောသွားလို့"
ကျိယွမ်က သူ၏နဖူးအား သူပြန်ရိုက်ကာ မှတ်ချက်ချ၏။
သူတို့၏ထူးဆန်းသော စကားဝိုင်းကြောင့် ကျောက်စိမ်းကညာမှာ လုံးဝ ဝေခွဲမရ ဖြစ်သွားရှာသည်။
ထိုအချိန်တွင် မဟာဉာဏ်ပညာရှိက ဘေးမှ ဝင်ပြောလိုက်သည်။
"သေချာရှာကြည့်ဦး ..သူ့ရဲ့ဝတ်ရုံက အတော်လေး ဖောင်းနေတာနော်။ ရင်ဘက်ထဲမှာ ဖရဲသီး နှစ်လုံးလောက် ဝှက်ထားတာများလား။"
ကျောက်စိမ်းကညာခမျာ စကားမဲ့သွားလေ၏။
သူမအနေဖြင့် ဤစိတ်ဝိညာဥ်အဆင့် လူငယ်လေးကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားသည်။
ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ။
ငါက ခန့်ညားစေဖို့အတွက် ဖရဲသီးတွေကို ဘာလို့ ဝှက်ထားရမှာလဲ။
ထိုစဉ်မှာပင် ကျူးယန်၏ မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ သူမသည် ကျိယွမ်ရှိရာသို့ ခုန်ပေါက်သွားလိုက်ပြီး သူ၏ နားနားသို့ ခပ်တိုးတိုး ကပ်ပြောလိုက်၏။
"ကျွန်မတို့ လျူဖုန်းနယ်မြေကို တွေ့ပြီ"
"ဟေ.."
ထိုသတင်းကြောင့် ကျိယွမ်၏ မျက်ဝန်းများမှာ ချက်ချင်း လင်းလက်သွားသည်။
"အရမ်း ကောင်းတယ်..."
ထိုအချိန်တွင် ကျောက်စိမ်းကညာက ချီယွမ်ကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"အရှင်...တကယ်လို့ အရှင်က ကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အရှင့်ရဲ့ သူငယ်ချင်းတွေပေါ်မှာ ရှိနေတဲ့ အမှတ်အသားတွေကို သတိထားသင့်ပါတယ်။ မဟုတ်ရင် အဲဒီအရှင်သခင်က စိတ်ကူးတစ်ချက် ရှိလိုက်ရုံနဲ့ ကန်းလန်နယ်မြေက သက်ရှိအားလုံး သေဆုံးသွားနိုင်ပါတယ်။"
ကျိယွမ်က ခေါင်းညိတ်ပြသည်။
"ငါ အဲဒါကို သိပါတယ်။ သူတို့ကို ကပ်ဘေးရဲ့ လက်ထဲမှာ အသေခံမှာ မဟုတ်ဘူး"
ယခုတစ်ကြိမ်တွင် ကျိယွမ်သည် ပို၍ လိမ္မာပါးနပ်လာခဲ့လေပြီ။
မဟာဉာဏ်ပညာရှိ၏ အကူအညီဖြင့် သူသည် တိုးတက်မှုများစွာ ရရှိခဲ့ပြီး အရှိန်အဟုန်ဖြင့် ရှေ့သို့ တက်လှမ်းနိုင်ခဲ့သည်။
သူ၏ ပြီးပြည့်စုံသော "ကျိယွမ် ကပ်ဘေးကြီးကို အနိုင်ယူခြင်း" အစီအစဉ်တွင် အရံအစီအစဉ်တစ်ခုကို သူ ထပ်မံ ထည့်သွင်းနိုင်ခဲ့၏။
၄င်းက ကြီးမားသောတိုးတက်မှု တစ်ခုပင်။
အရံအစီအစဉ်အရ ဆိုလျှင် အကယ်၍ သူတို့သည် မူလသဘောတရား တံခါးဆီကို မရောက်နိုင်ဖြစ်ခဲ့လျှင် ကပ်ဘေးက အမှတ်အသားတွေမှတစ်ဆင့် ကန်းလန်နယ်မြေက သက်ရှိတွေကို ဖျက်ဆီးတော့မယ်ဆိုပါက ချီယွမ်သည် အရင်ဆုံး လှုပ်ရှားပြီး နယ်မြေကို သူကိုယ်တိုင် အရင် ဖျက်ဆီးလိုက်မည်ဖြစ်၏။
သို့မှသာ လူတိုင်းသည် သူ၏ငရဲပြည်ကတစ်ဆင့် ပြန်လည် ရှင်သန်နိုင်မည် ဖြစ်သည်။
"ကဲ..တော်ပြီ။ ငါ့မှာ အရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။ သွားလိုက်ဦးမယ်.."
လျူဖုန်းနယ်မြေကို ရှာတွေ့ပြီ ဖြစ်သဖြင့် ကျိယွမ်သည် နေရာဟောင်းတစ်ခုသို့ ပြန်လည် သွားရောက်ကာ အနန္တအသွင်ကူးပြောင်းတံခါးကို ရှာဖွေရန် ပြင်ဆင်နေသည်။
သို့သော် သူ၏ နှလုံးသားထဲတွင် မလုံခြုံမှုသလို ခံစားနေရ၏။
အချိန်ကာလဆိုသည်မှာ ကရုဏာမဲ့လှသည်။ သူအရင်က သိခဲ့သော သူများမှာ အသက်ရှင်နေဆဲ ဖြစ်ပါ့မလား ဆိုသည်ကို မည်သူ သိနိုင်ပါမည်နည်း။
...........
လျူဖုန်းနယ်မြေတွင် ဖြစ်သည်။
အရက်ဆိုင်တစ်ခုအတွင်း၌
ပုံပြောသူ တစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် တံထွေးများပင် စင်သည်အထိ ဟောပြောနေ၏။
"အဲဒီလိုနဲ့ အဲဒီနေ့မှာ သွေးသခင်က အဓိပတိတစ်သိန်းကျော် ပါတဲ့ စစ်တပ်ကို ဦးဆောင်ပြီး မိစ္ဆာတစ်သောင်း တံခါးပေါက်ကို တိုက်ခိုက်ခဲ့တယ်။"
"သွေးမိစ္ဆာဓားကို အိမ်ထဲက ထုတ်လိုက်တာနဲ့ မိစ္ဆာပေါင်းစုံက အညံ့ခံရုံအပြင် ရွေးချယ်စရာမရှိတော့ဘူး ၊ အလောင်းတွေဆိုတာကတော့ မိုင်ပေါင်းများစွာအထိ ပြန့်ကျဲနေတာပဲ ။"
"သွေးသခင်က မိစ္ဆာတွေကို သနားစိတ်တစ်စက်ကလေးတောင် မပြဘူး ၊ သတ်တာ.. သတ်တာဆိုတာ ၊ ဓားရောင်တစ်ချက်လက်ခနဲမြင်ပြီဆို မိစ္ဆာတွေ ထွေးခနဲပဲ "
"မိစ္ဆာခေါင်းပြတ်တွေဆီက သွေးတွေဆိုတာ ကမ္ဘာမြေပေါ် သွေးမိုးရွာသလို ရဲရဲနီနေရော ."
"နောက်ဆုံးမှာတော့ လောကကြီးကို ကပ်ဘေးကျရောက်အောင် လုပ်ခဲ့တဲ့ မိစ္ဆာမက ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့ရတာပေါ့။"
"သွေးသခင်ရဲ့ အရှိန်အဝါကတော့ အံ့မခန်းပဲ၊ သူရဲ့ ဓားကိုင် တပည့် လင်ယာယီဆိုတာကလည်း ပိုတောင် အစွမ်းထက်သေးတယ်..."
ပုံပြောသမားအဘိုးအို၏ မျက်ဝန်းများသည် အတိတ်ကို ပြန်လည် တမ်းတနေသကဲ့သို့ တောက်ပနေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ အရက်ဆိုင်ထဲမှ နားထောင်သူအများစုသည် စိတ်ဝင်စားမှု သိပ်မရှိကြပါ။
"အဘိုးကြီး နန်ကုန်း၊ အဘိုးက ဘာလို့ ဒီအကြောင်းတွေကိုပဲ ပြောနေတာလဲ။"
"ဘယ်သူက သွေးသခင်ကို စိတ်ဝင်စားမှာလဲ။ သွေးနန်းတော် ဆိုတာ ရှေးဟောင်း သမိုင်းကြီးဖြစ်နေပြီ"
"ဟုတ်တယ်၊ ငါတို့က ဗုဒ္ဓသားတော်တွေရဲ့ တိုက်ပွဲအကြောင်းကိုပဲ ကြားချင်တာ"
"ဗုဒ္ဓနိုင်ငံတော် စစ်ပွဲအကြောင်းပဲ ပြောပြစမ်းပါ"
အောက်မှ အရင်သမားဖောက်သည်များက တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြ၏။
သွေးနန်းတော်၏ ဖြစ်ရပ်များသည် လွန်ခဲ့သော ခေတ်ဟောင်းမှ အကြောင်းအရာများ ဖြစ်သည်။
သွေးနန်းတော်သည် ခဏတာ ပွင့်ပြီး ကြွေသွားသောပန်းတစ်ပွင့်ကဲ့သို့ပင် သူတို့၏ သွေးသခင် မရှိသတော့သဖြင့် နှစ်ပေါင်း တစ်ရာပင် မခံဘဲ ပျောက်ကွယ်သွားခဲ့၏။
သွေးသခင်သည် မိစ္ဆာတစ်သောင်း တံခါးတွင် ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်ဆိုသော ပုံပြင်ဟောင်းမှာလည်း ယခုအခါ မည်သူမျှ မသိကြတော့ပေ။
ယနေ့ခေတ် ကျင့်ကြံသူ အများစုမှာမူ ၎င်းကို ရှေးဟောင်း အတင်းအဖျင်း တစ်ခုကဲ့သို့သာ သဘောထားကြ၏။
ကျင့်ကြံခြင်း လောကသည် ကျယ်ပြောလှပြီး အချိန်ဆိုသည်မှာ တန်ဖိုးနည်းလှသည်။
နှစ်ပေါင်း တစ်သောင်းအတွင်းတွင် အံ့မခန်းသော ဇာတ်လမ်းများစွာ ပေါ်ထွန်းလာနိုင်၏။
မည်သည့် ဒဏ္ဍာရီ၊ မည်သည့် ပုဂ္ဂိုလ်မျှ ထာဝရ မတည်မြဲနိုင်ပါချေ။
ပုံပြောသမားအဘိုးအိုမှာ သက်ပြင်းချလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ကြမ်းတမ်းသော အသံတစ်ခုက ကြားဖြတ် ပြောလိုက်သည်။
"အဲဒီ သွေးသခင်ဆိုတာလား။ သူက ကံနည်းနည်း ကောင်းသွားတာပါ။"
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက သူ သူ့စစ်တပ်ကို ဦးဆောင်ပြီး မိစ္ဆာတစ်သောင်း တံခါးပေါက်ကို ဝင်သွားခဲ့တယ်။"
"အဲဒီတုန်းက ငါ အဲဒီမှာ ရှိနေတာ"
"ကံမကောင်းစွာနဲ့ပဲ အဲဒီတုန်းက ငါက နိမ့်ကျတဲ့ အဓိပတိတစ်ယောက်အဆင့်ပဲ ရှိသေးလို့ စွမ်းအား သိပ်မရှိခဲ့ဘူး။"
"သွေးသခင်က ငါ့နယ်မြေထဲကို ဝင်လာတဲ့အခါမှာတော့ ငါ အရှက်မကွဲချင်ဘူးလေ။ ဒါနဲ့ ငါက... အင်း... ဒီနေရာက ငါ့နယ်မြေပဲလို့ ကြေညာဖို့ နေရာအနှံ့မှာ သေးပန်းပစ်လိုက်တယ်"
"သူတို့မှာ လူအင်အားတွေ ရှိနေပေမဲ့ ငါကတော့ မကြောက်ပါဘူး"
အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးသည် အရက်ဆိုင်ထဲသို့ ဝင်လာကြသည်။
စကားပြောလိုက်သူမှာ အဘိုးအို ဖြစ်ပြီး သူ၏ ကိုယ်မှ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေ၏။
သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက မိစ္ဆာတစ်သောင်း တံခါးပေါက်မှ အသက်ရှင်ကျန်ရစ်သူ တစ်ဦး ဖြစ်သည်။
ထိုစဉ်က သူသည် စစ်တပ်နှင့် အလွန်ပင် ဝေးကွာသော နေရာတွင် ရှိနေခဲ့၏။
အဓိပတိများပါဝင်သော စစ်တပ်ကြီး ပေါ်လာသည်ကို မြင်သောအခါ သူသည် ကြောက်လန့်လွန်းသဖြင့် သေးများပင်ထွက်သွားပြီး မိစ္ဆာနယ်ပယ်ထဲသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အထက်ဘုံသို့ တက်လှမ်းခဲ့၏။
သို့သော် သူသည် ခွေးမိစ္ဆာ တစ်ကောင်သာ ဖြစ်သေးသည်။
ယခု ယင်နတ်ဘုရား အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် သူ၏ အတိတ်ကို ချဲ့ကားပြောဆိုပြီး နာမည်ကြီးအောင် လုပ်ရန် ကြံစည်နေခြင်းပင်။
သူက ကြောက်လန့်တုန်ရီနေခဲ့တာလား ..။
မဟုတ်ပါ..သူက ကြောက်သေးထွက်ကျခြင်းမဟုတ်ဘဲ သူက သွေးသခင်ကို ဆန့်ကျင်တဲ့အနေနဲ့ သတ္တိရှိရှိ သေးပန်းပြခဲ့ပြီး ဒါက သူ့နယ်မြေဖြစ်ကြောင်း ကြေညာခဲ့တာပါ။
ထိုစကားကို ကြားသောအခါ အရက်ဆိုင်ထဲမှ စားသောက်နေသူများက အလိုလို လှည့်ကြည့်မိလိုက်ကြသည်။
သို့သော် သူတို့၏ အာရုံအများစုမှာမူ အဘိုးအို ဘေးမှ လူငယ်လေးထံသို့သာ ရောက်ရှိသွားကြ၏။
ထိုလူငယ်လေးမှာ ရဟန်းဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းမှာ ချောမွတ် ပြောင်လက်နေကာ ဆံပင်တစ်ပင်မျှ မရှိပါချေ။
"ဗုဒ္ဓသားတော်လား"
"ဒါက အလင်းဗုဒ္ဓမှတ်လား "
စားသောက်နေသူများ အားလုံးမှာ ရိုသေစွာ မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများမှာ ကြောက်ရွံ့အားကျမှုများဖြင့် ပြည့်နှက်နေသည်။
ယနေ့ခေတ် လျူဖုန်းနယ်မြေတွင် မည်သည့် အဖွဲ့အစည်းကို လုံးဝ မစော်ကားမိဖို့ လိုသနည်း။
ရဟန်းတော်များ ဖြစ်သည်။
ရဟန်းတော်များထဲတွင်လည်း အလေးစားရဆုံးမှာ ဗုဒ္ဓသားတော်များ ဖြစ်၏။
ဤဗုဒ္ဓသားတော်များသည် အထက်ဘုံမှ ဆင်းသက်လာသူများပင်။
အထက်ဘုံမှ လာသော ဤမသေမျိုး ပုဂ္ဂိုလ်တိုင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းလောက်အောင် စွမ်းအားရှိကြသည်။
ထိုအချိန်တွင် အလင်းဗုဒ္ဓသည် သူ၏ ဦးခေါင်းကို မော့လိုက်ပြီး သူ၏ အကြည့်မှာ ပုံပြောသမားအဘိုးအိုထံသို့ ကျရောက်သွား၏။
သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းလှပြီး ထူးခြားသော အလင်းတစ်ခုမှာ အတွင်း၌ လောင်မြိုက်နေသည်။
"လင်းယာယီ၊ တစ်ချိန်က မြောက်ပိုင်းစုန်းဆယ့်သုံးပါးထဲက တစ်ပါးဖြစ်ပြီး သွေးသခင်ရဲ့ တပည့်ပေါ့။ ငါက မင်းကို အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ။"
သူ၏ လေသံမှာ ငြင်းဆန်ခွင့် မရှိသော အရှိန်အဝါများ ပြည့်နှက်နေသည်။
ပုံပြောသမားအဘိုးအို၏ မျက်နှာမှာ ဤစကားကို ကြားသောအခါ ပြောင်းလဲသွားပြီး သူ၏ ပင်ပန်းနေသော မျက်ဝန်းထဲတွင် မှတ်ဉာဏ်တစ်ခု ဖြတ်သန်းသွား၏။
"ဟူး"
သူက သက်ပြင်းချလိုက်သလို
အရက်ဆိုင်ထဲမှ ဖောက်သည်များမှာလည်း တုန်လှုပ်သွားကြသည်။
သွေးသခင်ရဲ့တပည့်တဲ့....ဟုတ်လား။
ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တစ်ဦးက... တကယ်ရှိနေတာလား။
"ဒီအဘိုးကြီးဆီကနေ ဘာလိုချင်လို့လဲ။"
လင်းယာယီသည် သူ၏ ဝတ်ရုံကို ဖုန်ခါလိုက်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေကာ သွေးသခင်၏ တပည့်တစ်ဦးအဖြစ် ဂုဏ်ယူနေဆဲ ဖြစ်သည်။
ထိုစဉ်က သွေးသခင် သင်ကြားပြသပေးသောအခါ လင်းယာယီသည် ရှေ့ဆုံးမှ အမြဲရှိနေခဲ့သော အလားအလာ အရှိဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်၏။
လင်းယာယီ ဆိုသော အမည်မှာ သွေးနန်းတော်အတွင်း၌ သိပ်မကျော်ကြားသော်လည်း နန်ကုန်းခွေးကြီး ဆိုသော အမည်ကိုမူ လူတိုင်း သိကြသည်။
"ငါက သွေးအရှင်သခင်ကို အတော်လေး စိတ်ဝင်စားလို့ပါ။"
အလင်းဗုဒ္ဓ၏ အကြည့်မှာ ပို၍ နက်ရှိုင်းလာသည်။
ဖြစ်နိုင်လျှင် သူသည် သွေးသခင်ကို ဖမ်းဆီးချင်၏။ သူသည် ပြန်လည်ဝင်စားခြင်းသံသရာစွမ်းအားကို လေ့လာချင်နေသောကြောင့် ဖြစ်သည်။
ဗုဒ္ဓနိုင်ငံတော်တွင် လူဝင်စားခြင်းဆိုသည်မှာ ဒဏ္ဍာရီဆန်သော အမြင့်ဆုံး သဘောတရား ဖြစ်ပြီး မဟာနေမင်း အလင်းဗုဒ္ဓပင်လျှင် အပြည့်အဝ နားမလည်နိုင်သော အရာ ဖြစ်သည်။
သို့သော် လျူဖုန်းနယ်မြေ၏ရှေးဟောင်း မှတ်တမ်းများကို ဖတ်ရှုပြီးနောက် မြောက်ပိုင်းစုန်း ဆယ့်သုံးပါးမှာ လူဝင်စားခြင်းကို ကြုံတွေ့ခဲ့ဖူးပုံ ရသည်ကို သူ တွေ့ရှိခဲ့သည်။
ပုံပြောသမားအဘိုးအို လင်းယာယီကတော့ သူ၏ လက်စကို ခါပြလိုက်ပြီး မကြောက်မရွံ့ ပြန်ပြောလိုက်သည်။
"ငါ ငါ့ဆရာသခင်ကို မတွေ့ရတာ နှစ်ပေါင်း တစ်သောင်း ရှိပြီ။ မင်း ငါ့ကို သတ်လိုက်ရင်တောင် သူ ပေါ်လာမှာ မဟုတ်ဘူး။ မင်းရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကတော့ မအောင်မြင်မှာ သေချာတယ်"
--------------
အခန်း ၃၉၃ - တစ်ကြိမ်လွဲခဲ့ဖူးသောလမ်း... အတူတူပြန်လည်လျှောက်လှမ်းခြင်း
ဟင်းလင်းပြင်ထဲမှာတော့ ကျိယွမ်တစ်ယောက် ဒုက္ခရောက်နေ၏။
"ဘာဖြစ်လို့လဲ။"
ကျိယွမ်က ဘာမှလှုပ်ရှားခြင်းမရှိသည်ကို မြင်သောအခါ ကျူးယန်က ခေါင်းပြူကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
" အဟွတ် အဟွတ်...ငါက အရမ်းကြီးနေတယ်။ ဝင်ဖို့ခက်နေတာ"
သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ရင်းမှ တစ်ဖန်ကြိုးစားကြည့်နေ၏။
ကောင်းကင်ဘုံကို လင်းထိန်စေပြီးနောက် နင်းထောင်၏အကူအညီဖြင့် သူသည် လျူဖုန်းနယ်မြေ၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ့လိုအစွမ်းထက်သော တည်ရှိမှုတစ်ခုအတွက် အနိမ့်ပိုင်းနယ်မြေတစ်ခုသို့ ဝင်ရောက်ရန်မှာ ဟင်းလင်းပြင်မှတစ်ဆင့် တည်နေရာကို သိရှိရန်သာ လိုအပ်၏။
သူက တည်နေရာကိုသိသိခြင်း ခရီးနှင်လာခဲ့သော်လည်း ပြဿနာမှာ သူ၏အစွမ်းက ဝင်ရောက်ရန် အလွန်အမင်း ကြီးမားနေခြင်းပင် ။
"ဒီနယ်မြေကတော့..အရင်ကလိုပဲ အချိုးမပြောင်းသေးပါလား"
လျူဖုန်းနယ်မြေအကြောင်းကို သူစဉ်းစားမိသောအခါ အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
၎င်းသည် ဟိုးအရင်တုန်းက လျူဖုန်းနယ်မြေဂိမ်းထဲသို့ လော့ဂ်အင်ဝင်ရန် ကြိုးစားစဥ်တုန်းကလို ဖြစ်နေပြီး ဂိမ်းအိုင်ကွန်က သူ့ကိုငြင်းပယ်နေစဥ်ကအတိုင်းပင်။
ထိုစဥ်က သူသည်အားနည်းနေသဖြင့်ဂိမ်းထဲ ဝင်မရခဲ့ပေ ၊ ယခုအခါမှာတော့ အားကြီးနေသဖြင့် ဝင်မရဖြစ်နေပြန်၏။
၎င်းသည် ကစားသမားများကို စနောက်တတ်သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဂိမ်းများနှင့် တူလှသည်။
ဂိမ်းက သူ့ကို ဇနီးသည်ကဲ့သို့သော ဇာတ်ကောင်ဖြစ်သည့် နင်းထောင်ကို ပို့ပေးကာ စနောက်ခဲ့ပြီး သူမက သူ့ကို အသက်ရှူတိုင်း "ယောက်ျား" ဟု တတွင်တွင်ခေါ်နေသဖြင့် တော်တော်လေးဂနာမငြိမ်ဖြစ်စေခဲ့၏။
ယခုလည်း ထိုပြဿနာမျိုးလို ဝင်ရောက်ရန် ခက်ခဲနေပြန်သည်။
" မဖြစ်နိုင်တာ"
ကျူးယန်က သူမ၏လက်ကလေးများဖြင့် ကျိယွမ်ကို ဖက်တွယ်ကာ ဆွဲသွင်းရန် အစွမ်းကုန် ကြိုးစားသော်လည်း သူက လုံးဝရွေ့လျားခြင်းမရှိပေ။
"ဘာလို့မရ ...နင်က ငြိမ်မနေနဲ့လေ ..အားစိုက်ဦး.."
"ကြီးနေလို့ မဝင်နိုင်ဘူးလို့.."
"ဝင်အောင် အားစိုက်ပါလား..."
ကျူးယန်က အမျိုးမျိုးကြိုးစာရင်း အားမလို အားမရပြောနေရာမှ
သူမ တစ်ခုခုကို တွေးမိသွားပုံရပြီး ပါးပြင်လေးများ နီမြန်းသွားသည်။
"နင့်ဘာသာ နင်ပဲ ဖြေရှင်းတော့။"
သူမက ရှက်ရှက်နှင့် ကျိယွမ်အား ခွထားသောခြေထောက်များကို ဖယ်လိုက်၏။
ကျိယွမ်က သူမ၏အတွေးများ မှောင်နေသည်ကို သတိမထားမိပါ ။ သူက ပြဿနာကိုသာ အဖြေရှာနေသည်။
"ဟူး... အခုမှ ငါနားလည်တော့တယ်။ ငါက အရမ်းကြီးနေတာ မဟုတ်ဘူး။ ဒါက ဂိမ်းလောကဖြစ်ပြီး ငါက တကယ့်လူသား ဖြစ်နေလို့ပဲ။ ဂိမ်းလောကထဲကို ဝင်ဖို့ဆိုတာ သဘာဝအတိုင်း ခက်ခဲတာပေါ့"
၎င်းသည် ကမ္ဘာမြေပေါ်ရှိ လူတစ်ယောက်က ကွန်ပျူတာဂိမ်းထဲသို့ ခုန်ဝင်ရန် ကြိုးစားသကဲ့သို့ပင် ။
၎င်းက မည်မျှခက်ခဲမည်နည်း။
ကိုယ့်ကိုယ်ကိုယ် အတွင်းထဲသို့ ထိုးထည့်ရန် ဖန်သားပြင်ကို ရိုက်ခွဲရပေမည်။ ဂိမ်းလောကသည် ကျယ်ပြောလှသည်ဟု ထင်ရသော်လည်း စူးစမ်းတတ်သူ မည်သူမဆို ၎င်းသည် ဖန်သားပြင်အတွင်း၌ ဝှက်ထားသော လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း သတိပြုမိမှာ အသေအချာပင်။
သင့်မှာ ဧရာမကွန်ပျူတာကြီး မရှိဘူးဆိုရင် လူတစ်ယောက်ကို ဂိမ်းထဲမှာ ဆံ့အောင်ထည့်ဖို့ ခက်ခဲမှာပဲ။
"ငါ့ရဲ့ ထက်မြက်တဲ့ ဦးနှောက်ကို သုံးရမယ့်အချိန်ပဲ။"
ထိုအချိန်တွင် ကျိယွမ်၏ အတွေးများ အမျိးမျိုးကွန့်မြူးသွားပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ငါက ဂိမ်းဇာတ်ကောင်အဖြစ် ရုပ်ဖျက်မထားလို့လား။"
မဟာဉာဏ်ပညာရှိ ပြောဖူးသည်ကို သူသတိရသွားသည်။
ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်ရှိသော ယန်နတ်ဘုရားတစ်ပါးသည် ကမ္ဘာတစ်ခုသို့ ဆင်းသက်သောအခါ ၎င်းတို့သည် ဒဏ္ဍာရီလာအဆင့် သို့ လျော့ကျသွားလိမ့်မည်။
သာမညအဆင့်တည်ရှိမှုတစ်ခုသည် အဆင့်ငယ်တစ်ခု လျော့ကျသွားမည်ဖြစ်ပြီး အဓိကအဆင့်တည်ရှိမှုတစ်ခုအတွက်မူ ၎င်းတို့၏အစွမ်းက ပြောင်းလဲမည်မဟုတ်ပေ။
သူ့အတွင်း၌ စိတ်ဝိညာဥ် ပေါင်း ၄,၀၀၀ ရှိပြီး ယန်နတ်ဘုရားနှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိနေသဖြင့် သူသာ မထိန်းချုပ်ထားပါက လျူဖုန်းနယ်မြေသို့ ဝင်ရောက်ခြင်းသည် ထိုကမ္ဘာကို အလွယ်တကူ ပျက်စီးသွားစေနိုင်၏။
ပိုဆိုးသည်မှာ သူက အတင်းအကျပ် တွန်းဝင်လျှင် ထိုနယ်ပယ်တစ်ခုလုံး ပြိုလဲသွားပေလိမ့်မည်။
"စုစည်းစေ"
ကျိယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ချက်ချင်းပင် သူ၏အတွင်းရှိ စိတ်ဝိညာဥ် ၄,၀၀၀ သည် ၎င်းတို့၏ စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။
သူ၏ ကိုယ်ပိုင်အရှိန်အဝါများ စတင်ဆုတ်ခွာသွားပြီး သူ၏ နတ်ဘုရားစွမ်းအားသည် ယင်နတ်ဘုရားတစ်ပါး၏ ဒဏ္ဍာရီလာအဆင့်သို့ ကျဆင်းသွားသည်။
"လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ရဲ့ အစွမ်းကကော ဘယ်လိုလဲ"
ကျိယွမ်က သိချင်စိတ်ပေါ်လာ၏။
ဤနယ်မြေက ထိုအစွမ်းကို ကန့်သတ်နိုင်မလား။
သူသည် စမ်းသပ်ကြည့်ပြီးနောက် လျူဖုန်းနယ်မြေထဲသို့ လျှောဝင်ရန် ကြိုးစားလိုက်သည်။
သူ ဝမ်းသာသွားသည်မှာ ယခုအခါ နယ်မြေက သူ့ကို ငြင်းပယ်ခြင်း မရှိခြင်းပင် ။
ကျိယွမ်က ဝမ်သာအားရအော်ဟစ်လိုကိသည်။
"ဒါကို မခုခံဘူး"
သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားအခြေအနေမှ အစွမ်းကို ကမ္ဘာကြီး၏ စည်းမျဉ်းများက ရှာဖွေတွေ့ရှိခြင်း မရှိပုံရသည်။
သူသည် ကျူးယန်၏လက်ကိုဆွဲကာ လျူဖုန်းနယ်မြေထဲသို့ အမြန်ဝင်ရောက်လိုက်၏။
"ဒါပေမဲ့ ငါ ပိုပြီး သတိထားသင့်တယ်။ ဒီဂိမ်းလောကရဲ့ အရည်အသွေးက နည်းနည်းတော့ နုနယ်နေတယ်..."
သူ၏ သိုင်းနတ်ဘုရားအဆင့်ရှိသော ခွန်အားကို အနည်းငယ်မျှ လွတ်ထွက်သွားစေပါက လျူဖုန်းနယ်မြေကြီးတစ်ခုလုံးတွင် အပေါက်များ ဖြစ်သွားလိမ့်မည်ဟု ကျိယွမ် ခံစားနေရသည်။
၎င်းသည် ဂိမ်းဇာတ်ကောင် တစ်ယောက်က ကွန်ပျူတာ ဖန်သားပြင်ကို လက်သီးဖြင့် ထိုးဖောက်လိုက်သကဲ့သို့ပင် ။
ထို့ကြောင့် ကမ္ဘာကြီးက သူ၏ သိုင်းနတ်ဘုရားအဆင့်စွမ်းအားကို ကန့်သတ်မထားသော်လည်း အလွန်ဂရုစိုက်ကာ ထိန်းချုပ်ထားရပေလိမ့်မည်။
၄င်းသည် ကျူးယန်၏ အိမ်ဖြစ်လေ၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ငါ့ရဲ့ နတ်ဘုရားစွမ်းအားက ဒဏ္ဍာရီအဆင့်မှာပဲ ကန့်သတ်ခံထားရတယ်"
ကျိယွမ်သည် သူ၏ စွမ်းအင်အဆင့်ကို အကဲခတ်လိုက်သည်။
လျူဖုန်းနယ်မြေထဲသို့ မဝင်ရောက်မီ သူသည် သူ၏ နတ်ဘုရားစွမ်းအားကို ဒဏ္ဍာရီလာအဆင့်သို့ ရည်ရွယ်ချက်ရှိရှိ လျှော့ချခဲ့၏ ။ ယခုအထဲသို့ ဝင်ရောက်လာသောအခါ ၎င်းကို ပြန်လည်မြှင့်တင်၍ မရရှိနိုင်တော့ကြောင်း တွေ့ရှိရသည်။
ယခုနယ်မြေမှ ထွက်ခွာပြီးမှသာ သူ၏ အစွမ်းကို အပြည့်အဝပြန်ရလိမ့်မည်ဟု သူတွေးမိ၏။
ယန်နတ်ဘုရားများ အောက်ပိုင်းနယ်မြေများသို့ မဆင်းသက်ခြင်းမှာ မဆန်းတော့ပေ
ဆင်းလာလျှင် ၎င်းတို့၏ အစွမ်းက ဒဏ္ဍာရီလာအဆင့်မှာသာ ပိတ်မိနေမည်ဖြစ်၏။ အကယ်၍ ဒဏ္ဍာရီလာအဆင့် ရန်သူ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံရပါက ယန်နတ်ဘုရားကြီးတစ်ပါးဖြစ်ပါလျှက်ကယ်နှင့် ကမ္ဘာငယ်လေးတစ်ခုတွင် သေဆုံးရခြင်းမှာ အလွန်ပင် သနားစရာကောင်းသော အဆုံးသတ် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ကျူးယန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။
"ဒါ တကယ်ကိုလျူဖုန်းနယ်မြေပဲ"
သူတို့၏ရှေ့တွင် မေပယ်နီတောအုပ် တစ်ခုရှိနေပြီး ကမ္ဘာတစ်ခုလုံးကို ဒဏ္ဍာရီပုံပြင်ထဲမှ တစ်ခုကဲ့သို့ အနီရောင် အရိပ်အယောင်များဖြင့် လှပစွာခြယ်သထားသည်။
ထိာအခိုက် နင်းထောင်သည်လည်း သူတို့၏ ဘေးတွင် ပေါ်လာပြီး ကျိယွမ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျူးယန်နှင့်အတူ ရပ်လိုက်သည်။
သူမ၏ မျက်လုံးများကလည်း လွမ်းဆွတ်မှုများဖြင့် ဝေဝေရီရီ ဖြစ်နေ၏။
"ဒါ ရှင့်ရဲ့အသံကို ကျွန်မ ပထမဆုံး ကြားခဲ့ရတဲ့ နေရာပဲ"
နင်းထောင်က တိုးတိုးလေး ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေးငယ်နုနယ်သော ကိုယ်လုံးလေးနှင့် နင်းထောင်သည် ကျိယွမ်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အဆုံးမဲ့သော အမှတ်တရများ ပြည့်နှက်နေသည်။
"အဲဒီနေရာလား"
ကျိယွမ်က ပြုံးလိုက်သည်။
အတိတ်မှ အမှတ်တရများက သူ၏မှတ်ဉာဏ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်နှင့်အမျှ ကျိယွမ်သည် နင်းထောင်၏ ချစ်စရာကောင်းပြီး အေးစက်သော အပြုံးလေးကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။
"မင်း တကယ်ကြီးပြင်းလာပြီ နင်းထောင်။ပြီးတော့ မင်းက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးပဲ။"
အတိတ်တုန်းက ငယ်ရွယ်သော နင်းထောင်သည် သူမ၏ မျက်နှာတွင် "စုန်းမ" ဟူသော စာလုံးကို ထွင်းထုခြင်း ခံထားရပြီး စုန်းမလေးဟု တံဆိပ်ကပ်ကာ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရ၏။
ဤတောင်ပေါ်တွင်ပင် သူမကို လိုက်လံရှာဖွေနေသူများက သူမကို စုန်းမဟု စော်ကားပြီး အရုပ်ဆိုးလွန်းသည်ဟု ခေါ်ခဲ့ကြသည်။
ထိုအခါ ငယ်ရွယ်သော နင်းထောင်သည် သူမ၏ ခေါင်းကို မာနတကြီး မော့လိုက်ပြီး "ကျွန်မ ကြီးလာတဲ့အခါ ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်ရမယ်" ဟု ကြွေးကြော်ခဲ့၏။
ကျိယွမ်သည် ဂိမ်းနှင့် ဆက်သွယ်ထားသော ကျောက်စိမ်းပြားမှတစ်ဆင့် ဤကတိစကားကို ကြားခဲ့ရပြီး စိတ်အခြေအနေ ကောင်းနေသဖြင့် အမှတ်မထင် စကားအနည်းငယ် ပြန်ပြောမိခဲ့ရာ နင်းထောင်ကို လိုက်လံသတ်ဖြတ်နေသော လူသတ်သမားကို အာရုံလွင့်သွားစေပြီး သူမအား ပြန်လည်တိုက်ခိုက်ကာ သတ်ပစ်နိုင်သည့် အခွင့်အရေးကို ပေးခဲ့သည်။
ကျိယွမ်သည် အတွေးနှင့်အတူ နင်းထောင်၏ မျက်နှာပေါ်တွင် "စုန်းမ" ဟူသော စာလုံးရှိခဲ့ဖူးသည့် နေရာကို ညင်သာစွာ ထိတွေ့လိုက်ပြီး သူ၏ အကြည့်များက အတိုင်းအထက်အလွန် နူးညံ့နေသည်။
နင်းထောင်ကလည်း ကြည်နူးစွာပြုံးလိုက်ရာ သူမ၏ အမူအရာသည် နွေဦးနှင်းများ အရည်ပျော်သွားသကဲ့သို့ သို့မဟုတ် သစ်သီးပန်းများ ပွင့်လန်းလာသကဲ့သို့ တောက်ပသွား၏။
"ကျွန်မ ကောင်းကင်ဘုံကို လင်းထိန်စေတုန်းက မိစ္ဆာတစ်သောင်းတံခါးရဲ့ အရှိန်အဝါကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ အခု ဒီနယ်မြေထဲကို ဝင်လာတော့ ကျွန်မရဲ့ အစွမ်းတွေက ကန့်သတ်ခံထားရတယ်၊ ဒါကြောင့် ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး ယောက်ျား။ ရှင်ကိုယ်တိုင်ပဲ တံခါးကို ရှာရလိမ့်မယ်။"
"ကိစ္စမရှိဘူး"
ကျိယွမ်က ခေါင်းညိတ်လိုက်သည်။
တစ်ခုခုကို ရှာဖွေခြင်းသည် ဒဏ္ဍာရီလာအဆင့်ထက် ယန်နတ်ဘုရားတစ်ပါးအတွက် ပိုမိုလွယ်ကူသည်ကတော့ အမှန်ပင်။
သို့သော် သူသည် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား၏ အစွမ်းကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ရာ အနည်းငယ် သတိထားလိုက်မည်ဆိုပါက လျုဖုန်းနယ်မြေတစ်ခုလုံကို ရှာဖွေရန်မှာ ဆယ့်ငါးမိနစ်ခန့်သာ ကြာမြင့်လိမ့်မည်ဟု သူတွေးလိုက်သည်။
သို့သော် ထိုရှာဖွေမှုသည် အနန္တအသွင်းကူးပြောင်းတံခါးကို အာရုံခံနိုင်ရန်လောက်သာ ကန့်သတ်ထားရလိမ့်မည်။
ဤသို့ သတိကြီးစွာဖြင့် လုပ်ဆောင်မှသာ လျူဖုန်းနယ်မြေအတွက် ဘေးကင်းမည်ဖြစ်၏။သူသည် ဤနယ်မြေကြီး ပြိုလဲသွားမည့်အန္တရာယ်မျိုးကို မဖြစ်စေလိုပေ။
"ရှေ့မှာ ကန်တစ်ခု ရှိတယ်။ ကျွန်မ ရေချိုးလိုက်ဦးမယ်၊ ဒါပေမဲ့ ရှင် မချောင်းကြည့်နဲ့နော်"
နင်းထောင်က ကျိယွမ်အား ကျီစယ်သလို ကြည့်၏ ။
"ခစ်ခစ်... ငါလည်း သွားမယ်"
ကျူးယန်ကလည်း တခိခိ ရယ်မောလိုက်သည်။
နင်းထောင်နှင့် ကျူးယန်တို့သည် လက်ချင်းတွဲကာ အမှတ်တရများစွာ ရှိခဲ့ဖူးသည့် ရေကန်ဆီသို့ ဦးတည်သွားကြ၏။
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း နင်းထောင်၏ အစွမ်းဖြင့် ထိုကန်ကို ယခင်အခြေအနေအတိုင်း ပြန်လည် ပြုပြင်နိုင်ခဲ့သည်။
သူမတို့နှစ်ဦးအား ချစ်မြတ်နိုးသောမျက်လုံးများဖြင့် ကြည့်နေပြီးမှ ကျိယွမ်သည် သူ၏မျက်လုံးများကို ဖြေညင်းစွာ မှိတ်လိုက်၏။
လုပ်ငန်းစရမယ်။
ထို့နောက် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား၏ စွမ်းအားကို အသက်သွင်းလိုက်သည်။
ကျယ်ပြောလှသော လျူဖုန်းနယ်မြေသည် သူ၏အသိအာရုံထဲတွင် သေးငယ်နေပုံရပြီး လက်သီးတစ်ချက်တည်းနှင့်ပင် နယ်မြေတစ်ခုလုံးကို ရိုက်ခွဲပစ်နိုင်သည်ဟု သူခံစားနေရသဖြင့် သတိကြီးစွာဖြင့် ရှာဖွေရန် ထိန်းလိုက်ရ၏။
"တစ်ခါတလေ အရမ်းသန်မာလွန်းတာကလည်း မကောင်းဘူး"
ကျိယွမ်သည် သူ၏ သွေးစွမ်းအင်များကို ထုတ်လွှတ်ကာ နယ်မြေတစ်ခုလုံးတွင် အနန္တအသွင်ကူးပြောင်းတံခါး၏ အရှိန်အဝါကို ရှာဖွေရင်း တွေးလိုက်သည်။
သို့သော် သူ၏ရှာဖွေမှုသည် အကြမ်းဖျင်းရှာဖွေမှုတစ်ခုသာ ဖြစ်သည် ။ ပိုမို တိကျလွန်းပါက ဂိမ်း၏ ဆာဗာကို ပျက်စီးစေမည့် အန္တရာယ် ရှိနိုင်သဖြင့် ကျိယွမ်အလွန်သတိထားနေရ၏။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် ကျိယွမ်၏ မျက်လုံးများပြန်ဖွင့်လာပြီး သူ၏အကြည့်ထဲတွင် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ရှာမတွေ့ဘူး။ ဒါပေမဲ့ အဆင်ပြေပါတယ်... ငါ့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ။"
လျူဖုန်းနယ်မြေရှိ တစ်ရက်သည် ကန်းလန်နယ်မြေတွင် ဆယ်နှစ်ခန့် ရှိပြီး နယ်ပယ်နှစ်ခုကြားရှိ အချိန်စီးဆင်းမှု ကွဲပြားသည်။
မည်သို့ပင်ဆိုစေကာမူ အလျင်စလိုလုပ်ခြင်းက ဘာမှထူးမည်မဟုတ်ပေ။
အနန္တအသွင်ကူးပြောင်းတံခါးသည် ကျိယွမ် တွေ့ကြုံခဲ့ဖူးသမျှ အထူးခြားဆုံး ရတနာများထဲမှ တစ်ခုဖြစ်ရာ သူအလိုရှိတိုင်း ပေါ်လာမည်မဟုတ်သည်မှာ သဘာဝကျပါသည်။
၎င်းသည် အချိန်နှင့် အခွင့်အရေး နှစ်ခုလုံး လိုအပ်၏။
သို့သော် နေမင်းဆယ်စင်း၏ လင်းထိန်မှုက ရှိနှင့်ပြီးသားဖြစ်သလို မဟာမေ့လျောခြင်းစိတ်ကျမ်းကလည်း လျူဖုန်းနယ်မြေအပေါ် အစဉ်အမြဲ သြဇာသက်ရောက်နေသဖြင့် ကျိယွမ်၏ ရှာဖွေမှုသည် စတင်နေပြီဖြစ်သည်။
ထို့အပြင် တံခါးအတွင်း သူရှိနေစဉ်က မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြု၍ မှတ်သားမှုတစ်ခု ချန်ထားခဲ့၏။ လျူဖုန်းနယ်မြေထဲတွင် တံခါးရှိနေသရွေ့ အမြုတေများက ၎င်းကို ရှာဖွေတွေ့ရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။
ထိုသို့ မဟုတ်ပါက သူသည် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ကာ ရှာဖွေရုံမှတစ်ပါး အခြားမရှိပါ ။ သို့သော်လည်း ထိုသို့လုပ်လျှင်ပင် ၎င်းက ပေါ်လာချင်မှ ပေါ်လာပေလိမ့်မည်။
ယခုနေရာသို့ မလာခင်မှာ ကျိယွမ်က သူ့၏ကံကြမ္မာကို စမ်းသပ်ကြည့်ပြီးဖြစ်ကာ သူ့ရဲ့ဘယ်ဘက်မျက်ခုံး လှုပ်သွားခဲ့သဖြင့် ယခုခရီးစဉ်က တစ်ခုခု ရလိမ့်မယ်ဆိုသော အတိတ်နိမိတ်ပင်။
ဖြစ်နိုင်လျှင် သူသည် ဤခရီးစဉ်ကို အပန်းဖြေခရီးတစ်ခုအဖြစ် သတ်မှတ်သင့်၏။
အတန်ကြာစဥ်းစားပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ကျိယွမ်သည် ရေကန်ဆီသို့ အေးအေးလူလူလျှောက်သွားလိုက်သည်။
ရုတ်တရက် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟွန့်....အဲဒီတုန်းက ရှင် တကယ်ပဲ ချောင်းကြည့်ခဲ့တာပေါ့ ။ မဟုတ်ရင် ကျွန်မ ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး။"
ထိုစဥ်တုန်းက နင်းထောင်သည် ကန်ထဲတွင် ရေချိုးရင်း ကျိယွမ်က သူမကို ချောင်းကြည့်ပါက သူမ ကြီးလာသောအခါ သူ့ကို လက်ထပ်မည်ဟု နောက်ပြောင်ခဲ့ဖူးသည်။
ထို့ကြောင့် သူမသည် ယခုလက်ရှိရလဒ်အပေါ် အခြေခံ၍ အတိတ်ကို ပြန်လည်ပုံဖော်ကာ သူ့ကို စနောက်နေခြင်းပင်။
"ငါ့ကို မပုတ်ခတ်နဲ့။ ငါကရုပ်ချောရုံတင်မဟုတ်ဘူး ဖြောင့်မတ်တဲ့ လူကြီးလူကောင်း တစ်ယောက်ပါ"
ကျိယွမ်က သူမအား လှမ်းကြည့်ရင်း ပြန်ငြင်းလိုက်သည်။
ကျူးယန်သည် ကျောက်သားချပ်တစ်ခုပေါ်တွင် ထိုင်နေပြီး သူမ၏ အပြာရောင်နှင့် လိမ္မော်ရောင် ရောယှက်နေသော ဝတ်စုံလေးက တလက်လက် တောက်ပနေ၏။ အပြာရောင် ပိုးထည်ပေါ်တွင် ပန်းများနှင့် ငှက်များကို ပန်းထိုးထားပြီး သူမ၏ ခါးတွင် လိပ်ပြာပုံစံ ချည်နှောင်ထားသော လိမ္မော်ရောင် ခါးပတ်စသည် ရေများ စိုရွှဲနေကာ မိုးစိုနေသော လိပ်ပြာလေးနှင့် ပင် တူနေသယောင်ယောင်..။
သူမသည် သူမ၏ ဂါဝန်စကို မလိုက်ရာ ဖြူဖွေးပြီး သွယ်လျသော ခြေတံလေးနှစ်ဖက် ပေါ်လာသည်။ သူမ၏ လှပသော ကြာပန်းခြေဖဝါးလေးများမှာ လှုပ်ယမ်းနေပြီး အပြစ်ဆိုဖွယ်မရှိအောင် လှပသော ခြေချောင်းလေးများမှာ ကျောက်မျက်ရတနာလေးများကဲ့သို့ တောက်ပနေသည်။
တစ်ချိန်တည်းမှာပင် ကန်အတွင်း၌ အနက်ရောင် ဝတ်ဆင်ထားသော နင်းထောင်ကတော့ ရေထဲတွင် အပြည့်အဝ နစ်မြုပ်နေ၏။ သူမ၏ အေးစက်နုနယ်သော မျက်နှာလေးသည် သူမ၏ ဖြူဖွေးသောအသားအရေနှင့် သူမ၏ ခြေထောက်များကို ပတ်ထားသော အနက်ရောင် ခြေအိတ်ရှည်များနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေကာ ရေစိုနေသော ခြေအိတ်ရှည်များက သူမ၏ နုနယ်သော ခြေချောင်းလေးများကို ပိုမိုပေါ်လွင်စေသည်။
တစ်ယောက်က ချယ်ရီပန်းကဲ့သို့ ချစ်စရာကောင်းပြီး တက်ကြွနေကာ နောက်တစ်ယောက်ကမူ နှင်းပန်းကဲ့သို့ အေးစက်ပြီး သန့်စင်နေ၏။
သူတို့နှစ်ယောက်ကို၊ သို့မဟုတ် လူတစ်ယောက်တည်းကို မြင်လိုက်ရသောအခါ ကျိယွမ်၏ အမူအရာက နူးညံ့သွားသည်။
"ငါတို့မှာ အချိန်တွေ အများကြီး ရှိတာပဲ၊ ဒါကြောင့် အရင်က မင်းနဲ့အတူ မလျှောက်လှမ်းနိုင်ခဲ့တဲ့ လမ်းတွေကို အတူတူ လျှောက်လှမ်းကြတာပေါ့။"
ကျူးယန်မှသည် နင်းထောင်အထိ အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ကျိယွမ်အနေဖြင့် အရာများစွာကို လွဲချော်ခဲ့ရသည်။
အထူးသဖြင့် မိစ္ဆာတစ်သောင်းတံခါးနောက်တွင် စာဝါငှက်မလေးကျူးယန်သည် အားလုံးက မုန်းတီးရွံရှာကြသော စုန်းမ ဖြစ်လာခဲ့ရသည်။
အလှပဆုံးနှင့် မာနအကြီးဆုံး မိန်းကလေးသည် ရုပ်ဆိုးသော စုန်းမအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး လူတကာ၏ စက်ဆုပ်ရွံရှာမှုများကို ခံစားခဲ့ရရှာ၏။ သူမ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်သည်။
"ဟွန်း....လျှောက်ရမယ့် နေရာတွေက အများကြီး ရှိတာကို"
ကျူးယန်က သဘောမကျသလို ခေါင်းလှည့်သွားသော်လည်း သူမ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကိုမူ ဖုံးကွယ်ထား၍ မရပေ။
ရေထဲတွင် ရှိနေဆဲဖြစ်သော နင်းထောင်ကလည်း သူမ၏ သွယ်လျသော လက်ကလေးကို ကျိယွမ်ထံကမ်းပေးလိုက်သည်။
"ဒါဆို ဒီကနေပဲ စကြရအောင်။"
သူမနှင့် ကျိယွမ်ကြားရှိ သံယောဇဉ်သည် ဤနေရာမှပင် စတင်ခဲ့ခြင်း ဖြစ်သည်။
ဝုန်းခနဲ ရေသံနှင့်အတူ ရေစက်များ နေရာအနှံ့ လွင့်စင်သွား၏။
ကျိယွမ်က သူပါ ခုန်ချလိုက်ရုံမျှ မက ဘဲ ကျောက်ပြားပေါ်မှ ကျူယန်းကိုပါ ဆွဲချလိုက်သည်။
"ဒီရေက အရမ်းအေးတယ် ၊ ငါ မဝင်ချင်ပါဘူးဆို"
ကျူးယန်က နှုတ်ခမ်းဆူလိုက်သည်။
ညည်းညူနေသော်လည်း သူမသည် ကျိယွမ်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ကျိယွမ်သည် ကျူးယန်၏ နုနယ်လှပသော ခြေထောက်လေးကို နောက်ပြောင်လိုသော အမူအရာဖြင့် ဆုပ်ကိုင်လိုက်ပြီး စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်၏။
"ငါစဥ်းစားနေတာ ..."
"ငါတို့ခြေထောက်တွေကို အရူးအမူးစွဲလမ်းတဲ့ အမျိုးသမီးကြတော့ ဘာလို့ တစ်ယောက်မှ မရှိတာလဲ"
ယောင်္ကျားတွေရဲ့ ခြေထောက်တွေက ဆွဲဆောင်မှု မရှိလို့များလား။
ယောက်ျားတွေကတော့ မိန်းကလေးများ၏ ခြေထောက်များကို စွဲလမ်းကြ၏။သို့သော် မိန်းကလေးများကတော့ ယောက်ျားလေးများ၏ ခြေထောက်များကို အငမ်းမရ မဖြစ်ကြပေ။
ဘာလို့လဲ ...။
သူတို့က ယောက်ျားတွေရဲ့ ခြေချောင်းကိုမစွဲလမ်းရင် ဘယ်အချောင်းကို စွဲလမ်းနေလို့လဲ။
ကျိယွမ်၏ အတွေးများက လွင့်ပျံ့နေသည်။
"ရွံစရာကြီး"
ကျူးယန်၏ မျက်နှာလေးမှာ ရဲရဲနီသွားသည်။ သူက ကျိယွမ်၏ လက်ထဲမှ သူမ၏ခြေတံလေးအား ပြန်ရုန်းကာ သူ၏လက်ကို ဖမ်းဆွဲကာ သွားနှင့်ကိုက်၏။
"ဟေ့....နင့်ကငှက်နော် ခွေးမဟုတ်ဘူး .."
"နင်းထောင်၊ သူ့ကို နင်းဖို့ ငါ့ကို ကူညီပါဦး"
…...............
"ဆရာသခင်.. ကျွန်တော့်ကို ကူညီပါဦး၊ ကယ်ပါဦးဗျ"
"ကျွန်တော် အရမ်းခံစားနေရတယ်"
"ကျွန်တော် သေတော့မယ်"
"သူတို့က အရမ်းရက်စက်တာပဲ၊ ဘယ်လိုတောင် နှလုံးသားမရှိ ကြမ်းတမ်းနိုင်ကြတာလဲ"
အထီးကျန်သော အခန်းတစ်ခုအတွင်း၌ လင်းယာယီသည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အော်ဟစ်ငိုယိုကာ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
အလင်းဗုဒ္ဓက လင်းယာယီကို တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"တကယ်လို့ သူသာ အသက်ရှင်နေသေးပြီး မင်းကို လာကယ်နိုင်ရင် အရာအားလုံး အဆုံးသတ်သွားမှာပါ။"
"အလင်းဗုဒ္ဓ...မင်းက လူမဟုတ်ဘူး..၊ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ဒီလို နှိပ်စက်နိုင်ရတာလဲ"
"ငါ ဘုန်းကြီး မလုပ်ချင်ဘူးလို့ ပြောပြီးပြီပဲ၊ ပြီးတော့ ဒီလို ကြီးကျယ်တဲ့ ဗုဒ္ဓညီလာခံမှာလည်း မပါဝင်ချင်ဘူး"
အဘိုးကြီးလင်းယာယီသည် နာကျင်နေသည့်ကြားမှ မကျေမနပ်အော်ဟစ်နေသည်။
သူ့ကို အလင်းဗုဒ္ဓက ဖမ်းဆီးထားသည်မှာပင် တော်တော်လွန်နေလေပြီ ယခုအခါ ကတုံးတုံးပြီး သူ့ကို ဘုန်းကြီးဖြစ်အောင်ပါ အတင်းအကျပ် လုပ်နေကြသည်လား။
သဘာဝအတိုင်းပင် သူက မျက်စိမှတ်ကာ ငြင်းတော့သည်။
သို့သော် အလင်းဗုဒ္ဓသည် သူ၏ သဘောထားကို ဂရုမစိုက်ဘဲ လင်းယာယီ၏ စိတ်အလိုဆန္ဒများက ပြင်းထန်လွန်းသဖြင့် သန့်စင်ရန် လိုအပ်သည်ဟု ဆိုကာ သူ့ကို နေ့စဉ် "ညှဉ်းပန်းနှိပ်စက်မှု" များ ပြုလုပ်ခဲ့သည်။
ထို "သန့်စင်ခြင်း" တွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ပါဝင်၏။
ပထမဦးစွာ သူတို့သည် လင်းယာယီ၏ စိတ်အလိုဆန္ဒများကို အဆပေါင်းများစွာ၊ ဆယ်ဆခန့်အထိ တိုးပွားစေရန် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
ထို့နောက်တွင် ကောင်းမွန်သော အစားအစာများ၊ ဆွဲဆောင်မှုရှိရှိ ကပြနေသော မြေခွေးမလေးများ၊ တန်ဖိုးကြီးသော မှော်လက်နက်များ စသည့် မြူဆွယ်မှု အမျိုးမျိုးက သူ့ကို ဝိုင်းရံထားသည်။
သို့သော် သူလုပ်နိုင်သည်မှာ ကြည့်ရုံသာ ဖြစ်သည်။
ထိတွေ့၍မရ..
ယူ၍မရ..
စား၍လည်း မရပေ။
လင်ယာယီ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ဒေါသထွက်လွန်း၍ ကတုံးမြင်သမျှကို တဖုန်းဖုန်းချည်းသာ ရိုက်ပစ်ချင်နေ၏။
သို့သော် ထိုစိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုသည် အလွန်ပင် ပင်ပန်းလှပြီး တစ်ညတည်းတွင် ပြင်းထန်သော တိုက်ပွဲပေါင်း တစ်ဆယ့်နှစ်ပွဲ ဆင်နွှဲရသကဲ့သို့ပင် ။
သူက ဤအကြောင်းကို အဘယ်ကြောင့် ဤမျှ တိတိကျကျ သိနေသနည်းဆိုသည်မှာ မည်သူမှ မသိနိုင်ပေ။
"မင်းမှာ ပြန်လည်ဝင်စားခြင်းသံသရာစွမ်းအားရှိနေတာက မင်းကို ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ဆက်သွယ်ပေးထားတာပဲ။ မင်းက ကြီးမြတ်တဲ့ ဗုဒ္ဓတစ်ပါး ဖြစ်လာဖို့ ကံပါလာတာ"
"ဒီတစ်ခါ ကြီးကျယ်တဲ့ ဗုဒ္ဓညီလာခံကို ကျင်းပတော့မယ်။ မင်းက ငါတို့ရဲ့ ထန်ကာမြင့်မြတ်နယ်မြေကို ကိုယ်စားပြုရမယ်၊ ပြီးတော့ မင်းက ထိပ်တန်းဆုကို ရယူရမယ်"
အလင်းဗုဒ္ဓကတော့ လင်းယာယီ၏ ခံစားချက်များကို အလေးမထားဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းမှာ စိတ်အလိုဆန္ဒတွေ အရမ်းများနေတယ်။ သေချာ သန့်စင်ခြင်းမရှိရင်ဝင်စားခြင်းသံသရာအစွမ်းရှိရင်တောင် မင်းအတွက် ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ဝင်ဖို့ ခက်ခဲလိမ့်မယ်။"
အဘိုးအိုလင်းယာယီ မကျေမနပ်ဖြင့် စိတ်ပျက်လက်ပျက် အော်ဟစ်လေ၏။
" အကူအညီတောင်းတာကို ဒီလိုမျိုးတောင်းရတယ်လို့ ဘယ်သူကပြောတာလဲ"
၄င်းတို့၏ လုပ်ရပ်များက အရမ်းရက်စက်လွန်းလှသည်။
အထက်ဘုံမှာ လူဆိုးတွေ ရှိနေတာပဲ။
ဒါက ဘယ်လို စမ်းသပ်မှုမျိုးလဲ။
ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတောင် မဟုတ်တော့ဘူး။
သူဆက်လက်၍ တောင့်မခံနိုင်တော့ပါ။
"ကောင်းပြီ..မင်း တို့ကို ကိုယ်စားပြုပေးမယ်၊ ဒါကြောင့် ငါ့ကို နှိပ်စက်တာကိုပဲ ရပ်ပေးတော့ ဟုတ်ပြီလား"
"ဒါက နှိပ်စက်တာ မဟုတ်ဘူး၊ မင်းရဲ့ အလိုဆန္ဒတွေကို သန့်စင်ပေးနေတာပါ။
"ဝမ်းနည်းစရာကောင်းတာက မင်းက သွေးသခင် ဟုတ်မနေတာပဲ။
"တကယ်လို့ သူသာ ဒီမှာရှိရင် သူက သန့်စင်ဖို့တောင် လိုမှာမဟုတ်ဘဲ သဘာဝအတိုင်း ကြီးမြတ်တဲ့ ဗုဒ္ဓတစ်ပါး ဖြစ်လာလိမ့်မယ်။"
မြောက်ပိုင်းစုန်းဆယ့်သုံးပါးထဲမှ ပြန်လည်ဝင်စားခြင်းသံသရာအစွမ်းသည် သွေးသခင်နှင့် ဆက်စပ်မှု ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သွေးသခင်ကိုယ်တိုင်မှာ ပိုမိုပြင်းထန်သော ပြန်လည်ဝင်စားခြင်းသံသရာစွမ်းအား ရှိမှာ သေချာသလောက်ပင်။
ရှေးဟောင်း ကျမ်းစာများကို ဖတ်ရှုခြင်းမှတစ်ဆင့် သွေးသခင်သည် ထူးခြားပြောင်မြောက်သော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း အလင်းဗုဒ္ဓ သိခဲ့ရသည်။
သူ့ရှေ့တွင် ရှိနေသော၊ စိတ်အလိုဆန္ဒများလွန်းပြီး ဝိညာဉ်က ညစ်နွမ်းနေသော လူနှင့် မတူပေ။
"ဟားဟား ဟားဟား ..ဒါတော့ မင်းမှားသွားပြီ။ ငါ့ရဲ့ ဆရာ၊ အဲဒီအဘိုးကြီးက ငါ့ထက် အများကြီး ပိုဆိုးတာ။
"သူက မျက်တောင်မခတ်တမ်း သတ်တတ်တဲ့သူပဲ။ သူ့ဝတ်စုံက သွေးတွေနဲ့ ရွှဲနေတာ ...သူ့ကို ဘာလို့ သွေးသခင်လို့ ခေါ်လဲဆိုတာ မင်းတို့ သိလား "
" သူ လူတွေ ဘယ်လောက်တောင် သတ်ခဲ့လဲဆိုတဲ့ အချက်ကြောင့်ပဲ"
"အဲဒီလိုလူက ကြီးမြတ်တဲ့ ဗုဒ္ဓတစ်ပါး ဖြစ်လာနိုင်မယ်လို့ မင်းတို့က ထင်နေတယ်ပေါ့ ...ဟားဟား ဟားဟား "
လင်းယာယီက လှောင်ပြောင်သလိုရယ်မောလိုက်သည်။
သူ၏ ဆရာက အနားမှာ မရှိသဖြင့် သူသည် ပျော်ရွှင်စေရန်အတွက် ပုံပြင်အချို့ကို လွတ်လပ်စွာ လုပ်ကြံပြောဆိုနေခြင်း ဖြစ်သည်။
"သူက သန်းပေါင်းများစွာကို သတ်ခဲ့ပေမဲ့ အခုတော့ သူက သက်ရှိတွေကို မသတ်တော့ဘူးလေ။ အဲဒီအစား သူ့နှလုံးသားထဲက အမှားတွေကို သူ ဖြတ်တောက်နေတာဖြစ်ရမယ်"
"အဲဒီလို ပါရမီရှင်မျိုးက ဘာလို့ ကြီးမြတ်တဲ့ ဗုဒ္ဓတစ်ပါး မဖြစ်လာနိုင်ရမှာလဲ"
အလင်းဗုဒ္ဓ၏ အသံတွင် ဗုဒ္ဓတရားတော်များ၏ ဉာဏ်ပညာများ ပြည့်နှက်နေသည်။
လင်းယာယီမှည တောင့်ခဲသွားပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။
သူက အလင်းဗုဒ္ဓအား သဘောပေါက်သလိုကြည့်၏။
"ဒါဆို ငါသတ်တာ မလုံလောက်လို့ ငါ့မှာ အလိုဆန္ဒတွေ များနေတာလို့ မင်းပြောချင်တာလား"
အလင်းဗုဒ္ဓက ခေါင်းခါလိုက်သည်။
"မင်း အများကြီး သတ်ရင် မင်းက မိစ္ဆာကြီး ဖြစ်သွားလိမ့်မယ်။
"ဒါပေမဲ့ မင်းရဲ့ ဓားကို ချလိုက်တာနဲ့ မင်းရဲ့ ဝိညာဉ်က ပျက်စီးသွားပြီး မင်းရဲ့ ခန္ဓာကိုယ်က ငါတို့ ဗုဒ္ဓဘာသာရဲ့ ဗာဂျရာ အစောင့်အရှောက်ဖြစ်လာလိမ့်မယ်။"
လင်းယာယီ၏ အိုမင်းသောမျက်နှာကြီးက ရှုံ့မဲ့သွားတော့သည်။
"မင်းတို့ဟာက ငါက အများကြီး သတ်သတ်၊ နည်းနည်း သတ်သတ် မှားနေတာချည်းပဲ"
သူတော်တော်လေး စိတ်ပျက်သွား၏။
"ပြီးတော့ 'ဓားကို ချလိုက်ရင် ဗုဒ္ဓ ဖြစ်လာတယ်' ဆိုတဲ့ စကားပုံ ရှိတာမဟုတ်ဘူးလား.. ဘာလို့ ငါခန္ဓာကိုယ်က ဗာဂျရာ အစောင့်အရှောက် ဖြစ်သွားရတာလဲ"
" ဗုဒ္ဓဖြစ်ဖို့က အဲဒီလောက် လွယ်နေရင် ဗုဒ္ဓနိုင်ငံတော်က သတ်ဖြတ်မှုတွေနဲ့ ပြည့်နေမှာပေါ့။"
အလင်းဗုဒ္ဓက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏အသံထဲတွင် အကူအညီမဲ့မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ဒါနဲ့ ငါ့ရဲ့ စီနီယာ အစ်ကိုတွေထဲက တစ်ယောက်ယောက်က မင်းတို့ အထက်ဘုံက လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရမယ်ဆိုရင် သူတို့ရော ဘယ်လို ဆက်ဆံမှုမျိုးကို ရရှိမှာလဲ"
လင်းယာယီက သတိကြီးစွာဖြင့် မေးလိုက်သည်။
"ပြန်လည်ဝင်စားခြင်းသံသရာအစွမ်းရှိတယ်ဆိုရင် သူတို့က ကြီးမြတ်တဲ့ ဗုဒ္ဓတွေ ဖြစ်လာနိုင်တယ်။ ယေဘုယျအားဖြင့် ပြောရရင် သူတို့က ကြီးကြီးမားမား အန္တရာယ် မရှိနိုင်ပါဘူး။
"ဒါ့အပြင် မင်းတို့က အဖြူရောင်ဧကရာဇ်ရဲ့ တပည့်တွေ ဖြစ်နေတာကြောင့် ဗုဒ္ဓနိုင်ငံတော်က မင်းတို့ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး။
"ဒါပေမဲ့... အရာအားလုံးမှာ ကံတရားက အကြီးအမှူးပဲ။ ဘာမဆို ဖြစ်နိုင်ပါတယ်"
အလင်းဗုဒ္ဓက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
တရားဓမ္မအကြောင်းပြောနေကြသော်လည်း ဗုဒ္ဓနိုင်ငံတော်သည် လုံးဝ အေးချမ်းနေသည်တော့ မဟုတ်ပေ။
မဟုတ်ပါက သူတို့သည် နှစ်ပေါင်းများစွာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြပြီး စစ်မှန်သော ဗုဒ္ဓနိုင်ငံတော် ဘွဲ့နာမအတွက် အားပြိုင်နေကြမည် မဟုတ်ပါ။
ထိုဘွဲ့နာမကို ရယူနိုင်မည့် အခွင့်အရေးသည် လျူဖုန်းနယ်မြေတွင် ပေါ်ပေါက်လာခဲ့၏။
ထို့ကြောင့်လည်း မြင့်မြတ်နယ်မြေအသီးသီးမှ ဗုဒ္ဓသားတော်များ အားလုံးသည် လျူဖုန်းနယ်မြေထဲသို့ ဆင်းသက်ရောက်လာကြခြင်းပင်။
အလင်းဗုဒ္ဓ၏ ဆန္ဒကတော့ ဗုဒ္ဓနိုင်ငံတော်ကို စည်းလုံးစေပြီး တိုက်ခိုက်မှုများကို ရပ်တန့်စေလိုသည်။
သို့သော်... သူတို့ကို စည်းလုံးစေဖို့က တကယ်ပဲ အဲဒီလောက် လွယ်ကူပါ့မလား။
"သူတို့ အဆင်ပြေမယ်လို့ ငါမျှော်လင့်ပါတယ်"
လင်ယာယီက သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ဒီခံစားချက်က... လုံးဝ မကောင်းဘူးလို့ ဘာလို့ထင်နေမိပါလိမ့် "
------------