← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း။ ၇၉

ဤမြင်ကွင်းကို အဝေးမှ အကဲခတ်နေကြသော လူအုပ်ကြီးမှာ စပ်စုလိုစိတ်များ ပြင်းထန်လာကြသည်။ ထို့နောက် ဟွာလျောင်၏ အမျက်ဒေါသခြောင်းခြောင်းထွက်ကာ အော်ဟစ်လိုက်သံကို ကြားရသောအခါ သူတို့၏ အံ့ဩတုန်လှုပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

"မဖြစ်နိုင်တာ... ဒီကိစ္စက တကယ်ပဲ မသေမျိုးဂိုဏ်းနဲ့ ပတ်သက်နေတာလား။ မသေမျိုးဂိုဏ်းက ဆုတ်ယုတ်ပြီး ပျက်စီးသွားပြီ မဟုတ်ဘူးလား"

"မင်းကလည်း ဘာမှမသိသေးပါလား။ မသေမျိုးဂိုဏ်းက တံခါးပြန်ဖွင့်ပြီး တပည့်သစ်တွေတောင် လက်ခံနေပြီလေ။ ငါကြားတာတော့ အရမ်းအစွမ်းထက်တဲ့ အကြီးအကဲတစ်ယောက် ရောက်နေတယ်တဲ့။ ခုနတင် ရန်မိသားစုဈေးကွက်မှာ မသေမျိုးဂိုဏ်းရဲ့ အဆင့် ၁၃ အကြီးအကဲက တစ်ဖက်က အဆင့် ၁၃ ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနဲ့ အသက်ပျောက်အောင် သတ်ပစ်လိုက်တာကွ"

"ဟား... လက်သီးတစ်ချက်တည်းနဲ့ ဟုတ်လား။ ဒါဆိုရင်တော့ မှီခိုရာဂိုဏ်းချုပ်ကိုယ်တိုင် လာရင်တောင် သူတို့နဲ့ ဝေးဝေးနေတာကမှ ဘေးကင်းလိမ့်ဦးမယ်"

လူအုပ်အတွင်းမှ ဝေဖန်ဆွေးနွေးသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ မြို့တော်ဝန်နန်းတော်မှ စစ်သည်များက လာရောက်မောင်းထုတ်လိုက်သည့်အခါတွင်မူ လူအုပ်ကြီးမှာ စတင်လူစုခွဲသွားကြတော့သည်။

သို့သော် လူစုခွဲသွားသော်လည်း ကောလာဟလများမှာမူ တောမီးအလား ပျံ့နှံ့သွားခဲ့ရာ ဆန်းဝူမြို့နေ လူထု၏ ထက်ဝက်ကျော်မှာ မသေမျိုးဂိုဏ်း တစ်ကျော့ပြန် နိုးထလာသည့် သတင်းကို ကြားသိသွားကြသည်။

မသေမျိုးဂိုဏ်း စတင်ဆုတ်ယုတ်ပျက်စီးစဉ်ကကဲ့သို့ပင် မြို့သူမြို့သားများ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှု၊ ထိတ်လန့်မှုနှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုတို့မှာ ရောပြွမ်းယှက်သန်းနေကြတော့သည်။

ရန်မိသားစုအိမ်တော်သို့ ပြန်ရောက်သောအခါ ရန်ကျုံးရှန်းမှာ သတင်းကို ကြိုတင်ရရှိထားပုံရပြီး အိမ်ရှေ့၌ပင် စောင့်ကြိုနေသည်။ သူသည် ယွီမိုနှင့် ဝမ်ပင်းတို့ကို မြင်သည်နှင့် အပြေးအလွှား လာရောက်နှုတ်ဆက်သည်။ ယခုတစ်ကြိမ်တွင်မူ သူတို့နှစ်ဦး ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသလားဟု သူ မမေးမြန်းတော့ပေ။

သူသည် အစေခံများကို မြင်းလှည်းအသင့်ပြင်ခိုင်းပြီးနောက် ဝမ်ပင်းကို ကြည့်ကာ ပြောလိုက်

သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီနေ့ချုပ်ပေးထားတဲ့ မသေမျိုးလေပြည်ဝတ်ရုံ သုံးစုံကို သေသေချာချာ ထုပ်ပိုးပေးထားပါတယ်။ တခြားလိုအပ်မယ့် ပစ္စည်းလေးတွေလည်း ထည့်ပေးလိုက်တာမို့ ကျေးဇူးပြုပြီး တစ်ပါတည်း ယူဆောင်သွားပေးပါဦး"

"မျိုးနွယ်စုခေါင်းဆောင်ရန်က ကျွန်တော့်ကို ထမင်းတစ်နပ်လောက်တောင် ဖိတ်မကျွေးတော့ဘူးလား"

ဝမ်ပင်းက ပြုံးလျက် မေးလိုက်သည်။ ရန်ကျုံးရှန်းသည် သူ့ကို မသေမျိုးဂိုဏ်းသို့ ဘာလို့ ဒီလောက်တောင် အမြန်ပြန်စေချင်နေရတာလဲဆိုသည်ကို သူ သိလိုစိတ် ပြင်းပြနေမိသည်။

ရန်ကျုံးရှန်းက ခေါင်းကို အားမလိုအားမရ ခါယမ်းလိုက်ရင်း "ဒီတစ်ခါတော့ မဖြစ်သေးဘူးဗျ။ ဂိုဏ်းချုပ်က ဆန်းဝူမြို့ကို တစ်ခေါက်လာတာနဲ့တင် ကိစ္စတွေအများကြီး လုပ်ခဲ့တာလေ။ ဒီထက်ပိုပြီး ကြာကြာနေရင် မှီခိုရာဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ဖို့ပဲ ရှိတော့တယ်" ဟု ပြောလိုက်သည်။

ယွီမိုကမူ ဂရုမစိုက်ဟန်ဖြင့် "မှီခိုရာဂိုဏ်းဆိုတာ အကောင်သေးသေးလေးပါဗျာ။ တိုက်ချင်ရင်လည်း တိုက်ပေါ့။ သူတို့က ငါ့ကို လာရှုပ်ရဲလို့လား" ဟု အေးအေးဆေးဆေးပင် ပြန်လည်တုံ့ပြန်လိုက်သည်။

ဝမ်ပင်းကမူ ဘာမှမပြောဘဲ ပြုံးနေမိပြီး ယွီမိုကိုခေါ်ကာ ယွင်လန်တောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ သူတို့ မသေမျိုးဂိုဏ်းသို့ ပြန်ရောက်သည့်အခါ နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မသေမျိုးဂိုဏ်း၏ ထောင်ချီသော ကျောက်လှေကားထစ်များမှာ အမှန်တကယ်ပင် ခန့်ညားထည်ဝါလှသော်လည်း ပစ္စည်းအများအပြားကို သယ်ဆောင်လာရသည့် ဝမ်ပင်းအတွက်မူ ထိုလှေကားထစ်များ၏ ထက်ဝက်ခန့်ကို ဖယ်ရှားပစ်ချင်စိတ် ပေါက်နေမိသည်။ သို့မဟုတ် ကေဘယ်ကားတစ်ခုခု ရှိနေလျှင်ပင် ဤမျှပင်ပန်းဆင်းရဲစွာ တက်နေရခြင်းမှ ကင်းဝေးပေလိမ့်မည်။

သေချာသည်မှာ ထိုအရာသည် ပစ္စည်းလေးလံခြင်းကြောင့် မဟုတ်ဘဲ အနည်းငယ် အဆင်မပြေခြင်းကြောင့်သာ ဖြစ်သည်။ 'စူပါဂိုဏ်းတော်စနစ်' အနေဖြင့် ဤပြဿနာကို ဖြေရှင်းပေးသင့်သည်ဟု သူ တွေးနေမိသည်။

ပစ္စည်းအားလုံးကို တင့်ယွီဆောင်သို့ ပြောင်းရွှေ့ပြီးနောက် သူသည် ခေတ္တထိုင်ကာ ရေတစ်ခွက် သောက်လိုက်သည်။ ထို့နောက် တံခါးကိုပိတ်၍ ဝင်္ကပါအစီရင်' ကို အကာအကွယ်အဖြစ် အသက်သွင်းလိုက်ပြီးမှ အထည်အိတ်ကို ဖွင့်လိုက်သည်။

အတွင်း၌ ဆန်စပါးစေ့ခန့်ရှိသော အစိမ်းရင့်ရောင် 'သစ်သားသဲပွင့်' များကို တွေ့လိုက်ရပြီးနောက် စနစ်၏အသံမှာ ချက်ချင်း ထွက်ပေါ်လာသည်။

"သစ်သားသဲပွင့်ဆိုတာ သဲပွင့်လေးတွေလို ပုံစံရှိပေမဲ့ တကယ်တော့ စီးဆင်းနေတဲ့ ရေနဲ့ တူပါတယ်။ သခင့်အနေနဲ့ အဲဒါရဲ့ အစစ်အမှန်ပုံစံကို မြင်နိုင်ဖို့ဆိုရင် အဲဒီအပေါ်ယံပုံစံကို ချေဖျက်ပစ်ရပါမယ်။"

ဝမ်ပင်း ခေါင်းညိတ်လိုက်ပြီး အထည်အိတ်ကို စတင်ပွတ်ခြေလိုက်သည်။

သူ ပွတ်ခြေလိုက်သည့်အခါ အိတ်၏ချုပ်ရိုးကြောင်းများကြားမှ အစိမ်းရောင်အရည်များ စိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဝမ်ပင်း အံ့ဩဝမ်းသာသွားရသည်မှာ သစ်သားသဲပွင့်၏ အစိမ်းရင့်ရောင်မှာ လုံးဝ ပျောက်ကွယ်သွားပြီး နွေဦးရာသီတွင် လယ်ကွင်းပြင်၌ အသစ်တဖန် ပေါက်ဖွားလာသော မြက်နုလေးများကဲ့သို့ တောက်ပသော အစိမ်းနုရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

သူသည် အံ့ဩမှင်သက်နေစဉ်မှာပင် အလျင်အမြန် 'ချန်မော့ကျင့်စဉ်' ကို အသက်သွင်းလိုက်ပြီး သစ်သားသဲပွင့်မှ စီးထွက်လာသော သစ်သားဓာတ်များကို ဝါးမြိုကာ စုပ်ယူလိုက်သည်။

သစ်သားဓာတ်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ချန်မော့ကျင့်စဉ်၏ လမ်းညွှန်မှုဖြင့် သွေးလှည့်ပတ်မှုစနစ်အတွင်း လှည့်ပတ်စီးဆင်းကာ ချီလမ်းကြောင်းများနှင့် ဒန်ထျန်အတွင်းသို့ ပေါင်းစပ်သွားတော့သည်။

သန်းခေါင်ယံအချိန် ရောက်သည့်အခါတွင်မူ ဤခမ်းနားလှသော စွမ်းအင်သောက်ပွဲကြီးမှာ ငြိမ်သက်စွာ ပြီးဆုံးသွားခဲ့သည်။ အိတ်အတွင်းရှိ သစ်သားသဲပွင့်များမှာ သူ၏စုပ်ယူခြင်းကို လုံးဝ ခံလိုက်ရပြီ ဖြစ်သည်။

တောက်ပသော အလင်းရောင်နှင့်အတူ စီးဆင်းနေသော ရေကဲ့သို့ ဖြစ်ခဲ့သည့်အရာမှာ ယခုအခါ သက်မဲ့ဖြူရော်ရော် အမှုန်အမွှားလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကိုယ်ရေးကိုယ်တာ အချက်အလက်များမှာ ပေါ်ထွက်လာတော့သည်။

[ဝမ်ပင်း]

[ကျား/မ - အမျိုးသား]

[အဆင့် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၂]

[ပါရမီ - ကြယ်သုံးပွင့်]

"ငါလည်း ပါရမီရှင်တစ်ယောက် ဖြစ်လာပြီဟေ့... ဟားဟား"

သူ၏ ပါရမီအဆင့် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပင်းသည် မျက်လုံးများ အရောင်တောက်လျက် တဟားဟား အော်ရယ်တော့သည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သတိပြုမိသွားပြီး ရင်ဘတ်နှင့် ခြေထောက်များကို အသာအယာ ပြန်ကြည့်မိသည်။ တစ်စုံတစ်ရာ ထူးခြားစွာ ပြောင်းလဲသွားခြင်း ရှိမရှိ သူ မျှော်လင့်တကြီး ကြည့်နေမိခြင်းပင်။

"အဆင့်လည်း တက်သွားပြီပဲ။"

တောင်အောက်ဆင်းရသည့် ခရီးမှာ တကယ်ကို တန်ဖိုးရှိသည်။

အမှန်စင်စစ် လူတစ်ယောက် ကံကောင်းလာပြီဆိုလျှင် ကံကောင်းခြင်းများက ရောက်ရှိလာတတ်သလို ကံဆိုးသည့်အခါတွင်လည်း အဆက်မပြတ် ရိုက်ခတ်လာတတ်သည်။

"စနစ်... မြေပုံဖွင့်စမ်း။"

သူ၏လက်ထဲတွင် ရွှေဒင်္ဂါးလက်မှတ်ပေါင်း သောင်းနှင့်ချီ၍ ရှိနေပြီဖြစ်ရာ အဆောက်အအုံအချို့ကို ပြုပြင်မွမ်းမံရန် အချိန်တန်ပြီဖြစ်သည်။

ပထမဆုံးအနေဖြင့် ဝမ်ပင်းသည် ရွှေဒင်္ဂါး ငါးသောင်း အကုန်အကျခံကာ ခန်းမကြီး'ကို အဆင့်မြှင့်တင်ရန် အာရုံစိုက်လိုက်သည်။ ထို့နောက် ယွင်လန်တောင်၏ နောက်ဆုံး အဆောက်အအုံဖြစ်သော 'မီးဖိုဆောင်' သို့ လှည့်လိုက်သည်။

မီးဖိုဆောင်ကို ပြုပြင်မွမ်းမံရန်အတွက် ရွှေဒင်္ဂါး သုံးသောင်း ကုန်ကျမည်ဖြစ်ရာ ဝမ်ပင်း အံ့အားသင့်သွားရသည်။

ဤသို့ဖြင့် သူ၏ ရွှေဒင်္ဂါးလက်မှတ်များ၏ ထက်ဝက်ခန့်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤစနစ်မှာ ပိုက်ဆံကို မီးရှို့နေသည့်အလား ခံစားလိုက်ရသော်လည်း စနစ်က သူ့ကို စိတ်

အေးစေရန် အကျိုးအကြောင်းများစွာ ရှင်းပြလာသည်။

"သခင်... မီးဖိုဆောင်ကို အဆင့်မြှင့်ပြီးရင် မီးဖိုချောင်သုံးပစ္စည်းအားလုံး ပိုကောင်းလာမှာဖြစ်သလို ချက်ပြုတ်တဲ့ ဟင်းလျာတွေကလည်း ကွဲပြားသွားပါလိမ့်မယ်။ အရသာနဲ့ စိတ်ခံစားချက် ပြောင်းလဲစေတဲ့ အာနိသင်တွေက နှစ်ဆ တိုးလာမှာဖြစ်ပြီး နောက်ဆက်တွဲဆိုင်လေးမှာလည်း ဆေးဘက်ဝင်ဟင်းလျာတွေထက် ပိုကောင်းတဲ့ 'ဝိညာဉ်ဟင်းလျာတွေကို ရရှိနိုင်မှာပါ။"

"ဒါကြောင့်မို့လို့ ရွှေဒင်္ဂါး သုံးသောင်းတောင် ကုန်တာလား။"

"လူတို့အဖို့ စားသောက်ရေးက အရာရာထက် အရေးကြီးပါတယ် သခင်။ မနက်ဖြန်မနက်ကျရင် သခင် ကိုယ်တိုင် သိလာပါလိမ့်မယ်"

မီးဖိုဆောင်ကို အဆင့်မြှင့်တင်ရန် ရွှေဒင်္ဂါး သုံးသောင်း သုံးစွဲလိုက်ရသဖြင့် ဝမ်ပင်း၏ရင်ထဲတွင် နှမြောတသဖြစ်နေသော်လည်း လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ယခုအခါ မီးဖိုဆောင်အား ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ရာ ယွင်လန်တောင်၏ အဆောက်အအုံများမှာ ပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ နောက်ထပ်လုပ်ဆောင်ရမည့်အရာမှာ ရှေ့ဆက်၍ အဆင့်မြှင့်တင်ရန်သာ ရှိတော့သည်။

ဝမ်ပင်းသည် တင့်ယွီဆောင်မှ ထွက်ခွာလာပြီးနောက် မှောင်မည်းသော ညဉ့်ယံအတွင်း ချူယောက်တောင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူသည် တိုက်ပွဲနယ်ပယ်အတွင်းသို့ ဝင်ရောက်ကာ တစ်ညတာလုံး ကျင့်ကြံအားထုတ်နေလိုက်သည်။

ယခုတစ်ကြိမ် တိုက်ပွဲနယ်ပယ်အတွင်းသို့ ပြန်လည်ဝင်ရောက်ရခြင်းမှာ ဝမ်ပင်းအတွက် လုံးဝထူးခြားသော ခံစားမှုကို ပေးစွမ်းနေသည်။ သူ၏ တုံ့ပြန်မှုစွမ်းရည်မှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ပွါးမှာလည်း အဆမတန် အစွမ်းထက်လာခဲ့သော်လည်း အနည်းဆုံးတော့ ယခုအခါ ဝမ်ပင်းသည် တန်ပြန်တိုက်စစ်ဆင်နိုင်စွမ်း ရှိလာခဲ့သည်။

အဖက်ဖက်တွင် အားနည်းချက်များဖြင့် ပြည့်နှက်နေခဲ့သော ပထမဆုံးအကြိမ်နှင့်မူ လုံးဝပင် နှိုင်းယှဉ်၍ မရတော့ပေ။

အရုဏ်တက်ချိန်သို့ ရောက်ရှိလာခဲ့ကာ အလင်းရောင် မလာမီမှာပင် ဝမ်ပင်းသည် မီးဖိုဆောင်သို့ ရောက်ရှိလာခဲ့သည်။ အဝေးမှ ကြည့်လျှင်ပင် မီးဖိုဆောင်မှာ အကြီးအကျယ် ပြုပြင်မွမ်းမံထားသဖြင့် သိသိသာသာ ပြောင်းလဲနေသည်မှာ မြင်သာလှသည်။

မီးဖိုဆောင်၏ ရှေ့တွင် အမျိုးမျိုးသော အပင်များဖြင့် ဝေဆာနေသည့် ပန်းခြံတစ်ခု ရှိနေသည်။ အရင်ကလည်း ထိုနေရာတွင် သစ်ပင်ပန်းမန်အချို့ ရှိခဲ့သော်လည်း ယခုကဲ့သို့ သပ်ရပ်လှပစွာ စနစ်တကျ စီတန်းထားခြင်းမျိုး မရှိခဲ့ပေ။ ထို့ပြင် လမ်းဘေးတစ်လျှောက် စီတန်းထားသော သစ်ပင်များမှာလည်း အလွန်ပင် ထူးခြားနေပြီး ဖော်ပြမတတ်သော အငွေ့အသက်မျိုးကို ပေးစွမ်းနေသည်။

သူသည် သံသယစိတ်ဖြင့် ထိုအပင်များကို စစ်ဆေးကြည့်လိုက်ရာ အတွေးတစ်ခု ချက်ချင်းဝင်လာပြီး သစ်ရွက်များကို လှမ်းကိုင်ကာ ပင်စည်ကို စိုက်ကြည့်လိုက်မိသည်။ ထိုအခါ သူ၏မျက်နှာတွင် အံ့ဩမှုများ အတိုင်းသား ပေါ်လာတော့သည်။

၎င်းမှာ အရှေ့အိုင်မှတ်တမ်းတွင် အရှေ့အိုင်၏ အလယ်ဗဟိုကျွန်းပေါ်၌သာ တွေ့ရှိရသည်ဟု မှတ်တမ်းတင်ထားသော လရောင်သစ်ပင် ဖြစ်နေသောကြောင့်ပင်။

ထူးဆန်းသော သစ်ပင်များအကြောင်း ဖော်ပြထားသည့် အရှေ့အိုင်မှတ်တမ်းအရ လရောင်သစ်ပင်၏ အရွက်တိုင်းသည် ညဘက်တွင် အဝေးမှ လမင်းကြီး၏ အလင်းရောင်ကဲ့သို့ အေးမြသော အလင်းတန်းကို ထုတ်လွှတ်ပေးတတ်သည်။

အကယ်၍ အလင်းရောင် ပေးနိုင်ရုံမျှသာဆိုလျှင် ထူးဆန်းသော အရာဝတ္ထုများကို သီးသန့်မှတ်တမ်းတင်သည့် ထိုစာအုပ်ထဲတွင် စာမျက်နှာအပြည့် ဖော်ပြထားမည်မဟုတ်သလို ဝမ်ပင်းလည်း ဤမျှ အံ့ဩနေမည် မဟုတ်ပေ။

လရောင်သစ်ပင်၏ အံ့ဩစရာအကောင်းဆုံးအချက်မှာ အဆိပ်အားလုံးကို ပျောက်ကင်းစေနိုင်ခြင်း၊ ဒဏ္ဍာရီလာ ဝိညာဉ်ဟင်းလျာများအဖြစ် ချက်ပြုတ်နိုင်ခြင်းနှင့် ခန္ဓာသန့်စင်ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်းတို့ပင်။

သူ၏ မိခင် ပြောလေ့ရှိသကဲ့သို့ ဆေးဘက်ဝင်ဟင်းလျာများထက် အဆပေါင်းများစွာ သာလွန်သောအရာပင်။ အလွန်ပင် ရိုးရှင်းလှသည့် ဝိညာဉ်ဟင်းလျာတစ်ခွက်သည်ပင် လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ့ကို ထူးချွန်သော ပါရမီရှင်တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲပေးနိုင်ခဲ့သည်။

ခန္ဓာသန့်စင်ခြင်း အာနိသင်မှာမူ ပို၍ပင် နက်နဲဆန်းကြယ်လှသည်။

၎င်းမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ မှ နက်နဲသောနယ်ပယ်သို့ တက်လှမ်းသည့်အခါတွင် ဖြစ်ပေါ်လေ့ရှိသည်။ သူ၏ ဖခင်က တစ်ခါက ပြောဖူးသည်မှာတစ်ကြိမ်ကမ္ဘာမြေကို ဖောက်ခွဲနိုင်သော လမ်းကြောင်းများ ပွင့်သွားပြီး ဝိညာဉ်ချီများ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည့်အခါ သန့်စင်ခြင်း ဖြစ်ပေါ်မည်ဖြစ်ကာ မသန့်စင်သော ခန္ဓာကိုယ်ကို သန့်စင်သော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပေးမည်ဟု ပြောလိုက်သည်။

သန့်စင်ခြင်း ဖြစ်ပြီးနောက် ခန္ဓာကိုယ်သည် အခြေခံကျကျ ပြောင်းလဲသွားမည် ဖြစ်ကာ ၎င်းမှာ သစ်သားနှင့် သံမဏိတို့၏ ကွာခြားချက်ကဲ့သို့ပင်။

အခန်း။ ၈၀

ဝမ်ပင်းသည် လရောင်သစ်ပင်ကို ကျော်ဖြတ်ကာ မီးဖိုဆောင်တံခါးဝတွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏အသံမှာ နားထဲသို့ တိုးဝင်လာပြန်သည်။

"မီးဖိုဆောင်ကို အဆင့်မြှင့်တင်ပြီးနောက် အထူးစွမ်းရည်တစ်ခုဖြစ်တဲ့ ‘အနန္တမြေကမ္ဘာမီးလျှံ’ ကို ရရှိမှာဖြစ်ပါတယ်။ ဒါက မြေအောက်ငရဲကမ္ဘာရဲ့ နက်ရှိုင်းရာကနေ ဆင်းသက်လာတာဖြစ်ပြီး ဒီမီးနဲ့ချက်ပြုတ်တဲ့ ဟင်းလျာတွေက အရသာနှစ်ဆ ပိုကောင်းသွားမှာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဝိညာဉ်ဟင်းလျာ ချက်ပြုတ်တဲ့နေရာကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဆိုင်မှာရရှိနိုင်တဲ့ ဟင်းချက်နည်းတွေကို အဲဒီနေရာမှာ ချက်ပြုတ်နိုင်ပါတယ်။ သခင်ကိုယ်တိုင် ချက်ပြုတ်မယ်ဆိုရင် ဘယ်လိုအမှားမျိုးကိုမဆို အလိုအလျောက် ပြင်ဆင်ပေးသွားမှာဖြစ်ပြီး ပထမဆုံးအကြိမ်မှာတင် ပြီးပြည့်စုံတဲ့ ဟင်းလျာကို ရရှိစေမှာပါ"

"ဆိုင်ကိုဖွင့်စမ်း"

သတိပေးချက်ကြောင့် ဝမ်ပင်းသည် မြေပုံကို ချက်ချင်းဖွင့်ကာ မီးဖိုဆောင်အတွင်းရှိ ဆိုင်ကိုပါ ထပ်မံဖွင့်လိုက်သည်။ ဆိုင်အတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ သူသည် စကားမဆိုနိုင်အောင်ပင် ဖြစ်သွားရသည်။ ဝိညာဉ်ဟင်းလျာ ကဏ္ဍတွင် ရွေးချယ်စရာတစ်ခု ပေါ်လာသောကြောင့်ပင်။

သို့သော် ထိုအရာမှာ ‘မုန့်ထုပ်’ များ ဖြစ်နေသည်။

"ဒီမုန့်ထုပ်တွေက ဘယ်လိုလုပ်ပြီး ဝိညာဉ်ဟင်းလျာ ဖြစ်နိုင်မှာလဲ"

"သခင်... ဒီမုန့်ထုပ်တွေကို အထင်မသေးပါနဲ့။ ဒါတွေက အခြေခံကျတဲ့ ဝိညာဉ်ဟင်းလျာတွေပါ။ အစာသွတ်တဲ့အပေါ်မူတည်ပြီး အာနိသင်တွေက အမျိုးမျိုးပြောင်းလဲနိုင်သလို စွမ်းအင်တွေကိုလည်း ကောင်းကောင်း လက်ခံနိုင်စွမ်းရှိပါတယ်။ သေချာတာကတော့ ဒါက သာမန်မုန့်ထုပ်ထုပ်တာထက် အများကြီး ပိုပြီးနက်နဲပါတယ်"

ဝမ်ပင်း ခေါင်းညိတ်လိုက်ပြီး ရွှေဒင်္ဂါး ၅၀၀၀ အကုန်အကျခံကာ ဝိညာဉ်ဟင်းလျာ မုန့်ထုပ်ချက်နည်းကို ဝယ်ယူလိုက်သည်။ ချက်နည်းကို ဝယ်ပြီးနောက်တွင်မူ မုန့်ထုပ်အမည်မှာ ‘လရောင်မုန့်ထုပ်’ ဟု ပြောင်းလဲသွားသည်။ စနစ်၏အဆိုအရ ၎င်းမှာ သူလောလောဆယ် ချက်ပြုတ်နိုင်သည့် တစ်ခုတည်းသော ဟင်းလျာဖြစ်သည်။

အမှန်စင်စစ် ဆေးဘက်ဝင်ဟင်းလျာနှင့် ဝိညာဉ်ဟင်းလျာ၏ အဓိကကွာခြားချက်မှာ အသုံးပြုသည့် ကုန်ကြမ်းများပေါ်တွင် မူတည်နေခြင်းပင်။ လရောင်မုန့်ထုပ်အတွက် လိုအပ်သည့် ပစ္စည်းများမှာလည်း သာမန်မဟုတ်ချေ။

ဝမ်ပင်း ခန့်မှန်းတွက်ချက်ကြည့်လိုက်ရာ ကုန်ကြမ်းများ စုဆောင်းရန်ပင် ရွှေဒင်္ဂါး တစ်သောင်းနီးပါး ကုန်ကျနိုင်သည်။ အထူးသဖြင့် လရောင်သစ်ပင်၏ အရွက်များမှာ ရှာဖွေရန် အလွန်ခက်ခဲလှရာ လရောင်သစ်ပင်သာ အနားတွင်မရှိပါက ဝိညာဉ်ဟင်းလျာ တစ်ခွက်ချက်ရန် ရွှေဒင်္ဂါး သောင်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့်ပင် ဝမ်ပင်းသည် ကုန်ကြမ်းများ၏ ဈေးနှုန်းကိုတွေးကာ ညည်းတွားလိုက်မိသည်။

ဝမ်ပင်းသည် ချက်နည်းကို ဝယ်ယူပြီးသော်လည်း ချက်ချင်းမချက်သေးဘဲ မီးဖိုဆောင်အသစ်၏ အထူးစွမ်းရည်များကို အရင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ လိမ္မော်နီရောင်ရှိသော မြေကမ္ဘာမီးလျှံကို ဖွင့်ပြီးနောက် ဝမ်ပင်းသည် ကြက်ဥတစ်လုံးကို ဆားအနည်းငယ်ခတ်ကာ ကြော်ကြည့်လိုက်သည်။

ကြော်ပြီးနောက် ပန်းကန်ထဲသို့ ထည့်လိုက်သည့်အခါ ကြက်ဥကြော်မှာ အလွန်ပင် ဆွဲဆောင်မှုရှိနေသည်။ တူဖြင့်ညှပ်ကာ မြည်းကြည့်လိုက်သည့်အခါတွင်မူ အရသာမှာ တကယ်ပင် ထူးကဲသည်။

အပြင်ဘက်မှာ ကြွပ်ရွနေပြီး အတွင်းဘက်မှာမူ နူးညံ့နေသည်။ ကြက်ဥ၏ သင်းပျံ့သောရနံ့မှာ လျှာပေါ်တွင် အချိန်အတော်ကြာ စွဲကျန်နေခဲ့သည်။

ဝမ်ပင်းသည် ထိုအရသာကို ပါးစပ်ထဲတွင် အကြာကြီး ခံစားလိုသဖြင့် ရေပင် မသောက်

ချင်တော့ပေ။ ထို့နောက် သူသည် အားတက်သရောဖြင့် မနက်စာကို စတင်ပြင်ဆင်တော့သည်။

နေထွက်ပြီး မကြာမီမှာပင် ဟွမ်ယီသည် မီးဖိုဆောင်သို့ အပြေးအလွှား ရောက်လာသည်။ သူမသည် တံခါးဝတွင် ခေတ္တတုံ့ဆိုင်းနေပြီးမှ အထဲသို့ ဝင်ရဲတော့သည်။

နေ့တိုင်း သူမချက်ပြုတ်နေကျ မီးဖိုချောင်လေးမှာ ဤမျှအထိ ပြောင်းလဲသွားသည်ကို သူမ မယုံနိုင်အောင် ဖြစ်နေရသည်။ ဝမ်ပင်း ချက်ပြုတ်နေသည်ကို မြင်သောအခါ သူမက အလျင်အမြန် မေးလိုက်သည်။

"ဂိုဏ်းချုပ်... ဘာလို့ မနက်စာ ချက်နေတာလဲ။ ဒါက ကျွန်မရဲ့ အလုပ်မဟုတ်ဘူးလား"

"သွား... လူတိုင်းကို စားဖို့သောက်ဖို့ ခေါ်လိုက်ဦး။ မင်းတို့ကို ငါ့ရဲ့ လက်ရာမြည်းခိုင်းချင်လို့" ဝမ်ပင်းက လျှို့ဝှက်ဆန်းပြားသော အပြုံးဖြင့် ပြောလိုက်သည်။

ထိုအပြုံးကို မြင်သောအခါ ဟွမ်ယီသည် သံသယစိတ်ဖြင့် ပြေးထွက်သွားတော့သည်။ သူမသည် လရောင်သစ်ပင်များကို မသိသော်လည်း ထိုအပင်များ ထူးခြားနေသည်ကိုမူ သတိထားမိသည်။

လူအားလုံး စုံလင်သောအခါ မီးဖိုဆောင်၏ အပြောင်းအလဲကြောင့် အံ့ဩနေကြသည်။

သူတို့ ဝင်လာသည်နှင့် ဝမ်ပင်းက "အပေါ်ထပ်ကို တက်သွားကြ" ဟု ပြောလိုက်သည်။

သူတို့သည် ခေါင်းညိတ်ပြကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ ညာဘက်တွင် အပေါ်ထပ်သို့ တက်သည့် လှေကားလေးကို တွေ့လိုက်ရသည်။ ဒုတိယထပ်သို့ ရောက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။ အခန်းထဲသို့ ဝင်လိုက်သည့်အခါ သူတို့သည် တစ်စုံတစ်ရာနှင့် မအပ်စပ်သလို ခံစားလိုက်ရသည်။

အခန်းလေးမှာ ကျော့ရှင်းပြီး သပ်ရပ်လှပနေသလို ထူးခြားသော အငွေ့အသက်လေးများလည်း ရှိနေသည်။ စားပွဲတိုင်းတွင်လည်း သူတို့တစ်ခါမှ မမြင်ဖူးသော ရဲရဲနီနေသည့် ပန်းများပါသော ပန်းအိုးလေးများ ရှိနေသည်။

မကြာခင်မှာပင် ဝမ်ပင်းသည် ဟင်းပွဲများကို အပေါ်ထပ်သို့ သယ်ဆောင်လာခဲ့သည်။

ရန်လီလီက ကူညီရန် အပြေးအလွှား ရောက်လာကာ "ဂိုဏ်းချုပ်... ကျွန်တော့်ကို ပေးပါ ကျွန်တော် ကူသယ်ပေးမယ်" ဟု ပြောလိုက်သည်။

ဟင်းပွဲကို လှမ်းယူလိုက်စဉ်မှာပင် ရန်လီလီသည် အနံ့ကို ရှူရှိုက်လိုက်မိပြီး "တကယ်ကို မွှေးနေတာပဲဗျာ" ဟု မချီးမွမ်းဘဲ မနေနိုင် ဖြစ်သွားရသည်။

ရန်လီလီနှင့် ကျောက်ယီတို့ ဟင်းပွဲအားလုံးကို အပေါ်ထပ်သို့ သယ်လာပြီးနောက် ဝမ်ပင်းက ဟင်းပွဲအဖုံးများကို တစ်ခုချင်းစီ ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟင်းရနံ့များမှာ လေထုထဲသို့ ပျံ့နှံ့သွားတော့သည်။

ဦးလေးဝမ်၏ ဘေးတွင်ရှိသော တောင်ခွေးလေးမှာ ချက်ချင်းပင် မတ်တတ်ရပ်လာပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။ စားပွဲတွင် ထိုင်နေကြသူများသည် ဝမ်ပင်း၏ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် စတင်စားသောက်ကြတော့သည်။

ရန်လီလီသည် ကြက်သားတုံးတစ်တုံးကို ယူ၍ ပါးစပ်ထဲထည့်ကာ အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် လက်မထောင်ပြကာ "ဂိုဏ်းချုပ်... ခင်ဗျားရဲ့ လက်ရာက တကယ်ကို အံ့မခန်းပဲ။ ဒီအရသာက စီနီယာဟွမ်ကုန်းရဲ့ လက်ရာထက်တောင် သာသေးတယ်" ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဟွမ်ယီကလည်း ဟင်းရွက်တစ်ဖတ်ကို အမြန်ယူ၍ အနံ့ခံကြည့်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီး "ဒီဟင်းရွက်က ချိုမြိန်တဲ့ အရသာရှိပြီး တကယ့်ကို ကြွပ်ရွတာပဲ" ဟု အော်ဟစ်ကာ ချီးမွမ်းလိုက်သည်။

သူတို့၏ ချီးမွမ်းသံများနှင့်အတူ ယွမ်လျောင်နှင့် အခြားသူများလည်း အားတက်သရော စားသောက်ကြတော့သည်။ စားသောက်ပြီးနောက် လူတိုင်းမှာ ချီးကျူးစကားများဖြင့်သာ ပြည့်နှက်နေ၏။

ဟွမ်ယီက ဝမ်ပင်းကို တပည့်အဖြစ် လက်ခံမလားဟု ချက်ချင်းပင် မေးလိုက်သည်။ သူမအနေဖြင့် ဝမ်ပင်း၏ ဟင်းချက်စွမ်းရည်ကို သင်ယူလိုသည်။ အဘယ်ကြောင့်ဆိုသော် ရိုးရာဟင်းချက်နည်းများနှင့် ယှဉ်လျှင် ဝမ်ပင်း၏ နည်းစနစ်မှာ လုံးဝကွဲပြားခြားနားသော ပညာရပ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အလေးပေးပုံချင်း မတူညီသော်လည်း နှစ်မျိုးလုံးမှာ အလွန်ပင် ထူးခြားဆန်းပြားသည်။

ဝမ်ပင်းက မည်သို့မျှ ပြန်မဖြေဘဲ ပြုံးနေလိုက်ပြီးနောက် လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

"မြို့တည်တဲ့နေ့က နီးလာပြီ ထင်တယ်။ ဒီလိုလုပ်ရအောင်... ငါပေးတဲ့ စာရင်းထဲက ပစ္စည်းတွေကို ရှာပေးနိုင်တဲ့သူကို ငါ ဝိညာဉ်ဟင်းလျာ တစ်ပွဲ ချက်ပေးမယ်"

ဝမ်ပင်း၏ စကားကြောင့် ဟွမ်ယီနှင့် အခြားသူများ၏ ရယ်မောသံများမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဝမ်ပင်းကို ဆက်လက်ချီးမွမ်းနေသော ဦးလေးဝမ်တစ်ဦးသာ ကျန်တော့သည်။

"အင်း... ဂိုဏ်းချုပ်... ခင်ဗျားက ဟင်းရွက်တွေကို တကယ့်ဟင်းရွက်အရသာအတိုင်း ထွက်လာအောင် လုပ်နိုင်တာပဲ"

ဦးလေးဝမ်၏ စကားကို မည်သူမျှ ဂရုမစိုက်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ပင်း ပြောလိုက်သော ဝိညာဉ်ဟင်းလျာ ဆိုသည့် စကားလုံးက သူတို့ကို တုန်လှုပ်သွားစေသောကြောင့်ပင်။

ဝမ်ပင်း ကမ်းပေးလိုက်သော စာရင်းကို ကြည့်လိုက်သည့်အခါ သူတို့၏ အံ့ဩမှုများမှာ စိတ်လှုပ်ရှားဖွယ် အပြုံးများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

သူတို့အနေဖြင့် ဝိညာဉ်ဟင်းလျာနှင့် ပတ်သက်၍ နက်နက်နဲနဲ မသိကြသော်လည်း ၎င်းသည် အရှေ့အိုင်တစ်ခွင်ရှိ မည်သူမျှ မချက်တတ်သော၊ နတ်ဆိုးစားဖိုမှူး ဟွမ်ကုန်းပင်လျှင် မလုပ်နိုင်သော ဆေးဘက်ဝင်ဟင်းလျာထက် ပို၍ ထူးခြားဆန်းပြားသည့်အရာ ဖြစ်ကြောင်းတော့ သိကြသည်။

"မြို့တည်တဲ့နေ့နဲ့လည်း ကွက်တိပဲဆိုတော့ မင်းတို့အားလုံးကို အသွင်ပြောင်းဖို့ အခွင့်အရေး ပေးလိုက်မယ်။ နက်နဲသောနယ်ပယ်ကို မရောက်သေးရင်တောင် သန့်စင်သော ခန္ဓာကိုယ်ကို ရနိုင်မယ်။ ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက်ကတော့ ကုန်ကြမ်းတွေ စုံအောင်ရှာပေးဖို့ပဲ။ မစုံရင်တော့ ငါမချက်ဘူး။ နောက်ပြီး အများကြီး ယူလာရင် အများကြီး ချက်ပေးမယ်။ နည်းနည်းပဲ ယူလာရင်တော့ နည်းနည်းပဲ ရမယ်"

ပထမဆုံး အံ့အားသင့်သွားသူမှာ ယွမ်လျောင်ပင်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤနေရာတွင် အဆင့်အမြင့်ဆုံး ဖြစ်သည့်အတွက် သန့်စင်သော ခန္ဓာကိုယ်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသောကြောင့် ရန်လီလီတို့ထက် ပို၍ပင် တုန်လှုပ်သွားရခြင်းပင်။

၎င်းမှာ တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် အပြင်ပန်းကြည့်ရုံဖြင့် သာမန်ဟု ထင်ရသော်လည်း နက်နဲစွာ လေ့လာလိုက်သည့်အခါမှသာ အလွန်ခက်ခဲကြောင်း သိရခြင်းနှင့် တူသည်။ အမှန်တကယ် ကျွမ်းကျင်လာသည့်အခါတွင်မူ ၎င်းသည် ပို၍ပင် ခက်ခဲလှသည်။

သန့်စင်သော ခန္ဓာကိုယ်ဆိုသည်မှာ နက်နဲသောနယ်ပယ်၏ ပြယုဂ်ဖြစ်ရာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်တွင် ရှိသော ကျင့်ကြံသူများအတွက် စိတ်ကူးပင် မယဉ်ရဲသော အရာမျိုး ဖြစ်သည်။

ယွမ်လျောင်သည် တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် ဟွမ်ယီ၏ လက်ထဲမှ စာရင်းကို ယူ၍ သေသေချာချာ ကြည့်လိုက်သည်။

"ဒါတွေက ဝိညာဉ်ဟင်းလျာ ချက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေပေါ့... နက်နဲသောနယ်ပယ်ကို မရောက်ဘဲနဲ့တောင် သန့်စင်တဲ့ ခန္ဓာကိုယ်ကို ရစေနိုင်တယ်တဲ့လား"

ယွမ်လျောင်သည် ချက်ချင်းပင် အမိန့်များ ထုတ်ပြန်လိုက်ပြီး စာရင်းပါ ပစ္စည်းများကို ရှာဖွေရန် တာဝန်များကို ခွဲဝေပေးလိုက်ရာ လူတိုင်း တောင်အောက်သို့ ဆင်းသွားကြတော့သည်။ မနက်စာ စားပြီးနောက် သူတို့သည် ယွင်လန်တောင်မှ အလျင်အမြန် ထွက်ခွာသွားကြသော်လည်း ကျောက်ယီကိုမူ ဝမ်ပင်းက လှမ်းတားထားလိုက်သည်။

ဝမ်ပင်းသည် စားပွဲပေါ်ရှိ ပန်းကန်များကို ကြည့်ကာ ပြောလိုက်သည်။

"မင်း အရင်ဆုံး ဒီပန်းကန်တွေကို သိမ်းလိုက်ဦး။ မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်"

All Chapters