အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း။ ၇၁
မိစ္ဆာဝိညာဉ်ဓား၏ မီးတောက်ကို အသုံးပြုကာ အလောင်းကို ဖျက်ဆီးပြီးနောက် ဝမ်ပင်းသည် ထင်ယွီဆောင်သို့ ပြန်လာခဲ့သည်။
ရန်ကျုံးရှန်း ချန်ထားခဲ့သော မသေမျိုးလေပြည်ဝတ်စုံနမူနာကို ထုတ်ယူကာ အခန်းငယ်လေးအတွင်းရှိ ဂိုဏ်းဝတ်စုံ အသွင်ပြောင်းစက်ထဲသို့ ထည့်လိုက်သည်။
စနစ်၏ သတိပေးသံမှာ တိုးတက်စွာ ထွက်ပေါ်လာ၏။
"အသွင်ပြောင်းရန်အတွက် ရွှေဒင်္ဂါး ၁၀၀၀ ပေးချေရန် လိုအပ်ပါတယ်"
ဝမ်ပင်းသည် ဤသည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ သူ၏လက်ထဲမှ ရွှေလက်မှတ်တစ်စောင်ကို ထုတ်ယူကာ စနစ်သို့ ပေးချေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် အသွင်ပြောင်းပြီးသား မသေမျိုးလေပြည်ဝတ်စုံမှာ မီးဖိုထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။
အသွင်အပြင်မှာ ထူးခြားမှုမရှိသလို ကိုင်ထားသည့်အခါတွင်လည်း ကွဲပြားမှုမရှိချေ။ သို့သော် ဝတ်ဆင်လိုက်သည့်အခါတွင်မူ ဆွဲအားစက်ကွင်း သုံးဆ၏ ဖိအားအောက်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ဝတ်စုံအနားသတ်မှ လွင့်ပျံနေသော အဖြူရောင်ပိုးစလေးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ အထိအတွေ့မှာ နူးညံ့လှသော်လည်း လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့်အခါ၌မူ လေးလံသော အလေးတုံးတစ်ခုကို ကိုင်ထားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းသည်။
ဝမ်ပင်း၏ စနစ်က ခန့်မှန်းတွက်ချက်သည်မှာ ဝတ်စုံတစ်ခုလုံး၏ အလေးချိန်မှာ ပေါင် ၂၀၀ နှင့် ၃၀၀ ကြားတွင် ရှိမည်ဟု ပြောလိုက်သည်။ အလေးချိန်မှာ အချိန်မရွေး ပြောင်းလဲနိုင်သကဲ့သို့ တိကျသော ကိန်းဂဏန်းကိုမူ ဖော်ပြခြင်းမရှိချေ။
လေးလံသော်လည်း ကံကောင်းသည်မှာ မသေမျိုးလေပြည်ဝတ်စုံ၏ အရှိန် ၃၀ ရာခိုင်နှုန်း မြှင့်တင်ပေးမှုကြောင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၁ ရှိသော သူ၏အဆင့်နှင့်ဆိုလျှင် ၎င်းကို ဝတ်ဆင်၍ ပြေးရသည်မှာ ဝတ်မထားဘဲ ပြေးရသည်နှင့် များစွာ ကွာခြားမှုမရှိချေ။
ဤဝတ်စုံကို အပြည့်အဝ ကျင့်သားရသွားသည့်အခါ ၎င်းကို ချွတ်လိုက်ရုံဖြင့် သူသည် ပျံသန်းသကဲ့သို့ လျင်မြန်စွာ ပြေးနိုင်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
စနစ်က ဆက်ရှင်းပြသည်။
“မသေမျိုးလေပြည်ဝတ်စုံရဲ့ အလေးချိန်တိုးပေးတဲ့ ပုံစံတွေက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁ ကနေ ၅ အထိဆိုရင် အလေးချိန် ပေါင် ၃၀ တိုးလာမယ်။ အဆင့် ၆ ကနေ ၈ အထိဆိုရင်တော့ အလေးချိန်က ပေါင် ၁၀၀ အထိ ဖြစ်သွားမယ်။ အဆင့် ၉ ကနေ ၁၂ အထိဆိုရင် အလေးချိန် ၂၄၀ ပေါင် အထိ တက်လာပြီး အဆင့် ၁၃ ကို ရောက်သွားပြီဆိုရင်တော့ အလေးချိန် ၅၀၀ ပေါင် အထိတောင် တိုးပြီး ကျင့်လို့ရပြီ”
ဝမ်ပင်း ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။
"ဒါနဲ့... ဒိုင်းက မပျက်စီးဘဲ တစ်မိနစ်လောက် တောင့်ခံနိုင်တာလား"
"မဟုတ်ပါဘူး"
"ဒါဆို တစ်မိနစ်အတွင်းမှာ နက်နဲသောနယ်ပယ်က တိုက်ခိုက်မှုမဟုတ်သရွေ့ ဒိုင်းက ကျိုးမှာ မဟုတ်ဘူးလား"
"အတိအကျတော့ မဟုတ်ပါဘူး"
"ဒါဆို ဘယ်လိုလဲ"
"ဒိုင်းက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရဲ့ အမြင့်ဆုံး ပျက်စီးမှုကို တောင့်ခံနိုင်တာပါ။ အကယ်၍ အဆင့် ၁၃ ကျင့်ကြံသူ နှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်မယ်ဆိုရင် ဒိုင်းက ၃ စက္ကန့် ဒါမှမဟုတ် ၅ စက္ကန့်ပဲ ခံလိမ့်မယ်။ တစ်ခါ ပျက်စီးသွားပြီဆိုရင် ၂၄ နာရီအတွင်း ပြန်သုံးလို့ မရပါဘူး"
"နားလည်ပြီ"
တစ်မိနစ်လုံး ဘယ်သူမှ မဖျက်နိုင်သည့် အစွမ်းမျိုး မဟုတ်သော်လည်း အဆင့် ၁၃ ကျင့်ကြံသူ နှစ်ယောက်နဲ့ တစ်ပြိုင်နက် မရင်ဆိုင်ရသရွေ့တော့ လုံလောက်လှပြီဖြစ်သည်။
ရန်လီလီတို့အတွက် ဒါက တကယ့်ကို လိုအပ်တာပဲ။
ရန်လီလီတို့က နေ့တိုင်း ယွန်းလန်တောင်ပေါ်မှာပဲ နေလို့မရဘူး။ သူတို့လည်း လူတွေပဲလေ။ သူတို့မိသားစုကို လွမ်းမယ်။ တစ်ခါတလေ အနားယူချင်ကြမှာပဲ။ တောင်အောက်ဆင်းသွားတဲ့အချိန်မှာ မှီခိုရာဂိုဏ်းက လူတွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့ရင် ဒီနေ့ ရွှမ်ယဲ့တစ်ယောက်ရှိရင် မနက်ဖြန် ဒုတိယမြောက် ရွှမ်ယဲ့ ပေါ်လာဦးမှာပဲ။
ဒါပေမဲ့ မသေမျိုးလေပြည်ဝတ်စုံရဲ့ အကာအကွယ်ရှိနေရင်တော့ အဆင့် ၁၃ နှစ်ယောက်နဲ့ တစ်ပြိုင်နက် ဆုံရလောက်အောင် ကံမဆိုးနိုင်ပါဘူး။
သို့သော် မသေမျိုးလေပြည်ဝတ်စုံကို အသွင်ပြောင်းဖို့ ကုန်ကျစရိတ်ကတော့ ပြဿနာအကြီးကြီးပင်။ လက်ရှိတွင် သူ၏လက်ထဲ၌ ရွှေဒင်္ဂါး တစ်သောင်းကျော်သာ ရှိတော့သည်။
လူတိုင်းအတွက် ဝတ်စုံ နှစ်စုံစီ လုပ်ပေးဖို့ဆိုလျှင် ပိုက်ဆံက မလုံလောက်ပေ။
သေချာစဉ်းစားပြီးနောက် ရန်ကျုံးရှန်းဆီက ရွှေဒင်္ဂါး သောင်းနဲ့ချီတဲ့ ပိုက်ဆံတွေကို သွားတောင်းဖို့ သူ ဆုံးဖြတ်လိုက်သည်။
ငါးရက်တောင် ရှိနေပြီပဲ။ ယွီမိုက ရန်ကျုံးရှန်းကို ဓားသိုင်းကျမ်းတွေ ရောင်းခိုင်းထားတာ ရောင်းပြီးလောက်ပါပြီ။
နောက်တစ်နေ့ နံနက်စောစောတွင် ဟွမ်ကုန်းသည် ထုံးစံအတိုင်း နံနက်ခင်းအလင်းရောင်နှင့်အတူ မသေမျိုးဂိုဏ်းသို့ ရောက်ရှိလာသည်။ မနေ့က စေတနာက ဝေဒနာ ဖြစ်လုနီးပါး သင်ခန်းစာ ရသွားသည့်အတွက် ယနေ့တွင် သူသည် ပါးစပ်မှလွဲ၍ ဘာမှ ယူမလာခဲ့ချေ။
အိပ်ဆောင်ဝင်းသို့ ရောက်သောအခါ ယွီမိုနှင့်အတူ အကြောင်းအရာမျိုးစုံကို စကားဖောင်ဖွဲ့ ပြောဆိုကြသည်။ သူတို့နှစ်ဦးမှာ စာပေပညာရှင်များ မဟုတ်ကြသော်လည်း ရှုခင်းများကို တစိမ့်စိမ့် ကြည့်ရှုခံစားရင်း အရှက်အကြောက်မရှိ ကာရန်မဲ့ ကဗျာတိုလေးများကို စပ်ဆိုကာ ပျော်ရွှင်နေကြတော့သည်။
ဟွမ်ကုန်းသည် အစားအသောက်အပေါ်တွင်သာ အာရုံရှိသူဖြစ်ရာ အချက်အပြုတ်ပညာ၌ ကျွမ်းကျင်လိုက ကျွမ်းကျင်လိမ့်မည် ဖြစ်သော်လည်း ကဗျာလင်္ကာနှင့် ပတ်သက်လျှင်မူ ကဗျာကသာ သူ့ကို သိပေလိမ့်မည်။ သူ့စိတ်ထဲတွင် အစားအသောက်အကြောင်းသာ ပြည့်နှက်နေသောကြောင့်ပင်။
အတော်လေး အားထုတ်ပြီးမှ ကဗျာနှစ်ကြောင်းခန့် ညှစ်ထုတ်နိုင်ခဲ့ပြီးနောက် အလွန်အမင်း ပျင်းရိနေသော ယွီမိုမှာ များစွာ သဘောကျသွားရသည်။ သူ့အတွက်မူ ဘာသံမှမထွက်ဘဲ ငြိမ်သက်စွာ ငါးမျှားနေရခြင်းနှင့် ထိုပါးနပ်လှသော ငါးများကို ထိုင်ကြည့်နေရခြင်းထက်စာလျှင် မည်သည့်အကြောင်းအရာမဆို တစ်နေ့ကုန် အဖော်ပြုရန် လုံလောက်သည်။
စကားစမြည်ပြောပြီးနောက် နောက်ဆုံးတွင် ဟွမ်ကုန်းက ဓားသိုင်းကျမ်းကိစ္စကို ဝမ်ပင်းအား ပြောပြသည်။
ထိုဓားသိုင်းကျမ်းကို မနေ့ညက ရန်ကျုံးရှန်း၏ ကုန်သည်ကြီးများအသင်းတွင် လေလံတင်ခဲ့ခြင်းပင်။ သုံးလေးရက်မျှ ကြိုတင်ကြေညာထားခဲ့သဖြင့် လူပေါင်းတစ်ရာနီးပါး ရောက်လာခဲ့ကြသည်။ ထိုသူတို့မှာ မည်သူများဖြစ်သည်ကို ဝမ်ပင်းအနေဖြင့် မမေးဘဲနှင့်ပင် ခန့်မှန်းနိုင်ပြီးသား ဖြစ်သည်။
ဤဓားသိုင်းကျမ်းကို ဝယ်ယူနိုင်စွမ်းရှိပြီး ပြန်လည်ကာကွယ်နိုင်စွမ်းရှိသူများမှာ အခြေခံအားဖြင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထို့ပြင် သူတို့မှာ ကိုယ်ပိုင်စုဆောင်းငွေလည်း အတော်အတန် ရှိရပေဦးမည်။ ရန်ကျုံးရှန်းကဲ့သို့ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးပင်လျှင် ဝယ်ယူရန် ငွေအင်အား မလုံလောက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးသမားအနည်းငယ်သာ လွတ်လပ်စွာ အသုံးပြုနိုင်သည့် ရွှေဒင်္ဂါး သောင်းနှင့်ချီသော ငွေအင်အားကို လက်ဝယ်ထားရှိနိုင်သောကြောင့်ပင်။
အကြိမ်ပေါင်း ၃၀ ကျော် လေလံဆွဲပြီးနောက်တွင် ထိုဓားသိုင်းကျမ်းကို ရွှေဒင်္ဂါး ၁၇၀,၀၀၀ ဟူသော မြင့်မားသည့် ဈေးနှုန်းဖြင့် တစ်ဦးက ရယူသွားခဲ့သည်။
ဤရွှေဒင်္ဂါး ၁၇၀,၀၀၀ အကြောင်းကို ကြားသိရသောအခါ ဝမ်ပင်းမှာ များစွာ ဝမ်းသာသွားရသည်။ သူသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
"အကြီးအကဲယွီ... ခင်ဗျားပဲ နေ့တိုင်း ငါးမျှားရတာ ပျင်းဖို့ကောင်းတယ်ဆို ဒီနေ့ ဆန်းဝူမြို့ထဲ သွားကြမလား"
"တကယ်လား"
ယွီမိုက ဝမ်ပင်းကို မယုံနိုင်သကဲ့သို့ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာသည်။ ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်သောအခါ ယွီမိုသည် လက်ကိုမြှောက်၍ ငါးမျှားတံကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ ပျော်လွန်းသဖြင့် ခုန်ပေါက်မိမတတ် ဖြစ်သွားရသည်။
သို့သော်လည်း ဝမ်ပင်း၏ နောက်ထပ်စကားကို ကြားလိုက်ရသောအခါ ယွီမို၏ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားရပြန်သည်။
လှောင်အိမ်ထဲမှ ထွက်ခွာခါနီးမှ ပြန်လည်အဖမ်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အားကိုးရာမဲ့ခြင်းထက် ပိုသော စိတ်ပျက်မှုများသာ ကျန်ရစ်တော့သည်။
"ဒါပေမဲ့ အကြီးအကဲယွီ... ခင်ဗျား ကျွန်တော့်နောက်ကပဲ လိုက်ရမယ်။ ဘယ်မှ လျှောက်သွားလို့ မရဘူးနော်"
"ကောင်းပါပြီဗျာ"
သူ့တွင် ရွေးချယ်စရာမရှိဘဲ ခေါင်းညိတ်လိုက်ရပြီး အသက်မဲ့နေသော အကြည့်များဖြင့် ပြန်ဖြေလိုက်ခြင်းမှာ ဆန္ဒပြနေခြင်းလည်း ဖြစ်နိုင်သည်။
ဝမ်ပင်းကမူ ယွီမို၏ စိတ်ကူးများကို ဂရုမစိုက်အားပေ။ ယွီမို လျှောက်မသွားရန်သာ သူ သေချာအောင် လုပ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ယွီမိုမှာ လွတ်လပ်စွာ လေလွင့်လိုသူ တစ်ဦးဖြစ်သောကြောင့်ပင်။
လွတ်လပ်စွာ လေလွင့်သူဆိုသည်မှာ နွေးထွေးသော အိပ်ရာထက်တွင် သက်တောင့်သက်သာ လဲလျောင်းနေရခြင်းထက် ညဉ့်ယံ၌ အပြင်ဘက်တွင် လွတ်လပ်စွာ လှည့်လည်သွားလာရခြင်းကို ပို၍ နှစ်သက်သူမျိုး ဖြစ်သည်။
ရက်အတော်ကြာ ပိတ်လှောင်ခံထားရသော ထိုကဲ့သို့သောသူတစ်ဦးကို လွှတ်ပေးလိုက်လျှင်မူ ထိန်းမနိုင်သိမ်းမရဖြစ်မည့် မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်မှာ အသေအချာပင်။
တောင်ပေါ်မှ ဆင်းလာပြီးနောက် ဝမ်ပင်းနှင့် ကျန်ရှိသူနှစ်ဦးမှာ ရန်မိသားစု၏ ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိလာကြသည်။ ရန်မိသားစုအသင်းမှာ ဆန်းဝူမြို့၏ ဗဟိုချက်မတွင် တည်ရှိပြီး တောင်နှင့်မြောက်သို့ ဆက်သွယ်ထားသည်။
ဤဧရိယာရှိ ဆိုင်များမှာ မြို့တော်ဝန်နန်းတော်မှလွဲလျှင် မှီခိုရာဂိုဏ်း၏ နယ်မြေများ ဖြစ်ကြသည်။ အခြားသော မိသားစုအင်အားစုများမှာ ဤနေရာတွင် ဆိုင်ဖွင့်ခွင့် လုံးဝမရှိကြပေ။
အမှန်စင်စစ်တွင်မူ အခွင့်အရေးမရှိခြင်းမှာ အရည်အချင်းမရှိခြင်းကို ဆိုလိုခြင်းပင်။ မည်သည့်ဥပဒေကမျှ ဤနေရာတွင် စီးပွားရေးမလုပ်ရဟု အတိအလင်း တားမြစ်ထားခြင်းမျိုး မရှိပေ။ ဟွမ်ကုန်းနှင့် ပတ်သက်မှုရှိခြင်းကြောင့် ရန်မိသားစုအသင်းမှာ မှီခိုရာဂိုဏ်းသားများ၏ အနှောင့်အယှက်ကို ခံရခဲလှသည်။
အဓိကအားဖြင့် ရန်မိသားစုကို လာရောက်နှောင့်ယှက်ပါက ရရှိမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် တန်ဖိုးက ပို၍ များပြားနေသောကြောင့်ပင်။
ဝမ်ပင်းသည် အသင်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အလွန်ရင်းနှီးသော မျက်နှာနှစ်ခုကို မြင်တွေ့လိုက်ရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့မှာ တစ်ချိန်က မသေမျိုးဂိုဏ်း၏ လူများ ဖြစ်ခဲ့ဖူးကြသည်။ ကံဆိုးသည်မှာ သူတို့မှာ ဝမ်ပင်းနှင့် ဆယ်နှစ်တိုင်တိုင် နေ့စဉ် ထိတွေ့ဆက်ဆံခဲ့ဖူးသူများ ဖြစ်နေခြင်းပင်။
သူတို့ ထွက်ခွာသွားခြင်းအပေါ် ဝမ်ပင်းက အာဃာတမထားပေ။ ထိုစဉ်က အခြေအနေများအရ သူတို့မှာ မသေမျိုးဂိုဏ်း၌ စကားပြောခွင့်မရှိသည့် သာမန်တပည့်လေးများသာ ဖြစ်ခဲ့ကြသည်။ မသေမျိုးဂိုဏ်းက သူတို့အတွက် အနာဂတ်ကို မဖန်တီးပေးနိုင်သောအခါ ထွက်သွားကြခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စရပ်ပင်။
သူတို့ကို ခဏမျှ ကြည့်နေပြီးနောက် ဝမ်ပင်းက ခေါင်းလှည့်လိုက်ပြီး ဟွမ်ကုန်း၏နောက်မှနေ၍ အသင်းထဲသို့ တိုက်ရိုက် ဝင်သွားသည်။
အထဲသို့ ရောက်သောအခါ ဒုတိယထပ်သို့ တန်းတက်သွားကြပြီး အစေခံတစ်ဦး၏ လမ်းပြမှုဖြင့် ရင်ခွဲရုံတစ်ခုနှင့်တူသော အခန်းတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ရင်ထဲအထိ အေးစိမ့်သွားစေသော အေးစက်မှုနှင့်အတူ ထူးဆန်းသော တိတ်ဆိတ်မှုက လွှမ်းမိုးနေတော့သည်။
အခန်း။ ၇၂
အကယ်၍ အေးစိမ့်ခြင်းက စိတ်ကူးယဉ်ဆန်သော စကားလုံးတစ်လုံးဖြစ်ပါက ဝမ်ပင်းအနေဖြင့်မူ ထိုအအေးဒဏ်မှာ သူ၏လက်မောင်းပေါ်ရှိ အမွေးအမျှင်များကို ထောင်ထစေသည်အထိ ခံစားနေရပြီး တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ ထလာခဲ့သည်။
ထိုအအေးဒဏ်အပြင် အခန်းပတ်ပတ်လည်ရှိ ထူးဆန်းသော ပြတင်းပေါက်များကိုလည်း ဝမ်ပင်း သတိပြုမိလိုက်သည်။
ထိုပြတင်းပေါက်များမှာ လေလုံအောင် ပိတ်ဆို့ထားခြင်းပင်။
မည်သည့်ဘောင်မျှ တပ်ဆင်ထားခြင်းမရှိဘဲ ပျဉ်ချပ်တစ်ခုဖြင့်သာ ပိတ်ဆို့ထားရာ အခန်းတွင်းသို့ လေအနည်းငယ်မျှပင် မဝင်ရောက်နိုင်ရန် စိုးရိမ်နေသည့်အလား ထင်မှတ်ရသည်။
ကျွီ…
တံခါးပွင့်သွားပြီးနောက် ရန်ကျုံးရှန်းသည် ထူထဲသော ဂွမ်းအင်္ကျီကို ဝတ်ဆင်လျက် တံခါးဖွင့်၍ အားလုံးကို ခရီးဦးကြိုပြုသည်။ နွေးထွေးစွာ နှုတ်ဆက်ပြီးနောက် ဝမ်ပင်းသည် အခန်းတွင်းရှိ လျှို့ဝှက်အခန်းငယ်ကို လှမ်းကြည့်လိုက်ရာ ရန်ကျုံးရှန်းက ပြုံးလျက် "ဂိုဏ်းချုပ်ဝမ်... အထဲကိုဝင်ပြီး တစ်ချက်လောက် ကြည့်ချင်ပါသလား" ဟု မေးလိုက်သည်။
"ဒါက ဘာနေရာလဲ"
"ဒါက မသေမျိုးလေပြည်ဝတ်စုံကို ချုပ်လုပ်တဲ့နေရာပါ။ ငွေရောင်ပိုးချည်က ကောင်းမွန်တယ်ဆိုတာကို လူတိုင်းသိကြပေမဲ့ အဲဒီပိုးချည်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကိုတော့ လူတိုင်းမသိကြဘူး။ သူက အေးစိမ့်တဲ့ အခြေအနေမှာပဲ ပျော့ပြောင်းမှုကို ထိန်းသိမ်းနိုင်တာပါ။ ဒါကြောင့် ဒီအခန်းကို အအေးခန်းအဖြစ် အသေအချာ ဖန်တီးထားရတာပါ"
"ခင်ဗျားတို့ တကယ့်ကို ပင်ပန်းရပါတာပဲ"
ဝမ်ပင်းသည် အခန်းတွင်းသို့ လှမ်းဝင်လိုက်ရာ ဟွမ်ကုန်းနှင့် ကျန်ရှိသူများက နောက်မှ လိုက်ပါလာကြသည်။ ရန်ကျုံးရှန်းက တံခါးကို ပြန်ပိတ်လိုက်သောအခါ အတွင်းခန်းတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
ငွေဖြူရောင် အလင်းတန်းများမှာ အပြင်သို့ လျှံထွက်လာခဲ့ကာ သူတို့၏ရှေ့တွင် ဂွမ်းအင်္ကျီအနက်ရောင်များ ဝတ်ဆင်ထားသော အလုပ်သမားများမှလွဲ၍ ကျန်သည့်နေရာတိုင်းမှာ ငွေဖြူရောင်များဖြင့် လွှမ်းမိုးနေတော့သည်။
သို့သော်လည်း အေးစိမ့်လှသော အအေးဒဏ်မှာ ဝမ်ပင်းနှင့် သူ၏အဖော်များအပေါ် သက်ရောက်မှုမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအအေးဒဏ်က ကိုယ်ခန္ဓာလေ့ကျင့်သူများကို ဂွမ်းအင်္ကျီဝတ်ဆင်ရန်အထိ ဖိအားမပေးနိုင်သောကြောင့်ပင်။
ဝမ်ပင်းသည် ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားကို အသုံးပြု၍ အအေးဓာတ်ကို တိုက်ရိုက်ပင် နှင်ထုတ်လိုက်သည်။
ရန်ကျုံးရှန်းသည် ဝမ်ပင်းကို အထက်အောက် အကဲခတ်ကြည့်ပြီး သူချုပ်လုပ်ထားသော မသေမျိုးလေပြည်ဝတ်စုံအပေါ် များစွာ ကျေနပ်နေပုံပင်။ ထိုဝတ်စုံကို ဝမ်ပင်း ဝတ်ဆင်ထားသည်ကို မြင်ရသောအခါ သူက ပို၍ပင် သဘောကျသွားပြီး "ဂိုဏ်းချုပ်ဝမ်... ခင်ဗျား ဒါကို စောစောစီးစီး ဝတ်ထားတာလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်... အင်္ကျီအသစ်ကို စမ်းဝတ်ကြည့်တာပါ"
"ဂိုဏ်းချုပ်ဝမ်... အမှန်တော့ အဲဒီဝတ်စုံက နမူနာပဲ ရှိပါသေးတယ်။ အချောသတ် မဟုတ်သေးဘူး။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ အချောသတ်ထားတဲ့ ဝတ်စုံအစစ်က ဒီမှာပါ"
ရန်ကျုံးရှန်းသည် အနည်းငယ် ရှေ့သို့လှမ်းသွားပြီး အတွင်းခန်းအလယ်တွင် ချိတ်ဆွဲထားသော ဝတ်စုံတစ်ခုကို လက်ညှိုးထိုးပြလိုက်ရာ သူ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လွင်နေသည်။
ထိုဝတ်စုံကို ချုပ်လုပ်နိုင်ခဲ့ခြင်းအပေါ် သူက များစွာ ဂုဏ်ယူနေပုံပင်။
ဝမ်ပင်းအတွက်မူ ရန်ကျုံးရှန်းသည် စီးပွားရေးသမားတစ်ဦးနှင့် မတူတော့ဘဲ ထူးခြားသော လက်မှုပညာရပ်ကို ပိုင်ဆိုင်သည့် ပညာရှင်တစ်ဦးနှင့်သာ တူနေတော့သည်။
ဤကဲ့သို့သော လူမျိုးသည်သာ သူ၏ ဖန်တီးမှုအပေါ်တွင် ထိုမျှအထိ စိတ်ခံစားမှု ပြင်းထန်နိုင်ခြင်းပင်။
ဝမ်ပင်းသည် ဖြည်းညှင်းစွာ လှမ်းသွားပြီး ဝတ်စုံ၏ လက်စကို ကိုင်ကြည့်လိုက်ရာ အေးမြပြီး နူးညံ့ပေါ့ပါးသော အထိအတွေ့မှာ သူ၏ အာရုံထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ထို့ပြင် အချောသတ်ထားသော ဝတ်စုံမှာ ဝမ်ပင်း ဝတ်ဆင်ထားသည့် နမူနာထက် ပို၍ ပြည့်စုံသော အလှဆင်မှုများ ရှိနေသည်။
ငွေရောင်ပိုးချည်ဖြင့် ထိုးထားသော ပုံစံများမှာ ချပ်ဝတ်တန်ဆာတစ်ခု၏ ခန့်ညားမှုကို ဆောင်နေသကဲ့သို့ လေပြည့်အလား နူးညံ့မှုကိုလည်း ပေးစွမ်းသည်။
အံ့ဩစရာကောင်းသည်မှာ လက်မောင်းစများနှင့် ကျောဘက်တွင် တွဲလောင်းကျနေသော ပိုးသားဖဲကြိုးရှည် နှစ်ချောင်းတို့တွင် အရောင်ရင့်ရာမှ ဖျော့ရာသို့ ကူးပြောင်းသွားသော အရောင်ကို အသုံးပြုထားခြင်းပင်။
အဖြူရောင်မှ အပြာနုရောင်သို့ ကူးပြောင်းသွားပုံမှာ တောအုပ်အတွင်းသို့ လေပြေညင်းများ တိုးဝင်လာသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းသည်။
ရန်ကျုံးရှန်းက "ဂိုဏ်းချုပ်ဝမ်... မနက်ဖြန်ဆိုရင် အကုန်လုံး ပြီးစီးပါပြီ။ အစုံနှစ်ဆယ် တိတိပါပဲ။ လိုတာပိုတာ မရှိစေရဘူး" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဝမ်ပင်းသည် အံ့သြချီးကျူးနေသော အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီဝတ်စုံကိုပဲ တိုက်ရိုက် လဲဝတ်လိုက်ပါလား။ ခင်ဗျားဝတ်ထားတာက နမူနာပဲဆိုတော့ အားလုံးပြည့်စုံသွားအောင် စောင့်ပြီးမှ တောင်ပေါ်ကို ပို့ပေးရမလား"
ဝမ်ပင်းသည် သူဝတ်ထားသော အဝတ်အစားကို ငုံ့ကြည့်လိုက်သည်။ နံရံတွင် ချိတ်ထားသော ဝတ်စုံနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အလှအပပိုင်းတွင် အနည်းငယ် လိုအပ်နေသော်လည်း သူဝတ်ထားသည့် ဝတ်စုံ၏ အလေးချိန်ပေးစွမ်းနိုင်မှုကိုမူ နံရံကဝတ်စုံက ကျော်
လွန်နိုင်မည်မဟုတ်ချေ။
"မလိုပါဘူး လောလောဆယ်တော့ ဒါနဲ့ပဲ ဖြစ်သလို ဝတ်ထားပါ့မယ်"
ရန်ကျုံးရှန်းသည် ခေါင်းညိတ်ပြပြီး ဝမ်ပင်းအား ထိုအလုပ်ရုံငယ်လေးအတွင်း လှည့်လည်ပြသပေးနေတော့သည်။
လုယွဲ့သည် တစ်ချိန်က မသေမျိုးဂိုဏ်း၏ အပြင်စည်းတပည့်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူမနှင့် သူမ၏အဖော်များမှာ မသေမျိုးဂိုဏ်းမှ ထွက်ခွာသွားပြီးနောက်တွင်လည်း ဘဝမှာ ချောမွေ့လွယ်ကူခြင်း မရှိခဲ့ချေ။
သူမကဲ့သို့ ပါရမီညံ့ဖျင်းပြီး အသက်အရွယ်ရလာသူများမှာ ကြယ်နှစ်ပွင့် သို့မဟုတ် ကြယ်သုံးပွင့်အဆင့်ရှိသော ဂိုဏ်းကြီးများသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် အခြေအနေမှာ ထူးခြားလာမည်
မဟုတ်ပေ။
မည်သူကမျှ သူတို့ကို တန်ဖိုးမထားကြသလို မည်သူကမျှလည်း ဂရုမစိုက်ကြချေ။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရင်း တစ်စုံတစ်ရာသော အံ့ဖွယ်ထူးခြားမှု ဖြစ်လာမည်ကို မျှော်လင့်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိခဲ့ပေ။
ထိုစဉ် ကုန်သည်ကြီးများအသင်းမှတစ်ဆင့် ဈေးကွက်အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လုယွဲ့သည် ရုတ်တရက် ရပ်လိုက်ပြီး သူမ၏အဖော်ဖြစ်သူဘက်သို့ လှည့်ကာ "အားယဲ့... ခုနက ငါ ဝမ်ပင်းကို တွေ့လိုက်သလိုပဲ သူက..."
သူမ၏ဘေးရှိ အားယဲ့က သူမ၏နောက်ကျောကို အသာအယာပုတ်ပေးရင်း သူမ၏အကြည့်နှင့် အတွေးများကို ပြန်လည်ရုပ်သိမ်းစေရန် ကြိုးစားလိုက်ပြီး "တော်ပါတော့... ဝမ်ပင်းက ဒီမှာ ဘယ်လိုလုပ်ရှိမှာလဲ။ သူ အခုဆိုရင် မသေမျိုးဂိုဏ်းမှာတောင် ရှိချင်မှ ရှိတော့မှာပါ" ဟု ပြောလိုက်သည်။
"သူ ရှိနေတုန်းပဲ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ တပည့်တွေ စလက်ခံနေပြီလို့ ငါ ကြားလိုက်တယ်"
"တကယ်လား"
"အင်း... ငါတို့ သူ့ဆီ သွားကြည့်ကြမလား"
"ထားလိုက်ပါတော့။ ငါတို့က မသေမျိုးဂိုဏ်းကနေ ထွက်လာပြီး မှီခိုရာဂိုဏ်းထဲ ဝင်ခဲ့ကြတာဆိုတော့ သူ့စိတ်ကို နာကျင်အောင် လုပ်ခဲ့မိသလို ဖြစ်နေမှာပါ။ အခု ပြန်တွေ့ရင်လည်း နေရခက်စရာကြီး ဖြစ်နေလိမ့်မယ်။ မတွေ့တာပဲ ကောင်းပါတယ်"
အားယဲ့က ပြောရင်း သူ၏ရင်ဘတ်ကို မသိစိတ်ဖြင့် ပြန်စမ်းလိုက်မိသည်။
"ငါတို့ရဲ့ လက်ရှိအရေးကြီးဆုံး အလုပ်က ဒီပစ္စည်းကို ပို့ပေးဖို့ပဲ။ ပြီးရင် ဆန်းဝူမြို့ကနေ ချက်ချင်း ထွက်ကြတာပေါ့"
"အင်းလေ..."
လုယွဲ့ ခေါင်းညိတ်လိုက်သည်။
...
ဝမ်ပင်းသည် ဒုတိယထပ်ရှိ အအေးခန်းအလုပ်ရုံမှ ထွက်လာသောအခါ အမျိုးသမီးတစ်ဦးမှာ မျက်နှာအနည်းငယ် ဖြူဖျော့လျက် အပြေးအလွှား ရောက်ရှိလာသည်။
သူမသည် ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားပြီး မြင့်မြတ်သော အမျိုးသမီးများနည်းတူပင် အလှအပမှာ ပေါ်လွင်နေဆဲပင်။ အသက်အရွယ် အနည်းငယ် ရလာပြီဖြစ်သော်လည်း ဆွဲဆောင်မှုရှိနေဆဲပင်။
သူမသည် ရန်ကျုံးရှန်းကို မြင်သောအခါ စကားပြောရန် တွန့်ဆုတ်နေပြီး ရန်ကျုံးရှန်း၏ ဘေးရှိလူများကို အကဲခတ်ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ဝမ်"
"အစ်ကိုဟွမ်ကုန်း"
"အစ်ကိုယွီ"
ဟွမ်ကုန်းက ပြန်လည်နှုတ်ဆက်လိုက်သည်။
"မရီး... ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး ကျုံးရှန်းနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ"
ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် ရန်ကျုံးရှန်းထံ သွားကာ ဂွမ်းအင်္ကျီကို ချွတ်ပေးရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရှင်... ကျွန်မ ရှင့်ကို ပြောစရာရှိတယ်။ အိမ်ကစာရောက်လာတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရန်ကျုံးရှန်း၏ ပါးပြင်မှာ အနည်းငယ် လှုပ်ခါသွားပြီး သူ၏ဇနီးကို လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ အစေခံများကို ဝမ်ပင်းတို့အဖွဲ့အား နားနေဆောင်သို့ ခေါ်သွားရန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်မှာမူ ဇနီးဖြစ်သူ၏နောက်သို့ လိုက်သွားတော့သည်။
ဇနီးဖြစ်သူထံမှ မိသားစုရေးရာကိစ္စများကို ကြားသိရပြီးနောက် ရန်ကျုံးရှန်းသည် ဝမ်ပင်းကို မတွေးဘဲ မနေနိုင်တော့ချေ။ သူသည် သုံးနှစ်တိုင်တိုင် သည်းခံခဲ့ရသော သူလျှိုမှာ ယခုမှပင် အလိုအလျောက် ပေါ်ထွက်လာခြင်းဖြစ်ရာ ဝမ်ပင်းကြောင့်မှတစ်ပါး အခြားအကြောင်းပြချက် မရှိနိုင်ဘူးဟု သူ ယူဆမိသည်။
ပြီးခဲ့သောတစ်ခေါက်က ဝမ်ပင်းသည် အကြီးအကဲရုန်ကို အရှက်ရစေခဲ့ရာ ယခုအခါ ဆန်းဝူမြို့၏ တစ်ဝက်ကျော်မှာ ထိုအကြောင်းကိုသာ ပြောဆိုနေကြပြီး အကြီးအကဲရုန်၏ ဆေးပညာကျင့်ဝတ်နှင့် အရည်အချင်းမှာ အတုအယောင်များသာဖြစ်ကြောင်း ပြောဆိုနေကြသည်။ မနေ့ကပင် အကြီးအကဲရုန်မှာ ဒေါသထွက်လွန်းသဖြင့် သုံးကြိမ်တိုင်တိုင် မေ့လဲသွားခဲ့သည်ဟု သိရသည်။
ထို့ပြင် ဥပဒေစိုးမိုးရေးဆောင်မကြီး၏ ဂိုဏ်းချုပ် ဟွားလျောင်မှာလည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သေချာပေါက် လက်စားချေရန် ကြိုးစားပေလိမ့်မည်။
ဇနီးဖြစ်သူထံမှ စာတိုကို လက်ခံရရှိပြီးနောက် ရန်ကျုံးရှန်းသည် ခေါင်းညိတ်ပြလိုက်ကာ ထိုစာကို လုံးခြေ၍ သူ၏လက်ဖဝါးအတွင်း၌ပင် ခြေမွပစ်လိုက်သည်။
ဝမ်ပင်းသည် နားနေဆောင်တွင် လက်ဖက်ရည်ကို တစ်ငုံပင် မသောက်ရသေးမီမှာပင် ရန်ကျုံးရှန်းသည် တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ အထဲသို့ ဝင်လာသောအခါ သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိချေ။ ဘာပဲဖြစ်ဖြစ် သူသည် စီးပွားရေးလောကတွင် အတွေ့အကြုံများသူတစ်ဦး ဖြစ်သဖြင့် သူ၏ အမူအရာကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် သူက ဝမ်ပင်းကို ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် ခင်ဗျားအတွက် အရှိန်ပြင်းမြင်းကို အဆင်သင့်ပြင်ခိုင်းထားပါတယ်။ ဒီမှာ ခဏလောက် ထိုင်စောင့်ပေးပါဦး။ ကျွန်တော်ကိုယ်တိုင် သွားပြီး ရွှေလက်မှတ်တွေကို ယူလာခဲ့ပါ့မယ်"
ဝမ်ပင်းသည် ထိုစကားကို ကြားသောအခါ ရွှေလက်မှတ်များအပေါ်တွင် အာရုံမရောက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရန်ကျုံးရှန်း၏ စကားများမှာ အလွန်ပင် ထူးဆန်းနေသောကြောင့်ပင်။
"ဘာဖြစ်လို့ ရုတ်တရက်ကြီး မြင်းတစ်ကောင်လဲ။ အဲဒါတောင်မှ အရှိန်ပြင်းမြင်းတစ်ကောင်ကို စီစဉ်ပေးရတာလဲ။"
ရန်ကျုံးရှန်း ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက လက်ကိုမြှောက်၍ တားလိုက်ပြီး မေးလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရန်... တစ်ခုခု ဖြစ်လို့လား"
"ဘာမှမဟုတ်ပါဘူး"
"မျိုးနွယ်စုခေါင်းဆောင်ရန်... အကယ်၍ တစ်ခုခု တကယ်ဖြစ်နေတာကို ကျွန်တော့်ကို ဖုံးကွယ်ထားမယ်ဆိုရင်တော့ အကျိုးထက် အပြစ်ပဲ ပိုများလိမ့်မယ် မဟုတ်ဘူးလား"
ဝမ်ပင်းသည် ရန်ကျုံးရှန်းကို စိုက်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များမှာ ထိပ်တိုက်ဆုံသွားကြတော့သည်။