← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း။ ၇၃

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရန်ကျုံးရှန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလျက် "အခြေအနေက သိပ်မဟန်ဘူး ဂိုဏ်းချုပ်ဝမ်။ ဒါပေမဲ့ ခင်ဗျား အခုချက်ချင်း တောင်ပေါ်ပြန်မယ်ဆိုရင်တော့ ပြဿနာကြီးကြီးမားမား ရှိမှာမဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

ရန်ကျုံးရှန်းသည် နံရံတွင် နားရှိသည်ကို စိုးရိမ်သကဲ့သို့ သူ၏နှာတံကို ပွတ်သပ်ရင်း အသံကို နှိမ့်လိုက်ကာ "လွန်ခဲ့တဲ့ မိနစ်တ္ထေလောက်ကပဲ တစ်စုံတစ်ယောက်က ၁၅ မိနစ်အတွင်းမှာ ဆက်သွယ်ရေးချိုးငှက် ၁၀ ကောင်ကို လွှတ်လိုက်တယ်။ ကျွန်တော်တို့ ၉ ကောင်ကို ကြားဖြတ်ဖမ်းမိခဲ့ပေမဲ့ တစ်ကောင်ကတော့ လွတ်သွားတယ်"

"ချိုးငှက်"

"ဟုတ်တယ်။ ကျွန်တော့်အိမ်တော်ထဲမှာရှိတဲ့ မှီခိုရာဂိုဏ်းက သူလျှိုက လွှတ်လိုက်တာပါ"

"အဲဒီသူလျှိုကို ဖမ်းမိပြီလား"

"သူ သေသွားပါပြီ"

အမှန်စင်စစ် ရန်ကျုံးရှန်းသည် သတ်ရန် အမိန့်မပေးခဲ့ချေ။ သူ၏ မူလရည်ရွယ်ချက်မှာ ငါးကြီးကြီးမိရန်အတွက် အခြေအနေကို စောင့်ကြည့်ရန်ဖြစ်သော်လည်း ယနေ့တွင် ထိုသူက လူအများရှေ့၌ ကိုယ်ယောင်ပြလာသဖြင့် မသတ်ဘဲထားခြင်းမှာ အဓိပ္ပာယ်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူလျှိုလုပ်နိုင်သူမှန်သမျှမှာ ပါးနပ်သူများဖြစ်ကြသောကြောင့်ပင်။

ယနေ့ကိစ္စပြီးနောက် ထိုသူသည် မည်သည့်သတင်းစကားကိုမျှ ထပ်မံပေးပို့တော့မည်မဟုတ်သလို သူ၏ရှေ့မှောက်၌ ဖြစ်ပျက်သမျှကိုလည်း ယုံကြည်တော့မည်မဟုတ်ဘဲ အရာအားလုံးကို တမင်သက်သက် လုပ်ဆောင်ပြနေခြင်းဟုသာ မြင်ပေလိမ့်မည်။ ဤနည်းဖြင့် သူလျှိုကို ပြန်လည်အသုံးချသည့် နည်းဗျူဟာမှာ အသုံးမဝင်တော့ချေ။

ဝမ်ပင်း စကားမပြောမီမှာပင် ဟွမ်ကုန်းက ကြားဖြတ်မေးလိုက်သည်။

"ဒီစာကို ဘယ်သူ့ဆီ ပို့တာလဲဆိုတာ ခင်ဗျား သိလိုက်လား"

"အဲဒီချိုးငှက် ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ လောလောဆယ် မသိရသေးပေမဲ့ စာထဲမှာ ရေးထားတာကတော့ ဝမ်ပင်း တောင်အောက်ဆင်းလာပြီ။ အမြန်သတ်ပစ်တဲ့"

"ငါ့ကို လာသတ်ဖို့လား"

ဝမ်ပင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း အံ့ဩသလို မေးလိုက်သည်။

"ဟုတ်ပါတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ဝမ်အနေနဲ့ ဘေးကင်းဖို့အတွက် အမြန်ပြန်တာ အကောင်းဆုံးပါပဲ။ ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်"

ပြောပြီးနောက် ရန်ကျုံးရှန်းသည် ရွှေလက်မှတ်များကို အမြန်ဆုံးသွားယူရန် နားနေဆောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။ ဝမ်ပင်းကို စောစောစီးစီး ပြန်လွှတ်နိုင်လေလေ ဝမ်ပင်းအတွက် အန္တရာယ်နည်းလေလေပင်။

မှီခိုရာဂိုဏ်းက ဘာတွေလုပ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။ အကယ်၍ ၎င်းတို့က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသူ အများအပြားဖြင့် လက်စားချေလာမည်ဆိုပါက အကြီးအကဲယွင်ကလည်း ပါမလာသဖြင့် ယွီမိုတစ်ယောက်တည်းကို အားကိုးနေရခြင်းမှာ အခြေအနေမှာ အမှန်တကယ်ပင် ဆိုးရွားသည်။

"မျိုးနွယ်စုခေါင်းဆောင်ရန်... မလောပါနဲ့ဦး။ ကျွန်တော်က စီနီယာယွီနဲ့အတူ လမ်းလျှောက်ဦးမလို့ပါ"

ဝမ်ပင်းက ထိုသို့ပြောကာ မတ်တပ်ရပ်လိုက်သည်။

ရန်ကျုံးရှန်းမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ခဏမျှ ဆွံ့အသွားရသည်။ ဝမ်ပင်းမှာ မတ်တပ်ရပ်နေပြီဖြစ်ရာ မသေမျိုးဂိုဏ်းသို့ ယခုချက်ချင်း ပြန်ရန် စိတ်ကူးမရှိပုံပင်။

ဘုရားရေ... ဝမ်ပင်းက ခုနက ငါပြောတာကို နားမထောင်လိုက်တာလား။

အခြေအနေကို ပိုပိုသာသာ မပြောဘဲ တည်တည်ငြိမ်ငြိမ် ပြောခဲ့လျှင်ပင် လူတစ်ယောက်ကို ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီနေ့တော့ လျှောက်မသွားတာ ကောင်းမယ် ထင်ပါတယ်။ ဘေးကင်းရေးက အဓိကပဲလေ။ ဘာမှမထူးခြားတဲ့ ကိစ္စလေးအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ အန္တရာယ်ထဲ တွန်းပို့မှာလဲ။ မှီခိုရာဂိုဏ်းက အမှောင်ထဲကနေ လှုပ်ရှားတာဆိုတော့ သူတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ ခက်လိမ့်မယ်"

ဝမ်ပင်းသည် ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်တွင် စနစ်တကျ ချီတက်နေသော ငွေရောင်ချပ်ဝတ်တန်ဆာဝတ် ကာကွယ်ရေးတပ်ဖွဲ့ကို လှမ်းကြည့်လိုက်ပြီး "မြို့တော်ဝန်နန်းတော်ရဲ့ အစောင့်တွေနဲ့ ခင်ဗျားတို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကုန်သွယ်ရေးအသင်းနဲ့ ဈေးကွက်ကို စောင့်ရှောက်ပေးနေတာ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။

ရန်ကျုံးရှန်းမှာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။

"ငါ့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့က ဘာလုပ်နိုင်မှာလဲ။ မှီခိုရာဂိုဏ်းက အဖွဲ့ငယ်လေးတစ်ဖွဲ့လောက် လွှတ်လိုက်ရုံနဲ့တင် စိတ်ကြိုက် အဝင်အထွက် လုပ်လို့ရနေတာပဲ မဟုတ်ဘူးလား။"

မြို့တော်ဝန်နန်းတော်မှ အစောင့်များမှာ အတော်အတန် အစွမ်းထက်သော်လည်း သူတို့၏ လုပ်ဆောင်ချက်မှာ ကြွားလုံးထုတ်စရာ မရှိချေ။ သူတို့ ရောက်လာသည့်အချိန်တွင် အရာအားလုံးက နောက်ကျသွားနိုင်ချေရှိသည်။

ဤစကားများကို တိုက်ရိုက်ပြောရန် သူက အားနာနေသဖြင့် အကြောင်းပြချက်တစ်ခုကိုသာ ရှာလိုက်ရတော့သည်။

"အကယ်၍ မှီခိုရာဂိုဏ်းက စေလွှတ်လိုက်တဲ့သူက အဆင့် ၁၃ ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေရင် ရုတ်တရက် တိုက်ခိုက်လာတဲ့အခါ ဘယ်သူမှ အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"

ဝမ်ပင်းကမူ ဂရုမစိုက်သည့် အမူအရာဖြင့်ပင် "ရပါတယ် မျိုးနွယ်စုခေါင်းဆောင်ရန် မှီခိုရာဂိုဏ်းပဲလေ... သူတို့ကို အဲဒီလောက်အထိ အရေးတယူ လုပ်နေဖို့ လိုလို့လား။ လာပါစေဗျာ... ကျွန်တော့်ရဲ့ ဈေးဝယ်ထွက်တဲ့ စိတ်အခြေအနေကို လာမဖျက်ဆီးသရွေ့ပေါ့" ဟု ပြောလိုက်သည်။

"လူငယ်လေး... မင်း တကယ်ကို ရဲတင်းတာပဲ"

ဘေးတွင်ရှိနေသော ယွီမိုက ရယ်မောရင်း လက်မထောင်ပြလိုက်ကာ ဝမ်ပင်း၏ ပုခုံးကို ပုတ်လိုက်ပြီး "ငါ မင်းကို ကာကွယ်ပေးမယ်" ဟု ပြောလိုက်သည်။

ဝမ်ပင်းက သူ့ကို အမြဲတမ်း ပြန်ပြောတတ်သလို အရေးမစိုက်ဘဲ ထားတတ်သဖြင့် သူကိုယ်တိုင်ပင် နက်နဲသောနယ်ပယ်က ဟုတ်မဟုတ် သံသယဝင်ရသည်အထိ ဖြစ်ခဲ့ရသည်။ မနေ့က လုပ်ကြံသတ်ဖြတ်သူကို သတ်ပေးလိုက်သည်ကိုပင် ကျေးဇူးတစ်ခွန်း မပြောခဲ့ချေ။

သို့သော်လည်း သူ၏ လွတ်လပ်စွာ လေလွင့်တတ်သော သဘာဝအရ ဝမ်ပင်းကို အမှန်တကယ်ပင် သဘောကျမိသည်။ ဝမ်ပင်း၏ စရိုက်ကို မြင်ရခြင်းမှာ သူ၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေရသကဲ့သို့ ခံစားရစေသောကြောင့်ပင်။

ဝမ်ပင်း၏ ပုခုံးကို ရယ်မောရင်း ပုတ်လိုက်စဉ်မှာပင် ဝမ်ပင်း၏ စကားတစ်ခွန်းကြောင့် သူ၏ လက်တို့မှာ ရပ်တန့်သွားရသည်။

ထို့နောက် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။

"သွားကြစို့... ကျွန်တော် ခင်ဗျားကို လျှောက်ပြမယ်။ ပထမဆုံး စည်းကမ်းကတော့... လမ်းမှာတွေ့တာတွေကို လျှောက်မစားရဘူး။ တစ်ယောက်တည်းလည်း ခွဲထွက်မသွားရဘူး"

စကားဆုံးသည်နှင့် ထွက်ခွာသွားသော ဝမ်ပင်း၏ ကျောပြင်ကို ကြည့်ကာ ယွီမို သက်ပြင်းချလိုက်မိသည်။

သူ့ကို အထင်ကြီးမိတာ အလကားပါပဲလား။

...

ကုန်သွယ်ရေးအသင်းမှ ထွက်လာပြီးနောက် ဝမ်ပင်းသည် မှီခိုရာဂိုဏ်း၏ ကိစ္စရပ်များကို အနည်းငယ်မျှပင် ဂရုမစိုက်သလို ယွီမိုမှာမူ ပို၍ပင် အရေးမလုပ်ချေ။ ရန်ကျုံးရှန်းမှာမူ အားကိုးရာမဲ့စွာဖြင့် သူ၏ ကာကွယ်ရေးတပ်ဖွဲ့ကို နောက်မှလိုက်ပါစေရန် စေလွှတ်လိုက်ရသည်။

များစွာ အထောက်အကူမပြုနိုင်သော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းသည်ဟု သူ ယူဆမိသောကြောင့်ပင်။

သူ၏ ကာကွယ်ရေးတပ်ဖွဲ့တွင် အင်အားအကောင်းဆုံးသူမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ မျှသာ ရှိသည်။

အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ထိုသူတို့၏ အင်အားဖြင့် ရန်သူကို ခေတ္တမျှ ဆွဲထားနိုင်ပြီး ဝမ်ပင်းအတွက် အချိန်အနည်းငယ် ရနိုင်ပေလိမ့်မည်။

သူတို့ အေးအေးလူလူ လမ်းလျှောက်နေစဉ်မှာပင် ဝမ်ပင်းသည် အေးစက်သော လေပြင်းတစ်ခု အတိုက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် တုန်ရင်သွားသည်။

သူ၏ ဦးခေါင်းအတွင်း၌ တစ်စုံတစ်ခုကို တောင့်တနေသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

ဝမ်ပင်းကို အံ့အားသင့်စေသည်မှာ ထိုတုန်ရင်မှုအတွင်း၌ ပြင်းပြသော လိုလားတောင့်တမှုနှင့် အရေးတကြီး လိုအပ်နေမှုတို့ ပါဝင်နေခြင်းပင်။ ထိုခံစားချက်မှာ သူကိုယ်တိုင်ထံမှ မြစ်ဖျားခံလာခြင်း မဟုတ်ပေ။

ဝမ်ပင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် စနစ်၏ အသံမှာ အချိန်ကိုက် ထွက်ပေါ်လာသည်။

"သခင်... ဂုဏ်ယူပါတယ်။ ချန်မော့ကျင့်စဉ်က သစ်သားဓာတ် အမြောက်အမြား ပါဝင်တဲ့ ရတနာတစ်ခုကို အာရုံခံမိလိုက်ပါပြီ။ အဲဒီထဲမှာပါတဲ့ သစ်သားဓာတ် ပမာဏက မသေမျိုးဂိုဏ်းရဲ့ ပတ်ဝန်းကျင် မိုင် ၅၀ အတွင်းမှာရှိတဲ့ သစ်သားဓာတ် စုစုပေါင်းနဲ့ ညီမျှပါတယ်"

"ဒါက ဘာပစ္စည်းလဲ"

"သစ်သားသဲပွင့်ပါ"

"အဲဒါက ဘာအတွက် သုံးတာလဲ"

"နက်နဲသောနယ်ပယ်က ကျင့်ကြံသူတွေအတွက် လိုအပ်တဲ့ ကောင်းကင်ဘုံရတနာတစ်ခုပါ။ ဒါပေမဲ့ သခင့်အတွက်တော့ အဲဒီထဲက သစ်သားဓာတ်ကို သုံးပြီး ပါရမီကို မြှင့်တင်နိုင်ပါတယ်။ အကယ်၍ သခင်သာ ဒါကို ရရှိမယ်ဆိုရင် ကြယ်သုံးပွင့်အဆင့် ပါရမီကို ပိုင်ဆိုင်ဖို့က လက်တစ်ကမ်းမှာပါ"

ထိုနောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ ဝမ်ပင်း အလွန်အမင်း ဝမ်းသာသွားရသည်။

ဒါက သက်ရှည်ဆေးလိပ်ထက်တောင် ပိုပြီး အကျိုးရှိတာ မဟုတ်လား။

သက်ရှည်ဆေးလိပ်ဆိုလျှင် ကြယ်သုံးပွင့်အဆင့် ပါရမီ ရောက်ဖို့ရာ ရာနဲ့ချီပြီး လိုအပ်တာလေ။

ဝမ်ပင်းက ချက်ချင်းပင် မေးလိုက်သည်။

"အဲဒါ ဘယ်မှာလဲ"

"ရှေ့ မီတာတစ်ရာ အကွာမှာပါ"

စနစ်၏ စကားဆုံးသည်နှင့် ဝမ်ပင်းသည် ဆိုင်တစ်ဆိုင်တွင် ပစ္စည်းလေးများကို အကဲခတ်နေသော ယွီမိုကိုပင် ဂရုမစိုက်အားဘဲ ရှေ့သို့ အမြန် လှမ်းသွားတော့သည်။

ယွီမိုက သူကိုင်ထားသော ပစ္စည်းလေးမှာ လှမလှ ဝမ်ပင်းကို လှည့်မေးရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းမှာ သူ၏ဘေး၌ မရှိတော့သည်ကို တွေ့လိုက်ရသည်။

သူသည် လက်ထဲမှ ပစ္စည်းကို အမြန်ပြန်ချကာ ဝမ်ပင်းနောက်သို့ အပြေးလိုက်ရတော့သည်။

"လူငယ်လေး... မင်းပဲ ဒီနေ့ ငါ့ကို လျှောက်ပြမယ်ဆို။ အခုတော့ ငါကပဲ မင်းနောက်ကို လိုက်နေရသလို ဖြစ်နေပြီ"

ဝမ်ပင်းက လက်ယမ်းပြလျက် "စီနီယာယွီ... ခင်ဗျား ကြိုက်တာလုပ်ပါ။ ကျွန်တော့်မှာ ရုတ်တရက် အရေးကြီးကိစ္စ ပေါ်လာလို့" ဟု ပြောလိုက်သည်။

ဝမ်ပင်း၏ မူလရည်ရွယ်ချက်မှာ ယွီမိုကို အကာအကွယ်အဖြစ် ထားရှိရန်ဖြစ်သော်လည်း ယခုမူ ရတနာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုရတနာအပေါ် သူ၏ လိုလားချက်မှာ အလွန်ပြင်းပြနေသည်။

ယွီမို၏ တတွတ်တွတ် ပြောဆိုသံများကို သူ အမှန်တကယ်ပင် နားမခံနိုင်တော့ချေ။

ယွီမိုသည် ဝမ်ပင်းက သူ့ကို စိတ်ကြိုက်ကစားရန် ခွင့်ပြုသည်ကို ကြားလိုက်ရသည့်အခါ ခြေလှမ်းတစ်လှမ်း လှမ်းရန် ပြင်လိုက်သော်လည်း သူ၏ ခြေထောက်မှာ လေထဲ၌ပင် ရပ်တန့်သွားသည်။

ထို့နောက် ခြေလှမ်းကို ပြန်ရုပ်သိမ်းလိုက်ကာ "မရဘူးလေ လူငယ်လေး... မင်း ငါ့ကို ခါထုတ်ဖို့ ကြိုးစားနေတာလား။ အခွင့်အရေး မရှိစေရဘူး" ဟု ပြောလိုက်သည်။

"လိုက်ချင်လည်း လိုက်ခဲ့ပေါ့... မြီးတိုလေးရယ်"

ဝမ်ပင်းက အမှတ်မထင် ပြန်ပြောလိုက်သည်။

"မြီးတိုလေးဆိုတာ ဘာလဲ"

"လူတစ်ယောက်ရဲ့ နောက်ကနေ အမြဲတမ်း တကောက်ကောက် လိုက်နေတတ်တဲ့ ပိုးကောင်လေးကို ပြောတာ"

"မင်း... ဒီကောင်လေးကတော့"

ယွီမိုသည် ဒေါသထွက်ဟန်ဖြင့် ဝမ်ပင်းကို ရိုက်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် သူ၏ နောက်ကျောဘက်မှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုအသံမှာ အလွန်နီးကပ်လှပြီး သူ၏ နောက်ကျောတည့်တည့်မှ ထွက်ပေါ်လာခြင်းပင်။

"ဝမ်ပင်း... ဒါ တကယ်ပဲ မင်းလား"

လုယွဲ့သည် လူအုပ်ကြားမှ တိုးထွက်လာခဲ့သည်။ သူမ၏ ဖြူစင်သော ပါးပြင်ပေါ်တွင် ရှက်သွေးဖျန်းနေသည့်အလား နီမြန်းနေပြီး သူမ၏ မျက်လုံးများထဲတွင်မူ နူးညံ့မှုနှင့်အတူ အလွန်အမင်း အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။

အခန်း။ ၇၄

မှီခိုရာဂိုဏ်းတွင် ရှိနေစဉ်အတောအတွင်း ညဉ့်နက်သန်းခေါင် တစ်ယောက်တည်း စာဖတ်နေသည့် အချိန်မျိုး၌ သူမသည် ဝမ်ပင်းအကြောင်းကို ရံဖန်ရံခါ တွေးတောမိတတ်သည်။ အကယ်၍ တစ်နေ့နေ့တွင် ပြန်လည်ဆုံတွေ့ခဲ့ပါက "တောင်းပန်ပါတယ်" ဟု ပြောရမလား သို့မဟုတ် မသိနားမလည်ဟန်ဆောင်ကာ ကျော်ဖြတ်ရမလားဆိုသည်ကိုလည်း သူမ ဝေခွဲမရဖြစ်ခဲ့ဖူးသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ပင်းသည် သူမကဲ့သို့ သာမန်တပည့်လေးတစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန်အတွက် သူ၏ဂိုဏ်းချုပ်သားဟူသော ဂုဏ်ပုဒ်ကို ပထမဆုံးအကြိမ် နှိမ့်ချပေးခဲ့သူပင်။

ဖြစ်နိုင်သည်မှာ သူမအနေဖြင့် နောက်ဆုံးရွေးချယ်မှုကိုသာ ရွေးချယ်သင့်ပြီး နှစ်ဦးသား နေရခက်ခြင်းမျိုး မရှိစေရန် တစ်ဦးနှင့်တစ်ဦး မသိကျိုးကျွံပြုသင့်သည်ဟု သူမ ထင်မြင်ခဲ့သည်။

သို့သော် ဝမ်ပင်းကို အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ သူမ မှားသွားခဲ့သည်ကို သိလိုက်ရသည်။

သူမ၏ နှလုံးသားထဲတွင် အပြစ်မကင်းသည့် ခံစားချက်က အမြဲတစေ ကြီးစိုးနေခဲ့သော်လည်း သူမကိုယ်တိုင် သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ ဆန်းဝူမြို့မှ မထွက်ခွာမီ ညဉ့်ဦးယံအချိန်၌ ဝမ်ပင်းကို တွေ့လိုက်ရခြင်းမှာ အမှန်တကယ်ပင် ကံကောင်းသည့် ကိစ္စတစ်ခုပင်။

အနည်းဆုံးတော့ သူမအနေဖြင့် ထိုတောင်းပန်စကားကို တစ်သက်လုံး ရင်ထဲမှာ မြိုသိပ်ထားစရာ မလိုတော့ဘဲ နောင်တနှင့်အတူ ဘဝနိဂုံးချုပ်ရမည့် အခြေအနေမျိုးမှ ကင်းဝေးသွားခဲ့သည်။

သို့သော် လူအုပ်ကြားမှ တိုးထွက်လာပြီးနောက် ဝမ်ပင်း၏ရှေ့တွင် ရပ်လိုက်သည့်အခါ ဘာပြောရမှန်းမသိဘဲ သူမ ဆွံ့အသွားရပြန်သည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြပြီး စကားလုံးများမှာ ပျောက်ရှနေကြတော့သည်။

လုယွဲ့သည် နေရခက်သောအခြေအနေကို ဖြိုခွဲရန် သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာကို ဟလိုက်စဉ်မှာပင် ဝမ်ပင်းက အရင်ဦးအောင် စကားစလိုက်သည်။

"လုယွဲ့... မတွေ့တာ ကြာပြီနော်"

"လုယွဲ့..."

လုယွဲ့မှာ ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်မိသည်။

အရင်ကဆိုလျှင် ဝမ်ပင်းသည် ဂိုဏ်းအကြီးအကဲများ၏ ရှေ့တွင်ပင် သူမကို "မမလုယွဲ့" ဟု ခေါ်လေ့ရှိခဲ့သည်။

ခဏမျှ ကြာပြီးနောက်တွင် လုယွဲ့က ပြန်လည်ထူးလိုက်သည်။

"ဂိုဏ်းချုပ်ငယ်... မတွေ့တာ ကြာပါပြီ"

ဝမ်ပင်းက သူမကို ခေါ်ဝေါ်ပုံ ပြောင်းလဲသွားခဲ့သလို လုယွဲ့ကလည်း ဝမ်ပင်းကို ပို၍ လေးစားသမှုရှိသော အမည်နာမတစ်ခုဖြစ်သည့် ဂိုဏ်းချုပ်ငယ်ဟု ပြောင်းလဲခေါ်ဝေါ်လိုက်သည်။

ဝမ်ပင်းသည် လုယွဲ့ကို အကြည့်အကြာကြီး မထားခဲ့ပေ။ လုယွဲ့ ဘာပြောချင်သည်ကို သူ သိသော်လည်း ထိုစကားကို သူ လက်ခံမည်မဟုတ်ချေ။

အမှန်စင်စစ် သူက လုယွဲ့ကို ခွင့်မလွှတ်နိုင်၍ မဟုတ်ဘဲ သူမအနေဖြင့် အမှန်တကယ်ပင် အမှားတစ်ခုခု လုပ်ခဲ့သည်ဟု သူ မယူဆသောကြောင့်ပင်။

"ဂိုဏ်းတစ်ခုလုံး ခေါင်းဆောင်မဲ့ပြီး ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန်မှာ သာမန်တပည့်တစ်ယောက်အနေနဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါသွားဖို့ကလွဲရင် တခြားဘာများ တတ်နိုင်ဦးမှာလဲ။"

ရိုးရိုးသားသား ပြောရလျှင် သူသည် လုယွဲ့အပေါ် အနည်းငယ်မျှပင် အာဃာတ မရှိခဲ့ချေ။

သို့သော်လည်း ဤခင်မင်မှုမှာ နောင်အနာဂတ်တွင် ဆက်လက်တည်မြဲနိုင်တော့မည် မဟုတ်ပေ။

ဝမ်ပင်းက "မှီခိုရာဂိုဏ်းမှာ နေရတာ အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။

လုယွဲ့က "ဖြစ်သလိုပဲ နေနေရတာပါ။ အခုတော့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ" ဟု အမြန်ပြန်ဖြေသည်။

"ဘာလို့လဲ မှီခိုရာဂိုဏ်းက မကောင်းလို့လား"

"အားယဲ့နဲ့ ကျွန်မက အဲဒီနေရာနဲ့ မထိုက်တန်ပါဘူး။ ဒါကြောင့် ဒီညပဲ ဆန်းဝူမြို့ကနေ ထွက်ခွာပြီး အပြင်လောကမှာ အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ မှီခိုရာဂိုဏ်းမှာ ဆက်နေရင်တော့ ဒီတစ်သက် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ကို ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်"

"ဟုတ်လား... ဒါက ကောင်းတဲ့ ကိစ္စပဲ။ လောကကြီးက ကျယ်ပြောပါတယ်။ လျှောက်သွားကြည့်သင့်တာပေါ့။ မင်းတို့နှစ်ယောက်လုံးအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"

"ကျွန်မလည်း ဂိုဏ်းချုပ်ငယ်မှာ တပည့်ကောင်းတွေ ရရှိပါစေကြောင်းနဲ့ မသေမျိုးဂိုဏ်းကြီး အောင်မြင်ကျော်ကြားပါစေကြောင်း ဆုတောင်းပေးပါတယ်"

ထိုစကားများအပြီးတွင် သူတို့နှစ်ဦးအကြား ဆက်ပြောစရာ စကားမရှိတော့ချေ။

သူတို့မှာ တစ်ဦးနှင့်တစ်ဦး ကြာမြင့်စွာ သိကျွမ်းခဲ့ကြသော်လည်း ယခုအခါတွင်မူ သာမန်မိတ်ဆွေများထက် ပို၍ မထူးခြားတော့ပေ။

ဝမ်ပင်းသည် လှည့်ထွက်သွားတော့သည်။

လုယွဲ့သည် ဝမ်ပင်းကို မတားမြစ်ခဲ့ဘဲ လူအုပ်ကြားထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော သူ၏ ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။

သူမသည် ရုတ်တရက် သက်ပြင်းချလိုက်မိပြီး အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည့်အခါ သူမ၏ လက်မောင်းကို နာကျင်အောင် ဆိတ်ဆွဲလိုက်မိသည်။

တောင်းပန်ပါတယ်ဆိုတဲ့ စကားသုံးခွန်းကို ဘာဖြစ်လို့ ငါ မပြောနိုင်ခဲ့ရတာလဲ။

ထားလိုက်ပါတော့လေ။

တောင်းပန်ခွင့် မရနိုင်တော့မှတော့ ရောင်းရသည့် ပိုက်ဆံအချို့ကို ဝမ်ပင်းအတွက် ချန်ထားပေးခဲ့ခြင်းက ပိုကောင်းသည်။

ရွှေဒင်္ဂါး တစ်ထောင်ဆိုလျှင် ဝမ်ပင်းတစ်ယောက် တစ်သက်လုံး သက်သောင့်သက်သာ နေထိုင်သွားရန် လုံလောက်သည်ဖြစ်ရာ သူမအတွက်လည်း စိတ်အေးရမည်ပင်။

လမ်းမပေါ်မှ ထွက်လာပြီးနောက် လုယွဲ့သည် ဈေးကွက်အတွင်းရှိ သုံးထပ်တိုက်တစ်လုံးအတွင်းသို့ ဝင်ရောက်ကာ ဒုတိယထပ်သို့ တက်လှမ်းသွားသည်။ သစ်သားတံခါးကို တွန်းဖွင့်လိုက်

သောအခါ ကုလားထိုင်ပေါ်၌ ထိုင်နေသည့် ရဲ့ယီကို တွေ့ရှိလိုက်ရသဖြင့် တံခါးကို ပြန်ပိတ်လိုက်သည်။

“အဲဒီလူ မရောက်သေးဘူးလား”

ရဲ့ယီက ခေါင်းညိတ်ပြရင်း စားပွဲဘေးကို သူ၏လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်နေသည်။ အသံမှာ စည်းချက်ကျနေသော်လည်း သူ အတော်လေး လောနေသည်မှာ သိသာလှသည်။

“အဘိုးကြီးဟေး ပြောတာတော့ သူတို့ ရောက်တော့မယ်တဲ့။ မင်း မြင်းလှည်းကိုရော စီစဉ်ပြီးပြီလား”

“အင်း... အဆင်သင့်ပဲ။ သူ့ကို ပစ္စည်းပေးပြီး ရွှေလက်မှတ်တွေ ရတာနဲ့ မြင်းလှည်းပေါ် တန်းတက်ရုံပဲ။ ဒါပေမဲ့ ငါ မသေမျိုးဂိုဏ်းကို တစ်ခေါက်လောက် သွားချင်သေးတယ်။ ဝမ်ပင်းနဲ့ ပြောစရာ ကျန်နေသေးလို့”

ရဲ့ယီ၏ အကြည့်များ စူးရှသွားပြီး မေးလိုက်သည်။

"မသေမျိုးဂိုဏ်းကို ဘာသွားလုပ်မှာလဲ"

"ဝမ်ပင်းအတွက် ရွှေဒင်္ဂါး တစ်ထောင်လောက် ထားပေးခဲ့ချင်လို့ပါ။ အနည်းဆုံးတော့ မှီခိုရာဂိုဏ်းက မသေမျိုးဂိုဏ်းကို အပြီးအပိုင် သိမ်းလိုက်ရင်တောင် သူ နောင်ရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးလေ။ သူက ငါတို့ကို ကူညီဖူးတယ်။ ဒါပေမဲ့ သူ ဒုက္ခရောက်နေချိန်မှာ ငါတို့က ထားခဲ့မိတယ်။ ငါ စိတ်ထဲမှာ အပြစ်မကင်းလို့ပါ"

ထိုသို့ပြောပြီးနောက် ရဲ့ယီ သဘောမတူမှာကို စိုးရိမ်သဖြင့် လုယွဲ့က အမြန်ထပ်ဖြည့်ပြောလိုက်တယ်။

"နာရီဝက်အတွင်း ငါ ပြန်လာခဲ့ပါ့မယ်။ အကယ်၍ မင်းက ဆန်းဝူမြို့ထဲက မှီခိုရာဂိုဏ်း သူလျှိုတွေကို စိုးရိမ်တယ်ဆိုရင် မြို့ပြင်က လဆန်းမြို့ကို အရင်သွားနှင့်လေ ငါ နောက်က လိုက်လာခဲ့မယ်"

"မင်း တကယ်ပဲ စဉ်းစားဉာဏ် မရှိတာလား"

"ဒါပေမဲ့ ဝမ်ပင်းအတွက် ဒီပိုက်ဆံက အခုချိန်မှာ တကယ်လိုအပ်နေမယ်လို့ မင်း မထင်ဘူးလား"

"ကောင်းပြီလေ... ဒါဆို တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းလိုက်..."

သူ့စကားပင် မဆုံးသေးမီ တံခါးမှာ ရုတ်တရက် ပွင့်သွားတော့သည်။

ဝတ်ရုံနီ ဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး အခန်းထဲသို့ လှမ်းဝင်လာ၏။ သူက ရဲ့ယီဘေးက စားပွဲပေါ်က အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦးကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ နှုတ်ခမ်းထောင့်များတွင် ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။

"ပစ္စည်းပေးတော့"

ထိုလူလတ်ပိုင်း အမျိုးသားမှာ ထိုင်ရန် နေရာပင် မရှာတော့ဘဲ သူတို့၏ ရှေ့တွင် တိုက်ရိုက် ရပ်လျက် ပစ္စည်းကို တောင်းပြောလိုက်သည်။

ရဲ့ယီက အိတ်ကို သူ့အနားသို့ ဆွဲယူလိုက်ပြီး "ပစ္စည်းရမှ ငွေချေရမယ်လို့ ခင်ဗျား ပြောထားတာလေ။ ရွှေဒင်္ဂါး ငါးထောင်ကို မမြင်ရသရွေ့တော့ ပစ္စည်းမရစေရဘူး" ဟု ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ ငါတို့ အဲဒီလို ပြောခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေ ပြောင်းသွားပြီ"

"ဘာကို ဆိုလိုတာလဲ"

ရဲ့ယီက မတ်တပ်ရပ်လိုက်ပြီး သူ၏လက်ကို ကျောက ဓားဆီသို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။

ထိုအမျိုးသားက ရဲ့ယီ၏ လုပ်ရပ်ကို ဂရုမစိုက်ဘဲ ကျယ်ကျယ်လောင်လောင် ပြုံးလျက် "ဒါက မင်းတို့ ဂိုဏ်းချုပ်ငယ် ပြောတာလေ။ သူက ဒါကို ငါ့အတွက် လက်ဆောင်ပေးတာတဲ့"

ဟဲဟဲဟဲ…

ထိုလူလတ်ပိုင်း အမျိုးသားမှာ အေးစက်စက်နှင့် ထိတ်လန့်ဖွယ် ကောင်းလှသော ရယ်သံကို လွှတ်လိုက်သည်။

ရဲ့ယီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူသည် ချက်ချင်း ဓားကို ဆွဲထုတ်လိုက်ကာ လုယွဲ့ကို ကာကွယ်ပေးရင်း နောက်ဘက်ရှိ ပြတင်းပေါက်ကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်သည်။

"အရင်ပြေးတော့"

...

ဈေးကွက်အတွင်း၌ ဝမ်ပင်းသည် စနစ်၏ လမ်းညွှန်မှုအတိုင်း သစ်သားသဲပွင့်ရှိရာသို့ ဦးတည်သွားနေပြီး ၎င်းကို ရှာဖွေရန် အလုပ်ရှုပ်နေသည်။ ယွီမိုမှာလည်း ငြိမ်နေသူ မဟုတ်ပေ။

"မျက်လုံးချင်းဆုံပြီး ဘာမှမပြောကြဘူး။ ပြောချင်ပေမဲ့ မျိုသိပ်ထားတဲ့ ခံစားချက်ကြီးက တကယ့်ကို ထူးဆန်းတာပဲ။ လူငယ်လေး... မင်းက တည်တည်တံ့တံ့ နေတတ်မယ်လို့ ငါ မထင်ထားဘူး။ မိန်းကလေးကံ တော်တော်ကောင်းတာပဲနော်။ ခုနက မိန်းကလေးက ရည်းစားဟောင်းလား"

ယွီမိုက ဘေးမှနေ၍ တခစ်ခစ် ရယ်မောနေသည်။

ဝမ်ပင်းက ယွီမိုကို တစ်ချက်ကြည့်ကာ မျက်လုံးလှန်ပြလိုက်ရင်း "မဟုတ်ပါဘူး။ အရင်က သူငယ်ချင်း တစ်ယောက်ပါပဲ"

"ငါ့ကို လာမလိမ်နဲ့ သူငယ်ချင်းအချင်းချင်း ဘာလို့ ဒီလောက် နေရခက်တဲ့ စကားတွေ ပြောနေမှာလဲ။ ပြီးတော့ မင်းကိုယ်မင်း ပြန်မေးကြည့်ဦး။ သူငယ်ချင်းအစစ်ဆိုရင် စကားနှစ်ခွန်း သုံးခွန်းလောက် ပြောပြီး လမ်းခွဲကြမလား"

ယွီမိုက ဇွဲမလျှော့ဘဲ မေးနေတော့သည်။

ဝမ်ပင်း သက်ပြင်းချလိုက်မိသည်။ အကယ်၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသာ ကျန်ရစ်မနေခဲ့ရင် ယွီမိုကို သူတို့နဲ့ သာ ထည့်လွှတ်လိုက်ချင်သည်။ ယွီမို အပိုတွေ ထပ်မမေးအောင် ဝမ်ပင်းက "စီနီယာယွီ... ခဏလောက် နားလို့ရမလား။ ခင်ဗျားကြောင့် ကျွန်တော် ခေါင်းတောင် ကိုက်လာပြီ" ဟု ပြောလိုက်သည်။

"မင်း ဘာရှာနေတာလဲဆိုတာ ပြောပြမှပေါ့"

"ကျွန်တော် တစ်ခုခု ရှာနေတယ်ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ"

"သိသာတာပေါ့။ မင်းက ဘာပစ္စည်းကိုမှ စိတ်မဝင်စားဘဲ ဒီအထိ တောက်လျှောက် လာနေတာလေ။ ဒါကိုမှ ငါ မမြင်ရင်တော့ အသက်ကြီးတာ အလကားပဲ။ ပြောစမ်းပါ... ဘာရှာနေတာလဲ။ ငါ ကူရှာပေးမယ်။ ဒီလိုကြီး လျှောက်သွားနေရင် ဒီနေ့တော့ အချည်းနှီး ဖြစ်တော့မှာပဲ"

ဝမ်ပင်းက ပြုံးလျက် ခေါင်းခါပြကာ "စီနီယာယွီ... စပ်စုတဲ့ ကြောင်က စောစောသေတယ်ဆိုတဲ့ စကားကို ကြားဖူးလား" ဟု ပြန်ပြောလိုက်သည်။

All Chapters