အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း။ ၇၅
"ဘာကို ဆိုလိုတာလဲ"
"ကျွန်တော် ဆိုလိုတာကတော့... စပ်စုတာက အမြဲတမ်း ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာပါပဲ။ အိမ်မွေးကြောင်တွေ သေရတာ အဲဒီလို အကြောင်းရင်းမျိုးတွေကြောင့်ပေါ့"
ဝမ်ပင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ယွီမို၏ အေးစက်စက် အကြည့်ကို လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူသည် ချန်မော့ကျင့်စဉ်ကို အသက်သွင်းကာ သစ်သားဓာတ်၏ အာရုံကို ခံစားလိုက်ပြီးနောက် ရှေ့မလှမ်းမကမ်းရှိ အဆောက်အအုံတစ်ခုကို အာရုံစိုက်လိုက်သည်။
သူသည် အိမ်၏ ရှေ့တံခါးသို့ ရောက်ရန် လမ်းပေါ်ရှိ သေတ္တာများကို ကျော်ဖြတ်မည့်ဆဲဆဲမှာပင် အပေါ်ထပ်ရှိ ပြတင်းပေါက်မှာ ကျယ်လောင်သော အသံနှင့်အတူ ကွဲကြေသွားတော့သည်။ သစ်သား ပြတင်းပေါက်ဘောင်မှာ လမ်းမပေါ်သို့ ကွက်တိ ကျလာခဲ့၏။
ပြတင်းပေါက်အောက်ရှိ စည်ကားနေသော လမ်းမထက်တွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး လူအများမှာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြသည်။ အချိန်မီ မရှောင်နိုင်သူများမှာ အခြားသူများ၏ ရင်ခွင်ထဲသို့ လဲကျကုန်ကြ၏။ အချို့မှာ ခြေထောက်အနင်းခံရပြီး အချို့ကမူ တစ်ဦးနှင့်တစ်ဦး မတွန်းရန် ဆဲဆိုနေကြတော့သည်။
"မင်း မျက်စိမပါဘူးလား"
"ဟေး... ရှေ့ကလူတွေ မတွန်းနဲ့လေ ငါ့ကလေး ပိကုန်ပြီ"
...
ဆူညံသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာစဉ်မှာပင် လူရိပ်တစ်ခုမှာ ဝမ်ပင်း၏ ရှေ့မှောက်သို့ ခုန်ဆင်းလာသည်။
ဘုန်း…
ထိုသူသည် ကျောက်ပြားလမ်းပေါ်သို့ ခိုင်မာစွာ ဆင်းသက်လိုက်၏။
ဆင်းသက်ပြီးနောက် သူမသည် ပြတင်းပေါက်ကို တစ်ချက်မော့ကြည့်ကာ ကောင်းကင်မှ ကျလာသော အထည်အိတ်ငယ်လေးကို ဖမ်းယူလိုက်သည်။
ကြည့်ရသည်မှာ အိမ်ဖောက်ထွင်းမှု တစ်ခုနှင့်ပင် တူနေတော့သည်အပေါ်က ခိုးယူပြီး အောက်က လူက အကူအညီပေးနေသကဲ့သို့ပင်။ ခုန်ဆင်းလာသူမှာ ဝမ်ပင်း သိသောသူသာ မဟုတ်လျှင် သူလည်း ထိုသို့ပင် ထင်မိပေလိမ့်မည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ လုယွဲ့ပင်။
ယခုအခါ လုယွဲ့တွင် အစောပိုင်းက မြင်တွေ့ခဲ့ရသော အလှအပနှင့် တည်ငြိမ်မှုများ လုံးဝ ပျောက်ကွယ်နေပြီး အလွန်အမင်း ထိတ်လန့်နေပုံပင်။
အထူးသဖြင့် ကွဲအက်သွားသော ပြတင်းပေါက်ကို သူမ မော့ကြည့်လိုက်သည့်အခါ မျက်နှာပေါ်ရှိ ကြောက်ရွံ့စိုးရိမ်မှုများမှာ တုန်ရီနေသော ငုံးငှက်လေးတစ်ကောင်နှင့်ပင် တူနေတော့သည်။
ဝမ်ပင်းသည် သူမကို နှုတ်မဆက်ဘဲ သူမလက်ထဲရှိ မီးခိုးရောင် အထည်အိတ်ကိုသာ အာရုံစိုက်နေမိသည်။
သစ်သားသဲပွင့်လား။
ချန်မော့ကျင့်စဉ်မှာ ထိုအိတ်နှင့် အဝေးမှပင် တုံ့ပြန်နေခြင်းပင်။
"အားယဲ့"
လုယွဲ့က ရုတ်တရက် အော်ဟစ်လိုက်သော်လည်း သူမ၏ အသံအဆုံးမှာပင် ဒုတိယထပ်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
"အမြန်သွားတော့ ငါ့အတွက် စိတ်မပူနဲ့"
လုယွဲ့ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"သွားမယ် ဟုတ်လား မင်း ဘယ်ကို ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
လူအုပ်ကြားမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပို၍ ကျယ်လောင်သော အမိန့်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ဒါက မှီခိုရာဂိုဏ်းရဲ့ ကိစ္စပဲ အခြားသူတွေ အကုန် ဖယ်ကြစမ်း"
ထိုစကားအဆုံးတွင် လူအုပ်မှာ တကွဲတပြား ဖြစ်သွားတော့သည်။ မှီခိုရာဂိုဏ်းမှ လူများမှန်း သိလိုက်ရသည့်အခါ ပွဲလန့်၍ ဖျာစွဲမည်ကို စိုးရိမ်သဖြင့် အဝေးသို့ အမြန် ရှောင်ဖယ်သွားကြ၏။ လူအုပ်ရှင်းသွားသောအခါ ဝတ်ရုံနက် ဝတ်ဆင်ထားသော မှီခိုရာဂိုဏ်းသားတစ်စုမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြသည်။
ခေါင်းဆောင်မှာ အပြာရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး မြင့်မားသော ရာထူးဌာနန္တရရှိသူတစ်ဦး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူ၏ မျက်လုံးများမှာ လုယွဲ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထက်စီးမှ ကြည့်နေခြင်းပင်။
လုယွဲ့သည် အာရုံစိုက်ကြည့်လိုက်ရာ ထိုသူမှာ မှီခိုရာဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။ မှီခိုရာဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်ကိုယ်တိုင် ရောက်လာခြင်းပင်။
သူမသည် ခါးသီးသော အပြုံးဖြင့် "ဒါတွေအားလုံးက မင်းတို့ရဲ့ အစီအစဉ်အတိုင်းပဲပေါ့" ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဝမ်ရှန်းက ဤကိစ္စကို မည်သို့ သိသွားသည်ကို သူမ မသိချေ။ သူမနှင့် အားယဲ့သည် ဤသဲပွင့်စိမ်းကို ရရှိစဉ်က မည်သူမျှ မမြင်ရန် သတိထားခဲ့သလို မည်သူ့ကိုမျှလည်း မပြောခဲ့ချေ။ သို့သော်လည်း အကြောင်းပြချက်မရှိဘဲ ဝမ်ရှန်းက သိနေခဲ့သည်။
ဝမ်ရှန်းက မြို့ပြင်က ရတနာရှာဖွေသူတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို အခမဲ့ ရတနာရှာဖွေသူတွေ အဖြစ် အသုံးချခဲ့တာများလား။
လုယွဲ့မှာ ဆက်လက် မစဉ်းစားတော့ဘဲ ထွက်ပြေးရန် လှည့်လိုက်သော်လည်း သူမ၏ နောက်ကျောဘက်မှ လေတိုးသံတစ်ခုနှင့်အတူ အေးစက်သော အလင်းတန်းတစ်ခုမှာ လျှပ်စီးကဲ့သို့ သူမ၏ နဖူးဆီသို့ ဦးတည်လာသည်။
ဝမ်ရှန်းထက် ပို၍ အားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရပြီး တိုက်ခိုက်လာသူကို မြင်လိုက်ရသည့်အခါ လုယွဲ့၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုသူ ရောက်ရှိလာခြင်းမှာ အားယဲ့ သေဆုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်သောကြောင့်ပင်။ သို့မဟုတ်ပါက အားယဲ့သည် ထိုသူအား သူမနောက်သို့ လိုက်ရန် အောက်ထပ်သို့ လွှတ်ပေးမည် မဟုတ်ချေ။
သူမ၏ အတွေးများပင် မဆုံးသေးမီမှာပင် ဓားအရှိန်အဝါမှာ သူမ၏ မျက်လုံးရှေ့သို့ ရောက်ရှိလာတော့သည်။
လုယွဲ့၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ခါးသီးလှသော အပြုံးတစ်ခု ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ တောင့်ခဲသွားသည်။
ထို့နောက် သူမသည် မျက်လုံးများကို စုံမှိတ်လိုက်ကာ ဖြစ်တည်လာသော အရှိန်အဝါကို လက်ခံရန် ပြင်ဆင်လိုက်တော့သည်။
သူမ မလိုလားသော်လည်း အခြားရွေးချယ်စရာ မရှိတော့ချေ။
ဤသည်မှာ သူမနှင့် အားယဲ့တို့အတွက် ပြင်ပကမ္ဘာကြီးကို မြင်တွေ့ခွင့်မရတော့မည့် ကံကြမ္မာပင်။
သူမနှင့် အားယဲ့တို့မှာ ပြိုင်ဘက်၏ ဓားဖျားတွင် ဂုဏ်သိက္ခာရှိစွာ အသက်စတေးပြီး ဘဝကူးကောင်းရမည့်အစား သူတစ်ပါး၏ အကွက်ချစီစဉ်မှုများကြားတွင် နာကျည်းဖွယ် ဝိညာဉ်များအဖြစ် သေဆုံးကြရတော့မည်မှာ အလွန်ပင် နှမြောစရာကောင်းသည်။
"အားယဲ့... ငါ လာခဲ့ပြီနော်"
လုယွဲ့၏ စကားအဆုံး ဓားဦးမှာ သူမ၏ နဖူးဆီသို့ ထိုးဖောက်ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် ခြေထောက်တစ်ဖက် ရုတ်တရက် ပေါ်ထွက်လာပြီး ဝမ်ပင်း၏ဘေးမှ ဖြတ်ကျော်တိုက်ခိုက်ရန် ပြင်နေသော ဝတ်ရုံနီနှင့် လူလတ်ပိုင်းအမျိုးသား၏ ဝမ်းဗိုက်ကို အားပြင်းစွာ ကန်ထည့်လိုက်သည်။
ဘုန်း…
ဝတ်ရုံနီနှင့် အမျိုးသားမှာ တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး အိမ်ရှေ့ရှိ ကျောက်တိုင်နှင့် အရှိန်ပြင်းစွာ ရိုက်မိသွားတော့သည်။
သူသည် ကျောက်တိုင်ကိုပါ ချိုးဖျက်ကာ နံရံကို ဖောက်ထွက်ပြီး အိမ်ထဲသို့ လွင့်စင်ဝင်ရောက်သွား၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော မှီခိုရာဂိုဏ်းသားများမှာ တစ်ခဏမျှ ဆွံ့အသွားကြပြီး သူတို့မျက်စိဖြင့် မြင်ရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
ထိုဝတ်ရုံနီနှင့် အမျိုးသားမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ရှိသော ကျင့်ကြံသူတစ်ဦးပင်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...
သတိပြန်ဝင်လာကြသည့်အခါ မှီခိုရာဂိုဏ်းသားများမှာ အုတ်ခဲများကို ကန်ထုတ်ကာ အိမ်ထဲသို့ အပြေးအလွှား ဝင်သွားကြသည်။
"စီနီယာဟန်"
"စီနီယာဟန်... အဆင်ပြေရဲ့လား"
မှီခိုရာဂိုဏ်းသားများမှာ လုယွဲ့ကို ဝိုင်းရံထားခြင်းကို စွန့်လွှတ်ကာ သူ၏ဘေးသို့ စုပြုံသွားကြတော့သည်။
ဝမ်ပင်းသည် ရုတ်တရက် ဝင်ရောက်စွက်ဖက်လိုက်သော ယွီမိုကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"စီနီယာယွီ... ခင်ဗျား ဘာလုပ်နေတာလဲ"
"မင်းရဲ့ မိန်းကလေးကို ကယ်ပေးနေတာပေါ့ကွ"
ယွီမိုမှာ ကျေးဇူးတင်စကားကို ထပ်မံမျှော်လင့်နေသည့် အမူအရာမျိုး ပေါက်နေသည်။
ယခုတစ်ကြိမ်တွင်မူ ဝမ်ပင်းက သူ့ကို ပြန်လည်ဖြေကြားရန်ပင် စိတ်မပါတော့ချေ။
ပတ်ဝန်းကျင်မှ ဆူညံသံများ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သောအခါ လုယွဲ့သည် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းနေပြီး အရှေ့ကို ကြောင်တောင်တောင် ငေးကြည့်ရင်း အလွန်အမင်း ဇဝေဇဝါ ဖြစ်နေသည်။
ငါ ဘာလို့ မသေတာလဲ။
အိမ်ရဲ့ တစ်ဖက်ခြမ်းက ဘာလို့ ပြိုကျသွားတာလဲ။ ငါ သေဖို့ ပြင်ဆင်နေချိန်မှာ ဘာတွေ ဖြစ်
ပျက်ခဲ့တာလဲ။
သူမ၏ရှေ့တွင် ရပ်နေသူကို မြင်လိုက်ရသောအခါ လုယွဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် ဝမ်ပင်း၏ဘေးတွင် အမြဲရှိနေပြီး သာမန်ကာလျှံကာနှင့် ဖရိုဖရဲနိုင်လှသော ထိုလူလတ်ပိုင်း အမျိုးသားပင်။
"စီနီယာ"
ယွီမိုက ပြုံးလျက် ခေါင်းညိတ်ပြကာ "ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းက ဝမ်ပင်းရဲ့ မိန်းကလေးပဲ။ ဒါဆိုရင် ငါ့ရဲ့ မိတ်ဆွေလည်း ဖြစ်တာပေါ့။ ဒီကောင်လေးက ရှက်တတ်
တယ်လေ။ အချို့စကားတွေကို သူ မပြောရဲပေမဲ့ မင်းရဲ့ ရင်ထဲမှာတော့ နားလည်မှာပါ" ဟု ပြန်ပြောလိုက်သည်။
ဝမ်ပင်းမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ကံကောင်းသည်မှာ ယွီမို၏ စကားများမှာ မည်သို့ပင်နားထောင်စေကာမူ နောက်ပြောင်နေသည့်အလား ထင်ရခြင်းပင်။
ထိုအချိန်တွင် ဝတ်ရုံနီနှင့် အမျိုးသားမှာ မြေပြင်မှ ပြန်လည်ထလာကာ သူ၏ ဓားရှည်ကို ဆွဲထုတ်ပြီး ပြိုကျနေသော အမှိုက်ပုံများကို ဒေါသတကြီး ခုတ်ထွင်ကာ အိမ်ထဲမှ ပြန်လည် ထွက်လာခဲ့သည်။ သူသည် လျှပ်စီးအလား ပြေးထွက်လာပြီး ယွီမိုနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ ငြိမ်သက်စွာ ရပ်နေကြသော်လည်း တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေသော အကြည့်များမှာပင် ဘေးပတ်ဝန်းကျင်ရှိ လူများကို အေးစိမ့်သွားစေရန် လုံလောက်သည်။
ဝမ်ရှန်းသည်လည်း အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။
"ဒါက မှီခိုရာဂိုဏ်းရဲ့ တရားဝင် အလုပ်ပဲ။ ဂိုဏ်းကို သစ္စာဖောက်တဲ့သူကို ဖမ်းဆီးနေတာပါ။ ဘယ်စီနီယာကများ ဝင်ရောက်စွက်ဖက်နေတာလဲ သိပါရစေ"
ထိုသို့ပြောပြီးနောက် သူ၏ရှေ့တည့်တည့်ရှိ လူကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ တဖြည်းဖြည်း တောင့်ခဲသွားတော့သည်။
သူ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်ထိုသူမှာ ဝမ်ပင်း ဖြစ်နေသောကြောင့်ပင်။
"မင်းပဲ"
"..."
ဝမ်ပင်းမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားရသော်လည်း စိတ်ထဲမှနေ၍ တိတ်တဆိတ် ညည်းတွားလိုက်မိသည်။
တကယ့်ကို ရိုးအီနေတဲ့ စကားပါပဲလား။
သူ့ရဲ့ အံ့ဩမှုကို ဒီထက်ပိုပြီး ထူးထူးခြားခြား ဖော်ပြလို့ မရတော့ဘူးလား။
"ဝမ်ရှန်း... မတွေ့တာ ကြာပြီပဲ။ မင်းကတော့ အရင်အတိုင်းပဲ လူမုန်းများနေတုန်းပဲနော်"
"ဝမ်ပင်း... မင်းမှာ နောက်ခံအင်အား ကောင်းကောင်းရှိတာကို ငါသိပါတယ်။ ဒါပေမဲ့ မင်းက မှီခိုရာဂိုဏ်းရဲ့ မိသားစုကိစ္စကို ဝင်ရောက်စွက်ဖက်နေတာပဲ။ အကျိုးဆက်ကို သေသေချာချာ စဉ်းစားစမ်းပါ"
"ငါက သူ့ကို ကန်တောင် ကန်ပြီးသွားပြီလေ... အဲဒီကန်ချက်ကို ပြန်ရုပ်သိမ်းလို့ရမလား"
အခန်း။ ၇၆
လုယွဲ့သည် ဝမ်ပင်း၏ စကားကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာမှာ တစ်ဖန်ပြောင်းလဲသွားပြန်သည်။ သူမသည် ရှေ့သို့ အပြေးအလွှား လှမ်းလာပြီး ဝမ်ပင်းကို တားဆီး၍ ဖျောင်းဖျလိုက်သည်။
"ဂိုဏ်းချုပ်ငယ်... ကျွန်မနဲ့ အားယဲ့က အရင်ဆုံး ဂိုဏ်းအပေါ် သစ္စာဖောက်ခဲ့တာပါ။ ကျွန်မက ဂိုဏ်းချုပ်ငယ် ဒီလိုစွန့်စားပေးဖို့အထိ မထိုက်တန်ပါဘူး။ ပြီးတော့ မှီခိုရာဂိုဏ်းက အခု အရှိန်အဝါ တက်နေတာလေ ဒီလိုလုပ်တာက သေချာပေါက်..."
ဝမ်ပင်းက ဘာမှပြန်မပြောပေ။
ရိုးရိုးသားသား ပြောရလျှင် သူသည် လုယွဲ့ကို ကူညီရန် အထူးတလည် ရည်ရွယ်ချက်မရှိခဲ့ချေ။ ဤစကားများကို ပြောလိုက်ခြင်းမှာ ဝမ်ရှန်းကို နှိပ်စက်ရုံသက်သက်သာ ဖြစ်သည်။
သို့သော်လည်း ထိုစကားကို အကင်းမပါစွာဖြင့် တိုက်ရိုက်ကြီး ထုတ်ပြော၍တော့ မဖြစ်ပေ။
လုယွဲ့၏ စကားကို သူမဘေးရှိ ဝမ်ရှန်းက ကြားဖြတ်၍ "သေချာပေါက် ကိုယ့်သေတွင်းကိုယ် တူးတာပဲပေါ့" ဟု ပြောကာ ခနဲ့လိုက်သည်။
ထိုသို့ပြောပြီးနောက် ဝမ်ရှန်းသည် အလွန်ကျေနပ်သွားပုံရကာ ကျယ်လောင်စွာ ရယ်မောတော့သည်။
လုယွဲ့သည် ဝမ်ရှန်းကို အရေးမစိုက်ဘဲ ဝမ်ပင်းကိုသာ ဆက်ပြောသည်။
"ဂိုဏ်းချုပ်ငယ်... ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျွန်မကြောင့် ဂိုဏ်းချုပ်ငယ်ကို ဒုက္ခမရောက်စေချင်ဘူး"
ပြောပြီးနောက် သူမသည် ဝမ်ပင်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဝင့်ကြွားနေသော ဝမ်ရှန်းဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဝမ်ရှန်း... မင်းက မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ် ဖြစ်ပြီးတော့ ငါတို့လို သာမန်တပည့် နှစ်ယောက်အပေါ်မှာ ဒီလောက်အထိ အကွက်ချ စီစဉ်ရသလား။ ငါ သေသွားခဲ့ရင်တောင် မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
"ဘာလဲ... မင်းက နာကျည်းတဲ့ ဝိညာဉ်ဖြစ်ပြီး ငါ့အသက်ကို လာယူမလို့လား"
"ဟွန့်..."
လုယွဲ့ ဘာမှ ထပ်မပြောတော့ဘဲ သူမလက်ထဲရှိ အိတ်ကို တစ်ချက်ကြည့်လိုက်ရာ မျက်နှာတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။
ဝမ်ရှန်းမှာမူ လုယွဲ့၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမပြုမိဘဲ ဆက်လက်၍ နှိမ်ချပြောဆိုနေဆဲပင်။
"အကွက်ချ စီစဉ်တယ် ဟုတ်လား မင်းတို့က ငါ့အမိန့်ကို ဖီဆန်ပြီး မှီခိုရာဂိုဏ်းကို သစ္စာဖောက်ခဲ့တာလေ။ မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်အနေနဲ့ မင်းတို့ကို ပြန်ဖမ်းဖို့ ဒါမှမဟုတ် ဒီနေရာမှာတင် စီရင်ဖို့က ငါ့ရဲ့ တာဝန်ပဲ"
"ဒီစကားတွေကို မင်းကိုယ်တိုင်ရော ယုံရဲ့လား"
လုယွဲ့က လှောင်ပြုံးပြုံးလျက် အိတ်ထဲမှ အထုပ်ကို ဖြေလိုက်ပြီး လေထဲသို့ ပစ်တင်ရန် ပြင်
လိုက်သည်။
"မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်လား လာလေ... အသေအလဲ တိုက်ကြတာပေါ့"
"မင်း ရဲရင် လုပ်ကြည့်စမ်း"
ဝမ်ရှန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်နှာပျက်သွားပြီး ပစ္စည်းကို လုယူရန် ရှေ့သို့ တိုးလာသော်လည်း သူ့ဘေးရှိလူက တားဆီးလိုက်သည်။
သူ့ဘေးရှိ အစောင့်က ဝမ်ရှန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"သခင်လေး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။ သူကတော့ ရမ်းကားရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ မသေမျိုးဂိုဏ်းက အဆင့် ၁၃ ကျင့်ကြံသူ ရှိနေသလို ရန်မိသားစုရဲ့ အစောင့်တွေလည်း မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့ ဒီမှာ ကြာကြာ မနေသင့်ဘူး"
ရန်မိသားစုအကြောင်းကို ကြားလိုက်ရသည့်အခါ ဝမ်ရှန်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ ထို့နောက် သူသည် ဝမ်ပင်း၏ဘေးရှိ မုတ်ဆိတ်ဗလပွနှင့် ယွီမိုကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်သွားရသည်။ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း ဆုတ်ခွာရန်သာ ရွေးချယ်လိုက်ရတော့သည်။
သာမန်နေ့များတွင်ဆိုလျှင် သူသည် ရန်မိသားစုကို ကြောက်ရွံ့မည်မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ် ဟွမ်ကုန်းနဲ့ ပတ်သက်နေတာနဲ့တင် မှီခိုရာဂိုဏ်းရဲ့ သစ္စာဖောက်တွေကို ဖမ်းပိုင်ခွင့် မရှိရတော့ဘူးလား။ ဒါပေမဲ့ အခုချိန်မှာတော့ ရန်မိသားစုနဲ့ သွားပြီး မပတ်သက်တာက အကောင်းဆုံးပဲ။"
နက်နဲသောနယ်ပယ်ရှိသူက သူတို့အိမ်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ရာ တစ်စုံတစ်ရာ မနှစ်မြို့ဖွယ် ဖြစ်ပွားခဲ့ပြီး မသေမျိုးဂိုဏ်းက သူတို့ကို ဆွဲထားလိုက်မည်ဆိုပါက နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်ရောက်လာသည့်အခါ သူ အသက်ရှင်ဖို့ အကူအညီတောင်းရန်ပင် အချိန်ရတော့မည် မဟုတ်ချေ။
ကျိကျန့်တောင်တန်းမှ စီနီယာဟန်လည်း အတူတူပင်။ ကျိကျန့်တောင်တန်းမှာ ကြယ်နှစ်ပွင့်
အဆင့် အင်အားစုဖြစ်ပြီး သူတို့၏ အင်အားအကောင်းဆုံးသူမှာလည်း နက်နဲသောနယ်ပယ်ပင်။
ဝမ်ရှန်း ဘာမှမတုံ့ပြန်ဘဲ ကြာနေသဖြင့် သူ့ဘေးရှိလူက ထပ်မံ သတိပေးလိုက်ပြန်သည်။
"သခင်လေး... စိတ်မလောပါနဲ့။ ကျွန်တော်တို့က ကူညီပေးဖို့ လာတာပါ။ ကျိကျန့်တောင်တန်းနဲ့ ရင်းနှီးမှုရအောင်ပဲ လုပ်တာပါ။ သူတို့ရဲ့ လက်ကိုင်တုတ် အဖြစ်ခံရတာကတော့ ရှုံးတာပဲ ရှိလိမ့်မယ်"
ဝမ်ရှန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အတွေးထဲမှ ရုန်းထွက်လိုက်ပြီး ခေါင်းညိတ်ပြကာ ချက်ချင်းပင် ဆုတ်ခွာသွားတော့သည်။ လုယွဲ့သည်လည်း သက်ပြင်းတစ်ချက် ချလိုက်မိပြီးမှ မြှောက်ထားသော လက်များကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။
ဝမ်ရှန်းသည် ဝတ်ရုံနီနှင့် အမျိုးသားဘေးသို့ ဆုတ်ခွာသွားသောအခါ ထိုအမျိုးသားက အေးစက်စွာ မေးလိုက်သည်။
"ဘာလို့ ဆုတ်လာတာလဲ"
"စီနီယာဟန်... ဒီနေ့ အခြေအနေက ထူးခြားနေလို့ပါ။ ကျွန်တော်တို့ ဒီမှာ ကြာကြာ မနေသင့်ဘူး ထင်တယ်"
ဝတ်ရုံနီနှင့် အမျိုးသားသည် ဝမ်ရှန်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ အစောပိုင်းက အရှက်ရခဲ့သည်များကို သူ ဂရုမစိုက်တော့ဘဲ မေးလိုက်သည်။
"ဒါဆို ငါလိုချင်တဲ့ ပစ္စည်းကော ဘယ်လိုလုပ်မလဲ။ သခင်လေးက ငါ့ကို ဆယ်ရက်ပဲ အချိန်ပေးထားတာ မနက်ဖြန်က နောက်ဆုံးရက်ပဲ"
ဝမ်ရှန်းက အသံကိုနှိမ့်၍ အလျင်အမြန် ပြန်ဖြေသည်။
"စီနီယာဟန် စိတ်ချပါ။ ကျွန်တော် ပြန်ရောက်တာနဲ့ အဖေ့ကို အစီရင်ခံပါ့မယ်။ အဖေက ဥပဒေစိုးမိုးရေးဆောင်ကလူတွေကို သုံးပြီး အရှေ့ပိုင်းရပ်ကွက်ကို လက်ဝယ်ရအောင် လုပ်ပေးမှာပါ။ ဒီလုယွဲ့က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၆ ပဲ ရှိတာမို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး"
ဥပဒေစိုးမိုးရေးဆောင်၏ အမာခံ တပ်သားရှစ်ယောက်မှာ မသေမျိုးဂိုဏ်း၏ အင်အားအကောင်းဆုံး အဆင့် ၁၃ ရှိသော အကြီးအကဲချုပ်ကိုပင် လုပ်ကြံနိုင်ခဲ့သူများဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးကို ဖြေရှင်းရန်မှာ လက်ဖျောက်တစ်ချက် တီးလိုက်သလောက်ပင် လွယ်ကူသည်။
ဝတ်ရုံနီနှင့် အမျိုးသားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ဝမ်ရှန်းဘက်သို့ လှည့်ကာ "မင်း ကြောက်ရင် အရင်ပြန်နှင့်တော့။ မင်းတို့ အကူအညီမပါလည်း ငါ အောင်မြင်အောင် လုပ်နိုင်တယ်။ အဲဒီပစ္စည်းကို ငါ သေချာပေါက် ရအောင်ယူမယ်" ဟု ပြောလိုက်သည်။
"ဒါက..."
ဝမ်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။ သူ အကြောက်ဆုံး အခြေအနေက ဆိုက်ရောက်လာသည်။
သူက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံနီနှင့် အမျိုးသားက ဝမ်ပင်းဘက်သို့ လှည့်ကာ "မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့ အကျိုးဆက်ကို ခံစားရမယ်။ ကျိကျန့်တောင်တန်းရဲ့ ကိစ္စကို မင်းတို့လို ကြောင်စုတ်ခွေးစုတ် ဂိုဏ်းတွေက ဝင်ရှုပ်လို့ရတာ မဟုတ်ဘူး" ဟု ကြုံးဝါးလိုက်သည်။
ဝမ်ပင်းက ပြုံးလိုက်ပြီး သူ၏ဘေးရှိ ယွီမို၏ ပုခုံးကို ပုတ်ကာ "သူက ခင်ဗျားကို ကြောင်စုတ်ခွေးစုတ်တဲ့" ဟု ပြောလိုက်သည်။
ထို့နောက် ဝမ်ပင်းသည် နောက်သို့ ဆုတ်လိုက်ပြီး ယွီမို တိုက်ခိုက်ရန် နေရာလွတ် ဖန်တီးပေးလိုက်သည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့ လာလေ... တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့။ ကျိကျန့်တောင်တန်းက အမှိုက်တွေရယ်။ မင်းတို့ ဂိုဏ်းချုပ်ကိုယ်တိုင် လာရင်တောင် ငါက မကြောက်ဘူး။ မင်းလို အကောင်သေးသေးလေးကို ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး"
ယွီမိုက သူ၏ လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ကာ အကြောလျှော့ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ဝတ်ရုံနီနှင့် အမျိုးသားက သူ၏ ဓားရှည်ကို အကြိမ်အနည်းငယ် ဝေ့ယမ်းလိုက်ပြီး "မင်းက တစ်ခါပဲ ခိုးတိုက်နိုင်တာလေ။ မင်းက ငါ့ကို တကယ်ပဲ အနိုင်ယူနိုင်မယ် ထင်နေတာလား။ ဒီနေ့တော့ 'တောင်ထက် တောင်မြင့် ရှိသေးတယ်' ဆိုတာ မင်းကို ငါ သင်ခန်းစာ ပေးရတာပေါ့" ဟု အေးစက်စွာ ပြောလိုက်သည်။
သူ၏ စကားအဆုံးတွင် သူသည် ဓားကို မြှောက်လိုက်ရာ အေးစက်သော အလင်းတန်းများစွာမှာ ယွီမိုဆီသို့ လှိုင်းလုံးများအလား ဦးတည်သွားတော့သည်။
ဓားကို တစ်ဖန် ပြန်လည် ဝေ့ယမ်းလိုက်သောအခါ ဓားအရှိန်အဝါများစွာမှာ ပြင်းထန်စွာ ဖြတ်ကျော်သွား၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုယွဲ့မှာ အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့သွားရပြန်သည်။
ဝမ်ရှန်း ထွက်သွားစဉ်က သူမတွင် မျှော်လင့်ချက် အနည်းငယ် ပြန်လည် ပေါ်ပေါက်ခဲ့သော်လည်း ဤဝတ်ရုံနီနှင့် အမျိုးသားမှာ အဆင့် ၁၃ ရှိသော ဓားသမားတစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ နှလုံးသားမှာ လေးလံသွားတော့သည်။
သေချာပေါက် သူမ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။
ထိုစဉ်မှာပင်
ဘုန်း
ဘုန်း
ဘုန်း
ဓားအရှိန်အဝါ သုံးခုလုံး လွင့်စင်သွားသော အသံများ ထွက်ပေါ်လာပြီးနောက် ဝတ်ရုံနီနှင့် အမျိုးသား၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပေါ်လာသည်။
"ဒါ... ဒါက"
သူသည် စကားပင် မဆုံးနိုင်ဘဲ ချက်ချင်းပင် တိုက်စစ်မှ ခုခံစစ်သို့ ပြောင်းလိုက်ရသည်။ သူ၏ စိတ်ထဲတွင် ဆုတ်ခွာရန် အခွင့်အရေးကိုသာ စတင် ရှာဖွေနေတော့သည်။
အဘယ်ကြောင့်ဆိုသော် ဓားအရှိန်အဝါကို လက်ဗလာဖြင့် ပယ်ဖျက်နိုင်သူမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တွင် ရှိနေရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့်ပင်။
ယွီမိုသည် သူ၏ ညာလက်ကို အရှေ့တွင် ဆန့်ထုတ်ထားပြီးနောက် လက်ဖမိုးပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်သည့်အလား အေးအေးလူလူပင် ပြောလိုက်သည်။
"ငါ ယွီမိုကို ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်နဲ့ လာတိုက်ရဲတဲ့ ပထမဆုံးလူပဲ အထင်ကြီးစရာပါပဲ... ဒါကြောင့်... သေလိုက်တော့"
ယွီမို၏ အကြည့်များ စူးရှသွားသည်။
သူ၏ ကိုယ်ခန္ဓာမှာ ဒုံးကျည်တစ်စင်းအလား ပေါက်ကွဲထွက်သွားပြီး ဝတ်ရုံနီနှင့် အမျိုးသား၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားတော့သည်။
ထိုအမျိုးသားမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
ဘုန်း
လက်သီးမှာ သူ၏ ရင်ဘတ်ထဲသို့ နစ်ဝင်သွားပြီး ဝတ်ရုံနီနှင့် အမျိုးသား၏ အမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားသည်။ သူ၏ မျက်လုံးများမှာ ပြူးထွက်လာပြီး သူ၏ ရင်ဘတ်ကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်ကာ နောက်သို့ လဲကျသွားတော့သည်။ သူသည် ထွက်လေသာ ရှိတော့ပြီး ဝင်လေ မရှိတော့ချေ။
ယွီမို၏ အဆင့်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်သို့ ကျဆင်းသွားခဲ့သော်လည်း အဆင့်ကျဆင်းသွားခြင်းမှာ သူ၏ 'ချီစွမ်းအင် လမ်းကြောင်းကို ထိခိုက်ခြင်း မရှိချေ။
နက်နဲသောနယ်ပယ်တွင် ရပ်တည်နေနိုင်ခဲ့သော ပညာရှင်တစ်ဦးမှာ သူ၏ လမ်းကြောင်းများကို မဖွင့်လှစ်ထားလျှင်ပင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ 'အနိုင်မခံ အရှုံးမပေး' ဘွဲ့ထူးရထားသော အဆင့် ၁၃ ကျင့်ကြံသူပင်လျှင် ယှဉ်နိုင်မည် မဟုတ်ပေ။
အပျက်အစီးများကြားတွင် လဲလျောင်းနေသော ဝတ်ရုံနီနှင့် အမျိုးသား၏ စိတ်ထဲတွင် ယွီမို ပြောခဲ့သော နောက်ဆုံးစကားမှာ ပဲ့တင်ထပ်နေတော့သည်။
"ငါ ယွီမိုကို ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်နဲ့ လာတိုက်ရဲတဲ့ ပထမဆုံးလူပဲ" ဆိုသည့် စကားပင်။