အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
(T/N – review မှာလေ ‘ စနစ်ကို ဖျက်ဆီးဖို့ ‘ဆိုပြီး ရေးသားထားတာဟာ တင်စားပြီး ရေးထားတာပါ ၊ စနစ်စာစဉ် မဟုတ်ကြောင်းကို သတိပြုစေချင်ပါတယ်)
အခန်း (၁၁)- အမျှော်အမြင်ရှိသော ခမည်းတော်ဧကရာဇ်
မြို့တော် ၊ နန်းဆောင်ထက်ရှိ တိမ်တိုက်များပင်လျှင် ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်လာသော သတင်းကြောင့် လှုပ်ခတ်သွားပုံရသည်။ ဆက်တိုက်ဆိုသလို ရောက်ရှိလာသော အောင်ပွဲသတင်းများသည် နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်တိုင်းပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားလေရာ သာ့ရှမင်းဆက်တစ်ခုလုံး၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
ဧကရာဇ် ရှောင်းယွမ်သည် နဂါးပလ္လင်ပေါ်တွင် ခန့်ညားစွာ ထိုင်နေရင်း၊ သူ့ လက်ထဲက ကျောက်စိမ်းတုံးလေးကို ဆော့ကစားနေသည်။ အတွင်းဝန်၏ တင်ပြချက်ကို နားထောင်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ခန့်မှန်းရခက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။
“အိမ်ရှေ့စံ ရှောင်းရှန်ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ အရပ်မှာ အတုမရှိတဲ့ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိနဲ့
‘ဟေးဖုန်းစခန်း’ နဲ့ ‘သေမင်းဂိုဏ်း’လို့ ခေါ်တဲ့ နှစ်ရှည်လများ အမြစ်တွယ်နေတဲ့ ဓားပြအုပ်စုကြီးနှစ်ခုကို ရယ်ရယ်မောမော စကားလေးပြောရုံနဲ့တင် နှိမ်နင်းနိုင်ခဲ့ပါတယ်..
ကယ်ဆယ်ရေး ငွေတွေကိုလည်း အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ကျောက်တိုင်ကြီးတစ်ဆူလို့ ဆိုထိုက်ပါတယ်”
မိန်းမစိုး၏ အသံမှာ ဟိန်းထွက်နေပြီး အစီရင်ခံစာထဲရှိ ချီးမွမ်းခန်းများကို အသံအနိမ့်အမြင့် အတက်အကျဖြင့် ဖတ်ကြားနေလေ၏
“အတုမရှိသော ဉာဏ်ပညာ” ၊”ရဲစွမ််းသတ္တိ”၊ “ရယ်ရယ်မောမော စကားလေးပြောရုံနဲ့တင်”၊ “နိုင်ငံတော်၏ ကျောက်တိုင်ကြီး” စသည့် စကားလုံးများသည် နန်းဆောင်အတွင်းရှိ မှူးမတ်များ၏ ရင်ထဲကို တူနှင့် ထုနှက်လိုက်သလိုပင်။
ဤစကားများ ထွက်လာသည်နှင့် နန်းတော်တစ်ခုလုံး တုန်လှုပ်သွားကြသည်။ အိမ်ရှေ့စံ သည် အောင်မြင်မှုကြီး ပြုနိုင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ ထိုအောင်မြင်မှုကြီးမှာ မယုံနိုင်လောက်အောင် ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
အမတ်ချုပ် လင်ပေါ်ရုံသည် အမတ်များ၏ ရှေ့ထိပ်တွင် ရပ်နေပြီး၊ သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများက တလှုပ်လှုပ် ဖြစ်သွားတက်ပြီး ၊ မျက်မှောင်ကြုတ်ထားသည်မှာ ခြင်တစ်ကောင်ကိုပင် ညှပ်သတ်နိုင်လောက်သည်။
နယ်အရာရှိများ၏ အစီရင်ခံစာထဲမှ “ဟိန်းဟောက်သံတစ်ချက်ဖြင့် ဓားပြများကို ဆုတ်ခွာစေခြင်း”၊ “မိုင်ပေါင်းထောင်ချီဝေးသော အရပ်မှနေ၍ အစီအမံများ ချမှတ်ခြင်း” စသည့် တင်စားချက်များကို သူကြားသိထားပြီးဖြစ်သည်။
ဤအရာများသည် သူ့နားထဲတွင် အတော်လေး ရယ်စရာကောင်းနေသည်။ ငယ်စဉ်ကတည်းက ပေတေလေလွင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်းသား(၇)သည် တစ်ညအတွင်းမှာပင် “ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိပြည့်စုံသော” အိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်မည်လော။
သူ့ စိတ်ထဲတွင် ရေရွတ်နေမိသည် ။
‘ငါ တကယ်ပဲ လူအကဲခတ် မှားသွားတာလား၊ ဒီကောင်လေးမှာ... တကယ်ပဲ တစ်ခုခု ရှိနေတာလား’
သို့သော် ချက်ချင်းပင် သူ ခေါင်းခါလိုက်သည်။
ထိုသို့သော “နတ်ဘုရားတစ်ပါး၏ အတွေးအခေါ်မျိုး” ရှိသည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။ နယ်အရာရှိများက အိမ်ရှေ့စံကို ဖားယားလို၍ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်နိုင်သည်။
သို့သော် ကယ်ဆယ်ရေးငွေများသည် အမှန်တကယ်ပင် အထိအခိုက်မရှိသလို၊ ဓားပြအုပ်စုကြီး နှစ်ခုကလည်း အမှန်တကယ် ချေမှုန်းခံလိုက်ရသည်။
ဤသည်မှာ အဘယ်ကြောင့်နည်း။
လင်ပေါ်ရုံမှာ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။ဤကိစ္စသည် သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများထက်ပင် ပို၍ရှုပ်ထွေးသည်ဟု သူ ခံစားမိသည်။
တစ်ချိန်တည်းမှာပင် မင်းသား(၃) ရှောင်ကျင်း၏ စာကြည့်ခန်းအတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ဖုံးလွှမ်းနေ၏။
“အသုံးမကျတဲ့ကောင်တွေ ၊ အသုံးမကျတဲ့ အမှိုက်တွေ”
သူသည် စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ရှေ့ရှိ ရှေးဟောင်း ကြွေပန်းအိုးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။
ရှောင်ကျင်း၏ မျက်နှာမှာ မဲမှောင်နေပြီး ဒေါသကြောင့် မျက်နှာကြွက်သားများပင် တဆတ်ဆတ် တုန်နေသည်။ သူ၏ အကြံပေးပုဂ္ဂိုလ်မှာမူ ဘေးတွင် ခေါင်းငုံ့ကာ အသက်ပင် မရှုဝံ့ဘဲ ရပ်နေရှာသည်။
“ငါ အသေအချာ ခင်းကျင်းထားတဲ့ အကွက်က ဒီလောက်အထိ စေ့စပ်တာတောင်မှ သူက ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်သွားနိုင်တယ်ပေါ့”
ရှောင်ကျင်း၏ လေသံထဲတွင် မနာလိုမှု၊ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
“ကံတရားတစ်ခုတည်းနဲ့ အသက်ရှင်နေတဲ့ လူအတစ်ယောက်က ဒီလို အောင်မြင်မှုမျိုးကို ဘယ်လိုလုပ် ရနိုင်မှာလဲ…..ဒါတောင် သူက နာမည်ကောင်း ရသွားသေးတယ်ပေါ့လေ”
သူ ဤရလဒ်ကို လက်မခံနိုင်ပေ။ သူ သေချာပြင်ဆင်ထားသော ကျော့ကွင်းသည် ရှောင်ရှန်းကို ချောက်ထဲသို့ တွန်းပို့ရမည့်အစား တစ်ဖက်လူအတွက် ကောင်းကင်သို့ တက်လှမ်းမည့် လှေကားထစ် ဖြစ်သွားခဲ့သည်။
မိမိ၏ ဗျူဟာများသည် အမှားအယွင်း မရှိတတ်သောကြောင့် မိမိကိုယ်ကို အမြဲတမ်း ဂုဏ်ယူနေတတ်သော ရှောင်းကျင်အတွက် ဤသည်မှာ မကြုံစဖူး ရှုံးနိမ့်မှုနှင့် အရှက်ရမှုပင် ဖြစ်သည်။
…
နေ့ညမပြတ် ခရီးနှင်လာသော သယ်ယူပို့ဆောင်ရေး အဖွဲ့သည် နောက်ဆုံးတွင် တောင်ဘက်ပိုင်း ဘေးဒုက္ခ အဆိုးရွားဆုံး ခံစားနေရသော ပြည်နယ်များသို့ ရောက်ရှိလာခဲ့သည်။
ရှောင်ရှန်းသည် မြင်းကို စီးနင်းရင်း ဘေးဒုက္ခသည်များ၏ ရှေ့မှောက်သို့ အေးအေးလူလူ ရောက်ရှိလာချိန်တွင်၊ သူ မြင်လိုက်ရသည်မှာ ဆင်းရဲဒုက္ခများကြောင့် နွမ်းပါးနေသော်လည်း မျှော်လင့်ချက်၊ ကျေးဇူးတင်ခြင်း စသော အမူအရာများဖြင့် ပြည့်နှက်နေသော မျက်နှာများပင် ဖြစ်သည်။
“အိမ်ရှေ့စံမင်းသား... အရှင်ဟာ လူသားတွေကို ကယ်တင်တဲ့ ဘုရားလောင်းပါပဲ”
“အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ၊ အရှင့်သားက ကယ်ဆယ်ရေးငွေတွေကို သယ်လာပေးလို့ ကျွန်တော်တို့ အသက်ရှင်ရတော့မယ်”
ဘေးဒုက္ခကျရောက်နေသော ဒေသမှ အရာရှိများသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး “ဘုရားလောင်း အိမ်ရှေ့စံ” ဟု အော်ဟစ်ကာ ငိုကြွေးနေကြသည်။
ပိန်လှီနေသော လူအုပ်ကြီးကလည်း ရှောင်ရှန်းရှိရာဘက်သို့ ဦးတိုက်ကာ ကျေးဇူးတင်နေကြသည်။
ရှောင်ရှန်းမှာ မြင်းပေါ်တွင် ထိုင်နေရင်း တစ်ခေါင်းလုံး ထုံကျင်ကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။ သူ၏ “ကျေးဇူးတရား” ကြောင့် ရှိခိုးနေကြသော ဒုက္ခသည်များကို ကြည့်လျက် ၊ “ဘုရားလောင်း” “သက်တော်ရာကျော်ရှည်ပါစေ” ဟု ချီးကျူးနေသံများကို နားထောင်ရင်း သူ့ခမျာ ငိုရခက် ရယ်ရခက် ဖြစ်နေရှာသည်။
သူ တကယ်ကို ဘာမှမလုပ်ခဲ့ပေ။ သူ့အနေဖြင့် ကောင်းကောင်း အိပ်ချင်ရုံမျှသာ။
သူသည် ကယ်ဆယ်ရေးငွေများကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။ အရာရှိများနှင့် ပြည်သူများ၏ မျက်လုံးထဲတွင် ရှောင်ရှန်းသည် “အမြော်အမြင်ကြီးမားသော”၊ “နတ်ဘုရားကဲ့သို့ ဉာဏ်ရည်ထက်မြက်သော” ကယ်တင်ရှင်ကြီး တစ်ပါးပင်။
လူအချို့က သူ၏ မနေ့ညက “ညည်းတွားသံ” ကို “လူယုတ်မာများကို တုန်လှုပ်စေသော နတ်ဘုရားရဲ့ ဟိန်းဟောက်သံ” အဖြစ်ပင် ပုံဖော်ပြောဆိုနေကြသည်။ ယင်းက သူ့ကို ရယ်ရခက် ငိုရခက် ဖြစ်စေသည်။
မြို့တော်သို့ ပြန်ရာလမ်းတွင် ရှောင်းရှန်၏ စိတ်ထဲ၌ ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံနေသည်။ သူသည် မြင်းစီးရင်း ယပ်တောင်ကို ခတ်နေသော်လည်း လာစဉ်ကကဲ့သို့ ပေါ့ပါးလွတ်လပ်မှု မရှိတော့ပေ။
လမ်းတစ်လျှောက်လုံးတွင် ဤကြီးမားသော အောင်မြင်မှုကြီးကို မည်သို့ “ဖြေရှင်း” ရမည်နည်းဟု အသည်းအသန် စဉ်းစားနေခဲ့သည်။
“ရှောင်သယ့်ဇီ... မင်း ပြောကြည့်စမ်း... ငါသာ ခမည်းတော်ကို ‘ဒါတွေက ငါလုပ်တာ မဟုတ်ပါဘူး၊ ဓားပြတွေ အချင်းချင်း သတ်ကြတာပါ၊ ငါက မတော်တဆ လမ်းကြုံလို့ ဝင်ကောက်လိုက်တာပါ’ လို့ ပြောရင် သူ ယုံပါ့မလား”
ရှောင်ရှန်းသည် သူ့ဘေးနားက ရှောင်သယ့်ဇီကို စိတ်ရင်းမှန်ဖြင့် မေးလိုက်လေသည်။
အခန်း (၁၂)
ရှောင်သယ့်ဇီခမျာ ထိုစကားများကို နားထောင်ရင်း ထိတ်လန့်တုန်လှုပ်သွားကာ လက်ကို အသည်းအသန် ယမ်းပြလေသည် ။
“အရှင့်သား... ဒီလိုစကားမျိုး ဘယ်တော့မှ မပြောပါနဲ့လား၊ဧကရာဇ်မင်းက ‘သစ္စာစောင့်သိမှု နှင့် သစ္စာဖောက်ကို ခွဲခြားသိနိုင်သူ’ လို့ ချီးမွမ်းထားရုံတင်မကဘူး”
“ အခုလို မိုင်ပေါင်းထောင်ချီဝေးတဲ့ ခရီးစဉ်မှာလည်း ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရခဲ့တာဟာ ကောင်းကင်ဘုံက ပေးတဲ့ ဂုဏ်ကျက်သရေပဲ”
“ အရှင့်သားလို ကိုယ့်အောင်မြင်မှုကို အပြင်ကို တွန်းထုတ်နေတဲ့သူမျိုး ဘယ်သူမှမရှိဘူး”
“ဂုဏ်ကျက်သရေ ဟုတ်လား”
ရှောင်ရှန်းသည် ထိုစကားလုံးကို ကြားသည်နှင့် ဒေါသထွက်သွားကာ ယပ်တောင်ကို ခပ်ပြင်းပြင်း ခတ်လိုက်ရာ၊ ယပ်တောင်မှာ အားပြင်းလွန်းသဖြင့် ပြုတ်ထွက်သွားလေ၏။
သူသည် အရိုးတံသာ ကျန်တော့သော ယပ်တောင်ကို ကြည့်ရင်း သက်ပြင်းချကာ ငိုချင်စိတ်ကိုပင် အောင့်အည်းထားလိုက်ရသည် ။
“ဒါက ဘယ်ကလာ ဂုဏ်ကျက်သရေလဲ၊ ဒါက အသက်နှုတ်မယ့် အမိန့်စာပဲ၊ အိမ်ရှေ့စံရာထူးက ပိုပိုပြီး ခိုင်မြဲလာနေပြီ၊ ငါ ဘယ်တော့မှ နန်းချခံရမှာလဲ”
ရှောင်သယ့်ဇီခမျာ စကားပြောရန် ဟန်ပြင်ပြီးမှ ပြန်မြိုချလိုက်သည်။ သခင်ဖြစ်သူ၏ အတွေးကို သူ သိသော်လည်း ဤကိစ္စတွင် သူလည်း မကူညီနိုင်ပေ။
လဝက် ကြာပြီးနောက် ယာဉ်တန်းသည် မြို့တော်သို့ ဆိုက်ရောက်လာခဲ့သည်။ မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ဝင်များက လမ်းဖွင့်ပေးထားပြီး၊ မြို့သူမြို့သားများက လမ်းနှစ်ဖက်စလုံးတွင် စုဝေးကာ “အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ” ဟု ကြွေးကြော်နေကြသည်။
ထိုအခြေအနေမှာ သူ အိမ်ရှေ့စံအဖြစ် ဘိသိက်ခံစဉ်ကထက်ပင် ပို၍ ခမ်းနားနေသေးသည်။ ရှောင်ရှန်းသည် မြင်းရထားထဲတွင် ထိုင်နေရင်း ပြင်ပမှ ဆူညံသော အောင်ပွဲခံသံများကို နားထောင်ရင်း ခေါင်းကိုက်နေလေ၏။
သူသည် မြင်းရထားလိုက်ကာကိုပင် မလှန်ရဲတော့ပေ။ ထိုကြည်ညိုလေးစားနေသော အကြည့်များကို သူ တကယ် ကြောက်မိသည်။ သူ့အနေဖြင့် လက်ရှိတွင် အရှေ့နန်းဆောင်သို့ အမြန်ပြန်ကာ ပုန်းအောင်းလိုက်ချင်တော့သည်။
နောက်ဆုံးတွင် ဧကရာဇ်ကို ဖူးမြော်ရမည့် အချိန်သို့ ရောက်ရှိခဲ့လာသည်။ ခန်းမထဲ၌ အမွှေးတိုင်နံ့သာများ ပျံ့လွင့်နေကာ ဧကရာဇ်မင်း ရှောင်ယွမ်သည် နဂါးပလ္လင်ပေါ်တွင် ခန့်ခန့်ညားညား ထိုင်နေလေ၏။
ရှောင်ရှန်းသည် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။ သူသည် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်ပြီး၊ ခမည်းတော်၏ရှေ့တွင် မိမိ၏ “အသုံးမကျမှု” ကို ထုတ်ဖော်ကာ ဤဒုက္ခတွင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် ကြိုးစားလိုက်သည်။
“ခမည်းတော်ဧကရာဇ်ဟာ အမျှော်အမြင် ရှိလှပါတယ်၊ သားတော်... သားတော်ဟာ အခုခရီးစဉ်မှာ တာဝန်ကျေပွန်ခဲ့တယ် ဆိုပေမဲ့၊ ဓားပြနှိမ်နင်းတဲ့ ကိစ္စကတော့ ကံကောင်းလို့သာ ဖြစ်ခဲ့ရတာပါ၊ သားတော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး...”
ရှောင်းရှန်သည် ခေါင်းမော့ကာ သူကိုယ်တိုင် “နောင်တရနေပါတယ်” ဟု ယူဆထားသော မျက်နှာပေးဖြင့် အားနာသံလေး ရောနှောထည့်ကာ လျှောက်တင်လိုက်သည်။
“သားတော်ဟာ တကယ်ပဲ အသုံးမကျတဲ့သူပါ၊ အဲဒီအချိန်မှာ သားတော်က မြင်းရထားထဲမှာ အိပ်မောကျနေတာပါ… ဓားပြတွေ အချင်းချင်း စိတ်ဝမ်းကွဲပြီး သတ်ဖြတ်ကြတာပါ”
“သားတော် နိုးလာတဲ့အချိန်မှာ သူတို့က... အကျိုးအပဲ့တွေ ဖြစ်နေကြပါပြီ ၊ ဒါဟာ သားတော်ရဲ့ စွမ်းဆောင်မှု မဟုတ်ပါဘူး၊ ဒီတိုင်းလမ်းကြုံသွားရုံ သက်သက်ပါ...”
သူသည် ဆူညံသံကြောင့် နိုးလာခြင်းဖြစ်ကြောင်း ပြောရန် ကြံစည်လိုက်သော်လည်း၊ ပိုပြီး ထူးဆန်းသွားမည်ကို စိုးရိမ်သဖြင့် စကားကို ပြန်ထိန်းလိုက်ရသည်။
သူသည် ရုတ်တရက် ရောက်ရှိလာသော ဤ “နာမည်ကောင်း” ကို မည်သို့ပင်ဖြစ်စေ ဖယ်ရှားရန်အတွက် ရနိုင်သမျှ စကားလုံးများဖြင့် ငြင်းဆိုနေတော့သည်။
ဧကရာဇ် ရှောင်းယွမ်သည် ရှောင်းရှန်၏ “နှိမ့်ချမှု”များကို နားထောင်ရင်း မျက်နှာအမူအရာ မပျက်သော်လည်း၊ သူ၏ မျက်ဝန်းထဲတွင်မူ သိသာရုံမျှသာရှိသော ချီးကျူးရိပ်များ ဖြတ်ပြေးသွားသည်။
သူသည် လက်ကို အသာအယာ မြှောက်ကာ ရှောင်ရှန်းကို ဆက်မပြောရန် အချက်ပြလိုက်သည်။
“အိမ်ရှေ့စံ... မင်းအနေနဲ့ အဲဒီလောက်အထိ နှိမ့်ချနေဖို့ မလိုပါဘူး”
ရှောင်းယွမ်၏ အသံမှာ ကျယ်လောင်ပြီး တည်ငြိမ်လှကာ ငြင်းဆန်ရန် မဖြစ်နိုင်သော အာဏာစက်များ ရှိလှပေသည်။
“ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေချိန်မှာ မတုန်မလှုပ်ဘဲ အခွင့်အရေးကို စောင့်ဆိုင်းနိုင်တာဟာ စစ်သူကြီးကောင်း တစ်ယောက်ရဲ့ အရည်အချင်းပဲ…ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေမှာ တစ်ယောက်မှ အထိအခိုက် မရှိဘဲ အောင်နိုင်ခဲ့တာဟာ ဒါဟာ အတော်လေးကို ကြီးမားတဲ့ ဉာဏ်ပညာပဲ”
ဧကရာဇ် ရှောင်ယွမ်သည် စကားကို ခဏရပ်လိုက်ပြီး ၊ သူ့အသံက ပို၍ နူးညံ့လာကာ လူ၏ စိတ်ကို ထိုးဖောက်မြင်နိုင်သော အသံဖြင့် ဆက်ပြောသည် ။
“မာန်မာန မရှိခြင်း၊ ရိုးသားနှိမ့်ချခြင်းဟာ ဧကရာဇ်ကောင်းတစ်ပါးရဲ့ လက္ခဏာပဲ၊ မင်းရဲ့ စိတ်ထဲမှာ ပြည်သူတွေ ရှိနေပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အရေးကြီးပုံကို သိနားလည်လို့သာ အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပြီး ငွေသားတွေကို ကာကွယ်နိုင်ခဲ့တာပေါ့”
“ ဒီအောင်မြင်မှုဟာ ကောင်းကင်ဘုံရဲ့ အလိုကျ၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီတယ်၊ မင်းဟာ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တဲ့ နဂါးစစ်စစ် ဖြစ်ကြောင်း သက်သေပြလိုက်တာပဲ”
ရှောင်းရှန်ခမျာ နားထောင်ရင်း ဆွံ့အသွားသည်။
ခမည်းတော်၏ “အရာရာကို ထိုးဖောက်မြင်နိုင်သည်” ဟူသော အမူအရာနှင့် ၊ နန်းတွင်းရှိ မှူးမတ်များ၏ “ဪ... ဒီလိုကိုး၊ အိမ်ရှေ့စံက တကယ်ကို နှိမ့်ချတတ်တာပဲ” ဟူသော အကြည့်များအောက်တွင် သူ့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလိုပင်။
သူ အကျိုးအကြောင်း ရှင်းပြချင်သော်လည်း၊ သူ ပြောသမျှ “အမှန်တရား” တိုင်းကို ခမည်းတော်က “အကျင့်စာရိတ္တ ကောင်းမွန်ခြင်း” အဖြစ် မယောင်မလည် အဓိပ္ပာယ် ဖွင့်ဆိုနေလေ၏။
သူ့ဘက်က ငြင်းဆိုလေလေ၊ ခမည်းတော်က “နှိမ့်ချတတ်သည်” ဟု ပို၍ ချီးမွမ်းလေလေ ဖြစ်နေသည်။ သူ့ဘက်မှ “ကံကောင်းလို့ပါ” ဟု ပြောလေလေ၊ ခမည်းတော်က “အခွင့်အရေးကို မြင်တတ်သည်” ဟု ပို၍ မြှောက်ပြောလေလေ ဖြစ်နေပြန်သည်။
ဒါကို ဘယ်လို ဆက်ကစားရတော့မှာလဲ။
ချီးမြှင့်ပစ္စည်းများမှာ ရေစီးသဖွယ် အရှေ့နန်းဆောင်သို့ စီးဝင်လာလေ၏။ အဖိုးတန် ပိုးထည်များမှာ တောင်ပုံရာပုံ ဖြစ်နေပြီး၊ ရတနာများမှာလည်း ဂိုဒေါင်ထဲတွင် ပြည့်လျှံနေသည်။
“ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိ ပြည့်စုံသူ” ဟူသော ဧကရာဇ်ကိုယ်တိုင် ရေးထိုးထားသည့် ရွှေဆိုင်းဘုတ်မှာ အရှေ့နန်းဆောင်၏ အဝင်ဝတွင် မြင့်မားစွာ ချိတ်ဆွဲခံထားရပြီး နေရောင်အောက်တွင် စူးရှစွာ တောက်ပနေလေ၏။
ရှောင်ရှန်းတစ်ယောက် အရှေ့နန်းဆောင်၏ ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ အပြည့်အလျှံ ရှိနေသော ဆုလာဘ်များကို ကြည့်လိုက်၊
တံခါးဝတွင် ချိတ်ဆွဲထားသော ရွှေဆိုင်းဘုတ်နှင့် ရှောင်သယ့်ဇီ၏ ဖုံးမဖိနိုင်သော ကြည်ညိုမှုကို ကြည့်လိုက်ဖြင့် ရင်ထဲတွင် တဆစ်ဆစ် နာကျင်နေသည်။
သူသည် ဘာမှမလုပ်ခဲ့သော်လည်း အတုမရှိသော အောင်မြင်မှုများကို သိမ်းပိုက်နိုင်ခဲ့သော မင်းသားတစ်ပါးအဖြစ် သရုပ်ဖော်ခံလိုက်ရသည်။
“နန်းချခံရဖို့ လမ်းကတော့...”
ရှောင်းရှန် တစ်ယောက် ကုလားထိုင်ပေါ်တွင် ခွေကျသွားကာ သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း၊ နန်းဆောင်မျက်နှာကျက်ကို ကြည့်ကာ ငေးငိုင်နေတော့သည်။
“ပိုပြီးတော့တောင် ဝေးသွားပြန်ပြီ”