← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) - ရုတ်ရုတ်သဲသဲနှင့် ညည်းတွားသံများ

ရှောင်းရှန်သည် ကိစ္စများကို ရှုပ်ထွေးအောင် လုပ်လေလေ၊ အခြေအနေများက သူ နားမလည်နိုင်သော ဘက်သို့ ပို၍ ဦးတည်သွားလေလေ ဖြစ်နေသည်။

ကောင်းကင်ဘုံက သူ့အား အောင်မြင်မှုကို အသာလေး ရုတ်သိမ်းခိုင်းနေမှတော့ ဒါဆို သူလည်း အတွေးအခေါ်များကို ပြောင်းလဲရပေတော့မည်။

ပြင်ပအင်အားစုများက သူ့ကို ရွှံ့နွံထဲသို့ ဆွဲချပေးမည်ကို မျှော်လင့်နေမည့်အစား အတွင်းပိုင်းကနေ စတင်ပြီး “ပုပ်သိုး” အောင် လုပ်ဆောင်ခြင်းက ပိုကောင်းပေလိမ့်မည်။

သူ ကိုယ်တိုင် ဤအရှေ့နန်းဆောင် တစ်ခုလုံးကို ရေဆိုးကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ အိမ်ရှေ့စံ ပုံရိပ်ကို ဖျက်ဆီးပစ်ပေတော့မည်။

သူသည် ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်သည်။ မျက်လုံးများက တောက်ပနေပြီး ၊ မျက်နှာတွင် ရူးသွပ်သော အရိပ်အယောင်တစ်ခု က လှစ်ခနဲ့ ဖြတ်ပြေးသွားသည်။

“ လာစမ်း ရှောင်သယ့်ဇီ ၊ အရှေ့နန်းဆောင်က မိန်းမစိုးတွေ၊ နန်းတွင်းသူတွေ၊ ကိုယ်ရံတော်တွေ အကုန်လုံးကို အခုချက်ချင်း ရှေ့ရင်ပြင်မှာ စုခိုင်းလိုက်”

ရှောင်သယ့်ဇီမှာ လန့်ဖျပ်သွားသည်။

မိမိ၏အိမ်ရှေ့စံမင်းသားမှာ မည်ကဲ့သို့သော “ထူးဆန်းသည့် အကြံ” များ ထပ်ထုတ်နေမှန်း သူ မသိတော့ချေ။ သူသည် မနှောင့်နှေးရဲဘဲ အပြေးအလွှား သွားရောက်ကာ အမိန့်ပေးလိုက်တော့သည်။

မကြာမီမှာပင် အရှေ့နန်းဆောင် ရှေ့ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်သွားသည်။ မိန်းမစိုးနှင့် နန်းတွင်းသူများမှာ တုန်တုန်ရင်ရင် ဖြစ်နေကြပြီး၊ ကိုယ်ရံတော်များမှာလည်း ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မနေရဲဘဲ မတ်မတ်ရပ်နေကြသည်။

အိမ်ရှေ့စံမင်းသားသည် “အတုမရှိသော အောင်မြင်မှုကြီး” ကို ရရှိထားပြီး လက်ရှိတွင် ဧကရာဇ်မင်း၏ အချစ်ဆုံးသားတော် တစ်ယောက် ဖြစ်နေသဖြင့် မည်သူမျှ မပေါ့ဆရဲကြပေ။

ရှောင်ရှန်းသည် လူတိုင်း၏ ရှေ့သို့ အေးအေးလူလူ လမ်းလျှောက်လာပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူ၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ရှိနေလေ၏။

“အားလုံးပဲ... ဒီနေ့ကစပြီး အရှေ့နန်းဆောင်ဟာ ခေတ်သစ်တစ်ခုထဲကို ရောက်ရှိတော့မယ်လို့ ငါကိုယ်တော် ကြေညာတယ်”

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ခေတ်သစ် ဟုတ်လား ၊ လေ့ကျင့်မှုတွေ ပိုလုပ်ရတော့မှာလား ဒါမှမဟုတ် နန်းတွင်းစည်းကမ်းတွေ ပိုတင်းကျပ်တော့မှာလား..

လူတိုင်း စိတ်ကို တင်းထားကြသည်။

“ဒီခေတ်သစ်ကို ငါကိုယ်တော်က ‘ဘဝကို အေးအေးလူလူ နေခြင်း ခေတ်သစ်’ လို့ အမည်ပေးထားတယ်”

ရှောင်ရှန်း၏ အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းပြတ်သားနေကာ လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သလိုပင်။

“ ဘယ်လို”

လူအုပ်ထဲမှ ထိန်းမနိုင်သိမ်းမရသော အာမေဍိတ်သံအချို့ ထွက်ပေါ်လာသည်။

ရှောင်ရှန်းက လူတိုင်းကို တိတ်တိတ်နေရန် လက်ကာပြလိုက်သည်။

“ပထမဆုံး စည်းကမ်း”

သူက လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး ပျင်းရိသော လေသံဖြင့် ပြောလိုက်သည်။

“အရင်က မင်းတို့ မောင်ရှီ(နံနက် ၅ နာရီကနေ ၇ နာရီအတွင်း )အိပ်ရာထရတယ်၊ ဒါက စောလွန်းတယ်၊ လူသားမဆန်ဘူး…ဒီနေ့ကစပြီး လူတိုင်း စစ်ရှီ( နံနက် ၉ နာရီကနေ ၁၁ နာရီအတွင်း)မှပဲ အိပ်ရာထရမယ်”

“ချန်ရှီ( နံနက် ၇ နာရီကနေ ၉ နာရီ)အတွင်း အိပ်ရာထဲ ဟောက်ပြီး အိပ်နေသေးတဲ့သူကို ငါကိုယ်တော် ကိုယ်တိုင် ဆုချမယ်”

ဤစကားများ ထွက်လာသည်နှင့် အရှေ့နန်းဆောင်တစ်ခုလုံး ဆူညံသွားတော့သည်။ မိန်းမစိုးနှင့် နန်းတွင်းသူများမှာ တိုးတိုးတိုးတိုး ပြောနေကြပြီး၊ ကိုယ်ရံတော်များမှာမူ သူတို့၏ အမူအရာကို မနည်း ထိန်းထားရသည်။

မနက် ၇ နာရီကျော်အထိ အိပ်နေတာကို ဆုချမယ်တဲ့လား၊ ဒါက ဘယ်လို စည်းကမ်းမျိုးလဲ….

“အိမ်ရှေ့စံမင်းသား... ဒါ... ဒါက နန်းတွင်းစည်းကမ်းနဲ့ မညီပါဘူး”

ဝါရင့် မိန်းမစိုးကြီး တစ်ဦးဖြစ်သော လီဖူသည် တုန်တုန်ရင်ရင်ဖြင့် ရှေ့သို့ ထွက်လာသည်။ သူသည် အရှေ့နန်းဆောင်၏ နေ့စဉ်ကိစ္စများကို တာဝန်ယူထားသူ ဖြစ်သဖြင့် ဤစည်းကမ်းများကို အလွတ်ရနေသူ ဖြစ်သည်။

ရှောင်ရှန်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်သည် ။

“လီကုန်းကုန်း၊ စည်းကမ်းဆိုတာ အသေ၊ လူဆိုတာ အရှင်ပဲ .. ငါ့ရဲ့ အရှေ့နန်းဆောင်မှာ ငါပြောတာပဲ အတည်ပဲ”

“ ဘယ်သူကမှ မအိပ်ချင်ဘူး ဆိုရင်တော့ ငါကိုယ်တော် အဲ့လူကို ကွင်းထဲမှာ အပတ် ၁၀၀ ပတ်ပြေးခိုင်းမယ်၊ အိပ်ချင်စိတ် ပေါက်သွားတဲ့အထိပဲ”

လီဖူမှာ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားပြီး ပါးစပ်ပိတ်လိုက်ရသည်။ အိမ်ရှေ့စံမင်းသားသည် အောင်မြင်မှုရထားသူပီပီ ဒေါသလည်း ကြီးလာပုံရသည်။

“ဒုတိယအချက်”

ရှောင်းရှန်က ဆက်ပြောသည် ။

“နေ့စဉ် အစားအသောက်တွေဟာ ပုံစံအသစ်တွေ ဖြစ်ရမယ်၊ ထပ်နေတာပဲဖြစ်ဖြစ်၊ ငါ အရသာနဲ့ မတွေ့တာပဲဖြစ်ဖြစ် ရှိရင် စားဖိုမှူးရဲ့ လစာကို ချက်ချင်း ဖြတ်မယ်”

သူသည် ခဏနားပြီး အေးအေးဆေးဆေး ဆက်ပြောပြန်သည် ။

“ဥပမာ... ဒီနေ့ ငါ ဝက်ဝံလက်သည်းနဲ့ ငါးမန်းတောင်ပံ ပါတဲ့ ပေါက်စီ စားချင်တယ်၊ မနက်ဖြန်ကျရင် နဂါးအသည်း၊ ဖီးနစ်ဦးနှောက်နဲ့ ချက်ထားတဲ့ ပဲပြားဟင်း စားချင်ရင် စားမှာပဲ ၊ အဲဒါကို မချက်နိုင်ရင် ဖြစ်ဖြစ်၊ အရသာ မရှိရင်ဖြစ်ဖြစ် လစာဖြတ်မယ်”

မီးဖိုချောင်မှ စားဖိုမှူးများမှာ မျက်နှာများ ဖြူလျော့သွားပြီး နေရာမှာတင် မေ့လဲချင်စိတ် ပေါက်သွားကြသည်။

ဝက်ဝံလက်သည်း ငါးမန်းတောင်ပံပေါက်စီ…နဂါးအသည်း..ဒါက သူတို့အသက်ကို တောင်းနေတာပဲ မဟုတ်လား။

“တတိယအချက်”

ရှောင်းရှန်က ကိုယ်ရံတော်များကို ကြည့်လိုက်ပြီး “စာနာထောက်ထားသော” မျက်လုံးများဖြင့် -

“မင်းတို့ နေ့တိုင်း လေ့ကျင့်ရတာ ဘယ်လောက် ပင်ပန်းသလဲ ဆိုတာ ငါကိုယ်တော် အကုန်မြင်တယ်၊ ရင်ထဲမှာလည်း စိတ်မကောင်းဘူး”

“ ဒီနေ့ကစပြီး အရှေ့နန်းဆောင် ကိုယ်ရံတော်တွေရဲ့ လေ့ကျင့်ခန်း အကုန်ဖျက်သိမ်းတယ် ၊ အဲဒီအစား နေ့တိုင်း ပုရစ်တိုက်တာ၊ ငှက်စာကျွေးတာ၊ နေပူစာလှုံတာတွေပဲ လုပ်ရမယ်”

“ဘယ်သူ့ပုရစ်က နိုင်သလဲ၊ ငါဆုချမယ်၊ ဘယ်သူ့ငှက်က အသံအသာဆုံးလဲ၊ ငါထပ်ပြီး ဆုချဦးမယ်”

ယခုတွင်မူ အမြဲတမ်း စနစ်တကျ လေ့ကျင့်ထားသော အထူးကိုယ်ရံတော်များပင် ဆွံ့အသွားကြသည်။

သူတို့က ထိပ်တန်း စစ်သည်တော်တွေလေ၊ လမ်းဘေးက ကလေကချေမှ မဟုတ်တာ…

သို့သော် အိမ်ရှေ့စံမင်းသား၏ လေးနက်သော မျက်နှာထားကို ကြည့်ရသည်မှာ နောက်ပြောင်နေပုံလည်း မရပေ။

“စတုတ္ထအချက်၊ ဒါက အရေးကြီးဆုံးပဲ”

ရှောင်ရှန်းက လက်ခုပ်တီးလိုက်ပြီး အလွန် လေးနက်သော လေသံဖြင့်။

“အားလုံး လမ်းလျှောက်ရင် အေးအေးလူလူ လျှောက်ရမယ်၊ စကားပြောရင် အားအင်မရှိသလို ပြောရမယ်၊ ဘယ်သူကမှ တက်တက်ကြွကြွ ဖြစ်မနေရဘူး”

“ဘယ်သူက တက်ကြွနေသလဲ၊ အဲဒီလူကို အပြစ်ပေးမယ်၊ အားအင်တွေ ကုန်သွားတဲ့အထိ ကြမ်းပြင်ကို တံမြက်စည်းလှည်းခိုင်းမယ်”

အခန်း (၁၄)

ထိုသို့ ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ “အေးအေးလူလူ” လမ်းလျှောက်ခြင်း၏ မှန်ကန်သော ပုံစံကို နမူနာပြသသည့်အလား တစ်ပတ် ပတ်ပြလိုက်သည်။

လူတိုင်း ဆွံ့အနေလေ၏။

ဒါ အိမ်ရှေ့စံ ဟုတ်ရောဟုတ်ရဲ့လား ၊ ဒါ သူတို့ကို နှိပ်စက်နေတာပဲ မဟုတ်လား ။

အရင်က အလုပ်များလွန်းလို့ ပင်ပန်းရသော်လည်း ၊ ယခုတွင်မူ အားလွန်းလို့ စိတ်ပင်ပန်းရသည့်အပြင် အိမ်ရှေ့စံ၏ “ရူးကြောင်ကြောင်” လုပ်ရပ်များကိုလည်း လိုက်ပါလုပ်ဆောင်ပေးနေရသဖြင့် ပို၍ပင် စိတ်ပျက်စရာ ကောင်းနေသည်။

အရှေ့နန်းဆောင်တစ်ခုလုံး ရှောင်ရှန်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကာ လူတိုင်း၏ ညည်းတွားသံများဖြင့် ဆူညံနေတော့သည်။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ အရှေ့နန်းဆောင်၏ ပုံစံမှာ ပို၍ ထူးဆန်းလာခဲ့သည်။

နံနက်ခင်းတွင် နေမင်းကြီးမှာ အစွမ်းကုန် တောက်ပနေသော်လည်း ၊ အရှေ့နန်းဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်နေဆဲဖြစ်ကာ ရံဖန်ရံခါ ဟောက်သံအချို့ကိုပင် ကြားနေရသည်။

နံနက် ၉ နာရီကျော် ရောက်မှသာ လူတိုင်း သင်္ချိုင်းထဲမှ ထွက်လာသည့်အလား အိပ်ချင်မူးတူး မျက်နှာများဖြင့် အခန်းထဲမှ ထွက်လာကြသည်။ ခြေလှမ်းများမှာ လေးလံနေပြီး မျက်နှာများမှာ ဖြူလျော့နေကာ စကားပြောလျှင်လည်း ခြင်ဆူသံလောက်သာ ကြားရတော့သည်။

နေ့လည်စာ စားချိန်တွင် စားဖိုမှူးများမှာ ဒယ်အိုးပူထဲမှ ပုရွက်ဆိတ်များအလား အိမ်ရှေ့စံမင်းသား၏ “အရသာမတွေ့ဘူး” ဟူသော စကားတစ်ခွန်းကြောင့် သူတို့၏ လစာများ မပြုတ်သွားစေရန် တစ်ခါမှ မကြားဖူးသော ဟင်းလျာများကို ဉာဏ်ညစ်ထုတ်ကာ ချက်ပြုတ်နေရလေ၏။

ရှောင်ရှန်းမှာ ထမင်းစားပွဲတွင် ထိုင်ရင်း ထိုထူးဆန်းသော ဟင်းလျာများကို မြည်းစမ်းကာ ဝေဖန်နေတော့သည် ။

“အင်း... ဒီ ပင်လယ်စာ ငှက်သိုက်စွပ်ပြုတ်က ပင်လယ်ကမ်းစပ်က မြေကြီးနံ့ နည်းနည်း လိုနေသလိုပဲ... ဒီအသီးအရွက်ကြော်ကလည်း ကြွပ်လွန်းတယ်၊ နူးအိမနေဘူး”

မွန်းလွဲပိုင်းတွင် အရှေ့နန်းဆောင် ရှေ့ရင်ပြင်၌ အရင်က သံချပ်ကာ ဝတ်ဆင်ကာ ဓားများကို ကိုင်ဆောင်ခဲ့သော ကိုယ်ရံတော်များသည် ယခုအခါ မြေပြင်တွင် ဒူးထောက်ကာ ဖင်ထောင်လျက် ကြွေအိုးငယ်လေးထဲမှ ပုရစ်တွန်သံကို အာရုံစိုက် နားထောင်နေကြသည်။

မလှမ်းမကမ်းတွင်လည်း သာလိကာငှက်နှင့် ဇရက်ငှက်များမှာ လှောင်အိမ်ထဲတွင် ခုန်ပေါက်နေကြပြီး ကိုယ်ရံတော်များက ရံဖန်ရံခါ ချော့မြှူနေကြသည်။

“လိမ္မာတယ်... တစ်ချက်လောက် အော်စမ်းပါ၊ ကျယ်ကျယ်လေး အော်နော်၊ အိမ်ရှေ့စံမင်းသားက ဆုချဖို့ စောင့်နေတာ”

ညဖက်တွင် နန်းတွင်းသူများသည် မီးအိမ်များကို ကိုင်ကာ စင်္ကြံတစ်လျှောက် ယိုင်တိယိုင်တိုင် လျှောက်သွားနေကြသည်။ ထိုပုံစံမှာ အချိန်မရွေး မြေပြင်ပေါ်သို့ လဲကျသွားတော့မည့်ပုံပေါက်နေ၏။

သူမတို့၏ စကားပြောသံမှာလည်း ပုံမှန်ထက် ရှစ်ဆခန့် တိုးနေပြီး၊ အမှတ်မထင် “တက်ကြွနေသည်” ဟု အိမ်ရှေ့စံမင်းသားမှ ထင်မြင်သွားမည်ကို အလွန် ကြောက်နေကြသည်။

“ဟူး... ဒီလို နေရတာက အရင်က စစ်တိုက်ရတာထက် ပိုပင်ပန်းသေးတယ်”

မိန်းမစိုးအိုကြီးတစ်ဦးက တိုးတိုးလေး သက်ပြင်းချရင်း ညည်းညူရှာသည်။ သူသည် အရင်က နန်းတော်ထဲတွင် အလွန် အလုပ်ကြိုးစားသူအဖြစ် နာမည်ကြီးသော်လည်း၊ ယခု “ဘဝကို အေးအေးလူလူ နေရန်” အတွက် နေ့တိုင်း “နေမကောင်းသလို” ဟန်ဆောင်နေရသဖြင့် တကယ့် နေမကောင်းဖြစ်တာထက် ပိုခံရခက်ပေ၏။

နောက်ဆုံးတွင် ဤရူးကြောင်ကြောင် နေ့စဉ်ဘဝကို ကြည့်မနေနိုင်တော့သော သစ္စာရှိ မိန်းမစိုးအိုကြီးတစ်ဦးသည် အရှေ့နန်းဆောင်မှ တိတ်တဆိတ် ထွက်လာကာ မိဖုရားခေါင်ကြီးထံသို့ ငိုယိုကာ သွားရောက် တိုင်တန်းလေတော့သည်။

“မိဖုရားခေါင်ကြီး … အိမ်ရှေ့စံမင်းသားကို တစ်ခုခု ပြောပေးပါဦး”

မိန်းမစိုးကြီးသည် မြေပြင်တွင် ဒူးထောက်ကာ မျက်ရည်စက်လက်ဖြင့် အရှေ့နန်းဆောင်၏ “စည်းကမ်းအသစ်” များကို တစ်ခုမကျန် ပြောပြတော့သည်။

မိဖုရားခေါင်ကြီးမှာ နားထောင်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူမသည် အိမ်ရှေ့စံ၏ အမည်ခံ မိခင်ဖြစ်သော်လည်း၊ ငယ်စဉ်ကတည်းက လျစ်လျူရှုခံခဲ့ရသော မင်းသား(၇)အပေါ် သူမ၏စိုးရိမ်ပူပန်မှုသည် အမြဲတမ်း အပေါ်ယံမျှသာဖြစ်သည်။

ယခု ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စများကို နားထောင်ပြီးနောက် သူမသည်ပင် ခေါင်းခဲသွားရသည်။

“သူ... သူက ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ရူးနှမ်းနေရတာတုန်း”

မိဖုရားခေါင်ကြီးသည် နဖူးကို လက်ဖြင့်အုပ်ကာ မတတ်သာသည့် လေသံဖြင့် ပြောလိုက်သည်။

သူမ တားချင်သော်လည်း မည်သို့တားရမည်နည်း။

အိမ်ရှေ့စံမင်းသားသည် လက်ရှိတွင် ဧကရာဇ်၏ အချစ်ဆုံးသားတော် ဖြစ်နေပြီး၊ ဧကရာဇ်ကပင် ဘာမှမပြောသည့်အတွက် အာဏာမရှိသော မိဖုရားခေါင် တစ်ဦးအနေဖြင့် သူမ ဘာလုပ်နိုင်မည်နည်း။

ထို့အပြင် မြို့တော်ထဲတွင် ပျံ့နှံ့နေသော ကောလာဟလအချို့ကိုလည်း သူမ ကြားထားသည်။ အိမ်ရှေ့စံမင်းသားမှာ “ဝက်ဟန်ဆောင်ကာ ကျားကို လှည့်စားနေသူ” ဖြစ်ပြီး အလွန်ဉာဏ်များသည်ဟု ဆိုကြသည်။

ဤသည်မှာ သူ၏ ရှုပ်ထွေးသော အကြံအစည်များထဲမှ တစ်ခုဖြစ်မည်လော။

ဤအဓိပ္ပာယ်မရှိသော ကိစ္စများသည် အတောင်ပံပါသည့်အလား နန်းတော်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။

နန်းတွင်းသူ၊ မိန်းမစိုးများ၏ အတင်းပြောသံများမှ တစ်ဆင့် ဥယျာဉ်ထဲရှိ မိဖုရားငယ်များ၏ တီးတိုး ပြောဆိုသံများ၊ ထို့နောက် အမတ်ကြီးများ၏ သက်ပြင်းချသံများအထိ အားလုံးမှာ အိမ်ရှေ့စံမင်းသား ရှောင်ရှန်း၏ “ဘဝကို အေးအေးလူလူ နေခြင်း စည်းကမ်းအသစ်” အကြောင်းသာ ဖြစ်နေတော့သည်။

နောက်ဆုံးတွင် ဤထူးဆန်းသော သတင်းများသည် ဧကရာဇ် ရှောင်းယွမ်၏ နားထဲသို့ ရောက်ရှိသွားသည်။

ဧကရာဇ် ရှောင်းယွမ်သည် စာကြည့်ဆောင်တွင် ထိုင်ကာ အစီရင်ခံစာများကို စစ်ဆေးဖတ်ရှုနေသည်။

မိန်းမစိုးက အရှေ့နန်းဆောင်မှ “ထူးဆန်းသော သတင်းများ” ကို အလွန်သတိထားကာ တင်ပြလာချိန်တွင်၊ သူသည် လက်ထဲမှ ကလောင်ကို ခဏချရပ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“လူငယ်သဘာဝပဲ... သူ့ဘာသာသူ လုပ်ချင်တာ လုပ်ပါစေ”

သူ၏ အသံမှာ တည်ငြိမ်လှပြီး ဒေါသ သို့မဟုတ် ဝမ်းသာမှု အရိပ်အယောင် မရှိချေ။

အရှေ့နန်းဆောင်မှ ရုတ်ရုတ်သဲသဲ ကိစ္စအားလုံးမှာ ကလေးတစ်ယောက်၏ ဆော့ကစားမှုမျှသာ ဖြစ်သည်ဟု ယူဆနေပုံရသည်။

မိန်းမစိုးသည်လည်း ဦးညွှတ်ကာ ဆုတ်ခွာသွားပြီး နောက်ထပ် ဘာမှမပြောရဲတော့ပေ။

All Chapters