အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) - ပြတ်သားသော မှတ်ချက်ကြောင့် လူအများ အံ့အားသင့်ရခြင်း
အရှေ့နန်းဆောင်၏ “ဘဝကို အေးအေးလူလူ နေခြင်း ခေတ်သစ်” ကြောင့် တစ်နန်းတော်လုံး ရုတ်ရုတ်သဲသဲဖြစ်ကာ ညည်းတွားသံများဖြင့် ဆူညံနေသော်လည်း၊ နောက်ဆုံးတွင် ဧကရာဇ် ရှောင်ယွမ်က “လူငယ်သဘာဝပဲ၊ သူ့ဘာသာသူ လုပ်ချင်တာ လုပ်ပါစေ” ဟုသာ အေးအေးဆေးဆေး မိန့်ကြားခဲ့သဖြင့် ရှောင်ရှန်းမှာ ရက်အတော်ကြာ စိတ်ပျက်ခဲ့ရသည်။
သူ နားမလည်နိုင်သည်မှာ မိမိက ဤမျှအထိ ရူးကြောင်ကြောင် လုပ်နေပါလျက်နှင့် ၊ အဘယ်ကြောင့် ခမည်းတော်က ဘာတုံ့ပြန်မှုမှ မရှိသနည်း။
ဒါ တော်တော်လေးကို လွဲနေပြီ…
ရက်များမှာ တရွေ့ရွေ့ ကုန်လွန်သွားပြီး မကြာမီမှာပင် နှစ်သစ်ကူးကာလသို့ ရောက်ရှိလာခဲ့သည်။
နန်းတွင်းထုံးစံအရ ကြီးကျယ်ခမ်းနားသော တည်ခင်းဧည့်ခံပွဲကြီးကို ကျင်းပရာ၊ နန်းဆောင်အတွင်း၌ ဆီမီးများဖြင့် ထိန်ထိန်လင်းနေပြီး နေ့ခင်းဘက်အလား ထင်မှတ်ရသည်။
မီးအိမ်များ၏ အလင်းရောင်သည် နန်းဆောင်အတွင်းရှိ လှပသော ဝတ်စုံများအပေါ် ရောင်ပြန်ဟပ်နေပြီး၊ လေထုထဲတွင်လည်း နန်းတွင်းဟင်းလျာများနှင့် မွှေးကြိုင်လှသော အရက်နံ့များ ပျံ့လွင့်နေသည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် နဂါးပလ္လင်ပေါ်တွင် ခန့်ခန့်ကြီး ထိုင်နေပြီး၊ မိဖုရားခေါင်ကြီးက သူ့ဘေးတွင် ထိုင်နေသည်။
အောက်ဘက်တွင်မူ မင်းသား၊ မင်းသမီးများ၊ မှူးမတ်အရာရှိကြီးများနှင့် ဂုဏ်ပြုရန် ရောက်ရှိနေကြသော နိုင်ငံအသီးသီးမှ သံတမန်များဖြင့် စည်ကားသိုက်မြိုက်နေသည်။
ရှောင်ရှန်း တစ်ယောက် ဤနေရာသို့ မလာချင်ခဲ့ပေ။ သူ၏ အမြင်တွင် ဤကဲ့သို့သော ပွဲလမ်းသဘင်များသည် ညီလာခံတက်ရသည်ထက်ပင် ပို၍ နှိပ်စက်ခံရသလို ခံစားရသည်။
မျက်နှာဖုံးစွပ်ထားသော လူတစ်စုက တစ်ဦးကိုတစ်ဦး မြှောက်ပင့် ပြောဆိုနေကြပြီး ဟန်ဆောင်နိုင်လွန်းသည်။ သို့သော် သူသည် အိမ်ရှေ့စံ ဖြစ်နေသဖြင့် အဆင့်အတန်းအရ မလာ၍ မရပေ။
ဤသို့ဖြင့် ရှောင်သယ့်ဇီ၏ အတန်တန် ချော့မော့တိုက်တွန်းမှုကြောင့် မနေသာတော့ဘဲ အိမ်ရှေ့စံအတွက် သီးသန့်နေရာသို့ စိတ်မပါတပါဖြင့် ရောက်ရှိလာခဲ့သည်။
သူ၏ နေရာထိုင်ခင်းမှာ ရှေ့ဆုံးနားက ဖြစ်သောကြောင့် မြင်ကွင်းကျယ်ကျယ်ကို မြင်နိုင်သော်လည်း၊ ကံမကောင်းစွာဖြင့် ရှောင်ရှန်းသည် ကပြနေသော ကချေသည်များနှင့် သာယာသော တေးဂီတသံများကို လုံးဝ စိတ်မဝင်စားချေ။
သူသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ အောက်ဘက်ရှိ လူများက အရက်ခွက်ကိုယ်စီဖြင့် ရယ်မော ပျော်ရွှင်နေကြသည်ကို ကြည့်ရင်း မျက်ခွံများ လေးလံလာသည်။ သူသည် အရက်ခွက်ကို ကောက်ကိုင်ကာ အရသာမခံဘဲ ရေအငတ်ပြေ သောက်သကဲ့သို့ တစ်ခွက်ပြီးတစ်ခွက် မော့ချနေလေ၏။
ပွဲတော်များကို အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ကျင်းပနေဆဲပင်။ နိုင်ငံအသီးသီးမှ သံတမန်များမှာ တန်းစီ၍ ရှေ့သို့ထွက်ကာ သာ့ရှဧကရာဇ်ကို ချီးမွမ်းဂုဏ်ပြုစကားများ ဆိုနေကြသည်။
“ တိုင်းပြည်ကြီး ကြွယ်ဝကာ ပြည်သူပြည်သားများ ချမ်းသာပျော်ရွှင်ပါစေ”၊ “ဧကရာဇ်မင်းမြတ်မှာ အမျှော်အမြင်ရှိ၍ သက်တော်ရာကျော် ရှည်ပါစေ” စသည့် စကားလုံးများကို ကြားရသည်မှာ ရှောင်ရှန်းအတွက် ပျို့အန်ချင်စရာ ကောင်းလှသည်။
မင်းသား(၃) ရှောင်ကျင်းနှင့် မင်းသား(၅) ရှောင်ယန်တို့သည်လည်း ယနေ့တွင် ခမ်းနားစွာ ဝတ်ဆင်၍ တက်ရောက်လာကြသည်။ သူတို့နှစ်ဦးမှာ စကားများများစားစား မပြောကြသော်လည်း၊ ပွဲအတွင်းတွင် ၎င်းတို့နှင့် ရင်းနှီးသော အရာရှိများနှင့် အကြည့်ချင်းဖလှယ်ကာ မကြာခဏ အရက်ခွက်ချင်း တိုက်နေကြသည်။
လူအများ၏ စိတ်နှလုံးသားကို သိမ်းသွင်းရန် ကြိုးစားနေကြသည်မှာ သိသာသည်။ ရှောင်ကျင်းမှာ အမြဲတမ်းကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့သော ပုံစံဖြင့် နွေးထွေးသော အပြုံးကို ထိန်းသိမ်းထားသော်လည်း၊ သူ၏ မျက်ဝန်းထဲတွင် ရံဖန်ရံခါ ဖြတ်ပြေးသွားသော အလင်းတန်းများက သူ၏ မတည်ငြိမ်သော စိတ်အခြေအနေကို ပြသနေသည်။
ရှောင်ယန်မှာ ပို၍ပင် ကြွားဝါးသော ပုံစံဖြင့် ရှိနေပြီး ၊ သူသည် စစ်သူကြီးအချို့နှင့် ပျော်ပျော်ပါးပါး စကားပြောရင်း ကျယ်လောင်စွာ ရယ်မောနေသဖြင့် လူအများ၏ အာရုံစိုက်မှုကို ရရှိနေသည်။
အရက်သုံးခွက်ခန့် သောက်ပြီးသောအခါ…
ရှောင်ရှန်းတစ်ယောက် မိမိကိုယ်တိုင် အရက်မည်မျှ သောက်လိုက်သည်ကိုပင် မသိတော့ချေ။ သူ၏ ခေါင်းမှာ အနည်းငယ် လေးလံလာပြီး၊ ရှေ့မှ ကပြနေသော ပွဲလမ်းသဘင် မြင်ကွင်းများမှာလည်း ဝေဝါးလာသည်။
အရက်ရှိန် တက်လာသည်နှင့်အမျှ ပုံမှန်အားဖြင့် ထိန်းချုပ်ထားသော သူ၏ စိတ်မရှည်မှုနှင့် စစ်မှန်သော အတွေးအခေါ်များသည် သံကြိုးမှ လွတ်ထွက်သွားသော သားရဲများအလား စတင် လှုပ်ခတ်လာသည်။
သူသည် မူးဝေနေသော မျက်လုံးများဖြင့် ရှေ့ကလူများ၏ ဟန်ဆောင်နေသော အမူအရာများကို ကြည့်ရင်း ၊ ရင်ထဲမှ ဒေါသများ လျှံတတ်လာခဲ့သည်။
“တကယ်ကို... ပျင်းစရာ ကောင်းလိုက်တာ”
သူသည် ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း၊ ဆူညံနေသော ပွဲလမ်းသဘင်ကြားတွင် သူ၏ အနီးအနားရှိ စားပွဲများမှ လူများမှာ ရှင်းလင်းစွာ ကြားလိုက်ရသည်။
ထိုအချိန်တွင် ဂိုဂူလျော သံတမန်သည် စိတ်အားထက်သန်စွာဖြင့် မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီး “ သာ့ရှနှင့် ဂိုဂူလျောတို့သည် မျိုးဆက်များစွာ မိတ်ဆွေဖြစ်ခဲ့ကြပြီး မဟာမိတ်ဖွဲ့မှုကို ထာဝရ ထိန်းသိမ်းလိုပါသည်” ဟု ပြောကြားခဲ့သည်။
ထိုလှပသော စကားများကို ပြောကြားပြီးနောက် ပြုံးရွှင်နေသော မျက်နှာဖြင့် ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေချိန် ဖြစ်သည်။
ရှောင်ရှန်းသည် သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး၊ မဲ့ပြုံးပြုံးကာ တစ်ခုခုကို မပီမသ ရေရွတ်လိုက်သည် ။
“ချစ်ကြည်ရေးလား အပိုတွေ ၊ နေ့တိုင်း နယ်စပ်မှာ ပြဿနာရှာပြီး ငါတို့ဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေတာ ငါတို့ မသိဘူး မှတ်နေလား ၊ ဒီနေ့ လာတာကလည်း အလကား စားသောက်ပြီး ဆုလာဘ်တွေ အလကား ရချင်လို့ပဲ မဟုတ်လား”
ဤစကားမှာ အသံမကျယ်သော်လည်း တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ သူ၏ အနီးအနားတွင် လှိုင်းထသွားစေသည်။
ဂိုဂူလျော သံတမန်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ၊ မျက်နှာပေါ်က
အပြုံးမှာ တောင့်တင်းသွားကာ နဖူးတွင် ချွေးစေးများ ထွက်လာလေတော့၏။
သူ၏ နောက်ကွယ်မှ ဒုတိယ သံတမန်များမှာလည်း မျက်နှာပျက်သွားကြပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှောင်ရှန်းကို ကြည့်ကာ အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ကြသည်။
ရှောင်းရှန်၏ အနီးအနားတွင် ထိုင်နေသော အခွန်ဝန်ကြီး၊ သံတမန်ရေးရာဝန်ကြီး စသည့် အရာရှိကြီးများမှာ ထိုစကားများကို ကြားသည်နှင့် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ လက်ထဲမှ အရက်ခွက်များကိုပင် လွှတ်ချလုမတတ် ဖြစ်ခဲ့ရသည်။
သူတို့သည် မယုံနိုင်သော မျက်လုံးများဖြင့် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကြပြီး၊ မိမိကိုယ်ကိုယ် နားကြားမှားသလားဟုပင် သံသယ ဝင်နေကြသည်။
ဒါ... ဒါက အိမ်ရှေ့စံတစ်ယောက် က ပြောသင့်တဲ့ စကားလား။
လူတိုင်း အံ့အားသင့်ရာမှ ပြန်သတိမကပ်မီ၊ နန်ယွဲ့တိုင်းပြည်မှ သံတမန်သည်လည်း ၎င်းတို့၏ ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ရန် ရှေ့သို့တိုးလာခဲ့သည် ။
၎င်းမှာ အလွန်လှပစွာ ထွင်းထုထားသော သန္တာပင်ကြီး တစ်ပင်ဖြစ်ပြီး မီးလျှံကဲ့သို့ နီရဲတောက်ပနေကာ ရှားပါးလက်ရာတစ်ခု ဖြစ်သည်။
နန်ယွဲ့တိုင်းပြည် သံတမန်သည် ဤရတနာ၏ နောက်ခံသမိုင်းကို ဂုဏ်ယူစွာဖြင့် ရှင်းပြနေစဉ်မှာပင်၊ ရှောင်ရှန်းသည် ခေါင်းခါလိုက်ပြီး လေချဉ်တစ်ချက် တတ်ကာ ဘာမှ အားမနာဘဲ ဆက်လက် ဝေဖန်တော့သည် ။
“ဟား... နန်ယွဲ့တိုင်းပြည်ဆိုတာက တောတောင်ထူထပ်ပြီး အဆိပ်ရှိတဲ့ ပိုးမွှားတွေ ပေါတဲ့နေရာပဲ၊ ပေးလိုက်တဲ့ ပစ္စည်းကတော့ ကြည့်ကောင်းပါရဲ့၊ ဒါပေမဲ့ တစ်ပြားမှ အသုံးမကျဘူး”
“ကြည့်ရတာပဲ လှတာ၊ စားလို့ရမှာလား၊ ဝတ်လို့ရမှာလား…အဲဒီအစား ဆန်နဲ့ အထည်တွေ ပို့ပေးတာကမှ စေတနာ ရှိတယ်လို့ ပြောလို့ရဦးမယ်”
“ဗူး—“
ဘေးစားပွဲမှ အရာရှိငယ်တစ်ဦးမှာ သောက်လက်စ အရက်များကို မထိန်းနိုင်တော့ဘဲ ပန်းထုတ်လိုက်ပြီး၊ ချောင်းများ တဟွပ်ဟွပ် ဆိုးကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
နန်ယွဲ့တိုင်းပြည် သံတမန်၏ မျက်နှာမှာ ချက်ချင်းပင် အရောင်ပြောင်းသွားပြီး သန္တာပင်ကို ကိုင်ထားသော လက်များမှာ တဆတ်ဆတ် တုန်လာလေ၏။
ဒီအိမ်ရှေ့စံမင်းသားက မူးပြီး ရူးနေတာလား ဒါမှမဟုတ် တမင်တကာ ပြဿနာရှာနေတာလား ဟ….
ဤစကားများကို နားထောင်ရသည်မှာ အတော်လေး ခါးသီးလှပေ၏။
အခန်း (၁၆)
ရှောင်ရှန်း တစ်ယောက် ပြောရသည်မှာ အရသာတွေ့နေပုံရပြီး ၊ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ သရဲသဘက် မြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေသော မျက်နှာပေးများကို နည်းနည်းလေးမှ သတိမထားမိပေ။
သူသည် အရက်ခွက်ကို မော့ကာ နောက်ထပ်တစ်ငုံ သောက်လိုက်ပြီးနောက် မူးဝေနေသော မျက်လုံးများဖြင့် နန်းဆောင်အတွင်းရှိ မတ်မတ်ထိုင်နေကြသော အရာရှိများကို ဝေ့ကြည့်ကာ လက်ညှိုးထိုးလျက် သူ၏ “နိုင်ငံရေး ဝေဖန်ချက်” များကို စတင် ထောက်ပြလေတော့၏ ။
“ပြီးတော့ မင်းတို့ အရာရှိတွေလည်း အတူတူပဲ၊ တစ်ယောက်ချင်းစီက ကြည့်လိုက်ရင်တော့ လူကြီးလူကောင်းတွေလိုပဲ၊ တကယ်တော့ ဗိုက်ထဲမှာတော့ ပြည့်တန်ဆာတွေနဲ့ ပြည့်နေတာ... အဲ... မဟုတ်ဘူး၊ အချင်းချင်း တိုက်ခိုက်ဖို့ပဲ ကြံနေကြတာ”
သူသည် တစ်ခုခုကို တွေးမိသွားပုံရကာ တဟားဟား ရယ်ကာ ဆက်ပြောသည်။
“ဥပမာ အလုပ်သမားဝန်ကြီးဌာနကို ကြည့်၊ အရာရှိ ရွေးချယ်ရာမှာ ဝါစဉ်အလိုက်ပဲ ကြည့်တယ်၊ နှစ်ကြာရင် ရာထူးတက်မယ်ဆိုတော့ တကယ် အရည်အချင်းရှိတဲ့သူတွေက မြှုပ်နှံခံထားရတယ်၊ ဒါဟာ ဟာသပဲ”
“ အခွန်ဌာန လည်း အတူတူပဲ၊ စာရင်းဇယားတွေ လုပ်ထားတာ ရှုပ်ထွေးနေတာပဲ ဘာမှ ရှင်းရှင်းလင်းလင်း မရှိဘူး၊ နှစ်တိုင်း ဘတ်ဂျက်တွေ အများကြီး ချပေးပေမဲ့ တကယ်တမ်း ပြည်သူ့အတွက် ဘယ်လောက် သုံးဖြစ်သလဲ၊ ကောင်းကင်ဘုံပဲ သိလိမ့်မယ်”
“ဆောက်လုပ်ရေး ဝန်ကြီးဌာနဆိုရင် ပိုဆိုးတယ်၊ မြစ်ရေကာတာ တစ်ခုကို သုံးနှစ်ကြာအောင် ဆောက်တာတောင် မပြီးဘူး၊ ပစ္စည်း ခိုးထုတ်တာ မဟုတ်ရင် အဆင့်ဆင့် ဖြတ်စားနေကြတာ၊ နောက်ဆုံး ဒုက္ခရောက်တာက ပြည်သူတွေပဲ မဟုတ်လား”
သူသည် တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုနေခြင်းမှာ အဆိပ်လူးထားသော မြားများအလား ဌာနအသီးသီး၏ အားနည်းချက်များကို တည့်တည့်မတ်မတ် ထိုးနှက်နေတော့သည်။
အသံမှာ အရက်ရှိန်ကြောင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း အကြောင်းအရာများမှာမူ အလွန်ပင် ရှင်းလင်းပြီး ၊ အုပ်ချုပ်ရေး ယန္တရား၏ ပုပ်သိုးနေသော အနှစ်သာရကို တိုက်ရိုက် ထောက်ပြနေ၏။
ယခုအခါ နန်းဆောင်၏ ရှေ့တန်းဧရိယာ တစ်ခုလုံးမှာ သေလူတစ်ယောက်ကဲ့သို့ လုံးဝ တိတ်ဆိတ်သွားသည်။ဝေးကွာသော နေရာမှ ထွက်ပေါ်နေသည့် တေးဂီတသံများသာ သာယာစွာ လွင့်ပျံနေပြီး၊ ရှေ့က ထူးဆန်းသော တိတ်ဆိတ်မှုနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။
အမည်တပ်၍ အပြောခံလိုက်ရသော ဌာနဆိုင်ရာ အရာရှိများ၏ မျက်နှာမှာ ဖြူဖပ်သွားရာမှ ပြာနှမ်းသွားကြပြီး၊ တစ်ဖန် မည်းချိတ်သွားကြသည်။ နဖူးတွင် ချွေးစေးများ ထွက်ကာ ကျောဘက်မှ အဝတ်အစားများပင် ချွေးများဖြင့် စိုရွှဲကုန်သည်။
“ဘဝကို အရှုံးပေးနေထိုင်သူ “ အဖြစ် နာမည်ကြီးသော အိမ်ရှေ့စံမင်းသားသည် မူးလာလျှင် ဤမျှအထိ နှုတ်ကြမ်းကာ ရဲရဲဝံ့ဝံ့ ပြောဆိုလိမ့်မည်ဟု မည်သူမျှ ထင်မထားကြပေ။
ဒါက မူးပြီး ပြောတဲ့စကားတွေလား.. ဒါက သူတို့ အပြင်မှာထုတ်မပြောရဲတဲ့ ကိစ္စတွေကို အကုန်လုံး ပြောထုတ်လိုက်တာ မဟုတ်လား..
ဘေးစားပွဲများမှ မင်းသားများနှင့် အမတ်ကြီးများမှာလည်း ဝိညာဉ်လွင့်ထွက်မတတ် ထိတ်လန့်နေကြသည်။
မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာပေါ်မှ အပြုံးမှာလည်း ပျောက်ကွယ်သွားပြီး မှောင်မိုက်မှုများ အစားထိုး ဝင်ရောက်လာကာ၊ သူ၏ မျက်ဝန်းထဲတွင် သံသယနှင့် အမျက်ဒေါသများ ဖြတ်ပြေးသွားလေ၏။
မင်းသား(၅) ရှောင်ယန်သည်လည်း သူ၏ယခင်က ထောင်လွှားမှုကို ဖယ်ရှားလိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှောင်ရှန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။
ဝါရင့် အမတ်ကြီးအချို့မှာ စိတ်ပူပန်လွန်းသဖြင့် ခြေမကိုင်လက်မကိုင် ဖြစ်နေကာ ရှောင်ရှန်းကို ပါးစပ်ပိတ်ထားရန် မျက်ရိပ်ပြနေလေ၏။
သို့သော် ရှောင်ရှန်းမှာ အမူးလွန်နေသဖြင့် ၎င်းတို့၏ အချက်ပြမှုများကို မမြင်သည့်အပြင်၊ သူနှင့် စကားပြောနေသည်ဟု မှတ်ယူကာ ပို၍ပင် အားတက်သရော ပြောလေတော့သည်။
“ပြီးတော့ ဟို... ဟို နယ်စပ်က စစ်သူကြီးတွေ ရှိသေးတယ်၊ ရိက္ခာနဲ့ လစာပဲ တောင်းတတ်ကြတာ၊ စစ်တိုက်တာကတော့... ဖွတ်ချီးပဲ...”
ဤစကားများ ထွက်လာသည်နှင့် စစ်သူကြီးအချို့မှာ မျက်နှာများပျက်သွားကြသည်။
မလှမ်းမကမ်းတွင် ထိုင်နေသော မင်းသမီးကြီး ရှောင်နီရှန်း၏ လှပသော မျက်နှာမှာလည်း နှင်းခဲများ ဖုံးလွှမ်းသွားသည့်အလား အေးစက်သွားသည်။
သူမသည် မျက်ခုံးများ ပင့်ကာ ဒေါသတကြီးဖြင့် သူမ၏ အသုံးမကျသော မောင်တော်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ပူထူနေပြီး ရှောင်ရှန်း၏ ပါးစပ်ကို အပြေးအလွှား သွားပိတ်ချင်နေမိသည်။
ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ဤမျှအထိ ရူးကြောင်ကြောင် ပြောရဲသည်မှာ တော်ဝင်မိသားစုတစ်ခုလုံး၏ မျက်နှာကို အိုးမည်းသုတ်လိုက်ခြင်းပင်။
သူမ၏ စိတ်ထဲတွင် ကျိန်ဆဲနေမိသည် ။
“ ဒီကောင် ရှောင်ရှန်း တကယ်ပဲ ရူးသွားတာလား၊ ဒါမှမဟုတ် ကိုယ့်သေတွင်းကို တူးနေတာလား”
ပွဲလမ်းသဘင်တစ်ခုလုံး၏ လေထုမှာ ရှောင်ရှန်း၏ “မူးမူးဖြင့် အမှန်အတိုင်း ပြောဆိုမှု” ကြောင့် အလွန် ထူးဆန်းကာ တင်းမာသွားလေသည်။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ် ရှောင်ယွမ် တစ်ဦးတည်းသာ အစမှအဆုံး မျက်နှာအမူအရာ မပျက်ဘဲ ရှိနေသည်။ သူ၏ နက်နဲသော အကြည့်များမှာ ရှောင်ရှန်းပေါ်သို့ ကျရောက်နေပြီး၊ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု သို့မဟုတ် ဒေါသထွက်မှု အရိပ်အယောင်ကို အနည်းငယ်မျှပင် မတွေ့ရချေ။
အရာအားလုံးမှာ သူနှင့် မသက်ဆိုင်သည့်အလား၊ သို့မဟုတ် အရာအားလုံးကို ကြိုတင်သိရှိနေသည့်အလား ရှိနေသည်။ သူသည် အရက်ခွက်ကို ကိုင်ကာ အသာအယာ မော့လိုက်သည်။ ဤအခိုက်အတန့်တွင်၊ ဤနက်နဲလှသော ဧကရာဇ်မင်းကြီးသည် ဘာကို တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“အိမ်ရှေ့စံမင်းသား... စကားကို ဆင်ခြင်ပါဦး”
နောက်ဆုံးတွင် အမတ်ချုပ် လင်ပေါ်ရုံမှာ မနေနိုင်တော့ဘဲ တုန်တုန်ရင်ရင်ဖြင့် ထရပ်ကာ၊ စိုးရိမ်ထိတ်လန့်သော လေသံဖြင့် ရှောင်ရှန်းကို ဆက်မပြောရန် တားဆီးလိုက်သည်။
ရှောင်းရှန်သည် တစ်စုံတစ်ဦး၏ စကားပြောသံကို ကြားလိုက်ပုံရပြီး မူးမူးဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ သူသည် လင်ပေါ်ရုံကို ကြည့်ပြီး သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည် ။
“အမတ်ချုပ်... ခင်ဗျားလည်း ကျွန်တော်ပြောတာ မှန်တယ်လို့ ထင်တယ် မဟုတ်လား အဲ... ကျွန်တော် ပြောပြမယ်၊ ဒီလောကကြီးက ခင်ဗျားတို့လို...”
စကားမဆုံးသေးမီမှာပင် ရှောင်ရှန်း၏ ခေါင်းမှာ စားပွဲပေါ်သို့ ဘေးတိုက် ကျသွားပြီး ခပ်တိုးတိုး ဟောက်သံများ ထွက်ပေါ်လာကာ ထိုနေရာမှာတင် အိပ်ပျော်သွားခဲ့သည်။
လင်ပေါ်ရုံ၏ ဆန့်ထုတ်ထားသော လက်မှာ လေထဲတွင် တောင့်တင်းသွားပြီး၊ ပြောရန်ပြင်ဆင်ထားသော စကားများမှာလည်း လည်ချောင်းဝတွင် တစ်ဆို့သွားကာ မျက်နှာအိုကြီးမှာ နီမြန်းနေတော့သည်။
တိတ်ဆိတ်နေ၏။
သေလူကဲ့သို့ပင် တိတ်ဆိတ်မှုကြီး တစ်ခုက ဤနေရာကို စိုးမိုးထားသည်။
လူတိုင်း၏ အကြည့်မှာ စားပွဲပေါ်တွင် မှောက်လျက်သား ဟောက်နေသော အိမ်ရှေ့စံမင်းသားထံသို့ လည်းကောင်း၊ နဂါးပလ္လင်ပေါ်မှ နက်နဲလှသော ဧကရာဇ်မင်းမြတ်ထံသို့ လည်းကောင်း စုပြုံရောက်ရှိသွားကြတော့သည်။