အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇)- အရက်မူး၍ ပြောသောစကားများက ကျင့်သုံးရမည့် စည်းမျဉ်းဖြစ်လာခြင်း
တည်ခင်းဧည့်ခံပွဲမှာ ကမန်းကတန်းပင် ပြီးဆုံးသွားခဲ့သည်။ နန်းဆောင်အတွင်းရှိ မှူးမတ်အရာရှိကြီးများသည် အုပ်စုငယ်လေးများဖွဲ့ကာ စုရုံးနေလေ၏။
“အိမ်ရှေ့စံမင်းသား ပြောခဲ့တဲ့စကားတွေက... တကယ်ပဲ အတည်လား”
အရာရှိငယ်တစ်ဦးက တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
“သူက မူးနေတာလေ၊ မူးနေတာ…ဒါကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ”
သံတမန်ရေးရာဝန်ကြီးမှာ နဖူးပေါ်မှ ချွေးစေးများကို သုတ်ရင်း တုန်ယင်စွာဖြင့် ပြန်ပြောလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ သိသိသာသာ ရှိနေခဲ့သည်။
အိမ်ရှေ့စံ ပြောခဲ့သော စကားများသည် အရက်မူး၍ပြောသော စကားများ ဖြစ်သော်လည်း ၊ နန်းဆောင်အတွင်းရှိ အရာရှိများအားလုံး၏ အတွင်းရေးများကို အကုန်အစင် ထုတ်ဖော်လိုက်မှန်း သူ ကောင်းကောင်းသိသည်။
ဂိုဂူလျော၏ နယ်စပ်ပြဿနာ၊ နန်ယွဲ့၏ အလကားရယူလိုသော အကြံအစည်၊ အလုပ်သမားဝန်ကြီးဌာန၏ ဝါစဉ်အလိုက် နေရာပေးမှု၊ အခွန်ဝန်ကြီးဌာန၏ ရှုပ်ထွေးလှသော စာရင်းဇယားများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အရည်အသွေးမမီသော စီမံကိန်းများ...
ဤပြသနာများကို လူတိုင်းသိသော်လည်း မည်သူမျှ ထုတ်မပြောရဲကြပေ။
ယခုမူ အိမ်ရှေ့စံသည် လူပုံအလယ်တွင် အကုန်ဖွင့်ချလိုက်ပြီ ဖြစ်ရာ၊ မနက်ဖြန် ညီလာခံတွင် အခြေအနေ မည်သို့ဖြစ်လာမည်ကို သူ မတွေးရဲအောင်ပင်။
နန်းတော်တစ်ခုလုံးသာမက မြို့တော်၏ အထက်တန်းလွှာများကြားတွင်ပင် ထိုညတွငိ ဆူညံပွက်လောရိုက်သွားခဲ့သည်။
အိမ်ရှေ့စံမင်းသား၏ “အရက်မူးမူးဖြင့် အမှန်အတိုင်း ပြောဆိုခြင်း” ကောလာဟလများသည် အတောင်ပံပါသည့်အလား အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
အိမ်ရှေ့စံ၏ “ဝေဖန်မှု” ကို ခံလိုက်ရသော အရာရှိတိုင်းမှာ မိမိတို့၏ ရာထူးများ အချိန်မရွေး ပျောက်ဆုံးသွားမည့်အရေးကို တွေးမိရင်း ထိတ်လန့်တုန်လှုပ်ကာ တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေကြသည်။
မင်းသား(၃) ရှောင်ကျင်း၏ စာကြည့်ခန်းအတွင်း၌ ၊
သူသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို အမှုန့်ဖြစ်သွားသည်အထိ ညှစ်ခြေထားပြီး မျက်ဝန်းထဲတွင် အမျက်ဒေါသနှင့် နားမလည်နိုင်မှုများ ရောယှက်နေသည်။
ရှောင်ရှန်း၏ မူးမူးရူးရူး စကားများသည် ထက်မြက်ကာ ပြတ်သားသည်။ တိုက်ရိုက် ရည်ညွှန်းခံရသူမှာ သူ မဟုတ်သော်လည်း ၊ ထိုကဲ့သို့ “အရာရာကို ထိုးဖောက်မြင်နိုင်စွမ်း” ရှိသည့် ထက်မြက်မှုက သူ့အတွက် မကြုံစဖူး ခြိမ်းခြောက်မှုကို ခံစားရစေသည်။
“အသုံးမကျသူ” တစ်ယောက်ဟု သူ အမြဲတမ်း သတ်မှတ်ထားခဲ့သော ဤညီတော်မှာ အဘယ်ကြောင့် လူတိုင်းကို အံ့အားသင့်စေအောင် ပြုစားနိုင်သနည်း။
မဟုတ်မှလွဲရော ဒါက တကယ်ပဲ ဝက် ဟန်ဆောင်ပြီး ကျားကို စားမယ့် သူ့ရဲ့ နောက်ထပ် အကွက်တစ်ခုလား…
နောက်တစ်နေ့ နံနက် ညီလာခံတွင် ၊
ခန်းမဆောင်ထဲရှိ လေထုမှာ ထူးထူးခြားခြား လေးလံနေပြီး ယခင်ညက ပွဲလမ်းသဘင်ထက်ပင် ပို၍ တင်းမာနေသည်။
ပုံမှန်အားဖြင့် တိုးတိုးတိုးတိုး စကားပြောတတ်သော အမတ်ကြီးများမှာ ယခုအခါတွင် အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်နေကြပြီး၊ ခေါင်းကို မတ်မတ်ထားကာ မျက်လုံးထောင့်မှနေ၍ ပတ်ဝန်းကျင်ရှိ လူများကိုသာ အကဲခတ်နေကြသည်။
အထူးသဖြင့် နဂါးပလ္လင်ပေါ်မှ ဧကရာဇ်မင်းမြတ်ကို အလွန်ပင် သတိထားနေကြသည်။ လူတိုင်းမှာ ဧကရာဇ် ရှောင်ယွမ်သည် အိမ်ရှေ့စံ၏ “အရက်မူးမူးဖြင့် ပြောသောစကားများ” အပေါ် မည်သို့ သဘောထားမည်ကို ရင်တမမဖြင့် ခန့်မှန်းနေကြသည်။
ညီလာခံမှာ စတင်ခဲ့လေပြီ။
ပထမဆုံးအနေဖြင့် ဂိုဂူလျော သံတမန်အဖွဲ့မှ ယမန်နေ့က တင်ပြခဲ့သော ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် ဂိတ်များ ပိုမို ဖွင့်လှစ်ပေးရန် တောင်းဆိုချက်ကို တင်ပြလာခဲ့သည်။
သံတမန်ရေးရာဝန်ကြီးသည် စိတ်ကိုတင်းထားပြီး ထုံးစံအတိုင်း “အိမ်နီးချင်းကောင်း ပီသခြင်း” ၏ အရေးပါပုံကို ရှင်းပြလေ၏။
ထို့နောက် နန်ယွဲ့မှ သံတမန်ကလည်း “တောင်ပိုင်းနယ်စပ်ရှိ ကပ်ရောဂါ” နှင့် “လူရိုင်းများ၏ ကျူးကျော်မှု” ကို ရင်ဆိုင်ရန်အတွက် သာ့ရှမင်းဆက်မှ ရိက္ခာနှင့် လက်နက်များ ကူညီပေးပါရန် တောင်းဆိုသော သဝဏ်လွှာကို တင်ပြပြန်သည်။
အခွန်ဌာနနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ မျက်နှာပျက်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ငြင်းခုံလေတော့၏။
တစ်ဖက်ကလည်း နိုင်ငံကြီးပီသစွာ ကူညီသင့်သည်ဟု ဆိုသော်လည်း၊ အခြားတစ်ဖက်ကမူ နိုင်ငံတော် ဘဏ္ဍာတိုက် အခြေအနေနှင့် နယ်စပ်မငြိမ်သက်မှုကို အကြောင်းပြကာ အလွယ်တကူ မကူညီသင့်ကြောင်း ပြောဆိုပြန်၏။
အငြင်းပွားမှုမှာ နာရီဝက်ခန့် ကြာသွားပြီး နန်းဆောင်အတွင်းရှိ လေထုမှာ ပို၍ တင်းမာလာသော်လည်း တိကျသော ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ပေ ။
ထိုအချိန်တွင် ဧကရာဇ်မင်း ရှောင်ယွမ်၏ နက်ရှိုင်းပြီး ထိုးထွင်းသိမြင်နိုင်သော အသံသည် ခန်းမဆောင်အတွင်း အကျပ်အတည်းကို ဖြိုခွင်းလိုက်သည်။
သူသည် လက်ကို အသာအယာ မြှောက်ကာ အားလုံးကို တိတ်ဆိတ်စေခဲ့သည်။ ရွှေနဂါးသရဖူအောက်ရှိ သူ၏ နက်ရှိုင်းသော မျက်ဝန်းများသည် ပို၍ ခမ်းနားထည်ဝါစွာ ထင်ဟပ်နေသည်။
သူသည် မှူးမတ်အားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် သံတမန်ရေးရာဝန်ကြီးနှင့် အခွန်ဝန်ကြီးတို့အပေါ်သို့ အကြည့်ရောက်သွားသည်။
“မနေ့က ဂိုဂူလျောနဲ့ နန်ယွဲ့တိုင်းပြည် အပေါ် အိမ်ရှေ့စံရဲ့ အမြင်ဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ငါ ကိုယ်တော် ထင်တယ်”
ဤစကားများ ထွက်လာသည်နှင့် ၊ နန်းဆောင်အတွင်း မိုးကြိုပစ်ချခံလိုက်ရသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လူတိုင်း၏ နှလုံးခုန်သံများပင် တစ်ချက် တစ်ချက် ရပ်တန့်သွားသည့်အလား။ အိမ်ရှေ့စံမင်းသား၏ “မူးမူးရူးရူးဖြင့် ပြောခဲ့သော စကားများ” ကို ဧကရာဇ်မင်းက တကယ်ပင် နားထောင်ခဲ့လေသလော။ ထို့အပြင် ကျိုးကြောင်းဆီလျော်သည်ဟုပင် ဆိုလိုက်သေး၏။
အမည်တပ် ခေါ်ယူခံလိုက်ရသော ဝန်ကြီးနှစ်ဦးမှာ ခေါင်းကို ရေခဲရေဖြင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
သူတို့သည် ယမန်နေ့က အိမ်ရှေ့စံ၏ မူးမူးရူးရူး ပြောခဲ့သော ဤရယ်စရာကောင်းသော “အမှန်တရားများ” မှာ လေထဲတွင် ပျောက်ကွယ်သွားလိမ့်မည်ဟု ယူဆခဲ့ကြသော်လည်း၊ ယခုမူ ဧကရာဇ်မင်းမြတ်က ၎င်းတို့ကို မူအဖြစ် ကျင့်သုံးရန်လုပ်နေသည် မဟုတ်လော။
“သံတမန်ရေးရာ ဝန်ကြီးဌာန၊ အခွန် ဝန်ကြီးဌာန”
ဧကရာဇ်မင်း ရှောင်ယွမ်၏ အသံမှာ အတက်အကျမရှိ တည်ငြိမ်နေသည်။
“ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မင်းတို့ အချင်းချင်း ညှိနှိုင်းလိုက်ကြ”
ဝန်ကြီးနှစ်ဦးနှင့် သက်ဆိုင်ရာ အရာရှိများသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် အရသာကို ခံစားလိုက်ရပြီး ချွေးအေးများက နားထင်တစ်လျှောက် စီးကျလာကြသည်။ သူတို့သည် စိတ်ကိုတင်းကာ “ဆွေးနွေးမှု”ကို စတင်လိုက်သည်။
“အိမ်ရှေ့စံမင်းသားက ဂိုဂူလျောဟာ... ‘နေ့တိုင်း နယ်စပ်မှာ ပြဿနာရှာပြီး ကျွန်တော်တို့ဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေတာ’ လို့ မိန့်ကြားခဲ့တယ်...”
အခွန်ဝန်ကြီးမှာ သူ၏ ခြောက်ကပ်နေသော လည်ချောင်းဖြင့် ထို “မူးမူးရူးရူး စကားများ” ကို ခက်ခက်ခဲခဲ ပြန်လည် ရွတ်ဆိုလိုက်ရသည်။
“ဒါဆို အိမ်ရှေ့စံရဲ့ ရည်ရွယ်ချက်က ဂိုဂူလျောအပေါ်မှာ တင်းမာတဲ့ ပေါ်လစီကို ကျင့်သုံးဖို့ ရည်ရွယ်ထားတာလား”
သံတမန်ရေးရာဝန်ကြီးခမျာ ထိုရှုပ်ထွေးနေသော မူးမူးရူးရူး ပြောဆိုခဲ့သည့် စကားလုံးများထဲမှ “နက်နဲသော အဓိပ္ပာယ်” ကို ဖော်ထုတ်ရန် ကြိုးစားရင်း သတိထား၍ မေးလိုက်သည်။
အရာရှိအချို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ နောက်ဆုံးတွင် ရှောင်ရှန်း၏ “ချစ်ကြည်ရေးက အပိုတွေ” ဟူသော စကားကို “အလျှော့ပေးနေရုံနှင့် မရဘဲ အင်အားပြ၍ ထိန်းညှိရမည်” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုလေတော့၏။
သူတို့သည် ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်စေကာ “အပေါ်ယံတွင် ဂိုဂူလျောနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပုံပေါက်သော်လည်း ၊ လက်တွေ့တွင် နယ်စပ်ကာကွယ်ရေးကို တိုးမြှင့်ကာ ကုန်သွယ်ရေး သတ်မှတ်ချက်များတွင် တရားမဝင် ကုန်သွယ်မှုကို လျှော့ချရန်နှင့် ရှားပါးသတ္တု တင်ပို့မှုကိုပါ ထည့်သွင်းရန်” ဟူသော နည်းဗျူဟာတစ်ခုကို ချမှတ်လိုက်ကြသည်။
နန်ယွဲ့တိုင်းပြည်နှင့် ပတ်သက်၍၊ ရှောင်ရှန်း၏ “ကြည့်ရတာပဲ လှတာ၊ စားလို့ရမှာလား၊ ဝတ်လို့ရမှာလား ၊ အဲဒီအစား ဆန်နဲ့ အထည်တွေ ပို့ပေးတာကမှ စေတနာ ရှိတယ်လို့ ပြောလို့ရဦးမယ်” ဟူသော စကားသည် သူတို့ကို အတော်လေး ခေါင်းခြောက်စေခဲ့သည်။
နောက်ဆုံးတွင် သူတို့၏ ဆုံးဖြတ်ချက်မှာ နန်ယွဲ့တိုင်းပြည်ကို ကူညီနိုင်သော်လည်း လက်ချည်းသက်သက် မကူညီဘဲ၊ အပြန်အလှန်အားဖြင့် နန်ယွဲ့တိုင်းပြည်ဘက်မှ စစ်ရေးအရ အချက်အချာကျသော နေရာအချို့ကို ပေးအပ်ရန် သို့မဟုတ် အလဲအလှယ်အဖြစ် ရှားပါးဆေးဖက်ဝင် အပင်များ ထွက်ရှိသော တောင်ကြားဒေသကို ပေးအပ်ရန် တောင်းဆိုလိုက်ကြသည်။
အခန်း (၁၈)
“အိမ်ရှေ့စံမင်းသား၏ အမျှော်အမြင်ကြီးမားမှုအပေါ် အခြေခံထားသော” ဤနည်းဗျူဟာများကို ဧကရာဇ်မင်းထံ တင်ပြသောအခါ၊ ဧကရာဇ်မင်း ရှောင်ယွမ်သည် တစ်ချက်ကြည့်ရုံဖြင့် အတည်ပြုပေးခဲ့သည်။
ဤမျှနှင့်တင် မပြီးသေးချေ။ ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်မှာ အလုပ်သမား ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ထံသို့ လှည့်သွားပြန်သည်။
“ အလုပ်သမားဝန်ကြီးဌာနရဲ့ ဝါစဉ်အလိုက် ရာထူးပေးမှုနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ မြစ်ရေကာတာ ပြုပြင်တဲ့ ကိစ္စတွေမှာလည်း အိမ်ရှေ့စံပြောတာ ကျိုးကြောင်းသင့်တယ်လို့ ငါကိုယ်တော် ထင်မြင်မိတယ်”
ရှောင်ယွမ်၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း၊ အပြောခံလိုက်ရသော အမတ်နှစ်ဦး၏ နားထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
“ အလုပ်သမားဝန်ကြီးဌာနက မကြာသေးမီနှစ်တွေအတွင်းက အရာရှိတွေရဲ့ ရာထူးတိုးစာရင်းတွေကို ချက်ချင်း စစ်ဆေးရမယ် ၊ အရည်အချင်းမရှိဘဲ နေရာဝင်ယူထားသူတွေ ရှိမရှိ အသေအချာ ရှာဖွေစမ်း”
“ ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း လူအင်အားစုပြီး တစ်နိုင်ငံလုံးက အရေးကြီးတဲ့ ရေဆိုးထုတ်စနစ်နဲ့ ရေကာတာတွေကို ပြန်စစ်ရမယ်”
“ အထူးသဖြင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ပြုပြင်ခဲ့တဲ့ ရေကာတာတွေကို အရည်အသွေး ပြည့်မပြည့် သေချာစစ်ဆေးကြ….”
“ပစ္စည်းခိုးတာပဲဖြစ်ဖြစ်၊ အဆင့်ဆင့် ဖြတ်စားတာပဲဖြစ်ဖြစ် တွေ့ခဲ့ရင်တော့ ပါဝင်ပတ်သတ်သူတိုင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”
အမတ်နှစ်ဦးခမျာ မိုးကြိုးပစ်ခံလိုက်ရသလိုပင် ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားလေ၏။
အိမ်ရှေ့စံမင်းသား၏ မူးမူးရူးရူးဖြင့် ညည်းတွားခဲ့သော စကားများသည် ဤမျှ အကြီးအကျယ် နဂါးမျက်စိတော် စူးစေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ဤသည်မှာ သူတို့ဌာန၏ အရှက်ကို လူပုံအလယ်တွင် ဖြည်ချလိုက်သလိုပင်။
ညီလာခံ ပြီးဆုံးသွားပြီးနောက်တွင် ၊ တစ်နန်းတော်လုံး တုန်လှုပ်သွားခဲ့ရသည်။
ရက်အနည်းငယ် ကြာပြီးနောက် အံ့အားသင့်ဖွယ်ရာ ရလဒ်များ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။
ဂိုဂူလျော သံတမန်အဖွဲ့သည် ဆွေးနွေးပွဲတွင် သိသိသာသာ ငြိမ်ကျသွားပြီး၊ သာ့ရှဘက်မှ တင်ပြသော တင်းကျပ်သည့် အချက်အလက်များကို တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် လက်ရှိ ကုန်သွယ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် အလျှော့ပေးကာ အချက်အလက် အများစုကို သဘောတူလိုက်ရသည်။
နန်ယွဲ့မှ သံတမန်မှာလည်း ခါးသီးသော မျက်နှာထားဖြင့် နောက်ထပ် သဝဏ်လွှာတစ်ခုကို တင်သွင်းခဲ့ရလေ၏။
ထိုထဲတွင် တောင်ကြားအချို့နှင့် နယ်စပ်မြို့ငယ်လေး အချို့ကို “အကူအညီ” အတွက် အလဲအလှယ်တစ်ခုအဖြစ် ထည့်သွင်းပေးခဲ့ရာ၊ ၎င်းတို့၏ တန်ဖိုးမှာ အရင်က ပေးခဲ့သော သန္တာပင်ထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။
ပြည်တွင်းရေးဘက်တွင်လည်း အလုပ်သမား ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့၏ စစ်ဆေးမှုမှ ထူးခြားသော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။အလုပ်သမား ဝန်ကြီးဌာနသည် ရာထူးနှင့် မထိုက်တန်သော အသုံးမကျသည့် အရာရှိအချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ထိုထဲမှ တစ်ဦးမှာ အခြားသော မင်းသားတစ်ပါး၏ အပေါင်းအပါ ဖြစ်နေသဖြင့် အမြစ်ပါမကျန် တူးဖော်ခံလိုက်ရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည်လည်း ရေကာတာများကို ပြန်စစ်ဆေးရာတွင် “အပေါ်ယံဟန်ပြ” စီမံကိန်းအချို့ကို အမှန်တကယ်ပင် တွေ့ရှိခဲ့ပြီး၊ အဂတိလိုက်စားသော အရာရှိများနှင့် မရိုးသားသော ကုန်သည်အချို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ရက်ပိုင်းအတွင်းမှာပင် ရှုပ်ထွေးနေသော နိုင်ငံခြားရေး ပြဿနာများ ပြေလည်သွားခဲ့သလို၊ အစိုးရအတွင်းပိုင်းမှ နှစ်ရှည်လများစွာ အမြစ်တွယ်နေသော ပုပ်သိုးမှုများကိုလည်း သန့်စင်နိုင်ခဲ့သည်။
နန်းတွင်းထဲရှိ လေထုမှာ ချက်ချင်းပင် သန့်စင်သွားခဲ့ပြီး ၊ ဤအရာအားလုံးမှာ အိမ်ရှေ့စံမင်းသား၏ “အရက်မူးမူးဖြင့် ပြောဆိုခဲ့သော အမှန်တရား”များကြောင့်သာ။
အမတ်ချုပ်ကြီး လင်ပေါ်ရုံမှာ အမတ်များ၏ ရှေ့ဆုံးနေရာတွင် ရပ်နေရင်း သူ၏ ဖြူဆွတ်သော မုတ်ဆိတ်မွေးများမှာ တလှုပ်လှုပ် ဖြစ်နေလေ၏။
ဤအပြောင်းအလဲများကို ကြည့်ရင်း သူသည် အတော်လေး အံ့အားသင့်ခဲ့ရသည်။
သူသည် ရှောင်ရှန်းကို ရူးကြောင်ကြောင် မင်းသားတစ်ပါးဟုသာ ထင်မှတ်ခဲ့သည်။ အိမ်ရှေ့စံဖြစ်လာခြင်းမှာလည်း ဧကရာဇ်မင်းမှ အင်အားစုများအကြား ထိန်းညှိရန် အသုံးချခံရသည့် နယ်ရုပ်တစ်ခုသာ ဖြစ်ကာ၊ မကြာခင် သူ့ဟာသူ နန်းချခံရအောင် လုပ်လိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် ယခုတွင်မူ ရှောင်ရှန်း၏ “မူးမူးရူးရူး ထွက်လာသော စကားများ” မှတစ်ဆင့် သူ၏ အစွမ်းအစများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ ရိုးရိုးတန်းတန်း တိုက်ဆိုင်မှုတစ်ခုဆိုတာထက် ပိုပေသည်။
‘ငါ တကယ်ပဲ လူအကဲခတ် မှားသွားတာလား၊ ဒီကောင်လေးက... တကယ်ပဲ သူ့ရဲ့ထက်မြက်မှုကို ဖုံးကွယ်ထားတာလား’
‘ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး… သူက စာမတတ်ပေမတတ် အသိဉာဏ်မရှိတဲ့ အရူးတစ်ယောက်ပဲဟာ…ဒါဟာ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်”
လင်ပေါ်ရုံသည် စိတ်ထဲတွင် ထိုအတွေးကို ထပ်ခါထပ်ခါ ရေရွတ်နေမိသော်လည်း၊ ငြင်းဆိုလေလေ သံသယစိတ်က ပို၍ ကြီးထွားလာလေ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ အရှေ့နန်းဆောင်၌…
ရှောင်ရှန်းသည် အရက်နာကျနေသော ခေါင်းကို လက်နှင့်ဖိကာ ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ထလာခဲ့သည်။ ရှောင်သယ့်ဇီမှာ စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အနားသို့ တိုးကပ်လာကာ ၊ လွန်ခဲ့သော ရက်ပိုင်းအတွင်း နန်းတော်၌ ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းကို သိသိသာသာ ချဲ့ကားပြောပြလေ၏။
“အရှင့်သား... အရှင့်သားက နတ်ဘုရားတစ်ပါးလို ဉာဏ်ထက်မြက်တာပဲ..အရှင့်သား မူးပြီးပြောလိုက်တဲ့ စကားအချို့က ဂိုဂူလျောနဲ့ နန်ယွဲ့တိုင်းပြည်ကို ငြိမ်ကျသွားစေရုံတင် မကဘူး”
“ အလုပ်သမားဝန်ကြီးဌာန နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခြစားနေတဲ့သူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်”
“ဧကရာဇ်မင်းမြတ်ကတောင် အရှင့်သားကို နိုင်ငံတော်ရဲ့ ကျောက်တိုင်ကြီး၊ ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းခြင်းဆိုပြီး ချီးမွမ်းနေပါတယ်”
ရှောင်သ့ယ်ဇီမှာ ဝမ်းသာအားရ ဖောက်သည်ချလေသည်။
ရှောင်ရှန်းမှာ ထိုစကားများကို နားထောင်ရင်း ခေါင်းထဲတွင် တဝီဝီ မြည်လာပြီး ၊ အမူးပင် မပြေသေးသလို ခံစားလိုက်ရသည်။ သူသည် ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။
သူရဲ့ အလိုမကျမှုကို ရင်ဖွင့်ရုံလေးပါ…အမှန်အတိုင်းတွေ ပြောပြီး ခမည်းတော်က သူ့ကို ‘သောက်သုံးမကျတဲ့ကောင်’လို့ ထင်ပြီး နန်းချစေချင်ရုံတင်လေးပါ …
ဒါက ဘယ်လိုလုပ်ပြီး “ဗျူဟာမှူး” တွေထိ ဖြစ်သွားရတာတုန်း၊ ဘယ်လိုလုပ်ပြီး “နိုင်ငံတော်ရဲ့ ကျောက်တိုင်ကြီး” တုန်း….
သူသည် အားအင်ကုန်ခမ်းစွာဖြင့် ကုလားထိုင်ပေါ်တွင် ခွေကျသွားကာ၊ နန်းဆောင်၏ မျက်နှာကျက်ကို ကြည့်ရင်း ငိုချင်စိတ်ကို အောင့်ထားရရှာသည်။
“ငါ့ကို အေးအေးဆေးဆေး နေခွင့်လေး မပေးတော့ဘူးလား”
သူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
‘နန်းချခံရဖို့အရေး တို့အရေး’ ဆိုသည့် ပန်းတိုင်ကြီးသည် ပို၍ပင် ဝေးကွာသွားပြန်သည်။
သူသည် အရပ်ဘက်အရာရှိများနှင့် အလုပ်မဖြစ်ပုံရသည်။ သူ၏ ဆိုးသွမ်းမှု များသည် အံဖွယ်အမှုများသာ ဖြစ်လာလေ၏။
ဒါဆို စစ်ဘက်ဆိုင်ရာမှာရော …
စစ်အင်အားစု၏ ထောက်ခံမှုကို ရရှိထားပြီး၊ လက်ရုံးရည်ကို ရှေ့တန်းတင်သော မင်းသား(၅) ရှောင်ယန်ဘက်တွင်မူ မည်သို့ လှုပ်ရှားလိမ့်မည်နည်း။