← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - ခြေချော်လဲရာမှ အောင်မြင်မှု ရရှိခဲ့ခြင်း

ရှောင်ရှန်း၏ မူးမူးရူးရူး ပြောခဲ့သော စကားများသည် တစ်တိုင်းပြည်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ရှောင်ရှန်း တစ်ဦးတည်းသာ ငိုချင်စိတ်ကို အောင့်အည်းထားရသည်။ သူ၏ “ဘဝကို အေးအေးလူလူ နေထိုင်ခြင်း စီမံကိန်းကြီး” သည် ယခုမှ စတင်ရသေးသည်။

အဘယ်ကြောင့် နောက်ထပ် “အောင်မြင်မှုကြီး” ကို ရရှိခဲ့ပြန်လေသနည်း။

နန်းချခံရမည့် အရေးသည် သူနှင့် လားလားမျှမဆိုင်ဘဲ ပို၍ပင် ဝေးကွာသွားသလို ခံစားနေရသည်။

“အရှင့်သား... သက်ပြင်းတွေပဲ ချမနေပါနဲ့တော့ ၊ အခု မြို့တော်တစ်ခုလုံးမှာ အရှင့်သားရဲ့ အမျှော်အမြင်ရှိပုံကို ချီးကျူးနေကြတာ”

ရှောင်သယ့်ဇီသည် လတ်လတ်ဆတ်ဆတ် လှီးထားသော သခွားမွှေးဗန်းကို ကိုင်ကာ ဝမ်းသာအားရ ပြောပြန်လေသည်။

“ကျွန်တော်မျိုး ကြားတာတော့... အလွန်အစွဲအလမ်းကြီးတဲ့ အမတ်ချုပ်ကြီး လင် တောင်မှ သူ လူအကဲခတ် မှားသွားတယ်၊ အရှင့်သားဟာ တကယ်တော့ ထက်မြက်မှုကို ဖုံးကွယ်ထားတဲ့ ညဏ်ပညာရှိသူဆိုပြီး သူ့တပည့်တွေကို ပြောနေတယ်ဆိုပဲ”

“ဘာဉာဏ်အမျှော်အမြင်တွေရှိရမှာလဲ အပိုတွေ”

ရှောင်ရှန်းသည် သခွားမွှေးတစ်တုံးကို ကောက်ယူကာ ခပ်ပြင်းပြင်း ကိုက်လိုက်သည်။

“ငါကိုယ်တော်က ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပြီး ငါ့ရဲ့ ဇိမ်ခံအိမ်လေးမှာ အေးအေးဆေးဆေး လဲချင်ရုံတင်ပါ၊ သူတို့က ဘာမှမသိဘဲ လျှောက်ပြောနေကြတာ”

ရှောင်သ့ယ်ဇီမှာ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။ သူ့အနေဖြင့် အိမ်ရှေ့စံမင်းသား၏ အတွေးကို ခန့်မှန်းရသည်မှာ ပိုပို၍ ခက်ခဲလာသည်။

မင်းသား(၃) ရှောင်ကျင်း၏ အိမ်တော်တွင်၊

သူသည် အကြံပေးများ၏ တင်ပြချက်ကို နားထောင်ရင်း မှုန်ကုတ်နေသည်။ ရှောင်ရှန်း၏ အမူးစကားများကို သူကိုယ်တိုင်လည်း ကြားခဲ့ရပြီး ၊ ၎င်းမှာ ရူးကြောင်ကြောင် စကားများသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ခမည်းတော်သည် အမှန်တကယ်ပင် လက်ခံကျင့်သုံးခဲ့ပြီး ၊ ခက်ခဲသော ပြဿနာအချို့ကိုလည်း အမှန်တကယ် ဖြေရှင်းနိုင်ခဲ့သည်။

ဒီညီတော်(၇) က တကယ်ပဲ ရူးနေတာလား ဒါမှမဟုတ် တမင် ဟန်ဆောင်နေတာလား…

အခြားတစ်ဖက်တွင်မူ မင်းသား(၅) ရှောင်ယန်၏ အိမ်တော်၌ ။

“ခလွမ်!”

အဖိုးတန် ကြွေလက်ဖက်ရည်ခွက် တစ်ခွက်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲခံလိုက်ရသဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။

မင်းသား(၅) ရှောင်ယန်သည် အသက် ၂၀ အရွယ်သာ ရှိသေးပြီး သွေးဆူလွယ်သော အရွယ်ဖြစ်သည်။ ငယ်စဉ်ကတည်းက သိုင်းပညာကို သင်ယူခဲ့သဖြင့် လှံသိုင်းတွင် ကျွမ်းကျင်သူဖြစ်ပြီး ၊ စစ်ရေးအာဏာကို ဆုပ်ကိုင်ထားသော မိသားစုကြီးများ၏ ကျောထောက်နောက်ခံလည်း ရှိထားသူ ဖြစ်သည်။

သူ့ ဘဝတစ်သက် အမုန်းဆုံးအရာမှာ ရှောင်ရှန်း၏ အလုပ်မရှိ အလုပ်ရှာ၊ ပျော့တိပျော့ဖက် ပျင်းရိနေသည့် ပုံစံပင် ဖြစ်သည်။

“အရက်မူးပြီး ပြောတဲ့စကားလေးနဲ့တင် တိုင်းပြည်ကို အုပ်ချုပ်သတဲ့လား …ဒါက တစ်လောကလုံးကို လှောင်ပြောင်နေတာပဲ”

ရှောင်ယန်သည် ဒေါသတကြီး အော်ဟစ်လိုက်ရာ အိမ်ခေါင်မိုးပေါ်မှ ဖုန်မှုန့်များပင် လွင့်ကျလာသည်။

“ခမည်းတော်က အသက်ကြီးလို့ ဝေဝါးနေပြီ ထင်တယ်၊ အဲဒီအမှိုက်ကောင်ကို ဒီလောက်အထိ ဘက်လိုက်နေရအောင်…ဘာထက်မြက်မှုကို ဖုံးကွယ်ထားရမှာလဲ ၊ ငါ့အမြင်မှာတော့ ဒီကောင် ကြက်ကန်းဆန်အိုးတိုးသွားရုံပဲ”

ဘေးနားရှိ သန်သန်မာမာ တောင့်တောင့်တင်းတင်း ရှိသော အကြံပေးတစ်ဦးက အမြန်ချော့မော့လိုက်သည် ။

“အရှင့်သား ဒေါသထိန်းပါ၊ အခု အိမ်ရှေ့စံက နာမည်ကြီးနေတဲ့ အချိန်မို့ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်ဘူး”

“ဟမ် ၊ ထိပ်တိုက်ရင်ဆိုင်ရမှာလား”

ရှောင်ယန်က အေးစက်စွာ ပြုံးလိုက်သည် ။

“သူ့ရဲ့ အရိုးအစစ်တွေ ဘယ်လောက်ထိ မာသလဲဆိုတာ ငါကိုယ်တိုင် ကြည့်ချင်သေးတယ်၊ စာပေဘက်မှာ မယှဉ်နိုင်ရင် ငါက လက်ရုံးရည်နဲ့ ယှဉ်ပြမယ်”

“သူ့ရဲ့ ကြောင်တောင်တောင် သိုင်းပညာနဲ့ ထပ်ပြီး ကံကောင်းနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့”

သူ စဉ်းစားလေ ဒေါသထွက်လေပင်။

ရှောင်ရှန်း ရရှိခဲ့သော “အောင်မြင်မှု” ဆိုသည်မှာ နန်းတွင်းက စာပေအမတ်များ၏ အနှစ်သာရမဲ့သော စကားများသာ ဖြစ်ပြီး ၊ ဖခမည်းတော်၏ မျက်နှာသာပေးမှုကြောင့် ပို၍ ဆိုးရွားသွားသည်ဟု သူ ထင်မြင်သည်။

“ငါ့အမိန့်ကို ပါးလိုက်စမ်း”

ရှောင်ယန်၏ မျက်ဝန်းထဲတွင် အကြံတစ်ခု ဖြစ်ပေါ်လာ၏။

“ငါကိုယ်တိုင် နန်းတော်ထဲ ဝင်ပြီး ခွင့်တောင်းမယ်၊ တော်ဝင်လေ့ကျင့်ရေးကွင်းမှာ တော်ဝင်မိသားစုဝင်တွေကြား သိုင်းပညာ ဖလှယ်ပွဲတစ်ခု ကျင်းပမယ်”

“ တော်ဝင်မိသားစုရဲ့ ရဲစွမ်းသတ္တိကို မြှင့်တင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အစီအစဉ်ကို ကျင်းပမယ်၊ အဲဒီအချိန်ကျရင် အိမ်ရှေ့စံမင်းသားကို ငါကိုယ်တိုင် အမည်တပ်ပြီး ‘လမ်းညွှန်ပေးဖို့’ ဖိတ်ခေါ်မယ်”

အကြံပေးမှာ ထိုစကားများကို ကြားလိုက်ရချိန်တွင် မျက်လုံးများ တောက်ပသွားသည် ။

“အရှင့်သား အမျှော်အမြင် ရှိလှပါပေတယ်၊ အိမ်ရှေ့စံရဲ့ ပျော့ညံ့တဲ့ ပုံစံနဲ့ဆိုရင် လူအများရှေ့မှာ အရှက်ကွဲမှာ အသေအချာပဲ”

“အဲဒီအချိန်ကျရင် ဧကရာဇ်မင်းမြတ်ကလည်း အိမ်ရှေ့စံရာထူးကို ပြန်လည် စဉ်းစားလိမ့်မယ်”

မကြာမီမှာပင် မင်းသား(၅) ရှောင်ယန်၏ သိုင်းပညာဖလှယ်ပွဲ ကျင်းပရန် တင်ပြခြင်းနှင့် အိမ်ရှေ့စံ ရှောင်ရှန်းကို “လမ်းညွှန်ပေးရန်” အမည်တပ် ဖိတ်ခေါ်ခြင်း သတင်းသည် နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အရှေ့နန်းဆောင်အတွင်း၌ ရှောင်ရှန်းသည် ရှောင်သယ့်ဇီမှ သယ်ယူလာသော ထိုသတင်းကို ကြားပြီးပြီးချင်း သောက်လက်စ လက်ဖက်ရည်ပင် သီးမလို ဖြစ်သွားခဲ့ရသည်။

“အဟွတ်... အဟွတ်... မင်း ဘာပြောလိုက်တယ်၊ လောင်ဝူ( မင်းသား၅)က ငါနဲ့ သိုင်းပြိုင်ချင်တယ် ဟုတ်လား၊ ငါက သူ့ကို လမ်းညွှန်ပေးရမယ်ပေါ့”

ရှောင်ရှန်းတစ်ယောက် မျက်လုံးအပြူးသားဖြင့် မယုံနိုင်အောင် ဖြစ်နေလေ၏။

သူ၏ ကြောင်တောင်တောင် သိုင်းပညာနှင့် အရှေ့နန်းဆောင်က ကိုယ်ရံတော်များကိုပင် အနိုင်မယူနိုင်ချေ။ သိုင်းပညာတွင် ကျွမ်းကျင်သော ရှောင်ယန်ကို မည်သို့ လမ်းညွှန်‌ပေးနိုင်မည်နည်း။

ဒါက ကိုယ့်သေတွင်းကို တူးတာပဲ မဟုတ်ဘူးလား….

သူ၏ စိတ်ထဲတွင် ရှောင်ယန်၏ လှံချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားကာ လူအများရှေ့တွင် ပက်လက်လန်ပြီး မျက်နှာတစ်ခုလုံး ဖူးရောင်နေသော သူ၏ သနားစရာပုံရိပ်ကို ချက်ချင်းပင် မြင်ယောင်နေမိသည်။

သို့သော်လည်း ခဏတာ ထိတ်လန့်သွားပြီးနောက် ၊ ရှောင်ရှန်း၏ မျက်လုံးထဲတွင် “မျှော်လင့်ချက်” ဟု ခေါ်သော ရောင်ခြည်အလင်းတန်းများ တောက်ပလာလေ၏။

“အရိုက်ခံရတာ ကောင်းတာပေါ့၊ အကြီးအကျယ် အရိုက်ခံရပြီး တော်ဝင်မိသားစုရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်ရင်၊ ခမည်းတော်က ငါ့ကို အဆင့်မမီဘူး၊ အသုံးမကျဘူး၊ ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ယူဆမှာပဲ မဟုတ်လား”

“ အဲဒီအချိန်ကျရင် အိမ်ရှေ့စံကို နန်းချဖို့ အသံတွေ ထွက်လာတာနဲ့ ငါလည်း အေးအေးဆေးဆေး အနားယူပြီး ပြန်လွတ်လပ်ခွင့် ရသွားတာပေါ့”

ထိုအတွေးများ ဝင်‌ရောက်လာသည်နှင့် ရှောင်ရှန်းတစ်ယောက် တစ်ကိုယ်လုံး လန်းဆန်းသွားသည်။

နောင်တစ်ချိန်တွင် နန်းချခံရပြီး ဇိမ်ခံကုလားထိုင်ပေါ်တွင် နေပူစာလှုံနေမည့် သူ၏လှပသော အနာဂတ်ကို မြင်ယောင်နေမိသည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်”

ရှောင်ရှန်းသည် ပေါင်ကို လက်ဖြင့် ပုတ်လိုက်ကာ ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး ဝမ်းသာအားရ ပြုံးနေလေ၏။

“ရှောင်သယ့်ဇီ၊ သွားပြီး အကြောင်းပြန်လိုက်….ငါကိုယ်တော် မင်းသား (၅) ရဲ့ အကြံကို အလွန် သဘောတူတယ်လို့ ပြောလိုက်”

“ တော်ဝင်မိသားစုဝင် အဖြစ် ရဲစွမ်းသတ္တိ ရှိဖို့က တကယ်ကို လိုအပ်တယ်၊ ငါကိုယ်တော်က အိမ်ရှေ့စံတစ်ယောက်အနေနဲ့ စံပြဖြစ်အောင် လုပ်ပြရမှာပေါ့ … အဲဒီနေ့ကျရင် မင်းသား (၅) နဲ့ ‘သေချာပေါက် သိုင်းပညာဖလှယ်’မယ်”

ရှောင်သယ့်ဇီမှာ မိမိ၏ အရှင်သခင်သည် ယခုလို စိတ်ဝင်တစားနှင့် တက်ကြွနေသည်ကို ကြည့်ရင်း မူးနှောက်နေလေ၏။

အိမ်ရှေ့စံမင်းသား.. စိတ်ဒဏ်ရာရပြီး ရူးသွားတာလား ဒါမှမဟုတ် တကယ်ပဲ တစ်ခုခု ဖုံးကွယ်ထားတာလား…

ရက်အနည်းငယ် ကြာပြီးနောက်၊

တော်ဝင်လေ့ကျင့်ရေးကွင်း။

အလံများ တလူလူ လွင့်ပျံနေပြီး ဗုံသံများက အဆက်မပြတ် ဟိန်းထွက်နေသည်။ ဧကရာဇ်မင်း ရှောင်ယွမ်သည် စင်မြင့်ထက် အလယ်တည့်တည့်တွင် ထိုင်နေပြီး၊ မိဖုရားခေါင်၊ မင်းသမီးကြီး ရှောင်နီရှန်းနှင့် အမတ်ကြီးများမှာ ဘေးဘက်တွင် စီတန်း ထိုင်နေကြသည်။

အောက်ဘက်တွင်မူ တော်ဝင်မိသားစုဝင်များနှင့် မှူးမတ်အရာရှိ အများအပြား ရောက်ရှိနေကြပြီး၊ “ထူးခြားသော အံ့ဖွယ်များ” ကို အမြဲ ဖန်တီးတတ်သော အိမ်ရှေ့စံမင်းသားသည် သိုင်းပညာဘက်တွင်လည်း ထူးချွန်ခြင်းရှိမရှိကို ကြည့်ချင်နေကြသည်။

အခန်း (၂၀)

မင်းသား(၅) ရှောင်ယန်သည် ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ရှစ်ပေခွဲခန့် ရှည်လျားသော ရွှေခြင်္သေ့ခေါင်းပါ လှံရှည်ကို ကိုင်ဆောင်လျက် လေ့ကျင့်ရေးကွင်း၏ အလယ်တွင် ရပ်နေသည်။

သူ၏ကိုယ်ဟန်အနေအထားသည် ဖြောင့်မတ်ကာ ၊ မျက်နှာသည် အေးစက်တင်းမာနေသည်။ လှံထိပ်ဖျားမှာ နေရောင်အောက်တွင် စူးရှစွာ တောက်ပနေပြီး၊ ကြည့်ရသည်မှာ ငယ်ရွယ်သော စစ်နတ်ဘုရားတစ်ပါးအလား ခန့်ညားလှသဖြင့် တော်ဝင်မိသားစုဝင် အမျိုးသမီးငယ်လေးများ၏ ခိုးကြည့်ခြင်းကို ခံရလေ့ရှိသည်။

ထိုပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသူမှာ နောက်ကျမှ အေးအေးလူလူ ရောက်လာသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းပင် ဖြစ်သည်။

သူသည် ထုံးစံအတိုင်း ပွပွချောင်ချောင်နှင့် သက်သောင့်သက်သာရှိသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ လမ်းလျှောက်လာပုံမှာ ယိုင်တိယိုင်တိုင်နှင့် လေတိုက်ရုံဖြင့် လဲကျတော့မည့် အတိုင်းပင်။

မျက်လုံးအောက်တွင် မျက်ကွင်းညိုကြီးနှစ်ခုနှင့်အတူ အဆက်မပြတ် သမ်းဝေနေပြီး အိပ်ရေးမဝသော ပုံစံပေါက်နေသော်လည်း ၊ လက်ထဲတွင် စားလို့မကုန်သေးသော ကိတ်မုန့်တစ်ဝက်ကို ကိုင်ထားလေ၏။

“အိမ်ရှေ့စံမင်းသား... အရှင့်သား.... အဝတ်အစား မလဲတော့ဘူးလား”

ဘေးနားရှိ မှတ်တမ်းတင်ရသော အရာရှိငယ်လေးတစ်ဦးက မနေနိုင်ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။

ရှောင်ရှန်းသည် ပါးစပ်အကျယ်ကြီး ဟ ကာ သမ်းဝေလိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

“ဘာလဲမှာလဲ…ဒီအတိုင်းက ပိုနေလို့ကောင်းတယ် ဒါမှ ခဏနေရင် မြေကြီးပေါ် လှဲချရတာလည်း လွယ်မှာပေါ့၊ နာလည်း မနာဘူး”

အရာရှိငယ် : “......”

စင်မြင့်ပေါ်တွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် သားတော်နှစ်ဦး၏ သိသိသာသာ ကွဲပြားနေသော အခြေအနေကို ကြည့်ရင်း၊ သူ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ခန့်မှန်းရခက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း ၊ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေခဲ့သည်။

မင်းသမီးကြီး ရှောင်နီရှန်းမှာ မျက်မှောင်ကြုတ်နေပြီး၊ ရှောင်ရှန်း၏ အသုံးမကျသော ပုံစံကို ကြည့်ရင်း ကြားထဲကနေ ရှက်နေမိကာ အံကြိတ်ထားလေ၏။

မင်းသား(၃) ရှောင်းကျင်မှာ မလှမ်းမကမ်းတွင် ထိုင်ရင်း မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

“ညီတော်...ကြွပါ”

ရှောင်ယန်သည် ကွင်းထဲသို့ ယိုင်တိုင်တိုင်ဖြင့် ရောက်လာသော ရှောင်ရှင်းကို မြင်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ လှံရှည်ကို တစ်ချက် ဝှေ့ယမ်းကာ ရှောင်ရှန်းထံ တည့်တည့် ချိန်ရွယ်လျက် စိန်ခေါ်လိုက်သည်။

“အစ်ကိုတော် (၅) ကလည်း အားနာစရာကြီး၊ အားနာစရာကြီး”

ရှောင်ရှန်းသည် လက်ကာပြလိုက်ပြီး လက်ကျန် ကိတ်မုန့်ကို ပါးစပ်ထဲ အကုန်ထည့်ကာ ဗလုံးဗထွေးဖြင့် ပြန်ပြောလိုက်သည် ။

“ အပျော်ပဲကို …သက်တောင့်သက်သာပဲ လုပ်ကြတာပေါ့”

သူ့စိတ်ထဲတွင်တော့ သေချာတွက်ချက်နေလေ၏။

‘ ခဏနေရင် ရှောင်းယန်က လှံနဲ့ ထိုးလိုက်တာနဲ့ သူက ချက်ချင်း မြေကြီးပေါ်ကို လှဲချလိုက်မယ်၊ ပြီးရင် “အစ်ကိုတော် (၅) ရဲ့ လှံသိုင်းက တကယ့်ကို နတ်ဘုရားလိုပဲ၊ ညီတော် အရှုံးပေးပါတယ်၊ တကယ်ကို လေးစားမိပါတယ်” လို့ အော်ပြောလိုက်မယ်…ပိုပြီး ချဲ့ကားလေ၊ ပို အရှက်ကွဲလေ ပိုကောင်းလေပဲ’

“ကြည့်ထား”

ရှောင်ယန်သည် စကားအပို ပြောမနေတော့ဘဲ ဒူးလေးမှ လွတ်ထွက်သွားသော မြားတစ်စင်းအလား အရှိန်ဖြင့် ပြေးဝင်လာသည်။

သူ၏လက်ထဲမှ လှံရှည်သည် ငွေနဂါးတစ်ကောင်အလား ခပ်ပြင်းပြင်း လေတိုးသံနှင့်အတူ ရှောင်ရှန်း၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးသွင်းဝင်ရောက်သွားသည်။

ဤလှံချက်မှာ မြန်လည်း မြန်၊ ပြင်းလည်း ပြင်းထန်ကာ ရှောင်ရှန်းကို အခွင့်အရေးမပေးဘဲ အနိုင်ယူရန် ကြံစည်ထားသည်မှာ သိသာသည်။

စင်အောက်ရှိ လူများမှာ အာမေဍိတ်ပြုလိုက်ကြပြီး ၊ ကြောက်တတ်သော နန်းတွင်းသူအချို့မှာ အိမ်ရှေ့စံမင်းသား လှံဖြင့် အထိုးခံရမည့် မြင်ကွင်းကို မကြည့်ရဲသဖြင့် မျက်စိမှိတ်ထားကြသည်။

ရှောင်ရှန်းကတော့ ထိုမြင်ကွင်းကို ဝမ်းသာအားရဖြင့် ကြည့်နေလေ၏။

“လာပြီ လာပြီ ၊ အခုပဲ”

သူသည် ကြိုတင် ပြင်ဆင်ထားသည့် ဇာတ်ညွှန်းအတိုင်း ခြေလှမ်းကို နောက်ဆုတ်ကာ မြေကြီးပေါ်သို့ လှဲချရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ ခြေထောက်ကို ကြွလိုက်ရုံသာ ရှိသေးသည်။ မနေ့ညက အရှေ့နန်းဆောင်၏ ကိုယ်ရံတော်များ ပုရစ်တိုက်စဉ်က ဘယ်သကောင့်သား ချန်ခဲ့မှန်း မသိသော ကြွေအိုးအပိုင်းအစလေး တစ်ခုကို နင်းမိသွားလေသလား သို့မဟုတ် “ကြော့ရှင်းစွာဖြင့် လှဲလျောင်းကာ ရှုံးနိမ့်ကြောင်း ဝန်ခံနည်း နည်းလမ်းတစ်ရာကို “ သုတေသန လုပ်ရင်းက ခြေထောက်များ အားနည်းသွားလေသလား မသိ။

“ခရက်” ဟူသော ခပ်တိုးတိုး အသံနှင့်အတူ ၊ ရှောင်ရှန်းသည် ဖရဲသီးခွံကို နင်းမိလိုက်သကဲ့သို့ ခြေချော်သွားတော့သည်။

“အိုင်ယိုး... သွားပါပြီ”

သူသည် အလန့်တကြား အော်ဟစ်လိုက်ပြီး ၊ ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွားကာ ၊ ဘယ်ဘက်သို့ ထိန်းမနိုင်သိမ်းမရ ယိုင်လဲသွားသည်။ ကြည့်ရသည်မှာ အလွန်ပင် ရုပ်ဆိုးသော “ခွေးကျကျနည်း”ဆိုလျှင် မမှားချေ။

ထိုပုံစံမှာ သူ ကြိုတင်စဉ်းစားထားသော အရှုံးပေးနည်းထက် အတော်လေး ရှက်စရာကောင်းသည်။

သို့သော်ငြား ၊ ရှောင်ရှန်း၏ စိတ်ထဲမှာတော့ ပျော်နေလေ၏။

‘ ပြီးပြည့်စုံလိုက်တာ..အခုတော့ တစ်မျိုးသားလုံးရှေ့မှာ အရှက်ကွဲပြီ၊ ခမည်းတော်လည်း ဒေါသထွက်ပြီး ငါ့ကို နန်းချတော့မှာ သေချာပြီ’

သို့သော်လည်း သူ၏ ရုတ်တရက်ဆန်သော “ထူးဆန်းသော ခြေလှမ်း” မှာ ဒေါသတကြီး ပြေးဝင်လာသော ရှောင်ယန်၏ မျက်လုံးထဲတွင် ကွဲပြားသော မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။

ရှောင်ယန်၏ အမြင်တွင် ၊ ရှောင်ရှန်းသည် နောက်မဆုတ်ဘဲ ရှေ့ကို တိုးလာသည့်အပြင် ကိုယ်နေဟန်ထားမှာလည်း အလွန်ပင် ထူးဆန်းနေကာ သာမန်သိုင်းပညာများနှင့် လုံးဝ မတူသဖြင့် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည် ။

‘ ဒီအမှိုက်ကောင် အတော်လေး ကောက်ကျစ်တဲ့ကောင် ၊ ငါ့ကို မျက်စိလည်အောင်လုပ်ပြီး ဘယ်လို မသမာတဲ့ နည်းလမ်းနဲ့ တိုက်ခိုက်ဖို့ ကြံနေတာလဲ’

သူသည် ရှောင်ရှန်း၏ အရင်က “ထင်မှတ်မထားသော” လုပ်ရပ်များကို ပြန်လည် သတိရသွားကာ မပေါ့ဆရဲတော့ပေ။

ရှောင်ရှန်း၏ လဲကျတော့မည့် အမူအရာမှာ ရန်သူကို မျှားခေါ်သည့် အကွက်ဖြစ်မည်ဟု ယူဆကာ ၊ သူ၏ ထိုးနှက်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လှံကို ဘေးသို့ ဝှေ့ယမ်းလိုက်ကာ ရှောင်ရှန်းကို ကွင်းပြင်အပြင်ဘက်သို့ ရိုက်ထုတ်ရန် ကြိုးစားလိုက်သည်။

ရှောင်ယန်သည် လှံချက်ကို ပြောင်းလဲလိုက်သည့် အခိုက်အတန့်မှာပင် ရှောင်ရှန်း၏ ခန္ဓာကိုယ်သည် ခြေချော်မှုကြောင့် ဟန်ချက်ပျက်ကာ ရှောင်ယန် ရှိရာဘက်သို့ ယိုင်ထိုးကျသွားခဲ့သည်။

သူ၏ ပျော့ဖတ်နေသော ကိုယ်လုံးကြီးသည် လှံချက်ပြောင်းလဲရန် အားယူနေသည့် ရှောင်ယန်၏ ခါးဆစ်ကို တည့်တည့်ကြီး ဝင်တိုက်မိတော့သည်။

“ဘုန်း!”

သိပ်မကျယ်သော်လည်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အာ့... အား”

ရှောင်းယန်သည် မမြင်ရသော တူတစ်ချောင်းက သူ၏ ခါးအောက်ပိုင်းကို အားပြင်းပြင်း ထုရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်ကိုယ်လုံး ထုံကျင်သွားသည်။

သူ၏ တစ်ချိန်က အားအဟုန်ဖြင့် ထွက်လာသော လှံချက်မှာလည်း လေလျော့သွားသော မိုးပျံပူဖောင်းကဲ့သို့ပင် အားအင်အကုန် ပျောက်ကွယ် သွားလေတော့သည်။

All Chapters